မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 November 2011

17 ညနေခင်းရဲ့ ကဗျာ





နိဒါန်း

လူတိုင်း လူတိုင်းမှာ စိတ္တဇ တစ်မျိုးစီ ရှိတတ်ကြသည်။
ဒီလိုပဲ ကျွန်တော့်မှာလည်း စိတ္တဇ တစ်ခုတော့ ရှိပါသည်။



( က )

ငယ်ငယ်တုန်းက ကျွန်တော်တို့ သူငယ်ချင်းတွေ အထက်တန်းကျောင်းသား ဘဝတုန်းက ကျောင်းမတတ်ခင် နဲ့ ကျောင်းဆင်းချိန်တွေမှာ လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြ၏။ ဒီလို အချိန်မှာ ကျောင်းသွား နဲ့ ကျောင်းပြန် ကောင်မလေးတွေကို လူငယ် သဘာဝ ကြည့်ခဲ့ကြဖူးသည်။ အဲဒီမှာ သူငယ်ချင်း တစ်ယောက်က ပြော၏။

" ကောင်မလေးတွေ ဝတ်ထားတဲ့ စကပ်ထမီ ရဲ့ အနားသားလေး လမ်းလျှောက်လိုက်လို့ လှစ်ခနဲ လှစ်ခနဲ လှပ်သွားတိုင်း ငါ့ရဲ့ ရင်ထဲမှာလည်း လှပ်ခနဲ လှပ်ခနဲ ခပ်လှစ်လှစ် ဖြစ်သွားတယ်ကွ။ "

လို့ ပြောပြခဲ့ဖူး၏။ ဒီလိုနဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သူတို့ရဲ့ အမြင်ကို ပြောခဲ့ကြသည်။ ဒီလိုနဲ့ ကျွန်တော့် အလှည့်ကျတော့ သူတို့က ကျွန်တော့်ရဲ့ အမြင်ကို မေးလာခဲ့ပါသည်။ တကယ်တော့ ကျွန်တော် မပြောပြတတ်ပါ။ ဦးတည်ကာ ပြောပြစရာလည်း  မရှိခဲ့။ သို့သော် . . . 

နေရာဒေသကို လိုက်ပြီးတော့ လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုကို ကျွန်တော် နားလည် သဘောပေါက်ပါ၏။ ဒါပေမဲ့ မြန်မာ မိန်းကလေး တစ်ယောက် အတွက်  . . . ပြီးတော့ ကျွန်တော့် အတွက် ဆိုရင်တော့ . . . ဘီဘဲလ် လို့ ဆိုသော ထိုခေတ်က မိန်းကလေးတွေ ဝတ်သော လုံချည်ကို ကျွန်တော် သဘောကျ၏။ ထို ဘီဘဲလ် ထမီဝတ်ထားသော မိန်းကလေး တစ်ယောက် လမ်းလျှောက်သွားပုံလောက် ကျွန်တော့်ကို ဘယ်အရာကမှ ရင်မခုန်စေနိုင်ခဲ့။

စကပ်တိုတိုပဲ ဝတ်ဝတ် ၊ ဘောင်းဘီ တိုကပ် ခပ်ပြတ်ပြတ်ပဲ ဝတ်ဝတ် ၊ သုံးလွှာကပ်တဲ့ ထမီစကပ်ပဲ ဝတ်ဝတ် ကျွန်တော့် အတွက်တော့ မြန်မာ ဆန်ဆန် ဘီဘဲလ် ထမီ ဝတ်ထားသော မိန်းကလေး တစ်ယောက်လောက် ရင်ခုန်အောင် ဆွဲဆောင်နိုင်စွမ်း မရှိပါ။ ကျွန်တော့်သူငယ်ချင်း ပြောသလို စကား လှတပတ လေးနဲ့ ပြောရမယ် ဆိုရင်တော့ . . . . 

" သူမရဲ့ ခြေတစ်လှမ်းမှာ သုံးလွှာကပ် ထမီစကပ် မဟုတ်တဲ့ အတွက် ခြေလှမ်းလိုက်တိုင်း အတွင်းမှ ခြေသလုံးသားလေးတွေက လှစ်ခနဲ လှစ်ခနဲတော့ ပေါ်လာစရာ မရှိပါ။ ဒီတော့ ကျွန်တော့် သူငယ်ချင်းလို ရင်ထဲမှာလည်း လှပ်ခနဲ လှပ်ခနဲတော့ မဖြစ်မိပါ။ ဒါပေမဲ့ လုံခြုံ သေသပ်သော အလှတစ်ခုနဲ့ သူမ ခြေလှမ်း လှမ်းသွားတိုင်း ရင်ထဲမှာ ဟာသွားသလိုတော့ ခံစားရမိမယ် ထင်ပါသည်။ "

ဒီလို ပြောလို့ ဒီလို မြန်မာဆန်ဆန်နဲ့ ထမီကို ခြေမျက်စိဖုံးအောင် ဝတ်ပြီးတော့ နိုင်ငံတကာကို လျှောက်သွားရမယ် လို့ မဆိုလိုပါဘူး။ နေရာ ဒေသ အလိုက် ဝတ်စားတာတော့ ကျွန်တော် လက်ခံပါသည်။ ခေတ်မှီတာကိုလည်း လက်ခံပါ၏။ သို့သော် ခေတ်မှီလွန်းကာ ခေတ်လွန်သွားတာမျိုးကိုတော့ ကျွန်တော် မဖြစ်စေချင်ပါဘူး။

ဒီလို စိတ္တဇမျိုး တစ်ခုတော့ ကျွန်တော့်မှာ ရှိသည်။ ကျွန်တော်ရဲ့ ကမ္ဘာမြေရဲ့ တစ်နေရာမှာ ချစ်သူ နဲ့ ညနေခင်း ပင်လယ်ကမ်းခြေမှာ အေးအေးဆေးဆေး လမ်းလျှောက်တဲ့ အခါမှာ လေလေးတွေ ခပ်ငြိမ့်ငြိမ့် တိုက်ခတ်နေပြီး သူက ကျွန်တော့် နံဘေးမှာ ရှိနေတဲ့ အချိန်မှာ ရင်ခုန်ဖွယ် သူဝတ်ထားတဲ့ ဘီဘဲလ် ထမီလေးနဲ့သာ ဆိုရင် ဆိုပြီး ကျွန်တော် တွေးကြည့်ရုံနဲ့ ရင်တွေ ခုန်လာတတ်ခဲ့ပါသည်။ အင်း . . ကျွန်တော် ရူးများ ရူးသွားလေမလား။

ထိုအချိန်ဟာ " ညနေခင်းရဲ့ ကဗျာ " လေး တစ်ပုဒ် ဖြစ်နေနိုင်ပါသည်။



( ခ )

ဟိုးငယ်ငယ်ကတည်းက ကျွန်တော့် အဖေက ပြောပြဖူးသည်။ 

" စားချင်စဖွယ် ပြင်ဆင်ကွယ် " 

တဲ့။ ဒါ ဖေဖေရဲ့ အမြဲတမ်း သုံးတဲ့ လက်သုံးစကားပါပဲ။ အစားအသောက်နဲ့ ပတ်သတ်လာရင် ပြီးပြီးရော ပြင်ဆင်ခြင်းကို ဖေဖေက လုံးဝ မကြိုက်ပါ။ ဟိုတယ်တွေ ၊ စားသောက်ဆိုင်ကြီးတွေကို သွားစားတိုင်း ဖေဖေက အမြဲတမ်း ထိုနေရာမှ စားစရာများကို နမူနာ အဖြစ်ပြလေ့ ရှိသည်။ 

" ဒီမှာ တွေ့လား။ စားသောက်ပြီးရင် ဘာမှ မကျန်တော့ဘူး ဆိုပေမဲ့ ဖြစ်သလို စားသောက်လိုက်တာထက် စာရင် လှလှပပ ပြင်ဆင် မွမ်းမံပြီးတော့ အမြင်လေး လှအောင်တော့ ပြင်ဆင်တာ ပိုကောင်းတာပေါ့။ ဒီတော့ အမြင်နဲ့တင် စားသုံးသူက စိတ်ချမ်းသာပြီး ပိုစိတ်ဝင်စားတာပေါ့။ " 

ဟု ဖေဖေက ပြောခဲ့ဖူး၏။ ဒီစကားလေးက ဟိုးအရင်ကပဲ ပြောခဲ့တာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အကြိမ်ပေါင်းများစွာ ဖေဖေ ပြောခဲ့တာပါ။ အခု အချိန်အထိလည်း ကြုံရင် ကြုံသလို ပြောပါသေးသည်။ ဒီစကားလေးနဲ့ ပတ်သတ်ပြီး အခု နောက်ပိုင်းမှာ ကျွန်တော် တချို့သော အကြောင်းအရာလေးတွေကိုလည်း ဆက်စပ် စဉ်းစားမိနေပါသည်။ 

ဗုဒ္ဓဘာသာဝင် လူမျိုး အပေါင်းတွေကိုပါ။ ကိုယ်ကသာ ဟိုဟာစားချင် ၊ ဒီဟာစားချင်နဲ့ ဘုရားကို ဆွမ်းကပ်တဲ့ အခါ ၊ ရေချမ်းကပ်တဲ့ အခါ ဖြစ်သလို ပြီးပြီရော ကပ်လှူတတ်ကြတာကို တွေ့ရပါသည်။ ဒီလို အခါမှာ ဆိုရင် ကျွန်တော် ဖေဖေ ပြောနေကျ စကားလေး "  စားချင်စဖွယ် ပြင်ဆင်ကွယ် " ဆိုတာကို ပြန်လည် ကြားယောင်မိပါသည်။ 

ဘုရားတကာ့ ဘုရားထဲမှာ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားလောက် တောင်းဆိုမှု နည်းတာ ဗုဒ္ဓမြတ်စွာ ဘုရားပဲ ရှိပါလိမ့်မည် ဟု ကျွန်တော် ထင်သည်။ 

- လှူဒါန်းရန် အတွက်ဟု ဆိုကာ ဘုရားကို အာရုံပြု၍ ဝယ်လာသော စားစရာကို လှူနိုင်သည်။
- ကိုယ်တိုင် စားသုံးရန် ဆိုကာ ဝယ်လာပြီးမှ သဒ္ဒါစိတ်ပေါ်ကာ ဘုရားကို လှူနိုင်သည်။
- စားသုံးနေလျက် စားစရာကို သဒ္ဒါစိတ်ပေါ်၍ ဘုရားကို လှူနိုင်သည်။
- စားသုံးနေ၍ ကုန်ခါနီး အကြွင်းအကျန်ကို ရောက်မှ သဒ္ဒါစိတ်ပေါ်၍ ဘုရားကို လှူနိုင်သည်။
- နောက်ဆုံး စားသုံးပြီး၍ စားစရာ မရှိတော့သော်လည်း စိတ်ကူးဖြင့် အာရုံပြုကာ လှူနိုင်သည်။

ဒီလို လွတ်လပ်စွာ သဒ္ဒါစိတ်ကို အခြေပြု၍ လှူဒါန်းနိုင်သောကြောင့်လား မသိပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေ ဘုရားကို ဆွမ်းတော် ကပ်ကြသော အခါမှာ ပြီးစလွယ် ပြီးပြီးရော ဆွမ်းကပ်လှူ နေကြတာကို မြင်နေရ၏။ 

တခါသော အခါက ဆရာတော်တစ်ပါးမှ မြိန့်ကြားသည်ကို နာခဲ့ရဖူးသည်။

" ဘုရားကို ဆွမ်းလှူတယ် ဆိုတာ တကယ်တော့ ကိုယ့်အတွက် ဘာတွေများ ကုန်ကျ ဆုံးရှုံးသွားလို့လဲ။ ကိုယ် လှူသမျှ ကိုယ်ပဲ စားရတာပဲ မဟုတ်လား။ ကိုယ် ကြက်သား လှူရင် ကြက်သား စားရတာပဲ ၊ ဝက်သား လှူရင် ဝက်သား စားရတာပဲ။ ကိုယ် ဘဲပေါင်း လှူပြန်တော့လည်း ဘဲပေါင်း စားရတာပါ့။ ဒီလိုပဲ ပြီးပြီးရော ဖြစ်သလို လှူတော့လည်း အဲဒီလို လှူတာ ကိုယ်ပဲ ရတာပဲ မဟုတ်လား။ "

လို့ ဟောခဲ့ပါ၏။ ဒါကို ဆက်ပြီးတော့ ကျွန်တော် စဉ်းစားမိပါသည်။ ဒီလို လှူဒါန်းထားမှုမှာလည်း ကိုယ်သာ ဆိုရင် ဘယ်လို စားသုံးလဲ ဆိုတာမျိုးပါ။ ဥပမာ - ကိုယ်က မုန့်ဟင်းခါး စားတော့ ဇွန်းနဲ့ စားပြီးတော့ ဘုရားကို လှူတဲ့ အခါမှာ တချို့က မုန့်ဟင်းခါး ပန်းကန်မှာတောင်မှ ဇွန်း မပါဘူး။ ဒီတော့ ဘုရားက ဘုန်းတန်ခိုးနဲ့ ပြည့်စုံတယ် ပြောပြော ဘယ်လိုများ ဘုန်းပေးမလဲ လို့ ကျွန်တော် လျှောက်တွေးခဲ့ဖူးသည်။  ဟုတ်တယ်လေ . . ဇွန်းမပါဘဲ မုန့်ဟင်းခါးကို လက်နဲ့ ဘယ်လိုလုပ် စားမလဲ။ ( ကျွန်တော်ပဲ အတွေးခေါင်နေတာ ဖြစ်ချင် ဖြစ်မှာပါ။ )

ဒါကြောင့် ကျွန်တော်ကတော့ ဘုရားဆွမ်းတော် ကပ်မယ် ဆိုရင် ကိုယ်က ဘယ်လို စားလဲ ၊ ဒီအတိုင်း ဘုရားဆွမ်းတော်ကို ကပ်လှူဖြစ်ခဲ့သည်။ များသော အားဖြင့် ကျွန်တော်က ဇွန်းနဲ့ ခရင်းဖြင့် စားလေ့ ရှိသောကြောင့် ဘုရားကို ဆွမ်းလှူရင်လည်း အနည်းဆုံးတော့ ဒီအတိုင်း လှူဖြစ်ခဲ့သည်။ တချို့သော အချိုပွဲတွေ လှူသော အခါမှာလည်း ဒီလိုပါပဲ။ ဥပမာ - ကျောက်ကျော ဆိုသော စားစရာကို လှူတဲ့ အခါမှာ အမြဲတမ်း ကျွန်တော် သတိထားပြီး ကျောက်ကျောကို ထိုးစားဖို့ ခရင်းသေးသေးလေးတွေကိုပါ တပ်ပြီးတော့ လှူပါသည်။ ကိုယ်တိုင်လည်း ကျောက်ကျောကို ထိုးစားစရာ မပါဘဲ လက်ဖြင့် စားကြည့်ပါ။ အတော်ကို ခက်ခဲစွာ စားရစေမှာ အမှန်ပါပဲ။

ဒါလေးနဲ့ ဆက်စပ်ပြီး ကျွန်တော် စဉ်းစားမိတာက . . . ကျွန်တော့်ရဲ့ ကမ္ဘာမြေရဲ့ တစ်နေရာမှာ ရှိသော အိမ်ထောင်ဖက်က ဘုရားဆွမ်းတော် ကပ်လှူတဲ့ အခါမှာ ပြီးပြီးရော လှူသလား ၊ သက်ရှိ ဘုရားကို အာရုံပြု၍ သက်မဲ့ ရုပ်ထုကို လှူဒါန်းသော်လည်း တကယ်ကို အပြင်မှာ ဗုဒ္ဓမြတ်စွာ ဘုရားကို လှူဒါန်းနေရသကဲ့သို့ သေသေချာချာ " စားချင်စဖွယ် ပြင်ဆင်ကာ လှူဒါန်းလား "  ဆိုတာကို တစ်ခါတလေ စိတ္တဇ ဖြစ်နေသလို သိချင်နေမိခဲ့၏။

တကယ်လို့ ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူနဲ့ ကမ္ဘာမြေပြင် တစ်နေရာမှ ပင်လယ်ကမ်းခြေ တစ်ခုမှာ အေးအေးဆေးဆေး လေညှင်းခံ လမ်းလျှောက်ရင်း မေးခွင့် ရခဲ့မယ် ဆိုရင် ဒီအကြောင်းအရာလေးတွေကို ကျွန်တော် သူ့ကို မေးချင်နေမိပါသည်။

ဒီလို အချိန်ဆိုရင် ပင်လယ် ကမ်းခြေရဲ့ " ညနေခင်းက ကဗျာ တစ်ပုဒ် " လို အသက်ဝင်နေလိမ့်မယ် လို့ ထင်နေမိပါသည်။



( ဂ )
Facebook မှာ ဘာရယ် မဟုတ်ဘဲ ကျွန်တော့် ခံစားမှု အရ ချရေးထားသော စာတိုတိုလေး တချို့ ရှိပါ၏။ ဒီစာလေးတွေကို  စုပြီးတော့ " Status တွေကို စုစည်း ကဗျာ ဖြစ်စေသတည်း " ဆိုသော ခေါင်းစဉ်နဲ့ ကျွန်တော့် ဘလော့မှာ ပြန်တင်မယ် လို့ စဉ်းစားထားခဲ့ပါသည်။ ဒါပေမဲ့ ထုံးစံအတိုင်း ရင်တွင်းခံစားချက် စစ်စစ်ကို ကျွန်တော်က ကိုယ်တိုင် ဖန်တီးရတာ ဆိုတော့ စာတွေက ချက်ချင်း ဖြစ်မလာခဲ့ပါ။

စာပုဒ်လေးတွေ အတော် များမှ စုပြီးတော့ တင်မယ်လို့ စဉ်းစားထားမိ၍ စုဆောင်းနေစဉ်မှာပဲ အံ့သြစရာ ကောင်းလောက်အောင် တချို့သူတွေနဲ့ စိတ်ကူးချင်းတူကာ သူတို့ကလည်း ဒီလို စုပြီး တင်တာ တွေ့တော့ ကျွန်တော် မတင်ဖြစ်ခဲ့တော့ပါ။ ဒီစာလေးတွေကို ဘာကြောင့် ရေးဖြစ်တာလဲ ဆိုတော့ အချက် နှစ်ချက် ရှိပါသည်။

၁။ ဘလော့ဂါ ဘဝမှာ ဘာမှ မရပါ လို့ ကျွန်တော် မပြောနိုင်ပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် မထင်မှတ်သော စာရေးဆရာ အပေါ် စာဖတ်သူတွေရဲ့ ယုံကြည်မှု ဆိုတာကို မထင်မှတ်ဘဲ ကျွန်တော် ရလာခဲ့ပါသည်။ ပြီးတော့ ကျွန်တော့်လို စကားလုံး လှတ ပတ မရေးတတ်သော ဘလော့ရေးသူ တစ်ယောက်ဆီကို တချို့က အားကိုး တကြီးဖြင့် " ချစ်သူဆီကို စာရေးချင်လို့ ဒိုင်ကောင်းကောင်းလေးတွေ ရေးပေးပါလား " ဟု တောင်းဆိုကြသည်။

တကယ်တော့ သူတို့ကို မပြောနဲ့ ၊ ကျွန်တော့်ဖာသာတောင်မှ ကျွန်တော်က လိုတိုရှင်း ၊ တုံးတုံးတိတိ ၊ တိုတိုပြတ်ပြတ် ပြောတတ်သူ ဆိုတော့ သူတို့ အလို ရှိသလို စကားလုံးလှလှတွေ မသုံးတတ်ပါဘူး။ ပြီးတော့ အရမ်းကို စကားလုံးတွေ လှပစွာဖြင့် " စကားပြေ " မရေးချင်သော ( ရေးခဲသော ) ကျွန်တော့်အတွက် သူတို့ လိုချင်သော ဒိုင်လှလှလေးတွေ ဆိုတာကို ကျွန်တော် မရေးတတ်ပါ။ သို့သော် သူများရဲ့ လိုအပ်ချက်လေးတွေကိုလည်း တတ်နိုင်သလောက် ကျွန်တော် ဖြည့်ဆည်းပေးချင်တဲ့ စိတ်ကလေးကြောင့်လည်း ဒီစာတိုလေးတွေကို ကျွန်တော် ရေးဖြစ်ခဲ့ပါသည်။

၂။ ဒုတိယ အချက်ကတော့ ရှည်ရှည် ဝေးဝေး မဟုတ်ပါဘူး။ ကျွန်တော့်ရင်ထဲက ခံစားချက် အကြောင်းအရာတွေနဲ့ ဖြစ်ပျက်နေတဲ့ အတွေးလေးတွေကို " ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူ " ကို ခံစားမိစေချင်တဲ့ စိတ်ကြောင့်ပါပဲ။ ဒါကြောင့် သူ့အတွက် ရည်ရွယ်ကာ ရေးပါသည်။

ဒီစာတိုလေးတွေ အားလုံးကို အရင်ခေါင်းစဉ် ဖြစ်သော " Status ကို စုစည်း ကဗျာ ဖြစ်စေသတည်း " ကနေ  " ညနေခင်းရဲ့ ကဗျာ " ဆိုတဲ့ ခေါင်းစဉ် အောက်မှာပဲ အားလုံးကို စုစည်းကာ ဖော်ပြလိုက်ပါသည်။ နောင်လည်း အဆင်သင့်ရင် ဒီလိုပဲ ဖော်ပြသွားပါမည်။
 


1.

တချို့ စကားလုံးတွေက ပြောရခက်တယ်။
တချို့ စကားလုံးတွေက ပြောဖို့ မဝံ့။
တချို့ စကားလုံးတွေက ပြောဖို့ ပျောက်ဆုံး။
တချို့ စကားလုံးတွေက ကိုယ်တိုင် မေ့ထား။
တချို့ စကားလုံးတွေက ကိုယ်တိုင်အတွက် နှုတ်နှေး . . .
ငါ . . . " လူအ " အတွေးပဲ ခပ်ရေးရေး ဖြစ်နေခဲ့တယ်။



2.

ဒီလိုတော့ဖြင့် ကိုယ် လက်မခံနိုင်ပါဘူး ချစ်သူ။
အချစ်မှာ သက်တမ်း ရှည်ကြာတာတွေ ၊ ကာလ ကြာမြင့်တာတွေနဲ့ သတ်မှတ်လို့လား။
ဒီလို သတ်မှတ်ရအောင် ကိုယ်တို့ အချစ်က " ဝိုင် ၊ အရက် " တွေမှ မဟုတ်တာ . . . . . ။
 


3.

လူတစ်ယောက်က လူတစ်ယောက်ကို ချစ်တာ . . .
ဘုရားစိုက်တဲ့ ပန်းလေး ပွင့်လာတာတဲ့။
ဒါဆို . . . .
ချစ်သူဆီက အချစ်ပန်းလေး . . .
ကျွန်တော် စိတ်မှန်းနဲ့ လွမ်း . . . နေ့တိုင်း နမ်းနေမယ်။



4.

ဤ ခရီး ဘယ်လောက် ရှည်သလဲ။
ချစ်သူပေးတဲ့ အလွမ်းတွေ တပွေ့တပိုက်နဲ့ . . .
ဥပေက္ခာ ရပ်ဝန်းမှာ တိတ်တဆတ် ဖြတ်သန်း သွားမယ်။
အလွမ်းပွင့်တွေနဲ့ လမ်းတလျှောက် သင်းစေသား။



5.

တကယ်တော့ မခက်လှပါဘူး။
ချစ်သူကို စိတ်ချမ်းသာစေခြင်းက
ကိုယ့်အတွက် စိတ်ဆင်းရဲစေခြင်း ဆိုရင်တောင်မှ
ကျွန်တော် ပျော်ပါတယ်။
ရေငုံ နှုတ်ပိတ် သူ့ဘေးမှာ အရိပ်ကလေးပဲ ဖြစ်ပါရစေ။



6.

Sorry ပါ။ မနှောက်ယှက်ပါနဲ့။
ကျွန်တော် နေမကောင်းပါ။
နှလုံးသားက တလှပ်လှပ် အချစ်ငတ်နေတယ်။


7.

နင်ပြောတာလည်း ဟုတ်ပါတယ် သူငယ်ချင်း
ဒါပေမဲ့ . . . 
လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှ မြည်တယ် ဆိုပေမဲ့
ချစ်သူကို ချစ်တဲ့ နေရာမှာတော့ ငါ တစ်ယောက်ထဲလည်း ဖြစ်တယ်။



8.

တစ်နေ့လေး မတွေ့ရတာကို . . .
ကိန္နရီ ၊ ကိန္နရာတို့ စုပေါင်း အသက်ဆက်ထားသလို . . . .
တွေးလို့ မပြေ ၊ ဆွေးလို့ နေရတယ်။
မင်း ဘယ်မှာလဲ ၊ အဝေးက ချစ်သူရေ. . . . ။


ဒီနေရာက ကိန္နရီ ၊ ကိန္နရာ အကြောင်းကို ဒီမှာ ရေးထားဖူးပါတယ်။



9.

စာလေး တစ်ကြောင်း ဖတ်လိုက်ရတယ်။

" လူတိုင်းရင်ထဲ ရင်ဘက်ထဲမှာ ရာသီတွေ မတူညီတာကို ကျွန်မ နားလည်မိပါသည်။ "

ဒါဆို ကိုယ့်ရဲ့ အပြုံးက တခြားလူတစ်ယောက်ရဲ့ ရင်ထဲက ရာသီဥတုကို လှပအောင် အထောက်အကူသာ ဖြစ်ခဲ့မယ် ဆိုရင် ပြုံးနေသင့်ပါတယ်။ ဒီလိုသာ ဆိုရင် ကျွန်တော်လည်း Special One အတွက် ပြုံးနေပါမည်။ ကျွန်တော့် အပြုံးကြောင့် သူ့ညတွေ လှပပါစေ။


( အထက်ပါ စာသားလေးကို ညီမ မြလေးသျှင် ရဲ့ ပူအိုက်သော အေးမြခြင်း တစ်မျိုး ဆိုသော စာမှ ယူပါသည်။ )



10.

ငယ်ငယ်က ကြားခဲ့ဖူးတယ်။
သူများကို လက်ညှိုးတစ်ချောင်းထိုးရင် . . .
ကိုယ့်ဘက်ကို လက်သုံးချောင်းက ပြန်ထိုးနေသတဲ့။

တစ်နေ့တော့ သူက ပြောတယ်။
" ဖြစ်ခွင့်ရမယ် ဆိုရင် ပိုချစ်တတ်တဲ့သူ " သူ " ဖြစ်ပါစေ။ " တဲ့။
အဲဒီလို " သူ " ဆိုသော လက်ညှိုးနဲ့သာ ထိုးခဲ့မယ် ဆိုရင် . . .
ပြတ်ပြတ်သားသား ခံယူလိုက်ချင်ပါသေးတယ်။



11.

ဟိုးအရင်က ဒေးဗစ် ဘက်ဟမ်း ပြောခဲ့တဲ့ စကားလေးကို သတိရမိတယ်။
' ကျွန်တော်နဲ့ ဆုံခဲ့ဖူးသမျှ မိန်းကလေးတွေထဲမှာ ဗစ်တိုးရီးယားက ပထမဦးဆုံးသော ဆံပင် အနက်ရောင် နဲ့ မိန်းကလေးပါပဲ။ ' တဲ့။ ပြီးတော့ ' ကျနော် ရဲ့ ရင်ကို နွေးထွေးအောင် လုပ်နိုင်စွမ်းဆုံးသော တစ်ယောက်ပါပဲ ' တဲ့။

လူတစ်ယောက် အရင်က ဘာတွေ ၊ ဘယ်လောက် ၊ ဘယ်လို ဖြစ်ခဲ့ဖူးတယ် ဆိုတာထက် . . . . အခု အချိန်မှာ သူနဲ့ကိုယ် နွေးထွေးစွာ အတူတူ ဘဝကို လျှောက်လှမ်းနိုင်ဖို့ အဓိကပဲ မဟုတ်လား။ ဝေဖန်သူ အားလုံးက ပြောကြတယ်။ မကြာခင် ဘက်ဟမ်း နဲ့ ဗစ်တိုးရီးယားတို့ ကွဲကြလိမ့်မယ်တဲ့။

ဒါပေမဲ့ . . . အခုတော့ သူတို့ သား သုံးယောက် နဲ့ သမီး တစ်ယောက်ကို ပျော်ရွှင်စွာ ပိုင်ဆိုင်ထားကြတယ်။ ဒီကြားထဲမှာ ကောလဟာလ နဲ့ ပြဿနာ တချို့ ဖြစ်ခဲ့ပေမဲ့ . . . ယုံကြည်မှုကြောင့် သူတို့ ဖြတ်သန်း ကျော်လွှားနိုင်ခဲ့တယ်။ ဒါကို သူများတွေ ဘယ်လိုပဲ ပြောနေပါစေ။ ကျွန်တော်ကတော့ " အချစ်စစ် " တစ်ခုလို့ပဲ သတ်မှတ်တယ်။



12.

သူပြောမှ ကိုယ့်လက်ကိုကိုယ် ပြန်သတိထားမိပြီး အမြတ်တနိုး တန်ဖိုးထားမိလာတယ်။ ဒီအချိန်က စပြီး ကိုယ့်လက်လေးကို အထိခိုက် မရှိအောင် ထိန်းသိမ်းရတော့မယ်။ ဒီလက်လေးနဲ့ ချစ်ရတဲ့သူကို ဘဝ တစ်လျှောက်လုံး လက်တွဲ ခေါ်သွားရမှာ မဟုတ်လား။ ဒီလက်လေးက သူ့အတွက်ပါပဲလေ။


ဒီနေရာမှာ ညွှန်းထားတဲ့ လက်ဆိုတာက ဒီမှာ ပါ။ တခြားလက်တွေနဲ့ မှားကုန်မှာ စိုးလို့ပါ :P



နိဂုံး

လူတိုင်း လူတိုင်းမှာ စိတ္တဇ တစ်မျိုးစီ ရှိတတ်ကြသည်။
ဒီလိုပဲ ကျွန်တော့်မှာလည်း စိတ္တဇ တစ်ခုတော့ ရှိပါသည်။



ဒီပို့စ် တစ်ခုလုံးကို အဓိက အားဖြင့် ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူ အတွက်ပဲ ရည်ရွယ်ပါတယ်။


*** ကျွန်တော့်ရဲ့ စိတ်ခံစားမှု အတိုင်း ရေးထားတာ ဖြစ်လို့ နားလည်နိုင်ကြပါစေဗျာ။ ***


လေးစားစွာဖြင့်
ကိုဇော်
1.11.2011 
.
Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

မဒမ်ကိုး said...

စောစောကများ အဲလိုဒိုင်တွေရေးတတ်တာသိရင်လား
အကို့ကိုရေးခိုင်းပါတယ်
ရည်းစားစာလိုက်ပေးလို့ရတာပေါ့
ခုတော့ ဟင့်..ရွှတ် ဖတ် ..
အချိန်တွေလွန်ကုန်ပြီတော့
ပြန်မရနိုင်တော့ဘူးတော့
ဘီဘဲတော့မရှိဘူး .ကျွတ်ကျလို့ စကတ်ပဲရှိတယ်း)

ညီရဲ said...

တိုက်ဆိုင်လိုက်တာ ကိုဇော်ရယ်...
ကျွန်တော်လဲ ချစ်သူ နဲ့ ညနေခင်း ပင်လယ်ကမ်းခြေမှာ အေးအေးဆေးဆေး လမ်းလျှောက် ချစ်သူ့ လက်ကိုတွဲ၊ ပခုံးလေးကို ဖတ်ရင်း လမ်းလျှောက်မယ် ဆိုတဲ့အတွေး အမြဲတွေးနေမိတတ်တယ်လေ...

Anonymous said...

ကဗျာမှတ်လို့ 
ကဗျာမဟုတ်ဖူးပဲးO

အတွေးခေါင်တယ်လား ဘာလားတော့မသိဖူး အရာရာလျှောက်တွေးနေတတ်တာ တချို့ က ဘာလို့ အဆုံးထိတွေးတာလဲအမြဲမေးခံခဲ့ဖူးတယ်။ အဲလိုမတွေးရင်အမှားတွေ့ မယ်လို့ကိုယ်ဘာသာယူဆမိတာပါ။

ညီမအဒေါ်တွေလည်း ဘီဘဲလ်ဖူးဝတ်တယ် သိလားးD

ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

sosegado said...

ပုဂံခေတ်က အမျိုးသမီးများ အတိုင်း ဝတ်ကြလျင် ဘာပြောမလဲမသိပါ၊
လူတိုင်း လူတိုင်းမှာ စိတ္တဇ တစ်မျိုးစီ ရှိပါသည်၊ ထိုရှိသော စိတ္တဇဖြစ် ကိုယ်ထင်သလို ပြောနိုင်ပါသည်၊
အမျိုးသမီးများသည် စားချင်သောက်ချင်ဖွယ်ဖြစ်အောင် ဝတ်တတ်ကြပါသည်
အိန္ဒယနိုင်ငံ တမီးနာဒူးက ဘာကသီ beach သို့ရောက်သွားသောအခါ ကျနော်သည် beach သွားချင်စိတ်ကုန်ခမ်းသွားပါသည်၊ ပင်လယ်ကမ်းခြေ၏ ညနေခင်း ကဗျာတစ်ပုဒ်ကို ခံစားလို့ မရတော့ပါ၊
တမီးနာဒူးက ကိုကိုတွေကတော့ သူတို့၏ စားချင်သောက်ချင်ဖွယ်များကို ညနေခင်း ကဗျာတစ်ပုဒ်လို ခံစားနေကြပါသည်၊
လူတိုင်းရင်ထဲ ရင်ဘက်ထဲမှာ ရာသီတွေ မတူညီတာကို ကျနော်နားလည်မိပါသည်။

အဆင်ပြေပါစေ။

jasmine(တောင်ကြီး) said...

တစ်ခါတစ်လေတော့လဲ
လက်ကိုတွဲ၊ ပခုံးလေးကို ဖတ်ရင်း လမ်းလျှောက်ချင်မိတယ်....
တိုဇော်ရှာလို့လေတွေ့ရင်ပြော
မိဂျက်လဲအိမ်ကလူနဲ့တူတူသွားကြတာပေါ့

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်နော်နော် အကိုရေးတဲ့ သံဇဉ်လှလှလေးတွေ ဖတ်ရခဲတယ်.....အခုတစ်ခါရေးတာတော့ နူးညံ့နေတာပဲ ညီမလေးကတော့ ..နူးညံ့တဲ့ စာတွေ ဖတ်ရတာ ပိုနှစ်သက်မိတယ် ...:):)

အလင်းသစ် said...

ဟုတ်ပ..ဘီဘဲလ်တို့ အိရှန်တို့မှာ ပိုပြီးရင်ခုန်တယ်.. အဲလိုကောင်ကို အရူးလို့ပြောရင် ကျွန်တော်လည်း အရူးပဲဗျ။။။ ကိုယ်အတွေးနဲ့ ကိုယ့်အကြိုက် နှစ်သက်စွာရူးသွပ်ခွင့် ရှိနေပါတယ်နော။။။

peter kyaw said...

ကိုယ့်လူရဲ့  "ဒိုင်" တွေဖတ်ပြီး "ငိုင်" သွားတယ်...

mstint said...

ဘီဘဲလ်လုံချည်က ဝိတ်ရှိတော့ သေသေသပ်သပ်လေး ရှိတယ်။ အတွေးအမြင်ကောင်းတယ် ကိုဇော်ရေ။
ဘုရားကိုဆွမ်းတော်ကပ်တဲ့အခါလည်း ဇွန်းထည့်တာ မှန်ကန်တဲ့အတွေးလို့ထင်တယ်။
ကိုဇော့်ရဲ့ စာအရေးအသားတွေကောင်းပါတယ် လှတပတရှိပါတယ်။ ညနေခင်းရဲ့ ကဗျာလေး သဘောကျတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သတိုး said...

Status ကလေးတွေ FB ဖတ်မိကတည်းက ရင်ထဲ ငြိမ့်ပြီး အချစ်ဝတ္ထုတစ်ပုဒ်လောက် ကောက်ရေးချင်မိခဲ့တယ်။
ဘုရားဆွမ်းတော် ကိစ္စလည်း ခဏ ခဏ တွေးမိပြီး အမြဲမေ့နေမိတဲ့ ပေါ့လျော့မှုပါ။ အမြန်ပြင်လိုက်ပါ့မယ်။ ကျေးဇူးအထူးတင်ပါတယ် ကိုဇော်ရာ။

ဟန်ကြည် said...

လှလိုက်တဲ့ အတွေးလေးတွေ...ကူးပြီး အိမ်ရှင်မကို လူပျိုပြန်လှည့်ဦးမှ...

မအိမ်သူ said...

နုညံ့တဲ့စာတစ်ပုဒ်ဖြစ်လာဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ နုညံ့တဲ့အရေးအသားလေးတွေ ဖြစ်လာဖို့ ကိုယ့်ခံစားမှုတွေနဲ့ နှလုံးသားကပါ နုညံ့ဖို့လိုတယ်လေ။ ကိုဇော့်စာတွေက နှလုံးသားကလာတာမှန်း ဖတ်လိုက်ရင်သိပါတယ်။

မိုးဇက် said...

လူပျိုကြီးတို့ကတော့ စကားလုံးမနုလို့သာတော်တော့တယ် ။

အဖြူရောင်နတ်သမီး said...

ညနေခင်း ချစ်သူ့ဖီလင်လေး ခံစားသွားတယ် ကိုဇော်ရေ...

ကိုဇော်တို့ဟန်းနီးမွန်း ဆိုက်ပရပ်စ်ကို လာလို့ရရင်ကောင်းမယ်နော်..

ဒီမှာ ကမ်းခြေ ညနေခင်းတွေ အရမ်းလှတယ်...

မောင်မောင် said...

ကိုဇော် ရဲ့  ညနေခင်းရဲ့  ကဗျာ လာဖတ်သွားပါတယ်ဗျာ။ အတွေးစိတ်ကူးပုံဖော်ပုံလေးတွေ
ကိုလည်း သဘောကျမိတယ်။
ဆက်စပ်တွေးထားတာတွေကလည်း အရမ်းကောင်းတယ်။
အေးဗျာ... ဟိုတုန်းက သာ သိယင် တော့
ရည်းစားစာလေး ဘာလေး ရေးခိုင်းရယင်ကောင်းသား
ခုတော့ သားတော်မောင်က ၁၃ နှစ်ရှိနေပြီ။
:D

မောင်မောင် said...

ကိုဇော် ရဲ့  ညနေခင်းရဲ့  ကဗျာ လာဖတ်သွားပါတယ်ဗျာ။ အတွေးစိတ်ကူးပုံဖော်ပုံလေးတွေ
ကိုလည်း သဘောကျမိတယ်။
ဆက်စပ်တွေးထားတာတွေကလည်း အရမ်းကောင်းတယ်။
အေးဗျာ... ဟိုတုန်းက သာ သိယင် တော့
ရည်းစားစာလေး ဘာလေး ရေးခိုင်းရယင်ကောင်းသား
ခုတော့ သားတော်မောင်က ၁၃ နှစ်ရှိနေပြီ။
:D

sosegado said...

ကဗျာဆိုတာ ရင်ထဲကလာတာ၊ တစ်ခါတစ်လေ
နူးညံ့တယ် ပြင်းပြတယ် တစ်ခါတစ်လေ ခက်ထန်မယ်
အရသာ အမျိုးမျိုး
အမှန်ပါပဲ လူတိုင်းရင်ထဲက ရာသီတွေ မတူညီကြဘူး

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.