မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 March 2010

0 ကျွန်တော့် သူဌေး ( ၂ )


“ ဖမ်းပဟ. . ။ ”

လို့ ကျွန်တော် ရေရွတ်မိတယ်။ ကြည့်လိုက်တော့ ရဲကား ခေါင်မိုးပေါ်က အပြာရောင် မီးလေးကလည်း လက်လို့ ၊ အသံတွေကိုလည်း ပွစိပွစိ ၊ အရှေ့က မောင်းနေတာက ကျွန်တော့်သူဌေးကား။ နောက်က ရဲကားက လိုက်နေတယ်။ ဒါနဲ့ ကျွန်တော် စိတ်ဝင်စားသွားတယ်။

လှမ်းကြည့်လိုက်တော့ သူဌေးက ကားကို မရပ်ပေးဘူး။ သူက ရပ်မပေးတော့ နောက်က ရဲကားကလည်း ရပ်မသွားဘူး။ ရှေ့မှာ လမ်းကွေ့လေး ရောက်တော့မှ သူက ပြန်ကွေ့လာပြီး စက်ရုံဘက်ကို ပြန်မောင်းလာခဲ့တယ်။ သူ့နောက်က ရဲကားကလည်း ခပ်ရဲရဲ ပါလာတယ်။

ဒီသူဌေးကို ကျွန်တော် ဒီအလုပ်ကို စဝင်တုန်းက တော်တော်ရယ်မိတယ်။ သူဌေးနဲ့ မတူသော သူဌေး တစ်ယောက်လို့လည်း မြင်မိတယ်။ ဘာပဲ ဖြစ်ဖြစ် သူက နေရာတကာ လိုက်ပါနေတယ်။ အလုပ်သမား ကိစ္စတွေမှာလည်း လိုက်ပါ။ နောက်ဆုံး အလုပ်အင်္ကျီပေးတာက အစ လိုက်ပါနေတယ်။ တကယ်ဆို ဒါတွေ လုပ်ဖို့ သူ လူတွေ ငှားထားတာပဲလေ။ Admin တွေ Officer တွေက ဒါတွေကို လုပ်ကြလိမ့်မပေါ့။

အခု သူဌေးက ကားကို စက်ရုံရှေ့တည့်တည့်ကို ထိုးရပ်လိုက်တော့မှ နောက်က တဂွမ်ဂွမ်နဲ့ လိုက်နေတဲ့ ရဲကားကလည်း နောက်က လိုက်ရပ်တယ်။ ပြီးတော့ ရဲ သုံးယောက် ဆင်းလာပြီး သူဌေးဆီက ကားလိုင်စင်တောင်းတယ်။ ကျွန်တော်လည်း ဘာရယ် မဟုတ်ပဲ အလုပ်စားပွဲက ထပြီး စက်ရုံအဝကနေ ကြည့်လိုက်တော့ . . သူဌေးက သူ့လိုင်စင်ကို ရဲတွေကို မပေးဘူး။ သူ့ကို ဘာလို့ ဖမ်းတာလဲ လို့ အရင်မေးတယ်။ ဒီတော့ ရဲတွေက မီးနီ ဖြတ်လို့ တဲ့။

ဒီမှာ သူဌေးက စပြီး ပွားပါလေရော ၊

“ ငါ မီးနီ ဖြတ်တာ မဟုတ်ဘူး။ ဟိုမှာ မင်းတို့ မတွေ့ဘူးလား။ မီးပွိုင့်ပြင်နေတယ်လေ။ ငါ ဖြတ်ပြီးတော့မှ မင်းတို့ မီးပွိုင့်ပြင်တဲ့ လူတွေက ခလုတ်ကို ကစားလို့ ငါက မီးနီဖြတ်သလို ဖြစ်တာ.။ ”

သူက ဒီလို ပြောလိုက်တော့ ရဲတွေမှာ ဝေဝေဝါးဝါး ဖြစ်သွားတယ်။ သူဌေးပြတဲ့ နေရာကို လှမ်းကြည့်လိုက်တော့လည်း မီးပွိုင့်ပြင်နေတဲ့ သူတွေကို ရဲတွေက မရဲတရဲ တွေ့လိုက်ရတယ်။

ဒါပေမဲ့ . . ရဲ ဆိုတဲ့ အတိုင်း ရဲတွေကလည်း အရဲစွန့်ပြီး ပြောတယ်။

“ ဒါပေမဲ့. . မင်း မီးနီတာကို ဖြတ်သွားတာ ငါတို့ တွေ့လိုက်တယ်လေ။ ပြီးတော့ ငါတို့ တားတော့ မင်းက ဘာလို့ ချက်ချင်း မရပ်တာလဲ။ ”

သူဌေးကလည်း ကားပေါ်က ပြောနေတာ မဟုတ်ဘူး။ ကားအောက်ကို ဆင်းပြီး လက်ဟန် ၊ ခြေဟန် ၊ ခေါင်းဟန် ၊ ကိုယ်ဟန် ၊ မျက်လုံးဟန်တွေနဲ့ ပြောနေတော့ ကျွန်တော့်အလုပ်ထဲက အလုပ်သမားတွေကလည်း ငါ့သူဌေး ဘာဖြစ်တာလဲ ဆိုပြီး စက်ရုံအပြင် မထွက်ပေမဲ့ စက်ရုံဝမှာ ခေါင်းလေတွေ စီလို့။ ဘာမှ မလုပ်ပေမဲ့ လူအင်အားပြသလို ဖြစ်နေတယ်။ လူပေါင်းများစွာ ဝိုင်းကြည့်နေတော့ ရဲတွေကလည်း ခပ်ရဲရဲကနေ မရဲတရဲ အနေအထား။

သူဌေးကလည်း သူ့ရဲ့ လိုင်စင်ကို မပေးဘူး။

“ ခဏနေဦး . .ငါ မီးပွိုင့်ပြင်တဲ့ ဌာနက အကြီးအကဲကို ဖုန်းဆက်မယ်။ ”

ဒီလိုပြောပြီး တကယ်ပဲ သူ့ဖုန်းကို ထုတ်ပြီး အရေးပေါ်ဌာနက တဆင့် မီးပွိုင့် သက်ဆိုင်သူတွေကို ကွိကွိကွကွ ပွားတယ်။ ရဲတွေကလည်း ဘေးက ပိုပြီး မရဲတရဲ ဖြစ်တယ်။ ဟိုဟာ ကိုင်ရမလို ဒီဟာ ကိုင်ရမလို. . .ပြီးတော့. . .

“ ရော့. . မင်းတို့ ပြော . . ကြည့် ။ နားထောင် . . . ကြည့်။ ”

ဆိုပြီး ရဲတွေဆီကို သူ့ဖုန်းကို ထိုးပေးတယ်။ ဗြဟ္မာ့ခေါင်း မဟုတ်ပဲကို ရဲကလည်း ကြောက်လန့်တကြား မယူရဲဘူး. . .ငြင်းတယ်။ ယူဘူး...ယူဘူး.နဲ့။ ဒါနဲ့ သူဌေးကပဲ ဆက်ပြီး ပြောတယ်။ ခဏကြာတော့ ဖုန်းချပြီး . . .

“ ငါ့မှာ အပြစ်မရှိဘူးနော်။ တကယ် အပြစ်ရှိတာက မီးပွိုင့်ပြင်တဲ့ လူတွေ သူတို့ ပြင်နေတုန်းက အဝါရောင် မှိတ်တုပ်မှိတ်တုပ် နဲ့ ပွိုင့်က အချက်ပြနေတယ်။ တစ်ဖက်ကားလမ်းက ရှင်းသွားတော့မှ ကားကို မောင်းထွက်တော့ မီးပွိုင့်က ပြင်လို့ ပြီးလို့ ခလုတ်ကို တင်လိုက်တော့ တိုက်ဆိုင်စွာ မီးနီသွားခဲ့တာ။ ဒီအချိန်မှာပဲ မင်းတို့ကလည်း တိုက်ဆိုင်စွာ မြင်ပြီး မီးပွိုင့်ဖြတ်မောင်းတယ် ဖြစ်တာ။

အခု တွေ့ပြီနော်။ ငါ မမှားဘူး။ ”

ဒါနဲ့ပဲ..။ ရဲတွေ အားလုံး သူတို့ ရဲကားထဲကို ဝင်သွားတယ်။ ဒါပေမဲ့ ရဲကားကို သူဌေးကား နောက်မှာ ပိတ်ရပ်ထားရာကနေ ဖယ်မပေးဘူး။ သူက ဖယ်မပေးတော့ သူဌေးက ကားနောက်ဆုတ်ပြီး ထွက်လို့ မရဘူး။ ဒီတော့ ကားနောက်ဆုတ် ထွက်မရတော့ သူဌေးက ကားထဲက လူပဲ ထွက်လာတယ်။

ပြီးတော့ ကျွန်တော့်ကို မျက်မှောင်ကျုတ်ကြည့်တယ်။ ဒီတော့မှ ကျွန်တော်လည်း သတိရတယ်။ ကျွန်တော့်ဘေးမှာ လူတွေက အများကြီး ဝိုင်းကြည့်နေကြတုန်း။ အလုပ်တွေ ပစ်ထားကြတယ်။ ဒီတော့မှ ကျွန်တော်လည်း “ ဟေ့ကောင်တွေ အလုပ်သွားလုပ်ကြလို့ ပြောရင်း ” ကိုယ်လည်း အလုပ်ထဲ လှည့်ဝင်တော့...

“ ဇော် X X နေဦး.. .။ မင်းမှာ ပိုက်ဆံ ၂၀ လောက်ရှိလား။ ”

တဲ့။ ကျွန်တော့်သူဌေးက လှမ်းခေါ်မေးတယ်။

“ အင်း. . .ရှိတယ်။ ”

“ ဒါဆို ငါ့ကို ခဏချေး..။ ငါ့မှာ ၅၀ တန် တွေချည်းပဲ ဖြစ်နေတယ်။ မနက်ဖြန် ပြန်ပေးမယ်။ သူတို့ကို လက်ဖက်ရည်ဖိုး မပေးရင် ငါ့ကို နောက်ကနေ ခွာမှာ မဟုတ်ဘူး။ ”

ဒါနဲ့ ကျွန်တော်လည်း အိပ်ထဲက ပိုက်ဆံ ၂၀ ကို ထုတ်ပေးလိုက်တော့ သူဌေးက ရဲတွေဆီကို လျှောက်သွားပြီး လက်ဆွဲနှုတ်ဆက်သလိုနဲ့ လက်ထဲကို ပိုက်ဆံ ထိုးပေးလိုက်တယ်။ သြော်. . လာဘ်ထိုးတယ် ဆိုတာ ဒါကို ပြောတာနဲ့ တူတယ်။

ပြီးတော့ ရဲကားက သူဌေးက နောက်က မောင်းထွက်သွားတယ်။ ဒီတော့ သူဌေးကလည်း သူ့ကားသူ မောင်းထွက်သွားတယ်။ ကျွန်တော်ကလည်း ကိုယ့်ခြေထောက်ကို မောင်းပြီး အလုပ် စားပွဲကို ပြန်ရောက်တော့ ကျွန်တော် စဉ်းစားမိတယ်။

ဒီသူဌေးကို ကျွန်တော် အရင် လွန်ခဲ့တဲ့ ၃ နှစ်လောက်က တော်တော် ရယ်ချင်မိခဲ့တယ်။ နောက်ပိုင်းမှာတော့ သူလည်း အရာရာ သင်ယူနိုင်ခဲ့တာပဲ။ အခုနောက်ပိုင်း ဘာပြဿနာတွေပဲ ဖြစ်ဖြစ် ပြဿနာမကြီးရင် သက်ဆိုင်ရာက လူတွေနဲ့ပဲ သူ ပြီးစေခဲ့တယ်။ နေရာတကာ လိုက်ပါတာမျိုး မရှိတော့။

အခု ပြဿနာမှာလည်း သူ နည်းလမ်း ၃ မျိုးကို ကျင့်သုံးပြီး ပြဿနာကို ရှင်းသွားတယ်။

၁) “ ဘာပဲ ဖြစ်ဖြစ် စခန်းရောက်မှ ရှင်း ” ဆိုသလို ဖြစ်တတ်တာက ဒီလို သူများ နေရာမှာ ဆို ကိုယ့်ဖက်က အားယုတ်တယ်လေ။ ဒါကြောင့် ဘောလုံးကွင်းတွေမှာ အိမ်ကွင်း ၊ အဝေးကွင်း ဆိုပြီး ကန်ကြတာပေါ့။ အခုလည်း လမ်းမှာ ကားကို မရပ်ပဲ သူက စက်ရုံရှေ့ကို မောင်းလာတော့ ဒါ ကိုယ့်အိမ်ကွင်းကို ဖိတ်ခေါ်လိုက်တာပါ။ ဇွန်ဇူး ( ဇွန်ဆူး ၊ ဆွန်ဇူး လို့လည်း ခေါ်ကြတယ်။ ) ရဲ့ စစ်သေနင်္ဂဗျူဟာ ထဲက လိုပါပဲ။

၂) ကိုယ့်စက်ရုံရှေ့ရောက်တော့မှတော့ ကိုယ့်လူတွေက ထွက်ကြည့်တော့ ကိုယ်တစ်ယောက်တည်း မဟုတ်တော့ပဲ ၊ ကိုယ့်လူတွေအများကြီး ရှေ့မှာ ဆိုတော့ ဘာပဲ ပြောပြော ဝိုင်းကြည့်ခံနေရတဲ့ ရဲတွေ ရှိန်သွားတာပါ။ ဒါကြောင့်လည်း သူက ပြောအား ရှိနေပြီး ရဲတွေက ဘာမှ ပြောအားမရှိတာပါ။

၃) ဒါကတော့ သူရဲ့ ကိုင်တွယ်တတ်မှုပါပဲ။ ဖြစ်နေတာကို သေချာ ပြောတယ်။ နောက်ပြီး အဖြစ်အပျက် သေချာအောင် သူက အထက်ကို ဖုန်းဆက်ပြောတယ်။ ဒါကြောင့် မြင်လိုက်တာ သေချာပေမဲ့ ရဲတွေ ဘာမှ မပြောနိုင် ဖြစ်သွားတာပါ။ ပြီးတော့ အထက်ပိုင်းဆိုတာ သာသာယာယာ ရှိတယ် မဟုတ်ပါလား။

သြော်.. . . ကျွန်တော့်သူဌေး အရင်ကလို မဟုတ်တော့ဘူး။ သူဌေးက သူဌေးနဲ့ တူလာပြီ။ အရင်ကတော့ သူဌေးပေမဲ့ အကုန်လုံး နေရာတကာ လျှောက်ပါနေတတ်တဲ့ သူဌေးယောင်ဆောင်ထားသော အလုပ်သမား တစ်ယောက်မျှသာ အခုတော့ သူ သူဌေးနဲ့ တူလာပြီ။


ကိုဇော် ခံစားပုံဖော်သည်။


.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: