မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 March 2010

1 ရေနွေးအိုး နဲ့ ရေနွေးပန်းကန်

.




ကျွန်တော်ဟာ တကယ်တော့ ကိုယ်နဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်လာရင် စိတ်မကောင်းဖြစ်ပြီး စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်တတ်သူတစ်ယောက်ပါ.။ ကိစ္စတစ်ခုဟာ မှန်ကန်တယ်.။ တိကျတယ်.။ သေချာတယ် ဆိုပြီး ကျွန်တော်လေ့လာစမ်းစစ်ပြီး လက်ခံထားတာ ဆိုရင် သူများတွေလည်း ဒီလိုပဲ လက်ခံလိမ့်မယ်လို့ ကျွန်တော်က ယူဆမိသူ တစ်ယောက်ပါ.။

ဒီတော့ တစ်ခါတစ်လေ အကြောင်းအရာ တစ်ခုခု ပြောတော့မယ် ဆိုရင် ကျွန်တော် တွေ့ရှိတာလေးတွေ ပြောပြလို့ သူတို့ လက်သင့်ခံလိမ့်မယ်လို့ ထင်ထားတာကို အတင်းလက်မခံပဲ ငြင်းရင် ကျွန်တော်စိတ်ဆင်းရဲတတ်သူ တစ်ယောက်ပါ.။ ဒါကြောင့် တစ်ခါတစ်လေ နဲ့ နောက်ပိုင်းမှာ သိပ်တော့ မပြောဖြစ်တော့ပါဘူး.။ တစ်ခါတစ်လေမှာတော့ အရမ်းလွဲနေရင် ဝင်ပြောမိပြန်ရောဗျာ.။

ဒီမှာ ခုနက ကျွန်တော် ပြောသလို ဒီလောက် ရှင်းလင်းလွယ်ကူနေတာကို သူတို့ မထင်မှတ်ပဲ အပြင်းအထန်ငြင်းတတ်ကြပါတယ်.။ ဒီတော့ နောက်ဆုံးမှာ ကျွန်တော် ဒီလို စိတ်မကောင်းဖြစ်ဖြစ်နေရတာကို ကျွန်တော် ဆရာက သတိပေးတဲ့ အနေနဲ့ အဖြစ်အပျက်လေး တစ်ခုနဲ့ ဥပမာပြုပြီး ပြောပါတယ်.။

အဲဒီနေ့က ကျောင်းကိစ္စနဲ့ အငြင်းအခုန်ဖြစ်နေကြလို့ ကျွန်တော်က ဝင်ပြီး ပြောပေးရင်း ကျွန်တော်ပါ သွားတယ်.။ ဒီတော့ နောက်ဆုံး ကျွန်တော် လက်လျှော့ပြီး ဘေးထွက်ထိုင်ပြီး စိတ်မကောင်းတော့ ဖြစ်နေတာပေါ့.။ ဒီအချိန်မှာ ကျွန်တော် ဒီလို ဖြစ်နေတာကို သိတဲ့ ဆရာက ကျွန်တော့်ကို ခေါ်တယ် ..ပြီးတော့ ..“ လာကွာ..လက်ဖက်ရည်ဆိုင် သွားရအောင် ..။ ” ဆိုပြီး ခေါ်ပါတယ်.။ ဆရာခေါ်တော့လည်း ကျွန်တော်လည်း ဘုမသိ ၊ ဘမသိ လိုက်သွားတာပေါ့လေ.။

လက်ဖက်ရည်ဆိုင် ရောက်သွားမှ ဆရာက ကျွန်တော့်ကို ထိုင်ခိုင်းပြီး လက်ဖက်ရည်မှာတယ်..။ နောက်..ကျွန်တော်တို့ရှေ့က ရေနွေးအိုးထဲကို ရေနွေးမှာ လိုက်ပြီးတော့ ဟိုဟို ဒီဒီ စကားတွေ ပြောနေတယ်.။ ခဏနေတော့ ကျွန်တော်တို့ မှာထားတဲ့ လက်ဖက်ရည်မလာခင် ရေးနွေးအိုး အရင်ရောက်လာတယ်.။ ဒီတော့မှ ဆရာက ရှေ့က ပန်းကန်လုံးလေး တစ်လုံးကို ဆွဲရင်း...

“ မောင်ဇော်...၊ မင်းအခု ဘာဖြစ်နေတာလဲ ဆိုတာ ဆရာသိတယ်.။ မင်းတို့ ခုန ငြင်းနေကြတာလည်း ဆရာ အစအဆုံးတွေ့နေတာပဲ.။ မင်းပြောတာ တရားနည်းလမ်းကျတယ်.။ ဒါပေမဲ့..သူတို့ လက်သင့်မခံဘူး မဟုတ်လား.။ ဒီမှာကွ..ဒီမှာ ကြည့်..။ ”

ဆိုပြီး ...။ ဆရာက သူ့လက်မှာ ကိုင်ထားတဲ့ ရေနွေးအိုးထဲက ရေနွေးကြမ်းတွေကို စားပွဲပေါ်မှာ ချထားတဲ့ ပန်းကန်လုံးထဲ လောင်းထည့်လိုက်တယ်.။ ကျွန်တော်လည်း ဆရာဘာလုပ်ပြတယ် ဆိုတာ မသိသေးပါဘူး..။ ဆရာလောင်းထည့်ရင်းနဲ့ ရေနွေးပန်းကန်လုံးထဲမှာ ရေနွေးတွေလည်းပြည့်ရော ဆရာက မရပ်သေးဘူး.၊ ဆက်ပြီး လောင်းထည့်နေတယ်.။ ဒီတော့ ရေနွေးတွေက ပန်းကန်လုံးထဲ ကနေ အပြင်ကို လျှံကျကုန်တော့တာပေါ့..။ ဒီတော့...ကျွန်တော်က...

“ ဆရာ...၊ ရေနွေးတွေ လျှံကျကုန်ပြီ...။ ”

လို့ ပြောတော့..။ ဆရာက ရေနွေးတွေကို လောင်းထည့်နေတာကို မရပ်ပဲ.. ဆက်လောင်းထည့်နေရင်း ကျွန်တော့်ကို ပြောတယ်.။

“ ဟုတ်တယ်.. မောင်ဇော်..။ ဒါပဲလေ..။ ဒါက ရေနွေးအိုး နဲ့ ရေနွေးပန်းကန်က ပြောတဲ့ သင်ခန်းစာပဲ..။ လူတွေမှာလည်း ဒီလိုပဲကွ..။ ဘယ်အရာမဆို လူတွေမှာ အတိုင်းအတာ ဆိုတာ ရှိတယ်.။ အခုလည်း ကြည့်လေ..။ ရေနွေးအိုး မှာ ရှိသမျှ ရေနွေးပန်းကန်လုံးထဲကို ဝင်မှာလား.။ ဘယ်ဝင်မလဲကွာ..သူ့မှာလည်း အတိုင်းအတာ ဆိုတာ ရှိတယ်.။ သူ့မှာ ဝင်ဆံတာထက် ပိုလာရင် လျှံကျတာ ထုံးစံပဲပေါ့ကွာ.။

ဒီလိုပဲ လူတွေမှာလည်း သူတို့ရဲ့ ဦးနှောက်မှာလည်း အကန့်အသတ်တွေ ရှိတယ်.။ မင်းမှာ နားလည်နိုင်တဲ့ ဦးနှောက်ရှိပေမဲ့ ဒီလိုပဲ လူတိုင်းကိုလည်း နားလည်နိုင်မဲ့ ဦးနှောက်ရှိမယ်လို့ မထင်နဲ့ကွ.။ သူတို့ရဲ့ ဦးနှောက်က ဒီလို နားလည်နိုင်တဲ့ ဦးနှောက်မရှိရင် မင်းပြောသမျှတွေ အားလုံးဟာ သူတို့ ဦးနှောက်နဲ့ မဝင်ဆံပဲနဲ့ လျှံထွက်လာလိမ့်မယ်.။ ဒီတော့ မင်းမှာ ရှိတဲ့ ရေနွေးအိုး အတိုင်းအတာ ဦးနှောက် နဲ့ သူတို့ ရေနွေးပန်းကန်လေးထဲကို အတင်းလောင်းထည့်နေချင်ပါနဲ့ကွာ.။ မင်းလောင်းထည့်သမျှတွေ လျှံထွက်လာတော့ မင်းပဲ စိတ်ဆင်းရဲရလိမ့်မယ်.။


လောကမှာ သူတို့ အတိုင်းအတာနဲ့ သူရှိတယ်.။ သူ့ဖာသာသူ ဘောင်ဆိုတာ ရှိတယ်.။ ဒီဘောင်ထက်ကျော်သွားရင် လျှံထွက်ကုန်တာပဲ..။ ဒါလေးတော့ သဘောပေါက်ထားကွ..။ ”


“ တကယ်ကောင်းလိုက်တဲ့ ဥပမာ ပေးလေးပါဆရာ..။ ”

ဒီဥပမာပေးလေး ကျွန်တော် ကြားမိတဲ့ နောက်ပိုင်း လူတွေကို ကျွန်တော် သိသလောက် မပြောပြမိတော့ပါဘူး.။ နည်းနည်းပြောကြည့်လို့ အဆင်ပြေတယ်.. လက်ခံနိုင်တယ် ဆိုရင် ဆက်ဆွေးနွေးတယ်.။ အဆင်မပြေ လို့ လျှံထွက်ကုန်ပြီဆိုရင် ကျွန်တော် ရပ်ထားလိုက်ပါတယ်.။

လူတွေမှာ အကန့်အသတ်ရှိတယ် ဆိုတာ တကယ်ပါဗျာ.။ ဒါဟာ ကျွန်တော့်ဆရာ သင်ပြ လမ်းညွှန့်ခဲ့တဲ့ ဥပမာလေး တစ်ခုပါပဲ..။

ကိုဇော် ခံစားပုံဖော်သည်။


http://zaw357.multiply.com/journal/item/731 မှာ 4.11.2009 က ရေးထားတာပါ။

.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

That's a good thoughts and good example. Everyone has their limit.
So nice to read your post .........