တစ်ခါက
ဘုရင်ကြီးတစ်ပါးဟာ တိုင်းပြည်ကြီးတစ်ပြည်ကို အုပ်ချုပ်သတဲ့။ ဒီလိုနဲ့ အုပ်ချူပ်လာလိုက်တာ တစ်နေ့လည်း ကျရော သူ့တိုင်းပြည်မှာ ရှိတဲ့ အချမ်းသာဆုံးသူဌေးကြီး သေဆုံးသွားသတဲ့။
ဒါနဲ့ ဒီသူဌေးကြီးရဲ့ အသုဘ အခမ်းအနားကို ဘုရင်က သူ့ရဲ့ မှူးကြီးမတ်ရာတွေနဲ့ သေချာစွာ ကြီးကျင်းပစေတယ်။ ဒီလို သူဌေးကြီး အသုဘပြီးလို့ တစ်လလောက်ကြာတော့ သူဌေးကြီးရဲ့ အရိုက်အရာကို ဆက်ခံဖို့ဆိုတာ သူဌေးကြီးမှာ သားလေးတစ်ဦးတည်းပဲ ရှိတယ်။ သူက အခုမှ အသက်က ၈ နှစ်။ ဒါပေမဲ့လည်း သူဌေးကြီးရဲ့ အမွေတွေကို ဆက်ခံဖို့ဆိုတာလည်း သူပဲ ရှိလေတော့ သူ့ကို သူဌေးအရိုက်အရာ ဆက်ခံဖို့ ရှင်ဘုရင်ကြီးက အခေါ်လွှတ်လိုက်သတဲ့။
ဒီတော့ ရှင်ဘုရင် အခေါ်လွှတ်လိုက်လို့သာ လာရတာ ကလေးဆိုတော့ လမ်းမှာ တွေ့တဲ့ ရေအိုင်လေးတွေကို ခုန်ကျော်လာတယ်။ သစ်ပင်တိုတွေကိုလည်း ခုန်တတ်ကျော်ခွ လာတယ်။ ကျောက်ခဲလေးတွေကိုလည်း ကန်ကျောက်လာတယ်။ ကလေးပီပီ ပျော်ရွှင်စွာနဲ့ ကစားလာတယ်။ ဒါနဲ့ တိုတိုပြောရရင် နောက်ဆုံးမှာ ရှင်ဘုရင့်ဆီကို ရောက်ပြီး ရှင်ဘုရင်က ဒီကလေးလေးကို သူဌေးအရိုက်အရာကို ချီးမြှောက် လိုက်ပါတော့တယ်။
ဒီကလေးလေး သူဌေးအရိုက်အရာကိုလည်း ခံယူပြီး ရှင်ဘုရင့် နန်းတော်ထဲကနေ ပြန်လာခဲ့တယ်။ သူဒီလို ပြန်သွားတာကို ဘာရယ် မဟုတ်ပဲ ရှင်ဘုရင်ကြီးက လေသာဆောင်ကနေ ထွက်ပြီး ကြည့်နေခဲ့တယ်။
ဒီမှာ ထူးခြားတာကို ရှင်ဘုရင်ကြီး မြင်ခဲ့တယ်။ ဒီကလေးလေးဟာ အလာတုန်းက ခုန်ကျော်ခဲ့တဲ့ ရေအိုင်လေးတွေ ၊ သစ်ပင်တိုတွေ ၊ ကန်ကျောက်ခဲ့တဲ့ ကျောက်တုံးလေးတွေကို အခု အပြန်မှာတော့ ခုန်မကျော်တော့ဘူး။ မကန်ကျောက်တော့ဘူး။ ရေအိုင်လေးတွေကိုလည်း ဘေးကနေ ကွေ့ပတ်ပြီး သွားတယ်။ သစ်ပင်တိုတွေကိုလည်း အသာအယာပဲ ကျော်ခွသွားတယ်။ ကျောက်ခဲ ၊ ကျောက်တုံးတွေကိုလည်း အသာအယာ ကျော်ခွသွားခဲ့တယ်။
ဒီလို ထူးခြားလှတဲ့ သူဌေးဖြစ်စ ကလေးငယ်ရဲ့ အချင်းအရာကြောင့် ရှင်ဘုရင်ကြီးက သူဌေးငယ်လေးကို ပြန်လည် အခေါ်လွှတ်ပြီး မေးမြန်းသတဲ့။
“ အသင် သူဌေးငယ်။ သင့်ကို ငါကိုယ်တော်မြတ် အလာတုန်းကလည်း လေသာဆောင်ကနေ ကြည့်နေခဲ့တယ်။ အခု အပြန်ကျတော့လည်း ကြည့်နေခဲ့တယ်။ သင့်ရဲ့ အပြုအမူကလည်း လွန်စွာမှာ ထူးခြားလှတယ်။
သင် ဤနန်းတော်သို့ လာစဉ်မှာ ရေအိုင်ငယ်လေးတွေကို ခုန်ကျော်ခဲ့တယ်။ သစ်ပင်တိုတွေကို တတ်ခုန်ကစားခဲ့တယ်။ ကျောက်တုံးလေးတွေကို ကန်ကျောက်ခဲ့တယ်။ ဒါကို ငါ ကိုယ်တော်မြတ်လည်း မြင်ခဲ့တယ်။ အခု အပြန်မှာကျတော့ ဒီရေအိုင်ပဲ ၊ ဒီသစ်ပင်ပဲ ၊ ဒီကျောက်တုံးလေးတွေကိုရော ဘာလို သင် အလာတုန်းကလို မပြုမူတော့တာလည်း ဆိုတာ ငါကိုယ်တော်မြတ် သိချင်လို့ သင့်ကို ပြန်လည် အခေါ်လွှတ်လိုက်ရခြင်း ဖြစ်တယ်။ ဘယ်အတွက်ကြောင့် ဒီလို ပြုမူရပါသလဲ။ ”
ဒီတော့ သူဌေးလေးက ဘာပြောလဲဆိုတော့...
“ ဒီလို ရှိပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုး ဒီကိုလာတဲ့ အချိန်မှာ သာမာန် ကလေးတစ်ယောက် မျှသာဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ပေါ့ပါး ပျော်ရွှင်စွာ နေထိုင်ခွင့်ရပါတယ်။ ဒီနန်းတော်ထဲကို ရောက်ပြီး အရှင်မင်းကြီး ပေးအပ်တဲ့ သူဌေးဘွဲ့ကို ရအပြီးမှတော့ ကျွန်တော်က သာမာန်ကလေး တစ်ယောက် မဟုတ်တော့ပါဘူး။ အသက်အရွယ်က ကလေးဖြစ်ပေမဲ့ ကျွန်တော့် အခုတော့ သူဌေးဖြစ်နေခဲ့ပါပြီ။ ဒါကြောင့် အလာတုန်းကလို ဘာမှ ကိုယ့်ကိုယ်ကို ထိန်းကျောင်းနေစရာ မလိုတော့ပဲ။ နေချင်သလို နေစရာ မလိုအောင် ဖြစ်နေလို့ မရတော့ပါ။
သူဌေးတစ်ယောက်ဆိုတာ သူဌေးတစ်ယောက်ရဲ့ ဟန်ပန် ၊ အမူအကျင့် ၊ အပြောအဆို ၊ အနေအထိုင်ဆိုတာ ရှိပါတယ်။ ဒါကြောင့် အလာတုန်းက သာမာန်ကလေး တစ်ယောက်နဲ့ အပြန်မှာ သူဌေးတစ်ယောက်ရဲ့ အမူအကျင့် မတူတော့လို့ ကျွန်တော်မျိုးလည်း အပြန်မှာ သာမာန်ကလေးငယ်တစ်ယောက်လို ခုန်ပေါက်ပြေးလွှား ခြင်းမရှိတော့ပဲ သူဌေးတစ်ယောက် ဟန်ပန်နဲ့ ပြန်ရခြင်း ဖြစ်ပါတယ် အရှင်မင်းကြီး။
ဒါဟာ ကိုယ့်ကိုယ်ကို ထိန်းကျောင်းလိုက်တာ ဖြစ်သလို သူဌေးတွေရဲ့ အမူအကျင့် ဂုဏ်သိက္ခာကို လေးစားလိုက်နာလိုက်တာလည်း ဖြစ်ပါတယ်။ လောကမှာ ပြောင်းလဲသင့်တယ် ဆိုတဲ့ အချိန်မှာ ပြောင်းလဲဖြစ်အောင် ပြောင်းလဲသင့်တယ် မဟုတ်ပါလား အရှင်မင်းကြီး။ ”
သူဌေးလေးရဲ့ လျှောက်တင်ချက်လည်း ပြီးရော.ရှင်ဘုရင်ကြီးက အလွန်နှစ်သက် သဘောကျတော်မူပြီး ဆုတော်လာဘ်တော်များ ချီးမြှင့်တော်မူ လေတော့သည်။
ထို သူဌေးလေးသည် “ အနာထပိဏ်သူဌေး ” ပဲ ဖြစ်လေတော့သည်..။
မှတ်ချက်။ ။ ဤပို့စ်နှင့် ပတ်သတ်၍ တချို့နေရာများတွေ “ ဇောတိက သူဌေး ” ဟူ၍ ဖော်ပြတတ်ပြီး ၊ အသက်အရွယ်ကိုလည်း ၁၂ နှစ်သားဟု ဖော်ပြတတ်ပါသည်။ တကယ်တော့ ၈ ရှစ်နှစ်သား ဖြစ်ပါသည်။
“ အနာထပိဏ် = အားကိုးရာမရှိသူများကိုကျွေးမွေးသောသူ ”
ကိုဇော် ခံစားတင်ပြသည်။
http://zaw357.multiply.com/journal/item/765 မှာ 19.11.2009 ကရေးထားတာပါ။ဘုရင်ကြီးတစ်ပါးဟာ တိုင်းပြည်ကြီးတစ်ပြည်ကို အုပ်ချုပ်သတဲ့။ ဒီလိုနဲ့ အုပ်ချူပ်လာလိုက်တာ တစ်နေ့လည်း ကျရော သူ့တိုင်းပြည်မှာ ရှိတဲ့ အချမ်းသာဆုံးသူဌေးကြီး သေဆုံးသွားသတဲ့။

.
3 ယောက် ရဲ့ ထင်မြင်ချက်:
very nice post.after reading this post i realized i must change my attitude(stubborn & easily come out anger) for lasting life.
စီပုံးပျောက်နေလို့ ပါဗျို့ 
စီပုံး ပြန်ထည့်ပေးပါ။
nn
လူဆိုတာ ပြောင်းလဲချိန်တန်ရင်တော့ ပြောင်းလဲရမှာ
အသေအချာပေါ့..
ကိုယ့်အခြေအနေနဲ့ လိုက်ပြီး မပြောင်းလဲတတ်တဲ့လူမျိုးဟာ
အသိတရားမရှိတဲ့ လူမျိုးသာဖြစ်ပါလိမ့်မယ်..
Post a Comment