မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 October 2011

24 အရင်းအနှီး



အမှာ. . . 

တကယ်တော့ ကျွန်တော် ဒီပို့စ်လေးကို ရေးဖြစ်လိမ့်မယ်လို့ မထင်ပါဘူး။ ဒီအထဲက အကြောင်းအရာလေးတွေကို တိုတိုတိတိလေးတွေ အနေနဲ့သာ ရေးမယ်လို့သာ စဉ်းစားထားခဲ့တာပါ။ ဒါပေမဲ့ စိတ်ထဲမှာ မတင်မကျနဲ့မို့ ရေးလိုက် ဖျက်လိုက် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးတော့ အဖြစ်အပျက် အစအဆုံး ရေးမယ်လို့ပဲ ဆုံးဖြတ်လိုက်ပြီးတော့ ချရေးလိုက်တာပါ။ ဒီအဖြစ်အပျက်လေးဟာ မြန်မာနိုင်ငံ အလည် ပြန်တုန်းက ကြုံတွေ့ခဲ့ရတာလေးပါ။ ဖတ်လို့ကောင်းအောင် ဇာတ်အိမ်လေးနဲ့ တင်ပြထားတာက လွဲလို့ တကယ့် အဖြစ်အပျက် တစ်ခုပါပဲ။ တစ်ခုခုတော့ ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

လေးစားစွာဖြင့်
ကိုဇော်




" - - - - - - - - - "

“ ဒီလောက်နဲ့တော့ ဒီခေတ်ကြီးမှာ ဘာမှ မဟုတ်ဘူးကွ။ ”

“ - - - - - - - - -  ”

“ ဟေ့ကောင် များတယ် လုပ်မနေနဲ့။ xxx ဆိုတာ ဒီခေတ်မှာ မြေကွက်လောက်ပဲ ရတာ ၊ ကံကောင်းမှ တဲအိမ် ခပ်စုတ်စုတ်လေးတော့ ပါချင် ပါလာလိမ့်မယ်။ ”

“ - - - - - - - - -  ”

“ မှန်တယ်။ အခုက အလကား လုပ်ပစ်တာ မဟုတ်ဘူးလေ ၊ ရင်းနှီးတာ . . . ရင်းနှီးထားတာ . . . ဒါက အရင်းအနှီး တစ်ခုပဲလေ။ ”

“ - - - - - - - - -  ”

“ ဒီထက်တော့ ဘယ်လိုမှ လျော့ပြီးတော့ ရင်းနှီးလို့ မရဘူးကွ။ အခု လောလောဆယ် အားလုံး မဖြစ်နိုင်ဘူး ဆိုရင်လည်း တစစ တတ်နိုင်သလောက် ထည့်ဝင်ပြီးတော့ ရင်းနှီးရတာပဲ။ ဒါထုံးစံပဲလေ။ ”

“ - - - - - - - - -  ”

“ အစစ်ပဲ ဟေ့ကောင် ၊ ဒီခေတ်က အရင်းအနှီး မရှိဘဲ ဘာမှ လုပ်လို့ မရတဲ့ ခေတ်ကွ။ ဒါကြောင့် အခု လောလောဆယ် မြေကွက်လေး ဆွဲထားလိုက်တော့မယ်။ ဘယ်လိုလဲ။ ”

“ - - - - - - - - -  ”

“ အိုကေ . . . ဒါဆို ငါ လုပ်ထားလိုက်တော့မယ်။ ဘိုင်ကွာ . . . ”

ဖုန်းခွက်ကို ပြန်ချလိုက်ပြီးတော့ စည်ပင်ဖုန်းမှ ထိုင်စောင့်နေသော အစ်မကြီးကို ဘယ်လောက်လဲ ဟု မေးကာ ပိုက်ဆံအိတ်ထဲမှ ထောင်တန် တစ်ရွက်ကို ထုတ်ပေးလိုက်မိ၏။ ဖုန်းဖိုး ပြန်အမ်းသော ငွေကို လှမ်းယူနေချိန်မှာပဲ ခုန ဖုန်းပြောနေတုန်းမှာ ခပ်ပြင်းပြင်း တိုက်ခတ်နေတဲ့ လေနုကြမ်းက မိုးတိမ်တွေကိုပါ ခေါ်လာမက မိုးဖွဲတွေကို ဖုန်းရုံသေးသေးလေးထဲသို့ ရိုက်ခတ်သွင်း လေတော့သည်။

“ ဟာ . . . ပြန်ပါမယ် ဆိုမှ မိုးက ရွာပြီကွာ။ ”

ကျွန်တော် ရေရွတ်လိုက်တာပေမဲ့ အသံက ပြိုင်တူ ဘေးနားကပါ ထိုကဲ့သို့ အသံ ထွက်လာလေ၏။ ကြောင်သလို ဖြစ်သွားပြီး ဘေးကို လှည့်ကြည့်လိုက်တော့ ကျွန်တော့်ဘေးက လူလတ်ပိုင်း အရွယ် တစ်ယောက်ကလည်း ကျွန်တော့်ကို ပြိုင်တူ လှည့်ကြည့်၏။ သြ . . . သူနဲ့ ကျွန်တော် အာမေဋိတ် တူညီစွာ ထွက်သွားခြင်းမျှသာ။ အင်းလေ . . .  ဖြစ်ပျက် ခံစားနေရတဲ့ အခြေအနေတွေကလည်း တူညီနေတာကိုး။

မိုးက ခပ်ဖြေးဖြေး ဆိုရာကနေ ခပ်သည်းသည်းကို ရွာချလေပြီ။ လူဝင်ရရုံသာ ဆောက်ထားသော ဖုန်းရုံထဲ၌ မိုးခိုရင်း ကျွန်တော့်လို ပိတ်မိနေသူ စုစုပေါင်း လေးယောက် ရှိ၏။ ယောက်ျားလေး ၃ ယောက် ဖြစ်ပြီးတော့ မိန်းကလေး တစ်ယောက် ဖြစ်၏။ တကယ်ဆို သူက မိန်းကလေးပဲ ထီးလေးတော့ ပါလာသင့်တယ် မဟုတ်လား။ ကျွန်တော်ကတော့ ၇ တန်းကျောင်းသား လောက်ကတည်းက မိုးမရွာဘဲ ထီးမယူဖြစ်တာ ကြာခဲ့ပြီ။ ကျောင်းသား ဘဝကတော့ သိသိ မသိသိ မျက်နှာပြောင်ပြီး ကပ်ဆောင်းသွားတတ်လို့ မထောင်းသာ ပေမဲ့ အခုလို အရွယ်မှာကျတော့ သိသိသာသာကို အထောင်းခံနေရသလို ဖြစ်နေသည်။

“ မိုးက တော်တော်နဲ့ တိတ်မှာ မဟုတ်ဘူး ထင်တယ်။ "

ဒီတစ်ခါတော့ ကျွန်တော့်ရဲ့ ရေရွတ်သံက သီးသန့် တစ်ယောက်တည်းပါပဲ။ ဘေးမှလူက မရေရွတ်တော့ မတ်တပ်ရပ်လျက်နဲ့ပင် သူ့လက်ထဲက ဂျာနယ်ကို ဖြန့်ဖတ်နေလေ၏။ သူ့ကတော့ စိတ်ဝင်တစား လုပ်စရာ တစ်ခု ရသွားပေမဲ့ ကျွန်တော့်မှာတော့ ဖတ်စရာ သင်တန်းမှ စာအုပ်တချို့သာ ပါလေ၏။ တဝုန်းဝုန်း ကျနေသော မိုးများကို အံတုကာ ထီးဖြင့် လှုပ်ရှားသွားလာနေသူများဆီသို့သာ အကြည့်ကို လွှတ်ထားလိုက်မိသည်။ စိတ်ကူးတွေ အတွေးတွေ အားလုံးလည်း အကြည့်နဲ့ အတူ လိုက်ပါသွားလေတော့သည်။

“  ဖတ် . . . "

မနာပါ။ သို့သော် မတ်တပ်ရပ်နေသော ကျွန်တော့် ညိုသကျီးကို အရာဝတ္ထု တစ်ခု လာထိခြင်းကို ထိတွေ့ခံစားလိုက်ရ၏။ ရုတ်တရက် ထိထိချင်း ထိုအရာကို တုံ့ပြန်ရန် ငုံ့ကြည့်လိုက်တော့ ဗာဒံသီး တစ်လုံးကို တွေ့လိုက်ရလေသည်။ အခုလို မိုးထဲ ရေထဲမှာ တစ်ယောက်ယောက်က လက်ကစားပြီး ပစ်ပေါက်ခြင်းတော့ မဖြစ်တန်ရာ။ ကျွန်တော့် ခြေထောက်ကို လာထိသော ထိုဗာဒံသီးရဲ့ လားရာအရပ်ကို ကြည့်လိုက်တော့ ဖုန်းဆိုင်ရဲ့ ဘေးမှာ စည်ပင်ထီးလေးကို မိုးရေထဲမှာ အံတုဆောင်းကာ ရောင်းနေသော လမ်းဘေး ဆိုင်လေးများစွာကို တွေ့လိုက်ရသည်။ ထိုအထဲမှာ ဆိုင်တစ်ဆိုင်က ဗာဒံသီးများကို ထုကာ အစေ့ ( အဆံ ) ထုတ်၍ ရောင်းသော ဆိုင်တစ်လေး တစ်ဆိုင်ဖြစ်လေသည်။

ဆိုင်ဟုသာ ဆိုရသည် ထင်းရှူးသေတ္တာပုံး အခွံကို ထောင်မတ်ထားပြီး ထိုအပေါ်မှာ သတ္တုဗန်းတစ်ခုကို တင်၍ ဂျာနယ်မှ စာရွက်လေးကို ရှည်မျောမျော ကန်တော့ လုပ်ကာ ဗာဒံသီး အဆံလေး ( အစေ့လေး ) တွေကို ထည့်ကာ ရောင်းနေသော ဆိုင်လေး တစ်ဆိုင်ကို ဖုန်းရုံနဲ့ နီးကပ်စွာ တွေ့လိုက်ရသည်။ ထိုထင်းရှူးသေတ္တာရဲ့ ဘေးမှာ စည်ပင်ထီးရဲ့ မလုံခြုံမှုကြောင့် မိုးရေတွေ ခပ်သည်းသည်း ပက်ဖြန်းနေတာကို အံတုပြီး ထုနှက်နေဟန်ဖြင့် လူငယ်လေး တစ်ယောက်ကို တွေ့လိုက်ရ၏။

" ဆောရီးနော် အစ်ကို . . . ကျွန်တော် ထုလိုက်တာ ချော်ထွက်သွားတယ်။ "

ပြာပြာသလဲ မဟုတ်ပေမဲ့ ရိုရိုကျိုးကျိုးပင် တောင်းပန်၏။ သူ့ရဲ့ ဘေးမှာ ပလတ်စတစ် ထိုင်ခုံပေါ်တွင်  မိုးပက်နေ၍ ခြေထောက်ကို တုပ်ထိုင်နေသော သူ့ရဲ့ မိခင်ဖြစ်ဟန် တူသူကလည်း တောင်းပန်သော မျက်ဝန်းဖြင့် ကျွန်တော့်ကို လှမ်းကြည့်နေလေသည်။ ဘာမှ နာကျင်ခြင်းလည်း မဖြစ်ပါ။

" ရပါတယ်ကွ။ ဘာမှ မဖြစ်ပါဘူး။ "

" ဟုတ်ကဲ့ . . . ကန်တော့ပါ။ "

ကျွန်တော် ပြုံးပြောလိုက်ပေမဲ့ သူက ထပ်၍ တောင်းပန်လာပြန်သည်။

" ရပါတယ်။ "

နောက်ဆက်တွဲ ကျွန်တော့်ဆီက စကားသံကို ကြားတော့ သူက လှစ်ခနဲ ဖော်ရွေစွာ ထပ်ပြုံးပြန်လေသည်။ သူ့ရဲ့ အပြုံးက ပေါ့ပါးလတ်ဆတ်စွာဖြင့် ကြည်လင်စွာ တောက်ပ၏။ ဟန်လုပ်ထားသော မျက်နှာဖုံးတို့ မပါချေ။ အားနာမှုနဲ့ ရယ်ပြသောကြောင့် အပြုံးများက နုညံ့စွာ ပွင့်လင်း၏။ သူ့ရဲ့ အရယ်မှာ သူ့ရဲ့ အပေါ်ရှေ့သွားနှစ်ချောင်း မရှိတာကို လူငယ်ဆန်စွာ တွေ့လိုက်ရသည်။ သူ့အရွယ် ဆိုတာ အလွန်ဆုံး ရှိမှ အသက် ၈ နှစ် ၊ ၉ နှစ်လောက်သာ ရှိပေလိမ့်ဦးမည်။ သူ့ရဲ့ အပေါ်ငယ်သွားတွေ နေရာမှာ အစားထိုး ပေါက်ဖို့ အချိန်တန်ပြီ။

" ဗာဒံသီးတွေ တစ်ထုပ် ဘယ်လောက်လဲ။ "

ထိုင်ခုံပေါ်မှာ ထိုင်နေသော သူ၏ မိခင် ဖြစ်သူကို ကျွန်တော် မမေးဘဲ ထိုင်ရာ ဗာဒံသီးများကို ထုပြီး ဗာဒံဆံများ ထုတ်ယူနေသော သူ့ကို မေးလိုက်၏။ အမေးသံ ကြားရာ ကျွန်တော့်ဆီသို့ သူ့မျက်နှာက ဆတ်ခနဲ ကြည့်လာသည်။

" ဝယ်သူ . . . "

" ဝယ်သူ . . . "

ဆိုပြီး သူ့ရဲ့ အသိစိတ်ထဲမှာ အချက်ပေးသံတွေ ဝေညံ မြည်ဟီးသွားမည် ထင်သည်။ ထိုင်ထုနေရာမှ ဖျတ်ခနဲ ထကာ သတ္တုဗန်းထဲမှာ စက္ကူကန်တော့များဆီသို့ လက်ညှိုးညွှန်ပြကာ ပြောလေသည်။

" ဒါက ၂၀၀ ၊ ဒီဘက်က ၃၀၀ အစ်ကို။ "

ရှည်မျောမျော စက္ကူကန်တော့ထဲမှာ ဗာဒံဆံ ဘယ်နှစ်ခု ပါလေမည်ဟု ကျွန်တော် မတွက်ချက်တတ်ပါ။ ထိုဗာဒံဆံတစ်ဆံ အပြစ်အနာအဆာ မပါဘဲ ၊ ကျိုးကြေမှု မဖြစ်ဘဲ အကောင်းပကတိ အတိုင်း ဗာဒံသီးထဲက ထွက်လာဖို့ မလွယ်ဘူး ဆိုတာ ငယ်ငယ်က အိမ်နားက ဗာဒံပင်မှ ကြွေကျသော ဗာဒံသီးများကို ကျွန်တော် ထုစားဖူး၍ ကျွန်တော် သိနေခဲ့ဖူးသည်။ ဗာဒံသီး အခု ၂၀ လောက်ကို ထုတာတောင်မှ ကျွမ်းကျင်မှု မရှိသောကြောင့် ဗာဒံဆံ လှလှပပ အဆံ တစ်ခု ကျွန်တော် မရခဲ့ပါ။ ထိပ်ပိုင်းပဲ့မသွားရင် ခါးလယ်က ကျိုး၏။ ခါးလယ်က မကျိုးရင် အလျားလိုက် ကွဲ၏။ အသားကြပ်ကာ ချိန်သားကိုက် မထုမိတဲ့ အဆံတွေဆိုရင် ကြေမွကာ ဗာဒံသီးမှ အရည်တွေဝင်၍ ဖန်တွတွ ဖြစ်သွားစေတတ်သည်။

" ၃၀၀ တန် တစ်ထုပ်ပေးကွာ။ "

" ဟုတ်ကဲ့ အစ်ကို။ "

သူ ဗာဒံဆံ ထုတ်လုပ်သူ အဖြစ်မှ ချက်ချင်းပင် ရောင်းချသူ ဖြစ်သွားပြန်၏။ ကျွန်တော် ထွက်မပြေးဘူး ဆိုတာ သူ သိနေနိုင်ပေမဲ့ ဝယ်သူကို အလျင်အမြန် ဝန်ဆောင်မှု ပေးချင်သော သူ့ရဲ့ လက်တွေက သွက်လက်စွာ လှုပ်ရှား၏။ ဗန်းထဲမှ ၃၀၀ တန် ဗာဒံဆံ တစ်ထုပ်ကို လှမ်းယူလိုက်ပြီး ကျွတ်ကျွတ်အိတ်ထဲကို ထည့်လိုက်သည်။ ကျွတ်ကျွတ်အိတ် အစ နှစ်စကို ခေါက်တုပ်စည်းနှောင်နေရင်းမှ ကျွန်တော့်ဘက်ကို လှမ်းမေး၏။

" အစ်ကို . . . အခု စားမှာလား။ "

" မဟုတ်ဘူး။ ထုပ်ပဲ ထုပ်ပေးလိုက်ပါ။ "

ကျွတ်ကျွတ်အိတ် အစ နှစ်စကို ချည်နှောင်ပြီးတော့ နောက်ထပ် ခေါက်တုပ် ထပ်ချည်နှောင်ပေးပြန်၏။ သူ့ရဲ့ သဘောက မိုးလုံစေရန် ဟုသော အဓိပ္ပါယ်များကို ဖွင့်ဟနေလေသည်။

" ရော့ . . . ရပြီ အစ်ကို။ "

အထုပ်ကို လှမ်းယူပြီးတော့ ငါးရာတန် တစ်ရွက်ကို ကျွန်တော့် သူ့ဆီသို့ ကမ်းပေးလိုက်၏။ သူ လှမ်းယူပြီးတော့ ပိုငွေ ပြန်အမ်းဖို့ ထိုင်နေသော သူ့မိခင်ဆီသို့ ကမ်းပေးလိုက်သည်။ သူ့မိခင်က ဘေးမှ ပလတ်စတစ်ဗူးကို ဖွင့်ကာ ငွေ ၂၀၀ တန် တစ်ရွက်ကို ထုတ်ပေး၏။ သူက ထို ၂၀၀ တန်ကို လှမ်းယူပြီးမှ ကျွန်တော့်ကို ထပ်ဆင့် ပြန်ပေးလေသည်။ ဒီ့ထက်လည်း ထပ်ပြောစရာ မရှိလို့ အဝယ်တုန်းက အတိုင်း ဖျတ်ခနဲ ပြေးထွက်သလို အခုလည်း ဖျတ်ခနဲ မိုးရေထဲမှာပင် ကျွန်တော် ဖုန်းရုံလေးထဲ ပြန်ဝင်လိုက်၏။

အရောင်းအဝယ် ကိစ္စ ပြီးသွား၍ သူက ရောင်းသူ အဖြစ်မှ ထုတ်လုပ်သူ အဖြစ် ဗာဒံသီးများကို ထုရန် ပြန်၍ ပထမ သူထိုင်နေရာသို့ ပြန်ထိုင်လိုက်သည်။ စောစောက သည်းသန်နေသော မိုးကလည်း သိပ်တော့ မသည်းတော့။ သို့သော် ဒီအတိုင်း အဆောင်းမပါဘဲ ထွက်လျှောက်ဖို့ကတော့ မဖြစ်နိုင်သေး။ ဖုန်းရုံထဲမှာ ပိတ်မိနေသော ကျွန်တော်တို့ လေးယောက်ကလည်း ပိတ်မိနေလျက်ပါပဲ။

တစ်ယောက်ကတော့ ဂျာနယ်ဖတ်လို့ ၊ တစ်ယောက်ကတော့ မိုးသည်းသည်းထဲကို ငေးကာ တွေရီဆွေးနေ၏။ ကျန်သော မိန်းကလေးကတော့ လုပ်စရာ မရှိသောကြောင့် ထင်၏။  ဖုန်းရုံထဲမှ ဖုန်းကို မ၏ ၊ ပြောမလိုလုပ်ကာ နားမှာ ကပ်၏ ၊ မပြောဘူး လုပ်ကာ ပြန်ချ၏ ၊ ဟိုဘက်ကို ချာခနဲ လှည့်၏ ၊ ခဏနေတော့ ဒီဘက်ကို ချာခနဲ ပြန်လှည့်၏ ၊ ဖုန်းခွက်ကို ပြန်ကိုင်၏ ၊ နားနားကို ကပ်၏ ၊ နံပါတ်တွေကို နှိပ်၏ ၊ ခေါင်းခါကာ မပြောတော့ဘူး ဆိုပြီး ပြန်ချ၏ ၊ ချပြီးကာမှ ပြန်ကောက်ကိုင်ကာ နားနားမှာ ပြန်ကပ်၏ ၊ နံပါတ်တွေကို နှိပ်၏ ၊ ( သူ့တစ်ယောက်တည်း ရှုပ်နေလေ၏ ) ဖုန်းက ဝင်သွားပုံပေါ်သည်။

"  - - - - - - -"

" ကို ဘာလုပ်နေတာလဲ။ "

"  - - - - - - - "

" ဒီမှာ မိုးမိနေလို့ . . . "

" - - - - - - - - "

" မဟုတ်ဘူး . . . မိုးက မစိုဘူး။ အခု ဖုန်းရုံထဲမှာ ပိတ်မိနေတာ။ "

" - - - - - - - - "

" အာ . . ဒူလိုက်တာ ၊ အဲဒီလို ပိတ်မိနေတာ မဟုတ်ဘူး။ မိုးရွာနေလို့ အပြင်ထွက်မရလို့ ဖုန်းရုံထဲကနေ ထွက်မရ ၊ ပိတ်မိနေတယ် ပြောတာ။ "

" - - - - - - - - "

" အဲဒါ ဘယ်လို လုပ်ပေးမှာလဲ။ "

" - - - - - - - - "

ဘုရားရေ။ ဘယ်လိုကြီးပါလိမ့်။ သူ့ဖာသာ ရာသီဥတုကြောင့် မိုးရွာပြီး သူ့ဖာသာ ထီးမယူလာလို့ မိုးမိပြီး ဖုန်းရုံထဲမှာ မိုးခိုနေရတာကို တခြား တစ်နေရာက ရည်းစားကို လှမ်းဆက်ပြီးတော့ ပြဿနာ ရှာနေသူပါလား။ ဒုက္ခော . . . . ။ ဟိုတစ်ယောက်ကလည်း ပြာတိပြာယာနဲ့ လိုက်လာရင် ထိုသူပါ ရောပြီးတော့ ပိတ်မိနေမည့် အဖြစ်။ အဲလေ . . . မဟုတ်သေးပါဘူး။ ထိုသူကတော့ ဆောင်းဖို့ ထီးယူလာမှာပေါ့။ ဒါဆိုရင် သူတို့ ထွက်သွားနိုင်တာပဲ။ ဒါကြောင့်လည်း အနှီမိန်းကလေးက လှမ်းဆက်တာ ဖြစ်ပုံရသည်။ ဒါပေမဲ့ . . . ကျွန်တော်သာ ဆိုရင် တစ်ယောက်တည်းပဲ အစိုခံလိုက်တော့မယ်။ ကိုယ့်ချစ်သူကို လာခေါ်ခိုင်းပြီးတော့ သူ့ကိုပါ ရောပြီးတော့ မစိုစေချင်ပါ။

"  - - - - - - - - "

" ခစ် . . ခစ် . . ခစ် . . . "

အယ် . . ဘာတွေ သဘောကျတော် မူနေတာလည်း မသိပါ။ ခုနကကျတော့ သူပဲ တလောကလုံးကို မိုးစက်တွေ မထိရလေအောင် ကာပေးထားရသလို မျက်နှာ ပုပ်သိုးသိုးကြီးနဲ့။

"  - - - - - - - "

" တကယ်နော် . . . တကယ်လာမှာနော်။ ဒါဆို လာခဲ့။ မလာမချင်း စောင့်နေမှာနော်။ "

" - - - - - - - "

" ဒါဆို လာခဲ့ . . . စောင့်နေမယ်။ "

" - - - - - - - - "

"အင်း . . . မွ . . မွ . . ."

အမ် . . ဘာလဲဟ မွ . . . မွ  . . . ဆိုတာ ၊ သူ ဆက်တာ " မ . . မ "  ဟုခေါ်သော သူ့အစ်မကို ဆက်တာလား။ အဲ . . မဟုတ်သေးပါဘူး။ ခုနက " ကို " လို့ ခေါ်လိုက်ပါသေးသည်။ အနှီကောင်မလေးရဲ့ မျက်နှာက " ဖုန်းမဆက်ရသေးခင် နဲ့ ဖုန်းဆက်ပြီးချိန် " မှာတော့ တီဗီထဲမှ " ဆေးမစားမှီ နဲ့ ဆေးစားပြီး " လောက်ကို ကွာပါသည်။ အခုတော့ ခုနက သူပဲ မဟုတ်သလိုနဲ့ ပြုံးပျော် ရွှင်ပျနေသည်။ ခုနက မွ . . . မွ  . . . ဆိုတာ ဘာပါလိမ့်။ ကျွန်တော် မေးလိုက်ရင် ကောင်းမလား။ ဒါပေမဲ့ သူနဲ့ ကျွန်တော် သိတာလည်း မဟုတ်။

ငါ ဒီတစ်ခေါက် မြန်မာနိုင်ငံကို ပြန်လာမှ ဘာတွေမှန်း မသိတော့ အသစ်အဆန်းတွေ များစွာ ကြားရ သိရသည်။ ဖလန်း . . . ဖလန်း . . . ထနေတယ် ဆိုတာက တစ်မျိုး။ ဂွမ်းနေတယ် ဆိုတာက တစ်ဖုံ . . အသစ် အဆန်းသော စကားတွေ အများကြီးကို ကြားနေရ၏။ အခုလည်း ကြည့်ဦး။ "  မွ . . . မွ . . " တဲ့။ သူ့အစ်မကိုပဲ " မ . . .မ . . " လို့ ခေါ်ရာမှ ချွဲနွဲကာ " မွ . . . မွ . . " ဖြစ်သွားခြင်းများလား။ အာ . . . မဟုတ်သေးပါဘူး။ သူ့ရည်းစားနဲ့ ပြောနေတာပါ။ စစပြောတုန်းက " ကို " ဘာညာဆိုပြီး ခေါ်တာကို ကြားလိုက်ပါသေးသည်။

" ဘယ်လောက်ကျလဲ အစ်မ။ "

ဖုန်းရုံမှာ စောင့်နေသော ဝန်ထမ်း အစ်မကို ခေါင်းငုံ့ကိုင်းကာ မေးလေသည်။ ထိုအစ်မကြီးကလည်း မိုးအေးအေးနဲ့မို့ ခြေထောက်တွေကို ကွေးတင်ကာ ကွေး၍ မျက်လုံးပိတ်ပြီး မှေးနေ၏။ ဒီကောင်မလေး လှမ်းပြောတော့မှ မျက်လုံးကို ဖျတ်ခနဲ ဖွင့်လိုက်လေတော့သည်။

" ညီမ ခေါ်တာ နယ်ကိုလား။ "

အာ . . . ဒီအစ်မကြီးကတော့ အိပ်ငိုက်နေပြီးတော့ ရမ်းတုပ်နေလေပြီ။ ဟိုက သူ မိုးမိနေလို့ သူ့ရည်းစားကို လှမ်းခေါ်ပါတယ် ဆိုနေမှ နယ်က ဖြစ်နိုင်ပါတော့မလား။

" ဟုတ်တယ် အစ်မ။ တောင်ကြီးကို ခေါ်တာပါ။ "

အမ် . . . ဘယ်လိုကြီးလဲ။

" ဒါဆိုရင် ၁၃၀၀ ပဲ ပေးပါ ညီမ။ "

" သြော် . . ဟုတ်ကဲ့။ "

တိန် . . . တောင်ကြီးက ရည်းစားကို ရန်ကုန်မှာ မိုးမိပြီးတော့ ဖုန်းရုံထဲမှာ ပိတ်မိနေတာကို လာခေါ်ခိုင်း၏။ မလာမချင်း စောင့်နေမယ် လို့လည်း ပြောလိုက်သေးသည်။ အခု ညနေ လေးနာရီကျော်နေလေပြီ။ သူ့ရည်းစား မရောက်မချင်း စောင့်နေမယ် ဆိုတော့ ဒီကောင်မလေး ဒီညတော့ ဒီမှာ ညအိပ်ရမယ် ထင်ပါသည်။

" ဟွန်း  . . . . "

ဟိုက် . . . ဘယ်လို ထင်သွားလဲ မသိပါ။ သူ့ကို ကျွန်တော် သွားကြည့်နေမိတယ် ထင်ပါသည်။ ကျွန်တော့်စိတ်တွေက သူ့ရဲ့ အရေပြား အပေါ်ယံကြောမှာ မရှိပါ။ ကျွန်တော့် အကြည့်တွေက သူ့ဆီ ရောက်နေတယ် ဆိုရင်တောင်မှ ကျွန်တော့် အတွေးတွေက ရှုပ်ရှက်ခက်ကာ လူးလာပျံဝဲနေရုံမျှသာ။ တောင်ကြီးနဲ့ ရန်ကုန်ကို ကျွန်တော် အမြန်နှုန်းနဲ့ ပြေးလွှားကြည့်နေမိခြင်းပါ။ အခုတော့ ဘယ်လို ထင်သွားတယ် မသိ။ သူမက ကျွန်တော့်ကို မျက်စောင်းထိုးလျက် ဟိုဘက်ကို လှည့်သွားလေတော့သည်။

သြော် . . . ဒီနေ့ခေတ် ၊ ဒီနေ့ အခါကလည်း တယ်လည်း ထူးဆန်းပါလား။ ရန်ကုန်မှာ တစ်ယောက်က မိုးရွာလို့ ဖုန်းရုံထဲမှာ ပိတ်မိနေတယ် ၊ ဒါကို တစ်ယောက်က တောင်ကြီးကနေ လာပြီးတော့ မိုးမိနေသူကို လာခေါ်မယ်။ ဒါကို ဒီဘက်က တစ်ယောက်ကလည်း တောင်ကြီးက လာသူ မရောက်လာမချင်း စောင့်နေမယ်တဲ့။ တောင်ကြီးက တစ်ယောက် ဘာများစီးပြီး လာမှာပါလိမ့်။ ဖုန်းရုံက ဝန်ထမ်း အစ်မကြီးကလည်း မျက်လုံးကသာ မှိတ်ထားတာ မြို့တွင်းဖုန်း နဲ့ နယ်ဝေးဖုန်းကို အသံလေး နားထောင်ရုံနဲ့ အလွတ်ရနေပါလား။ ထူးဆန်းပေစွ။

" ဟော . . . မိုးတိတ်ပြီ။ "

ကျွန်တော် ဘယ်လောက်တောင်မှ စဉ်းစားခန်း ဝင်နေမိပြီး အတွေးတွေ ကျယ်သွားသည် မသိ။ ဘေးက ဂျာနယ် ဖတ်နေသူရဲ့ စကားသံကို ကြားတော့မှ အပြင်ဝန်းကျင်ကို အရှိအတိုင်း ကြည့်မိတော့၏။ ဟုတ်ပ . . . မိုးတိတ်နေပြီကော။

" ဟွန့် . . . . "

ဘာမှလည်း မဆိုင်ဘဲ ထိုကောင်မလေးက ခြေအစုံကို ခွာသဏ္ဍာန်ပြုကာ ဆောင့်အောင့်၍ ကျွန်တော့်ဘေးမှ တိုးထွက်သွား လေတော့သည်။ ကျွန်တော်ကလည်း ကျွန်တော်ပေပဲ . . . ဒီဖုန်းရုံ ကျဉ်းကျဉ်းလေးထဲမှာ သူမ အပါအဝင် ငါးယောက် ရှိနေတာ ကျွန်တော်က လွဲလို့ ဘယ်သူမှ သူမ အဖြစ်အပျက်ကို ထူးဆန်းတယ် လို့ မထင် ၊ မမြင် ။ မကြား။ စီးဆင်းနေလျက်သော ခေတ်ရေစီးကြောင်း တစ်ခုပမာ မျောချသွားကြသည်။ ကျွန်တော်ကသာ ကန့်လန့် ဖြစ်မိ၍ အခုလို သူမရဲ့ မျက်စောင်းနဲ့ ခြေဆောင့်သံက ဝင်တိုးခံရတာ ဖြစ်သည်။ ပတ်ဝန်းကျင် တစ်ခုလုံးကတော့ ဘာဆို ဘာမှ မထူးဆန်းသလိုပါပဲ။

ဟော . . . အခုလည်း ကြည့်လေ။ တောင်ကြီးက ချစ်သူကို လာခေါ်ဆိုကာ ပြောထားပြီး မိုးတိတ်တော့ ဖုန်းရုံမှာ ပိတ်မိနေသူတွေ အချင်းချင်း သူက အရင် ဦးအောင် မပြေးရုံတမယ် ထွက်သွားချေပြီ။ ဟိုတောင်ကြီးက ချစ်သူ လိုက်လာရင် ဟိုတစ်ယောက်တော့ သူ့ကို မတွေ့လို့ ယောင်ချာချာ ဖြစ်နေတော့မှာပဲ။ အယ် . . . ဒီလိုလည်း မဟုတ်လောက်ပါပဲ။ သူတို့ လေလိုင်းထဲကပဲ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု ၊ စိတ်ကျေနပ်မှု ပေးတာလား။ ကျွန်တော် ဝိုးတဝါးပါပဲ။

ကျွန်တော် ဖုန်းရုံလေးက ထွက်လာတော့ မိုးက တိတ်နေလေပြီ။ ဖုန်းရုံလေး ဘေးမှာ မိုးရွာနေတုန်းက ကျုံ့ကျုံ့ရုံ့ရုံ့လေး ထိုင်ကာ ဗာဒံသီး ထုနေသော ကောင်လေးကတော့ မိုးတိတ်သွားလို့ ထီးအပြင်ကို သူ့ရဲ့ ထုတ်လုပ်ရေး ကိရိယာတွေကို ထုတ်ကာ ဗာဒံဆံ ထုတ်လုပ်လျက်ရှိနေလေသည်။ ဘာရယ် မဟုတ်ဘဲ ကျွန်တော် သူ့ရဲ့ ထုတ်လုပ်ရေး ပစ္စည်းတွေကို လှမ်းကြည့်လိုက်မိပါသေး၏။ ဓါးမခပ်တုံးတုံး တစ်လက်ရယ် ၊ ထုရန် တူတစ်လက်ရယ် ၊ အောက်ခံ သံပေတုံး ခပ်သေးသေး တစ်ခုရယ် ၊ ဗာဒံသီး အစို အခြောက်များစွာရယ်နဲ့ သူ့ရဲ့ ထုတ်ကုန် အတွက် သူ ပြင်ဆင်နေလေသည်။



" - - - - - - "

" မင်းကလည်း ဒီလောက် မကပ် နဲ့ ၊ ပြီးတော့ သိပ်မတွေးနဲ့ ဟေ့ကောင်။ "

" - - - - - - - "

" ဒီခေတ်မှာက ဒီလောက်တော့ အနည်းဆုံး ရင်းကြရတာပဲ။ "

" - - - - - - - "

" ဒီလိုပဲ ကိုယ်လုပ်ငန်း လည်ပတ်ဖို့ အရင်းအနှီးတွေကို တဖြေးဖြေးချင်းစီ စုရမှာပေါ့ကွာ။ "

" - - - - - - - -"

" အိုကေ . . . ဒါကို ထပ်ဆွဲဖို့ စဉ်းစားထားဦး ဟေ့ကောင်။ ငါလည်း သေချာ လိုက်ကြည့်လိုက်ဦးမယ်။ ပြီးရင် အတူတူ လုပ်ကြတာပေါ့။ "

"  - - - - - - - "

" အေးအေး . . . ဘိုင် "

ဖုန်းခွက်ကို ချပြီးတော့ ဖုန်းရုံထဲမှ အစ်မကြီးကို ဘယ်လောက်လဲဟု မမေးမိတော့ပါ။ အကြည့်ချင်း တစ်ချက်ဆုံကာ မေးဆတ်ပြလိုက်မိသည်။ သူကလည်း စကားနဲ့ ပြန်မပြောတော့ လက်ချောင်း ငါးချောင်းကိုသာ ထောင်ပြ၏။ ပိုက်ဆံအိတ်ထဲမှာ ရှိနေသော ငါးရာတန် တစ်ရွက်ကို ထုတ်ပေးလိုက်ပြီး ကျွန်တော် ဖုန်းရုံလေးမှ မထွက်ခင် စိတ်အာရုံတွေကို စုစည်းတဲ့ အနေနဲ့ ခဏငြိမ်နေလိုက်မိသည်။ ပြီးမှ ကျွန်တော် ဆက်လုပ်ရမည့် ကိစ္စတွေကို တွေးပြီးတော့ ဖုန်းရုံလေးမှ အပြင်ကို လှမ်းထွက်လိုက်၏။

" - - - - - - - "

အသံမပါသော အပြုံး တစ်ခုကို သူ့ဆီမှ ကျွန်တော် ရလိုက်သည်။ ဖုန်းရုံမှ ထွက်ထွက်ချင်း ကျွန်တော်ကသာ မေ့သလို ဖြစ်နေပေမဲ့ သူကတော့ တစ်ကြိမ်တစ်ခါ သူ့ရဲ့ ဈေးဝယ်သူ ဖြစ်ခဲ့ဖူးသော ကျွန်တော့်ကို မှတ်မိနေဟန် ရှိ၏။ ဖုန်းရုံလေး ဘေးမှ ဗာဒံသီး အဆံထုတ်နေသော ကောင်လေး ဖြစ်၏။

" အားပေးဦးလေ အစ်ကို။ "

" - - - - - - - -"

ကျွန်တော်လည်း အသံတိတ်ပင် ပြန်လည် ပြုံးပြလိုက်မိသည်။ တကယ်တော့ ဗာဒံဆံနဲ့ ကျွန်တော်နဲ့ မတည့်ပါ။ သူ့ကို ဒန်ပေါက် ၊ ထောပတ်ထမင်းထဲမှာ ထည့်ချက်ထားလို့ စားရင် ဘာမှ မဖြစ်သော်လည်း ဒီအတိုင်းစားမိလို့ အခန့်မသင့်ရင် ကျွန်တော် ရင်ကြပ်တတ်၏။ ဟိုနေ့က ဝယ်သွားတယ် ဆိုသော ဗာဒံဆံတွေကိုလည်း ကျွန်တော် မစားဖြစ်ပါ။ သူငယ်ချင်းများနှင့် စကားပြောရင်း သူတို့ကို ဝေမျှလိုက်ခြင်းမျှသာ ဖြစ်၏။

တခြား အရပ်ကို ဦးတည်နေသော ကျွန်တော့် ခြေလှမ်းများက သူ့ရဲ့ ဆိုင်ဘက်ကို ဘက်ပြောင်းလိုက်မိသည်။ ကျွန်တော့် သူ့ဆိုင်ထဲ ဝင်လာမှန်း သိတော့ ဗာဒံသီးများကို ထုနေရာမှ ထရပ်ကာ ကိုယ်တိုင်ရောင်းဖို့ ပြင်လိုက်သည်။ သူ့လက်မှာ ပေနေသော ဗာဒံသီး အခွံမှ အမှုန့်များကို သူ့ရဲ့ ခပ်နွမ်းနွမ်း အင်္ကျိလေးနဲ့ ဇိုးဇိုးဇတ်ဇတ် သုတ်လိုက်သေး၏။

" ဒီနေ့ သိပ်ရောင်းမကောင်းဘူး အစ်ကိုရ။ "

" - - - - - - - "

ကျွန်တော် ဘာမှ မပြောဘဲ ပြုံးသာ ပြလိုက်မိသည်။

" ၃၀၀ တန် တစ်ထုပ်ပဲ ပေးကွာ။ "

" အရင်လိုပဲ ထုပ်သွားမှာ မဟုတ်လား။ ကျွန်တော် ခပ်တင်းတင်း စည်းပေးလိုက်မယ်။ "

သူက အရင်ကလိုပဲ ခက်သွက်သွက် လုပ်ဆောင်သွား၏။ အခန့်သင့်ပင် ကျွန်တော့် ပိုက်ဆံအိတ်ထဲမှာ ၂၀၀ တန်တစ်ရွက်နဲ့ ရာတန် တစ်ရွက်ကို တွေ့၏။ ဒီအတိုင်းပဲ ထိုနှစ်ရွက်ကို ကျွန်တော် ပေးလိုက်သည်။ လုပ်အားကို အရင်းအနှီး မပြုဘဲ အလကား " သူများ ဘုန်းကံကို မှီတင်း စားသောက်နေသူများ " ထက် ကျွန်တော် ဒီလို လူငယ်လေးတွေကို အားပေးချင်သည်။ သို့သော် တန်ရာတန်ကြေး ဆိုသော အရာထက် ဂရုဏာပိုကာ ကျွန်တော်မပေးချင်ပါ။ ဒါဟာ သူတို့ရဲ့ အကျင့် စာရိတ္တကိုပါ ရိုက်ချိုးသလို ဖြစ်စေနိုင်သည်။

" ကျေးဇူးပဲ အစ်ကို "

သူ လှမ်းပေးလာသော ဗာဒံဆံ အထုပ်လေးကို လှမ်းယူပြီး ကျွန်တော် လှည့်ထွက်မယ် လုပ်တော့ သူ့ရဲ့ ဗာဒံဆံ ထုတ်လုပ်ရေး ပစ္စည်းများဆီသို့ အကြည့်တစ်ချက် ရောက်သွားမိသည်။ အံ့သြစွာဖြင့် ကျွန်တော့် မျက်ခုံးက အတွန့်ချိုးသွားမိ၏။ သူ့ဆိုင်ဖက်ကို ကျွန်တော် မရောက်ဖြစ်တာ ငါးရက်လောက်တော့ ရှိနေနိုင်ပြီ။ ဒီအတောအတွင်း သူ့ရဲ့ ဗာဒံဆံ ထုတ်လုပ်ရာမှာ သုံးတဲ့ ပစ္စည်းတွေထဲမှ ဓါးမ ခပ်တုံးတုံး တစ်လက်ကို မတွေ့ရတော့။ မေ့ကျန်ခဲ့တာလား ၊ တစ်နေရာရာမှာ သိမ်းထားတာလား ကျွန်တော် မပြောတတ်။

" ဘာရှာနေတာလဲ အစ်ကို "

ကျွန်တော့်ရဲ့ တစ်စုံတစ်ခု ရှာနေဟန်ကို ရိပ်မိစွာဖြင့် သူက လှမ်းမေးသည်။

" သြော် . .  ဟိုနေ့က မင်းရဲ့ ဗာဒံဆံ ထုတ်ရာမှာ သုံးနေတာ ဓါးမတစ်လက် ၊ ပေတုံးတစ်တုံး ၊ တူတစ်လက် ဒီလို မြင်လိုက်လားလို့ပါ။ အခုတော့ ဓါးမ မတွေ့တော့လို့ ဘာရယ် မဟုတ်ဘူး။ အမြင်မှားတာလားလို့ ရှာကြည့်နေတာ။ "

" အမြင် မမှားဘူးဗျ။ အမှန်ပဲ။ ကျွန်တော် ဒီမှာ ဗာဒံသီး ထုတာ အခုမှ တစ်လတောင်မှ မရှိသေးဘူး အစ်ကို။ အရင်က ဒီနေရာမှာ ကျွန်တော့် အစ်ကို လုပ်တာ။ သူကတော့ အခု အသက်က ကြီးလာပြီ ဆိုတော့ စက်ရုံတစ်ခုမှာ ဝင်လုပ်နေတယ် အစ်ကို။ ကျွန်တော်က သူ့နေရာမှာ အစားဝင်လုပ်ရတာ။ ကျွန်တော်က အခုမှ စလုပ်တာ ဆိုတော့ သိပ်မကျွမ်းကျင်သေးဘူးလေ။ ဒါကြောင့် ဘေးက အခွံတွေကို ဓါးမနဲ့ သပ်ချတယ်။ ပြီးမှ အထဲက အမာအခွံပေါ်လာမှ တူနဲ့ တူပြီးတော့ အဆံကို ထုတ်ယူတာ အစ်ကို။ "

" သြော် . . . အခုကျတော့ရော။ "

" အခုကျတော့ ကျွန်တော်လည်း နည်းနည်း လက်မှန်ပြီး နားလည်လာပြီလေ။ ဒါကြောင့် အပေါ်က အခွံတွေကို တူစောင်းနဲ့ပဲ ရိုက်ခွာတတ်လာပြီ။ အရင်ကဆို ဒီလို ခွာရင် အထဲက အမာခွံကိုပါ ထုမိပြီးတော့ အထဲက အဆံလေးက ကြေကြေသွားတယ် အစ်ကို။ အခုတော့ လက်ဆ မှန်လာပြီ။ ဒါကြောင့် ဓါးမ မလိုတော့တာပါ။ "

" သြော် . . . "

အဲဒီနေ့က ကျွမ်းကျင်မှု ဆိုတဲ့ အရာကို လေ့လာမှု နဲ့ အတွေ့အကြုံ ပေါင်းစပ်ထားမှုများလား လို့ ကျွန်တော် ခပ်ငြိမ်ငြိမ်လေး ဝိုးတဝါး စဉ်းစားရင်း အိမ်ပြန်လာခဲ့မိပါသည်။ 


 
အဲဒီနေ့က စပြီးတော့ ကျွန်တော့်ရဲ့ စိတ်ထဲမှာ ဘာမှန်း ပြောလို့ မရသော အရာ တစ်ခုက ကိန်းဝပ်နေခဲ့ပါသည်။ ဘာရယ် မဟုတ်ဘဲ နောက်ထပ် တစ်ပတ်လောက် နေတော့ သူ့ဆိုင်လေးကို ကျွန်တော် ရောက်သွားပါသည်။ သူကတော့ ထုံးစံအတိုင်း ထိုင်လျက် ဗာဒံသီးများကို ထုနှက်လေ၏။ သူ့ဘေးနားကို ကျွန်တော် ရပ်လိုက်တော့ သူက မော့ကြည့်သည်။

" ဟာ . . . အစ်ကို။ ဘယ်ကနေ ရောက်လာတာလဲ။ "

" မင်းတို့ဆိုင်ကိုပဲ လာခဲ့တာပါပဲ။ အဓိက က မင်းဆီကို ဆိုပါတော့. . . . "

" ဗျာ . . . ကျွန်တော့်ဆီကို . . . . "

" အင်း . . . "

" ဘာကိစ္စ ရှိလို့လဲ အစ်ကို "

" ဘာကိစ္စမှ မရှိပါဘူးကွာ။ မင်းရဲ့ ဗာဒံသီးထုတာက အစ်ကို့အတွက် စိတ်ဝင်စားစရာ ဖြစ်နေလို့ပါ။ "

ပြောလည်းပြော သူ့ရဲ့ လုပ်လက်စ အလုပ်ဖြစ်သော ဗာဒံသီး ထုနေရာသို့ ကျွန်တော် ကြည့်လိုက်တော့ မျက်လုံးပြူးသွားမိသည်။ အံ့သြမယ် ဆိုလည်း အံ့သြစရာပါ။ အခု သူ ဗာဒံသီး ထုနေရာမှ အခံက အရင်လို သံပေတုံး အသေးလေး မဟုတ်တော့ . . . ။ သူ အခု အောက်မှ အခံလုပ်ကာ ထုနေတာက " ကျောက်ခဲ " တစ်တုံး ဖြစ်နေလေပြီ။

" ဟာ . . မင်း ဒါက ဘယ်လို ဖြစ်တာလဲကွ။ အရင်က မင်းအောက်က ခံပြီးတော့ ထုတဲ့ သံပေတုံးလေး ဘယ်ရောက်သွားပြီလဲ။ "

" အဟီး . . . ဒါက ဒီလို ရှိတယ် အစ်ကိုရဲ့။ "

" အင်း ပြောစမ်းပါဦး။ "

" အရင်က မကျွမ်းကျင်ခင်တုန်းကတော့ အောက်က အခံက ခပ်မာမာလေး လိုတယ်လေ အစ်ကို။ ချော်မထွက်အောင်လို့ပေါ့။ အခုတော့ ကျွန်တော်လည်း အတော် ကျွမ်းကျင်နေပြီ ဆိုတော့ အောက်ခံ ပေတုံးလည်း မလိုတော့ဘူး အစ်ကို။ ဒါကြောင့် ကျောက်ခဲပဲ ခံပြီးတော့ ထုလိုက်တော့တယ်။ "

" ဒါဆို မင်း ဟိုသံပေတုံးလေးက ဘယ်ရောက်သွားပြီလဲ။ "

" အမှန်အတိုင်းပြောရရင် ရောင်းစားလိုက်ပြီ အစ်ကို။ "

" ဟာ . . မင်းကွာ။ ကိုယ့်ရဲ့ ထုတ်လုပ်ရေး အရင်းအနှီး တစ်ခုကို ဒီလို လုပ်ရလားကွာ။ ဒါက မင်းရဲ့ အရင်းအနှီး တစ်ခုမဟုတ်ဘူးလား။ "

" အရင်းအနှီးကတော့ အရင်းအနှီးပေါ့ အစ်ကိုရာ။ ဒါပေမဲ့ အခု တလော ရောင်းမကောင်းဘူး အစ်ကိုရ။ ဒါကြောင့် ဒီပေတုံး မရှိလည်း ကျောက်ခဲ ခံထုလို့ ရတာပဲ ဆိုပြီးတော့ ရောင်းလိုက်ရတာပါ။ "

" သြော်. . . "

အဲဒီနေ့က ကျွန်တော် သူ့ဆိုင်က အရင်လို မဟုတ်ဘဲ ၃၀၀ တန် တစ်ထုပ်နဲ့ ၂၀၀ တန် တစ်ထုပ် နှစ်ထုပ် ဝယ်လာခဲ့ပါသည်။ ဒါပေမဲ့ ထုံးစံအတိုင်း ကျွန်တော် မစားဖြစ်ပါ။ ပြီးတော့ အပြန်လမ်း တလျှောက် ညနေခင်းမှာ ထူးထူးခြားခြား တိမ်တွေ တောက်ပနေခဲ့၏။



သင်တန်းက ဆင်းဆင်းကတည်းက ညနေ အတော်ကို စောင်းနေခဲ့ပြီ။ ကောင်းကင်တစ်ခုလုံး မိုးသားတွေ မည်းမည်းမှောင်ကာ လေတွေက ခပ်ပြင်းပြင်း တိုက်ခတ်နေ၏။ သင်တန်းက ဆင်းရင် သူငယ်ချင်းတွေနဲ့ တွေ့ဆုံမည်ဟု ပြောထားသော တော်ဝင် စင်တာ သို့ အမြန်ရောက်ရန်သာ ကျွန်တော် စိတ်ထဲမှာ အာရုံ ရှိနေသည်။ ပန်းဆိုးတန်းကနေ ဆူးလေကို ပြန်ရောက်ဖို့ ဘာပဲဖြစ်ဖြစ် အတော် လျှောက်ရဦးမည်။ ဒီကြားထဲ မိုးက ရွာချရင် ကျွန်တော် ရွှဲရပေဦးမည်။ ဘယ်လိုပဲဖြစ်ဖြစ် သွားတာကတော့ သွားရမှာပါပဲ။ နောက်ဆုံး အခြေအနေ အရ မိုးက ရွာချမှသာ ကျွန်တော် တက္ကစီ ငှားကာ ပြေးတော့မည်။

ခပ်သွက်သွက်လျှောက်ရင်း လမ်းတစ်ခုကို ဖြတ်ပြီးတော့ ခေါ်သံလိုလို ကြားမိ၏။

" - - - - - - - "

ပထမအကြိမ် အခေါ်မှာ သူလိုလို ကိုယ်လိုလိုနဲ့ ကျွန်တော် မဝေခွဲနိုင်သေးပါ။

" အစ်ကို . .  . အစ်ကို . . . "

ဒုတိယ အကြိမ်မှ ကျွန်တော် လှည့်ကြည့်လိုက်တော့ ဗာဒံသီး ထုကာ အဆံထုတ်ရောင်းသော ကောင်လေးကို တွေ့လိုက်ရသည်။

" ဟေ . . .  မင်း ဘယ်က ပြန်လာတာလဲ။ "

" ဟိုဘက်က အစ်ကို။ အစ်ကို ဘယ်သွားမလို့လဲ။ "

" တော်ဝင် စင်တာ ဘက်ကို ခဏသွားမလို့ပါ။ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ "

" သြော် . . အစ်ကို အလုပ်များနေတယ် ထင်တယ်။ မတွေ့တာတောင်မှ အတော်ကြာပြီ။ "

" အလုပ်များတယ် ရယ်လည်း မဟုတ်ပါဘူးကွာ။ သင်တန်းတတ်နေတာနဲ့ အချိန်မအားဖြစ်နေတာ။ ဒါနဲ့ ဟိုနေ့ကတောင်မှ မင်းတို့ ဆိုင်ဘက် ရောက်သေးတယ်။ မင်းတို့ ဆိုင်တွေ မတွေ့တော့ပါလား။ "

" ဟုတ်တယ် အစ်ကို။ အခု စည်ပင်က လိုက်ဖမ်းတယ်လေ။ ကျွန်တော်တို့ကို အဲဒီနေရာမှာ မရောင်းရဘူးတဲ့။ ရောင်းမယ် ဆိုရင်လည်း ညနေ လေးနာရီနောက်ပိုင်းမှ ရောင်းရမယ်တဲ့လေ။ ကျွန်တော်တို့ ပစ္စည်းက သူများတွေလို ညနေခင်းလေးတင် ရောင်းလို့  ရတာ မဟုတ်ဘူးလေ အစ်ကိုရာ။ တစ်နေကုန်ရောင်းမှ ကျွန်တော်တို့ မိသားစုနဲ့ တော်ရုံကျတာ။ "

" သြော် . . ။ "

" - - - - - - - - "

" အခုရော မင်းတို့ ဘယ်မှာ ရောင်းနေလဲ။ "

" အခု ကျွန်တော်တို့ တစ်နေကုန် ရောင်းလို့ ရတဲ့ နေရာကို ပြောင်းရောင်းနေတယ် အစ်ကို။ "

" ဟုတ်လား။ ဘယ်နေရာမှာလဲ။ "

" ဟိုဘက်နားလေးမှာ အစ်ကို။ ဒါနဲ့ မိုးတွေ ရွာတော့မယ် ထင်တယ်။ အစ်ကို ထီးမပါဘူး ထင်တယ်။ ကျွန်တော့် အမေထီးကို ယူသွားပါလားဗျ။ နောက်နေ့မှ ပြန်ပေးပေါ့။ "

" ရပါတယ်ကွာ။ ကားပေါ်ရောက်ရင် ရပါပြီ။ ဟိုဘက်ရောက်မှ မီးစင်ကြည့်ကတာပေါ့။ "

" ဟုတ် . . . "

" ဒါနဲ့ မင်းက အခု ဘာလာလုပ်တာလဲ။ "

" ဆိုင်မှာ ကျွတ်ကျွတ်အိတ် ကုန်နေလို့လေ အစ်ကို။ ဒါကြောင့် သွားဝယ်ရင်း အစ်ကို့ကို တွေ့လို့ လှမ်းခေါ်လိုက်တာ။ "

" ကဲပါ . . . လာ။ ဘာပဲဖြစ်ဖြစ် မင်းတို့ ဆိုင်ကို သွားကြရအောင်။ "

သူနဲ့ ကျွန်တော် အတူတူ လျှောက်လာတာကို သူ့အမေက ဆိုင်ကနေ စောင့်ရင်း လှမ်းမြင်ပုံရ၏။ အဝေးမှပင် ဖော်ရွေစွာ ပြုံးပြလေသည်။ တော်ဝင် စင်တာမှာ သူငယ်ချင်းတွေနဲ့ ချိန်းထားသောကြောင့် ကျွန်တော် သိပ်တော့ အချိန်မရ။ သူတို့ဆိုင်မှာ ကြာကြာ အချိန် မဖြုန်းနိုင်။

" ၃၀၀ တန် တစ်ထုပ် နဲ့ ၂၀၀ တန် တစ်ထုပ်လောက် ပေးပါဗျာ။ "

သူ့အမေကို ပြောလိုက်ပေမဲ့ သူက အရင်ကလိုပဲ သွက်သွက်လက်လက်နဲ့ အသစ်ဝယ်လာသော ကျွတ်ကျွတ်အိတ်ကို ဖောက်ကာ ထုပ်ပေးလေ၏။ သူ့ကို ငါးရာတန် တစ်ရွက် လှမ်းပေးရင်း ကျွန်တော် ပြန်ထွက်ရန် အလှည့်မှာ သူ့ရဲ့ ထုတ်လုပ်မှု ပစ္စည်းတွေဆီကို မျက်လုံးက ရောက်သွားလေ၏။

" ဟာ . . . မင်းမှာ ဗာဒံသီး အဆံထုတ်ရင် ထုဖို့ တူတစ်လက်ပဲ ရှိတော့တာ မဟုတ်လား။ အခု ဒီတူတောင်မှ ဘယ်ရောက်သွားပြီလဲ။ "

သူက မချိပြုံးလေး ပြုံးရင်းနဲ့ ဖြေလာ၏။

" ပွင့်ပွင့်လင်းလင်း ပြောရရင် ရောင်းစားလိုက်ပြီ အစ်ကို "

" ဟာ . . . မင်းကွာ။ ကိုယ့်လုပ်ငန်းရဲ့ အဓိက အရင်းအနှီး ဒီတစ်ခုကိုတောင်မှ ရောင်းစားရတယ်လို့ကွာ။ ဟိုးအရင်ကလည်း ဓါးမတွေရော ၊ ပေတုံးတွေရော မင်းရောင်းစားခဲ့တယ် မဟုတ်လား။ နောက်ဆုံး ကျန်နေတဲ့ တူလေးကိုကွာ။ "

" ဒါက ဒီလို အစ်ကို။ ဟိုးအရင်က ကျွန်တော် ဗာဒံသီးကို အဆံကောင်းကောင်းလေး ရအောင် မထုတတ်ဘူး အစ်ကို။ ဒီတော့ ထုလိုက်တဲ့ ဗာဒံသီးတိုင်း ထက်ပိုင်းကျိုးရင် ကျိုး ၊ မကျိုးရင် အလယ်ကကွဲ ၊ မဟုတ်ရင် ထိပ်ဖျားပဲ့ ဆိုပြီးတော့ ဖြစ်နေခဲ့တယ်။ ဒါကြောင့် ဗာဒံသီးရဲ့ အခွံကို ခွာဖို့ ဓါးမ တစ်လက်လိုတယ်။ ပြီးတော့မှ အောက်ခြေက အမာခံပြီးတော့ အပေါ်ကနေ အမာ တစ်ခုနဲ့ ခွဲတယ်ပေါ့ဗျာ။ ဒီမှာ သံပေတုံး နဲ့ တူကို အသုံးပြုတယ်။ "

" - - - - - - - "

" ဒါပေမဲ့ ကျွန်တော် ကျွမ်းကျင်လာတော့ ဗာဒံသီး အခွံတွေကို ခွာဖို့ ဓါးမ မလိုတော့ဘူး အစ်ကို။ လက်ထဲမှာ ရှိနေတဲ့ တူနဲ့ပဲ ရိုက်ပြီးတော့ အခွံကို ခွာနိုင်လာတယ်။ ကျွမ်းကျင်လာတဲ့ သဘောပါ။ ဒါကြောင့် ဓါးမက ရှိရင်လည်း ဖြစ်တယ် ၊ မရှိရင်လည်း ဖြစ်တယ် ဆိုတဲ့ သဘောကို ရောက်သွားတယ်။ ဒါကြောင့် မရှိလည်း ဖြစ်နေမှပဲ ဆိုပြီး ကျွန်တော် ရောင်းစားခဲ့တာပါ။ "

" - - - - - - - "

" ဒီလိုပဲ ဗာဒံသီးတွေကို ကျွန်တော် ထုနေရင်း ကြာလာတော့ လက်ဆက ပိုကောင်းလာခဲ့တယ်။ ဒီမှာ အောက်ခြေက ပေတုံးရှိမှ ဆိုတာထက် အောက်ခြေမှာ အမာ တစ်ခုရှိနေရင်လည်း ဖြစ်တယ် ဆိုပြီးတော့ ပေတုံး နေရာမှာ ကျောက်ခဲကို ခုပြီးတော့ ထုတော့လည်း အဆင်ပြေအောင် ၊ မကျိုး မကြေအောင် ကျွန်တော် ထုနိုင်လာခဲ့တယ်။ ဒါကြောင့် ဗာဒံသီး အဆံထွက်အောင် ထုတဲ့ နေရာမှာ သံပေတုံးက မရှိရင်လည်း ဖြစ်တယ် ဆိုတဲ့ အခြေအနေကို ရောက်သွားခဲ့တယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ပေတုံး မရှိရင်လည်း ဗာဒံဆံကို ရအောင် ထုတတ်နေပြီ။ ဒီလောက်ကို ကျွန်တော် ကျွမ်းကျင်နေခဲ့ပြီလေ။ "

" - - - - - - - "

" ဒါနဲ့ပဲ ကျွန်တော် ဗာဒံသီးရဲ့ အခွံတွေကို ဓါးမနဲ့ ခွာစရာမလိုတော့ဘူး။ အောက်ခြေမှာလည်း ပေတုံး ခံထုစရာ မလိုတော့ဘူး။ တစ်နေ့  ဖြစ်ချင်တော့ အစ်ကိုရယ် အိမ်မှာ ကျွန်တော့်ရဲ့ တူလေး မေ့ကျန်နေခဲ့တယ်။ ဒီတော့ ဒီတူလေး ရှိမှ ဗာဒံသီး ထုရမှာ ဆိုတာကို သူမရှိရင်ရော ဆိုပြီးတော့ ကျွန်တော် ကျောက်ခဲ တစ်ခုနဲ့ ထုခွဲကြည့်တယ်။ ကျွမ်းကျင်မှု မရှိသေးတော့ ဟိုးအရင် တူနဲ့ ခွဲခါစ လိုပဲ ခက်ခဲပါတယ်။ ကျိုးကုန် ၊ ကြေကုန် ၊ ပဲ့ကုန်တယ်။ ဒါပေမဲ့ တူနဲ့ အတော်ကို ကျွမ်းကျင်ပြီးသား ဆိုတော့ သိပ်မကြာခင် အချိန်မှာပဲ ကျွန်တော် ဗာဒံဆံ အကောင်းလေးတွေကို အပြစ်အနာ အဆာ မရှိအောင် ထုပြီးတော့ ထုတ်နိုင်ခဲ့တယ်။ "

" - - - - - - - "

" အစ်ကို ပြောသလို အရင်က ဓါးမတွေ ၊ ပေတုံးတွေ ၊ တူတွေက ကျွန်တော့်ရဲ့ အရင်းအနှီးတွေပေါ့။ ဟုတ်ပါတယ်။ ဒါပေမဲ့ အခု အချိန်မှာတော့ ကျွန်တော့်ရဲ့ အရင်းအနှီးတွေက ဓါးမတွေ ၊ ပေတုံးတွေ ၊ တူတွေ မဟုတ်တော့ဘူး အစ်ကို။ အခု အချိန်မှာ ကျွန်တော့်ရဲ့ အရင်းအနှီးတွေက ကျွန်တော့်ရဲ့ " ကျွမ်းကျင်မှု " တွေပဲ။ ဓါးမ ရှိမှ ၊ ပေတုံး ရှိမှ ၊ တူ ရှိမှ ကျွန်တော် မဟုတ်တော့ဘူး။ ကျွန်တော့်ရဲ့ " ကျွမ်းကျင်မှု " ကပဲ ကျွန်တော့်ရဲ့ " အရင်းအနှီး " ဖြစ်သွားပြီ အစ်ကို။ "

" - - - - - - - "

သူ့ရဲ့ စကားဆုံးတော့ ကျွန်တော်ရဲ့ စိတ်ထဲ ၊ အသိဥာဏ်ထဲ ၊ ဦးနှောက်ထဲမှာ ရုပ်ပြကာတွန်းထဲကလို ပြောရရင် မီးလုံးလေး တစ်လုံး ဖျတ်ခနဲ ပွင့်ကာ လင်းသွားပါတော့သည်။ ဟုတ်တယ်။ လောကမှာ အရင်းအနှီး ဆိုတာ ကျွမ်းကျင်မှုပါပဲ။

သူနဲ့ စကားကောင်းနေတာနဲ့ တော်ဝင် စင်တာမှာ ချိန်းထားသော သူငယ်ချင်းတွေနဲ့ အနည်းငယ်တော့ နောက်ကျနေခဲ့ပြီ။ ကျွန်တော် သူ့ခေါင်းကို ပွတ်ကာ ကျေးဇူးတင်စကားပြောခဲ့ပြီး နှုတ်ဆက် ထွက်လာခဲ့၏။ ကျွန်တော့်ရဲ့ လက်ထဲမှာ သူ့ဆီမှ ငါးရာတန် ဗာဒံဆံတွေ ရှိနေ၏။ သို့သော် ကျွန်တော့်ရဲ့ ရင်ထဲမှာတော့ သူ့ဆီမှ တန်ဖိုး မဖြတ်နိုင်သော စကားလုံးတွေကို အပြည့် သယ်ဆောင်လာခဲ့ပါသည်။



တော်ဝင် စင်တာကို ရောက်တော့ သူငယ်ချင်းတွေ ချိန်းထားသော အချိန်ထက် များစွာ နောက်ကျနေခဲ့ပြီ။ ကောင်းကင်မှာတော့ မိုးက ခုနကလိုပဲ မည်းမည်းမှိုင်းကာ အုပ်စိုးလျက်ရှိ၏။ သို့သော် မိုးကတော့ မရွာပေ။ တော်ဝင် စင်တာ ရဲ့ ဒုတိယထပ် စားသောက်တန်းသို့ အရောက်မှာ ချိန်းထားသော ဆိုင်မှာ သူငယ်ချင်းတွေကို စုံစုံလင်လင် တွေ့လိုက်ရသည်။

" ဟာ . . ကိုဇော်။  မင်း နောက်ကျလှချည့်လား။ ငါတို့က မင်း တစ်ခုခု ဖြစ်နေလားလို့ စိုးရိမ်နေတာ။ "

" - - - - - - - "

ကျွန်တော် ဘာမှ မပြောဘဲ သူတို့ကို ပြုံးပြလိုက်ကာ သူတို့စားပွဲမှ ထိုင်ခုံကို ဆွဲယူကာ ထိုင်လိုက်လေ၏။

" ဘယ်လိုဖြစ်ပြီးတော့ ဒီလောက် နောက်ကျနေရတာလဲ။ "

" ဘယ်လိုဖြစ်ပြီး နောက်ကျနေရတာလဲ ဆိုတော့ အရမ်းကို စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာ တစ်ခုကို နားထောင်နေလိုက်ရလို့ပဲ။ "

" ဘာလဲကွ ၊ လုပ်စမ်းပါဦး။ နားထောင်ရအောင်လို့။ "

" ပြောတာပေါ့ကွာ။ ခဏနေပါဦး။ "

သူတို့ မချင့်မရဲ ဖြစ်သွားသော်လည်း အဓိက ပြောရန် ချိန်းထားသော စကားကို ပြန်လည်သတိရသွားကာ ဆွေးနွေးဖြစ်ကြတော့သည်။

" - - - - - - -  "

" - - - - - - - - "

" ဟုတ်ပါပြီ။ ပြောနေတာတွေ ခဏထားလိုက်ဦး။ အခု လောလောဆယ် ငါတို့ ဒီအလုပ်ကို စဖို့ နောက်ထပ် အရင်းအနှီး ဘယ်လောက်စီ ထပ်ထုတ်ရင် ကောင်းမလဲ။ "

" - - - - - - - "

" - - - - - - - - "

တတ်ကြွသော သူငယ်ချင်းတစ်ယောက်က အားလုံးကို အလုပ်စဖြစ်အောင် ဆော်သြသည်။ သို့သော် ဘယ်သူ့ဆီကမှ အသံမထွက်ကြ။

" ပြောလေကွာ။ ဒီကိစ္စကို စလုပ်ဖို့ အကြံထွက်တဲ့ ကိုဇော် ၊ မင်းက ဘာလို့ တိတ်နေရတာလဲ။ ငါတို့ နောက်ထပ် ဘယ်လောက် အရင်းအနှီး ထပ်ထုတ်ရင် ကောင်းမလဲ။ "

ကျွန်တော် သူတို့ အားလုံးကို သေချာ ကြည့်ပြီးတော့ ပြောလိုက်၏။

" မင်းတို့ကို ငါ အဖြစ်အပျက်လေး တစ်ခု ပြောပြချင်တယ်။ ခုနက ငါ လမ်းမှာ ကြုံခဲ့ရတဲ့ စိတ်ဝင်စားစရာ ကောင်းတယ် ဆိုတဲ့ အဖြစ်အပျက်လေး တစ်ခု ဆိုပါတော့။ "

" အေး လုပ်စမ်းပါဦး။ ငါတို့လည်း နားထောင်ရအောင်. . . "

" ဒီလိုကွ။ ငါ သင်တန်းတတ်နေတဲ့ နားက လမ်းဘေးမှာ စည်ပင်ထီးကို အမှီပြုပြီးတော့ ရောင်းနေတဲ့ ဈေးဆိုင်တွေမှာ ဗာဒံသီးတွေကို ထုပြီးတော့ အဆံထုတ်ပြီး ရောင်းတဲ့ ဆိုင်လေး တစ်ဆိုင် ရှိတယ်။ အဲဒီဆိုင်မှာ ဗာဒံဆံထုတ်တဲ့ လူက ကောင်လေး တစ်ယောက်ပဲ။ သူ့အတွက် ဗာဒံသီးကို အခွံခွာဖို့ ခပ်တုံးတုံး ဓါးမက တစ်လက် ၊ ဗာဒံသီးကို ထုရာမှာ အောက်ခြေက ခံတဲ့ သံချေးတတ်နေသော သံပေတုံးက တစ်ခု ၊ ဗာဒံသီး အဆံထုတ်ရာမှာ ထုဖို့ အရိုးခပ်ချောင်ချောင် တူက တစ်လက် ဒါပဲ ရှိတယ်။ "

" အင်း . . . "

" အဲဒီ့ ဓါးမရယ် ၊ ပေတုံးရယ် ၊ တူရယ်ဟာ သူ့အတွက်တော့ အရင်းအနှီးတွေပဲ။ ဒါနဲ့ တစ်နေ့တော့ . .  x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x 



ကျွန်တော်တို့ အားလုံးဟာ အလုပ်ပေါင်းများစွာ လုပ်ခဲ့ရနိုင်ပါသည်။ ထို့အတူ လက်ရှိလည်း အလုပ်ပေါင်းများစွာ လုပ်နေရနိုင်ပါသည်။ ထို့အပြင် နောင်မှာလည်း အလုပ်ပေါင်းများစွာ လုပ်နေရပါလိမ့်ဦးမည်။

ထိုသို့ လုပ်ခဲ့ ၊ လုပ်ဆဲ ၊ လုပ်လတ္တံ့သော အလုပ်များစွာ အတွက် " အရင်းအနှီး " ဘယ်လောက် လိုလဲဟု ကျွန်တော့်ကို မေးလာခဲ့ရင် ကျွန်တော် မဖြေနိုင်ပါ။ သို့သော် လမ်းဘေးမှာ ဗာဒံသီးထုကာ အဆံထုတ်ရောင်းသော ကောင်လေးရဲ့ သင်ကြားချက် အရ ကျွန်တော် ပြောရမည် ဆိုရင်တော့ " အရင်းအနှီး " ဆိုတာ " ကျွမ်းကျင်မှု " လို့သာ ကျွန်တော် ဖွင့်ဆို ပြောပြချင်ပါတော့သည်။

သင်ရော . . . သင်လုပ်နေသော အလုပ်အတွက် " အရင်းအနှီး " ဘယ်လောက် လိုပါသလဲ။



*** မှတ်ချက်။  ။ ဗာဒံသီးပုံကို Google မှာ ရှာဖို့ ဗာဒံသီးကို အင်္ဂလိပ်လို မသိလို့ ပြောဆို ညွှန်ပြပေးသော Aye Myat Mon , မမိုး , အစ်မလွင် နဲ့ သူငယ်ချင်းများ အားလုံးကိုလည်း ကျေးဇူး အထူးတင်ပါတယ်။ ဗာဒံပင် ( အစေ့ အသေး ) ကို အင်္ဂလိပ်လို " Terminalia catappa " ခေါ်ပြီး ( အစေ့ အကြီး ) ကို india almond လို့ ခေါ်ပါကြောင်း ဗဟုသုတ အဖြစ် ထည့်သွင်း ဖော်ပြလိုက်ပါတယ်။ ဗာဒံင်္သိးကို စာလုံးပေါင်း အမှားပြင်ပေးတဲ့ Kyaw Zwa Thant ကိုလည်း ကျေးဇူးပါ။  ***



လေးစားစွာဖြင့်
ကိုဇော်
8.10.2011


Share/Bookmark

24 ယောက် ရဲ့ ထင်မြင်ချက်:

Angelhlaing(May everybody be happy and healthy! said...

အကိုရေးတဲ့စာတွေ ဖဖတ်ရတာ ရသစုံတယ်...အတွေးရော အရေးပါ အသစ်သစ်တွေနဲ့ အားကျတယ်အကိုရေ....
ခံစားအားပေးလျှက်..

ဆလူး said...

မိုးတွေ တအားရွာရင် တော်လေးမိုးကို ဖုံးဆက်ပြီး လာကြိုခိုင်းရမယ် မလာမချင်း စောင့်နေမယ်လို့ ပြောရမယ် ဟု သင်ခန်းစာ ရရှိပါသည် .... ထို့နောက် ..အခု စာသင်နေတာ ဆက်မသင်တော့ဘဲ ဗံဒါသီးပဲ ထု ရောင်းတော့မည်ဟု သင်ခန်းစာ ရပါသည် ..... ကြီ... ကြီ...

အလကား နောက်ထျာာာ

အလင်းသစ် said...

မွမွမွ ပဲကြုံခဲ့လို့တော်သေး အကိုရေ... မွက်မွက်မွက်တို့ ၊ မွမ့်မွမ့်မွမ့်တို့ ရှိသေးသဗျ။။ ကိုယ်တွေပဲ ခေတ်နောက်မှာ ကျန်ခဲ့လေသလားတော့ မသိပါဘူးဗျာ။။။ အကိုပေးလိုက်တဲ့ အတွေးတစ်စကို အမိအရ ဖမ်းဆုတ်သွားပါပြီ။။။

mstint said...

အလုပ်တိုင်းဟာ ကျွမ်းကျင်ရာ အလိမ္မာဆိုသလိုပေါ့နော်။
အရာရာကို လစ်လျူမရှုပဲ စိတ်ဝင်တစားလေ့လာတတ်တဲ့ ကိုဇော့်ရဲ့ စိတ်ထားကို လေးစားပါတယ်။ လုပ်ငန်းတစ်ခုအတွက် အရင်းအနှီးဆိုတာ ငွေပမာဏတစ်ခုသက်သက် မဟုတ်ပဲ အချိန်နဲ့တစ်ပြေးညီ ရခဲ့တဲ့ ဘဝအတွေ့အကြုံများလို့ ထင်မြင်ယူဆမိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

AH said...

အရမ်းကို အခြေခံကျတဲ့ ယူဆချက်လေးတစ်ခုပါဘဲ ကိုဇော် ခင်ဗျာ။ ဒီပိုစ်လေးကို အရမ်းကြိုက်ပါတယ်။

ခင်မင်စွာဖြင့်
AH

မိုးခါး said...

မက်ဆေ့လေးကို အရမ်းကြိုက်ပါတယ် .. ရွေးခွင့်ရှိတဲ့လူတွေကတော့ ဟိုဟာပါမှ ဟိုလောက်မှ ဒီလောက်မှနဲ့ အချိန်တွေ ဖြုန်းနေကြတယ် .. မဖြစ်ဖြစ်အောင် လုပ်ရတော့မယ်ဆိုတဲ့ လူတွေကျတော့လည်း မရအရ ရင်းနှီး လုပ်ကြရတယ် .. ပိုက်ဆံ ဘယ်လောက်ရင်းမှ ရမယ်လို့ လူတော်တော်များများပြောကြတယ် .. ကိုယ်ပိုင်စွမ်းအား လုပ်ပိုင်ခွင့်နဲ့ ကျွမ်းကျင်မှုတွေကို တခါတလေ မေ့ထားတတ်ကြတယ် ..

ကျေးဇူးပါ ကိုဇော်

Violet Noble said...

fb မှာ လင့်တွေ့လို့ လာဖတ်သွားပါကြောင်း ဦးဇော်ရေ့ ... ;)

သတိုး said...

ငွေကြေးနဲ့ တခြားရုပ်ဝတ္ထု အရင်းအနှီးတွေဆိုတာ ကျွန်တော့်တို့ ပတ်ဝန်းကျင်မှာတော့ အကြောင်းကြောင်းနဲ့ လုံးပါးပါးကြရတာပဲ။ နောက်ဆုံးတော့ ကျွမ်းကျင်မှု အရင်းအနှီးသာ ကျန်ရတော့တာပဲ။
ps; မွ.. မွ ဆိုတာလေး သိရင် ပြောပြပါဦးး)

Cameron said...

ကိုဇော်ရေ.. India Almond အတွက် ဖဘကနေလိုက်လာခဲ့ပါတယ်...။ သိပ်ကောင်းတဲ့စာလေးတစ်ပုဒ်ပါ...။ အရင်းအနှီးဆိုတာ ကျွမ်းကျင်မှုဆိုတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့စကားတစ်ခုရလိုက်တယ် အသိတစ်ခုရလိုက်တယ်....။

ခင်တဲ့
မိုးငွေ့

rose of sharon said...

အရင်းအနှီးဆိုတာကျွမ်းကျင်မှုဘဲ... ပညာရလိုက်ပါတယ်...

စံပယ်ချို said...

စာဖတ်သူတွေအတွက်ဘ၀ရယ်...အသိတစ်ခုရယ်
အရင်းအနှီးဆိုတဲ့ ကျွမ်းကျင်မှု...တွေရယ်
အားလုံးရလိုက်ပါတယ်ကိုဇော်ရေ...
ခင်တဲ့ jasmine

SHWE ZIN U said...

လောလောဆယ်ဆယ်တော့ ကျွမ်းကျင်မှု့ အရင်းအနှီး နဲ့ ရထားတဲ့ ဘန်ဒါစေ့ လေးတွေ စားချင်တယ် သိပ်ကြိုက်တယ်

မအိမ်သူ said...

ဘယ်အလုပ်မဆို ငွေကြေး အလုပ်အတွက်လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေ အပြင် အတွေ့အကြုံ ကျွမ်းကျင်မှု ကိုယ်လုပ်တဲ့ အလုပ်အပေါ် စိတ်ဝင်စားမှု ၀ါသနာ စေတနာ အဲဒါတွေအားလုံးဟာ အရေးကြီးတဲ့ အရင်းအနှီးစာရင်းထဲမှာ ပါလိမ့်မယ်ထင်ပါတယ်ကိုဇော်ရေ။

အလွမ်းမြို့ said...

လာရော်ဖတ်သွား...မှတ်သွားပါတယ် ကိုဇော်. ဗဟုသုတတွေ အမြဲပေးတဲ့ ဆိုက်လေးအတွက် ကျေးဇူးလည်းတင်တယ်
ပျော်ရွှင်ပါစေ အစ်ကို

ညီရဲ said...

တကယ်တစ်ခုခုကို ရလိုက်တယ် ကိုဇော်ရေ...
ဟုတ်တယ် ကျွမ်းကျင်မှုက အကောင်းဆုံးအရင်းအနှီး တစ်ခုပေါ့...ဒါကြောင့် ဒါရိုင်ဘာတွေ ဘယ်တော့မှ ထမင်းမငတ်တာပေါ့...ပိုစ့်ကောင်းလေးတစ်ပုဒ်ကို ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်... ဒီပိုစ့်လေး တကယ်ကောင်းတယ် ဖတ်တဲ့သူကို ဆွဲခေါ်သွားနိုင်တယ်...သူတို့ လေးတွေ ဘဝလဲ တကယ်သနားဖို့ ကောင်းတယ်နော်... သြော်... ဘဝတွေ ဘဝတွေ...

ဆွေလေးမွန် said...

ကျွမ်းကျင်မှုဟာ အရင်းအနှီးတစ်ခုဖြစ်တယ် ဆိုတာ တော့ လက်ခံတယ် ကိုဇော်ရေ..
အတွေးလေးတွေကို တစ်ဆင့်ပြီးတစ်ဆင့်
အသေးစိတ်ရေးပြသွားတာ စိတ်ဝင်စားစွာနဲ့ ကို
ဖတ်သွားတယ်..

ကိုကိုမောင်(ပန်းရနံ့) said...

ယူတတ်ရင် နေရာတိုင်းမှာ ပညာတွေချည်းပါလား။ ဟုတ်တယ် ကျွမ်းကျမ်းမှုက အရင်းအနှီးတစ်ခုပါဘဲ။ ဒါပေမဲ့ အဲဒီ ကျွမ်းကျင်မှုက အလကားတော့ ရလာတာ မဟုတ်ပါဘူး။ အချိန်တွေ အင်နာဂျီတွေ လေ့ကျင့်မှုတွေ အများကြီး အသုံးချခဲ့ရပါတယ်။

ကောင်းလေစွ ကောင်းလေစွ။

ခင်မင်လျှက်

မဒမ်ကိုး said...

သူများစီးပွားရေးကိုတော့မျက်စိမကျနဲ့နော်အကိုး)

မွမွမွဆိုတာ ခုခေတ်ပေါ်လေ
အိုင်လပ်ယူဘေဘီ မွမွမွဆိုတာလေ
ပိန်းပါ့ဗျား)

ခင်တဲ့
မဒိုးကန်

မြတ်မွန် said...

ခေတ်ခေတ်..ပြောင်းလဲတာ မြန်ဆန်လွန်းတော့ လိုက်လို့တောင် မမှီအောင်ပါပဲ..။
အဲဒီခေတ်ကိုလည်း ကျွမ်းကျင်ဖို့ လိုသေးသကိုး..။

ဟန်ကြည် said...

မှန်ပါတယ်...ရုပ်ဝထ္ထုပစ္စည်းဆိုတာ အထောက်အပံ့ပစ္စည်းသက်သက်ပါ...အရေးကြီးတာက ကျွမ်းကျင်မှုပဲ ဖြစ်ပါတယ်...ဒါပေမယ့် ကျွမ်းကျင်မှုရှိဖို့ဆိုတာလည်း ရုပ်ဝထ္ထုကို အခြေခံထားရပါသေးရဲ့...ရုပ်ဝထ္ထုကြောင့် ရလာတဲ့ကျွမ်းကျင်မှုကို နောက်ထပ်ပံ့ပိုးမှုတွေအားဖြည့်နိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့လေ...

IDIOT-Ki said...

“ အရင်းအနှီး ”ဆိုတာ “ကျွမ်းကျင်မှု”..တချို့ ကိစ္စ မျိုးမှာတော့ မှန်ပါတယ် ။ ကားပွဲစား တွေ ဆို ပါးစပ် ပဲ စိုက်.. အပြောအဆို ကျွမ်းကျင်တော့ အလုပ်ကို ဖြစ်လို့ ..း))
ဒါပေမဲ့ အရာခပ်သိမ်း အတွက်တော့ မဖြစ်နိုင်ဘူး ထင်တယ်။
ဥပမာ - ဆတ္တာသည် ( ဒီခေတ်မှာ တော့ ဆံသ၊) လို ဟာမျိုးကျတော့ ရော..အနည်းဆုံး ကပ်ကျေးတလက်တော့ လိုမယ် လေ..
အင်း.. ဒီကပ်ကျေးလေးတလက် အရင်းအနှီး ရဖို့တောင် မနည်းရှာ နေရတော့ .. ရန်ကုန်ပြန်ပြီး ဗြူတီပါလာ မဖွင့်တော့ပဲ ဗာဒံသီးပဲ ထုရောင်း ရ ရင် ကောင်းမလား ပဲ .. လာ အားပေး နော် ..ကို ဇော်..ရေ..

အရင်းအနှီးဘယ်လောက်လိုသလည်း မေးလို့ ပြန်ဖြေ လိုက်တာ နော် ..
ဘုဂလန့် ပြော တယ် မထင် နဲ့..း))

ဖွ ကိ

မောင်သီဟ said...

း) အရင်းနှီးလိုတဲ့နေရာရှိသလို မလိုတဲ့နေရာလည်းရှိပါ့
အဲ...လိုတာကများပါတယ်း)
ဒါထက် စကားမစပ် သီတင်းကျွတ်ပြီးနော် ကိုဇော်း)

မေသိမ့်သိမ့် ကျော် said...

အရင်းအနှီး = ကျွမ်းကျင်မှု

တကယ်ကို မှတ်သားစရာကောင်းတဲ့ ပို့စ်လေးပါ ကိုဇော်ရေ။ ကျေးဇူးတင်ပါတယ်။


ခင်တဲ့
မေသိမ့်

yinminkhine said...

အရင်းအနှီး " ဆိုတာ " ကျွမ်းကျင်မှု "

" ကျွမ်းကျင်မှု " ရှိရင်

ကောင်းမွန်သော

မည်သည့်အလုပ်မဆိုအောင်မြင်ပါတယ်.........

ဗာဒံစေ့တော့ကြိုက်မှကြိုက်

မ..မ ဖတ်သွားခဲ့ပါတယ်

မွ..မွ တော့မသိဘူးနော့

ဗာဒံစေ့တော့ကြိုက်မှကြိုက်


အတွေးအခေါ်လေးစား၏