မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


25 September 2011

17 ကျွန်တော် ချစ်တာ ဧရာဝတီ မဟုတ်ပါ



အခုတလော ဟိုးငယ်ငယ်က ဖတ်ခဲ့ရဖူးတဲ့ စာအုပ်လေး တစ်အုပ်ကို သွားသတိရနေမိတယ်ဗျာ။ ဒီစာအုပ်လေးကို ဘယ်သူရေးခဲ့တယ် ဆိုတာတောင်မှ မမှတ်မိတော့ပါဘူး။ ဝိုးတဝါး မှတ်ထင်ထားတာ မမှားဘူး ဆိုရင် ဆရာကြီး ဒဂုံရွှေမျှား ရေးထားတာ ထင်ပါရဲ့။

သေမိန့် အကျခံထားရတဲ့ လူတွေရဲ့ နောက်ဆုံး ခံစားမှုတွေကို အင်တာဗျူးသလို တွေ့ဆုံပြီးတော့ ရေးထားတဲ့ စာအုပ်လေးပါ။ လူတစ်ယောက် ( သို့ ) သတ္တဝါ တစ်ကောင်ရဲ့ အသက်ရှင် ရပ်တည်မှု အပေါ်မှာ မြင်သာ ထင်သာ စေတဲ့ စာအုပ်လေးပါပဲ။

ကြိုးစင် ( သို့ ) လျှပ်စစ်ထိုင်ခုံ ( သို့ ) ဆေးထိုးမည့် ကုတင် အစရှိသဖြင့် သေမိန့်ကျခံရသော နေရာကို အသွားမှာ ငါသေရတော့မယ် ဆိုတဲ့ စိတ်ကြောင့် စိတ်ဓါတ်တွေ ကယောင်ခြောက်ခြား ဖြစ်ကြ၏။ တချို့ဆို စိတ်ဖောက်ပြားကြကုန်၏။ အစရှိသဖြင့် ထိုသူတို့ရဲ့ တကယ့်ကို စိတ်ခံစားမှု ဖြစ်ရပ်များကို စုစည်းတင်ပြထားခြင်း ဖြစ်လေသည်။

အခုတလော ကျွန်တော် ဒီစာအုပ်လေးကို ပြန်သတိရနေတယ် ဆိုတာ သက်မဲ့တစ်ခု အနေနဲ့ နှစ်ပေါင်းများစွာ သက်ရှိ အလား ရှင်သန် စီးဆင်းခဲ့သော " ဧရာဝတီမြစ် " နဲ့ ယှဉ်ထိုး စဉ်းစားနေမိလို့ပါပဲ။ သေမိန့်ကျခံနေရသော မြစ်တစ်စင်း အနေနဲ့ ဧရာဝတီသာ ပြောခွင့် ရှိမယ် ဆိုရင် ၊ ဖွင့်ဆို ဖော်ပြနိုင်စွမ်း ရှိမယ် ဆိုရင် အခုချိန်မှာ ဘယ်လောက်များ သူ တုန်လှုပ်ခြောက်ခြား နေလိမ့်မလဲဗျာ။

အဲဒီလို ကျွန်တော် ဝင်ရောက်ခံစားမိရင်း တွေးနေမိပါတော့သည်။



အများသူငါ ခေါ်ဝေါ် သုံးစွဲ သလို ပြောရရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ " အမိမြန်မာပြည် " သာ ဆိုရင် ကျွန်တော်တို့ လူမျိုး မရွေး ၊ ဘာသာ မရွေးတွေကလည်း အမိမြန်မာပြည်ရဲ့ သားသမီးတွေပဲ မဟုတ်ပါလား။ အားလုံးက ဒီနိုင်ငံကပဲ ပေါက်ဖွားလာလို့ အမိမြန်မာပြည်ရဲ့ သားသမီးတွေ ဆိုရင် . . . . ." ဧရာဝတီ " ကိုလည်း အမိမြန်မာပြည်ရဲ့ ဂုဏ်ကျက်သရေ ရှိလှသော သမီးကြီး တစ်ဦးလို့ ကျွန်တော်တို့ အသိအမှတ် ပြုကြရမှာပါပဲ။ ဒါဆို ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ တမိတည်းဖွားတဲ့ မောင်နဲ့ နှမ ၊ ညီအစ်မတွေပဲ မဟုတ်ပါလား။

မြစ်ဆိုတာ ရေတစ်စက်တည်းနဲ့ မစီးဆင်းနိုင်သလို ၊ နိုင်ငံတစ်နိုင်ငံဆိုတာကလည်း လူတစ်ယောက်တည်းနဲ့ တည်ဆောက်နိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အခုလို တမိတည်းဖွားတဲ့ မြန်မာပြည်ရဲ့ အကျော်ကြားဆုံး မြစ်ကြီး တစ်စင်းကို အထက် အရပ်ကနေ ပိတ်ဆို့ တားဆီး လှောင်ပိတ်ပြီးတော့ " မြစ်ဧရာကို ရေမလာအောင် " လုပ်တာကတော့ အတော်ကို အကျည်းတန်သော ကိစ္စတစ်ခုပဲ မဟုတ်ပါလား။

သူ့ကြောင့် ကိုယ့်ကြောင့် ဆိုပြီးတော့ တစ်ယောက်ကနေ တစ်ယောက်ကို လက်ညှိုးထိုးပြီး လွှဲချနေမယ် ၊ အပြစ်တင်နေမယ် ဆိုရင် မြန်မာနိုင်ငံရဲ့ အထင်ကရ ဒီမြစ်ကြီး ပျက်ဆီးပျောက်ကွယ်ယုံမှ လွှဲလို့ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ သေသေချာချာ တွေးကြည့်မယ် ဆိုရင် ကျွန်တော်တို့ ကိုယ်ကိုပဲ ကျွန်တော်တို့ အားကိုးကြရမှာပါပဲ။

- မြန်မာနိုင်ငံကို ခဏခဏ လာပြီးတော့ စိုးရိမ်မိပါတယ်  . . . စိုးရိမ်မိပါတယ် ဆိုတဲ့ တိုင်းတစ်ပါးသားတွေကိုလည်း အားကိုးလို့ ရမှာ မဟုတ်ပါ။

- ဧရာဝတီက ဘယ်လိုကွာ ဆိုပြီး ဘီယာလေးသောက် ၊ ဝီစကီလေး နဲ့ မူးတဲ့ အခါမှာ ငြင်းခုန်နေကြတဲ့ ပြည်ပက သတင်းဌာနတွေကိုလည်း အားကိုးလို့ ရမှာ မဟုတ်ပါ။

- ဟိုလူမကောင်းလို့ ဟိုဘက် နိုင်ငံက လူမျိုးခြားတွေ မကောင်းလို့ ဆိုပြီး အပြစ်တင်နေလည်း အလကားပဲ ရှိမှာပါ။

ဘယ်လိုပဲ ဖြစ်နေပါစေ . . . . .

ကိုယ့်နိုင်ငံရဲ့ ကောင်းမှု ဆိုးမှုတွေ ဆိုတာ ကိုယ်တွေ နိုင်ငံသား အားလုံးရဲ့ တာဝန်ပဲ မဟုတ်ပါလား။ အခုဆိုရင် ပြည်တွင်းပြည်ပက မီဒီယာတွေ ၊ ပြည်သူပြည်သားတွေရဲ့ ဝေဖန်သံတွေ ၊ ဆွေးနွေးသံတွေကို နားထောင်ရမယ် လို့ နိုင်ငံတော်ရဲ့ အကြီးအကဲတွေက ပြောနေတဲ့ အချိန်အခါမှာ " ကိုယ့်အသား မထိရင် တိတ်တိတ်နေ ၊ ထိရင်တောင်မှ ဆိတ်ဆိတ်နေ " ဆိုတဲ့ ပုံစံတွေကို ပြုပြင်ပြီးတော့ မိမိတတ်နိုင်တဲ့ ဘက်ကနေ နိုင်ငံတော် အကြီးအကဲတွေက ပြည်သူ ပြည်သားတွေရဲ့ စကားသံတွေ ၊ အသံတွေကို နားစွင့်နေချိန်မှာ ကိုယ့်ရဲ့ တမိတည်းဖွား " ဧရာဝတီ " သတ်ပစ်ဖို့ ကိစ္စကို အားလုံး တမိတည်းဖွားများ ပီပီ ဝိုင်းဝန်း ကန့်ကွက် ရှုတ်ချသင့်ပါသည်။

တချို့သော လူတွေက ပြောမှ သိကြတာ မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့ ပြောကို ပြောရပါ့မယ်။ သို့သော် . . . ပြောတာတောင်မှ မသိရင်တော့လည်း . . .  ကျွန်တော်တို့ ရပ်နေလို့ မဖြစ်ပြန်ပါဘူး။ ကိုယ့်ရဲ့ တာဝန်က ပြောဖြစ်အောင်ကို ပြောရမှာ . . . ကန့်ကွက်ဖြစ်အောင်ကို ကန့်ကွက်ရမှာ . . .  ရှုတ်ချဖြစ်အောင်ကို ရှုတ်ချရမှာ မဟုတ်ပါလား။

ကျွန်တော် အခုလို ပြောနေတာ ကျွန်တော် ဧရာဝတီမြစ်ကို ချစ်လို့ ဆိုပြီး ပြောနေတာ မဟုတ်ပါ။ အခု လက်ရှိဖြစ်နေတဲ့ ဧရာဝတီမြစ်ကို အကြောင်းပြုပြီးတော့ ပြောနေခြင်းမျိုး မဟုတ်ပါ။ ကျွန်တော် ပြောချင်တာက ဒီ့ထက် ကျယ်ပြန့်ပါသည်။ ကျွန်တော် ချစ်တာ ဧရာဝတီ တစ်ခုတည်းကို မဟုတ်ပါ။ ဧရာဝတီ ဆိုတာ ကျွန်တော်တို့ တမိတည်းဖွား မောင်နှမ တစ်ယောက်မျှသာ အဖြစ် ကျွန်တော် ခံစားရပါသည်။ အခု ဒီစာကို ရေးတာကလည်း ကိုယ့်တမိတည်းဖွား ကိုယ့် အမျိုးကို ထိလို့ ဆိုသော ခံစားချက် အရ ရေးမိခြင်းသာ ဖြစ်ပါသည်။

သို့သော် . . . .

ကျွန်တော် ချစ်တာ ဧရာဝတီကို မဟုတ်ပါ။  ကျွန်တော် ချစ်တာ ဒီ့ထက် ပိုပါသည်။ ကျွန်တော် ချစ်တာ ကျွန်တော်တို့ရဲ့ " အမိမြန်မာနိုင်ငံ " ကိုသာ ဖြစ်ပါသည်။ အမိမြန်မာနိုင်ငံကို ချစ်မှတော့ အမိမြန်မာနိုင်ငံက လေထု နွေးနွေးလေးတွေ ၊ ဆောင်းလေ အေးအေးလေးတွေ ၊ ဖုန်မှုန့်လေးတွေ  ၊ မိုးရေစက်လေးတွေ ၊ သစ်ပင်လေးတွေ . . . အစရှိသဖြင့် အမိမြန်မာပြည်မှ အရာ အားလုံးကို ကျွန်တော်က ချစ်တာပါ။

အခုတော့ ကျွန်တော့်ရဲ့ တမိတည်းဖွား " ဧရာဝတီမြစ် " ကို ဖျက်လို ဖျက်ဆီးလုပ်ပြီး အသေသတ်နေသူများ အားလုံး ၊ ဒီလို ပျက်ဆီးအောင် ကြံဆောင်နေသော လုပ်ငန်းစဉ်များ အားလုံးကို ကျွန်တော် ဒီဘလော့နေရာကနေ ကန့်ကွက် ရှုတ်ချပါသည်။ ဒါကြောင့် . . . . .

"  ဧရာဝတီနဲ့ သက်ဆိုင်သော မြစ်ဆုံ ရေလှောင်ဆည် စီမံကိန်းကို ကန့်ကွက် ရှုတ်ချပါသည်။ "

လေးစားစွာဖြင့်
ကိုဇော်
25.9.2011


အကြောင်းကြောင်းကြောင့် အွန်လိုင်းနဲ့ အတော်ကို အဆက်အသွယ် ပြတ်သွားပါတယ်။ ဒီကြားထဲမှာ အခု မတန်မရာ နဲ့ မထင်မှတ်ဘဲ ဝယ်ဖြစ်သွားတဲ့ ကွန်ပျူတာက 64 bit ဖြစ်နေတော့ ဇော်ဂျီက အတော်ကို အဆင်မပြေဖြစ်နေတယ်။ ပထမကဆို စာသာ ဖတ်လို့ ရပြီး ရေးလို့ မရပါ။ နောက်မှ လက်ကွက် ရအောင်လို့ ရှာထည့်ပြီးတော့မှ ရေးလို့ရပါတော့တယ်။ 

ဒါပေမဲ့ အခု ရေးတော့ ရေးလို့ ရပေမဲ့ " ပက်ဆင့် " တွေ ရိုက်လို့ မရဘူး ဖြစ်နေတော့ စာရေးရတာ အတော်ကို ဆိုးလှတယ်။ ( ဥပမာ - ကိစ္စ . . . . .ဆို ရေးလို့ မရဘူး။ ကိစ ရယ်လို့သာ ရေးလို့ ရပါတယ်။ ) ဒါကြောင့် ရေးချင်တာကို အရင်ရှာ ပြီးတော့မှ ကော်ပီပြန်ကူးနေရတယ်။ ဒါကြောင့် အရင်လို စာသွက်သွက် မရေးနိုင်သေးပါ။ အသစ် မတင်နိုင်သေးသော်လည်း လာရောက် လည်ပတ် ဖတ်ရှု့သူ အားလုံးကိုလည်း ကျေးဇူး အထူး တင်ပါတယ်။



Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

SHWE ZIN U said...

ကိုဇော် ရေ

ဒီလိုနဲ့ ဧရာဝတီ ကို အသေခံတော့ မှာလား

ကန့်ကွက်ပါတယ် လုံးဝ လုံးဝ ကန့်ကွက်ပါတယ်

အားလုံး တတ်နိုင်သမျှ ဧရာဝတီ အတွက် လုပ်ဆောင်ကြပါ

ကျေးဇူး ကိုဇော်
ရွှေစင်ဦး

အလွမ်းမြို့ said...

ကိုဇော်..

လာရောက်ဖတ်ပြီးပါပြီ။ ဘယ်လိုနည်းမျိုးတွေနဲ့ ထပ်မံကန့်ကွက် ရဦးမှာလဲနော်။ ..

ပျော်ရွှင်ပါစေ
ညီမ

seesein said...

မြစ်ဆုံ ဆည် ဆောက်လုပ်ခြင်းကို အပြင်းအထန် ကန့်ကွက်ပါတယ်

စာလေးရေးပေးတဲ့အတွက်ကျေးဇူး

seesein

ကိုကိုမောင်(ပန်းရနံ့) said...

အားလုံးရဲ့ စစ်မှန်တဲ့ စေတနာကြောင့် ဧရာဝတီလေးလာ ထာဝစဉ် စီးဆင်းရှင်သန်နေမယ်ဆိုတာ ယုံကြည့်နေပါတယ်။
....

အေးဗျာ။ ဒီမှာလဲ 64 bit ဖြစ်နေလို့ အတော်လေး အခက်တွေ့နေတယ်။ 32 bit ကို လျော့ချရမလို ဖြစ်နေပြီ။ တစ်ခြား 64 bit သမားတွေတော့ ဇော်ဂျီကို ဘယ်လို သုံးတယ်မသိ။

ခင်မင်လျှက်

တောက်ပကြယ်စင် said...

အပြင်းအထန် ကန့်ကွက်ပါတယ် ကိုဇော်ရေ။

မအိမ်သူ said...

ဟုတ်တယ်ကိုဇော်ရေ အခုမြစ်ဆုံက အဓိကကျနေလို့သာ ဧရာဝတီကို ဦးတည်ရေးရပေမယ့် တကယ့်တကယ်ကတော့ အမိမြန်မာပြည်ကြီးထဲက ဘယ်မြစ်ကိုပဲဖြစ်ဖြစ် ဘယ်သယံဇာတကိုပဲဖြစ်ဖြစ် အပ်တိုတစ်ချောင်းကအစ ကိုယ့်တိုင်းသူပြည်သားကလွဲလို့ တိုင်းတပါးက လာရောက်ခြယ်လှယ် လက်ဝါးကြီးအုပ် လုပ်ချင်ရာလုပ်မယ့် အဖြစ်မျိုးကို လုံးဝလုံးဝ မလိုလားတာပါ။ အဲဒီလိုအခြေအနေတွေကို မြန်မာပြည်သူပြည်သားအားလုံးက နားလည်သဘောပေါက်ပြီး ၀ိုင်းဝန်းကာကွယ်နိုင်ကြပါစေလို့ပဲ ဆုတောင်းမိပါတယ်။ နားလည် သဘောပေါက်ကြဖို့ကိုလည်း တတ်နိုင်သလောက် ၀ိုင်းဝန်းပြီး အသိပေး လက်ဆင့်ကမ်း ပြောကြရမှာပါပဲ။

အဖြူရောင်နတ်သမီး said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်

Anonymous said...

အကိုကြီး ကိုဇော်...
ကျွန်တော် တို့တစ်တွေ
မရ ရတဲ့နည်းနဲ့
ကန့်ကွက်ရမှာ ပါ
လက်မှိုင်ချ လို့တော့
မဖြစ်ပါဘူး ခင်ဗျာ။

mstint said...

နိုင်ငံသားများအားလုံး ချစ်ခင်မြတ်နိုး တွယ်တာတဲ့ 'မြစ်ဧရာ' ထာဝရအေးချမ်းစွာဖြင့်စီးဆင်းနိုင်ပါစေလို့ ဆုတောင်းမိပါတယ် ကိုဇော်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

An Asian Tour Operator said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။

မိုးယံ said...

အနော်လည်း ကန့်ကွက်တယ်...ဘာလဲဗျာ..အရူးချီးပန်းလျှောက်ပြောနေတာတွေ။ လူကြီးပြီး ပညာသေးတဲ့ လူတွေ ရာထူးကြီးယူ ထားမိတယ်ဆို ရင်တော့.....ကြီးကျယ်တာတွေ ပျောက်ဆုံးပြီး...အသေးအမွှားတွေက ကြီးထွားလာတော့မှာပဲ...။

သဒ္ဓါလှိုင်း said...

ထပ်တူပါပဲ.. ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။ ဧရာဝတီမြစ်ကြီး မပျက်စီးအောင် တတ်နိုင်တာထက်ပိုပြီး ညီညီညွတ်ညွတ် ဝိုင်းဝန်းကာကွယ်ကြမယ်နော်။
ခင်မင်လျက်
သဒ္ဓါ

sosegado said...

အချစ်ခြင်းတူလိုက်တာ ကိုဇော်ရေ၊

Anonymous said...

အခုတလော စိတ်တွေညစ်နေတယ်ဗျာ
မောင်ဘကြိုင်လည်းကန့်ကွက်ပါတယ်ကိုဇော်ရေ
စာတွေလက်သွက်ခြေသွက်များများရေးနိုင်ပါစေဗျာ

မောင်ဘကြိုင်

မေသိမ့်သိမ့် ကျော် said...

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံသားတို့ အတွက်သာဖြစ်သည်။ ဧရာဝတီကိုလွတ်လပ်စွာ စီးဆင်းခွင့်ပြုပေးပါ။

စံပယ်ချို said...

ဧရာဝတီကို ဦးတည်ရေးရပေမယ့် တကယ့်တကယ်ကတော့ အမိမြန်မာပြည်ကြီးထဲက ဘာပဲဖြစ်ဖြစ် ဘယ်သယံဇာတကိုပဲဖြစ်ဖြစ် ကိုယ့်တိုင်းသူပြည်သားကလွဲလို့ တိုင်းတပါးက လာရောက်ခြယ်လှယ် လက်ဝါးကြီးအုပ် လုပ်ချင်ရာလုပ်မယ့် အဖြစ်မျိုးကို လုံးဝမလိုလားတာပါ။ အဲဒီလိုအခြေအနေတွေကို မြန်မာပြည်သူပြည်သားအားလုံးကလုံးဝကိုတာဝန်ရှိနေတာပါ။
သူတို့ရဲ့ စီမံကိန်းကိုလုံးဝကန့်ကွက်ပါတယ်။
ခင်မင်တဲ့ jasmine

ညီရဲ said...

ဟုတ်တယ် ကိုဇော်ရေ...
ဧရာဝတီကို ပြည်သူ့ ရင်ခွင်ထဲက ဆွဲထုတ် တရုတ်လက်အပ်ဖို့ ကြံစီနေကြပြီ...
ကိုယ့်လူမျိုး အကျိုးအတွက် မဟုတ်လို့ ကတော့ ဘာဖြစ်ဖြစ် ကန့် ကွက်ရမှာပါပဲ..