မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 March 2010

1 ကြာဇံကြော်



ကျွန်တော် ကြေးအိုး အရမ်းကြိုက်ပါတယ်.။ အဲ..ကြာဇံကြော် ဆိုပြီး ခေါင်းစဉ်တပ်ထားပြီး ကြေးအိုး အကြောင်းပြောနေတယ် ဖြစ်ဦးမယ်.။ ဒီလိုပါ.။ ဒီလို ကြေးအိုးကြိုက်လို့ တကယ်လို့ ဝယ်သောက်လို့မရတဲ့နေရာ ၊ ဝယ်သောက်ရင်လည်း ကောင်းကောင်း မသောက်ရတဲ့ တွေရောက်ရင် ကိုယ့်ဖာသာ ကိုယ်လုပ်သောက်နိုင်အောင်လည်း နည်းနည်းတော့ သူငယ်ချင်း တစ်ယောက်ဆီက သင်ထားတယ်.။

ဒါကြောင့် ကျနော့်ဒီရောက်လာတော့လည်း ကြေးအိုးလုပ်သောက်ဖို့ ကြာဇံထုပ်လေးတွေ ပါလာပါတယ်.။ ဒါပေမဲ့ ချက်ချင်း မလုပ်သောက်ဖြစ်သေးဘူး.။ ဒါနဲ့ တစ်နေ့တော့ သူငယ်ချင်းတွေက ကြာဇံကြော်စားမယ် လုပ်တယ်.။ ကျွန်တော်လည်း ပါတယ်လေ.။ ဒီအချိန်မှာ အပြင်မှာ မိုးတွေ ရွာနေတယ်.။ ကြာဇံကြော်စားဖို့ ကြာဇံသွားဝယ်ဖို့က ခက်နေပါလေရော. ။ ဒီတော့ ကျွန်တော်က ကျွန်တော်မှာ ပါလာတဲ့ ကြာဇံထုပ်ကို သွားသတိရတယ်.။ ဒါနဲ့ ၃ ထုပ်ထုတ်ပေးလိုက်တယ် ။

အခု ကြာဇံကြော်မှာ ဦးဆောင်ကြော်မှာက မောင်ထူး ဆိုတာလေ.။ သူက နေရာတကာ ဆရာကြီးလုပ်ရမှ ကြိုက်တယ် ဆိုတဲ့ သူမျိုး.။ ဘာရယ် မဟုတ်ပါဘူး..။ ကျွန်တော်က မေးလိုက်တယ်.။

“ မောင်ထူး.။ မင်း ကြာဇံကြော် ကြော် တတ်လား.။ ”


ကြာဇံကြော် ဆိုတာ မခက်ပါ.။ သို့သော် ကြာဇံဆိုတာ အမာကြီးလေး ခေါက်ဆွဲလို ပျော့ပြီးသား မဟုတ်တော့ တန်းကြော်လို့ မရဘူးလေ.။ ဒါကြောင့် မေးလိုက်တာပါ.။

“ ကြော်တတ်တယ်..။ ကြော်တတ်တယ်.။ ငါတို့ အိမ်မှာ ငါပဲ ကြော်ကျွေးနေကြလေ.။ ”

ဒါဆိုတော့လည်း ကျွန်တော် ဆက်မပြောတော့ဘူးပေါ့ဗျာ..။ အိပ်ယာမှာ စာဆက်ဖတ်နေလိုက်တယ်.။ ခဏနေတော့ မောင်ထူးနဲ့ နောက်တစ်ယောက် ကြာဇံကြော်တဲ့ ဆီကနေ အသံတွေ ထွက်လာတယ်.။

“ ဟာ..ဘာဖြစ်တာလဲ..။ လုပ်ဦးကွ..။ ကြာဇံတွေ ထွေးကုန်ပြီ.။ ဆီနဲ့ မွှေထား..။ ကပ်ကုန်ပြီကွ..။ ”

ဒီလို အသံတွေ ကြားတော့ ကျွန်တော် ထသွားကြတော့ သူတို့ ကြာဇံတွေကို ဇကာထဲမှာ ထည့်ပြီး စစ်နေကြတာဗျ..။ ဇကာထဲကို ကြည့်လိုက်တော့ ကြာဇံတွေက အငွေ့တစ်ထောင်းထောင်းနဲ့လေ.။ ကျွန်တော် အံ့သြသွားပြီး မေးလိုက်တယ်.။

“ မောင်ထူး.။ ကြာဇံတွေကို မင်းပြုတ်လိုက်တာလား..။ ”

“ အေးလေ.။ ကြာဇံက အမာကြီးလေ.။ မပြုတ်ပဲ ဘယ်လို ကြော်မလဲ.။ ပြုတ်ရမှာပေါ့..။ ”


“ ဟာ...။”


ကျွန်တော် အံ့သြသွားတယ်.။

“ မဟုတ်ဘူးလေကွာ.။ ကြာဇံက မာနေတယ် ဆိုပေမဲ့ ပြုတ်စရာမှ မလိုတာ သူ့ကို ဒီလိုပဲ မကြော်ခင်မှာ ရေစိမ်ထားရတယ်.။ ကြော်ခါနီးမှ ပျော့လာရင် ထည့်ကြော်လိုက်ရတာလေ.။ ပြုတ်စရာမလိုဘူး.။ ပြုတ်လိုက်တော့ ကပ်ကုန်တာလေ.။ ”

သူ ကျွန်တော် ပြောတာ လက်မခံသလို ...။ သူ့ကိုယ်သူ ကြာဇံ မကြော်ဖူးတာကိုလည်း ဝန်မခံချင်တဲ့ သဘောလည်းပါမှာပါ.။ ဒါနဲ့ သူ ဘာပြောလဲ ဆိုတော့....သူနဲ့ အတူတူ ဝိုင်းကြော်နေတဲ့ သူကို ...

“ စိုးတင့်..။ ငါ့ အိတ်ထဲမှာ ပိုက်ဆံရှိတယ်..။ ယူသွားကွာ..။ ဒီက ကြာဇံပဲ သွားဝယ်လိုက်.။ အကောင်းစား ကြာဇံပေးပါလို့ ပြော..။ ဒီလို အပေါစား ကြာဇံတွေ ဆိုတော့ ကပ်ကုန်တာပေါ့.။ ”

ကျွန်တော် “ ဟာ... ” ခနဲ့ ဖြစ်ပြီး လှည့်ထွက်လာပါတော့တယ်.။ သြော်..သူ မကြော်တတ်တာကို သူဝန်မခံပါဘူး.။ ကျွန်တော် ကြာဇံတွေကပဲ အပေါစားကြာဇံ ဖြစ်သွားရပါသေးတယ် ။ ကျွန်တော်လည်း စိတ်မကောင်းဖြစ်ပြီး အခန်းထဲဝင်ပြီး စာဖတ်နေလိုက်တယ်.။ သူကြော်တဲ့ ကြာဇံကြော်လည်း မစားတော့ဘူးပေါ့လေ.။ ဒီလိုလည်း တွေးလိုက်တယ်.။

ခဏနေတော့ ကြာဇံထုပ်သွားဝယ်တဲ့ စိုးတင့် ပြန်ရောက်လာသံ ကြားရတယ်.။ ကျွန်တော်ကလည်း မဟုတ်တာဆို ထိုင်မနေတတ်တဲ့ လူဆိုတော့ “ အေး ကောင်းပြီ ၊ ငါ့ ကြာဇံတွေက အပေါစားတွေ ဆိုရင် သူဝယ်လာတဲ့ ကြာဇံ အကောင်းစားတွေ ဘယ်လိုကြော်လည်း သွားကြည့်ဦးမှ ဆိုပြီး ကျွန်တော် အိပ်ယာက ထပြီး သူချက်တဲ့ ဘေးကနေ ခုံနဲ့ကို ထိုင်ကြည့်နေလိုက်တယ်.။ ( ကျွန်တော်ကလည်း ဒီလိုကို ရွတ်တာ..။ )

ဒီတော့ ကြာဇံ အကောင်းစားတွေနဲ့ ကြော်ပါတယ် ဆိုတဲ့ မောင်ထူး.။ ဒီတစ်ခါလည်း သူ့ကြာဇံတွေ လုံးထွေးပြီး ကပ်ကုန်တာပါပဲ.။ နောက်ဆုံးတော့ ကျွန်တော်တို့ အဲဒီနေ့က ဘာကြာဇံကြော်မှလည်း မစားလိုက်ရပါ.။ အားလုံး အမှိုက်ပုံး ဆိုတာမျိုးပဲ ဖြစ်ခဲ့ရပါတော့တယ်.။ ဒါတောင်မှ မောင်ထူး ပြောသွားသော စကားကို ကျွန်တော် နားထဲကကို မထွက်ပါ.။

“ ငါ့ အိမ်မှာ ငါ ကြော်နေကြပါ..။ ဘာလို့လဲ မသိဘူး.။ ဒီက ရာသီဥတု မတူလို့လား မသိဘူး.။ ”

တဲ့လေ.။ သြော်..လူတွေ ကိုယ့်အမှားကို မှားပါတယ်လို့ ဘာလို့ ဝန်ခံဖို့ ခဲယဉ်းနေပါလိမ့်ဗျာ.။ ဒီလိုလူတွေ ဒီကမ္ဘာမှာ ဘယ်လောက်များ ပေါနေပါမလဲ..။

မှတ်ချက်။ ။ ဘာရယ် မဟုတ်ပါဘူး.။ ဒီနေ့ ကြာဇံကြော်စားလို့ သတိရလို့ ရေးလိုက်တာပါ။ စားကြပါဦး။ သတိရတုန်းလေး ခေါ်လိုက်တာ။


ကိုဇော် ခံစားပုံဖော်သည်။


http://zaw357.multiply.com/journal/item/704 မှာ 21.10.2009 က ရေးခဲ့တာပါ။

.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

nla said...

lolz, can't stop laughing. And it's good to note that you need to put it water rather than boiling it. I never knew it though i ate thousand times!!!