မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 November 2011

19 မေတ္တာ ပေါင်းကူး တံတား




တစ်ခါက . . . 

တောင်ပေါ်ရွာလေး နှစ်ရွာဟာ ချောက်ကမ်းပါးကြီး တစ်ခုကို အလယ်မှာ ခြားလျက် မျက်နှာချင်းဆိုင် တည်ရှိနေသတဲ့။ ထိုချောက်ကမ်းပါးကလည်း ပေတစ်ရာ နီးပါးလောက် ကျယ်ပြီးတော့ ပေ ၃၀၀ လောက် နက်ကာ အောက်မှာတော့ အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေတဲ့ ချောင်းလေး တစ်ခုကလည်း ရှိနေလေတယ်။ မနက် မိုးလင်းလိုပဲ ဖြစ်ဖြစ် ၊ ညနေ နေဝင်ရီတရောမှာပဲ ဖြစ်ဖြစ် တစ်ဘက်ကနေ တစ်ဘက်ကို လှမ်းကြည့်လိုက်ရင် ရွာလေး နှစ်ရွာဟာ တစ်ရွာကို တစ်ရွာ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်နေရပေမဲ့ ချောက်ကမ်းပါးကြီးက ခြားနေတဲ့ အတွက်ကြောင့် တစ်ဘက်နဲ့ တစ်ဘက် ကူးလူး ဆက်သွယ်ခွင့် မရကြရှာဘူး။

တစ်ဘက်မှာ မြင်နေရတဲ့ ရွာနဲ့ ဒီဘက်က ရွာ ဆက်သွယ်ကြဖို့ ဆိုတာ တောင်ပေါ်ကနေပြီးတော့ တောင်ကို ပတ်ပြီး ဖောက်ထားတဲ့ တောင်ပတ်လမ်းကနေ နှစ်နာရီလောက် ဆင်းသွားပြီးတော့ တောင်ခြေ မရောက်ခင်မှာ ဟိုဘက်ကို သိပ်မဝေးတော့တဲ့ နေရာကနေ တောင်ကို လှမ်းကူးထားတဲ့ ခိုင်ခိုင်ခံ့ခံ့ တံတားလေးကနေ ဟိုဘက် တောင်ကို ကူးပြီးမှ တောင်ပေါ်ကို နောက်ထပ် နှစ်နာရီလောက် တက်ရင် တောင်ပေါ်က ရွာလေးကို ရောက်သွားပြန်တယ်။ ဒီလိုနဲ့ပဲ မြင်နေရတဲ့ တောင်ပေါ် ရွာလေး တစ်ရွာကနေ နောက်ထပ် တောင်ပေါ်ရွာလေး ဆီကို ကူးသန်းကြရတယ်။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ သူတို့ရဲ့ တောင်ပေါ် ရွာလေး နှစ်ရွာရဲ့ ကူးလူး ဆက်ဆံရေးဟာ ဒီလိုပဲ ရှိနေခဲ့တယ်။ လေငြိမ်နေတဲ့ အချိန်ဆိုရင် ဒီဘက် ချောက်ကမ်းပါးမှာ ရပ်နေတဲ့ လူတစ်ယောက်က ဟိုဘက် ချောက်ကမ်းပါးမှာ ရပ်နေတဲ့ လူကို လှမ်းအော်ပြီးတော့ စကားပြောလို့ ရပေမဲ့ တစ်ဘက်နဲ့ တစ်ဘက် ကူးသန်းဖို့ ကျတော့ ဒီဘက် တောင်ပေါ်က ဆင်းပြီးတော့မှ ဟိုဘက် တောင်ပေါ်ကို တက်ကြရတယ်။ အခုလို ကြားမှာ ခြားနေတဲ့ ချောက်ကမ်းပါးကို ကူးသွားနိုင်ဖို့ တံတားဆင်ဖို့ ဆိုတာကလည်း ကြိုးတံတားက လွဲလို့ မဖြစ်နိုင်ဘူး။ 

ဒီလို ကြိုးတံတား တည်ဆောက်ဖို့ သူတို့ အကြိမ်ပေါင်းများစွာ ကြိုးစားဖူးခဲ့တယ်။ လူပေါင်းများစွာ ၊ ပစ္စည်းပေါင်းများစွာနဲ့ လျှောက်လှမ်းနိုင်ဖို့ ဆိုတာ များစွာသော ဝန်ကို တံတားက ထမ်းထားရမှာ ဖြစ်လို့  တံတားကို အဓိက ထမ်းပိုးထားမဲ့ ကြိုးဟာလည်း အလွန်အားကောင်းပြီး ကျစ်လျစ် တုတ်ခိုင်တဲ့ ကြိုးဖြစ်ဖို့ လိုတယ် လို့ သူတို့ တွေးခဲ့ကြတယ်။ ဒါကြောင့် တံတားထိုးဖို့ ကြိုး အလုံးကြီးကြီးကို တစ်ဘက်ကမ်းကနေ ဟိုဘက် ကမ်းကို ရောက်အောင် ဘယ်လို ပို့ရမယ် ဆိုတာကို စဉ်းစား မရခဲ့ကြဘူး။ လူပေါင်းများစွာရဲ့ အလေးချိန် ၊ ပစ္စည်း အထွေထွေရဲ့ အလေးချိန်ကို ခံနိုင်ဖို့ ကြိုးတံတားကို ကြိုး အလုံး ကြီးကြီး နဲ့ သွယ်ဖို့ ထိုကြိုးအလုံးကြီးကို တဘက်ကမ်းဆီ ရောက်အောင် ဘယ်လိုမှ ဆက်သွယ် မရခဲ့ဘူး။

ကြိုးလုံးကြီးကို ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းကို ရောက်အောင် လှမ်းပစ်တော့လည်း ဘယ်လိုမှ ဟိုဘက်ကမ်းကို မရောက်နိုင်။ သူတို့ ဟိုဘက် ကမ်းကို ကူးတဲ့ လမ်းကြောအတိုင်း ကျတော့လည်း ခရီးလမ်းက ရှည်တော့ ဘယ်လိုမှ ကြိုး အရှည်က မရောက်နိုင်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ဟိုဘက်ရွာနဲ့ ဒီဘက်ရွာဟာ ကူးလူးဆက်ဆံမှုက တောင်ပေါ်မှ တောင်ခြေကို ဆင်း ၊ တောင်ခြေမှ တခြားတောင်ခြေကို ကူးကာ တောင်ပေါ်ကို ပြန်တက်ရတဲ့ နည်းလမ်း တစ်ခုတည်းနဲ့တင် သူတို့ ရွာနှစ်ရွာရဲ့ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေစေခဲ့တယ်။ မြင်နေရတဲ့ တောင်ပေါ်မှ ချောက်ကမ်းပါးမှာ ဟိုဘက် ဒီဘက် ကူးဖို့ ကြိုးတံတား တည်ဆောက်ရေးကိုတော့ အားလုံးက မဖြစ်နိုင်ဘူး ဆိုတာ လျစ်လျူရှူ့ကာ မေ့ထားလိုက်လေတော့တယ်။



တစ်နေ့တော့ . . .  .

သူတို့ရဲ့ တောင်ပေါ် ရွာလေးဆီကို လူငယ် တစ်ယောက် ရောက်ရှိလာခဲ့တယ်။ အဲဒီ လူငယ်က တောင်ပေါ်ကနေပြီးတော့ လှမ်းကြည့်လိုက်တော့ ချောက်ကမ်းပါးသာ ခြားနေတဲ့ ဟိုဘက်က ရွာကို မြင်ပြီး ဒီချောက်ကမ်းပါးကို ကြိုးတံတားလေး ထိုးလိုက်ရင် ဟိုဘက် ဒီဘက် လွယ်ကူသွားမယ် ဆိုတဲ့ အကြောင်းကို ပြောလာခဲ့တယ်။ သူ့ဆီက စကားကို ဘယ်သူကမှ အရေးတယူ မရှိကြပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီလို အကြံကို သူတို့ တောင်ပေါ်ရွာက လူတွေ ရခဲ့တာ နှစ်ပေါင်းများစွာ ရှိနေခဲ့ကြပြီးတော့ ကြိုးတံတားလေး မထိုးနိုင်တာကလည်း အကြံရပြီးကတည်းက နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီ မဟုတ်ပါလား။ တကယ်ကို ကြိုးစားခဲ့ကြသူတွေလည်း ရှိခဲ့ပါတယ်။ သူတို့ အားလုံးလည်း တံတားထိုးဖို့ ကြိုးလုံးကြီးကို ဟိုဘက် ကမ်းကို ရောက်အောင် ဘယ်လိုမှ အောင်မြင်အောင် မကြိုးစားနိုင်ခဲ့ဘူး။

ဟိုဘက် ဒီဘက်ကို လှမ်းမြင်နေရတဲ့ တောင်ပေါ်ရွာလေး နှစ်ရွာကို ကြည့်ပြီး ကြိုးတံတား ထိုးဖို့ စိတ်အား ထက်သန်နေတဲ့ လူငယ်လေးကို ရွာက လူတွေ အားလုံးက ဝိုင်းပြီးတော့ နှစ်သိမ့်ကြတယ်။ သူတို့လည်း နှစ်ပေါင်းများစွာ ကတည်းက ဒီစိတ်ကူးကို ရခဲ့ကြဖူးပြီးတော့ ကြိုးစားကြဖူးကြောင်း ဒါပေမဲ့ လူအား ဝန်အားကို ခံနိုင်တဲ့ ကြိုးလုံး တုတ်တုတ်ကြီးတွေကို ဟိုဘက် ကမ်းကို ရောက်အောင် ဘယ်လိုမှ ပို့လို့ မရလို့ ဒီအတိုင်းသာ ထိုင်နေရတာ ဖြစ်ကြောင်း ဖျောင်းဖျကြတယ်။ သူတို့ရဲ့ စကားကို ကြားတော့ အလည်ရောက်နေတဲ့ လူငယ်လေးက သူတို့ကို ကြည့်ပြီးတော့ အံ့သြသွားတယ်။

“ ဒီကိစ္စကို မပူပါနဲ့။ ဟိုဘက်ကမ်းကို ရောက်အောင် ကြိုးပို့ဖို့ ခက်နေတယ် ဆိုရင် ဒါကို ကျွန်တော် ကူညီပေးလို့ ရပါတယ်။ ဟိုဘက် ဒီဘက် ကြိုးတစ်စ ဆက်သွယ် လိုက်နိုင်ပြီ ဆိုတာနဲ့ ကြိုးတံတား တည်ဆောက်ဖို့ အဆင်ပြေ သွားမှာပါ။ ကြိုးတံတား ထိုးဖို့ စိတ်ကူး ရှိတယ် ဆိုရင် ကျွန်တော် ပြောသလိုသာ လုပ်ပါ။ ”

ဆိုပြီး ပြောတယ်။ ရွာက အတွေ့အကြုံ ကြွယ်ဝသူတွေကလည်း လူငယ်လေးရဲ့ တတ်ကြွမှုကို မတားချင်ပေမဲ့လည်း နှစ်ပေါင်းများစွာ သူတို့ နည်းလမ်းပေါင်းများစွာနဲ့ ကြိုးစားမှုကို ကိုယ်တွေ့ ခံစား သိရှိထားတော့ လူငယ် ပြောတာကို ဘယ်လိုမှ ဖြစ်နိုင်မယ် မထင်မိဘူး။ ဒါကြောင့် သူတို့ စိတ်မပါ လက်မပါနဲ့ ခေါင်းငြိမ့်ခဲ့ကြတယ်။ လူငယ်လေး ဘယ်လို ပြင်ဆင်မယ် ဆိုတာ မသိပေမဲ့ အားတတ်သရော မရှိကြဘူး။ ပြီးတော့ လူငယ်လေး ရဲ့ တံတားထိုးဖို့ လိုအပ်တယ် ဆိုတဲ့ ပြင်ဆင်မှုကိုလည်း ကြားရရော သူတို့ အားလုံး လူငယ်လေးကို ဝိုင်းပြီးတော့ နားမလည်နိုင်သလို ကြည့်ကြတယ်။ လူငယ်လေးက သူ့ရဲ့ လိုအပ်ချက်ကို ပြောပြတယ်။

" ကျွန်တော် အခု လောလောဆယ် လိုအပ်နေတာက စာပို့ခိုလေး တစ်ကောင်နဲ့ အပ်ချည်ကြိုး ရှည်ရှည် တစ်လုံးပါပဲ။ "

လို့ ဆိုတယ်။ လူငယ်လေးရဲ့ စကားကိုလည်း ကြားရော အားလုံးက လူငယ်လေးကို စိတ်မနှံ့သူလို့ ယူဆလိုက်မိသလို ဖြစ်သွားကြတယ်။ ဒါပေမဲ့ လူငယ်လေးကတော့ တည်ကြည်စွာ ဆက်လက် တောင်းဆိုနေခဲ့တယ်။ လူပေါင်းများစွာ ၊ အလေးချိန် များသော ပစ္စည်းပေါင်းများစွာနဲ့ ဖြတ်သန်းမဲ့ ကြိုးတံတားကို ဆောက်ဖို့ ခိုင်ခန့်တဲ့ ကြိုးတွေကို မတောင်းဘဲနဲ့ အပ်ချည်ကြိုးကိုပဲ တောင်းနေတော့ လူငယ်လေးကို နားမလည်နိုင်အောင် ဖြစ်ကြရတယ်။ ဒါပေမဲ့  လူငယ်လေး ထပ်ကာ ထပ်ကာ တောင်းဆိုနေတဲ့ အတွက် လူငယ်လေး လိုချင်တာကို စိတ်မပါဘဲ ပေးလိုက်ကြတယ်။

စာပို့ခို နဲ့ အပ်ချည်ကြိုး ရပြီ ဆိုတာနှင့် တပြိုင်နက် လူငယ်လေးက စာပို့ခိုလေးရဲ့ ခြေထောက်မှာ အပ်ချည်ကြိုးကို ချည်ကာ ဟိုနား ဒီနား လိုသလို ပျံသန်းနိုင်အောင် လေ့ကျင့်နေခဲ့တယ်။ လူငယ်လေးရဲ့ ရည်ရွယ်ချက်ကို သေချာ မသိသေးတဲ့ အတွက် ရွာခံလူတွေ အားလုံးကတော့ လူငယ်လေးကို သနားဂရုဏာ သက်နေကြတယ်။ လူငယ်လေးကတော့ ဘယ်သူ့ကိုမှ ဘာမှ မပြောတော့ဘဲ သူလုပ်စရာ ရှိတာကိုသာ လုပ်နေတော့တယ်။



ရက်အနည်းငယ် ကြာတော့ လူငယ်လေးက သူ လေ့ကျင်ပေးထားတဲ့ ခိုလေးကို ကိုင်ပြီးတော့ ရွာမှာ ရှိနေတဲ့ လူကြီးတွေ အားလုံးကို ခေါ်ယူကာ စုစည်းလိုက်တယ်။ ပြီးမှ . . .

" ကျွန်တော် ဒီနေ့က စပြီး ဟိုဘက် တောင်ပေါ်ရွာနဲ့ ဒီဘက် တောင်ပေါ်ရွာ နှစ်ရွာကို ဆက်သွယ်တဲ့ ကြိုးတံတားကို စဆောက်ပါတော့မယ်။ ဒါ့ကြောင့် ကျွန်တော့်ကို လိုတာလေးတွေ ဝိုင်းဝန်း ကူညီကြပါ။ "

လို့ ဆိုတယ်။ ဘယ်လို ဆောက်မယ် ဆိုတာ မသိပေမဲ့ တကယ် ဆောက်မယ် ဆိုတော့ အားလုံးလည်း တတ်ကြွလာကြတယ်။ ဝိုင်းဝန်း ကူညီဖို့ အားတတ်သရော ပြင်ဆင်ကြတယ်။ လိုအပ်တာတွေ အားလုံး အဆင်သင့်ဖြစ်ပြီ ဆိုတော့ လူငယ်လေးက သူလေ့ကျင့်ပေးထားတဲ့ ခိုလေးကို ကိုင်ပြီး ချောက်ကမ်းပါးကြီးရဲ့ အစွန်းမှာ ရပ်လိုက်တယ်။ ပြီးတော့ ဟိုဘက်မှာ လှမ်းမြင်နေရတဲ့ တောင်ပေါ်ရွာလေးကို လှမ်းကြည့်လိုက်တယ်။ ဟိုဘက်တောင်ပေါ်ရဲ့ ချောက်ကမ်းပါး အစွန်းမှာလည်း သူတို့ နှစ်ရွာကို ပေါင်းကူး တံတားလေး ဆောက်ပေးမယ် ဆိုတဲ့ အသိကြောင့် အားလုံး လိုလိုက လူငယ်လေးကို မျှော်လင့်ခြင်းကြီးစွာသော မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။

အားလုံးကို တစ်ချက် ဝေ့ကြည့်ပြီးတော့ လူငယ်လေးက သူ့လက်ထဲမှာ ကိုင်ထားတဲ့ စာပို့ခိုလေးကို ကောင်းကင်ယံသို့ လွှင့်မြှောက်ကာ ပျံသန်းစေလိုက်တယ်။ ဒီလို ပျံသန်းခွင့် ရသွားပြီ ဆိုရင်ပဲ စာပို့ခိုလေးဟာ လူငယ်လေး လေ့ကျင့်ပေးထားတဲ့ အတိုင်း ဟိုဘက် တောင်ကမ်းပါးမှာ ရှိနေတဲ့ လူတွေဆီကို ဦးတည်ပျံသန်းသွားတယ်။ ခိုလေးရဲ့ ခြေထောက်မှာ လူငယ်လေး ချည်နှောင်ပေးလိုက်တဲ့ အပ်ချည်ကြိုးလေးဟာ ဝေ့ဝဲပြီး ပါသွားတယ်။ အပ်ချည်ကြိုးကို ခိုလေးက ဆွဲယူပျံသန်းသွားတယ် ဆိုရင်ပဲ လိပ်ချည်ထားသော အပ်ချည်လုံးထဲမှ အပ်ချည်ကြိုးများကလည်း တလှစ်လှစ်နဲ့ ခိုလေး ပျံသန်း ဆွဲရာ နောက်ကို ဖြေလျော့ကာ ထွက်လိုက်သွားတယ်။

ပျံသန်းသွားတဲ့ ခိုလေးဟာ ဟိုဘက် ကမ်းပါးကိုလည်း ရောက်ရော ဟိုဘက်မှာ စောင့်နေတဲ့ လူတစ်ယောက်က ခိုလေးကို လှမ်းဖမ်းယူလိုက်ပြီးတော့ ခိုလေးရဲ့ ခြေထောက်မှာ ချည်နှောင်ပေးလိုက်တဲ့ အပ်ချည်ကြိုးကို ဖြုတ်ယူလိုက်ပြီး ခိုလေးကို လှောင်အိမ်ထဲ ထည့်လိုက်တော့တယ်။ သူ့လက်ထဲမှာ ရောက်ရှိနေတဲ့ အပ်ချည်ကြိုးကို ဆွဲယူလိုက်တော့ လျော့တိ လျော့ရဲနဲ့ ဖြစ်နေတဲ့ အပ်ချည်ကြိုးလေးဟာ ခပ်တင်းတင်းလေး ဖြစ်လာခဲ့တယ်။ တင်းလာတာနဲ့ အမျှ အပ်ချည်ကြိုးရဲ့ ပထမ စမှတ် ဖြစ်တဲ့ လူငယ်လေး ကိုင်ထားတဲ့ အပ်ချည်ကြိုး နေရာနဲ့ တစ်ဘက်က အပ်ချည်ကြိုး တို့ဟာ ဆက်သွယ်ထားသော ကြိုးတစ်ချောင်း ဖြစ်လာခဲ့တော့တယ်။

ဟိုဘက် ဒီဘက် ဆက်သွယ်ထားတဲ့ ကြိုးတစ်ချောင်းတော့ ဖြစ်လာခဲ့ပြီ။ ဒါပေမဲ့ ဒီကြိုးဟာ အပ်ချည်ကြိုးလေးမျှသာ ဖြစ်တယ်။ ဒီအပ်ချည်ကြိုးလေးပေါ်မှာတော့ ဘယ်လိုမှ လူသွားလို့ ရနိုင်တဲ့ တံတားဆောက်လို့ မရဘူး ဆိုတာ အားလုံးလည်း သိကြတယ်။ နှစ်ဘက် ရွာသားတွေ အားလုံး ကြောင်ပြီးတော့ ကြည့်နေတုန်းမှာ လူငယ်လေးက သူ့ဘက်မှာ ရှိနေတဲ့ အပ်ချည်ကြိုးစ ရဲ့ တစ်ဘက်ကို နောက်ထပ် ပိုးကြိုး ခပ်ကြီးကြီး တစ်ချောင်းနဲ့ ချည်လိုက်ပြန်တယ်။ ပြီးတော့ ဟိုဘက် ကမ်းပါးမှာ ကြိုးစ ကိုင်နေတဲ့ လူဆီကို လှမ်းဆွဲဖို့ အချက်ပြလိုက်တယ်။

သူ အချက်ပြလိုက်တယ် ဆိုရင်ပဲ ဟိုဘက်ကမ်းပါးမှာ အပ်ချည်ကြိုးလေး ကိုင်ပြီး စောင့်နေတဲ့ လူက အပ်ချည်ကြိုးစကို ဆွဲတော့တယ်။ ဒီတော့ ဒီဘက်မှာ အပ်ချည်ကြိုးနဲ့ ချည်ထားတဲ့ ပိုးကြိုးဟာ အပ်ချည်ကြိုးနဲ့ ချည်နှောင်မိပြီး ပါသွားတော့တယ်။ ဒီလိုနဲ့ ဟိုဘက် ကမ်းပါးက လူက ဆွဲရင်း ဆွဲရင်းနဲ့ သူ့ရဲ့ လက်ထဲကို အပ်ချည်ကြိုးက ကုန်ပြီးတော့ ပိုးကြိုးလေးက ရောက်သွားတော့တယ်။ ဒီလို အချိန်ကျတော့ ဒီဘက်က လူငယ်လေးက ပိုးကြိုးမှာ နိုင်လွန်ကြိုး တစ်ချောင်းကို ထပ်ပြီးတော့ ချည်နေလေပြီ။

ပြီးတော့ ဟိုဘက်ကမ်းပါးက လူကို ဆွဲခိုင်းလေတော့တယ်။ ဒီလိုနဲ့ ဟိုဘက်က ဆွဲလိုက် ၊ ဒီဘက်က လက်ရှိ ကြိုးထက် ပိုကြီးတဲ့ ကြိုးကို ထပ်ဆင့် ချည်နှောင်ပေးလိုက်နဲ့ တဖြေးဖြေး မူလ အပ်ချည်ကြိုးကနေ ဘာမှ မဆိုင်သော ကြိုးလုံး ကြီးကြီးများ ဖြစ်လာတယ်။ ထပ်ဆွဲရင်း ထပ်ချည်ရင်းနဲ့ နောက်ဆုံးမှာ ကြိုးလုံး အကြီးကြီးတွေ ဖြစ်တဲ့ ကြိုးတံတားဆောက်ဖို့ ကြိုးတွေကို ဆွဲလာနိုင်တော့တယ်။ ဒီလို ကြိုးလုံး အကြီးတွေကို ဆွဲတဲ့ အခါမှာတော့ ဒီဘက်ကမ်းပါးက ကမ်းပေးနေတဲ့ လူတွေကလည်း လူငယ်လေး တစ်ယောက်တည်းနဲ့ မရတော့သလို ဟိုဘက်ကမ်းပါးက ဆွဲနေတဲ့ လူကလည်း လူတစ်ယောက်တည်းနဲ့ မရတော့ဘဲ အားလုံး စုပေါင်းပြီး ဝိုင်းဆွဲကြတယ်။ ဒါပေမဲ့ ဒီလို ဆွဲရတဲ့အတွက် သူတို့ ပျော်နေကြတယ်။

ဘယ်လိုပဲ ဖြစ်ပါစေ . . . .

နောက်ဆုံးမှာတော့ သူတို့ ရည်မှန်းထားတဲ့ ကြိုးတံတားဆောက်ဖို့ ကြိုးလုံးကြီးကြီးတွေကို ဟိုဘက်ကမ်းပါးကို ရောက်အောင် ပို့နိုင်ခဲ့တော့ပါတော့တယ်။ နှစ်ပေါင်းများစွာ ဟိုဘက် ကမ်းပါးကို ကြိုးလုံးကြီးတွေ ရောက်အောင် ပို့ခဲ့တာ မအောင်မြင်ခဲ့သမျှ ဒီနေ့မှာတော့ ၊ ဒီအကြိမ်မှာတော့ အောင်မြင်ခဲ့ပါပြီ။ ဒါပေမဲ့ ဘယ်လို ရအောင် ပို့ခဲ့တယ် ဆိုတာကိုတော့ မျက်မြင်မဟုတ်ရင် ယုံနိုင်စရာကို မရှိပါ။ လူပေါင်းများစွာ ၊ ကုန်ပစ္စည်းပေါင်းများစွာရဲ့ အလေးချိန်ဒဏ်ကို ခံနိုင်အောင် ဆောက်မဲ့ ကြိုးတံတားရဲ့ ဆိုင်းခံကြိုးလုံးကြီးတွေကို အပ်ချည်ကြိုး သေးသေးလေးတွေနဲ့ ဆွဲယူသွားတယ်လို့ ပြောရင် ယုံနိုင်ကြမှာ မဟုတ်ပါဘူး။

ဒါပေမဲ့  . . .  ဒါဟာ တကယ်ကို ဖြစ်ခဲ့တာပါ။ ဟိုဘက် ကမ်းပါးကို တံတားဆောက်ဖို့ ကြိုးလုံးကြီးတွေ ရောက်ပြီး မကြာခင်မှာပဲ သူတို့ နှစ်ပေါင်းများစွာ မျှော်လင့်နေခဲ့သော ကြိုးတံတား တစ်ခုကို အောင်မြင်စွာ ဆောက်လုပ်နိုင်ခဲ့ပါတော့တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။



ဒီပုံပြင်လေးက ကျွန်တော့်ရဲ့ စိတ်ကူးထဲက အတိုင်း ပုံဖော်ရင်း ချရေးလိုက်တာပါ။ တခြားရည်ရွယ်ချက်လေး ရှိပါသေးတယ်။

တကယ်တော့ ကျွန်တော် ရည်ရွယ်ချင်တာက လူတစ်ယောက်နဲ့ တစ်ယောက် ၊ မိတ်ဆွေ တစ်ယောက်နဲ့ တစ်ယောက် ၊ မိဘ နဲ့ သားသမီး ၊ ချစ်သူ နှစ်ဦး ၊ အိမ်ထောင်ဖက် နှစ်ဦး တို့ တစ်ယောက်နဲ့ တစ်ယောက် " မေတ္တာ ပေါင်းကူး တံတား " တည်ဆောက်တဲ့ အခါမှာ တစ်ယောက်က တစ်ယောက်ကို လောဘကြီးစွာ နဲ့ ကိုယ့်ရဲ့ ကမ်းပါးကနေ တစ်ဘက် ကမ်းပါးကို ရောက်အောင် တံတားထိုးမိစေဖို့ အလောတကြီးနဲ့ ခိုင်ခံ့သော ကြိုးလေးလေးကြီးများဖြင့် လှမ်းပစ် ချည်နှောင်တတ်ကြပါတယ်။

ဒီတော့ ကြိုးရဲ့ အလေးဒဏ် ၊ ခရီးရဲ့ ကွာဟမှုကြောင့် လိုအပ်တဲ့ နေရာကို မရောက်နိုင် ၊ လမ်းခရီးမှာပဲ အချိန်တွေ ၊ အင်အားတွေ ဆုံးရှုံးရတတ်ပါတယ်။ ဒီလို ကြိမ်ဖန်များစွာ ဖြစ်လာခဲ့ရင် အချိန်တွေ ကုန်ဆုံးပြီးတော့ စိတ်ဓါတ် အင်အားတွေပါ ကုန်ဆုံးတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် " မေတ္တာ ပေါင်းကူး တံတား " တည်ဆောက်ဖို့ အတွက် ဆိုတာ အထက်က ပုံပြင်လေး အတိုင်းပါပဲ။ သံယောဇဉ် ဆိုသော အပ်ချည်ကြိုးမျှင်လေးက စပြီးတော့ တစ်ပတ်ချင်း ၊ တစ်ရစ်ချင်း ရစ်ပတ် နှောင်ဖွဲ့ သွားပြီးမှ ဒီ့ထက် ခိုင်မာသော ကြိုးများဖြင့် တည်ဆောက်ရင် ထာဝရ ခိုင်မြဲနိုင်သော သူနဲ့ ကိုယ်တို့ရဲ့ " မေတ္တာ ပေါင်းကူး တံတား " ဖြစ်လာနိုင်ပါလိမ့်မယ်လို့ ထင်ပါတယ်။

နောက်တစ်ခု ရှိနေတာက ကြိုးကြီးကြီးနဲ့ ရစ်ပတ်ရင် လေဟာနယ် ပိုများပါတယ်။ ကြိုးသေးသေးနဲ့ ရစ်ပတ်လေ ပိုပြီးကျစ်လျစ်ကာ နေရာ မလပ်သော လေဟာနယ် နည်းစေနိုင်မှာပါ။ အဲဒီ့ကြိုးဟာ သေးငယ်ပေမဲ့ ပြတ်တောက်ဖို့ ခက်သော " သံယောဇဉ် ကြိုး " မဖြစ်သင့်ဘူးလားဗျာ။

စာဖတ်သူ အားလုံးလည်း ထာဝရ တည်တံ့ခိုင်မြဲသော " မေတ္တာ ပေါင်းကူး တံတားများ " တည်ဆောက်နိုင်ကြပါစေ။



" တချို့နေရာတွေမှာ တောင်တန်းတွေ ရှိနေလိမ့်မယ်။ 
တချို့နေရာတွေမှာ ချိုင့်ဝှမ်းတွေ ရှိနေလိမ့်မယ်။ 
တောင်ပေါ်နေရာ ရောက်တဲ့ အခါ အထက်နဲ့ နီးသွားသလို အောက်ကို ငုံ့ကြည့်ရတာ အရသာ . . . 
ချိုင့်ဝှမ်းထဲ ရောက်တဲ့ အခါ အောက်ခြေကို စူးစမ်းရပြီး ကောင်းကင်ကို မော့ကြည့်ရတာ အရသာ . . 
တချို့နေရာတွေမှာ ကမုကထစ်တွေ ၊ အဖုအထစ်တွေ ရှိနေလိမ့်မယ်။
တချို့နေရာတွေမှာ တွင်းတွေ ၊ ပက်ကြားအက်တွေ ရှိနေလိမ့်မယ်။ 
ဘယ်လိုပဲ ဖြစ်နေပါစေ . . . 
မညီမညာ ဖြစ်နေရတာကိုက အပြောင်းအလဲလေး တစ်ခုပဲ မဟုတ်လား။ ညီညီညာညာသာ ဖြတ်သန်းခဲ့ရရင် ဘဝဆိုတာ ဘာမှ အမှတ်ရစရာ ရှိတော့မှာ မဟုတ်ဘူး။ ရင်ခုန်မှုတွေနဲ့ အတူ ဘဝကို အမှတ်တရတွေ နဲ့ ဖြတ်သန်းကြမယ်။ "


*** လေးစားရသော ဦး- - - နဲ့ ဒေါ် - - -  တို့ရဲ့ ၉.၁၁.၂၀၁၁ မှာ ကျရောက်သော မင်္ဂလာ နှစ်ပတ်လည်နေ့ အတွက် အမှတ်တရ ရေးပါသည်။ ***


လေးစားစွာဖြင့်
ကိုဇော်
9.11.2011

Share/Bookmark

19 ယောက် ရဲ့ ထင်မြင်ချက်:

ညီရဲ said...

ကောင်းလိုက်တဲ့ ဥပမာလေး ကိုဇော်ရေ...
လူငယ်လေးရဲ့ ဥာဏ်ပညာနဲ့ လူအများကြီးကို ပျော်ရွှင်စေခဲ့တာပေါ့....
သံယောဇဉ်ကြိုးကတော့ ကမ္ဘာပေါ်မှာ အခိုင်ဆုံး ကြိုးဖြစ်လိမ့်မယ်နဲ့ တူတယ်နော်...

မဒမ်ကိုး said...

ရင်ထဲကိုလှုပ်ခတ်သွားနိုင်တဲ့အထိ ကိုကောင်းလွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ပါဘူး အကို ..
တကယ်ခံစားမှတ်သားသွားပါတယ် ..
ခင်တဲ့

မိုးယံ said...

တိုက်ဆိုင်လိုက်တာများကွာ....

ဖေဖေါ်ဝါရီကိုးရက်..

Angel Shaper said...

ကြိုးကြီးကြီးနဲ့ ရစ်ပတ်ရင် လေဟာနယ် ပိုများပါတယ်။ ကြိုးသေးသေးနဲ့ ရစ်ပတ်လေ ပိုပြီးကျစ်လျစ်ကာ နေရာ မလပ်သော လေဟာနယ် နည်းစေနိုင်မှာပါ။ အဲဒီ့ကြိုးဟာ သေးငယ်ပေမဲ့ ပြတ်တောက်ဖို့ ခက်သော " သံယောဇဉ် ကြိုး " မဖြစ်သင့်ဘူးလားဗျာ။

မှန်ပေအိ။ အရမ်းကို နှစ်ခြိုက်မိတယ်။

ဒီကောင်မလေး said...

ဥပမာလေးကော ရည်ညွှန်းချက်လေးကပါ တအားကောင်းနေပါတယ် မှတ်သားသွားပါတယ် အကို

လေးစားလျှက်

ဟေမာ

အနော် said...

သေးမျှင်တဲ့ ကြိုးစလေးတွေပေမဲ့ သံယောဇဉ်နဲ့သာ ဆက်သွယ်ရင် ခိုင်ခန့်တဲ့ ကြိုးမျှင်လေးတွေ ဖြစ်လာနိုင်တယ်.. အဓိက ကတော့ ဆက်သွယ်ဖို့အတွက် သတိတရရှိဖို့နဲ့ ကိုယ်တိုင် အားစိုက်ထုတ်မှုသာ လိုအပ်တာပါပဲ..

စံပယ်ချို said...

မသိပါဘူးခေါင်းစဉ်ကြည့်ပြီး လူပျိုကြီးတော့
ပေါင်းကူးပြီထင်နေတာပေါ့
ဖတ်ကြည့်မှပဲ အော်ဒီလိုလား
လူငယ်လေးရဲ့ ဥာဏ်ပညာနဲ့ လူအများကြီးကို ပျော်ရွှင်စေခဲ့တာ အတုယူဖို့ကောင်းပါတယ်။
သံယောဇဉ်ဆိုတဲ့သေးမျှင်တဲ့ ကြိုးလေးကိုချည်နှောင်ဖို့
ကျိုးစားပါနော်...
ခင်မင်တဲ့ မုန်လာထုပ်(မောင်တစ်လုံးပေးသောနာမည်)

Angelhlaing(May everybody be happy and healthy! said...

ဥပမာပေးလေးက ထိထိမိပါပဲ အကို...
ကျေးဇူးပါလို့....

Anonymous said...

ကောင်းလိုက်တာ ...
အားပေးလျှက်ပါ။


ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သယာချမ်းမြေ့ပါစေရှင်း
မိုး

Cameron said...

ပုံပြင်လေးကသိပ်ကောင်းတာပဲ...း) ဥပမာအလကာင်္နဲ့ဖွဲ့ပြထားတာလေးကောင်းတယ်..။

ခင်တဲ့
မိုးငွေ့

mstint said...

ပုံပြောကောင်းတဲ့ တားတားဇော်ရေ။ အတွေးလေးတွေ ကောင်းမှကောင်း မာမီ့ကိုလည်းသင်ပေးအုံးလေ။ ကိုယ်တိုင်မရေးတတ်ပေမယ့် ဖတ်အားတော့ရတယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သတိုး said...

ပုံပြင်လေးက လှလိုက်တာ..။ နောက်ဆုံးမှာ ဆက်စပ်ဆွဲယူပြလိုက်တာ တကယ်ကို good idea ပဲ။

sosegado said...

ပုံပြင်လေးနဲ့
ဖြတ်သန်းခဲ့ရတဲ့ဘဝတွေ……….
အလွန်ကောင်းတဲ့ ပို့စ်ပါပဲ။

သဒ္ဓါလှိုင်း said...

တဖြည်းဖြည်းနဲ့ ရစ်ပတ်ခဲ့တဲ့ ကြိုးသေးသေးလေးက ပိုလို့ခိုင်မြဲတဲ့ သံယောဇဉ်ကြိုးလေးအဖြစ် မေတ္တာပေါင်းကူး တံတားတခု ဖြစ်ချင်ပါတယ်.။
ခင်မင်တဲ့
သဒ္ဓါ

Unknown said...

အရမ်းကောင်းတယ်ဗျာ။
ရင်ထဲထိသွားတယ်

ခင်လျက်
ဂျွန်မိုး

မအိမ်သူ said...

မမြင်ရတဲ့ သံယောဇဉ်ကြိုးမျှင်လေးတွေက တသက်တာ ခိုင်ခံ့တတ်ပါတယ်။ ကြိုးမျှင်လေးတွေယှက်နွယ်ပြီး လောကကြီးထဲမှာ မေတ္တာပေါင်းကူးတံတားတွေ အများကြီးတည်ဆောက်နိုင်ကြပါစေ။

ကိုကိုမောင်(ပန်းရနံ့) said...

တကယ်ကောင်းတဲ့ အိုင်ဒီယာလေးပါဘဲ။
ဒီလို ပေါင်းကူးတံတားမျိုး လူသားတိုင်းစိတ်အစဉ်မှာ ထိုးထားနိုင်ကြရင် ဘယ်လောက်များ ကောင်းလိမ့်မလဲ။

ခင်မင်လျှက်

မေသိမ့်သိမ့် ကျော် said...

မေတ္တာသံယောဇဉ်ကြိုးလေးတွေ တဖြည်းဖြည်းရစ်ပတ်နှောင်ဖွဲ့ပြီး ခိုင်မြဲသွားစေတာကို ဥပမာပုံပြင်လေးနဲ့ ပြောထားတာ အရမ်းကို သဘောကျမိပါတယ်ရှင်။ ပုံပြင်ထဲက ခရီးသွားလေး စိတ်ကူးလေးကိုလည်း နှစ်ခြိုက်သဘောကျမိပါရဲ့။

ခင်တဲ့
မေသိမ့်

SHWE ZIN U said...

မိုက်တယ် ကိုဇော်ရေ

ပုံပြင်လေး ကို ကြိုက်သွားသလို အတွေး လေး တွေ ကိုလည်း ကြိုက်တယ်

ခင်မင်တဲ့
ရွှေစင်ဦး