တစ်ခါက
ကျောင်းတစ်ကျောင်းမှာ ကျောင်းကပွဲလေးတစ်ခု ကျင်းပတယ်။ ကျောင်းက ကျင်းပတဲ့ ကျောင်းကပွဲ ဆိုတော့ ဒီကပွဲလေးမှာ ပါဝင်သရုပ်ဆောင်တဲ့ သူတွေ ၊ ကပြအသုံးတော်ခံမဲ့သူတွေ ၊ ကပွဲလေး ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီသူတွေ အားလုံးကလည်း ကျောင်းက ဆရာ ၊ ဆရာမ တွေနဲ့ ကျောင်းသူ ၊ ကျောင်းသားတွေပဲပေါ့။
ဒါနဲ့ ဆရာ ၊ ဆရာမ ၊ ကျောင်းသူ ၊ ကျောင်းသားတွေလည်း ကိုယ်တတ်နိုင်ရာ လုပ်သင့်လုပ်ထိုက်တာကို အစွမ်းကုန် လုပ်ကြတယ်။ ကိုယ် ကျွမ်းကျင်ရာ ကျွမ်းကျင်ရာပေါ့။ ဒါနဲ့ သူတို့ ကပွဲပြင်ဆင်နေတာကို မြို့နယ် ပညာရေးမှူး ဆရာကြီးက လာရောက်ကြည့်ရှု့တယ်။ ပညာရေးမှူးလာမယ် ဆိုတော့ အားလုံးကလည်း ပိုပြီး သတိထားလုပ်ကြတာပေါ့။
ဒီအချိန်မှာ ပညာရေးမှူး ဆရာကြီးက ကျောင်းသား ၊ ကျောင်းသူတွေကို တစ်ယောက်ချင်းစီ လိုက်မေးတယ်။ ပထမဦးဆုံး ဆရာကြီးက သွားမေးတာ မင်းသား ၊ မင်းသမီးသရုပ်ဆောင် အဖွဲ့တွေကို။
“ ငါ့သား ၊ သမီးတွေက ဒီကပွဲမှာ ဘယ်နေရာကနေ ပါဝင်မှာလဲဟေ့..။ ”
ဒီတော့ ကျောင်းသူ ၊ ကျောင်းသားတွေက...
“ ကျွန်တော်တို့က မင်းသား ၊ မင်းသမီးတွေ နဲ့ သရုပ်ဆောင် နေရာကနေ ပါဝင်မှာပါ.။ ”
“ သြ..ဟုတ်လား။ ကောင်းတာပေါ့ကွာ။ ကပွဲဆိုမှ တော့ သရုပ်ဆောင်တွေ မပါပဲ ဘယ်ဖြစ်တော့မလဲ မဟုတ်ဘူးလား။ မင်းတို့ နေရာက အရေးကြီးတယ်နော်။ ”
နောက်ပြီး ပညာရေးမှူးက နောက်ထပ် တစ်ဖွဲ့ဆီကို သွားပြီး မေးခဲ့တယ်။
“ ဒီက သားတို့ ၊ သမီးတို့ အဖွဲ့ကရော ကပွဲရဲ့ ဘယ်နေရာကနေ ပါဝင်ကြမှာလဲကွယ်။”
“ ကျွန်တော်တို့က ကပွဲရဲ့ စားသောက်ဖွယ်ရာ ချက်ပြုတ်ရေး အဖွဲ့ကပါ။ ”
“ ဟာ..ကောင်းတာပေါ့ကွာ.။ မင်းသား ၊ မင်းသမီး သရုပ်ဆောင်တွေ ဘယ်လောက် သရုပ်ဆောင် ကောင်းကောင်း အစာမစားရရင်တော့ သူတို့လည်း သရုပ်ဆောင် နိုင်မှာ မဟုတ်ဘူးလေ။ သားတို့ ၊ သမီးတို့ နေရာယူထားတဲ့ နေရာက အရမ်းအရေးကြီးတဲ့ နေရာပေါ့။ ”
ပညာရေးမှူးဟာ နောက်ထပ် အဖွဲ့ တစ်ဖွဲ့ဆီကို ရောက်သွားပြန်တယ်။
“ သားတို့ ၊ သမီးတို့ကရော ကပွဲရဲ့ ဘယ်နေရာမှာ ပါဝင်တာလဲ။ ”
“ ကျွန်တော်တို့က ကပွဲ အတွက် အဝတ်အစား ချုပ်လုပ်ဖန်တီးရတဲ့ အပိုင်းကပါ။ ”
“ ကောင်းလိုက်တဲ့ နေရာပဲ။ တကယ်လို့ အဝတ်အစား အလှတန်ဆာတွေသာ မပါဘူး ဆိုရင် ဒီကျောင်းကပွဲက လမ်းဘေးက ကလေးတွေ ညစ်ညစ်ပတ်ပတ် ပေပေရေရေ အပျော်ဆော့နေသလို ဖြစ်နေတော့မှာပဲ။ သားတို့ ၊ သမီးတို့ နေရာကလည်း အရမ်းအရေးကြီးတယ်။ ကောင်းကောင်းလုပ်ကြနော်။ ”
ဒီလိုနဲ့ ဆရာကြီး နောက်ထပ် တစ်ဖွဲ့ဆီ ရောက်သွားပြန်တယ်။
“ သားတို့ ၊ သမီးတို့ကရော ကပွဲမှာ ဘယ်နေရာကနေ ပါဝင်ကြတာလဲ..။ ”
“ ကျွန်တော်တို့က ကပွဲတည်ဆောက်ရေးကပါ။ ကပွဲ အတွက် စင်ကို တည်ဆောက် အလှဆင်ရတာပါ။ ”
“ အရမ်းကောင်းတဲ့ နေရာကနေ ပါဝင်နေတာပေါ့ကွာ။ တကယ်လို့ သားတို့ သမီးတို့ကသာ ဒီလို ကပွဲအတွက် စင်ကို လှလှပပ မတည်ဆောက်ဘူးဆိုရင် ဒီကပွဲကြီးဟာ လမ်းဘေး မြေဝိုင်းသဘင် ဖြစ်သွားပြီပေါ့။ ဘယ်လိုလုပ် အဆင့်တန်းရှိရှိ ကျင်းပနိုင်တော့မလဲ။ မင်းတို့ ပါဝင်နေတဲ့နေရာက အရမ်းအရေးကြီးတယ်နော် ဂရုစိုက်ကြ။ ”
ဒါနဲ့ ဆရာကြီး နောက်ထပ် အဖွဲ့တစ်ခုစီ ရောက်သွားပြန်တယ်။
“ သားတို့ ၊သမီးတို့ကရော ကပွဲမှာ ဘယ်နေရာကနေ ပါဝင်ကြတာလဲ။ ”
“ ကျွန်တော်တို့က ကပွဲမှာ တီးဝိုင်းနဲ့ နောက်ခံတေးဂီတ အသံတွေကို ထည့်တဲ့နေရာကပါ။ ”
“ ဟာ အရမ်းကောင်း ၊ အရမ်းအဆင့်မြင့်တဲ့ နေရာပေါ့။ ဂီတသံသာ မပါရင် ဒီကပွဲကြီးက တိတ်ဆိတ်ပြီး ဟိုးအရင်ခေတ်ဟောင်းက အသံမဲ့ ဓါတ်ရှင်ကြည့် နေရသလို ပေါ့ပျက်ပျက်ကြီးဖြစ်နေတော့မှာပဲ။ သားတို့ ၊ သမီးတို့ ပါဝင်တဲ့ နေရာက အရမ်းအရေးကြီးတယ်နော် ကြိုးစား။ ”
ဒီလိုနဲ့ ဆရာကြီးဟာ အဖွဲ့တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ပြောင်းပြီး မေးလာလိုက်တာ အဖွဲ့တွေ အကုန်ကုန်သွားတယ်။ မေးလို့ရသမျှ အဖွဲ့တွေကိုလည်း သူတို့နေရာဟာ အရေးကြီးကြောင်း အားပေးလာလိုက်တာ ကြားသမျှ လူတွေ အားလုံးလည်း အားတတ်ကြတယ်။
ဒါနဲ့ ဆရာကြီး ကျောင်းသား ၊ ကျောင်းသူတွေ အားလုံးကို သေချာကြည့်လိုက်တော့ ဆရာကြီးရဲ့ အားပေးမှုကြောင့် အားလုံးက တတ်ကြွနေကြတယ်။ ဒါပေမဲ့ အခန်းထောင့်တစ်နေရာမှာ ကျောင်းသားလေး တစ်ယောက်ကတော့ အများနဲ့ မတူပဲ ငိုင်နေတယ်။ ဆရာကြီး ကျောင်းသားလေးကို ကြည့်ပြီး သေချာ စဉ်းစားလိုက်တော့ သူ ဒီကျောင်းသားနဲ့ စကားမပြောရသေးဘူးလို့ အမှတ်ရတယ်။
ဒါကြောင့် ကျောင်းသားလေးဆီကို ဆရာကြီး သွားပြီး...
“ သားကရော ဘယ်နေရာကနေ ဒီကပွဲကြီးမှာ ပါဝင်တာလဲကွ။ ”
ဆရာကြီး ဒီလို လာမေးတော့ ကျောင်းသားလေးဟာ အံ့သြပြီး လန့်သွားတယ်။ နောက်မှ....
“ ကျွန်တော့်နေရာက ဘာမှ မပြောပလောက်ပါဘူး ဆရာကြီး။ ”
“ ဟေ ဘာလို့ မပြောပလောက်တာလဲ။ ပြောပါဦး။ မင်းက ဘယ်နေရာမှာ တာဝန်ယူရတာလဲ။ ”
“ တာဝန်ရယ်တောင်မှ မဟုတ်ပါဘူး ဆရာကြီးရယ်။ ကျွန်တော်က သူများတွေလို ဘာမှ မတတ်လေတော့ သူများတွေလို မလုပ်နိုင်ဘူးလေ။ ဒါကြောင့် ကျွန်တော်က အခုကပွဲမှာ ကပွဲရဲ့ ကုလားကာ လိုက်ကာ အတင် ၊ အချအတွက် ကုလားကာ လိုက်ကာ ကားဆွဲပါ။ ”
“ ဟာကွာ.။ ဒီနေရာက ဘာလို့ အရေးမကြီးရမှာလဲ။ ကပွဲတစ်ခုမှာ ဒီနေရာက အရေးအကြီးဆုံးပဲကွ။ ဘာလို့လဲဆိုတော့ မင်းသာ ဒီကုလားကာကြီးကို ဆွဲတင်မပေးဘူးဆိုရင် ကပွဲပြင်ဆင်သူတွေ ပြင်ဆင်ထားတဲ့ ကပွဲစင်ကြီး အပြင်အဆင်ကို ပရိသတ်ကြီး ဘယ်လိုမှ မတွေ့နိုင်ဘူး။
ဒီလိုပဲ မင်းသား ၊ မင်းသမီးတွေ ၊ သရုပ်ဆောင်တွေလည်း သူတို့ သရုပ်ဆောင်မှု ဘယ်လောက်ကောင်းကောင်း မင်းသာ ဒီလိုက်ကာကြီးကို ဆွဲမတင်ပေးရင်သူတို့ သရုပ်ဆောင်တာတွေကို ပရိသတ်ကြီး ဘယ်လိုမှ မြင်ခွင့်ရမှာ မဟုတ်ဘူး။
တခြား တခြားသော ကပွဲ ပြင်ဆင်သူထားသူတွေဟာ မင်းရဲ့ ကုလားကာ လိုက်ကာကြီး ဆွဲမတင်ပေးရင် ဒီကပွဲ ဆိုတာကို မြင်တွေ့ရမှာ မဟုတ်ဘူးလေ။ တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင်လည်း ကုလားကာ လိုက်ကာကြီးကို မြန်မြန်ချ ရဦးမယ်လေ။ ဒါကြောင့် ဒီကပွဲမှာ သူတို့တွေ ဘယ်လောက် ကြိုးစားထားထား မင်းသာ တစ်ခုခု ပေါ့လျော့လိုက်ရင် ဒီကပွဲကြီး အလကား ဖြစ်သွားပြီ..။ မအောင်မြင်နိုင်တော့ဘူး။
ဒါကြောင့် ဒီကပွဲမှာ မင်းက အရေးအကြီးဆုံးပဲ။ ဒါကြောင့် ကုလားကာ လိုက်ကာတွေ ၊ ဆိုင်းကြိုးတွေကို သေချာ ဂရုစိုက် ၊ ကြိုးတွေမှာ ဆွေးတာတွေ ၊ ပြတ်တာတွေ မဖြစ်စေနဲ့ ဟုတ်ပြီလား။ ” ပညာရေးမှူး ဆရာကြီး ဒီလို ပြောအပြီးမှာတော့ ခုနက ငိုင်နေတဲ့ ကျောင်းသားလေးဟာ ငါက ဒီလောက်တောင်မှ အရေးပါပါလား ဆိုပြီး တတ်တတ်ကြွကြွုဖြစ်လာခဲ့တယ်။
အခု စာဖတ်သူ သူငယ်ချင်းတွေကရော ဘယ်လို ထင်ပါသလဲ။ လောကမှာ အရေးမပါတဲ့ သူဆိုတာ ရှိနိုင်ပါ့မလား။ တကယ်လို့ အရေးမပါတဲ့ သူကို တွေ့ထားတယ် ဆိုရင်တော့ ဒီလူကို ကိုယ်က မသုံးတတ်တာ ၊ သူရဲ့ အစွမ်းအစကို မကြည့်တတ်တာပဲ ဖြစ်ပါလိမ့်မယ်။
ဒီ ပညာရေးမှူး ကျောင်းဆရာကြီးဟာ နောင်တစ်ချိန်မှာ “ အမျိုးသားပညာဝန် ဦးဖိုးကျား ” ဆိုပြီး ကျော်ကြားလာပါတော့တယ်။
source; ကျွန်တော် ဦးလေးပြောပြတာပါ။
ကိုဇော် ခံစားပုံဖော်သည်။
http://zaw357.multiply.com/journal/item/772 မှာ 22.11.2009 က ရေးထားတာပါ။
.

0 ယောက် ရဲ့ ထင်မြင်ချက်:
Post a Comment