မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 September 2011

22 အဖေ ဆိုတာ . . .



နွေနေပူကား ပြင်းလှချေ၏။ နွေနေရဲ့ နေ့လယ်ခင်း ၁ နာရီ အချိန်ဆိုရင်ကား ပြောဖွယ်ရာ မရှိချေတော့။ အရပ်ရှစ်မျက်နှာ ဝန်းကျင်မှာ တံလျှပ်တို့က သိုင်းဝိုင်းကာ လွှမ်းခြုံနေလေသည်။ မြေပေါ်ကျနေသော နေရောင်က ထိသမျှ အရာ အားလုံးကို လောင်ကျွမ်းတော့ မတတ် ပူလှောင်လှချေ၏။ ကျေးငှက် တိရစ္ဆာန်များ အပါအဝင် သတ္တဝါ အားလုံးနီးပါးသည် အရိပ်ကျရာ နေရာမှာ ခိုအောင်းကာ အနားယူနေကြလေ၏။ ပတ်ဝန်းကျင် တစ်ခုလုံးကား တိတ်ဆိတ်၍ လူသူ လှုပ်ရှားမှု ကင်းကာ ငြိမ်သက်နေလေသည်။

ထိုသို့သော ပူလောင်ကျွမ်းနေသော အချိန်မှာ နေပူကျဲကျဲတွင် မနေမနား လှုပ်ရှားနေသူ တစ်ယောက် ရှိနေလေ၏။ သူကား လှည်းဖြင့် တိုက်လာသော ကောက်ရိုးထုံးများကို အိမ်နောက်ဘက်မှ စပါးကျီဘေး ကောက်ရိုးထုံးများ ထားရာ နေရာကို သယ်ကာ ထပ်၍ ထပ်၍ တင်နေလေသည်။ သူ၏ ကိုယ်သည် နေ၏ အပူရှိန်ကြောင့် ချွေးများ ပြိုက်ပြိုက်ကျနေ၏။ သို့သော် သူ၏ လှုပ်ရှားမှုက ရပ်နားသည် ဟူ၍ မရှိ။ ခြံဝန်း အပြင်မှာ လှည်းလမ်းကြောင်းပေါ်တွင် ရပ်ထားသော လှည်းပေါ်မှ ကောက်လှိုင်းထုံးများကို သယ်ယူကာ အိမ်နောက်သို့ သယ်ယူလျက်ပင် ဖြစ်၏။ 

“ မောင်စိုး . . . ”

ကောက်လှိုင်းထုံး သယ်ရန် လှည်းဆီသို့ သွားနေသော ထိုသူက အသံကြားရာသို့ လှည့်ကြည့်ကာ ပြန်ထူးလေ၏။ 

“ ဗျာ . . အဘ ”

“ ခဏ နားလိုက်ပါဦးလား ငါ့သားရယ်။ နေက ပြင်းက ပြင်းပါဘိသနဲ့။ ”

“ ညနေ ဟိုဘက်ရွာမှာ ထင်းသွားတိုက်ရဦးမယ် အဘရဲ့။ ဒါကြောင့် အခု ကောက်လှိုင်းထုံးတွေ မသယ်ထားရင် သယ်ဖို့ အချိန်ရမှာ မဟုတ်ဘူးလေ။ ”

“ ဒါတော့ ဒါပေါ့ ငါ့သားရာ။ နေက လွှတ်ပူတယ်ဟ။ ခဏလေး နားလိုက်ပါဦးလား။ ”

“ ဟုတ်ကဲ့ . . . ဒါနဲ့ ဖိုးသားရော အဘ ”

“ မင်းသားက အိပ်နေပါတယ်ကွာ။ နေပြင်းတော့ ကလေးတွေလည်း နုံးပြီးတော့ အိပ်ကြတာပေါ့။ ”

“ နေရော ကောင်းရဲ့လား အဘ ”

“ ကောင်းပါတယ်ကွာ။ ကလေး ပီပီ နေ့လည် နေ့ခင်း အိပ်တာပါကွ ”

“ သြော် . . ဟုတ် . . ”

မောင်စိုး . . . ပြောလည်း ပြော ၊ ကျန်နေသော ကောက်လှိုင်းထုံးများကို သယ်ရန် လှည်းဆီသို့ ဦးတည် လိုက်ပြန်၏။ 

“ ခဏ နားစမ်းပါဦး ဆိုမှ ငါ့သားရာ ”

“ နေစောင်းသွားမှ ဆိုရင် ဟိုဘက် ရွာကို သွားရင် မမှီမှာ စိုးလို့ပါ အဘရာ။ ”

“ ဒါဆိုလည်း ခဏလေး နားပြီး အဖန်ရေလေး သောက်ဦးဟ ၊ ထန်းလျက်ခဲလေးလည်း ရှိတယ်။ နေက အရမ်းပြင်းတယ်ကွ။ ”

ထပ်ငြင်းနေရင် အဘဆီက စကားသံက ထပ်ထွက်လာမှာ စိုး၍ မောင်စိုး အိမ်တံစက်မြိတ်သို့ ဝင်ကာ ကြွေရည် ခပ်ကြမ်းကြမ်း သုတ်ထားသော လက်ဖက်ရည်ကြမ်း ခွက်ထဲသို့ အဖန်ရည်ကို ငှဲ့ထည့်ကာ ဆတ်ခနဲ မော့သောက်လိုက်၏။ အနားပဲ့နေသော ပန်းကန်ပြားထဲမှ ထန်းလျက် တစ်ခဲကို နှိုက်ကာ ကွမ်းချိုးတက်နေသော အံသွားဖြင့် တစ်ချက်ကိုက်ကာ အပိုင်းကြီး နှစ်ပိုင်းကွဲသွားမှ ကျန်ထန်းလျက်ခဲ အပိုင်းအားလုံးကို ပါးစပ်ထဲ ပစ်သွင်းလိုက်လေသည်။ 

နောက်ထပ် အဖန်ရည် တစ်ခွက်ကို ငှဲ့သောက်ပြီးတော့ ခပ်လှမ်းလှမ်း လှည်းလမ်းကြောင်းမှာ ရပ်ထားသော လှည်းပေါ်မှာ ကောက်လှိုင်းထုံးများကို လှမ်းကြည့်ရင်း သယ်ဖို့ လှည့်လိုက်ချိန်မှာပဲ . . . 

“ အင့် . . . အ . .  . ဝါး . . . ”

အိမ်ထုပ်တန်းမှာ ကြိုးဖြင့် တုပ်ချည်နှောင်ကာ ဆင်ထားသော ပုခက်ထဲမှ လှုပ်ရှားမှု ဖြစ်ပေါ်လာပြီး သူ့သားလေးဆီမှ ငိုသံ သဲ့သဲ့ကို ကြားလိုက်ရလေ၏။ ကောက်လှိုင်းထုံးများ ရှိရာ လှည်းဆီသို့ သွားမည့် သူ့ခြေလှမ်းများက ချက်ချင်း လမ်းကြောင်းပြောင်းကာ အိမ်ပေါ်သို့ ခြေတစ်ဘက် တက်ပြီးသား ဖြစ်သွား၏။ သို့သော် သူ့သားလေးကို သူ့အဘက ပုခက်ထဲမှ လှမ်းချီကာ ပွေ့ယူထားပြီး ဖြစ်၏။ သူ့သားလေးကလည်း ငိုနေခြင်း မရှိ။ အခုနက နိုးနိုးချင်းမို့ အသံပြုခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် အိပ်ရေး မဝသေး၍ ထင်သည်။ မျက်နှာက သိပ်တော့ ကြည်လင်ခြင်း မရှိပေ။

“ အဘ . . . ကျုပ်သားလေး ဘာဖြစ်လို့လဲ မသိဘူး။ နေများ မကောင်းဘူးလား ၊ မှန်းစမ်းပါဦး။ ”

သူ့အဘ လက်ထဲမှ သူ့ကလေးကို စမ်းဖို့ လက်အပြင်မှာ သူ့အဘက နောက်သို့ ရို့လိုက်ပြီး . . . 

“ နေစမ်းပါ . . ငါ့သားရာ။ နေပြင်းလွန်းလို့ နိုးလာတာပါကွ။ မင်း လက် အပေကြီးနဲ့ ကလေးကို မကိုင်စမ်းပါနဲ့။ ကောက်ရိုးအမွှေးတွေနဲ့ ကလေး ယားကုန်ပါ့မယ်။ ”

ကောက်ရိုးမှ အမွှေးလို့ ခေါ်သော ကောက်ပင်မှ အစူးလေးတွေက သာမာန် လူကြီးကို ဘာမှ မဖြစ်စေနိုင်သော်လည်း ကလေးတွေရဲ့ အသားနုနုလေး အတွက်တော့ ယားယံစေမှာ အမှန် ဖြစ်၏။ အတင်းအကြပ် တားမြစ်သံ မဟုတ်သော်လည်း ထိုစကားက အလွန်ထိရောက်လေ၏။ ကလေးဆီသို့ လက်လှမ်းကာ တိုးကပ်လာသော မောင်စိုး ချက်ချင်းပင် ကလေးနဲ့ ဝေးရာသို့ နှစ်လှမ်းကျော်မျှ ဆုတ်သွားမိလေ၏။ 

“ အိပ်ရေး မဝသေးဘူး ထင်တယ် အဘ။ ပြန်သိပ်လိုက်ပါလား။ ”

“ ငါ မင်းကိုတောင်မှ ဒီလောက် ကြီးလာအောင် မွေးလာတာပါ ငါ့သားရာ။ နေပြင်းလို့ နိုးလာတာပါ။ ရေတိုက်ပြီး ပြန်သိပ်ရင် အိပ်ပါတယ်။ မင်းသာ နေပြင်းထဲမှာ “ ငရဲက လာသူ ပြာပူမကြောက် ” ဆိုသလို ကောက်လှိုင်းတွေ သယ်နေတာ။ ခဏနားပြီး နေနည်းနည်းစောင်းမှ လုပ်ရင်လည်း ဘာမှ မဖြစ်ပါဘူးကွာ။ ”

“ ညနေ ဟိုဘက် ရွာမှာ ထင်းစည်းတွေ တိုက်ရဦးမှာမို့လို့ပါ အဘရာ ”

ပြောလည်း ပြော ၊ သူ့သားကို စိတ်မချသလို တစ်ချက်လှမ်း ကြည့်ရင်း မောင်စိုး အိမ်ပေါ်မှ ဆင်းသွားကာ လှည်းလမ်းပေါ်မှာ ရပ်ထားသော သူ့လှည်းဆီသို့ ပြန်သွားကာ ကောက်လှိုင်းထုံးတစ်ထုံးကို လှမ်းမလိုက်ပြီး ပုခုံးပေါ်သို့ တင်ကာ အိမ်နောက်ဘက်သို့ ဝင်သွားပြန်၏။ သူ ပြန်ထွက်လာတော့ သူ့ရဲ့ သားလေးကို ပွေ့ထားရင်း အိမ်ပေါက်ဝမှာ ထိုင်နေသော သူ့အဘကို မြင်ရ၏။ သိပ်မကြည်လင်သေးသော မျက်နှာနဲ့ သူ့သားကို တွေ့ရပြန်သည်။

“ ငါ့သားကြီး . . . နိုးပြီလား။ ပြန်အိပ်ဦးလေကွာ။ ”

သူ့ရဲ့ အသံကြားတော့ စိတ်မကြည်လင်သေးလို့ မှုန်ကုပ်ကုပ် မျက်နှာနဲ့ သူ့သားက တစ်ချက် လှစ်ခနဲ သူ့ကို ကြည့်ကာ ပြုံးပြလေ၏။ ထိုသို့သော အပြုံးက မောင်စိုး အတွက် ခွန်အား တစ်ရပ် ဖြစ်လေသည်။ သူ့သားကို ချော့မြူရင်း လှည်းလမ်းပေါ်မှာ ကောက်လှိုင်းများ တင်ထားသော လှည်းဆီသို့ ဦးတည်ကာ သွားပြန်လေ၏။ လှည်း အနီးကို ရောက်တော့ ကောက်လှိုင်းထုံး တစ်ထုံးကို လှမ်းပင့်ယူလိုက်ပြီး ပုခုံးပေါ်ကို တင်ကာ ထမ်းလာခဲ့ပြန်သည်။ 

ကောက်လှိုင်းထုံးကို ထမ်း၍ ငိုက်စိုက်စိုက် လှမ်းလျှောက်လာရင်း သူ ခြံဝန်းဝသို့ အရောက် သူ့ရဲ့ မျက်လုံး အစုံ ပြူးကျယ်သွားလေ၏။ သူ ထမ်းယူလာသော ပုခုံးပေါ်မှ ကောက်လှိုင်းထုံးကို မြေပြင်ပေါ်သို့  ဖြစ်သလို ပစ်ချကာ အိမ်ဘက်ဆီသို့ ဂမူးရှူးထိုး ပြေးလာလေတော့သည်။ သူ၏ ပါးစပ်မှလည်း . . . 

“ အဘ . . . အဘ . . . ဘယ်ရောက်သွားပြီလဲ။ ကျုပ်သားကို ဘာလို့ နေပူနေတဲ့ ကွပ်ပစ်ပေါ်မှာ ထားပြီး ဘယ်ရောက်သွားတာတုန်း။ ”

သူက ထိုသို့ အော်ဟစ်ပြေးလာကာ အိမ်ရှေ့ ကွပ်ပစ်ပေါ်မှ သူ့ကလေးကို ဆတ်ခနဲ လှမ်းယူကာ ပွေ့ချီလိုက်လေ၏။ ထိုအချိန်မှ သူ့အဘက အိမ်ထဲမှ ဘာမှ မဖြစ်သလို နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုကို တပ်ဆင်ရင်း ခပ်အေးအေး ထွက်လာလေ၏။ သူ၏ အဘက အေးဆေးနေသလောက် သူကတော့ နေပူစပ်ခါးမှာ ကောက်လှိုင်းထုံး ထမ်းနေတာထက် ပို၍ ပူလောင်သလို ခံစားနေရ၏။

“ အဘ. . . အဘဗျာ။ ကျူပ်သားကို ဘာလို့ နေပူနေတဲ့ ကွပ်ပစ်မှာ ထားပြီး အိမ်ထဲ ဝင်သွားရတာလဲ။ ”

“ ဟ . . ကောင်ရ။ ဘာဖြစ်လို့လဲကွ။ ဒီနေပူလောက်နဲ့ ဘာမှ မဖြစ်ပါဘူးဟ။ ”

သူ့အဘကား လွန်စွာမှ အေးဆေးစွာ ဖြေကြားလေ၏။ သို့သော် သူကား မအေးဆေးနိုင်ချေ။

“ နေဒီလောက် ပြင်းနေတာ အဘရာ။ ကျုပ်သား ဖျားနာကုန်မပေါ့ဗျာ။ ”

“ ဒီလောက်နဲ့ မင်းက ဘာလို့ စိတ်တွေ ပူနေတာလဲကွ ၊ ”

“ အာ . . အဘရာ။ ပူရတာပေါ့ဗျ။ ”

“ ငါက မင်းထက် နားလည်ပါတယ်။ ဘာမှ မဖြစ်ပါဘူးဟ။ ငါတောင်မှ ဒီလောက် စိတ်မပူဘူး။ ”

“ အဘကတော့ ဘယ်စိတ်ပူမလဲ ၊ ဒါပေမဲ့ ကျုပ်ကတော့ ကျုပ်သား အတွက် စိတ်ပူတာပေါ့ဗျ။ ”

သူက စိတ်ဆိုး မာန်ဆိုးဖြင့် သူ့အဘကို လှမ်းပြောချိန်မှ သူ့အဘရဲ့ နှုတ်ခမ်းဖျားမှာ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာလေ၏။ ပြီးတော့ သူ့ကို နုညံ့စွာကြည့်ရင်း . .  .

“ အေး . . . မင်း မှတ်ထား။ မင်းက မင်းသားကို စိတ်ပူသလို ၊ ငါကလည်း ငါ့သား ဖြစ်တဲ့ မင်းကို စိတ်ပူတာပဲကွ။ ဒါကြောင့် နေပူထဲမှာ မင်း ကောက်လှိုင်းတွေ ထမ်းနေတာကို နားဖို့ ပြောနေတာပေါ့။ ”

သူ့ရဲ့ စိတ်ထဲမှ ဒေါသတွေ ၊ အပြင်မှာ တိုက်ခတ်နေတဲ့ လေပူတွေ ၊ ပြင်းပြနေတဲ့ နေရှိန်တွေ အားလုံး တိတ်ဆိတ်သွားကာ အရာရာဟာ အေးချမ်းသွားသလို ခံစားလိုက်ရ၏။ မိဘမေတ္တာ ဆိုတာ စိမ့်စမ်းရေပမာ အေးချမ်းလှပေစွ မဟုတ်ပါလား။ 

***  ကျွန်တော့် အဖေကို သတိရလို့ ချရေးလိုက်တဲ့ စိတ်ကူးပုံဖော်မှု တစ်ခုမျှသာ ဖြစ်ပါတယ်။ ***

လေးစားစွာဖြင့်
ကိုဇော်
8.9.2011

Share/Bookmark

22 ယောက် ရဲ့ ထင်မြင်ချက်:

မိုးယံ said...

အော်...အဖေ အဖေ...အဖေတွေ ချစ်ပြီဆိုလည်း အမေတွေ လိုက်မမှီအောင်ပါပဲလေ... ကျုပ်တို့ အဖေ လူရှေ့မနမ်းဘူး အိပ်မှ ခိုးနမ်းသတဲ့လေ။

ပြောရရင်အရှည်ကြီးမပြောပဲ သွားအိပ်တာပဲကောင်းပါတယ် ဦးဇော်ရာ။

မျက်လုံးမကောင်းဘူးပြောပြီး ဒီအချိန်ထိ စာတွေရေးနေတယ်...နနနနန


(နားနားနေနေ နေ...)။

ဟန်ကြည် said...

အေးဗျာ ဒါလေးဖတ်ပြီးတော့ ဖေဖေ့ကို သတိရသွားတယ်...အဖေ့မေတ္တာဆိုတာ ဆေးခါးကြီးလိုပဲလို့ ငယ်ငယ်က ဆရာမတစ်ယောက်ပြောဖူးတာကို သွားသတိရတယ်...အဲဒီဆေးခါးကြီးကို အမေ့မေတ္တာဆိုတဲ့ သကြားလွှာလေးအုပ်လိုက်တော့ ပိုအရသာရှိသွားတယ်တဲ့...ခက်တာက လူတွေတော်တော်များများက သကြားလွှာရဲ့အောက်က ဆေးခါးကြီးကို မမြင်ကြတာ များသကိုး...

ကိုကိုမောင်(ပန်းရနံ့) said...

ငယ်ငယ်ကထဲက အဖေမရှိတော့လို့ အဖေ့ဘယ်လို ချစ်ခဲ့တယ်ဆိုတာ မသိခဲ့ပေါင်ဗျာ။ ဒါကြောင့် အမေကိုဘဲ ပိုချစ်ခင်ခဲ့မိတယ်။ အခုထက်ထိ ဆိုပါတော့။ ဒါပေမဲ့ အခုတော့ နှစ်ယောက်လုံး မရှိကြတော့ပါဘူး။ ဒီပို့စ်ကိုဖတ်ပြီး သတိရသလိုလိုကြီးးးးးးးးး။

ခင်မင်လျှက်

mstint said...

ဖခင်ရဲ့မေတ္တာကို ကွင်းကွင်းကွက်ကွက်ဖေါ်ပြထားတဲ့ ဝတ္ထုတိုလေးကိုဖတ်ပြီး ရွာဓလေ့ရွာစရိုက်ကလေးတွေနဲ့ အသုံးအနှုံးလေးတွေကို မှတ်သွားတယ် ကိုဇော်ရေ။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ပုံစံတူ တစ်ခု ဖတ်ဖူးတယ်
အဲဒါက အမေ ပုံစံလေးကို ဖော်ညွန်းထားတာပါ

ခင်မင်စွာဖြင့်
ငွေလမင်း

မဒမ်ကိုး said...

ဖေဖေဆိုသိပ်တဲ့ ဘူးသီးကြော် ဘယာကြော် နဲ့
တရောင်ထဲမခြယ် ကိုသတိရတယ်
ခုချိန်ထိ ဖေဖေကထမင်းခွံ့တုန်း
ယောကျာ်းရသွားတာတောင် ထမင်းခွံ့တုန်း
အီးးး လွမ်းလိုက်တာနော်း(

Angelhlaing(May everybody be happy and healthy! said...

မလိုအပ်ပဲ စကားမပြောတက်တဲ့ အဖေကို လွမ်းသွားတယ်အကို ........ နှုတ်ဖြင့်ဖော်မပြတက်တဲ့ ရင်ထဲက မေတ္တာတွေနဲ့ ချစ်တက်တဲ့ အဖေလေ..
ကျေးဇူးပါအကို...

တောက်ပကြယ်စင် said...

သူ့သားအငယ်ဆုံးကို သိပ်မချစ်တဲ့ အဖေ့ကို သတိရသွားပြီ ကိုဇော်ရေ။ တစ်ချို့က စိတ်ထဲက ချစ်နေပေမယ့် ချစ်ကြောင်းကို မပြတတ်တဲ့ အဖေတွေလည်း ရှိကောင်းရှိနိုင်ပါရဲ့နော်။ ၀တ္ထုတိုလေးကို ဖတ်ပြီး ရွာက မြင်ကွင်းလေးတွေကို ပြန်မြင်ယောင်နေမိပါရဲ့။ ကျန်းမာပျော်ရွှင်ပါစေ ကိုဇော်ရေ။

မိုးခါး said...

;)
ဖတ်ကောင်းလိုက်တာ .. ထိရောက်တယ်နော် ..း)

sosegado said...

စိတ်ကူးကထိပါတယ်၊ ဖတ်ရင်းနဲ့ အဖေကို သတိရသွားတယ်၊

ညီရဲ said...

ဒီပိုစ့်လေး ဖတ်ပြီး မျက်ရည် တောင်လည်မိတယ်။ ရွာမှာ ကျန်ခဲ့တဲ့ အဖေကို သတိရသွားပြီ။ ပိုစ့်ကောင်းလေး တစ်ပုဒ်ဖတ်ခွင့် ရခဲ့တဲ့ အတွက် ကျေးဇူးကိုဇော်ရေ...

An Asian Tour Operator said...

ကိုဇော့် အဖေကို သတိရလို့ရေးတဲ့ စာက ဖတ်တဲ့ လူတိုင်း အဖေကို သတိရသွား ကြမှာ အသေချာ ပဲဗျာ။

jasmine(တောင်ကြီး) said...

မေမေကိုသတိရနေတာပါ
ဒီစာလေးဖတ်ပြီးတော့ဖေဖေဖြစ်သွားတယ်ကိုဇော်ရေ
ဖတ်လိုက်သူတိုင်းသတိရနေမှာပါနော်။
ခင်မင်တဲ့ jas

မင်းဧရာ said...

အကိုကြီး ကိုဇော်.....
စိတ်ကူးလေးဆိုပေမယ့် ပုံဖေါ်ကြူးတာလေးက
ကောင်းလွန်လှတယ်ဗျာ ချစ်မုန်းကြီး လို့ နံမည်ရကြရတဲ့ အဖေ တွေဟာ တကယ့်ကယ့် ကို ဦးခိုက်ထိုက်တဲ့ သူတွေပါဗျာ။

Anonymous said...

ဖတ်လိုက်ရတာ ရင်ထဲမှာ
တစ်ခုခု ဖြစ်သွားတယ် ..း(

ခင်မင်လျှက်
ဆောင်းနှင်းရွက်

noblemoe said...

ကောင်းလိုက်တာ
အဖေ အမေဆိုတဲ့စကားလုံးနဲ့
တင်ရင်ထဲနွေးကနဲဖြစ်သွားစေပါတယ်။

ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေ...
ိမိုး

မအိမ်သူ said...

မိဘတိုင်း ဒီလိုပါပဲကိုဇော်ရေ။ ကိုယ်တိုင်မိဘနေရာရောက်တော့ မိဘတွေကိုပိုနားလည်လာတယ်။

December Mgmg said...

အနော်က အဖေအကြောင်းရေးမလို့ဆို :)
ဖတ်သွားတယ်နော် အကိုကြီး

နွေမင်းလွင် said...

အဖေ့ကို သတိရပြီး ရွာပြန်ပြေးချင်စိတ်ပေါက်သွားတယ် ကိုဇော် ရေ...ကျနော် အညာသားစစ်တောင် ဒီလောက် မရေးတတ်ဘူး..ဘာတဲ့ ကောက်လှိုင်းထုံး ၊ကောက်ရိုးထုံး...ဟုတ်ပ..အဖေကတော့ ပြောမရဘူးဗျာ.. ထမ်းနေတုန်းပဲ...

မေသိမ့်သိမ့် ကျော် said...

ကိုဇော်ရေးထားတာလေး ဖတ်ပြီးတော့ အဖေ့ကို လွမ်းမိတယ်။ အဘိုးကလည်း အဖေ့ကို ချစ်သလို ၊ အဖေကလည်း သားသမီးတွေကို ချစ်တယ်။
အဖေ... အဖေ ... သားသမီးတွေကို ချစ်တဲ့ အဖေ။

သဒ္ဓါလှိုင်း said...

ကိုဇော်
အခြေအနေတခုကြောင့် မရေးနိုင်တာပဲ။ ရပါတယ်။ အမြဲတမ်း အဆင်ပြေနိုင်တာမှမဟုတ်တာ။
ခင်မင်လျက်
သဒ္ဓါ

kiki said...

ငယ်စဉ်တည်းက လက်ပွန်းတတည်းမနေခဲ့ရတဲ့ အဖေ့ကို ချစ်ရကောင်းမှန်း မသိခဲ့ဖူး ။
ခု အချိန် အဖေ မရှိတော့မှပဲ သူ့ ကျေးဇူးနဲ့ မေတ္တာတွေကို နားလည်မိတော့တယ် ကိုဇော်ရေ.
မိဘမေတ္တာဆိုတာ သားသမီးတွေအတွက် ဘယ်တော့မှ ပြောင်းလဲသွားခြင်းမျိုးမရှိပါဘူး..အမြဲတမ်း အေးမြနေတတ်ပါတယ်..

မကိ

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.