မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 March 2010

0 ချစ်သူဆီမှ မွှေးရနံ့

ကျွန်တော်ဟာ တကယ်တော့ ကိစ္စတစ်ခုကို မပြီးမချင်းမထတတ်သူ တစ်ယောက်ပါ။ ကျွန်တော် ဖြစ်ချင်တာ ၊ လုပ်ချင်တာ တစ်ခုခုရှိနေရင် ထမင်းမေ့ ၊ ဟင်းမေ့၊ ကုန်ကုန်ပြောမယ်ဗျာ. အိမ်သာတောင်မှ ထသွားတာ မဟုတ်ဘူးဗျ။ ဒီလိုမျိုး စိတ်ဝင်စားပြီး တစ်ခုခု လုပ်နေရင် ကျွန်တော့် အမေဆို အမြဲအော်လေ့ရှိတယ် ။ အခု နက်ထဲမှာ ဆိုလည်း ဒီလိုပဲ ကျွန်တော် ရှာနေတာ တစ်ခုခု မတွေ့မချင်း ကျွန်တော် ဘာမှ ထလုပ်တာ မဟုတ်ဘူး။ ဒါပေမဲ့.....။

တစ်ခါတစ်လေဗျာ..။ အလုပ်တစ်ခုကို လုပ်ရတာ တော်တော်နဲ့ အဆင်မပြေ ချင်ဘူး.။ ဒီကြားထဲ အလုပ်က အရေးကြီးတဲ့ အလုပ်မို့လို့ ပိုပြီး ကြိုးစားလေလေ.. ပိုပြီးအဆင်မပြေလေ.။ အဆင်မပြေလို့ ပိုလုပ်လေ..ပိုဆိုးလေ ဆိုသလို ဖြစ်နေတတ်တယ်.။

ကျွန်တော်လည်း ဒီလို အတွေ့အကြုံမျိုးကို မကြာခဏကြုံဖူးပါတယ်.။ ခေါင်းလည်း အတော်စားဖူးတယ်.။ ဒါပေမဲ့..တစ်နေ့ကျတော့ စာလေး တစ်ပုဒ် ဖတ်ရတယ်ဗျာ.။ ဒီလို...။

~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~


ကျွန်တော် ကျောင်းပြီးခါစ အလုပ်တစ်ခုကို ပညာသင်အနေနဲ့ ဝင်တော့ မဂ္ဂဇင်းတိုက်တစ်ခုမှာ အလုပ်ရတယ်.။ ဒါပေမဲ့..ကျွန်တော်က မဂ္ဂဇင်းမှာ အပြင်အဆင်နေရာမှာသာ လုပ်ရတယ်.။ ဒါကြောင့် မဂ္ဂဇင်းမှာ စာမူရေးဖို့ဆိုတာ မဖြစ်နိုင်ဘူး ဖြစ်နေတယ်.။

ဒါပေမဲ့..တစ်နေ့ မဂ္ဂဇင်း နှစ်ပတ်လည်မှာ စာအုပ်အထူး ထုတ်ထုတ်တော့ အယ်ဒီတာက ကျွန်တော့် ကို ပြောတယ်.။

“ ကဲ..မဂ္ဂဇင်းအထူးထုတ်မှာ မင်းအတွက်လည်း အမှတ်တရ ဖြစ်အောင် ဆောင်းပါးလေး တစ်ပုဒ်လောက်တော့ ရေးစမ်းကွာ.။ လက်ခံနိုင် လောက်အောင်တော့ ရေးပေါ့.။ မင်းရေးထားတာ ထည့်သင့်တယ် ဆိုရင် အခု အထူးထုတ်မှာ မင်းစာမူကို ထည့်သုံးမယ်.။ ”

ဒီလို အယ်ဒီတာက ပြောတော့... ကျွန်တော်လည်း အကြိတ်အနယ် ကြိုးစားရေးတာပေါ့လေ.။ ဒါပေမဲ့..ရေးလိုက် ကိုယ့်ဖာသာ မကြိုက်လိုက်..။ နောက်ထပ် အသစ်ရေးလိုက်နဲ့ ၊ တော်တော် နဲ့ကို အဆင်မပြေဘူး.။ ဒီလို အဆင်မပြောလေ ပိုကြိုးစားရေးလေ ... ပိုပြီး ခက်လာလေ ဆိုသလိုနဲ့ လူက လုံးချာလည်လိုက်နေတယ်.။

ကျွန်တော် အဲဒီလို ဖြစ်နေချိန်မှာ အယ်ဒီတာက ရောက်လာတယ်.။ နောက်တော့ သူက ကျွန်တော် ဖြစ်နေတာကို တွေ့သွားပြီး....

“ မဟုတ်သေးဘူးကွ..။ မင်း ချစ်သူနဲ့ အတူတူ အပြင်ကို လျှောက်သွားဖူးတယ် မဟုတ်လား.။ ဒီအချိန်မှာ မင်း သူနဲ့ တွေ့ခါစမှာ သူစွတ်လာတဲ့ သူ့ရဲ့ ရေမွှေးရနံ့လေး ရတယ် မလား.။ ဒါပေမဲ့ ခဏလောက်ကြတော့ သူနဲ့ အတူတူ လျှောက်သွားရင်း သူ့ဆီက ရေမွှေးရနံ့ မရတော့ဘူးလေ.။ ဟုတ်တယ်နော်.။ ဒါဟာ သူ့ဆီမှာ ရေမွှေးရနံ့မရှိတော့တာ မဟုတ်ဘူးကွ..။ ရေမွှေးရနံ့ကတော့ သူ့ဆီမှာ ရှိနေတာပဲ..။ ဒါပေမဲ့..မင်းက ထုံသွားတာ.၊ မင်းစိတ်ထဲမှာ ဒီအမွှေးရနံ့က ယဉ်သွားတာ.။

ဒီကြောင့် ဒီအချိန်မှာ မင်းက စားသောက်ဆိုင် တစ်ခုကနေ ရေဘူးသွားဝယ်မယ် ဆိုပြီး သူ့အနားကနေ ထွက်သွားတယ် ဆိုပါစို့..။ ရေဘူးဝယ်ပြီး မင်းပြန်လာတော့ သူ့ဆီက ရေမွှေးရနံ့လေးကို အသစ်အနေနဲ့ ပြန်ရပြန်ရော.။ ဟုတ်တယ်မလား.။ ဒီအချိန်မှာ သူက ရေမွှေး မင်းမရှိတုန်း ဆွတ်လိုက်တာ မဟုတ်ဘူးနော်..။ မင်းရဲ့ စိတ်ထဲမှာ ပြန်ပြီး လတ်ဆတ်သွားတာ.။ ဒါကြောင့် သူ့ဆီက ရေမွှေးရနံ့ကို မင်းပြန်ရတာလေ.။


ဒီလိုပဲ ကိစ္စ တစ်ခုကိုလည်း အာရုံစိုက်တာ ကြာလာရင် လူက ၊ စိတ်တွေက ထုံလာရော..။ ဒီလို အချိန်မှာ ဒီကိစ္စကို ခဏပစ်ထားလိုက်..။ နောက်ပြီး တခြားတစ်ခုခု ထလုပ်နေလိုက်..။ ခဏနေတော့မှ ဒီကိစ္စကို စိတ်သစ် ၊ လူသစ် အနေနဲ့ ပြန်လာပြီး လုပ်..။ မင်း စမ်းကြည့်..ဒါဆိုရင် ခက်နေတဲ့ အလုပ်တွေ လွယ်သွားလိမ့်မယ်.။ ”


အယ်ဒီတာက ကျွန်တော့်ကို ဒီလို ပြောပြီး ထွက်သွားတယ်.။ ကျွန်တော်လည်း လူက ထုံနေတော့ ခဏနားပြီး တော်တော်ကြာမှ အစအဆုံး အသစ်ပြန်ရေးကြည့်တာ ..။ အယ်ဒီတာ လက်ခံနိုင်သော ကိုယ်တိုင်လည်း စိတ်ကြိုက် ဖြစ်သော စာတစ်ပုဒ်ကို ရေးလို့ ရရှိခဲ့ပါတယ်.။ ဒီစာလေးကလည်း မဂ္ဂဇင်း မှာ ပါလာခဲ့ပါတယ်.။

ဒီဥပမာလေးကို ကျွန်တော် လက်ကိုင်ထားပြီး တခြား ကိစ္စတွေမှာလည်း ကျွန်တော် သုံးစွဲကြည့်မိတယ်.။ ပြီးတော့ ထင်ရှားအောင်မြင်သူတွေကိုလည်း လေ့လာအကဲခတ်မိတော့ သူတို့လည်း ကိစ္စတစ်ခုကို ဒီလို ကိုင်တွယ် လုပ်ကိုင်တတ်ကြောင်း လေ့လာခဲ့မိပါတယ်.။

“ ခဏထား...ပြီးမှ ပြန်လာ ..။ ” ဆိုတဲ့ ဆောင်ပုဒ်လေးပေါ့..။

J.K.LegemannHow To Get More Work ကို
ကိုဇော် ခံစားပုံဖော်သည်။



~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~


ဒီစာလေး ဖတ်ပြီးတဲ့ နောက်မှာ ကျွန်တော် ကိစ္စတွေတော်တော်များများကို ဒီနည်းလေးနဲ့ ချိန်ကိုက်ပြီး သုံးကြည့်မိပါတယ်.။ တကယ်ကို စောစောက ခက်နေတယ် ဆိုတာတွေဟာ ခဏကြာ နားပြီးမှ ပြန်လုပ်တော့ တော်တော် လွယ်လာတာ တွေ့ရတယ်ဗျာ.။

ကိစ္စလေးတွေ လုပ်ရင်း တစ်ခါတစ်လေ ခက်နေတယ် ဆိုတဲ့ သူငယ်ချင်းတွေလည်း ဒီနည်းလေးကို စမ်းသုံးကြည့်ပါလား.။ အဆင်ပြေလာပါလိမ့်မယ်..။



ကိုဇော် ခံစားပုံဖော်သည်။


http://zaw357.multiply.com/journal/item/738 မှာ 7.11.2009 က ရေးထားတာပါ။

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: