မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 February 2011

9 ပြဿနာ မရှိသောသူ



      “ ဘဝ ဆိုတာ ကျောက်သွေးဝိုင်းမှ ကျောက်သွေးပြားသာ ဖြစ်သည်။ ထိုကျောက်သည် မိမိအား အမှုန်အမွှားဖြစ်အောင် တွန်းတိုက်ကြေမွ သွားစေမည်လား ၊ လှပပြီး အရောင်တောက်သော ကျောက်မြတ်ရတနာလေး ဖြစ်လာအောင် ပွတ်တိုက်မလား ဆိုတာ မိမိဖာသာ ရွေးခြယ်ရပါမည်။ ဘာလို့လဲ ဆိုတော့ လူတိုင်းဟာ ကျောက်မြတ်ရတနာတွေလို တန်ဖိုး ရှိနေလို့ပါပဲ။ ”

( ကာဗက် ရောဘတ် )



      ဗင်ဆင့် ပီယာလေ တစ်ယောက် အေးအေးဆေးဆေး လမ်းလျှောက်နေခိုက် သူ့ရဲ့ အကျီင်္စကို နောက်ကနေ ဆွဲတာ ခံလိုက်ရတယ်။ သူ ရုတ်တရက် လှည့်ကြည့်လိုက်တော့ သူ့ဆီမှာ လာပြီး ခဏခဏ ဆေးခန်းလာပြနေသော လူငယ်တစ်ယောက်။ သူက ကြိုးစားဆဲ လုပ်ငန်းရှင်တစ်ယောက် ဖြစ်သည်။ သို့သော် လုပ်ငန်းက မအောင်မြင်သေး။ အတိုက်အခံက အရမ်းများနေသည်။ ထို အတိုက်အခံများကို သူမခံနိုင်။ စိတ်ဖိစီးမှု ဖြစ်သည်။

     ပီယာလေ က စိတ်ရောဂါကုဆရာဝန်ဖြစ်သည်။ စိတ်ဖိစီးမှု ခံနေရသူ ၊ စိတ်ဓါတ်ကျဝေဒနာ ခံစားနေရသူများကို သူ ကုသပေးသည်။ သူ့ဆီကို လာသူများ၏ ပြဿနာ အကျိုးအကြောင်းများ ၊ အခြေအနေများကို စီစစ်ဝေဖန်၍ အကောင်းဆိုသော အကြံဥာဏ်များကို သူပေးသည်။ သူ့ဆီသို့ လာသူများတွင် ထိုလူငယ်သည် အလွန်ထူးခြားသည် ပီယာလေ က ဘာမှ မဟုတ်ပါဘူး ဟု ရှင်းပြနေသော ပြဿနာများကို ပင် သူက အလွန်ကြီးကျယ်ပြီး သူ့မှာသာ ဖြစ်နေသော ပြဿနာများဟု ရှုမြင်သည်။ ပြောရင်လည်း ဘယ်လိုမှ လက်မခံ။ ကိုယ်ရှုမြင်တာကို သူက နောက်တစ်မျိုးထပ်ပြီး မြင်ပြသည်။ ဒါကြောင့် ထိုလူငယ် သူဆီလာနေရသော အခေါက်ရေများနေခြင်း ဖြစ်သည်။

      သို့သော် ပီယာလေ မှာ စိတ်ဖိစီးမှု ခံနေရသော လူကို အကောင်းဆုံးသော အကြံဥာဏ်ပေးပြီး ကုသပေးရမှာ သူ့အလုပ်မဟုတ်လား။ အခုလည်း ဒီလူငယ်က သူ့ကို နောက်မှ အကျီင်္ဆွဲထားသည်။

      “ ဆရာ ၊ ဆရာ့ဆီကို လာတာ ။ ဆရာ့ဆေးခန်းက ပိတ်သွားပြီ အခုပဲ ဆရာ အပြင်ထွက်သွားတယ် ဆိုလို့ ကျွန်တော်လိုက်လာတာ ဆရာ။ ”

     ပီယာလေ ဒီလူငယ်ကို သေချာကြည့်လိုက်တော့ သူ့မျက်နှာမှာ စိတ်ပျက်မှုတွေ ၊ စိတ်ညစ်မှုတွေ ၊ ပြဿနာဒဏ်ခံစားနေရတဲ့ ပုံတွေ အထင်းသားပေါ်နေတယ်။ ပီယာလေ ဘာမှ မပြောခင်မှာပဲ လူငယ်က ဆက်ပြောတယ်။

      “ ဆရာ ကျွန်တော့် ပြဿနာတွေ အရမ်းများလာတယ် ဆရာ ။ ကျွန်တော် ဆက်ပြီး မခံစားနိုင်တော့ဘူး။ ကျွန်တော့်ကို ကူညီပါဦး။ ပြဿနာတွေက ထောင်သောင်းဆိုတာလို ဖြစ်နေပြီ ဆရာ။ ”
 

       ဒီတော့ ပီယာလေ က လူငယ်ကို သေချာ ကြည့်ပြီ...

      “ ကောင်းပါပြီ။ ကျွန်တော် ခင်ဗျားကို သေချာ အကြံပေးပါ့မယ်။ ဒါပေမဲ့ အခု ခင်ဗျား ဆွဲထားတဲ့ ကျွန်တော့် အကျီင်္စကို လွှတ်လိုက်မယ် ဆိုရင် စကားဆက်ပြောပြီး ခင်ဗျားကို ပြဿနာ လုံးဝ မရှိတဲ့ လူတွေ နေတဲ့ နေရာကို ခေါ်သွားပါ့မယ်။ ”

       လူငယ့် မျက်နှာ ဝင်းခနဲ့ ဖြစ်သွား၏။

      “ တကယ်နော် ဆရာ။ ဆရာသာ တကယ်ပြနိုင်မယ် ဆိုရင် ကျွန်တော် ဘယ်နေရာကို မဆို လိုက်ပါ့မယ်။

        “ တကယ်ရောက်သွားရင်တော့ ခင်ဗျား သွားချင်မှ သွားတော့မှာပါ။ ”

       “ သွားပါ့မယ် ဆရာ။ ကျွန်တော်က ပြဿနာတွေ ကင်းတဲ့ နေရာမှာ နေချင်နေပါပြီ။ ”

       “ အင်းလေ။ ခင်ဗျားက တကယ်သွားချင်နေတယ် ဆိုရင်တော့ ကျွန်တော် ခေါ်သွားပါ့မယ်။ ”

       ဒါနဲ့ ပီယာလေ က လူငယ်ကို ဦးဆောင်ပြီး ခေါ်လာတယ်။ သူတို့ လေးဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ပြီးတော့ ကုန်းမြင့်လေး တစ်ခုပေါ်ကို ရောက်လာတယ်။ ကုန်းမြင့်လေးပေါ်မှာ ပီယာလေက ရပ်လိုက်ပြီး. . .

       “ ဒီကုန်းမြင့်လေးရဲ့ အောက်မှာ ပြဿနာ မရှိတဲ့ လူတွေ နေကြတယ်။ ”

      “ ဟုတ်လား ဆရာ။ ကျွန်တော်တို့ မြန်မြန်သွားရအောင် ။ ကျွန်တော် ရောက်ချင်နေပြီ။ ”

      ဒီလို လူငယ်က ပြောတော့ ပီယာလေ က ဘာမှ မပြောပဲ သူ့ခရီးကို ဆက်ခဲ့တယ်။ သူတို့ ကုန်းမြင့်လေး အောက်ကို ရောက်တော့ ဝန်းပြင်ကျယ်ကြီးကို သံတံခါးနဲ့ ပိတ်ထားတာ တွေ့လိုက်ရတယ်။ ပီယာလေ က အထဲကို သံတံခါးကို တွန်းဖွင့်ရင်း ဝင်လာခဲ့တယ်။ အထဲကို ရောက်တော့ ငုတ်တိုင်လေးတွေနဲ့ စိုက်ထားတဲ့ တိုင်လေးတွေကို ပြရင်း. . . .

      “ ဒီနေရာမှာ လူပေါင်း တစ်သိန်းခွဲကျော် ရှိနေတယ်။ သူတို့မှာ ဘာပြဿနာမှ မရှိဘူး။ ဘာလို့လဲ ဆိုတော့ သူတို့က သေနေလို့ပဲ။ ဒါကြောင့် ဒီနေရာကို သချိုင်္င်းကုန်းလို့ ခေါ်တယ်။ သချိင်္ုင်းကုန်းမှာ ရှိနေတဲ့ လူသေတွေမှာ ပြဿနာ မရှိကြဘူး။ သူတို့က ပြဿနာ ငြိမ်းကြတယ်။ ပြဿနာ ဆိုတာ မသေသေးတဲ့ လူတွေဆီမှာပဲ ရှိတယ်။

      လူသေတွေမှာ ဘာလို့ ပြဿနာ မရှိတာလည်း ဆိုတော့ သူတို့မှာ ပြဿနာ ရှိလာရင်လည်း သူတို့မှာ ဖြေရှင်းနိုင်ဖို့ အခွင့်အရေးမရှိဘူးလေ။ ဒါကြောင့် ပြဿနာဆိုတာ ဖြေရှင်းနိုင်တဲ့ ၊ ဖြေရှင်းနိုင်စွမ်းရှိနေတဲ့ အသက်ရှင်နေသော လူတွေမှာသာ ဖြစ်တယ်။ ဒါကြောင့် အသက်ရှင်နေတဲ့ လူမှန်ရင် ကိုယ့်မှာ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ရမှာပဲ။

     ကဲ . . ခင်ဗျားကရော . . အခု ပြဿနာကို ဖြေရှင်းနိုင်တဲ့ လူလား။ ပြဿနာတွေကို မဖြေရှင်းနိုင်တော့ပါဘူး ဆိုပြီး စိတ်ပျက်လက်လျှော့နေတဲ့ သူလား။ ”

       ပီယာလေ ရဲ့ ဒီစကားကြားတော့ လူငယ်က ရှက်သွားသလို မျက်နှာကြီး နီရဲလာပြီး . . .

      “ ဟုတ်ပါတယ် ဆရာ။ ကျွန်တော် မှားသွားပါတယ်။ ကျွန်တော်က ကျွန်တော့်မှာသာ ပြဿနာတွေ စုပြုံကျနေတယ် လို့ ခံစားနေရလို့ပါ။ အခုတော့ ကျွန်တော် သိသွားပါပြီ။ ပြဿနာဆိုတာ ဖြေရှင်းနိုင်သူတွေဆီမှာသာ ရောက်လာရတယ် ဆိုတာ။ အသက်မရှိသူတွေမှာ ပြဿနာလည်း မရှိဘူးဆိုတာ ကျွန်တော် သဘောပေါက်ပါပြီ။

      အခု အချိန်က စပြီး ကျွန်တော်ဟာ အသက်ရှင်နေတဲ့ လူသားတစ်ယောက် ဖြစ်တယ် ဆိုတာကို သက်သေပြတဲ့ အနေနဲ့ ကျွန်တော့်ဆီရောက်လာတဲ့ ပြဿနာတွေကို အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းပါတော့မယ် ဆရာ။ အခုလို ကျွန်တော့်ကို ထင်ထင်ရှားရှားဖြစ်အောင် လက်တွေ့ပြတဲ့ အတွက်လည်း ကျေးဇူးပါဆရာ။ ”

      ဒီလိုနဲ့ သူတို့နှစ်ယောက် ဘာမှ မပြောဖြစ်ပဲ တိတ်တဆိတ်နဲ့ ပြန်လာခဲ့၏။ ဒီနောက်မှတော့ အမြဲတမ်း ငြီးတွားနေတတ်ပြီး သူ့ဆီမှာသာ ပြဿနာတွေ ဖြစ်နေတယ် လို့ ထင်နေတတ်တဲ့ ကောင်လေးက သူ့ဆီကို ရောက်လာတဲ့ ပြဿနာ တွေကို အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်ဖြေရှင်းရင်း အောင်မြင်သော လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာခဲ့ပါသည်။

     ဒီကောင်လေးတော့ ယနေ့မှာတော့ အောင်မြင်နေသော စီးပွားရေးသမား Tom Petters ဖြစ်လာခဲ့ပါသည်။

source; Jack Canfield & Mark Victor Hansen Dare To Win
ကိုဇော် ခံစားတင်ပြသည်။


pdf ဖိုင်ဖြင့် ဒီမှာ ဒေါင်းပါ။

.

Share/Bookmark

9 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

ပြဿနာတွေနဲ့ ရင်ဆိုင်မိတိုင်း သတိရနေမဲ့ စာလေးတစ်ပုဒ်ပါ.. ဝေမျှတဲ့အတွက်ကျေးဇူးပါရှင်... ဥပမာပေး ကောင်းတဲ့လူနဲ့တွေ့တော့လဲ အမှန်တရားကို အမြင်မှန်ရသွားတာပေါ့နော်....

Anonymous said...

ကောင်းလိုက်တာ၊ ဘဝနဲ့ ရင်းပြီးတော့ကိုမှတ်သားလောက်ပါပေတယ်၊ ဆက်လက်ဖော်ပြသွားပါအုံးနော်

နွေမင်းလွင် said...

ဆရာက သူ့မှာဖြစ်လာတဲ့ပြဿနာဖြေရှင်းလိုက်ပုံလေးကိုကြိုက်တယ်

ahphyulay said...

အင်း..
မှန်တယ် ငါ့ တူ အဲ ကိုကိုဇော်..၊
ဘာနဲ့ တူသလဲဆိုတော့  မွေးကတဲက ဘယ်တော့ မှ
မအားတော့ တဲ့  လူတစ်ယောက်က သေသာသွားရော
မအား သွားရှာတဲ့  လူတွေနဲ့  တူသလိုပဲ။
ကျွန်တော်လဲ မအားဖြစ်နေတုံး၊
ကိုဇော်ရော အားလို့ လား..
ပြသနာတွေနဲ့ လေ...။

Anonymous said...

လာဖတ်သွားတယ် ကိုဇော်ရေ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

အဖြူရောင်နတ်သမီး said...

လူတိုင်းမှာ ပြဿနာဆိုတာကတော့ ရှိကြစမြဲပဲ..။
ဖြေရှင်းတတ်ဖို့ပဲလိုတယ်..။

Anonymous said...

ဖတ်သွားတယ်ကိုဇော်။
ဆရာဖြေရှင်းပုံကောင်းလိုက်တာ။
ကိုဇော်ရဲ့ စာတွေဖတ်ပြီးရင် ကိုယ့်အတွက် ဗဟုသုတ
မှတ်သားစရာတစ်ခုခုတော့ ရတယ်။ ကျေးဇူး...
ကိုဇော်တစ်ယောက် ကျန်းမာ ပျော်ရွှင်စွာဖြင့် စာတွေ
ဆက်လက်ရေးသားနိုင်ပါစေ။
may

ချမ်းလင်းနေ said...

မှတ်သားစရာတွေ အပြည့်နဲ့ပဲ ကိုဇော်ရေ။ ကျွန်တော်အမြင်လေး ရေးချမယ်နော်....
ပြဿနာဆိုတာ ကိုယ်စိတ်ပေါ်မှာ မူတည်တယ်လို့ထင်တယ်။ စိုးရိမ်လွန်းရင် ပြဿနာကြီးမယ်။ လာမယ့်ဘေး ပြေးတွေ့ဆိုသလို ပြဿနာဖြစ်လာရင် အရင်ဆုံး စိတ်ကို ငြိမ်အောင်ထားမယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာမယ်။ ပြီးရင် ရှင်းလင်းဖို့ အဖြေထုတ်မယ်။ ဒါကတော့ ကျွန်တော် ဖြေရှင်းရင်ဆိုင်ခဲ့ရဖူးတဲ့ ရလဒ်ပဲ ကိုဇော်ရေ။ လူအတော်များများက ပြဿနာဟေ့ဆိုတာနဲ့ လောကဇောတိုက်နေတာနဲ့ ပြဿနာတွေက ပြဿဒါးတွေ ဖြစ်ကုန်ပါရော။
ကိုဇော်ပို့စ်လေးက ဖတ်ရသူတွေအတွက် အကျိုးဖြစ်ပါတယ်။ ကောင်းလှတဲ့ ဘာသာပြန်ချက်လေးပါ။

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ်။ သေတဲ့သူတွေဆီမှာမှ ပြဿနာမရှိတာ။ ပြဿနာကို မကြောက်တော့ဘူး။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)