တစ်ခါက ..
လူကြီးတစ်ယောက်က ရထားစီးလာရင်း ဗိုက်ဆာလာသတဲ့..။ ရထားပေါ်မှာလည်း လာပြီး ဈေးရောင်းတဲ့ သူတွေကိုလည်း မတွေ့ဘူး.။ ဒီတော့ သူ ဗိုက်ဆာဆာ နဲ့ ဈေးသည်အလာကို မျှော်နေမိတယ်.။ ဒီလိုနဲ့ ဖြစ်ချင်တော့ ရထားဘူတာ တစ်ခုကို ရထား ဆိုက်ပါလေရော.။ ဒီတော့ သူသတိရသွားတယ်. ဘူတာမှာ ဈေးဆိုင်တွေ ရှိနေမှာပဲပေါ့လေ။
ဒီလိုနဲ့ သူ ဟိုဟို ဒီဒီ ကြည့်လိုက်တော့ ဘူတာရဲ့ အတွင်းပိုင်းလောက်မှာ ကော်ပြန့်ဆိုင် တစ်ဆိုင်က ကော်ပြန့်ကြော်ရောင်းနေတာ တွေ့လိုက်ရတယ်.။ ဒီတော့ သူက လှမ်းအော်ပြီးမှာဖို့ကလည်း ရထားနဲ့က ဝေးနေတယ်.။ ဒီတော့ သူက စားလည်း စားချင်နေတာ ဆိုတော့..ဟိုဟိုဒီဒီ လှမ်းကြည့်လိုက်တော့ ဘေးနားမှာ ကောင်လေးတစ်ယောက် ရထားဘူတာ စင်္ကြံပေါ်မှာ လမ်းလျှောက်လာတာ တွေ့လိုက်ရတယ်။
ဒါနဲ့ သူ လှမ်းခေါ်ပြီး....
“ ငါ့တူရယ်..ဦးလေးကို ဟိုမှာ ရောင်းနေတဲ့ ကော်ပြန့်ကြော် တစ်ခုလောက်ဝယ်ပေးပါလားကွာ။ ဟိုမှာ ရေးထားတယ်။ တစ်ခု ၂၀၀ ကျပ် တဲ့။ ရော့...ညီလေး..၂၀၀ တန် နှစ်ရွက် ...၄၀၀ ကျပ် ယူသွား။ ညီလေး တစ်ခုစား။ အကို့ကို တစ်ခု ဝယ်ပေးကွာ ၊ ဟုတ်ပြီလား။ ”
သူ သဘောကောင်းတဲ့ ကောင်လေး တစ်ယောက်နဲ့ တွေ့တာပါပဲ.။ ကောင်လေးက ပိုက်ဆံလှမ်းယူပြီး ပြေးထွက်သွားတယ်.။ ကော်ပြန့်ဆိုင်မှာ လူတွေများနေတဲ့ ကြားထဲကို သူတိုးဝင်သွားတယ်.။ ဝယ်နေတာ တွေ့တယ်.။ ဒီမှာ ဖြစ်ချင်တော့ ရထားက ဘူတာမှာ ခဏပဲ ရပ်တာ ဆိုတော့ ရထားက ပြန်ထွက်ဖို့ သြဥဆွဲလိုက်သံကို ဒီလူကြားလိုက်ရတယ်.။ သူ ကပြာကယာ လှမ်းကြည့်လိုက်တော့ ကော်ပြန့်ဆိုင်မှာ ကောင်လေး တိုးဝယ်နေတာကို တွေ့နေရတယ် ။
ဒီလိုနဲ့ ရထား ထွက်ဖို့ ဘီးစလှိမ့်နေပြီ..။ ကောင်လေး ဝယ်နေတုန်းပဲ..။ ရထားပေါ်က လူကြီးကလည်း ကောင်လေးကို မျှော်ရင်း ရင်တထိပ်ထိပ်နဲ့ပေါ့.။ ဒါနဲ့ ရထား ဘီးလှိမ့်တာ နည်းနည်း မြန်လာတဲ့ အချိန်လေးမှာ ကောင်လေး ကော်ပြန့်ဆိုင်ကနေ ပြေးထွက်လာတာကို တွေ့လိုက်ရတယ်.။
သူ့လက်ထဲမှာ ကော်ပြန့်ကို ထုပ်ထားတဲ့ ကျွတ်ကျွတ်အိတ်လေးကို ကိုင်ထားတာကိုလည်း တွေ့လိုက်ရတယ်.။ နောက်တော့ လူကြီး ရှိတဲ့ ရထားဆီကို မှီအောင်ပြေးလိုက်လာတာ တွေ့လိုက် ရတယ်..။ သူ ရထားနား ရောက်လာတော့ ရထားက တော်တော် အရှိန်ရစ ပြုနေပြီ..။ ဒီမှာ ကောင်လေးက သူကိုင်ထားတဲ့ ကျွတ်ကျွတ်အိတ်လေးကို ကိုင်မြှောက်ပြရင်း...
“ ဦးလေး။ ဦးလေး ကော်ပြန့်က ကုန်ခါနီးနေလို့ နှစ်ခု မရဘူးဗျာ။ တစ်ခုပဲ ရလိုက်တယ်။ ဒါကြောင့် ရော့ ၊ ဦးပိုက်ဆံ ၂၀၀ ပြန်ယူနော်။ ကျွန်တော်တော့ ကော်ပြန့်ပဲ ယူလိုက်ပြီ ။ ကျွန်တော်လည်း ကြိုးစားဝယ်ပါတယ်ဗျာ။ ဆောရီးနော် ၊ တကယ်ကို အားနာပါတယ်။ ”
ဆိုပြီး လက်တစ်ဖက်က ကော်ပြန့်ထည့်ထားတဲ့ အိတ်လေးကို ကိုင်မြှောက်ပြရင်း နောက်လက်တစ်ဖက်က ၂၀၀ တန်လေးကို လူကြီးလက်ထဲ ထည့်လိုက်တယ်.။ ဒီတော့ လူကြီး မျက်နှာကလေ ။ ပါးစပ်နားရောက်ခါနီးမှ လွတ်ကျသွားတဲ့ စားစရာ ဆိုသလိုပဲ..။ ကောင်လေး လက်ထဲမှာ ကိုင်ထားတဲ့ ကော်ပြန့်လေးကို ကြည့်ရင်း.... ကြည့်ရင်း... ကြည့်ရင်း....ရထားက သူ့ကို အဝေးကို ခေါ်ဆောင်သွားပါ တော့တယ်.။
ဒီလိုပါပဲဗျာ..။
တစ်ခါတစ်လေ ကျွန်တော်တို့ ဘဝမှာ ဖြစ်တတ်ပါတယ်.။ ကိုယ်က ဖြစ်စေချင်တာ တစ်မျိုး ၊ ပြီးတော့ ဖြစ်သွားတာက တစ်မျိုး..။ ဒီလို အချိန်ဆိုရင် ကျွန်တော်လည်း ဒေါသထွက်တာပါပဲ..။ ဒါပေမဲ့ ..ဒီအချိန်မှာ ဆိုရင် ဒီ “ ကော်ပြန့်မှ စားတာလေး ” ကို သတိရလိုက်ရင် ကျွန်တော် ဒေါသတွေ လျှော့သွားပြီး ပြုံးလာမိပါတယ်.။
တကယ်လို့ စာဖတ်သူလည်း ဒီလိုမျိုး လုပ်တာ တစ်မျိုး ဖြစ်နေတာ တစ်မျိုး ဖြစ်နေလို့ ဒေါသတွေ ထွက်လာပြီး ဆိုရင်ပေါ့လေ...အခု ကျွန်တော် ရေးထားတဲ့ “ ကော်ပြန့်ဝယ်စားရသလိုပါပဲ။ ” ဆိုတာလေးကို ပြန်သတိရပြီး ပြုံးနိုင် ၊ ရယ်မိနိုင်ပါစေဗျာ။
ကိုဇော် ခံစားပုံဖော်သည်။

http://zaw357.multiply.com/journal/item/721 မှာ 1.11.2009 က ရေးထားတာပါ။
.
0 ယောက် ရဲ့ ထင်မြင်ချက်:
Post a Comment