မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


10 March 2010

1 တစ်ယောက်အတွက်ဆို လုံလောက်ပါတယ်

.

ဒီမေးခွန်းကို ကျွန်တော် သေချာ ဒီလို လူသိရှင်ကြား မဖြေရရင် စိတ်ထဲက ချိတ်လေး ပျောက်သွားလိမ့်မယ် မဟုတ်။ ဖေးမမ နဲ့ ငြိနေတယ်။ မေးခွန်းလေးက နှစ်ခု ၊ တစ်ခုကတော့ နှစ်နှစ်ကျော် ကြာခဲ့ပြီ ၊ နောက်တစ်ခုကတော့ တစ်လစွန်းစွန်းမျှသာ။


ပထမအကြိမ် မေးလ်

ဟိုး အရင် မိဘမဲ့ ကလေးများကို ဒီကနေ စုပြီး ကူညီထောက်ပံ့တော့ သူငယ်ချင်းတွေက တဆင့် ကျွန်တော် အလှူငွေ ကောက်ခံရရှိပါတယ်။ အင်တာနက်ကနေ ကျွန်တော် အလှူမခံခဲ့သလို ၊ ဘဏ်အကောင့်နဲ့လည်း လက်မခံခဲ့ပါဘူး။

ဒါပေမဲ့ သူငယ်ချင်းတွေ အချင်းချင်း မေးမြန်း စုံစမ်းလို့ ရအောင် ကျွန်တော့် zaw357@gmail.com လေးကိုတော့ ပေးမိပါတယ်။ တစ်နေ့တော့ ကျွန်တော့်မေးလ်ထဲကို မေးလ်တစ်စောင် ဝင်လာတယ်။ မေးလ်ထဲမှာက ဒီလို ရေးထားတယ်။

“ သူငယ်ချင်း

မင်းကို ငါ တစ်ခု ပြောပြမယ်။ မသိသေးဘူး ထင်လို့ပါ။ မင်းက ချို့တဲ့ကလေးတွေ ၊ မိဘမဲ့ ကလေးတွေကို ဒီကနေ စုပြီး ကောက်ခံနေတယ် ဆိုတော့ ငါ တစ်ခု ပြောပြမယ်။ ချို့တဲ့ကလေးတွေကို ခဏထားဦး။ မိဘမဲ့ ကလေးတွေကို ထောက်ပံ့နေတယ် ဆိုတာ တကယ်တော့ ယူချင်တိုင်းယူပြီး မွေးပြီး ပစ်ထားတဲ့ လူတွေကို အားပေး အားမြှောက်လုပ်နေသလိုပဲ။

ဒီလို ထောက်ပံ့နေတော့ နောက်ထပ် လွယ်လွယ်နဲ့ ယူ ပြီးတော့ မိဘမဲ့ဆိုပြီး ဒီဌာနကို သွားပို့ ဆိုပြီး မိဘမဲ့ ကလေးတွေ ပိုများလာအောင် အားပေးနေသလို ဖြစ်မလာဘူးလား။ ဒီ မိဘမဲ့ ကလေးတွေကလည်း ဘာများ သူတို့ အတွက် ထူးခြားလာတော့မလဲ။ ”

ဆိုပြီး မေးလ်တစ်စောင် ရခဲ့ဖူးတယ်။ ဒီတော့ ကျွန်တော်ကလည်း သိသလောက်လေးနဲ့ သူ့ကို ပြန်ရှင်းပြဖူးပါတယ်။ သိပ်ပြီးတော့ ပြေပြစ်လှလိမ့်မယ်တော့ မထင်မိပါ။ ဘယ်လို သူ သဘောပေါက်သွားလည်း မသိသော်လည်း သူ့ဆီက မေးလ် ထပ်မရတော့ပါ။


ဒုတိယအကြိမ် မေးလ်

အခု ဘိုးဘွားများအတွက် ကူညီထောက်ပံ့မှု အသင်းလေး စလုပ်တော့လည်း ကျွန်တော့်ဆီကို သတိပေးတဲ့ မေးလ်တစ်စောင် ရောက်လာခဲ့ပြန်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က မေးလ်လိပ်စာတော့ မဟုတ်။ သူကလည်း ဒီလို တင်ပြတယ်။

“ သို့...ကိုဇော်

ကိုဇော် ရေးထားတဲ့ ဘိုးဘွားစောင့်ရှောက်ရေး အသင်းအကြောင်း ရေးထားတဲ့ စာလေး ရတယ်။ ဒါပေမဲ့ တစ်ခု ပြောချင်တာက ဘိုးဘွားတွေက တကယ်တော့ သနားစရာပါ။ အသက်ကြီးတော့ သူတို့ကို လူရာ မသွင်းပဲ ပိုက်ဆံ တတ်နိုင်သူ ၊ ချမ်းသာသူတွေက အိမ်မှာ ထားရင် ရှုပ်တယ် ဆိုပြီး ဘိုးဘွား ရိပ်သာကို လစဉ်ကြေးပေးပြီး ပို့ထားကြတယ်။

ဒါကို ကိုဇော် သိပါသလား။ တကယ်ဆို အသက်ကြီးလို့ သူတို့ကို အထီးကျန်အောင် ဒီလို ဘိုးဘွားရိပ်သာ ပို့တယ် ဆိုတာကတော့ မကောင်းပါ။ ဒါပေမဲ့ ဒါက အခုနောက်ပိုင်း နိုင်ငံတကာမှာ ခေတ်စားလာတဲ့ ကိစ္စတစ်ခုပါ။ အိမ်နားက ဆိုရင် အဘွားနော်..အေးဆေး မနေရင် ဘိုးဘွားရိပ်သာ ပို့လိုက်ရမလား ဆိုပြီး ပြောသံက အစကြားရပါတယ်။

ဒါကို ကိုဇော် သိပါသလား။ မသိဘူး ဆိုရင် အခု လုပ်နေတဲ့ အသင်းက ဒီလို လူတွေကို အားပေး အားမြှောက်လုပ်ပြီး ဘိုးဘွားတွေကို အထီးကျန်အောင် လုပ်နေတာနဲ့ မတူဘူးလား။ ဒါကို ဘိုးဘွားတွေ အတွက် ဘာများ ထူးခြား တော့မှာလဲ။ ဒါလေးကို ကိုဇော့်ကို သိစေချင်လို့ ၊ ပြောပြချင်လို့ မေးလ်ပို့ လိုက်တာပါ။ ”

ဒီလို ဆိုပြီး ကျွန်တော် မေးလ်နှစ်စောင် လက်ခံရဖူးပါတယ်။ ဒီမေးလ်တွေမှာ တူညီတာကတော့ ကိုယ်က ကုညီတယ် ဆိုပေမဲ့ ကူညီတာက ကူညီရာ မရောက်မှာ စိုးလို့ စေတနာနဲ့ သတိပေးပြောတယ် လို့ပဲ ကျွန်တော် ယူဆပါတယ်။ ဒါကြောင့် ကျွန်တော်လည်း ကျွန်တော် သိသလောက်နဲ့ အတတ်နိုင်ဆုံး ပြေပြစ်စွာ ပြန်လည် ပြောပြမိပါတယ်။

ကျွန်တော် သိပါတယ်။ ဒီအကြောင်းတွေ ကျွန်တော် သိပါတယ်။ ဒါကြောင့် ဘိုးဘွားထောက်ပံ့မှုမှာ ဆိုရင် နာမည်အရမ်းကြီး နေရာ ၊ ဘိုးဘွားရိပ်သာတွေကို ကျွန်တော်တို့ မလှူဘူး ဆိုပြီး ကျွန်တော် ပြောဖူးပါတယ်။

တကယ်ကို လိုအပ်နေသော နေရာ ၊ တကယ်ကို ဆင်းရဲချို့တဲ့နေသော နေရာများကို လှူဒါန်းနိုင်ဖို့ အသင်းမှာ တာဝန်ရှိသူတွေက အစွမ်းကုန် ကြိုးစားကြပါလိမ့်မယ်။ ဒီလို ကြိုးစားတဲ့ အတွက် တကယ်ကို လိုအပ်နေသော “ မိဘမဲ့ ကလေး တစ်ယောက် ” ၊ “ ဘိုးဘွား တစ်ယောက် ” အတွက် ထိထိရောက်ရောက် အကျိုးရှိခဲ့မယ် ဆိုရင် လုံလောက်တယ် လို့ ကျွန်တော် ယူဆမိပါတယ်။

ဒီနေရာမှာ ကျွန်တော် ဖတ်ဖူးတဲ့ စာလေးတစ်ပုဒ်ကို ထပ်ဆင့် မျှဝေ ခံစားကြည့်စေချင်တယ်။ ဘာလို့လည်း ဆိုတော့ ဒီကမ္ဘာပေါ်မှာ ရှိနေတဲ့ “ မိဘမဲ့ကလေးတွေ ” ၊ “ ဘိုးဘွားတွေ ” အတွက်တော့ ကျွန်တော့်တို့ မတတ်နိုင်ပါ။ သို့သော် ဒီအဖြစ်အပျက်လေးကတော့ ဒီလို ပြောတယ်။

တစ်နေ့ . .

ကျွန်တော် ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်နေတုန်း ကျွန်တော့်ရှေ့က လူတစ်ယောက်က ရှေ့ကို နည်းနည်းလျှောက်လိုက် ခဏနေရင် ကမ်းစပ်က တစ်ခုခုကို ကုန်းကောက်လိုက် ပြီးရင် ပင်လယ်ထဲကို လွှင့်ပစ်ထည့်လိုက် ဒီလို လုပ်နေတယ်။

ခဏနေတော့ ကျွန်တော် သူ့နားကို ရောက်သွားတော့ သူက ခုနကလိုပဲ ကမ်းစပ်ပေါ်က တစ်ခုကို ကောက်ပြီး ပင်လယ်ထဲ ပစ်ထည့်လိုက်တယ်။

“ ခင်ဗျား ဘာတွေ လုပ်နေတာလဲဗျ။ ”

ဒီတော့ သူက ကျွန်တော့်ကို လှမ်းကြည့်ရင်း. . .

“ ကြယ်ငါးတွေလေဗျာ။ သူတို့က ပင်လယ်လှိုင်းနဲ့ အတူပါလာပြီး အခု သောင်ပြင်မှာ တင်ကျန်ခဲ့တာ ၊ နောက်ထပ် ပင်လယ် ဒီရေတတ်မှ သူတို့ ဒီရေနဲ့ အတူ ပင်လယ်ရေအောက်ထဲကို ပြန်ဆင်းနိုင်မှာလေ။

ဒီအတောအတွင်းတော့ဗျာ။ သူတို့ သောင်ပြင်ပေါ်မှာ အောက်ဆီဂျင်ပြတ်ပြီး သေမှာပဲလေ။ ဒါကြောင့် အသက်ရှင်နေသေးတဲ့ ကြယ်ငါးလေးတွေကို ပင်လယ်ထဲ ပြန်ပစ်ထည့်ပေးနေတာ။ ”

သူက ဒီလို ရှင်းပြတော့ ကျွန်တော်လည်း အံ့သြသွားပြီူး . . .

“ ခင်ဗျား ရူးနေလား။ ဒီသောင်ပြင်မှာ ဒီလို ကြယ်ငါးတွေ အများကြီး ၊ ပြီးတော့ ဒီလို သောင်ပြင်ပေါင်းက ဒီပင်လယ်ပြင်မှာ အများကြီး။ ဒီတော့ ဒီလို သောင်ပြင်ပေါင်း များစွာမှာ တင်နေတဲ့ ကြယ်ငါးပေါင်း များစွာကို ခင်ဗျား ဘယ်လိုလုပ်ပြီး ပင်လယ်ထဲ ပြန်ထည့်မလဲ။

ဒီတော့ သောင်ပြင်ပေါ်မှာ ရှိနေတဲ့ ကြယ်ငါးတွေ အတွက် ဘာထူးခြားမှာလဲဗျာ။ ”

ကျွန်တော့်စကားဆုံးတော့ သူက ကျွန်တော့်ကို ပြုံးပြီး ကြည့်ရင်း သောင်ပြင်ပေါ်က ကြယ်ငါး တစ်ကောင်ကို ကောက်ယူကာ ပင်လယ်ထဲကို ပစ်ထည့်လိုက်ပြီး . . .

“ ဒီကြယ်ငါး အတွက်တော့ ထူးခြား သွားတာပေါ့ဗျာ။ ”


ဒီအဖြစ်အပျက်လေးက Chicken Soup For The Soul ထဲကပါ။ ဆရာဖေမြင့်ကလည်း ဘာသာပြန်ထားပါတယ်။

ဒီစာလေး ကျွန်တော်ရေးပို့မိပါတယ်။ ဒါကို သူတို့သဘောပေါက် နားလည်လိမ့်မယ် ထင်မိပါတယ်။ အဓိက ကျွန်တော်ပြောချင်တာက. . .

“ ဘယ်နေရာမှာမှ မဟုတ်ပါ ၊ မိဘမဲ့ကလေး ၊ ဘိုးဘွားမှမဟုတ်ပါ ၊ အခု ကိုယ်နဲ့ ထိတွေ့ ဆက်ဆံ ကယ်တင်လိုက်နိုင်တာ တစ်ယောက်အတွက်ဆို လုံလောက်ပါတယ်။ ”

ကိုဇော် ခံစားပုံဖော်သည်။


.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

KMA said...

မနိုင်းရဲ့ပို့စ်(ဒီနေ့)မှာ မန့်သွားတာ လေးစားလို့ လိုက်လာမိတာပါ။ အခု ဒီပို့စ်(တ်)အတွက်လည်း စာမူခ အပြည့်ပေးပါတယ်။ အင်း ခံစားချက်တော့ တူနေပြန်ပါပြီ။