မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


28 September 2011

18 အာလူး ပျောက်သူများ



ကျွန်တော့်မှာ မှတ်စုစာအုပ်လေး တစ်အုပ်ရှိ၏။ ထိုမှတ်စု စာအုပ်လေးထဲမှာ ကျွန်တော်ရဲ့ အိပ်မက်များကို မင်နက်နက်ဖြင့် သေချာတိကျစွာ ရေးမှတ်ထားလေ့ရှိသည်။ ဖတ်ချင်သော်လည်း မဖတ်ရသေးသော စာအုပ်များ ၊ သွားချင်သော်လည်း မရောက်သေးသော နေရာများ ၊ ကြည့်ချင်သော်လည်း မကြည့်ဖြစ်သေးသော ရုပ်ရှင်ဇာတ်ကားများ ၊ ခံစားကြည့်ရှု့ချင်သော်လည်း မကြုံသေးသော ပန်းချီကားများ ၊ အခြေအနေ မပေးသေး၍ မတွေ့ဆုံနိုင်သေးသော ပုဂ္ဂိုလ်များ . . . . စသဖြင့် ကျွန်တော် ရေးမှတ်ထားလေ့ ရှိသည်။

တစ်ခါတလေ ထိုမှတ်စု စာအုပ်လေးကို ဖွင့်ပြီး အထဲမှ ကျွန်တော့်ရဲ့ မင်နက်နက်တွေကို ပြန်လည်ဖတ်ရှု့ရင်း ဝိုးတဝါး ရင်ခုန်ကြည်နူးကာ တကယ်ပဲ အပြင်မှာ ရောက်နေရသလို ရစ်မူးခံစား နေမိတတ်သည်။ ထိုအချိန်ဆိုရင် စိတ်တွေက ငြိမ်သက်ကာ ပတ်ဝန်းကျင်မှ အသံတွေ ဘာဆို ဘာမှ မကြားမိတော့သလို တိတ်ဆိတ်သွားတတ်သည်။ 

ထိုကဲ့သို့ ကျွန်တော့် အတွေးထဲမှာ မြင်ယောင်ကြည့်ရှု့ဖူးတဲ့ အရာတွေထဲမှာ " ဗင်းဆင့်ဗန်ဂိုး နဲ့ အာလူး စားသူများ " ပန်းချီကားကလည်း တစ်ကား အပါအဝင်ပါပဲ။ အဲဒီလိုနဲ့ . . . 



"  - - - - - - - - - "

ငေးကြည့်နေရင်း ထိုပန်းချီကားချပ်မှ အာလူးစားသုံးနေသော လူတွေရဲ့ အာသာငမ်းငမ်း တပ်မက်နေသော မျက်ဝန်းများ ၊ သူတို့ရဲ့ အာသာငမ်းငမ်း ကြည့်နေသော အရာများ ၊ သူတို့ရဲ့ ပတ်ဝန်းကျင် အလင်းအမှောင် ၊ ရောင်စဉ်တွေရဲ့ အယူအဆ ၊ ရေးခြစ်ထားသော စုတ်ချက် ခပ်သွက်သွက်တွေက ကျွန်တော့်ကို အငိုက်မိစေကာ ထိုပန်းချီကားချပ်မှ ကျွန်တော့် မျက်ဝန်းများကို မခွာမိတော့ . . . .

ထိုပန်းချီကားကတော့ ထပ်ပြောစရာ မလိုအောင် သေချာလှသော " ဗင်းဆင့်ဗန်ဂိုး ရဲ့ အာလူးစားသူများ " ပန်းချီကားပဲ ဖြစ်၏။ ဘယ်အချိန်ကြည့်ကြည့် ဆိုသလို ဒီပန်းချီကားက ကျွန်တော့်ရဲ့ စိတ်ကို ဖမ်းစားထားလေသည်။

" ဒေါက် . . .  " 

" ဒေါက် . . . ."

" ဒေါက် . . . "

အဝေးမှ လှမ်းလျှောက်လာသော ခြေသံက ကျွန်တော့် အနောက်နားသို့ အရောက်မှာ တိတ်ဆိတ်သွား၏။ အရှေ့မှာ ပန်းချီကားကို စိတ်ဝင်စားနေသော ကျွန်တော်က အနောက်မှ ရောက်လာသော ခြေသံရှင်ကို သတိမထားမိသေးချေ။ ထို့ကြောင့် စိတ်ဝင်စားစွာပင် ပန်းချီကားကို ကြည့်နေမိသည်။

" ဟူး  . . . "

အနောက်ဘက်မှ သက်ပြင်းချသံ သဲ့သဲ့ကြောင့် ကျွန်တော် အသိဝင်လာကာ အနောက်သို့ လှည့်ကြည့်မိသည်။ အတော်ပင် အိုမင်း မစွမ်းဖြစ်နေပြီ ဖြစ်သော အဘိုးအို တစ်ယောက်ကို တုတ်ကောက် အားပြုလျက် တွေ့လိုက်ရ၏။ ကိုယ့်အနောက်ကနေ ရပ်ကြည့်ရင်း သက်ပြင်းချသံကြောင့် လူက မလုံမလဲနှင့် မေးမိသည်။

" ခင်ဗျားက ဘယ်သူလဲ။ "

" ငါ . . လား . . . "

" အင်းလေ . . . ခင်ဗျားက ဘယ်သူလဲ။ "

" ငါက ဗင်းဆင့်ဗန်ဂိုးလေ. . ."

ကျွန်တော် မတ်တပ်ရပ်လျက် ထခုန်မိမတတ် အံ့သြ ဝမ်းသာသွားမိသည်။

" ဟင် . . . ဒါဆို ဒီ " အာလူး စားသူများ " ပန်းချီကားကို ဆွဲတဲ့သူပေါ့။ "

ဒီတော့ သူက ခေါင်းခါရင်း ခပ်နွေးနွေးပြုံး၏။ သို့သော် . . . သူ့အပြုံးက အသက်မပါချေ။

" အာလူး စားသူများ ပန်းချီကားကို ငါဆွဲတာတော့ ဟုတ်တယ်။ ဒါပေမဲ့ . .  ဒီပန်းချီကားကို ဆွဲတာတော့ ငါ မဟုတ်ဘူး။ "

" ဘယ်လို . . . . "

" ဟုတ်တယ်။ တကယ်တော့ မင်းကြည့်နေတဲ့ "အာလူး စားသူများ " ပန်းချီကားက အတုကြီး . . . "

" ဟာ . . . "

" ဟုတ်တယ်။ အစစ်ကို မင်းကြည့်ချင်လား။ "

" ဟုတ်ကဲ့ . . . "

" ဒါဆို ငါ့နောက် လိုက်ခဲ့ပေတော့ . . . "

ပြောလည်းပြော ၊ ချက်ချင်း ဆိုသလို သူက နောက်ကို ချာခနဲ လှည့်ကာ တုတ်ကောက် အားပြုထားရသူ အဘိုးအို တစ်ယောက် မဟုတ်သလို လျင်မြန်စွာ ထွက်သွားလေတော့သည်။ သိချင်ဇောဖြင့် ကျွန်တော်လည်း ထပ်ချပ်မကွာ လိုက်သွားမိ၏။ ဟိုဝင် ဒီကွေ့ဖြင့် အခန်းပေါင်းများစွာကို ဖြတ်အပြီးမှာ အဝတ်စ တစ်စ ဖုံးအုပ်ထားသော ပန်းချီကား တစ်ချပ်ရှေ့မှာ ရပ်လိုက်လေသည်။ ပြီးမှ ကျွန်တော့်ဘက်ကို လှည့်ကြည့်ပြီး ပင့်သက်တစ်ချက်ကို ရှိုက်လိုက်လေ၏။

" ဒါမှ အာလူး စားသူများ ပန်းချီကား အစစ်. . . "

" ဒါဆို ပြလေ . . . ဘာလို့ အဝတ်စကြီး ဖုံးထားရတာလဲ။ "

သူက တစ်ခုခုကို လွမ်းဆွတ်သတိရပြီး ဆွေးမြေ့သွားသလိုနှင့် အဝေးကို လှမ်းငေးရင်း . . . .

" ဘာလို့ ဖုံးထားရတာလဲ ဆိုသော ပန်းချီကားပေါ်က အရာတချို့ပျောက်ဆုံးနေလို့ပဲ။ "

" ဟင် . . . ."

" ဟုတ်တယ်။ ဒါကြောင့် အုပ်ထားရတာပဲ။ "

" ဟိုအရင်ကလည်း အာလူး စားသူများ ပန်းချီကားရဲ့ အာလူး စားနေသူတွေရဲ့ မျက်လုံးတွေ ပျောက်ဆုံး သွားဖူးသေးတယ်နော်။ "

" ဟုတ်တယ်။ ဒါပေမဲ့ . . . အခု ပျောက်တာက အာလူး စားသူတွေရဲ့ မျက်လုံးတွေ မဟုတ်ဘူး။ "

" ဒါဆို ဘာတွေ ပျောက်သွားတာလဲ။ "

သူက ဘာမှ မပြောဘဲ ၊ ပန်းချီကားကို ဖုံးကွယ်ကာ လွှမ်းထားသော အဝတ်စကို ဆက်ခနဲ ဆွဲဖယ်လိုက်၏။

" အို . . . အာလူး စားသူတွေရဲ့ အာလူးတွေ ပျောက်ကုန်ပါရောလား။ "

ကျွန်တော့်ဆီမှ အာမေဋိတ်စကားကို ကြားတော့မှ သူက စကားဆို၏။

" ဟုတ်တယ်။ သူတို့ရဲ့ မျက်လုံးတွေကို ပြန်လည်ရှာဖွေ တွေ့ရှိပြီး သိပ်မကြာခင်မှာ သူတို့ စားနေတဲ့ အာလူးတွေ ပျောက်ကုန်တော့တာပါပဲ။ "

" ဘယ်လို ဖြစ်တာလဲဗျာ။ "

မရေမတွက်နိုင်အောင် များပြားလှပြီ ဖြစ်တဲ့ သက်ပြင်းတွေကိုပဲ သူ ထပ်ချသည်။ အရင်ကလည်း အတော် ချပြီး ဖြစ်နိုင်သလို နောက်လည်း အတော် ထပ်ချဦးမည့်ပုံပင်။

" ဟိုတလောက စားသောက်ကုန်တွေနဲ့ ပတ်သတ်တဲ့ အဘိဓါန် စာအုပ်တစ်အုပ် ထွက်လာခဲ့တယ်။ "

" ဟုတ်လား . . ကျွန်တော် မသိလိုက်ဘူး။ မဖတ်ဖူးလိုက်ဘူး။ "

" ဟုတ်တယ်။ တကယ်ကို ထွက်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ ဒီအဘိဓါန် စာအုပ်က သိပ်မကြာဘဲ ပြန်လည်ကွယ်ပျောက်သွားခဲ့ရတယ်။ အဲဒီအထဲမှာ စားသောက်ကုန်တွေကို ဖွင့်ဆိုချက်တွေနဲ့ ရှင်းပြထားတယ်။ ကြက်သွန် ဆိုရင် ဘာကြောင့် ကြက်သွန်လို့ ခေါ်ရတယ် ၊ မုန်လာဥ ဆိုလည်း ဘာလို့ မုန်လာဥ ဆိုပြီး ခေါ်တယ် ဆိုတာမျိုးတွေပေါ့။ "

" ဟုတ် . . . ၊ ဒါဆို အဲဒီ အဘိဓါန်ထဲမှာ " အာလူး " ကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုလဲ။ "

" အင်း . . . ဒီလို။ " အာလူး = ပြောသာပြောပြီး အလုပ် မဖြစ်သော စကား " လို့ အဓိပ္ပါယ်ဖွင့်ဆို ထားတယ်။ "

" သြော် . . ."

" အဲဒီအဘိဓါန် ပေါ်လာပြီး သိပ်မကြာဘူး ၊ အာလူး စားသူများ ပန်းချီကားထဲက အာလူးတွေ ပျောက်သွားတော့တာပါပဲ။ "

" - - - - - - - "

" ဒါနဲ့ မပြီးသေးဘူး။ အခု ဒီ့ထက် ဆိုးနေတာက ဒီပန်းချီကားက အာလူးတွေ ပျောက်ပြီး နောက်ဆက်တွဲ အနေနဲ့ နေ့စဉ်နဲ့ အမျှ အချိန်တိုင်းမှာ နေရာ အနှံ့က အာလူးတွေ ပျောက်ကုန်နေတော့တာပဲ။ "

" ဘယ်လို . . . "

" ဟုတ်တယ်။ နေရာ အနှံ့က အာလူးတွေသာ ပျောက်နေတာ အဲဒီလို ပျောက်နေတဲ့ အာလူးတွေ ဘယ်နေရာမှာ ရောက်နေလဲ ၊ ဘယ်နေရာမှာ စုနေလဲ ဆိုတာကိုတော့ ဘယ်သူမှ စုံစမ်းလို့ မရခဲ့ဘူး။ "

" - - - - - - "

" ငါလည်း အသက်က ကြီးပြီ။ ဒါကြောင့် . . . . ဖြစ်နိုင်ရင် ငါ့ကို ကူညီပါလား။ "

" ဟုတ်ကဲ့ . . ပြောပါ။ "

" မင်း အဆင်ပြေမယ် ဆိုရင် ငါ့ပန်းချီကားထဲက အာလူးတွေ အပါအဝင် နေရာ အနှံ့က အာလူးတွေ အားလုံး ဘယ်နေရာမှာ စုဝေးပြီး ရောက်နေတယ် ဆိုတဲ့ စုရပ်ကို စုံစမ်းပေးစေချင်တယ်။ "

" - - - - - - - "

" ငါ့ရဲ့ အာလူးတွေ ပြန်မရချင်နေပါစေ။ သူတို့ ဘယ်နေရာမှာ ရောက်နေတယ် ၊ ဘယ်နေရာမှာ စုဝေးနေတယ် ဆိုတာကို သိရရင် ကျေနပ်ပါပြီ။ မင်း ငါ့ကို ကူညီနိုင်မလား။ "

မျှော်လင့်တကြီး အားကိုးမှု မျက်ဝန်းများဖြင့် သူ့ကို တွေ့လိုက်ရသည်။

" ဟုတ်ကဲ့ . . . ကျွန်တော် ကြိုးစားပါ့မယ်။ "

" ဒေါက် . . . " 

" ဒေါက် . . . "

" ဒေါက် . . . " 

ကျွန်တော့် ကတိစကားသံ ဆုံးတော့ အလာတုန်းကလိုပဲ တုတ်ကောက်ကို အားပြု၍ သူ ပြန်လည်ထွက်ခွာသွားသံကို နောက်ကျောဘက်မှ ငြင်သာစွာ ကြားလိုက်ရ၏။ ကျွန်တော်ကတော့ ကျွန်တော် မျက်နှာမူထားရာ အာလူး စားသူများ ပန်းချီကားချပ်မှ ပျောက်ဆုံးနေသော အာလူးများ နေရာကို စူးစိုက်စွာ ကြည့်နေမိလေသည်။



" မတွေ့သေးပါဘူး။ "

" သတင်းမရသေးပါဘူး။ "

" ရှာဖွေနေဆဲပါ။ "

ဆိုသော ထူးမခြားနားသော ရှာဖွေတွေ့ရှိမှုကိုသာ တစ်နေ့တစ်နေ့ ၊ နေ့စဉ်နဲ့ အမျှ လက်ခံရရှိခဲ့လေသည်။ ပျောက်ဆုံးနေသော အာလူးများ ဘယ်နေရာမှာ စုဝေးရောက်ရှိနေသည် ဆိုတာကို သိရှိရဖို့ အထူး စုံစမ်းရေး အဖွဲ့ပေါင်းများစွာကို နေရာ အနှံ့သို့ စေလွှတ်ထားခဲ့၏။ သို့သော် သတင်းကား မထူးခြားသေးချေ။

နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီး စုံစမ်းရေး အဖွဲ့များမှ လူပေါင်းများစွာလည်း ပြောင်းလဲ သေဆုံးသွားခဲ့ရသည်။ ပျောက်ဆုံးနေသော အာလူးများ ဘယ်နေရာမှာ စုဝေးရောက်ရှိနေသည် ဆိုတာကို စုံစမ်း၍ မရသေးပေ။

တစ်နေ့ . . . . .

ကျွန်တော့် ရုံးခန်းထဲသို့ ချိနဲ့ယိုင်ထိုးစွာဖြင့် လူတစ်ယောက် ဝင်လာ၏။ သူ၏ သွင်ပြင်မှာ အားနည်းနေပုံလည်း ရ၏။ သူက ကျွန်တော်တို့ အာလူး ရှာဖွေရေး အထူးအဖွဲ့ဝင် တစ်ယောက် ဖြစ်လေသည်။ ရုံးခန်းတံခါးကို တွန်းဖွင့်ဝင်လာပြီး ကျွန်တော့်ကို မြင်တော့ ဝမ်းသာ အားရဟန်ဖြင့် . . . .

" ကျွန်တော် အာလူးတွေရဲ့ စုဝေးရာ နေရာ စုရပ်ကို တွေ့ခဲ့ ၊ သိခဲ့ပါပြီ။ "

ဟု ဆိုကာ လွန်စွာမှ ပင်ပန်း မောပန်းလှဟန်ဖြင့် ခွေခေါက်ကာ လဲကျသွားလေတော့သည်။ ကျွန်တော် သူ့ဆီကို အပြေးသွားရောက်ကာ ပွေ့လိုက်သော်လည်း နောက်ကျနေပြီ။ သူက ကြမ်းပြင်ပေါ်သို့ ပုံလျက်သား ကျနေခဲ့လေပြီ။ သူ့ကို ပွေ့ထူပြီး ကုတင်ပေါ် တင်၍ ကျွမ်းကျင်သော ဆရာဝန်ဖြင့် ကုသရ၏။ ခဏနေတော့ သူ့ဆီမှ ညည်းသံပြုကာ သတိရလာလေတော့သည်။

" အင်း . . . အင်း . . . . အင်း . . . ."

" သူ အရမ်း အားနည်းနေတယ်။ "

ဟု ကြပ်မတ်ကုသပေးနေသော ဆရာဝန်ထံမှ သတိပေး မှတ်ချက်ပြု၏။ သူကတော့ အမြင်ကြည်စေရန် မျက်တောင်ကို တစ်ချက် နှစ်ချက် ပုတ်ခတ် ပုတ်ခတ် လုပ်ကာ ဘေးဘီကို ဝေ့ဝဲကြည့်၏။ သူ့အနားတွင် ရပ်နေသော ကျွန်တော့်ကို တွေ့တော့မှ အားယူ၍ . . .

" ကျွန်တော် . . . ကျွန်တော် . . . အာလူးတွေရဲ့ စုရပ်ကို တွေ့ခဲ့ပါပြီ။ "

ကျွန်တော် သူ့အနားကို တိုးထိုင်၍ သူ့လက်ကို ကိုင်ပြီး အားပေးကာ သူ့စကားကို သေချာ စိတ်ဝင်တစား နားထောင်နေမိ၏။

" ပြောပါဦး။ ဘယ်နေရာမှာ အာလူးတွေကို တွေ့ခဲ့ရတာလဲ။ "

သူက ခြောက်ကပ်နေသော သူ့နှုတ်ခမ်းကို လျှာဖြင့် တစ်ချက် သပ်ရင်း . . . .

" စားသောက်ကုန် အဘိဓါန် ဆိုတာ တကယ် ရှိခဲ့တာလား ဟင် . . ."

" ဟုတ်ပါတယ် ၊ တကယ် ရှိခဲ့တာပါပဲ။ "

" အဲဒီထဲမှာရော . . . အာလူး ဆိုတာ ပြောသာပြောပြီး အလုပ် မဖြစ်သော စကား လို့ အဓိပ္ပါယ်ဖွင့်တယ် ဆိုတာရော တကယ်လား ဟင် . . ."

" ဟုတ်ပါတယ်။ တကယ်ကို အဲဒီလိုပဲ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ "

သူက မောပန်းနေရင်း လှစ်ခနဲ တစ်ချက်ပြုံးလေသည်။

" ဒါဆိုရင်တော့ . . မှန်ပါပြီ။ ကျွန်တော် တကယ်ကို အာလူးတွေ . . . အာလူးတွေ အများကြီးရဲ့ စုရပ်ကို တွေ့ခဲ့ရပါပြီ။ "

" အင်း . . . ဘယ်မှာ တွေ့ခဲ့ရတာလဲ။ သူတို့ ဘယ်မှာ ရှိနေတာလဲ။ "

" သူတို့ . . . သူတို့ . . . အဟွတ် . . . ဟွတ် . . . "

သူက အမောဖောက်လာသလို ချောင်း တဟွတ်ဟွတ် ဆိုးလေ၏။ ပြီးမှ . . .

" သူတို့ . . . သူတို့ . . . . "

" ဟုတ် . . . ပြောပါ။ သူတို့ကို ဘယ်နေရာမှာ စုစုစည်းစည်း တွေ့ခဲ့ရတာလဲ။ "

" ကျွန်တော် သူတို့ကို အများကြီး . . .အများကြီး တွေ့တယ်။ သူတို့ အားလုံး စုစုစည်းစည်း ရှိနေကြတယ်။ သူတို့တွေ အားလုံးကို ကျွန်တော် တွေ့ခဲ့တာ . . . အာလူးတွေ . . အာလူးတွေ အများကြီးပဲ . . . ဗင်းဆင့်ဗန်ဂိုးရဲ့ အာလူးတွေရော ၊ တခြား နေရာ အနှံ့က အာလူးတွေကိုရော ကျွန်တော် တွေ့ခဲ့တာ . . . . . လွှတ် . . . တော် . . . ထဲ . . မှာ . . . .  . . ."

ပြောနေရင်း သူ့အသံက တိတ်ဆိတ် တိုးတိတ်စွာ ပျောက်ကွယ် ပျော့ကျသွားပြီး ဇတ်ကျိုးကျ သွားလေတော့သည်။ 



ရုတ်တရက် ဆတ်ခနဲ ကျွန်တော် လန့်နိုးတော့ ကျွန်တော့်ရဲ့ ရင်ဘတ်ပေါ်မှာ ကျွန်တော့်ရဲ့ မှတ်စုစာအုပ်လေးက မှောက်လျက်သားနဲ့ တွေ့လိုက်ရ၏။ သြော် . . . အိပ်မက် မက်နေတာပါလား။ ကျွန်တော် ကြည့်ချင်ခဲ့သော " ဗင်းဆင့်ဗန်ဂိုး ရဲ့ အာလူး စားသူများ " ပန်းချီကား အကြောင်း စဉ်းစားနေရင်း အိပ်ပျော်သွားမိလို့ ကျွန်တော် စွဲလန်းကာ အိပ်မက် မက်နေမိခြင်း ဖြစ်ပေလိမ့်မည်။

အိပ်မက်က လန့်နိုးတော့ ကျွန်တော့် ရင်ထဲမှာ ပူစပ်ပူလောင်ကြီး ဖြစ်ကျန်ခဲ့၏။ အိပ်မက်ထဲမှ ထိုလူက စကားကို ပြီးဆုံးအောင် မပြောနိုင်ခင်မှာပဲ သေဆုံးသွားခဲ့ချေပြီ။ တကယ်လို့ ကျွန်တော် အိပ်မက်ထဲမှာ နောက်ထပ် တစ်ခါ ဗင်းဆင့်ဗန်ဂိုးနဲ့ ထပ်ဆုံဖြစ်ခဲ့ရင် ကျွန်တော် အာလူးတွေရဲ့ စုရပ်ကို ဘယ်လို ပြောရပါမလဲ။

ဟိုလူ ပြောသလို အာလူးတွေရဲ့ စုရပ်က လွှတ်တော် ထဲမှာ ဆိုရင်တောင်မှ အဲဒီလွှတ်တော်က ဗင်းဆင့်ဗန်ဂိုးတို့ နေတဲ့ နိုင်ငံက လွှတ်တော်လား ၊ ကျွန်တော်တို့ နိုင်ငံက လွှတ်တော်လား ၊ ဟိုနိုင်ငံလား ၊ ဒီနိုင်ငံလား  . . . . လားပေါင်းများစွာနဲ့ ကျွန်တော် ဆက်၍ အိပ်မပျော်တော့ပါ။

တကယ်လို့ပေါ့။ စာဖတ်သူတွေထဲက တစ်ယောက်ယောက် သိမယ် ဆိုရင် ပြောခဲ့ကြပါ။ အာလူးတွေ စုစုစည်းစည်း ရှိနေတဲ့ စုရပ် လွှတ်တော်က ဘယ်နိုင်ငံမှာလဲ ဆိုတာကိုပါ။ ကျွန်တော် ဗင်းဆင့်ဗန်ဂိုးကို ပြန်ပြောပြချင်လို့ပါ။


*** ဗင်းဆင့်ဗန်ဂိုး ရဲ့ အာလူးစားသူများ ပန်းချီကားကို ဖျက်ဆီးမိတဲ့ အတွက် ဗင်းဆင့်ဗန်ဂိုးအား ဤနေရာမှ နေ၍ အနူးအညွတ် တောင်းပန်ပါသည်။ မူရင်း ပန်းချီကားကို ဤနေရာမှာ ကြည့်နိုင်ပါသည်။ ***


လေးစားစွာဖြင့်
ကိုဇော်
28.9.2011

Share/Bookmark

18 ယောက် ရဲ့ ထင်မြင်ချက်:

sosegado said...

အာလူးလာမပေးနဲ့ သီချင်းလေးကို သတိရမိသည်
ပြန်ဆိုတေးလို့ပြောပါသည်
နောက်က ယုံပါဘူး ယုံပါဘူး လိုက်သံလေးကြားနေဆဲပါ၊
အာလူးဟာ မြန်မာစကားမဟုတ်ဖူးလို့သိရပါသည်
မြန်မာလို ဝါဥလား ဝဥလား သေချာမသိတော့ပါ
သိသူရှိရင်ကောင်းပါမည်။

Anonymous said...

အာလူးပျောက်သူများပိုစ့်ကို လာပေးကြောင်းပါ။
တကယ်ကောင်းတဲ့ပိုစ့်လေးပါ။

ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

လှိုင်ဘွား(သီချင်းအိမ်) said...

ကိုဇော်ရေ သိပ်ကိုထိမိတဲ့ ပို့ စ်လေးဗျာ

အာလူး ဟာ ကုလားစကားဖြစ်ပါတယ် ကျွန်တော်မလေးရှားမှာရှိစဉ် pasar malam သွားတော့ အိန္ဒယ ကုလားဆိုင်မှာ နီပေါတွေဈေးဝယ်တော့ အာလူး ကို လက်ညိုးထိုးပြီး အာလူးလို့ ခေါ်တာ ကြားသိရပြီး အာလူး ရဲ့ မူရင်း လာရာ ဇာတိကို တွေ့ ခဲ့တာပါ အခုတော့ ဘယ်လိုဖြစ်ပြီး နေပြည်တော် ကို ရောက်ကုန်တာလည်း ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူးဗျာ . . . p

လှိုင်ဘွား(သီချင်းအိမ်)

mstint said...

စိတ်ဝင်စားဖွယ်ရာ'ဗင်းဆင့်ဗန်ဂိုးနဲ့ အာလူး' ကိုသေချာ ဖတ်ရှုလေ့လာပြီး အာလူးအဓိပ္ပာယ်ဖွင့်ဆိုချက်လေးနဲ့ စုရာအရပ်ကို ရင်ထဲမှာမှတ်သားသွားတယ် ကိုဇော်ရေး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

SHWE ZIN U said...

အာလူး ပျောက်သွားတာလား လွှတ်တော် ထဲမှာ သေချာတယ် ကိုဇော်

ခင်မင်တဲ့
ရွှေစင်ဦး

Anonymous said...

လေထဲမှာပဲပျောက်သွားမယ့်စကားလုံးတွေကို မိုးကြီးလေကြီးနဲ့အပြိုင်နွှဲနေကြလေရဲ့ ကိုဇော်ရေ .......
မျှော်လင့်နေမြဲမို့ နိုးနိုးနဲ့မျှော်နေရပေမယ့် မထင်
မထင်
အားလူးတွေပလူပျံနေတယ်း)
လွှတ်တော်ထဲမှာ


မောင်ဘကြိုင်

မဒမ်ကိုး said...

ဟားဟားဟားဟားလို့သာအော်ရီမိလိုက်ပါတော့တယ် အကိုရေ ..

တကယ်ကိုပဲ ထိမိလွန်းတဲ့အိုင်ဒီယာလေးမို့ပါအကိုရေ

ခင်တဲ့
မဒိုးကန်

မိုးယံ said...

လူဇိုးးးးးးးးးးးးးးးးးးးး

တောက်ပကြယ်စင် said...

ထိထိမိမိရှိလှပါတယ် ကိုဇော်ရေ။ အာလူးပျောက်သွားတာက နပူတော်ရောက်သွားလို့လေ။

Anonymous said...

ဈေးထဲမှာ အာလူးတွေ
အများကြီး ၇ှိတယ် .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မအိမ်သူ said...

အော်.. အာလူးတွေက လေထဲမှာ အငွေ့ပျံ.. လွင့်ပြယ်.. ပျောက်ပျက်.. ဘယ်ရှာလို့တွေ့နိုင်တော့မလဲလေ... ပျောက်ဆုံးကုန်မှတော့...

ဆွေလေးမွန် said...

စိတ်ဝင်တစ်စားနဲ့ ဖတ်လာတာ ဘာပြောနေမှန်းမရိပ်မိသေးဘူး..

နောက်ဆုံးဖတ်လိုက်တော့ မှ ဒါကိုးလို့ သိသွားတယ်.

မြစ်ကျိုးအင်း said...

အာလူးတွေစုနေရင်တော့ ဟို လွှတ်တော်ပဲ နေမှာ။
အမှတ်မရှိလို့ စောင့်ကြည့်နေမိသေးတယ်။

ညီရဲ said...

ထိမိလိုက်တဲ့ အရေးအသားဗျာ...
အာလူးတွေ အာလူးတွေ နည်းတာ မဟုတ်ဘူး။
စိတ်ကူးလေး ကောင်းလိုက်တာ...
တော်တယ်ဗျာ...

လသာည said...

ကိုဇော်..

ဒီပိုစ်တကယ်စိတ်ဝင်စားစရာပဲလို့ ဖတ်ရင်းသားကနေ
အောက်ဆုံးအရောက်မှာ သဘောကျပြီး အော်ရယ်မိတယ်။

အင်း အားလူးပျောက်နေတုန်း အာလူးရှာရင်း အားလူးအစုစုတွေကို တွေ့သွားတာကိုးD

Yaw Mang said...

ကိုဇော် ကို တိတ်တိတ်လေးပဲ အားပေးနေသူ တစ်ယောက်ပါ..
ဖတ်နေရင်း တာရာမင်းဝေ ကိုသွားသတိရမိတယ်ဗျာ... ရေးပုံလေးဆင်သလားလို့

ဖတ်လည်းပြီးရော ကျွှန်တော်တော့ မအီမလည်ကြီး ကျန်ခဲ့တယ်...
တာရာမင်းဝေ ကို သတိရမိတာများသွားတယ်နဲ့ တူတယ်.. :)

မိုးခါး said...

ဟီးး
ထင်တော့ထင်သား .. အာလူးများတဲ့နေရာ စဉ်းစားရင်း စဉ်းစားရင်းနဲ့ .. :P

ထမင်းစားပြီး ထမင်းစေ့ပဲ တက်နင်းမိလား နေ့ဖို့ညစာပဲ ချိန်ထားလို့လားမသိဘူး ကိုဇော်ကြီး ထမင်းလုံးတစ္ဆေခြောက်ခံထိသွားတယ် .. :P

မေသိမ့်သိမ့် ကျော် said...

ဟေးဟေး။ ရယ်သွားတယ်ဗျိုးးး။ အမှန်တွေ သိပ်မပြောနဲ့ဂျာ...း)


ခင်တဲ့
မေသိမ့်

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.