မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 October 2011

17 ပြေး



“ ဝုန်း ”

ပြုတ်ကျသံနဲ့ အတူ ကျွန်တော် ပြားပြားမှောက်နေတာကို မျက်နှာနဲ့ မြေပြင်နဲ့ ကပ်နေတာကို သတိထားမိမှ သိလိုက်ရ၏။ ဘယ်ကမှန်း မသိတဲ့ ပြုတ်ကျမှု တစ်ခုကြောင့် ကျွန်တော် မြေပေါ်မှာ အလျားလိုက် မှောက်နေ၏။

ကုန်းရုန်းထတယ် ဆိုတာရဲ့ ကိစ္စ မဖြစ်ခင် မျက်လုံးကို ပွတ်ကာ ၊ ဖွင့်ချည် ပိတ်ချည်လုပ်ပြီး ကျွန်တော် ရောက်နေတဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ခပ်ငွေ့ငွေ့လောင်ကျွမ်းနေတဲ့ မီးတုတ်တွေနဲ့ သူတို့ကို ထောင်ထားတဲ့ တိုင်တွေကို ပြက်ပြက်ထင်ထင် မြင်လိုက်ရသည်။ မှောက်လျက်ကျနေလို့ သူတို့ကို တစောင်းကြီး မြင်ရပေမဲ့ သူတို့ ဘယ်သူတွေဆိုတာ ကျွန်တော့် ဦးနှောက်က ချက်ချင်း ဆုံးဖြတ်ချက် ထုတ်ပေး၏။ သူတို့ဟာ “ လူရိုင်း ” တွေ။

ဟုတ်သည်။ ကျွန်တော် လူရိုင်းတွေ ကြားထဲကို ပြုတ်ကျလာတာ ဖြစ်သည်။ အမြင့်က ကျပေမဲ့ ကျွန်တော့်အောက်မှာ ကောက်ရိုးတွေခံနေလို့ ဘာမှ ကျွန်တော် မဖြစ်။ ဘယ်လောက် အမြင့်ကနေ ကျတယ် ဆိုတာကိုလည်း ဆက်မစဉ်းစားဖြစ်ဘူး။ ဒီ့ထက် အရေးကြီးတာက လူရိုင်းတွေ လက်က ကျွန်တော် လုပ်ဖို့ပဲ။ သူတို့က လူသားစား လူရိုင်းလား ၊ သတ်သတ်လွတ်စား လူရိုင်းလား ကျွန်တော် မသိဘူး။ ရရစားစား လူရိုင်းလည်း ဖြစ်ချင် ဖြစ်နေလိမ့်နိုင်သည်။

ဒီတော့ လူရိုင်း လက်က လွတ်ဖို့ ဆိုတာ သူတို့ကို မိတ်ဆက်နေလို့လည်း မဖြစ်ချေပါဘူး။ အကောင်းဆုံးနည်းကတော့ သူတို့ လက်ထဲကနေ ထွက်ပြေးတဲ့ နည်းပါပဲ။ ကျွန်တော် ရုတ်ခနဲ ထပြေးပါတော့၏။ ဒီတော့ ကျွန်တော် ကောင်းကင်ပေါ်က ပြုတ်ကျလာတယ် ဆိုပြီး ကြောင်ကြည့်နေကြတဲ့ လူရိုင်းတွေက ( ရှိန်နေတာလဲ ပါမှာပေါ့လေ။ ) အခုလို ကျွန်တော် ရုတ်တရက် ထပြေးတော့လည်း  ခပ်တွေတွေလေးပဲ ကြည့်နေကြပါသေးသည်။ ခဏလေး နေတော့မှ သူတို့ထဲက သတိရှိသူ တစ်ယောက်က “ #%*$*(%#^(%@&)%#* ”  ဆိုသော သူတို့ လူရိုင်းစကားနဲ့ အော်လိုက်သံ ကြားလိုက်ရ၏။

ဘာပဲ ပြောပြောပါ ကျွန်တော်ကတော့ စပြီး “ ပြေး ” ပါပြီ။ 

“ ဒီကောင့်နောက်ကို လိုက် ” လို့များ ပြောလိုက်တာလား မသိဘူး။ ဝူး . . . ဝူး . . . ဝဲ. . ဝဲ တွေ အော်ရင်း ကမူးရှူးထိုး ကျွန်တော့်နောက်ကို လိုက်လာပါတော့၏။ ကျွန်တော်ကလည်း ပြုတ်ကျရာကနေ ချက်ချင်းထပြေးတဲ့ သူဆိုတော့ ကိုယ်ပေါ်က ပစ္စည်းတွေကတော့ အပေါ်က ကျတဲ့ အတိုင်း ရှိမြဲ ရှိလျက်ပါပဲ။ ကျောပိုးအိတ်ပါ၏ ၊ လှစ်ခနဲ ပြေးသွားနိုင်တဲ့ စိတ် နဲ့ လူကြောင့် အနောက်က ငြာသံပေးအော်လာတဲ့ လူရိုင်းတွေက ကျွန်တော်နောက်မှာ တော်တော် ပြတ်ပြီး ကျန်နေခဲ့ပါသည်။ ပြေးပြေးလွှားလွှား နောက်ကို တစ်ချက် လှမ်းကြည့်လိုက်တော့ ဓါတ်တိုင် ၃ တိုင် အကွာလောက်မှာ လူရိုင်းတွေ ပြေးလွှား လိုက်ပါလာခဲ့သည်။

လူရိုင်းတွေကသာ ဝေးတာ သူတို့ အသံတွေကတော့ တောတစ်ခုလုံး ဆူညံလို့ပေါ့။ ရပ်ကွက်ထဲမှာ အားအားရှိ ဘောလုံးကန်နေတဲ့ ကျင့်သားတွေက ဒီမှာ အသုံးဝင်လာသည်။ အလိမ်အခေါက် ကျွမ်းကျင်လို့ မဟုတ်ဘဲ ပြေးအားကောင်းတာ ၊ ဘောလုံးဖြတ်တင်ပေးတာ တစ်ခုတည်းနဲ့ ညာဘက်ဝင်းမှာ နေရာ တစ်ခု ကျွန်တော် ရခဲ့တယ် မဟုတ်လား။ အခု ဒီကျင့်သားတွေက နောက်က လူရိုင်းတွေ လိုက်နေတယ် ဆိုတဲ့ ဇောအရှိန်အောက်မှာ ပိုပြီးတော့ ပြေးလွှားဖို့ အင်အားတွေနဲ့ ခြေလှမ်းတွေ သွက်လက်စေ၏။ ပြေးထား. . . . . ပြေးထား . . .။

ပြေးလိုက် ခဏနေရင် ပြေးရင်းနဲ့ နောက်ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့ ကျွန်တော့်ရဲ့ နောက်မှာ လူရိုင်းတွေက ဓါတ်တိုင် ၅ တိုင်စာ အကွာကနေ ပိုပိုဝေးပြီး ကျန်နေခဲ့သည်။ သူတို့ ကျွန်တော့်ကို မှီအောင် ပြေးမလိုက်လာနိုင်ဘူး ဆိုတာ ပေါ်လွင်စေသည်။ နောက်မှာ လူရိုင်းတွေ ဝေး. . . ဝေး . . .ကျန်နေခဲ့တယ် ဆိုတဲ့ စိတ်က လူကို အားဖြစ်စေသည်။ ပြေးရတာ မောပေမဲ့ အသက်ကို ခြေထောက်က အခုအချိန်မှာ စောင့်ရှောက်နေတာ ဆိုတော့ ကျွန်တော် ပိုပြီး အားစိုက်ပြေးခဲ့သည်။

နည်းနည်းခပ်ဝေးဝေး ပြေးမိပြီးတော့ ကျွန်တော် နောက်ကို လှည့်အကြည့်မှာ မီးတုတ်တွေနဲ့ အနောက်က လိုက်လာတဲ့ လူရိုင်းတွေ အနောက်မှာ တော်တော်ဝေးဝေး ပြတ်ကျန်ခဲ့ပြီ ဆိုတာ တွေ့လိုက်ရ၏။ ဒါပေမဲ့ လရောင်ရဲ့ အလင်းအောက်မှာ ကျွန်တော့်နောက်ကို ထပ်ချပ်မကွာ လိုက်နေတဲ့ လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ပြေးပြေးလွှားလွှားပဲ ကျွန်တော် ထပ်ကြည့်လိုက်တော့ လူရိုင်းတစ်ယောက် ကျွန်တော့်နောက်ကို ဇွဲမလျော့ဘဲ ဆက်ပြီး ပြေးလိုက်လာတာကို မြင်ရ၏။

သူက ပြေးအားလည်း အတော်ကောင်းပုံရသည်။ ကျွန်တော့်ကို မှီအောင် လိုက်နိုင်တယ် ဆိုကတည်းက သူက တော်ရုံ အပြေးသန်သူ တစ်ယောက် မဟုတ်နိုင်တော့ဘူး။ ဒီနောက်မှာတော့ သူနဲ့ ကျွန်တော် ပိုပြီး နီးကပ်သထက် နီးကပ်လာတော့၏။ စစပြေးကတည်းက နောက်က လိုက်လာတဲ့ လူရိုင်းတစ်ယောက် ဖြစ်တဲ့ အတွက် သူကလည်း အတော်တော့ မောပန်းနေခဲ့ပြီ။ ဒါထက် သူ့က ကျွန်တော့်နားကို ဘာလို့ နီးသထက် နီးလာရတာလဲ လို့ ကျွန်တော် ရုတ်တရက် စဉ်းစားလိုက်မိသည်။

ဒါနဲ့ ပြေးရင်း လွှားရင်း နောက်က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်တော့ သူက လူရိုင်းတို့ရဲ့ ဝတ်စုံ ပေါ့ပေါ့ပါးပါးလေးနဲ့ ကျွန်တော် နောက်ကို ပြေးလိုက်နေခဲ့တာ ဖြစ်၏။ ကျွန်တော့်မှာတော့ ကျောပိုးအိတ်က တစ်လုံး ၊ ဝတ်ထားသော အဝတ်အစားများကလည်း လေယာဉ်မောင်းသမား ဝတ်စုံလိုလို ထူထူထဲထဲကြီးတွေနဲ့ ဒါတွေနဲ့ ပြေးလွှားနေရတော့ ခရီးက မတွင်လှ။ သူ့မှာတော့ လူရိုင်းဝတ်စုံ ပေါ့ပေါ့ပါးပါးနဲ့ ဆိုတော့ ပြေးရ လွှားရတာ ပိုပြီး ခရီးတွင်တယ် ထင်ပါရဲ့။ သူနဲ့ ကျွန်တော် နီးကပ်သထက် နီးကပ် လာပါသည်။

သူကလည်း ဘာလို့ ကျွန်တော့်နောက်ကို လိုက်တယ် မသိပေမဲ့ ကျွန်တော်ကတော့ လူရိုင်းဆိုတဲ့ လက်ထဲက လွတ်ဖို့သာ အာရုံရှိသည်။ ကျွန်တော့် ကျောပိုးအိတ်ထဲမှာ ဘာတွေပါသလဲ ကျွန်တော် ပြန်စဉ်းစားမိတော့ ကျွန်တော့်အတွက် စားစရာ ရိက္ခာတွေသာ ပါတာ ပြန်သတိရတယ်။ စားဖို့ ဆိုတာ အသက်ရှင်မှသာ စားရမှာ အခုတော့ နောက်မှာ လူရိုင်းတစ်ယောက်က အပြေးအလွှားလိုက်ခြင်း ခံနေရ၏။ လူရိုင်းလက်ထဲကို အမိခံရပြီး အသတ်ခံရနိုင်တဲ့ လူတစ်ယောက် အဖို့ လူရိုင်းလက်ထဲက လွတ်ဖို့ထက် ဘယ်အရာကများ ပိုပြီး အရေးကြီးပါသလဲ။

“ ဖုန်း ”

ကျွန်တော့် ကျောပေါ်က ကျောပိုးအိတ်ကို ပြေးပြေးလွှားလွှားပဲ အောက်ကို ပစ်ချ ထားခဲ့လိုက်သည်။ အနောက်က ဒုံးကန်အားခံရတဲ့ ကားတစ်စီးလိုမျိုး ကျောပေါ်က ကျောပိုးအိတ် ခပ်လေးလေးကြီး ပြုတ်ကျသွားတယ် ဆိုတော့ လူက ပြေးနေရင်းကို အားတိုးဆေး စားလိုက်ရသလိုမျိုး ပြေးအားက ပိုကောင်းသွားသည်။ ခြေလှမ်းတွေကလည်း သွက်လက် မြန်ဆန်လာ၏။ ဒီအချိန်မှာ အနောက်ကို ဖျတ်ခနဲ ကြည့်လိုက်တော့ လူရိုင်းက ကျွန်တော်နဲ့ ခပ်လှမ်းလှမ်း ဆိုတာထက် ပိုပြီး နီးလာခဲ့၏။

အို . . မဖြစ်ဘူး။ ကိုယ်တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပြေးနိုင်ဖို့ ပိုပြီးတော့ အရေးကြီးပါသည်။ ပြေးပြေးလွှားလွှားပဲ ကျွန်တော့် ကိုယ်ပေါ်က ဂျာကင်ကြီးကို ချွတ်ပစ်လိုက်သည်။ လူက ပိုပြီး ပေါ့ပါးသွားသလို ခန္ဓာကိုယ်ကလည်း ပြင်ပလေနဲ့ ထတွေ့လိုက်ရတော့ ပိုပြီးတော့ လန်းဆန်းသွားသလို ဖြစ်သွား၏။ လူက ပြေးအားလည်း ကောင်းလာသလို နောက်က လိုက်လာတဲ့ လူရိုင်းနဲ့လည်း နည်းနည်း ပိုဝေးသွားသည်။ ဒါပေမဲ့ အောက်မှာ ဝတ်ထားတဲ့ ဘောင်းဘီကြီးက နည်းနည်းတော့ ရှုပ်နေသလိုပဲ လို့ ခံစားရ၏။ ဒါကြောင့် ခဏလေး ရပ်ပြီး ဘောင်းဘီအရှည်ကို ချွတ်ချလိုက်သည်။ ဒါပေမဲ့ မပူပါနဲ့ ကျွန်တော့်မှာ အောက်ခံ အားကစားဘောင်းဘီ အတို ပါပါသေးသည်။

တခဏတော့ တခဏလေးပါပဲ။ သို့သော် နောက်က ပြေးလာတဲ့ လူရိုင်းက ကျွန်တော်နဲ့ ဓါတ်တိုင် တစ်တိုင်စာ မရှိသော အနီးသို့ ပြန်ရောက်လာပြန်သည်။ ကျွန်တော့်ကိုယ်ပေါ်မှာ စွပ်ကျယ်လက်ပါသော အင်္ကျီနဲ့ ဘောင်ဘီတိုလေးသာ ရှိပါတော့သည်။ လူတိုင်းကတော့ သူ့လက်ထဲက ဘယ်ဘက်လက်မှာ ဒိုင်းတစ်ခု ၊ ညာဘက်လက်မှာ လှံတို တစ်ခုကို ကိုင်စွဲထားတုန်း။ ပေါ့ပေါ့ပါးပါး ပြေးနေတဲ့ ကျွန်တော်နဲ့ လူရိုင်း တောထဲမှာ နှစ်ယောက်တည်း အပြေးပြိုင်နေသလို ဖြစ်နေတော့၏။ သူ့နောက်က လူရိုင်းတွေကတော့ ဘယ်မှာ ကျန်နေခဲ့မှန်း မသိအောင်ကို မျက်ခြေပြတ် ကျန်နေခဲ့ပြီ။

ပြေးရင်း ပေါ့ပေါ့ပါးပါး ဖြစ်နေတဲ့ ကျွန်တော်က သူ့ထက် ပိုပြီး ပြေးအား ကောင်းလာ၏။ ကျွန်တော် ကျောပိုးအိတ် ပစ်ချထားခဲ့တာ ၊ ဂျာကင်ကြီး ချွတ်ထားခဲ့တာ ၊ ဘောင်းဘီရှည်ကြီး ချွတ်ထားခဲ့တာ တွေကို လူရိုင်းကလည်း မြင်ပါသည်။ ဒါကြောင့် ကျွန်တော် ပိုပြီး ပြေးအားကောင်းလာတယ် ဆိုတာလည်း သူက သိပါသည်။ ဒီတော့ သူကလည်း သူ့လက်ထဲက ဒိုင်းနဲ့ လှံတိုလေးကိုပါ ပစ်ပြီး အားရပါးရ ပြေးပါတော့သည်။ သူ့ခြေထောက်မှာ ဖိနပ် မပါ။ ကျွန်တော့်ခြေထောက်မှာ ဖိနပ်က ပါနေပါသေးတယ်။ သူ့လိုတော့ တောထဲမှာ ကျွန်တော် ဖိနပ်ချွတ်ပြီးတော့ ကျွန်တော် မပြေးနိုင်ပါ ၊ ပြေးလည်း မပြေးတတ်ပါ။ သူ့လို ကျွန်တော် ခြေထောက်တွေက ခံနိုင်မှာ မဟုတ်။ ဆူး ၊ ညှောင့် ၊ ခလုတ်တွေ ရှိတယ် မဟုတ်လား။

ကျွန်တော်ကလည်း ပေါ့ပေါ့ပါးပါး ပြေးနေသည်။ သူကလည်း ခြေလွတ် လက်လွတ် ပြေးနေသည်။ အချိန် ဘယ်လောက် ကြာအောင် သူနဲ့ ကျွန်တော် ပြေးနေတယ် မသိဘူး။ ပြေးရင်း ပြေးရင်းနဲ့ ကျွန်တော်ရဲ့ ပြေးအားတွေ ကျလာတာကို ကျွန်တော့်ဖာသာ သိလိုက်၏။ သူ့ကို လှမ်းကြည့်လိုက်တော့လည်း သူလည်း ပြေးအားတွေ ကျလာ၏။ ဒါပေမဲ့ သူက ကျွန်တော်ထက် မြန်အောင် ပြေးနိုင်ပါသေးသည်။ ဒါကြောင့် သူနဲ့ ကျွန်တော် နီးသထက် နီးလာတော့သည်။ နောက်ဆုံး သူနဲ့ ကျွန်တော် ယှဉ်ပြီး ပြေးနေတယ် ဆိုရလောက်အောင်ကို နီးကပ်လာခဲ့သည်။ ဒါပေမဲ့ ကျွန်တော်တို့ ပြေးနေတယ် ဆိုတဲ့ ပုံစံသာ ရှိပြီး လူတွေက မောလွန်းလို့ မပြေးနိုင်တော့ဘူး။ ခြေလှမ်းတွေကလည်း မရွေ့နိုင်တော့ဘူး။

ပြေးတယ် ဆိုတဲ့ လှုပ်ရှားမှုကို စိတ်ကသာ လုပ်ဆောင်ပြီး လူက ခြေတစ်လှမ်းကို အားတင်းလှမ်းနေရတဲ့ အချိန်မှာ သူ့ကို ကျွန်တော် လှမ်းကြည့်တော့ သူကလည်း ကျွန်တော့်ကို လှမ်းကြည့်နေသည်။ ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့ ရေကလည်း ဆာလို့ ချွဲပစ်နေတဲ့ ပါးစပ်ထဲက လျှာကို အလုပ်ပေးပြီး မေးလိုက်မိသည်။

“ မင်း . . ငါ့နောက်ကို ဘာလို့ လိုက်နေရတာလဲ။ ”

သူကလည်း မောလွန်း အားကြီးလို့ သူ့ပါးစပ်ကိုတောင်မှ သူ့ဖာသာ အနိုင်နိုင် ဖွင့်ဟ အသက်ရှူ နေရင်းကနေ ကျွန်တော့်ကို မျက်လုံးကြီး ပြူးပြီး ပြန်ပြောသည်။

“ မင်းက ပြေးလို့ ငါက လိုက်တာလေ။ ”

“ ဘာကွ ၊ ငါပြေးတာနဲ့ မင်းက လိုက်ရလား။ ”

ကျွန်တော်လည်း မောမော ဒေါသ ဖြစ်ဖြစ်နဲ့ သူ့ကို အော်ပြောလိုက်၏။ ဒီတော့ သူက. . . .

“ ဒါဆို မင်းကရော ဘာလို့ ပြေးရတာလဲ။ ”

“ မင်း လိုက်လို့ ပြေးတာလေ။ မင်းကရော ဘာလို့ လိုက်ရတာလဲ။ ”

“ ဟ . . လိုက်ရတာပေါ့ကွ။ ငါတို့ လူရိုင်းနေရာမှာ ငါက အပြေးအမြန်ဆုံးပဲ။ အခုတော့ မင်းက ရှေ့က ပြေးနေတော့ ငါက မှီအောင် မလိုက်နိုင်ဘူး ဆိုရင် ငါ ညံ့ရာ ကျမှာ စိုးလို့ မင်းကို မှီအောင် လိုက်ရတာ။ ”

“ ဒါဆို မင်းက ငါ့ကို လိုက်ဖမ်းတာ မဟုတ်ဘူးလား။ ”

“ ဘယ်ကလာ မင်းကို လိုက်ဖမ်းရမှာလဲ။ မင်းကို မှီအောင် ပြေးနိုင်တယ် ဆိုတာလေး တစ်ခုတည်းနဲ့ ငါက လိုက်ပြီး ပြေးနေတာ။ ”

သူက ဒီလိုလည်း ပြော  မြေပေါ်ကိုလည်း ပက်လက်လန်ကျသွားပြီး မိုးကောင်းကင်ကို မော့ကြည့်ကာ ဟောဟဲ နဲ့ အသက်ရှူနေတော့သည်။ ကျွန်တော်ကလည်း မောလွန်းလို့ သူ့လိုပဲ မြေပေါ်မှာ လှဲနေရတော့သည်။ ဒီမှာ သူက မေးသည်။

“ ဒါနဲ့ မင်းက ဘာလို့ ကျောပိုးအိတ်တွေ ၊ ဂျာကင်တွေ  ၊ ဘောင်းဘီရှည်တွေကို ချွတ်ပစ်ရတာလဲ။ ”

“ ပိုပြီး ပြေးနိုင်အောင်ပေါ့ကွ။ မင်းကရော ဘာလို့ ဒိုင်းတွေ ၊ လှံတွေကို လွှင့်ပစ်ရတာလဲ။ ”

“ ငါလည်း ပြေးအား ပိုကောင်းအောင် လို့ ပစ်တာပေါ့။ ”

“ ဒါဆို မင်း ငါ့နောက် လိုက်တာ ငါ့ကို ဖမ်းဖို့ မဟုတ်တာ သေချာလား။ ”

“ သေချာတာပေါ့။ ငါက မင်းကို မှီအောင် ပြေးနိုင်တယ် ဆိုတဲ့ ဂုဏ်ကိုပဲ လိုချင်တာ ဒါကြောင့် . . . "

" ဒါကြောင့် ဘာဖြစ်လဲ "

" ဒါကြောင့် . . .  အခု မင်းကို မှီအောင် ပြေးနိုင်တယ် ဆိုတာတော့ ငါ့ကို ထောက်ခံစာ ရေးပေးလိုက်ပါကွာ။ ”

“ ဘာကွ. . .”



“ ဘာကွ. . . ”

“ ဒုံး ”

“ အား . . ”

ကျွန်တော် နံရံကို လက်သီးနဲ့ ထိုးမိသွား၏။ အား . . ကျွတ် . . ကျွတ် . . တော်တော် နာတာပါလား။

သြော်. . . ကျွန်တော် အိပ်မက် မက်နေတာကိုး။ ကိုယ့်ဖာသာ နာသွားတဲ့ လက်လေးကို အသာဆုပ်ကိုင်ရင်း ရှက်ပြုံးလေး ပြုံးလိုက်ပြီး ကျွန်တော် ပြန်လည်ကာ အိပ်ပျော်သွားပါတော့သည်။



မှတ်ချက်။   ။ တနင်္ဂနွေနေ့က မက်ခဲ့တဲ့ အိပ်မက်လေးပါ။ ဘယ်လို အဓိပ္ပါယ် ကောက်ရမှန်းလည်း မသိပါဘူး။ ကျွန်တော့်ကတော့ ကျွန်တော့်ဖာသာ ဒီလိုပဲ စဉ်းစားလိုက်ပါတော့တယ်။ ဘဝဆိုတဲ့ ပြေးလမ်းမှာ အနှောင့်အယှက် ၊ အပို ဝန်တာတွေ မရှိရင် ပိုပြီး ပြေးအားကောင်းမယ် ၊ ခရီးရောက်မယ်။ လို့ပဲ ယူဆလိုက်ပါတော့တယ်။ ဘယ်လိုပဲ ဖြစ်နေကြပါစေ ကျွန်တော်တို့ အားလုံးက လောကကြီးမှာ ကိုယ်လိုရာကို ရောက်အောင် ပြေးလွှားနေကြတာပဲ မဟုတ်ပါလား။ ကျွန်တော် ဆက် “ ပြေး ” လိုက်ပါဦးမယ်။

စာဖတ်သူလည်း ကိုယ်လိုရာကို ရောက်အောင် ပေါ့ပေါ့ပါးပါး “ ပြေး ” နိုင်ပါစေဗျာ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

ကိုရီး{ကိုကြီး} said...
This comment has been removed by the author.
ကိုရီး{ကိုကြီး} said...

အင်း... မသေမချင်းလဲ ပြေးနေရဦးမယ်
သေပြီးရင်လည်း ဆက်ပြေးနေရဦးမှာပဲ
ထင်တော့ ထင်သား......
ဦးဇော်တို့ ကတော့ ရေးလည်းရေးတတ်သဗျ
အိမ်မက်တောင် အလွတ်မပေးဘူး :)

ချမ်း မြေ့ ပါ စေ ဗျာ။

လသာည said...

ပြေး.....ပြေး....။
လူရိုင်းဇာတ်ကားကြည့်ရသလိုပဲ ဖတ်ကောင်းတယ်။

နေ၀သန် said...

ဟုတ်ကဲ့.. ဘ၀မှာ အပြေးပိုကောင်းအောင် ၀န်တာဖြစ်တဲ့ ဇနီးသားမယားမရှိတဲ့ လူပျိုကြီးဘ၀နဲ့ပဲ နေပါဗျ...။ ဟားဟား...။ နောက်တာပါ...။း)))))



ခင်မင်တဲ့
နေ၀သန်

ရေးသူ-ညတစ္ဆေ said...

ပြေးပြီ.....ကိုဇော်ကြီးရေ....
:D

ခိုင်နုငယ် said...

လူရိုင်းဇာတ်ကားကြည့်နေရသလိုပဲ...
စိတ်ထဲမှာ အမြင်နဲ့ပုံဖော်ပြီးကိုဖတ်လာတာ..
ကိုယ်ပါလိုက်ပြေးနေရသလိုပဲ..
အင်း...တွေးကြည့်ရင်ဖြင့်ပြေးတုန်းပါပဲ။
အရေးကောင်းတဲ့..အိမ်မက်...

♥shwe♥gal♥ said...

ကိုဇော်ရေ.
ဖတ်ရင်းနဲ့လိုက်ပြေးလာတာ မောတယ်...
ရေးပေးအုံး ထောက်ခံစာ...(နောက်တာနော်)
ဟုတ်တယ်ကိုဇော်ရေ..ပြေးနေရတယ်..
ဘ၀မှာ..ပြေးနေရင်းနဲ့ပဲပျော်ရွင်ပါစေနော်
ခင်တဲ့
ရွှေဂဲ

သဒ္ဓါလှိုင်း said...

ဖတ်ရင်းနဲ့ပြေးလိုက်ရတာမောနေတာပဲ...။
ဘ၀ကြီးမှာအမြဲပြေးနေရတာပါလားနော်...။
လိုချင်တဲ့နေရာရောက်အောင်ပြေးနိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပါတယ်.။
ခင်မင်စွာ
သဒ္ဓါ

SHWE ZIN U said...

အဲဒါ အရေးမကြီးဘူးဗျို့ စာတွေဖတ်လို့မရဘူး ခါတိုင်းဖတ်နေကြပါ ကိုဇော် ဘာပြောင်းထားသေးလည်း

ကျနော့် ဘလော့ ထဲဝင်ပြီး ဖတ်ကြည့်စမ်းပါဗျာ

သူများပြေးဆိုလို့ ပြေးခိုင်းလိုက်မယ် ပြေးပြေး လွတ်အောင်ပြေး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

white said...

ကိုဇော်တို့ ကတော့တစ်ယောက်တည်းပြေးပြီးပထမရတော့မှာပေါ့နော် :)
ဟုတ်ပါတယ်။ လူ့ ဘဝဆိုသည်မှာ တာဝေးပြေးလမ်းမပေါ်မှာပြေးနေရတာ ပါ။ ကိုယ်ကဆက်မပြေးဘဲရပ်နေမယ်ဆိုရင်ကိုယ်ကိုကျော်တက်သွားမယ့် သူတွေအများကြီးဖြစ်သွားလိမ့်မယ်။ ဒီတော့မရပ်မနားတမ်းပြေးရမှာပေါ့နော်။
ကျွန်မတို့ ဆရာမတစ်ယောက်ပြောဘူးတဲ့ အဆိုအမိန့်  လေးသွားသတိရတယ်။
အသင်ဟာကောင်းကင်ပေါ်မှာပျံသန်းနေတဲ့လေယာဉ်ကြီးနဲ့ ဝေးနေလို့ 
ဝမ်းနည်းပြီး မပြေးဘူးဆို ကိုယ်ကပိုပိုလို့ နောက်မှာကျန်ရစ်နေတတ်တယ်။ ဒါကြောင့် ကိုယ့်မှာရှိနေတဲ့ခွန်အားနဲ့ ပြေးနိုင်သလောက်ပြေးရမယ်။

မောင်ဘကြိုင် said...

ဖတ်ပြီးပြေးပြီ လစ်မှ
ပြေးမလွတ်ရင် လွယ်ဖူးး)း)

sosegado said...

ပြေးတာတော့ဟုတ်ပြီ၊ အဲဒီလူရိုင်းက အမည်းလား၊ အနီလား၊ အဖြူလား၊ အဝါလား၊ ?
အရောင်ကိုကြည့်ပြီး ဘယ်လိုပြေးရမလဲလို့၊းD

kyaw said...

ပြေးတယ်ကိုဇော်ရေ.
ဖောဖောကိုမတ်နေပြီ...ပြေးနေရချက်တော့
ဒီ ပိုစ့်လေးကိုအတော်သဘောကျသဗျာ
လူရိုင်းကဆက်လိုက်နေရင် ကိုဇော် ဘာတွေ
ချွတ်ဦးမှာလည်းလို့  တွေးနေတာ...ဟီးး

မေသိမ့်သိမ့် ကျော် said...

တော်သေးတာပေါ့ လိုက်ဖမ်းတာမဟုတ်လို့...။ အိပ်မက်ထဲ တော်တော်ဇောချွေးပြန်သွားမယ်။း)


ခရီးသွားနေလို့ မရောက်ဖြစ်တာ တောင်းပန်ပါ၏။

ခင်တဲ့
မေသိမ့်

မဒမ်ကိုး said...

အောင်မလေး အကိုရယ် တကယ်ကိုအူတက်သွားတယ် .အလုပ်မှာခိုးဖတ်ရပါတယ်ဆိုမှ အသံကိုထွက်ပြီး မျက်ရည်ပါကျလာလို့ ..တော်သေးတယ် ဘယ်သူမှမရှိတာ ..
ဘာပဲပြောပြောကျေးဇူး
ဒီနေ့နေမကောင်းတာ နဲ့အလုပ်များတာနဲ့စိတ်မကြည်တာ ခုတော့ပေါ့သွားပြီး)

ခင်တဲ့

မဒိုးကန်

နွေမင်းလွင် said...

ဟုတ်ပ ကိုဇော်ရယ်။ မပြေးခင်က ဆွေးနွေးလိုက်ရင် ၂ ယောက်စလုံး မမောတော့ ဘူးပေါ့နော်။ ခု ကိုဇော် အိမ်မက်က နိုးတော့ မဆိုင်တဲ့ လက်လေးနာတာပေါ့။ လိုက်ကြ ပြေးကြတာက ခြေထောက်တွေ။ နာရတော့ လက်နော်။
ခင်မင်လေးစားစွာဖြင့်

ကျောက်ခေတ် said...

အိပ်မက်ကို အတိတ်ကောက်လိုက်တာ ၃၅၇ တဲ့ အင်းနောက်နေ့သွားထိုးဦးမှ :)
ထောက်ခံစာ တောင်တဲ့အခန်းကတော့ အရယ်ရဆုံးပဲ... ဘယ့်နှယ်ဗျာ လူရိုင်းတောင် ရပ်ကွက်ထောက်ခံစာနဲ့ ဘာနဲ့ :P

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.