မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 October 2011

25 စပ်မိစပ်ရာ ဘာညာကွိကွ ( ၄ )



နိဒါန်း

ဟိုးငယ်ငယ်က လွတ်လပ်ရေးနေ့ ပြိုင်ပွဲတွေမှာ ချောတိုင်တက်ပွဲတွေ အပါအဝင် ၊ ထုပ်ဆီးတိုးတမ်း ၊ လွန်ဆွဲပွဲတွေလည်း အပါအဝင် ကျင်းပခဲ့ကြသည်။ ဒီလို ပြိုင်ပွဲတွေ ကြားထဲမှာ လွန်ဆွဲပွဲကို ကျွန်တော် ငယ်ငယ်က အလွန်ကို စိတ်ဝင်စားခဲ့ဖူး၏။ ကြိုးအရှည်ကြီး တစ်ချောင်းကို အလယ်ကနေ အမှတ်အသား တစ်ခုကို လုပ်ကာ ရန်ညှိုးမရှိဘဲနဲ့ တစ်ဘက်နဲ့ တစ်ဘက် အပြိုင်ဆွဲကြရသည်။

ဒိုင်လုပ်သူက ဝီစီကို မှုတ်လိုက်တာနဲ့ တန်းဆွဲကြတယ် လို့ ထင်ပေမဲ့ တကယ်တော့ တန်းမဆွဲကြပါဘူး။ သူတို့ တစ်ဘက်နဲ့ တစ်ဘက် ဘယ်လောက် တောင့်ခံနိုင်လဲ ဆိုတာကို အရင် စမ်းသပ်ကြပြီး အားပြိုင်ကြ၏။ ပြီးတော့မှ အပြိုင်ဆွဲကြတာ ဖြစ်လေသည်။ ကြာရှည် တောင့်မခံနိုင်သူက တဖြေးဖြေး အားပျော့လာကာ တစ်ဘက်မှ ဆွဲသည့်ဘက်သို့ ပါသွားရလေသည်။
ဒီနေရာမှာ
  • တချို့က လွယ်လွယ်နဲ့ အရှုံးပေးတတ်၏။ 
  • တချို့က လွယ်လွယ်နဲ့ အရှုံး မပေး တင်းခံထားတတ်ကြ၏။ 
  • တချို့ကျတော့ လွယ်လွယ်နဲ့ အရှုံးမပေးယုံမျှ မက နောက်ဆုံး အခြေအနေ အထိ ပြန်၍ အားတင်းက ဆွဲတတ်ကြ၏။ 
  • တချို့ကျတော့ အားမတန်သော်လည်း မာန်မလျော့ဘဲ နောက်ဆုံး အခြေအနေ အထိ တင်းခံဆွဲကာ တစ်ဘက်သို့ပင် ဒရွတ်တိုက် ခံကာ ပါသွားတတ်ကြပေတော့သည်။ 
ထိုသိုသော အခြေအနေမျိုးဖြင့် လွန်ဆွဲပွဲကို ကျင်းပကြ၏။

မည်သို့ပင် ဖြစ်စေ . . . . လွန်စွာ စိတ်လှုပ်ရှားဖို့ ကောင်းပါသည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း အခြေအနေ အရ ပုံစံမျိုးစုံသော လွန်ဆွဲပွဲတွေ ကျင်းပနေကြရပါ၏။ ပုံသဏ္ဍာန်မျိုးစုံ ၊ အခြေအနေ မျိုးစုံ ၊ အကြောင်းအရာ မျိုးစုံတို့ ဖြစ်ပျက်နေတတ်ကြပါသည်။



( တစ် )

ပြောမယ် ပြောမယ်နဲ့ မတိုက်ဆိုင်လို့ မပြောဖြစ်ခဲ့ဘူး။ ပြောရမှာ အတော်ကို နောက်ကျနေပါပြီ။ ဒါပေမဲ့ လက်ရှိအခြေအနေက အကောင်းဆုံးပဲ မဟုတ်ပါလား။ အခုပဲ ပြောပါ့မယ်။

ဟိုးအရင်က ကျွန်တော်တို့ သိထားခဲ့ကြတာက ထမင်းဖြစ်အောင် ချက်ဖို့ ဆန်ကို ဆေးမယ် ဆိုရင် ဆန်မှာ ရှိနေတဲ့ ဖွဲနုလိုမျိုး ဗီတာမင်တွေ လျော့ကျ မသွားအောင်လို့ တဖြေးဖြေး ပွတ်ကာ ဆေးကြောကြရ၏။ ပြီးတော့ ဆန်ဆေးရင်လည်း တစ်ကြိမ်တည်းနဲ့ ဖုန် ၊ သဲ နဲ့ ညစ်ပတ်နေတဲ့ အရာတွေ ပြောင်စင်အောင် ဆေးကြောကြရမည် ၊ ချက်ပြုတ်သော အခါမှာလည်း အာဟာရတွေ မဆုံးရှုံးစေရန် ထမင်း ရေခန်း ချက်စားခြင်းက အကောင်းဆုံး ဟု မှတ်သားခဲ့ရဖူးသည် မဟုတ်ပါလား။

အခုတော့ ဒီလို မဟုတ်တော့ပါဘူး။ ကျွန်တော် မြန်မာနိုင်ငံကို ပြန်တုန်းက တီဗီမှာ ကြေညာသွားသော လှုံ့ဆော်စာလေးကို ဖတ်လိုက် ၊ ကြားလိုက်ရသည်။ သို့သော် ဒီလှုံ့ဆော်စာလေးမှာ ၃ ရက်လောက်သာ လွှင့်ပြီး နောက်တော့ ဘာကြောင့်မှန်း မသိ။ ဆက်မလွှင့်တော့ပါ။ ထိုအကြောင်းအရာလေးက ဒီလိုပါ။

" ယခုနောက်ပိုင်း ဆန်ဖြစ်လာအောင် စပါးစိုက်ပျိုးသော အခါမှာ ထွက်နှုန်းကောင်းစေရန် ဓါတ်မြေသြဇာကို အသုံးပြုကြသည်။ မြေကြီးထဲ ထည့်သုံးသော ဓါတ်မြေသြဇာထက် အပင်ရဲ့ အရွက်ကို ဖြန်းသော ဓါတ်မြေသြဇာက ပိုပြီးတော့ ထိရောက်နှုန်းနဲ့ ကုန်ကျစရိတ် သက်သာသောကြောင့် မြေကြီးထဲ ထည့်သုံးသော ဓါတ်မြေသြဇာထက် အရွက်ကို တိုက်ရိုက်ဖြန်းသော ဓါတ်မြေသြကို သုံးလာကြတာ များပါသည်။

ဒီလိုပဲ။ သစ်ပင် ပန်းမံ စိုက်တယ် ဆိုတာ သူတို့ကို ဖျက်ဆီးမဲ့ ပိုးမွှား အန္တရာယ်ကိုလည်း ကာကွယ်ရမှာ ဆိုတော့ ပိုးသတ်ဆေးတွေကိုလည်း သုံးကြရပါ၏။ ထိုပိုးသတ်ဆေးများမှာ မိုးရွာရင် တော်ရုံနဲ့ မပြယ်လွှင့်သော ပိုးသတ်ဆေးများ ဖြစ်အောင် တီထွင်ထားကြရ၏။ ဒါမှလည်း တွက်ချေကိုက်မယ် မဟုတ်လား။ ဒီတော့ စပါးပင်ကောင်း တစ်ပင် ဖြစ်လာဖို့ ၊ ထိုစပါးပင်မှာ စပါးတွေ အောင်မြင် ဖြစ်ထွန်းလာအောင် ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးကို မရှိမဖြစ် မျှတစွာ သုံးစွဲ ရပါသည်။

သို့သော် . . . . ထို ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးတွေက စပါးကနေ ဆန်ဖြစ်လာတဲ့ အထိ စပါးခွံကို ဖောက်ကာ ဆန်အပေါ်ယံကြော အထိ ကြွင်းကျန်ကာ ရှိနေပါသေးသည်။ ဒီလို ဆန်တွေကို ဟိုးအရင်ကလို အပေါ်ယံကြောက ဖုန် ၊ ညစ်ပတ်နေတာလေးတွေ ပြောင်ယုံလောက်သာ ဆေးကြောပြီးတော့ ချက်ပြုတ်မယ် ဆိုရင် ပြင်းထန်လှသော ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးတွေကို မဖယ်ရှားနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော် ကြည့်လိုက်ရသော တီဗီမှ လှုံ့ဆော်သော စာလေးက ပြောပါ၏။

ယခုနောက်ပိုင်း ဆန်တွေမှာ ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးတွေ ပြင်းထန်စွာ ပါဝင်နေသည်ကို တွေ့ရ၍ ထမင်းချက်ရန် ဆန်ကို ဆေးသော အခါမှာ ရေတစ်ထပ်တည်းနဲ့ မဆေးဘဲ အကြိမ်ကြိမ် ပြောင်အောင် ပွတ်သပ် ဆေးကြောသင့်ပါသည်။ ထို့အတူ ထမင်းချက်သော အခါမှာလည်း ထမင်းရည်ခန်း ချက်စားမည့်အစား ထမင်းရည်ကို ငှဲ့သွန်၍ ချက်ပြုတ်သင့်ပါသည်။ "

ဟု ဖတ်ရှု့လိုက်ရပါသည်။ သို့သော် ဘာကြောင့်ရယ် မသိ။ သုံးရက်သာ လွှင့်ပြီး နောက်ပိုင်း ဆက်မလွှင့်တော့ပါ။

မည်သို့ပင် ဆိုစေ. . . . ဆန်ကို တစ်ကြိမ်တည်း ပွတ်သပ်ဆေးကြောခြင်းထက် ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးများ ကုန်စင်အောင် အကြိမ်ကြိမ် ပွတ်သပ်ဆေးကြောခြင်းသည် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ ထမင်းရေခန်း မချက်ဘဲ ၊ ထမင်းရည် ငှဲ့ချက်ဖို့က အကောင်းဆုံး ဆိုပေမဲ့ အချိန်လုနေရသူတွေ အတွက် ထမင်းရည်ကို ငှဲ့ဖို့ ထိုင်စောင့်နေရတယ် ဆိုတာ မလွယ်လောက်ပါဘူး။ ဒါပေမဲ့လည်း ပို၍ အန္တရာယ် ကင်းချင်ရင်တော့ ထမင်းရည်ခန်းထက် ငှဲ့သွန်ကာ ချက်ပြုတ်စားသင့်ပါတယ် လို့ အကြံပေးလိုပါသည်။

အခုနောက်ပိုင်း ရောဂါတွေကလည်း ဘာတွေမှန်း မသိအောင် ဖြစ်နေကြတယ် မဟုတ်လား။ ကိုယ်လည်း ဘာမှ မလုပ်ဘဲ ဖြစ်နေတယ် ဆိုတာ ဒီလို အစားအသောက်တွေနဲ့ သက်ဆိုင်နေတယ် ဆိုတာကို ပြောစရာ မလိုအောင် သိဖို့ လိုပါသည်။



( နှစ် )

အပေါ်က အစားအသောက်နဲ့ သက်ဆိုင်သော အကြောင်းအရာလေးပါပဲ။ ငယ်ငယ်က ကျွန်တော့်မှာ ထူးခြားတဲ့ သူငယ်ချင်း နှစ်ယောက် ရှိခဲ့ပါသည်။ နှစ်ယောက် စလုံးက အစွန်းရောက်တွေချည်းပါပဲ။ ဒါပေမဲ့ သူတို့ နှစ်ယောက် စလုံးက ပါးစပ်ကို မူတည်ကာ စကားလုံးနဲ့ အစွန်းရောက်နေကြသူတွေ ဖြစ်ပါသည်။
  • တစ်ယောက်က အသားစားမှ အားဖြစ်မည်။ လူဆိုတာ အသားစား သတ္တဝါ . . . ဘာညာပေါ့ဗျာ။ သူက သတ်သတ်လွတ် စားခြင်းကို အားမပေးပါ။ ဘုရားတောင်မှ သတ်သတ်လွတ် မစားဘူး ဆိုကာ ဘုရားကိုပင် သက်သေခေါ်တတ်သူ ဖြစ်၏။
  • တစ်ယောက်ကတော့ သတ်သတ်လွတ်သမား ဖြစ်သည်။ သူက ကျတော့ လူ့ရဲ့ သွား ၊ အစာအိမ် ၊ ခန္ဓာဗေဒတွေ အပါအဝင် မျိုးစုံသော အချက်အလက်တွေကို ဖော်ညွှန်းပြီးတော့ လူဆိုတာ သတ်သတ်လွတ် စားသော ( သို့ ) သီးနှံစား သတ္တဝါ ဟု ဆို၏။ သူကတော့ ကမ္ဘာ့ ဘယ်အဖွဲ့က သတ်သတ်လွတ် စားသင့်ကြောင်း ထောက်ခံစာတွေကို ကိုးကားတတ်၏။
သူတို့ နှစ်ယောက် ငြင်းခုန်ကြရင် ကျွန်တော်တို့မှာ ဘေးကနေ ပေါက်စီ စားနေရင်တောင်မှ အသားပေါက်စီကိုပဲ ကိုင်ရမလိုလို ၊ သတ်သတ်လွတ် ပဲပေါက်စီပဲ ကိုင်ရမလိုလို ဖြစ်နေတတ်သည်။ တစ်နေ့တော့ သူတို့ နှစ်ယောက်က ကျွန်တော့်ကို ဆုံးဖြတ်ခိုင်း၏။ အဲဒီတုန်းက ကျွန်တော့်မှာ ပြတ်ပြတ်သားသား ပြောဖို့ အတွေ့အကြုံတွေ မပြည့်ဝသေးပါဘူး။ အခုလည်း ဘယ်ဟာ ဆိုပြီး မပြောနိုင်သေးပါ။ အဲဒီတုန်းကတော့ ကျွန်တော် ဒီလိုပဲ ပြောဖြစ်ခဲ့သည်။

" ဟုတ်တယ်။ ဘုရားတောင်မှ သတ်သတ်လွတ် မစားခဲ့ဘူး။ ဒါပေမဲ့ ဘုရားမိန့်ကြားခဲ့တဲ့ အထဲမှာ အရာရာကို ချွေတာပါ လို့တော့ ပါတယ်။ ဒါကြောင့် တချို့က အသံကို ချွေတာတဲ့ အနေနဲ့ ဝစီပိတ် နေကြတယ်။ တချို့က သူများရဲ့ အသက်ကို ချွေတာတဲ့ အနေနဲ့ အသားစားတာကို ချွေတာကြတယ်။ ဒါကြောင့် သတ်သတ်လွတ် စားကြတယ်။ "

ဒီလိုပဲ ကျွန်တော် ပြောခဲ့ပါ၏။

ဒါပေမဲ့ ဟိုတလောက သတင်းတစ်ခု ဖတ်လိုက်ရ၏။ ထိုသတင်းကား ကြောက်စရာပင် ဖြစ်လေသည်။ ကမ္ဘာမှာ အသားစားလို့ ဖြစ်တဲ့ ရောဂါ နဲ့ အသီးအနှံ စားလို့ ဖြစ်တဲ့ ရောဂါ နှိုင်းယှဉ်ချက်ဟာ တစ်နေ့ တခြား အသီးအနှံ စားလို့ ဖြစ်တဲ့ ရောဂါက တစ်နေ့ တခြား ပိုများလာတယ်လို့ ဆို၏။ သို့သော် သူဆိုလိုထားတာက အသီးအနှံ့ကြောင့် ဖြစ်တာတော့ မဟုတ်ပါ။ အသီးအနှံမှာ ပါလာတဲ့ ဓါတ်မြေသြဇာ ၊ ပိုးသတ်ဆေးတွေကြောင့် ဖြစ်လာတာ လို့ ဆိုသည်။

ဒီတော့ အခုနေ အချိန်မှာ အသားစားလို့ ဖြစ်တဲ့ ရောဂါ နဲ့ သတ်သတ်လွတ် စားလို့ ဖြစ်တဲ့ ရောဂါမှာ သက်သက်လွတ်စားလို့ ပိုးသတ်ဆေး ၊ ဓါတ်မြေသြဇာတွေကြောင့် ဖြစ်ရတဲ့ နောက်ဆက်တွဲ ရောဂါတွေက ပိုများနေတယ် လို့ သုတေသန ပြုရာမှ ထွက်လာခဲ့သည်။

အခုနေ အချိန်သာ ကျွန်တော့်ကို မေးခဲ့ရင် ကျွန်တော် ဘယ်လို ဖြေမယ် ဆိုတာ ကျွန်တော် ပြောပြဖို့ လိုပါဦးမလား။



( သုံး )

အခုတလော နိုင်ငံတကာမှာ လိင်တူချစ်သူများ အဖွဲ့တွေက အတော် အင်အားကောင်းလာတယ် လို့ ဆိုရမည်။ အဲ . . . သူတို့က " လိင်တူချစ်သူများနေ့ " တောင်မှ ဖြစ်အောင် ကြိုးစားနေတယ် ဆိုပဲ။ ကြားရတာ အတော်ကို စိတ်မချမ်းမသာ ဖြစ်စရာပါ။

ကျွန်တော်ကသာ စိတ်ထဲမှာ ဒီလောက်ပဲ ဖြစ်ပျက်ကာ ခံစားမိတာပါ။ တချို့သော ကျွန်တော့် သူငယ်ချင်းတွေက ခါးခါးသီးသီးကို ခံစားကြရတယ် လို့ ဆို၏။ ဒီအခြောက်တွေကို ကြည့်ရ မြင်ရတာကို စိတ်မချမ်းသာစရာ ၊ မသတီစရာဟု ဆိုလေသည်။

ဒါပေမဲ့ ဒီလို ပြောပြောနေတဲ့ သူငယ်ချင်းတွေက သူတို့ ပညာရှိ ဆိုပြီးတော့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိနေခဲ့၏။ ထိုသူကတော့ " ဆိုကရေးတီး " ပါပဲ။ သူတို့ မသိတာလည်း သိလျက်နဲ့ပဲ ပညာရှိ ဆိုပြီး အထူး ပ စား ပေးထားတာလား မသိပါ။ သူတို့ ပြောပြောနေတဲ့ " ဆိုကရေးတီး "  ဆိုတာကလည်း ကမ္ဘာကျော် အခြောက် တစ်ယောက်ပါပဲ။

ဒီတော့ အခြောက်တိုင်းက ပညာရှိ မဟုတ်ပေမဲ့ . . . ပညာရှိတွေထဲမှာလည်း အခြောက်တွေ ရှိနေတယ် ဆိုတာကိုတော့ ငြင်းလို့ မရဘူးပေါ့ဗျာ။

မှတ်ချက်။  ။ ဒီလို အခြောက် ( သို့ ) မိန်းမလျာတွေ အကြောင်းကို ထည့်ရေးလို့ ကျွန်တော့်ကို အခြောက် လို့ မထင်မှတ်စေလိုပါ :D စိတ်ထဲ ခိုးလို့ ခုလု ရှိလို့သာ ရေးလိုက်တာပါ။



( လေး )

VIP ဆိုတဲ့ စကားလုံးကို ဘယ်လို နားလည်ပါသလဲ။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကတော့ ဒီ VIP ဆိုတဲ့ စကားလုံးကို အရမ်းမုန်းတယ်လို့ ဆိုပါ၏။ VIP ဆိုတဲ့ စကားလုံးကို ကျွန်တော့် သူငယ်ချင်းကတော့ ဒီလို အဓိပ္ပါယ်ဖွင့်ပါသည်။

VIP = Very Important Pig

တဲ့။ အင်း . . . သူပြောလည်း ပြောချင်စရာပါပဲ။ ထို VIP နေရာမှာ ထိုင်နေသော လူတွေ အတော် များများက အထက်က အဓိပ္ပါယ်ဖွင့်ဆိုထားသလို ခပ်ဝဝ ၊ ခပ်တုတ်တုတ်တွေချည်းပါပဲ။ သူငယ်ချင်း ပြောတဲ့ င်္ဒီအဓိပ္ပါယ်က VIP ရဲ့ မူရင်း အဓိပ္ပါယ် ဖြစ်နေနိုင်ပါသည်။



( ငါး )

ကိုဇာဂနာ ရဲ့ အင်တာဗျူးကို နားထောင်ပြီးတော့ မြန်မာ စကားရဲ့ အခုခေတ်မှာ ရှုပ်ထွေးမှု အကြောင်း နည်းနည်း စဉ်းစားမိပါသေးသည်။ မြန်မာစကားမှာ - " ချက်သည် " လို့ ဆိုလိုက်တာနဲ့ အခုခေတ် အရ " Cook " နဲ့ " Chat " ကို ယှဉ်တွဲကာ စဉ်းစားမိစေနိုင်ပါ၏။

ဒီနေရာမှာ အိမ်ရှင်မ ဖြစ်သော ချက်ပြုတ်နေရသူ တစ်ယောက်က " ချက်သည် " ဆိုသော စကားလုံးကို ကြားလိုက်ရရင် " Cook " ဟု သူက ထင်နေနိုင်တာကို အပြစ်ပြော၍ မရပါ။

ဒီလိုပါပဲ။ အခုခေတ် " Chatting " လောကမှာ ကျင်လည်နေကြသော ကလေးတွေ " ချက်သည် " ဆိုသော စကားလုံးကို ကြားရရင်လည်း သူတို့ရဲ့ စိတ်ထဲမှာ " Chat " ဟုသာ တွေးမိစေနိုင်တာကို အပြစ်လို့ ပြောရင် မှားပါလိမ့်မည်။

ကိုဇာဂနာကို စစ်ဆေးသော တရားသူကြီးက မင်းဘယ်မှာ ချက်တာလဲ ဆိုတော့ ကိုဇာဂနာက " မီးဘို " မှာလို့ ဖြေပါသည် ဟု ဆို၏။ အဲဒီမှာလည်း နောက်ထပ် ပြဿနာက ရှိပြန်ပါသည်။ မြန်မာနိုင်ငံသည် တိုင်းနှင့် ပြည်နယ် အနှံ့ ၊ လူမျိုးဘာသာ မရွေး မခွဲခြားဘဲ ၊ ကျောသား ရင်သား နည်းနည်းခွဲခြားကာ ကွန်နက်ရှင် ကျလေ့ ရှိသော နိုင်ငံ ဖြစ်ပါသည်။ အပေါ့ပါးဆုံး ဆိုသော Google Talk တောင်မှ တိုက်ရိုက် တက်ရန် မလွယ်ပါ။ ဒါကြောင့် Google Talk မှ မိတ်ဆွေများဖြင့် ရင်းနှီးစွာ တွေ့ဆုံ စကားပြောနိုင်အောင် meebo ( http://www.meebo.com ) မှ တဆင့် ဝင်ကာ သုံးရတာပါ။

ကိုဇာဂနာက မီးဘိုမှာ ချက်တယ် လို့ ရိုးရိုးသားသား အမှန် အတိုင်း ဖြေလိုက်သော်လည်း မီးဘို ဆိုတာကို ထမင်း ၊ ဟင်းချက်ရန် လောက်သာ သိသော သူက " မီးဖို " ဟု နောက်နေတယ် လို့ ထင်ပါတော့၏။ " မင်း . . မနောက်နဲ့ ၊ ဒါ နောက်စရာ မဟုတ်ဘူး။ " ဟု ဆို၏။ တကယ်ဆို Chatting သမားတွေသာ မီးဘိုမှာ ချက်သည် ဆိုတာကို ကြားခဲ့ရင် ကိုဇာဂနာ ချက်တာ meebo မှာ Chat တယ် ဆိုပြီး သဘောပေါက်မှာပါ။ အခုတော့ ဖြစ်မှ ဖြစ်ရလေ ဟုသာ ပြောချင်ပါတော့သည်။

ဒီနေရာမှာ ကျွန်တော် စဉ်းစားမိတာလေး တစ်ခု ရှိနေပါသည်။ ထိုတရားသူကြီးသည် အင်တာနက်ကို ထိတွေ့ကာ သုံးစွဲ ဖူးသူ မဟုတ်ဘဲ ၊ သူသိသော ထမင်းချက်ရန် " မီးဖို " ( Burner , Cooker ) နဲ့ " ချက်သည် " ဆိုသော " Cook " ကိုသာ သိနေသော " အိမ်ရှင်မ တစ်ဦးများလား " ဆိုတာလေးပါပဲ။

အဲ . . . ဘယ်သူ့ကိုမှ နစ်နာစေလိုတဲ့ သဘောနဲ့ ရေးတာ မဟုတ်ပါဘူး။ တွေးမိတာလေးကို ရေးကြည့်တာပါ။ လွန်တာ ရှိရင် အမိုက်အမဲလေးမို့ ခွင့်လွှတ်ပါဗျာ။ နောက်တစ်ခါ ဒါမျိုး မရေးတော့ပါဘူး။ နောက်တစ်ခါ . . . . . . . . . . ( နောက်တစ်မျိုးပေါ့ . . နော့။ )



( ခြောက် )

ဟိုးအရင်က ကျွန်တော့်မှာ Adidas တံဆိပ်ကို အလွန်ကို နှစ်ခြိုက်သော သူငယ်ချင်း တစ်ယောက် ရှိပါသည်။ သူ့မှာ သူ့ထက် ငါးနှစ်ကြီးသော Nike ကို အလွန် နှစ်သက်သော အစ်မ တစ်ယောက် ရှိပြန်လေ၏။ ပြီးတော့ သူတို့ မောင်နှမ နှစ်ယောက်က မတည့်ကြပါ။ အဓိက မတည့်ရတဲ့ ကိစ္စကလည်း သူတို့ အားပေးသုံးစွဲသော ကုမ္ပဏီရဲ့ ကုန်ပစ္စည်း ပြိုင်ဆိုင်မှုမှ စတင်လေ၏။ ထိုကုမ္ပဏီများ ပြိုင်ဆိုင်သလို သူတို့ နှစ်ယောက်ကလည်း စကားလုံးတွေနဲ့ ပြိုင်ဆိုင်ကြသည်။

တစ်နေ့တော့ ကျွန်တော့် သူငယ်ချင်းက နိုင်ကွက် ရလာပြီးတော့ သူ့အစ်မကို ပြော၏။

" မမ သုံးနေတဲ့ တံဆိပ်က မမ ခေါ်နေသလို " နိုက် " ( Nike )  မဟုတ်ဘူး။ တကယ်တော့ အဲဒါကို " နီကီ " လို့ ခေါ်ရတယ်။ "

ဒီတော့ ဒုတိယနှစ် ဥပဒေတန်း တက်နေသော အစ်မ လုပ်သူက လုံးဝကို လက်မခံချေ။ သူဖတ်ထားဖူးသော နိုင်ငံခြားမှ စာတွေကိုပါ ရွတ်ပြီးတော့ " နိုက် " ဟုပင် ခေါ်ကြောင်း သက်သေထူသည်။ 

" ဘယ်က တေလေဂျပိုးတွေ ခေါ်တဲ့ နာမည်ကို လာခေါ်ရတာလဲ။ Nike ကို နိုက် လို့ပဲ အသံထွက်ရတယ်ဟဲ့။ *&&*#*(&(@&E(@^*E(!@^E()@R^*)^R)(@&R "

ဟု ဆိုကာ ပက်ပက်စက်စက် ချေပပါတော့သည်။ ကျွန်တော့် သူငယ်ချင်းမှာ အလဲအကွဲ ၊ ဖူးယောင်ကာ ကျွန်တော့်ဆီကို ရောက်လာ၏။ တောက် တခေါက်ခေါက် နဲ့ပေါ့ဗျာ။ ဘာဖြစ်နေတာလဲ ဆိုတော့ သူက ပြောပါသည်။ ပြီးတော့ ကျွန်တော့်ကို အကြံတောင်း၏။

" အေးကွာ . . ငါ ကြုံရင် . . .  မင်း အစား ချေပပေးပါ့မယ် "

လို့ပဲ ကျွန်တော် ပြောလိုက်မိသည်။ တစ်နေ့တော့ သူ့အိမ်ကို သွားလည်ရင်း သူ့အစ်မကိုလည်း အိမ်မှာ တွေ့ရ၏။ သူ့အစ်မကတော့ ထုံးစံ အတိုင်း သူနှစ်သက်သော Nike အင်္ကျိ ခပ်ပြာပြာလေးကို ဝတ်ထား၏။ အသစ်လည်း ဖြစ်ပုံ ရလေသည်။ သူငယ်ချင်းကို ကျွန်တော် ခေါ်ပြီးတော့ အပြင်ကို သွားဖို့ အိမ်တံစက်မြိတ်ကနေ အထွက်မှာ ထွက်မယ် လုပ်ပြီးမှ သူမ ဆီကို လှည့်ကာ မေးလိုက်လေသည်။ ကျွန်တော့်ရဲ့ အကြည့်က သူ့ရဲ့ အင်္ကျီပေါ်မှာ မျက်လုံးက ရောက်နေပါသည်။ ဒါပေမဲ့ ကျွန်တော်က ဒီလို မေးလိုက်ပါသည်။

" အစ်မ . . . အစ်မ နိုက်က ဘယ်လောက်လဲ ဟင် "

မေးလည်း မေးပြီးရော ကျွန်တော် ဆင်းပြေးတော့တာပါပဲ။ အဲဒီ အစ်မရော ၊ ကျွန်တော့် သူငယ်ချင်းရော ပထမကတော့ ကျွန်တော် ဆင်းပြေးတာကို ပထမ ကြောင်နေသေး၏။ နောက်မှ ကျွန်တော့် သူငယ်ချင်းက အဲဒီနေရာမှာ ခွက်ထိုးခွက်လန် ရယ်ပါလေရော။ သူ့အစ်မကလည်း . . .

" ဟင် . . . ဟဲ့ကောင် . . ကိုဇော် . . လာစမ်း . . . ၊ အောင်မာ . . ငါ့ကိုများ . . . နင်တော့ သေတော့မယ်။ နင်တော့လား နောက်တစ်ခါ ငါ့အိမ်ကို လာကြည့် သေမယ် . . #*&()&)(&)(&)(&_(*_ "

ဆိုကာ အော်ဟစ် ကြိမ်းမောင်းရင်း ကျန်ခဲ့ပါတော့သည်။ တကယ်တော့ အဲဒီအစ်မနဲ့ ကျွန်တော်နဲ့ကလည်း မောင်နှမတွေလို ခင်မင်ပါသည်။ ဒါကြောင့်လည်း ဒီလို ပြောရဲတာပါ။ ကျွန်တော် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ခဏကြာတော့ သူငယ်ချင်းက ရယ်မောရင်း ရောက်လာပါသည်။

" မင်းကွာ . . ၊ မင်းကို အဲဒါတွေကြောင့် ငါကြိုက်တာ . . . ဟီးဟီး . . ငါ့ အစ်မတော့ တော်တော် ထိသွားမှာပဲ . . ဟီးဟီး . . ကောင်းတယ်။ "

လို့ ဆိုပါ၏။ အဲဒီလိုပါပဲ။ ကျွန်တော်က တကယ်ကို ကောင်းတဲ့ ကောင်မဟုတ်ပါဘူး။ အတော်ကို သူများ မခံချင်အောင် ငယ်ငယ်က ပြောတတ်တဲ့ ကောင်ပါ။ ဒီလိုနဲ့ နောက်တော့လည်း မေ့မေ့ပျောက်ပျောက်ပါပဲလေ။

ဟိုတလောက သူတို့ အိမ်ကို ရောက်သွားတော့ အဲဒီအစ်မနဲ့ တွေ့ပါသေး၏။ ထိုအစ်မမှာ ဒီအတိုင်း အပျိုကြီး ဖြစ်လို့ နေပါပြီ။ သို့သော် ဥပဒေ အရာရှိ တစ်ယောက်တော့လည်း ဖြစ်နေပါပြီ။ ဒီအချိန်မှာ မဟုတ်က ဟုတ်က သွားပြောရင် ဥပဒေဆိုတဲ့ ပင့်ကူမျှင်တွေနဲ့  ငြိသွားနိုင်တယ် မဟုတ်ပါလား။

" အစ်မ . . . နေကောင်းလား။ "

ဆိုပြီး စကားရော ဖောရှော လုပ်တော့ သူမက မျက်စောင်းထိုးကာ ကြည့်၏။ ဒီတော့ ကျွန်တော်ကလည်း အသာလေး သွားဖြဲပြရတာပေါ့ဗျာ။ ပြီးတော့ မေ့နေသင့်တာကို မေ့ မနေနိုင်ဘဲ မေးမိပါသည်။

" အစ်မ . . ဟို . . . ဟို . . . နိုက် . . . အင်္ကျိတွေ မဝတ်တော့ဘူးလား။ "

ဒီတော့ ထိုအစ်မက မျက်စောင်းထိုးကြည့်ပြီး . . .

" မဝတ်တော့ဘူးဟေ့ . . . အခု . .  ပူးမား ( Puma ) ပြောင်းဝတ်တယ်။ "

လို့ ဆိုပါ၏။ သူမ ပြောပြီးတော့ ကျွန်တော် ခပ်သုတ်သုတ် ပြန်လာခဲ့ပါသည်။ ကျွန်တော်ကလည်း ကျွန်တော်ပဲ မဟုတ်လား။ မတော်လို့ စိတ်ထဲ မထင်ရင် သွားပြောမိနေပါဦးမယ်။  ကြည့်ပါဦးဗျာ . . ပူးမားရယ် လို့ . . . .။

ဘာရယ် မဟုတ်ပါဘူး။ Nike မှ Nike ဆိုပြီး ဖြစ်နေတဲ့ လူတွေကို တွေ့ရင် ကျွန်တော်ကတော့ အဲဒီလိုပါပဲ ပစ်မေးလိုက်ပါသည်။

" မင်း . . နိုက် ဘယ်လောက်လဲ "

တစ်ခုတော့ ရှိပါသည်။ ကျွန်တော့်လို လိုက်မေးချင်တဲ့ လူတွေ ရှိရင်လည်း မေးပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့်လိုပဲ အပြေးတော့ သန်ဖို့ လိုပါလိမ့်မယ်။ 



( ခုနှစ် )

စကားလုံးတွေ အကြောင်းကို ခွဲခြမ်း စိတ်ဖြာပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ ပြောဆိုနေကြတုန်း သူငယ်ချင်း တစ်ယောက်က သူ့ရဲ့ တွေ့ရှိချက် တစ်ခုကို တင်ပြ၏။ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါသည်။ သူက ဒီလို ဆိုသည်။

" မင်းတို့ ကြားဖူးတယ် မဟုတ်လား။ စစ်သူကြီး တစ်ယောက်က သူ့ရဲ့ တပ်သားသစ်တွေကို စုဆောင်းတဲ့ အခါမှာ စစ်ဆေးနည်းလေ။ "

" အေး . . ကြားဖူးတာပေါ့။ "

" ကြားဖူးတာပေါ့ကွာ ၊ ဒါများ ကလေးတောင်မှ သိတယ်။ "

ဒီလို တစ်ယောက် တစ်ပေါက် ပေါက်ပေါက်ဖောက်ပါလေရော။ ဆူဆူညံညံ ဖြစ်သွား၏။

" အေး . . မင်းတို့ ကြားဖူးတယ် ဆိုတာတော့ ဟုတ်တယ်။ ဒါပေမဲ့ အဲဒီစကားက မှားနေတယ်။ "

လို့ ဆိုပါလေရော။ ဒီတော့ အားလုံးလည်း သူပြောတာကို စိတ်ဝင်စားသွား၏။

" အင်း . . မှားတယ်ဆိုလည်း မင်းပဲ ရှင်းပြစမ်းပါဦး။ "

သူက ကော်လံကို နည်းနည်း ပင့်တင်ပြီးတော့ ချောင်းဟန့်ကာ ဟန်လုပ်၏။

" ဒီလိုကွ။ အဲဒီစစ်သူကြီးက သူ့ရဲ့ တပ်သား အသစ်ကို ရွေးခြယ်တဲ့ အခါမှာ လက်မရဲ့ လက်သည်းကြားမှာ အပ်စိုက်ပြီးတော့ တူနဲ့ ရိုက်ပြီး စမ်းသပ်တယ် မဟုတ်လား။ "

" အေးလေ . . "

အားလုံးက ထောက်ခံလိုက်မိသည်။ ဒီတော့ သူက မေး၏။

" ပြီးတော့ သူ့ရဲ့တပ်သားကို ဘယ်လို ရွေးခြယ်လဲ။ "

" လက်မရဲ့ လက်သည်းကြားမှာ အပ်စိုက်ပြီး တူနဲ့ ထုလိုက်လို့ လက်မတွန့် သူကို သူက သူ့ရဲ့ တပ်သား အဖြစ် ရွေးခြယ်တယ်လေကွာ။ မင်းကလည်း ဒါ ကလေးတောင်မှ သိတယ်။ "

အဲဒီတော့ သူက ခပ်မြိန့်မြိန့်ကြီး ပြုံး၏။ ပြီးမှ . . .

" အေး . . အဲဒါပဲ . . ။ အဲဒီနေရာမှာ လူတွေ မှားနေကြတာပဲ။ တကယ်ဆို မင်းတို့ သေချာ စဉ်းစားကြည့်စမ်းပါ။ တကယ်တော့ သူ ရွေးတာက . . . လက်မကြားမှာ အပ်စိုက်တယ်နော်။ "

" အေးလေ. . . "

" တူနဲ့ ထုတယ်နော် "

" အေးလေ . . . "

" ဒီတော့ လက်မတွန့် သူကို သူက သူရဲကောင်း လိုမျိုးနဲ့ ရွေးတယ်နော်။ "

" အေးလေ .. . . ဒါ ဘာဖြစ်လဲ။ "

" မင်းတို့ပဲ သေချာ ကြည့်တော့ ငါရေးပြမယ်။ "

ဒီလို ပြောပြီး သူက စာရွက်နဲ့ ဘောပင်ကို ထုတ်ပြီး ချရေးပြပါတော့သည်။

" တကယ်တော့ သူ ဆိုလိုချင်တာက လူတွေ အားလုံး ထင်သလိုမျိုး . . . " လက်မတွန့်သူ " မဟုတ်ဘူးကွ။ တကယ်တော့ သူ ရွေးလိုက်တာက " လက်မ , တွန့်သူ " ကွ။ "

" ဟင် . . ."

ကျွန်တော်တို့ အားလုံး နည်းနည်းတော့ အူတူတူ ဖြစ်သွားသည်။ အင်းလေ. . သူရေးပြသလို ဆိုရင်လည်း ဟုတ်တော့လည်း ဟုတ်နေပါရောလား။ စစ်သူကြီးက ရွေးခြယ်တယ် ဆိုတဲ့ သူ့ရဲ့ စစ်သည် တပ်သားတွေက အားလုံး " လက်မတွန့်သူ " ဆိုတာ " လက်မ , တွန့်သူ " တွေချည်းများလား။

ဖြစ်နိုင်မယ် ဆိုရင် ကျွန်တော် ထိုစစ်သူကြီး နဲ့ တွေ့ဖို့ လိုလိမ့်မယ် ထင်ပါသည်။ ကြုံရင် ကျွန်တော် မေးချင်ပါသေးသည်။ စာဖတ်သူများလည်း ထိုစစ်သူကြီး နဲ့ လမ်းမှာ ဆုံရင် မေးထားကြစေလိုပါသည်။



နိဂုံး 

တကယ်တော့ လွန်ဆွဲတယ် ဆိုတာ ကိုယ့်ဘက် ပါအောင် ဆွဲကြတာပဲ မဟုတ်ပါလား။ ဒါဆို ကိုယ်နဲ့ နီးကပ်စေတာပါပဲ။ 

စစ်ပွဲ ၊ တိုက်ပွဲ ဆိုတာက တဘက်က ကိုယ့်ပြိုင်ဘက်ကို ကိုယ်နဲ့ ဝေးရာကို ရောက်အောင် တိုက်ထုတ် တွန်းထုတ်တာပဲ မဟုတ်ပါလား။ 

ဖြစ်နိုင်မယ် ဆိုရင် အချစ်ရေးနဲ့ ပတ်သတ်ပြီးတောင်မှ ဒီကမ္ဘာပေါ်မှာ ကျွန်တော် " စစ်ပွဲ ၊ တိုက်ပွဲ " တွေ ဖြစ်မနေစေချင်ပါ။ တိုက်ပွဲတွေ ဖြစ်နေမဲ့ အစား အားလုံး ငြိမ်းချမ်းရေးယူကာ " လွန်ဆွဲပွဲ " တွေကိုသာ ဖြစ်ပေါ်နေစေချင်ပါသည်။ သို့သော် ကျွန်တော်က ဘာကောင်မှ မဟုတ်ပါ။ ဒါပေမဲ့ ကျွန်တော့် ရင်ထဲမှာ ရှိနေသော ဆန္ဒ တစ်ခုကို ဖွင့်အန်ပြခြင်းမျှသာ ဖြစ်ပါသည်။


လေးစားစွာဖြင့်
ကိုဇော်
20.10.2011

Share/Bookmark

25 ယောက် ရဲ့ ထင်မြင်ချက်:

မိုးယံ said...

အံမာ...ဘယ်အချိန်ကြီး ပို့စ်ထ တင်နေတာလဲ..မအိပ်သေးဘူးလား ဆရာ။

မိုးယံ said...

အစ်မ နိုက် ဘယ်လောက်လဲ မေးတာ...အင်္ကျီကို ကြည့်မေးတယ်ဆိုတော်...တံဆိပ်အောက်က တစ်စုံတစ်ရာ ရဲ့ တန်ဖိုးကို မေးနေတယ်မှတ်တာ... ဟာဟ...

ဒါနဲ့...စပ်မိလို့ပြောရဦးမယ်...
တစ်ခါတစ်လေကျတော့ ကိုယ့်ဘက်ပါအောင် ဆွဲလို့မရတဲ့အခါကျ တွန်းထုတ်မပစ်ပဲ.....ဖျက်ဆီးပျက်လိုက်တာတွေ ရှိသဗျ... ဘ၀တို့ အသက် အိုးအိမ်တို့ပေါ့လေ...

ပျော့စိစိနဲ့ နံတဲ့ ကြောင်ချေးဘ၀က...အနံ့လှိုင်လှိုင်ထွက်တဲ့ ခွေးသေကောင် ပုပ်တွေထိတာ့..လူသားအားလုံး ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ရတာပါပဲ။

မဒမ်ကိုး said...

ဟား ဒီလူပျိုကြိးတော့ရိုက်ပေါက်တွေချည်းပါပဲလား ဟိဟိ.
လက်မတွန့်သူကြိးရယ် ..နောက်တခါ နိုက်တွေ့ရင်ရှောင်ပြီး မီးဖိုမှာပဲချက်ပါ့မယ်း)

ဘာပဲပြောပြောဆန်ကိုတော့တွေ့မယ် အသေအချာကိုဆေးရတော့မယ် .
ဒီမှာကသန့်တယ်ဆိုပြီး ဖွဖွလေးဆေးတာလေ
အသီးအနှံမှမစားရရင် ဘာစားရမလဲ လုပ်ကြပါဦးဂျာ

ညီရဲ said...

သြော်... အစားအသောက်တွေ စားဖို့ တောင် တဖြည်ဖြည်း ကြောက်လာပြီ...
လူတွေ စည်းကမ်းမရှိကြတော့ဘူး...

လိင်တူ ချစ်သူများနေ့ တဲ့လား... ဟားး ဟားးလို့ ဘဲ ရယ်လိုက်ချင်တော့တယ်...
နှိမ်တာတော့ မဟုတ်ပါဘူး။ တယ်ခက်တဲ့ လူတွေနော်...

ကိုဇော်ရေ...
နိုက်ဘယ်လောက်လဲလို့ ယောက်ကျားလေးတွေကိုတော့ သွားမမေးမိစေနဲ့ နော်...သူတို့ တွေကလဲ အပြေးသန်တယ်ဗျ...

Anonymous said...

ဟုတ်တော့လည်း ဟုတ်တာဘဲ ....

Angelhlaing(May everybody be happy and healthy! said...

ရယ်မောရင်း ဖတ်သွားတယ်အကို...:):)

သက်တန့်ချို said...

ဟိဟိ ရှဲသွားပါတယ် ကဇော် :P ရေးတတ်ပါ့ ဂျား))

Anonymous said...

vip မှတ်သားသွားကြောင်းပါး)




ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

အလွမ်းမြို့ said...

လာရောက် မှတ်သား ဗဟုသုတ ယူသွားတယ်။ အခြောက်လို့ မထင်စေချင်ဆိုတာ ဘာလို့ ပြောရတာလဲ ဟင်. စာဖတ်သူတွေက အဲလိုထင်ဖူး..မေးဖူးတဲ့ သူရှိလို့လား။ ဒါမှမဟုတ် အတွင်းသိတွေ ပါနေလို့လား..အဟီး...တိနေတယ်နော်..
ပျော်ရွှင်ပါစေ ကိုဇော်


အလွမ်းမြို့

စံပယ်ချို said...

Nike ကိုကြိုက်လို့ဖိနပ်နဲ့
ဂျာကင်လေးတစ်ထည်ဝယ်ထားပါတယ်
ခုတော့ဖြင့်.....သူတို့ကအဲလိုတဲ့
အပြင်မှာတွေ့လို့ နိုက်ကဘယ်လောက်လဲ
လာမေးရင်အဲတာ လူပြိုကြီး
တိုဇော်ပါပဲ...မိန်းမ မယူသေးဘူးလား
ဘာကိုစောင့်နေတာလဲ....

ကိုကိုမောင်(ပန်းရနံ့) said...

မိန်းခလေးတွေ ၀တ်လာတဲ့ အ၀တ်အစားပေါ်မူတည်ပြီး မေးခွန်းမေးတတ်ဖို့ လေ့ကျင့်ထားရဦးမယ်။း)

ခင်မင်လျှက်

SHWE ZIN U said...

ကိုဇော် ရေ

ဖတ်သွားတယ်နော် မနက်က လာတယ် ကွန်မကောင်းလို့

မေသိမ့်သိမ့် ကျော် said...

မိုက်တယ်ဗျာ။ အတွေးတွေကကောင်းပါ့။ Nike ဇာတ်လမ်းကတော့ အတော်ရယ်ရတယ်။

မြန်မာပြည်ကခုနောက်ပိုင်းမှာ သီးနှံတွေ ပိုးသတ်ဆေးတွေ၊ ဓာတ်မြေသြဇာတွေ အရမ်းများလာတာ အဲဒီစိုက်ပျိုးရေးကုမ္ပဏီတွေမှာ လုံးဝ တာဝန်ရှိနေပြီ။

ခင်တဲ့
မေသိမ့်

mstint said...

လူတစ်ယောက် အတွေးတစ်မျိုးမို့ ကိုဇော်ပြောသလို
လွန်ဆွဲတယ် ဆိုတာ ကိုယ့်ဘက် ပါအောင် ဆွဲကြတာ ဓမ္မတာပဲလေ ဒီပွဲမှာတောင် ကိုယ့်ရဲ့ပင်ကိုယ်ဗီဇအပေါ်မူတည်ပြီး ခံယူချက် အမျိုးမျိုးပေါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Yaw Mang said...

ဖတ်လို့ ကောင်းပါတယ် ခင်ဗျာ..
အဲ့လိုနည်းနဲ့ သူရဲကောင်းရွေးတာ ဘုရင့်နောင် များလားလို့... ကျွန်တော်မှားသွား ရင်လည်း ထောက်ပြ ကြပါခင်ဗျာ..

ကိုဇော် said...

ဖြစ်နိုင်ပါတယ်ဗျ။ ကျနော်က သမိုင်းဆိုရင် အညံ့ဆုံး ဘာသာလေ။ စိတ်ကိုလည်း မဝင်စားတာ။ ဒါကြောင့် မမှတ်ထားတာ များတယ်။ အဲဒီနေ့ကတော့ စစ်သူကြီး လို့ပဲ ရေးထားတာ။ ဒါပေမဲ့ နာမည်က ဇဝေဇဝါ ဖြစ်နေလို့ မေးလိုက်တော့ ဖြေတဲ့ လူ နှစ်ယောက်က မဟာဗန္ဓုလ ဆိုလို့ ဖြစ်နိုင်တယ် ဆိုပြီး ထည့်လိုက်တာ။ အင်း . . နာမည် မထည့်တာက ပိုတောင်မှ ကောင်းပါသေးတယ်လေ။ ကျေးဇူးပဲဗျာ. . .နော့။

Jerome Namsu said...

သတင်းဆောင်းပါးလိုမျိုး ခံစားရပါတယ်။ အဲဒီလို တစ်ဖက်လူကို ကိုယ့်စိတ်ကြိုက် သတ်မှတ် ခံစားမှုပေးစွမ်းနိုင်တာကို အနုပညာလို့ ခေါ်တယ်လို့ မှတ်သားဖူးပါတယ် :)

နွေမင်းလွင် said...

ကိုဇော် ဟိုနေ့က အရင်းအနှီးပို့စ် ဖတ်လိုက်ရတော့ ရန်ကုန်မှာ ရှိနေသလိုပဲ....ခု ဒီပို့စ် ကိုဖတ်လိုက်ရပြန်တော့ Oversea ပြန်ရောက်နေပြီလား ။ လက် မ တွန့် သူတွေကတော့ ကောင်းစားသွားတာပေါ့ဗျာ။ရွှေသေ နတ်တောင်ရသွားတယ်။ အပိုဒ် နှစ်က သူငယ်ချင်း ၂ယောက်အကြောင်း ပို့စ်တစ်ပုဒ်မှာ အရင်ရေးဖူးတာ မှတ်မိနေတယ်။ မြက်ပင်ကနေ နို့ ထုတ်တဲ့ ပို့စ်မှာလားမသိဘူး။ မှတ်သားစရာတွေကို နိဒါန်းကနေစပြီး နိဂုံး အထိ မှတ်သားသွားပါတယ် ကိုဇော်။
ခင်မင်လေးစားစွာဖြင့်

Anonymous said...

အစုံပါပဲလားဗျာ
ရေးတတ်လိုက်တာ အကိုရေ
ဖတ်လို့လည်းကောင်းတယ်ဗျ

ခင်လျက်
အဖြူလေး (မိုဘာ)

Anonymous said...

လက်မတွန့်သူကြီးမှန်းသိပြီးသားပါဗျား)း)

ဗီဗီအိုင်ပီကိုတော့ဘယ်လိုဆိုမလဲမသိဖူးနော်ဗျာ့
ကိုဇော်ရေ ကလေးမလေးတွေဝိုင်းမေးနေတာ ကျွန်တော် တော့မခံချင်ဖူးဗျာ ကိုဇော်ပဲခံ
မိန်းမမြန်မြန်ယူလိုက်ပါဗျား)း)း)


မောင်ဘကြိုင်

yinminkhine said...

စပ်မိစပ်ရာ ဖတ်မိ
တာ ကောင်းလိုက်တာ

sosegado said...

လွန်ဆွဲပွဲတော့ ခဏတော့စောင့်ပါ မိုးတွေရွာနေလို့
:D

သဒ္ဓါလှိုင်း said...

ခံစားမှုရသမျိုးစုံပါပဲကိုဇော်.။ အချစ်ရေးမှာ လွန်ဆွဲပွဲတွေကိုပဲ ဖြစ်နေစေချင်တာ အမှန်ပါပဲလေ။ တချိန်မှာ အင်အားသာတဲ့ဘက်ကို မှန်ကန်စွာ ရောက်စေချင်တယ်.
ခင်မင်လျက်
သဒ္ဓါ

လရောင်ချို said...

ရီသွားတယ်...
idea တွေကတော့ ဗျာ... :P

မအိမ်သူ said...

အဲဒီလိုအတွေးလေးတွေကိုကြိုက်တယ်။ တခါတလေမှာ ပေါက်ကရလျှောက်တွေးတယ်လို့ အထင်ခံရတတ်ပေမယ့် အဲလိုတွေးရတဲ့အရသာကို မတွေးဖူးတဲ့သူတွေ သိကြမယ်မထင်ဘူး..း)