မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


22 February 2011

25 တိတ်တခိုး ဝိညာဉ်များ


အမှာ။ ။ အောက်မှာ ရေးထားတာတွေဟာ ဝတ္ထုမဟုတ်သလို စိတ်ကူးယဉ် ရေးထားတာလည်း မဟုတ်ပါ။ အဖြစ်အပျက် တစ်ခုအပေါ် ချချရေးထားတတ်သော ကျွန်တော့်ရဲ့ မှတ်စုများသာ ဖြစ်ပါတယ်။ မှန်တယ် ၊ မှားတယ် ၊ တည့်တယ် ၊ လွဲတယ် ဆိုတာထက် ကျွန်တော့်ရဲ့ အဖြစ်အပျက် တစ်ခုအပေါ် ခံစားချက်သာ ဖြစ်၍ ထိုအတိုင်းလေးပဲ ဖတ်စေလိုပါတယ်။


ကျွန်တော်တို့ အလုပ်ရုံရဲ့အရှေ့ ညာဘက်ထောင့်မှာ တစ်တောင်သာသာလောက်ကို မြေမြှင့်ပြီး အုတ်ဖြင့် ကာရံကာ ဘောင်ခတ်ထားသော ၅ ပေ x ၇ ပေ လောက် ကျယ်သော မြေကွက်လပ်တစ်ခု ရှိ၏။ ထိုမြေကွက်လပ် ကလေးသည် အရင်စက်ရုံက သုံးရေအတွက် စင်မြင့်ကြီး လုပ်ကာ ရေတိုင်ကီကြီး တစ်ခု တင်ထားသော နေရာ ဖြစ်၏။

ထိုစက်ရုံသည် သောက်ရေသန့် စက်များ ၊ ရေသန့် ဆန်ကာများ ၊ ရေသန့်ဘူးများကို လုပ်ရောင်းသော စက်ရုံ ဖြစ်၏။ စက်ရုံ စတည်ကတည်းက ဒီနေရာမှာ လုပ်ခဲ့တာ ဖြစ်ပေမဲ့ မကြာမှီ စက်ရုံမှာ လွန်စွာမှ အောင်မြင်လာသောကြောင့် စက်ရုံကို လက်ရှိ တည်ဆောက်ထားသော ပေ ၂၀၀ x ပေ ၄၀၀ ပတ်လည်ပေါ်မှာ ဘယ်လိုမှ အဆင်မပြေတော့ပေ။ အရင်က ဒီစက်ရုံ မထောင်ခင်မှာ ဒီနေရာလေးဟာ ခြုံနွယ်တွေဖြင့် ပိတ်လှောင်နေသော ကားလမ်းမ ဘေးမှ သာမာန် အဆောက်အအုံ ပျက်ကြီး တစ်ခုမျှသာ ဖြစ်၏။

ထို အဆောက်အအုံ ပျက်ကြီးနဲ့ ပတ်သတ်၍ ထိုပတ်ဝန်းကျင်တွင် သတင်းပေါင်းများစွာ ပြန့်နှံ့နေလေ့ ရှိ၏။ ထိုအဆောက်အအုံပျက်ကြီးသည် အရင်က နိုင်ငံကို နိုင်ငံခြားသားများ လာရောက် ကျူးကျော်၍ စစ်မက် ဖြစ်ပွားသောအခါ သာမာန် ပြည်သူ ပြည်သားတွေ အနေနဲ့ ထိုအဆောက်အအုံကြီးကို စစ်မက် တိမ်းရှောင်သော နေရာအဖြစ် အခြေပြု ခဲ့ရလေ၏။ ထိုနောက် ပို၍ ကြမ်းတမ်းလာသော စစ်ဒဏ်ကို ခံစားရသော အခါမှာ ထိုအဆောက်အအုံနေရာ ပတ်ဝန်းကျင်သည် စစ်တလင်းပြင် ဖြစ်ခဲ့ရလေသည်။ ထို့အတူ မိုးပေါ်မှ ကျဲချသော ဗုံးများကြောင့် ထိုအဆောက်အအုံထဲမှာ စစ်ဗုံးဒဏ် အခံရဆုံး နေရာ ဖြစ်သလို ၊ အစုလိုက် အပြုံလိုက် ပိတ်လှောင်ခြင်း ခံရကာ သေကြေ ပျက်ဆီးခဲ့ရသော နေရာလည်း ဖြစ်လေ၏။ ဤအရာကား ထိုအဆောက်အအုံနဲ့ ပတ်သတ်သော ပါးစပ်သတင်း ၊ ပါးစပ် အတင်းပင် ဖြစ်လေသည်။

သို့သော် ထိုပျက်ဆီးနေသော အဆောက်အအုံ နှင့် မြေနေရာဟောင်းကြီးကို သန့်ရှင်းဖယ်ရှားကာ ရေသန့်ပစ္စည်း စက်ရုံကို တည်ဆောက်သောအခါ ထိုရေသန့် ပစ္စည်းထုတ်လုပ်သော စက်ရုံမှာ အချိန်တို အတွင်းမှာပင် လွန်စွာ အောင်မြင်လေခဲ့လေ၏။ အလုပ်နှင့် ပတ်သတ်သော လုပ်ငန်း ပစ္စည်းများကို ထပ်မံ၍ ချဲ့ထွင်ရင်း နောက်ဆုံး အဆင်ပြေအောင် လုံးဝ နေရာချဲ့ထွင်၍ မရတော့သောအခါ ဒီထက် နေရာ ပိုကျယ်သော မြေနေရာသို့ ပြောင်းကာ လုပ်ငန်းကို ဆက်လက် လည်ပတ်ရန် ထိုအဆောက်အအုံ အဟောင်း နေရာကို လွဲပြောင်း ရောင်းချကာ ပြောင်းရွှေ့သွားလေတော့သည်။



ထိုသို့ လွဲပြောင်း ဝယ်ယူခဲ့သော လူမှာ ကျွန်တော်တို့ အလုပ်ရှင် သူဌေးပင် ဖြစ်လေသည်။ ကျွန်တော် ဒီအလုပ်ကို မရောက်ခင်မှာ သူဌေးက တခြားသော တိုက်ခန်းလေးတွင် ယခု ရောင်းချနေသော ပစ္စည်းများကို စတင်ကာ ရောင်းချ၍ အရှိန်ယူ ကြိုးစားခဲ့ရ၏။ နောက်ပိုင်းမှာ ဝယ်သူတွေ များပြားလာပြီး လိုက်လံ ပို့ဆောင်ရသော အရေအတွက်သည်လည်း ပိုမို တိုးတတ်လာတော့မှ လော်ရီကားများကိုလည်း ထပ်မံ၍ တိုးချဲ့ ဝယ်ယူကာ လိုက်လံ ပို့ဆောင်ပေးရန် နေရာကျယ်သော မြေကွက်ကို ဝယ်ယူရန် ကြိုးစား လေတော့သည်။ ဒါနဲ့ ဒီမြေကွက်နှင့် အဆောက်အအုံကို လွဲပြောင်း ဝယ်ယူဖြစ်ခဲ့တာ ဖြစ်၏။

ဒီအလုပ်နေရာကို လွဲပြောင်းဝယ်ယူပြီး အရင်နေရာမှာ ပစ္စည်းများကို ရွေ့ပြောင်းသည် အထိ ကျွန်တော် ဒီအလုပ်ကို မရောက်သေးပါ။ အားလုံး ပြောင်းရွေ့ပြီး နှစ်ပတ်ကြာတော့မှ ကျွန်တော် ရောက်လာခဲ့တာ ဖြစ်၏။ ဒီရောက်မှ ခင်မင်ရသော သူငယ်ချင်းများကတော့ ကျွန်တော့်ကို “ မင်းက တော်တော် ကံကောင်းတာပဲ။ ဟိုဘက်ကနေ ကွန်ပျူတာတွေ ၊ အလုပ်ပစ္စည်းတွေ ၊ ဘီရိုတွေ ၊ အသုံးအဆောင်တွေ ရွေ့တုန်းကတော့ ရောက်မလာဘူး ၊ အားလုံး ရွေ့ပြီး ပြောင်းပြီးပြီ ဆိုတော့မှ လက်တင် အလုပ်လုပ်ဖို့ ရောက်လာတယ် ” ဟု ဆိုတာ နောက်ပြောင်လေ့ ရှိ၏။ တကယ်လည်း သူတို့ အားလုံး အခြေတည်ကာ ပုံမှန် လည်ပတ်တော့မှ ကျွန်တော် ဒီအလုပ်ကို စဝင်ဖြစ်တာ ဖြစ်သည်။

အလုပ်ကို စဝင်ကတည်းက ကျွန်တော် အလုပ် အဆောက်အအုံ တစ်ခုလုံးရဲ့ အရှေ့ ညာဘက်မှာ တည်ရှိသော မြေကွက်လပ် ခပ်မြင့်မြင့်ကို သိပ်ပြီးတော့ ကြည့်မရခဲ့ပါ။ ဘာကြောင့်မှန်းကို မသိ။ သူ့ဖာသာ နေတာ ဖြစ်ပေမဲ့ ကျွန်တော့် မျက်လုံးထဲမှာ ကန့်လန့်ကြီး လာဖြစ်နေ၏။ ဒီနေရာမှာ အရင်က ဘာရှိခဲ့တာလဲ ဟု စုံစမ်းလိုက်တော့ အရင်က ဒီနေရာမှာ စက်ရုံ တစ်ခုလုံးကို ထောက်ပံ့ပေးသော ရေစည်ကြီး တစ်ခုကို ခပ်မြင့်မြင့် တည်ဆောက်ထားခဲ့ဖူးသည် ဟုသာ သိခဲ့ရသည်။

အခုနောက်ပိုင်းတော့ ရေပေးဝေမှုတွေက အဆင့်မြင့်လာကာ ၂၄ နာရီ ရေပြတ်လပ်သည် ဟူ၍ မရှိ ၊ ရေသောက်အတွက် ရုံးခန်းထဲမှာ အပူ ၊ အအေးစက်ဖြင့် အဆင်ပြေနေ၏။ ထို့ကြောင့် ထိုနေရာတွင် ရေစည်ကြီး တင်ထားစရာ မလိုတော့။ ပြီးတော့ ကျွန်တော်တို့ အလုပ်ရုံမှာ ရေသန့်ပစ္စည်း ထုတ်လုပ်သော စက်ရုံလို ရေအင်အားလည်း များများစားစား လိုသော အလုပ်ရုံ မဟုတ်။ ထို့ကြောင့် ထိုမြေကွက်လပ်သည် ကျွန်တော်တို့ အလုပ်ရုံ အတွက် အပို သက်သက်မျှသာ ဖြစ်၏။ သူက သူ့ဖာသာ နေတာ ဖြစ်ပေမဲ့ ကျွန်တော့် မျက်လုံးထဲမှာ ထိုနေရာက ကန့်လန့်ကြီး လာဖြစ်နေ၏။

တစ်ခါတလေ ထမင်းစား နားချိန် ၊ အားချိန် ဆိုရင် ကျွန်တော် ထို ၅ ပေ x ၇ ပေ ကျယ်သော မြေကွက်ကို သွားရောက်ကာ ဘယ်ရယ်မဟုတ် ကြည့်မိသည်။ ထူးတော့ ထူးဆန်းပေ၏။ အလုပ်ရုံ တစ်ခုလုံး သူ့ဖာသာ သပ်သပ်ရပ်ရပ် ရှိနေသလောက် ထိုမြေကွက်က ထူးဆန်းစွာ ခြုံနွယ်တွေဖြင့် ရှုပ်ပွနေလေ့ ရှိသည်။ အသုံးမပြုသော နေရာ ဖြစ်သောကြောင့် ရှုပ်ပွနေခြင်းလည်း ဖြစ်ပေမည်။ ဘယ်ရယ် မဟုတ်ဘဲ မကြာခဏ သွားရောက် ကြည့်မိပေမဲ့ အုတ်ဘောင်ဖြင့် တစ်တောင်ကျော်ကျော် မြှင့်ထားသော ထိုမြေနေရာပေါ်သို့ မတတ်ကြည့်မိခဲ့ပါ။

တစ်နေ့တော့ ကျွန်တော် ထိုအုတ်ဘောင်ပေါ်ကိုပါ တတ်ပြီး ကြည့်မိ၏။ ဘာကြောင့် ဒီမြေကွက်က ဒီအတိုင်း ဖြစ်နေရတာလဲ ဆိုသော စူးစမ်းချင်စိတ်ကြောင့်လည်း ပါပေမည်။ အနီးနားမှာ ချထားသော တုတ်ချောင်း တစ်ချောင်းဖြင့် ခြုံနွယ်တွေ ထဲမှ ပိုးမွှားများ ထွက်သွားစေရန် ထိုခြုံနွယ်များကိုလည်း အနည်းငယ် ပုတ်ခတ် လိုက်မိသည်။ သို့သော် ဘာကောင်မှ ထွက်မလာပါ။ ဖာသိဖာသာဖြင့် တိတ်ဆိတ် ငြိမ်သက်နေ၏။

လူတကာ မထူးဆန်းသလို လျစ်လျူရှုထားသော မြေကွက်ပေါ်ကို တတ်ကာ ကျွန်တော် ထိုမြေကွက်ပေါ်မှာ ပေါက်နေသော အပင်များ ၊ ခြုံနွယ်များကို ဘာရယ် မဟုတ်ဘဲ ဟိုဟိုဒီဒီ လျှောက်ကိုင်ကြည့်မိသည်။ ထိုနေရာမှာ အလုပ်ရုံ မြေကွက်ရဲ့ ထောင့်ကျနေခြင်းကလည်း အသုံးမဝင်သော အချက် တစ်ချက် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ထိုမြေကွက်မှာ ပေါက်ရောက်နေသော နွယ်ပင်များသည် ဘေးမှ ခြံစည်းရိုးများကိုပင် တွယ်ကပ် ပေါက်နေလေ၏။ ထိုနွယ်များသည် မြေကွက်ပေါ်မှာ ပေါက်နေသော အပင်လတ်များကိုလည်း တွယ်ကပ်ကာ နွယ်တတ်နေကြ၏။

ဘာနွယ်တွေများလဲ ဟု ကျွန်တော် စူးစမ်းကာ ကြည့်မိလိုက်တော့ ကျွန်တော် မျက်လုံးပြူး သွားမိသည်။ ကျွန်တော် ဖတ်ဖူးထားသော စာပေ ဗဟုသုတ အရ နွယ်ပင် မှန်ရင် လက်ယာရစ်သာ ရစ်ပတ်လေ့ ရှိသည် ဟု ဖတ်ရဖူးသည်။ တကယ်လည်း အိမ်မှာ စိုက်ခဲ့ဖူးသော ဘူးပင် ၊ ကြက်ဟင်းခါးပင် အစရှိသော နွယ်ပါသော အပင်များသည် လက်ယာရစ်သာ ရစ်ပတ်၍ အထက်သို့ တတ်ပါသည်။ အခု ဒီမြေကွက်ပေါ်မှာ ပေါက်ရောက်နေသော နွယ်ပင်များသည် အားလုံး လက်ဝဲရစ်သာ သူတို့နှင့် ထိစပ်သမျှကို ရစ်ပတ် နွယ်တတ်နေကြသည်။

ကျွန်တော် ဖတ်ရှု့ခဲ့ဖူးသော စာပေ အတွေ့အကြုံတွေ အရ ရိုးရိုး သာမာန် နွယ်ပင်တွေသည် လက်ယာရစ် နွယ်တတ်ကြ၍ ထူးဆန်းသော နွယ်ပင်များသာ လက်ဝဲရစ် နွယ်တတ်ကြပါသည်။ ထိုနွယ်ပင်များသည် ဥစ္စာစောင့် ဟု လူသိများသော နေရာများမှ နွယ်ပင်များ ၊ သိုက်စောင့်များမှ နွယ်ပင်များ ၊ ရွာတော်ရှင် ၊ မြို့စောင့် စသော နတ်နန်းများမှ နွယ်ပင်များ ၊ မြေမသန့်သော ၊ သင်္ချီုင်းကုန်း သုသာန် နေရာများမှ နွယ်ပင်များ ၊ အောက်လမ်းနည်းဖြင့် စီရင်ထားသော မြေနေရာများမှ နွယ်ပင်များသာ လက်ဝဲရစ် နွယ်တတ်ကြသည်ဟု ဖတ်ရှု့ရဖူးပါသည်။

သို့သော် ထိုစာအုပ်များမှ ဗဟုသုတ အနေနဲ့သာ ဖတ်ရှု့ခဲ့ရတာ ဖြစ်သောကြောင့် အပြင်မှာ ကျွန်တော် တစ်ခါမှ မမြင်ဖူးပါ။ ရှိလိမ့်မည် ဟုပင် မထင်မိကြောင်း ရိုးသားစွာ ဝန်ခံလိုပေသည်။ အခုလို မထင်မှတ်ဘဲ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရတော့ ကျွန်တော် ရုတ်တရက် အံ့သြသွားမိသည်။ ထို့အတူ မကြောက်တတ်သော ကျွန်တော့် ကိုယ်မှ ထူးဆန်းစွာ ကြက်သီးများ ထလာမိ၏။ မွှေးညှင်းပေါက်များမှ စူတတ်လာသော ကြက်သီးများကို ငုံ့ကြည့်ကာ ကျွန်တော် ထူးဆန်းသလို ခံစားရမိသည်။

အခု ကျွန်တော် လာကြည့်နေမိသော အချိန်က ညနေ ၃ နာရီခွဲ လက်ဖက်ရည်သောက်ချိန်သာ ဖြစ်၏။ မိုးချုပ်ချိန် မဟုတ်တော့ ကြောက်ရွံ့နေစရာ မလိုသလို ၊ ကျွန်တော်ကလည်း ကြောက်တတ်သူ မဟုတ်ပါ။ လေလည်း မတိုက် ၊ မိုးလည်းမရွာ ၊ ဘာဆို ဘာမှ ထူးခြားစွာ လှုပ်ရှား ပြောင်းလဲခြင်း မရှိဘဲ ထူးဆန်းစွာ ကျွန်တော့် ကိုယ်မှ ကြက်သီးများ ထလာခဲ့သည်။

ထပ်ပြောရရင် ကျွန်တော်သည် ကြောက်တတ်သူ တစ်ယောက် မဟုတ်ပါ။ သို့သော် . . .



ထူးထူးဆန်းဆန်း ဆိုရင် သူများ အပြောထက် ကိုယ်တိုင် နည်းနည်းလောက် လေ့လာလိုက်ရမှ ကျေနပ်တတ်သော ကျွန်တော့် အတွက် ထိုနေရာသည် စိတ်ဝင်စားစရာ အကောင်းဆုံး နေရာ တစ်ခု ဖြစ်လာပေသည်။ အလုပ် မဝင်ခင် ၊ ထမင်းစားချိန် ၊ လက်ဖက်ရည် သောက်ချိန် ၊ အလုပ်အားချိန် ဆိုရင် ကျွန်တော် တစ်ယောက်တည်း ထိုနေရာကို ရောက်သွားလေ့ ရှိ၏။ ဘယ်လို့လဲ ဆိုသော အမေးကို ဖြေရန် ကျွန်တော့်မှာ အဖြေ မရှိပါ။ စိတ်ဝင်စားမိ၍ စူးစမ်းလို စိတ်ကြောင့်သာ ရောက်သွားခြင်း ဟု ပြောနိုင်ပါလိမ့်မည်။

အလုပ်ရုံမှာလည်း လည်ပတ်နေသော်လည်း ပြောင်းရွှေ့ပြီး တစ်လကျော် နှစ်လ အတောအတွင်းမှာ အသားကျခြင်းတော့ မဖြစ်သေးပေ။ ပြောင်းရွှေ့လာသော ပစ္စည်းများ အသားမကျခြင်း ၊ တိုးချဲ့ထားသော ပစ္စည်းများရဲ့ အသားမကျခြင်းတို့ကြောင့် လည်ပတ်နေသော အလုပ်က သာမာန်ထက် ပို၍ ကြန့်ကြာ နေတတ်သည်။ အထူးသဖြင့် နေ့ဆိုင်းထက် ညဆိုင်းတွင် ပို၍ လည်ပတ်မှုနှုန်း နှေးကွေးနေ၏။ ပုံမှန် အသားမကျသေးသောကြောင့် အလုပ်ကို လေးလံစေသည်။

“ မင်း နှစ်ပတ်လောက် ညဆိုင်းကို ဝင်ကူပေးပါလား။ ပြီးရင် အဲဒီမှာ အလုပ် သွက်သွက် လည်ပတ်နိုင်အောင် လိုတာတွေ ငါ့ကို တင်ပြပေးကွာ ”

သူဌေးရဲ့ ဒီလို ပြောအပြီးမှာတော့ ကျွန်တော် နောက်အပတ်က စပြီး အလုပ် ညဆိုင်းကို ဝင်ခဲ့ရ၏။ နေ့ဆိုင်းထက် စာရင် ကျွန်တော် ညဆိုင်းကို ပိုနှစ်သက်ပါသည်။ နေ့ဆိုင်းရဲ့ မျက်လုံး ရာပေါင်းများစွာနဲ့ အလုပ်လုပ်ရခြင်းထက် စာရင် ညဆိုင်းမှာ ကျွန်တော့် အတွက် လွန်စွာမှ လွတ်လပ်သည်။ အလုပ်ရုံမှာ သူဌေး ညီအစ်ကို ၄ ယောက် ရှိရာမှ သုံးယောက်က ဒီမှာ ရုံးထိုင်ပြီး တစ်ယောက်သော အစ်ကိုကြီးသာ ကုန်ကြမ်း ထုတ်လုပ်ရေး အလုပ်ရုံမှာ ရုံးထိုင်၏။

ကိုယ့်ရဲ့ တာဝန် ကျေပွန်နေရင် ဘယ်သူ့မှ ကြောက်စရာ မလိုပေမဲ့ မကြာခဏ မီတင်တွေ ၊ ဆွေးနွေးချက် ၊ ညွှန်ကြားချက်တွေနဲ့ နေ့ဆိုင်း အလုပ်လုပ်ရခြင်းက စိတ်ဖိစီးမှု အတော်များလေ၏။ ညဆိုင်းမှာတော့ အခုလို ကြီးကြပ်ရုံ ဆိုရင် ညဥ့်ရဲ့ ငြိမ်းအေးမှုနဲ့ အတူ လွန်စွာမှ ချမ်းမြေ့လှသည်။ အလုပ်လျင်မြန် သွက်လက်အောင် ထားသိုသော ပစ္စည်းတွေကို အံဝင်ခွင်ကျအောင် နေရာချထားပုံ ၊ အလုပ်ကို မြန်ဆန်အောင် လူအင်အား တောင်းဆိုရုံ ၊ အထွက်နှုန်း တွက်ချက်ရုံ ၊ သူဌေးထံ လိုအပ်တာများ တင်ပြရုံမှ လွဲ၍ ကျွန်တော့်မှာ အလုပ်မရှိပါ။ အနည်းငယ်တော့ ဝင်ရောက် စစ်ဆေးရ၏။

မနက်ဘက် ထုပ်ပိုးသော ဌာနသို့ လိုအပ်ချက် ပြည့်မှီအောင် ထောက်ပံ့ပေးနိုင်ရင် ညဆိုင်းသမားတွေ အတွက် တာဝန်ကျေသည်ဟု ဆိုနိုင်ပေ၏။ ပုံမှန်လည်ပတ်ရန် လိုအပ်တာတွေ ပြောဆို ၊ မှတ်သား အပြီးမှာတော့ ကျွန်တော့်မှာ လုပ်စရာ မရှိ။



ညက ဖာသိဖာသာ အပျိုတစ်ယောက်လို ရှက်ရွံ့တွန်ဆုတ်စွာ မျက်လွှာချ တိတ်ဆိတ်နေ၏။ မှောင်မည်းနေသော ညဥ့်အရောင်ကို အံတုကာ ဝိုးတဝါး တတ်နိုင်သလောက် ထွန်းညှိနေသော မီးလုံးဝါဝါများသာ တွဲလဲခိုကာ အလုပ်ရုံ ပတ်လည်ကို ငြိမ်သက်ထွန်းညှိ ထားသည်။

အလုပ်ရုံ အရှေ့ဘက် ရုံးခန်းနေရာ တံခါးမှာ ပိတ်ထားပြီ ဖြစ်သောကြောင့် အချောထည် ထုတ်လုပ်ရေးဌာနမှ လူများ အပြင်ထွက်ရန် လုပ်ပေးထားသော စက်ရုံဘေးပေါက်မှ အပြင်ကို ကျွန်တော် ထွက်လာခဲ့၏။ ထူးထူးထွေထွေ ကိစ္စတော့ မရှိပါ ၊ အပျင်းပြေ လမ်းလျှောက်ဖို့နဲ့ ဆေးလိပ်ဖွာချင်လို့သာ ဖြစ်၏။ အလုပ်ရုံရဲ့ ထောင့်ချိုးကို လှမ်းကြည့်လိုက်တော့ ထိုမြေကွက်လပ်လေးက တိတ်ဆိတ်မှုကြောင့် ဝိုးတဝါး အေးစက် ငြိမ်သက်နေ၏။ ဆေးလိပ်ဖွာရင်း လက်မှ နာမည်ကို ပင့်ကြည့်လိုက်တော့ အချိန်က ထမင်းစားချိန်နားကို ညွှန်ပြနေသည်။ မကြာမှီ ထမင်းစားဖို့ ဘဲလ်သံ ထွက်လာပေတော့မည်။

နေ့ဘက်ဆိုရင် စည်ကားလှသော ကင်တင်းကလေးက ညဥ့်ဘက်မှာတော့ တိတ်ဆိတ်မှုက တစ်တစ်ခွခွ ခွစီးကာ နေရာယူထား၏။ ငြိမ်သက်ကာ မည်းမှောင်နေလေ့ ရှိသည်။ ကျွန်တော် တွေးနေစဉ်မှာပင် ထမင်းစားချိန် ဘဲလ်က မြည်လာပြီး အလုပ်လုပ်နေသူများ ကိုယ်စီ ထမင်းထုပ်လေးကို ဆွဲကာ ထွက်လာကြ၏။ မည်းမှောင် ခြောက်ကပ်နေသော ကင်တင်းကလေးကို မီးဖွင့်သူ ဖွင့် ၊ စားပွဲပေါ် ထပ်တင်ထားသော ထိုင်ခုံကို ဆွဲချသူ ဆွဲချနှင့် လှုပ်ရှား အသက်ဝင်လာ၏။ ကင်တင်းမှာ တပ်ထားသော ပန်ကာ ခပ်ကြီးကြီးတို့ကလည်း တဝူးဝူး အော်မြည်ကာ မောင်းနှင်၍ လေစုပ်ထုတ် ပေးတော့သည်။ အေးဆေး ငြိမ်သက်နေသော ပတ်ဝန်းကျင်က ချက်ချင်းပင် ဆူညံကာ ပွက်လောရိုက်သွားလေ၏။

သူတို့ အတွက် ထမင်းစားချိန် တစ်နာရီ အတောအတွင်းမှာ အလုပ်က အကြောင်း ၊ မိသားစု အကြောင်း ၊ ချစ်သူ အကြောင်း ၊ ဝေးရပ်မြေကို လွမ်းဆွတ်ခြင်း အကြောင်း ၊ ပိတ်ရက်မှာ ဘယ်ကို သွားမယ် ဆိုတဲ့ အကြောင်း ၊ အကြောင်းပေါင်း များစွာကို ရင်ဖွင့်ကာ လှစ်ဟဆွေးနွေး ကြသည်။ စိတ်ဖိစီးမှု များလှသော ၊ လူမှုရေးတွေနဲ့ ကျင်လည်နေကြရသော နိုင်ငံခြား အလုပ်သမားများ ဘဝမှာ ဒီလိုနဲ့ပဲ ကျင်လည်ကုန်လွန်ကာ လည်ပတ်ကြရသည် မဟုတ်ပါလား။

စားသောက် ပြောဆိုပြီးတော့ ထမင်းစားချိန် တစ်နာရီ စေ့ကာ အလုပ်ပြန်ဝင်ရန် ဘဲလ်သံကြားတော့ သူတို့ အားလုံး အလုပ်ခွင်သို့ ပြန်ဝင်သွားကြလေ၏။ ဒီအချိန်ထိ ကျွန်တော့်မှာ ထမင်း မစားရသေး။ သူတို့ ထမင်းစားချိန် အပြီး နာရီဝက်လောက်မှ ကျွန်တော် ထမင်းစားတာ အကျင့်လို ဖြစ်နေခဲ့ပြီ။ အလုပ်လုပ်သူတွေက လုပ်နေပြီး ကိုယ်က အလုပ်က ရုံးခန်းမှာ ထမင်းထုပ်ကို ဖွင့်စားနေရင် မကောင်းတတ်လို့ ကျွန်တော် ထမင်းကို ပစ္စည်းတွေ သိမ်းဆည်းကာ စတိုထဲမှ ရုံးခန်းလေးမှာ သွားစားလေ့ ရှိသည်။

ညဘက်ဆို လည်ပတ်မှုက ပစ္စည်း အထုတ် အတွက်သာ ရှိသော ထိုစတိုနေရာမှာ ပိတ်မှောင်၍ မည်းနေလေ့ ရှိသည်။ သွားဖူး ၊ လာဖူး ၊ ရောက်ဖူးနေကြ နေရာဆိုတော့လည်း စတိုထဲမှ မီးချောင်း သုံးချောင်းလောက် ဖွင့်ကာ အထစ်အငေါ့ မရှိ စတိုရုံးခန်းငယ်လေးထဲကို ရောက်သွားပါသည်။

ထိုရုံးခန်းလေးထဲမှာ အဲယားကွန်း တပ်မထားပါ။ စတိုထဲမှာလည်း အဲယားကွန်း မရှိပါ။ ထိုရုံးခန်းငယ်လေး အတွက် သုံးရန် ပန်ကာ ခပ်သေးသေး တစ်လုံးကိုတော့ စားပွဲထောင့်မှာ ပုံစံထိုင်လျက်သား တွေ့ရပေလိမ့်မည်။ ထိုရုံးခန်းလေးရဲ့ ညာဘက် ဘေးမှာ သံတိုင်တွေဖြင့် သေချာ တွဲကပ်ကာ ဖောက်လုပ်ထားပြီး တရုတ်ကပ် မှန်များ တပ်ထားသော ပြတင်းပေါက် တစ်ခု ရှိသည်။ ထိုပြတင်းပေါက်မှ ကြည့်လိုက်ရင် အပြင်မှ ကား အသွားအလာများကို မြင်ရလေ့ ရှိသည်။ ထိုရုံးခန်းလေးသည် အလုပ်ရုံရဲ့ ဘေးဘက်ရှိ ကားလမ်းမကို မျက်နှာမူထားလေ့ ရှိ၏။

အရည်သောက် မပါရင် ထမင်းစားရခက်သော ကျွန်တော့်အတွက် မဖြစ်မနေ စွပ်ပြုတ် တစ်ခွက်တော့ ပါတတ်ပါသည်။ ဒီရုံးခန်း သေးသေးလေးမှာ ထမင်းထိုင်စားတိုင်း ကျွန်တော် တရုတ်ကပ် ပြတင်းပေါက်လေးကို ဖွင့်ကာ အပြင်မှ သွားနေသော ကားများကို ကြည့်မိကာ ဘာရယ်မဟုတ်သော အတွေးများဖြင့် ထမင်းစားလေ့ ရှိသည်။ ကျွန်တော်တို့ အလုပ်ရုံ တည်နေရာမှာ လမ်းထောင့်ချိုး ဖြစ်နေသောကြောင့် ကားလမ်းကို မျက်နှာမူထားသလို ၊ ဘေးချင်းလည်း ကပ်ထား၏။ ပြတင်းပေါက်မှ ကြည့်လိုက်ရင် အောက်ခြေမှာ ရေမြောင်းတစ်ခုကို တွေ့ရလိမ့်မည်။

တစ်ခါတလေတော့ ထမင်းသာ စားနေတာ လက်တစ်ဖက်က စာအုပ်တစ်အုပ်ကို ကိုင်ကာ ကျွန်တော် စာဖတ်နေလေ့ ရှိပြန်ပါသည်။ ဒီလို အခါမျိုးဆိုရင် စာအုပ်ထဲကို စိတ်ဝင်စားမိကာ စားပြီးသား အရိုးအရင်းများကို ရှေ့မှ ထမင်းထုပ် ဖော့ဘူးထဲကို ပြန်မထည့်မိဘဲ မေ့လျော့ကာ ပြတင်းပေါက် အပြင်ကို ပစ်မိတတ်၏။ ဒါပေမဲ့ စိတ်ထဲမှာ ဘယ်လိုမှလည်း မရှိပါ။ သတိထားမိသော နေ့ရက်တွေမှာတော့ ရှေ့မှ ဖော့ဘူးထဲကိုသာ ထည့်ပါသည်။ ဘာစိတ်မှ မရှိတဲ့ အတွက် ဘာမှလည်း သတိမထားမိပါ။

ရက်အနည်းငယ် အကြာမှာတော့ ကျွန်တော် တရုတ်တွေ အစားများသော အရိုးမပါသောဟင်း ချက်စားပါသည်။ ထမင်းစားနေရင်း လက်တစ်ဖက်ကလည်း စာအုပ်ကို ကိုင်ကာ ဖတ်နေပါ၏။ အရိုး မပါသောကြောင့် အရိုးကို လွင့်ပစ်စရာ မလိုပါ။ ဖာသိဖာသာ စားနေရင်း ခဏကြာတော့ ကျွန်တော် ထိုင်နေသော ရုံးခန်း အပြင်မှ သံပြားကို တစ်စုံတစ်ခုနှင့် ခြစ်သံလိုလို ၊ သံဖြတ်ကတ်ကြေးဖြင့် ဖြတ်သံလိုလို ကြားရသည်။ စစကြားတုန်းကတော့ စာထဲမှာ စိတ်ဝင်စားနေသောကြောင့် အိမ်မြှောင်ကဲ့သို့သော အကောင် တစ်ကောင်ကောင်က ကာထားသော သံပြားကို သူတို့ ဘာသာဘာဝ အမြီးဖြင့် ရိုက်ပုတ်ခြင်း ဟုသာ ထင်ခဲ့၏။ သို့သော် ပို၍ ပို၍ ကျယ်လောင် လာခဲ့၏။

သတိမထားမိလို့ မရတော့လောက်အောင် ဖြစ်လာ၏။ ကလေးတစ်ယောက် နောက်ပြောင်ကာ အပြင်မှ သံပြားကို သံချောင်းတစ်ခုဖြင့် ခြစ်သွားသော အသံလောက်ကို ကျယ်လောင် လာသည်။ ဘယ်က ကလေး လာဆော့နေပါလိမ့် ဆိုသော စိတ်ဖြင့် စားလက်စ ထမင်းထုပ်ဖော့ဘူးကို ပြန်မဖုံးမိဘဲ မေ့ကာ ထွက်လာမိ၏။ ကျွန်တော် ဒီအတိုင်း အလုပ်ရုံ အပြင်ကို ထွက်ကာ ပစ္စည်းထားသော စင်ပေါ်ကို တတ်၍ အလုပ်ရုံဘေးကို ကြည့်လိုက်သော အခါ ဘာဆိုဘာမှ မရှိ ၊ ဘယ်သူ့ကိုမှ မတွေ့။ အိမ်မြှောင် ဒါမှမဟုတ် ဒီထက် ကြီးသော အကောင် တစ်ကောင်ကောင်ရဲ့ အမြီးပုတ်သံလို့ပဲ တွေးကာ အလုပ်ထဲကို ပြန်ဝင်ကာ စတို ရုံးခန်းလေးထဲသို့ ပြန်ဝင်လာတော့ ကျွန်တော် မေ့ကာ မဖုံးမိခဲ့သော အရိုးမပါသော အသားတုံးများ မတွေ့တော့ပေ။

ရုတ်တရက် ကျွန်တော် ကြောင်သွားသလို ဖြစ်ကာ ပြီးမှ ကျွန်တော့် သူငယ်ချင်းတွေကို သတိရမိ၏။ သူတို့ ဒီလိုပဲ အမြဲတမ်း နောက်နေကျ မဟုတ်လား။ တစ်ယောက်ပြီး တစ်ယောက် လိုက်မေးသော်လည်း မည်သူ့ဆီကမှ သတင်းမရ။ နောက်ပြောင်ကာ ရုပ်တည်ထားခြင်းမျိုး မဟုတ်ဘဲ ၊ သူတို့ တကယ်ကို မနောက်သော မျက်နှာ တည်တည်များသာ ဖြစ်၏။ ပြီးတော့ သူတို့ရဲ့ အကြောင်းပြချက်ကလည်း ခိုင်လုံသည်။ သူတို့ ခုနကပဲ ထမင်း စားထားကြတာပါ တဲ့။ ဘာမှ မပြောသာဘဲ စိတ်ထဲမှာ အီလည်လည်ဖြင့် အဲဒီနေ့က ထမင်းသာ ကျန်ခဲ့သော ထမင်းထုပ်ကို ဆက်မစားဖြစ်ခဲ့ပါ။



နောက်နေ့ မနက် မိုးလင်းတော့ . . . .

နေ့ဆိုင်းမှ အစ်ကို တစ်ယောက်လို ဖြစ်နေသော တစ်ယောက်ကို ညက အဖြစ်အပျက်ကို ပြောပြပြီး မေးကြည့်တော့မှ သူက ဖြစ်ကြောင်း ကုန်စင်ကို မေးကာ နောက်နောင် အဲဒီနေရာမှာ တစ်ယောက်တည်း ထမင်း မစားဖို့ ပြောလာလေတော့သည်။ သူ့ရဲ့ အဖြေကတော့ နေ့တိုင်း အပြင်ကို အရိုးတွေ အသားစတွေ မထင်မှတ်ဘဲ ပစ်မိနေတော့ သူတို့က သူတို့ကို အစာပစ်ကျွေးတယ် ထင်ကာ နေ့တိုင်း ကျွန်တော့် ထမင်းစားချိန်မှာ လာရောက်စောင့်ဆိုင်း စားသောက်နေတာ ဖြစ်နိုင်သည်ဟု ဆို၏။ မကျွေးဖြစ်သောနေ့ ၊ ကျွေးစရာ မပါသောနေ့မှာ သူတို့ကို သတိရအောင် လာရောက် အသံတွေ ပေးတာဟု ဆို၏။ နောက်နေ့တွေ အဲဒီမှာ သွားမစားနဲ့တော့ အန္တရာယ် ဖြစ်ရင် မကောင်းဘူး ဟု ဆိုပါသည်။

သို့သော် ကျွန်တော် ကိုယ်တွေ့ မျက်မြင်ပေမဲ့ ယုံကြည်လို့ မရသေးပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က ထိုအရာတွေကို မယုံကြည်သောကြောင့်ပင် ဖြစ်၏။

ဒါပေမဲ့ နောက်ထပ် သိပ်မကြာသော ရက်မှာ ကျွန်တော့်ကို သူဌေးက နေ့ဆိုင်းကို ပြန်ခေါ် လိုက်လေ၏။ “ အလုပ်က ဟိုဘက်က Lab တစ်ခုတည်းနဲ့ မနိုင်ဘူးကွ။ မင်း ဒီဘက်မှာပါ Lab အသစ်ဖွင့်ပြီး လုပ်ပေး ၊ QA ကို တခြားလူတွေကို လွှဲထား ၊ မင်း ခဏနား ထားလိုက်တော့ ” ဟု ဆိုကာ ကျွန်တော့်မှာ ချက်ချင်း Lab မင်းသား ဖြစ်ရတော့သည်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်က ရာဘာပစ္စည်း ဆိုတော့ အဓိက ရာဘာရည်တွေကို ဓါတ်ခွဲရသလို ၊ ထုတ်ကုန်တွေကိုလည်း ပြန်လည် စစ်ဆေးရသည်။

အလုပ်ရုံမှာ နေရာသစ် ဆိုတော့ လွတ်နေသော အခန်းကျန်တွေ ရှိနေသော်လည်း ရာဘာရည် စစ်ဆေးရန် သင့်တော်သော နေရာကတော့ ပစ္စည်း အဟောင်းတွေ သိမ်းသော စတိုထောင့်ချိုးမှ အခန်း တစ်ခုပင် ဖြစ်၏။ ထိုအခန်းကို ကျွန်တော် ဝင်ကြည့်လိုက်တော့ ဖုန်တွေ အတော်ကို တတ်နေ၏။ အခန်းမှ ပစ္စည်းဟောင်းတွေကလည်း ဟိုအရင် စက်ရုံမှ အကြွင်းအကျန်များလည်း ပါ၏။ လက်ရှိ စက်ရုံမှ ပြောင်းရွေ့လာရင်း အသုံးမလိုသည်များကိုလည်း ဒီနေရာမှာ ထည့်ထားခြင်း ဖြစ်သည်။ ဒီအခန်းကို တစ်လနေလို့တောင်မှ လိုချင်တာ မရှိရင် မဖွင့်ဖြစ်သော အခန်း ဖြစ်သည်။

လုပ်မယ် ဆိုတော့လည်း နီပေါ နှစ်ယောက်ကို ခေါ်ကာ နှစ်ရက်လုံးလုံး အခန်းထဲမှ ပစ္စည်းများကို တခြားသော အခန်းဟောင်း တစ်ခုသို့ ပြောင်းရသည်။ အခန်းအတော် သန့်သွားတော့ လှောင်ကာ ပူအိုက်လာသောကြောင့် အဲယားကွန်းကို ဖွင့်တော့ ဖွင့်မရ။ မဖွင့်တာ ကြာ၍ ထင်သည် ဂျမ်းဖြစ်နေ၏။ လည်ရင် ခဏသာ လည်ပြီး ဘရိတ်ကာ ခလုတ်မှာ ခဏခဏ ပြုတ်ကျကာ ပြန်ပိတ်သွားလေသည်။

အခန်း တစ်ခုလုံး သန့်ရှင်းရေး လုပ်ပြီးတော့ အဲယားကွန်းကို ပြင်ရန် အဲယားကွန်း ပြင်သောသူတွေကို ဖုန်းဆက် ခေါ်ရင်း စောင့်နေမိ၏။ တစ်နာရီခွဲလောက် အကြာမှာ အဲယားကွန်း ပြင်မဲ့လူ လာတော့ ခုနက စေ့ပြီး ပိတ်ထားသော တံခါးက ဖွင့်မရ။ အလိုလို ကြပ်သွား၏။ လက်ကိုင်ဖုကလည်း လှည့်လို့ ရနေပြီးတော့ကို အထဲမှာ တစ်ခုခုနဲ့ ခံနေသလို ၊ ဆို့ထားသလို လုံးဝကို တွန်းဖွင့် မရဘဲ ကြပ်နေ၏။

ဘယ်လိုမှလည်း တွန်းမရ ၊ ခုနကပဲ အလွယ်တကူ တွန်းဖွင့် ၊ ဆွဲဖွင့်နေသော တံခါးက ရုတ်တရက်ကို ကြပ်သွား၏။ လက်တစ်ဘက်တည်းနဲ့ တွန်းဖွင့်ရသော တံခါးမှာ အခုတော့ လူသုံးယောက် တွန်းတာတောင်မှ လုံးဝ မလှုပ်။ ဘယ်လိုမှ ဖွင့်မရ။ ဒီအခန်းထဲကိုလည်း ဒီတံခါးပေါက် တစ်ခုကပဲ ဝင်လို့ ရ၏။ သုံးယောက်နဲ့ တွန်းလည်း မရ။ လေးယောက် ၊ ငါးယောက်နဲ့ တွန်းသည်။ မရ။ တံခါးက ရုတ်တရက် ကြပ်သွားခြင်းကို နားမလည်သော်လည်း ကြာကြာ နားလည်အောင် တွေးနေဖို့ အချိန်မရ။ ခပ်မြန်မြန်ပဲ တံခါးဟောင်းကို ဘေးမှ သစ်တွေကို ထွင်းကာ ဖျက်ထုတ်လိုက်၏။ တံခါးဟောင်းနေရာမှာ တံခါးသစ်ကို လဲတပ်နေချိန်မှာ အဲယားကွန်း ပြင်သူများကလည်း အဲယားကွန်း အဟောင်းကို ဖုန်ရှင်း၍ သန့်ရှင်းရေး လုပ်ရန် မ၍ အောက်သို့ ချသည်။

လူ ၃ ယောက် ပါသော သူတို့ အဖွဲ့မှာ ထုံးစံ အတိုင်း ဝင်းဒိုး အဲယားကွန်း တစ်လုံးကို နှစ်ယောက် မ လျှင် လုံလောက်ပေပြီ။ အခုတော့ နှစ်ယောက် မ နေရင်း မနိုင်မနင်း ဖြစ်ကာ တပ်ထားသော နေရာမှ မရွေ့ ၊ ဒါလေးတောင်မှ အဖြစ်မရှိရလား ဆိုကာ သူတို့ရဲ့ ဆရာလုပ်သူပါ ဝင်မသည်။ မရ။ နောက်တော့ ကျွန်တော် အပါအဝင် ၅ ယောက် ချွေးပြန်ကာ အားစိုက်၍ လက်ဖျံတွေ နာအောင် မတော့မှ အဲယားကွန် တပ်ထားသော နေရာမှ အပြင်ကို ထွက်လာနိုင်သည်။ တွန်းလှည်းလေးပေါ် တင်ပြီးတော့ သန့်ရှင်းရေး လုပ်ရန် သူတို့ တွန်းထွက်သွားတော့ လက်ဆေးကန်မှ ရေဘုံဘိုင်ကို ဖွင့်ကာ ကျွန်တော် လက်ဆေးဖို့ ရေကို ဖွင့်လိုက်တော့ ရေက ကျမလာ။ အပြင်ကများ ပိတ်ထားလား မသိဘူး ဟု ချက်ချင်း စဉ်းစားမိသည်။

ကျွန်တော် အားကိုးရသော နီပေါလေးကို လှမ်းကာ အပြင်မှ ရေဘုံဘိုင်ပိုက် အဖွင့်အပိတ်ကို သွားဖွင့်ရန် ပြောလိုက်တော့ သူက သွက်လက်ပေါ့ပါးစွာ ထွက်သွား၏။ တကယ်တမ်း ပြောရရင် သူက ကျွန်တော့်ထက် အသက်ကြီးပါ၏။ ဒါပေမဲ့ လူကောင်က သေးသလောက် အလွန်လည်း သွက်လက်သူ ဖြစ်၏။ သူများပြောရင် ပေကပ်ကပ် နိုင်သလောက် ကျွန်တော် ပြောရင် သွက်လက်စွာ လုပ်ပေးသူ ဖြစ်သည်။ သူ့နာမည်က ကာလုမန်း ( Kaluman ) ဟု ခေါ်သည်။ သူတို့ စကားအရ “ ကာလု ” ဆိုတာ “ အရက် ” ကို ခေါ်တာ ဖြစ်၍ man ဆိုတာကတော့ “ လူ ” ဟုသာ အဓိပ္ပါယ် ကောက်ခဲ့မယ် ဆိုရင် သူ့နာမည်က “ အရက်လူ ” ပေါ့။ “ အရက်သမား ” ဟု ဆီလျော်စွာ ဘာသာပြန်ရမည် ထင်သည်။

ဟုတ်ပါတယ် ၊ သူက အရမ်းကို အရက်သောက်သူ တစ်ယောက်ပါ။ သူ့ဆီမှ အမြဲတမ်း အရက်နံ့က တထောင်းထောင်း ထွက်နေတတ်သည်။ အလုပ် လုပ်နေချိန်မှာ သူ အရက် မသောက်ပေမဲ့ အလုပ်နားချိန် ဆိုတဲ့ ထမင်းစားချိန် ၊ တီးတိုင်းချိန်တွေမှာ သူက ပုံစံမပျက် တစ်ခွက် ကစ်လေတော့ သူက ပုံမှန်ကကို မကျတော့ပါဘူး။ ဒါကြောင့် အနံ့တွေက ထွက်နေလို့ သူ့ကို ဘယ်သူ့မှ သေချာ မခိုင်းချင်ကြဘူး။ သူကလည်း လစ်ရင် လစ်သလို အလုပ်ကို ခိုတတ်ပါသည်။ သူကြောက်တာ တစ်ခုပဲ ရှိ၏။ အဲဒါကတော့ “ OT ” ဆိုသော အချိန်ပိုပဲ ဖြစ်သည်။ အချိန်ပို မရမှာ သူ သေမလောက် ကြောက်သည်။ သူ့ကို ဘယ်သူ အချိန်ပို ပေးမလဲ ဆိုတာကိုသာ ကြည့်နေတတ်သူ ဖြစ်သည်။

ညနေ ၅ နာရီထိုးခါ နီးဆိုရင် သူ့ကို ပြန်တော့လို့ တစ်ယောက်ယောက်က ပြောလိုက်ခြင်း ခံရမှာ သူ မျက်နှာငယ်လေးနဲ့ စိုးကြောက်နေသူ ဖြစ်သည်။ ဒီအချိန်မှာ သူ့ကို ဘာခိုင်းခိုင်း မငြင်းတမ်း လုပ်သည်။ ဒီအချိန်မှာ သူ့ကို အိုတီ ပေးနိုင်သော ကျွန်တော့် အထက်မှ မန်နေဂျာ Ms.Ng နှင့် ကျွန်တော့်နားကိုသာ ကပ်ပြီး အလုပ်မှ ပစ္စည်းထုတ်တွေ ရွေ့ရမလား ၊ ပေါင်ဒါကန်တွေ ရှင်းရမလား ၊ ရာဘာရည်တွေ စစ်ရမလား ဟု မေးကာ အမြဲ အသင့်ဖြစ်နေတတ်၏။

ရေပိုက် အဖွင့်အပိတ်ကို ဖွင့်ရန် ထွက်သွားပြီး ခဏ ဆိုသလိုပင် ချက်ချင်း သူပြန်ဝင်လာကာ “ ဖွင့်ပြီးပြီ ” ဟု ဆို၏။ ရေဘုံဘိုင်လေးကို ဖွင့်လိုက်တော့ ရေဘုံဘိုင်ခေါင်းလေးမှ ရေများ ကျလာသည်။ ကျွန်တော် လက်ဆေးနေလို့ မပြီးခင်မှာဘဲ ကျနေသော ရေက ရုတ်တရက် ရပ်သွားလေသည်။ ဘာဖြစ်တာမှန်း မသိတော့ ဘုံဘိုင်ခေါင်းကို ထပ်၍ လှည့်ပြီး ပိတ်လိုက် ဖွင့်လိုက် လုပ်သော်လည်း ရေက ကျမလာတော့။ ဘာဖြစ်တာလဲကွ ဟု ဆိုကာ အလုပ်ရုံ အပြင်ဘက်ကို ထွက်၍ ကြည့်လိုက်တော့ ခုနက “ ကာလုမန်း ” ဖွင့်ထားခဲ့သော ရေပိုက် အပိတ်အဖွင့်လေးက ပြန်၍ ပိတ်နေကာ “ Close ” ဆိုသော နေရာမှာ ရပ်နေ၏။

ဟာ . . . ဘယ်ကောင် ပြန်လာပိတ်သွားတာလဲ ဟု ကျွန်တော် စိတ်ထဲမှာ ခံပြင်းပြီး ပြန်ဖွင့်ကာ အခန်းထဲ ပြန်ဝင်ပြီး လက်ဆေးတော့ ရေးက ကောင်းစွာ လာချေပြီ။ Lab ( သို့ ) ဓါတ်ခန်းတစ်ခု အတွက် ဝယ်ထားတဲ့ ပစ္စည်း အသုံးအဆောင်တွေကို ကာလုမန်းတို့နဲ့ အတူတူ နေရာချနေရင်း တစ်နာရီကျော်လောက် ကြာတော့ အဲယားကွန်း သန့်ရှင်းရေး လုပ်သူတို့က လှည်းလေးကို တွန်းကာ ပြန်ဝင်လာ၏။ အားလုံး သန့်ရှင်းရေး လုပ်ပြီးပြီ ဟုဆို၏။ ခုနက ၅ ယောက် မနိုင်မနင်း ချရသော အဲယားကွန်းကြောင့် ဝိုင်းကူဖို့ ပြင်လိုက်သော်လည်း သူတို့ လုပ်နေကြ အတိုင်း နှစ်ယောက်တည်းနဲ့ အသာ မ ယူကာ ပြန်လည် တပ်ဆင်၍ ရသွားလေသည်။

ဝါယာကြိုးတွေ ၊ လိုအပ်သော တပ်ဆင်မှုတွေ လုပ်ပြီးတော့ အဲယားကွန်း ခလုတ်ကို နှိပ်သော အခါ ဘာမှ အလုပ် မလုပ်ချေ။ ဘာဖြစ်တာလဲ ဟု ဆိုကာ ဝါယာတွေကို ပြန်ဖြုတ်ပြီး အားလုံး စစ်ဆေး၏။ အားလုံး အကောင်း ၊ ပြန်တပ်ကာ ဖွင့်သော်လည်း မရ။ ဒါနဲ့ ခုနက နှစ်ယောက်တည်း တပ်ဆင်လိုက်သော အဲယားကွန်းကို ပြန်ဖြုတ်တော့ နှစ်ယောက်နဲ့ မနိုင်တော့ပြန်ဘူး။ စစချင်း ဖြုတ်သလို ၅ ယောက် ဝိုင်းကာ လက်ဖျံတွေ တန်းအောင် ပင့်မ ရပြန်၏။ အောက်ရောက်လာသော အဲယားကွန်းကို စစ်ဆေးတော့လည်း ဘာပြဿနာမှ မရှိ။ ဒါကြောင့် ဝါယာကြိုးကို အရှည်ဖြင့် တပ်ကာ စမ်းကြည့်တော့ အဲယားကွန်းက ဝူးခနဲ ချက်ချင်း ထနိုးသည်။

အိုကေ . . . ကောင်းသွားပြီ ဟု ဆိုကာ ပြန်၍ မတင်တော့ ခုနကလို နှစ်ယောက်တည်း မလို့ မကြွ။ ၅ ယောက် ဝိုင်းမတာတောင်မှ ချွေးပြန်အောင် မယူရသည်။ အဲယားကွန်း ပြင်သူကလည်း သူ့ တစ်သက်မှာ ဒီလောက် လေးသော အဲယားကွန်း မမြင်ဖူးဟု ဆိုသည်။ အံဝင်ခွင်ကျ ဖြစ်သွားသော အဲယားကွန်းကို မောင်းနှင်ဖို့ ဝါယာကြိုးတွေကို တပ်ကာ ခလုတ်နှိပ်၍ နှိုးလိုက်တော့ မနိုးပြန်။ ဘယ်နေရာမှာမှ ပြစ်ချက်ကိုလည်း ရှာမတွေ့။ ခေါင်းဆောင် တရုတ်ကြီးက အပေါ်မှာ တပ်ဆင်ထားသော အဲယားကွန်းကို ကြည့်ကာ “ မင်း သူဌေးကို ဖုန်းဆက်ချင်တယ် ” လို့ ဆိုလာ၏။

“ ဆက်လေ ” ဟု ဆိုကာ သူဌေး ဖုန်းနံပါတ်ကို ပေးလိုက်တော့ သူက သူတို့ တရုတ်လိုတွေ ကွိစိ ကွစိတွေ ပြောလေတော့သည်။ အတော်ကြာအောင် ပြောပြီးတော့ “ နောက်နေ့မှ ငါတို့ ပြန်လာမယ်ကွာ ” ဟု ဆိုကာ သူတို့ လုပ်ထားသော ပစ္စည်းတွေကို သိမ်းကာ ပြန်သွားလေတော့၏။ ကျွန်တော်လည်း လှောင်အိုက်နေသော အခန်းထဲမှာပဲ နေရာချစရာ ပစ္စည်းတွေကို နေရာချနေမိသည်။ ညနေစောင်းလာတော့ သူဌေး ရောက်လာပြီး ကျွန်တော့်ကို သူ့ရုံးခန်းသို့ လာရန် ခေါ်၏။ ကျွန်တော် ရုံးခန်းထဲ ရောက်တော့ သူက ဖြစ်ကြောင်း ကုန်စင် ပြောပြပါလေတော့သည်။

ဒီအလုပ်ရုံ နေရာဟာ အရင်က စစ်မြေပြင် ဖြစ်ခဲ့ကြောင်း ၊ ဗုံးကျဲခံရ၍ လူပေါင်းများစွာ သေကြေခဲ့သလို ၊ နောက်ပိုင်းမှာလည်း သေဆုံးသော လူတွေကို မြှုပ်နှံခဲ့သော နေရာ တစ်ခုလည်း ဖြစ်ခဲ့ဖူးကြောင်း ၊ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သောကြောင့် ဒီနေရာဟာ မြို့သစ်နေရာ ဖြစ်လာပြီး ကားလမ်းမဘေး ဖြစ်တာကြောင့် စည်ကားလာသော်လည်း ဒီနေရာမှာ ပထမဦးစွာ မြှုပ်နှံထားခဲ့သော မကျွတ်မလွတ်သူများ ရှိနေနိုင်ကြောင်း ပြောလေသည်။

သူဌေးမို့လို့ သူ့ရှေ့မှာ ကျွန်တော် မရယ်မိသော်လည်း သူပြောတာကို ကျွန်တော်က လက်တွေ့သမား ဆိုတော့ မယုံမိပါ။ ဘာဘာညာညာတွေကို ကျွန်တော် မယုံကြည်ပါ။ ငြိမ်၍သာ နားထောင်နေမိတယ် သဘောကတော့ လုံးဝ မကျ ၊ ကျွန်တော်က လက်တွေ့မှ ယုံတတ်သူ တစ်ယောက် မဟုတ်လား။ ဒီတော့ ဘယ်လို လုပ်မလဲ သူဌေး လို့ မေးလိုက်တော့ သူက သူတို့ တရုတ် အယူအဆ နဲ့ မနက်ဖြန် မနက်ကျရင် ကျွေးမွေးကာ အလှူအတန်း လုပ်ပေးပြီး အမျှ ပေးကာ လွတ်ရာ ကျွတ်ရာကို သွားခိုင်းမည် ဟု ပြောလေသည်။ အလှူလုပ်ပြီး အမျှ အတန်း ဝေတာကတော့ ကိုယ်တွေ ထေရဝါဒ ဗုဒ္ဓဘာသာမှာလည်း ရှိသောကြောင့် ကျွန်တော် ဘာမှ ဆက်မပြောဘဲ ငြိမ်နေလိုက်ပါ၏။



နောက်နေ့ မနက် အလုပ်ဝင်တော့ ပြဿနာများစွာက အလုပ်မှာ စောင့်ဆိုင်းနေကြ လေတော့သည်။ ညက အသစ်ပြင်ဆင်ထားသော ကျွန်တော့်ရဲ့ Lab အခန်းက တစ်ညလုံး ဒေါသတကြီး အော်ဟစ်သံများ ၊ ဆဲဆိုသံများ ၊ တစ်ခုခုကို ပေါက်ခွဲသံများ ကြားရသည် ဟု ဆိုကြ၏။ သူတို့လည်း တစ်ယောက်ယောက် လုပ်နေတာ ထင်၍ သွားကြည့်တော့ ဘယ်သူမှ မရှိ။ သို့သော် ထိုအသံကို အားလုံးကတော့ ကြားရသည် ဟု တညီတညွှတ်တည်း ဆိုကြလေသည်။ ကျွန်တော် မယုံသော်လည်း ဒီလောက် လူညီအောင် ပြောဖို့ မလွယ်မှန်း သိသောကြောင့် ငြိမ်သာ ငြိမ်နေလိုကိရသည်။

ခဏကြာတော့ အရင်က ၁၀ နာရီကျော်မှ အလုပ်ဝင်တတ်သော သူဌေးက အစောကြီး ရောက်ချ လာလေသည်။ သူ့လက်ထဲမှာလည်း ကျွတ်ကျွတ်အိတ် အကြီး နှစ်လုံးဖြင့် စားဖွယ် သောက်ဖွယ် ၊ အမွှေးတိုင် ၊ ဖယောင်းတိုင် နှင့် တခြားသော သူတို့ တရုတ်ဆိုင်ရာ ရွှေစက္ကူ ၊ ငွေစက္ကူများလည်း ပါလေသည်။ သူက တစ်ခါသုံး ဖော့ပန်းကန်လေးတွေမှာ သူကိုယ်တိုင် ထည့်ကာ Lab ရဲ့ အပြင်ဘက်မှ နေ၍ သူတို့လို ဆိုင်ရာ ပိုင်ရာတွေကို ပင့်ဖိတ်ကာ ကျွေးမွေး လေတော့သည်။ ပြီးတော့ ရွှေစက္ကူ ၊ ငွေစက္ကူများကိုလည်း ထုတ်ကာ မီးရှို့လေ၏။ ကျွန်တော့်ကိုလည်း “ မင်းလည်း လုပ်သင့်တယ် ” ဟု ဆိုကာ လုပ်ခိုင်း၏။

ဒီဘက်က လူက ဒီလို အလှူအတန်း လုပ်လို့ ဟိုဘက်က ဝိညာဉ်က ရသွားတယ် ဆိုသော အယူအဆကို ရာခိုင်နှုန်းပြည့် ကျွန်တော် လက်မခံနိုင်သော်လည်း ကျွန်တော် မငြင်းခဲ့ပါ။ ကျွေးမွေးကာ အမွှေးတိုင်တွေထွန်း ၊ ရွှေစက္ကူ ၊ ငွေစက္ကူများကို မီးရှို့ကာ ကောင်းရာ မွန်ရာ ရောက်ပါစေဟု ကျွန်တော် အမျှ ပေးဝေ ဖြစ်ခဲ့ပါသည်။ ဒီနောက်တော့ ထို ပန်းကန်တွေ ထိုအရာ အားလုံးကို ဒီအတိုင်းပဲ ထားကာ အလုပ်ကို ဝင်လာခဲ့သည်။ နေ့လည် ၂ နာရီကျော်တော့ အဲယားကွန်း ပြင်သော လူတွေ နောက်တစ်ခေါက် ရောက်လာကာ သူတို့ မနေ့က တပ်ထားသော အဲယားကွန်းကို ဘာမှ မပြင်ဆင်ခြင်း မရှိဘဲ။ ခလုတ်ကို နှိပ်လိုက်တော့ ဝူးခနဲ ထ၍ အဲယားကွန်းက စတင် လည်ပတ်လေတော့သည်။

အဲယားကွန်း ပြင်သော ခေါင်းဆောင် တရုတ်ကြီးက မျက်နှာကြီး ပြုံးကာ ခေါင်းညိတ်၍ ကြည့်နေလေ၏။ ဒီတော့မှ ကျွန်တော် သတိထားမိတာ မနေ့က သူ ဝင်လာတော့ သူ့မှာ အဲယားကွန်း ပြင်တဲ့ ကိရိယာတွေ အစုံအလင်နဲ့ ဆိုပေမဲ့ အခုတော့ ဘာဆို ဘာမှ ပါမလာခဲ့ပါ။ လက်ချည်း ဗလာ သက်သက် ဖြစ်သည်။ သူ ခလုတ်လေး နှိပ်လိုက်ယုံပါပဲ။ မနေ့က တပ်လိုက် ဖြုတ်လိုက် လုပ်ခဲ့ရသော အဲယားကွန်းမှာ အခုတော့ သူ့ဖာသာ အဆင်ပြေသွားလေပြီ။ အံ့သြလွန်း၍ အဲယားကွန်း ခလုတ်ကို ကျွန်တော် ကိုယ်တိုင် ပြန်ပိတ်ကာ ခဏကြာတော့ ခလုတ်ကို ပြန်ဖွင့်ကြည့်တော့ တစ်ချက်တည်း ဝူးခနဲ လည်ပတ်ခဲ့ပါသည်။

မျက်မြင် လက်တွေ့ကို ကျွန်တော့်ရှေ့မှာ ဖြစ်သွားပေမဲ့ အံ့သြမိသောကြောင့် မယုံနိုင်သလို ဖြစ်နေမိ၏။ ပိတ်လိုက် ဖွင့်လိုက် သုံးလေးကြိမ် လုပ်မိသော်လည်း ဘာဆို ဘာမှ မဖြစ်ခဲ့ပါ။ တစ်ချက်နှိပ် တစ်ချက် ဝူးခနဲ ဖြင့် လည်ပတ် နိုးထသွားပါ၏။ အံ့သြတကြီးဖြင့် အဲယားကွန်းကို ကြည့်နေမိသော ကျွန်တော့်ကို အဲယားကွန်း ပြင်သော ခေါင်းဆောင်က လာခေါ်ကာ ပြင်ဆင်ပြီး လက်မှတ်ထိုးရန် ပြေစာ စာရွက်ကို လာပေးလေ၏။ ကျွန်တော်တို့ အလုပ်ရုံရဲ့ ထုံးစံက ပြင်ရသော ဌာနရဲ့ တာဝန်ရှိသူက ဟုတ်မှန်ကြောင်း လက်မှတ် ထိုးပြီးမှ သူဌေးက လက်မှတ်ထိုးရတာ ဖြစ်၏။

သူ ပေးသော ပြေစာ စာရွက်မှာ လက်မှတ်ထိုးပြီး သူ့ကို ကျွန်တော် “ ဘာလို့လဲ ၊ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ” လို့ မေးမိပါသည်။ ဒီတော့ သူက ကျွန်တော့်လက်ထဲမှ ပြေစာ စာရွက်ကို လှမ်းယူကာ ကျွန်တော့် ပုခုံးကိုလည်း လှမ်းဖက်ပြီး အပြင်ကို ခေါ်ထုတ်ပါသည်။ ပြီးတော့ နောက်ထပ် လက်မှတ်ထိုးရန် သူဌေး ရုံးခန်းကို သွားရာ လမ်းတစ်လျှောက်မှာတော့ ရှင်းပြပါ၏။

ဒီနေရာက အရင်က စစ်မြေပြင် ဖြစ်ဖူးလို့ လူပေါင်းများစွာ သေဖူးကြောင်း ၊ နောက်တော့ စစ်အတွင်းမှာ သေတဲ့ လူတွေကိုလည်း ဒီနေရာမှာ မြှုပ်ခဲ့တယ် ဆိုတဲ့ အစဉ်အလာ ရှိခဲ့ကြောင်း ၊ နောက်တော့မှ မြို့သစ်တည်တော့ ဒီနေရာမှာ မြေကွက်တွေ ပေါ်လာကြောင်း ၊ ဒီလို နေရာတွေမှာ အလုပ်လုပ်ရင် သူတို့ကို ပူဇော်ရင် အလုပ်ဖြစ်သလောက် သူတို့ကို မပူဇော်ရင် သူတို့ရဲ့ အနှောက်အယှက်ကို ခံရတတ်ကြောင်း ၊ အရင်က ဒီနေရာမှာ စက်ရုံတည်သွားတဲ့ ရေသန့် ပစ္စည်းစက်ရုံ ဆိုရင် တစ်ပတ်တစ်ခါကို သူတို့ကို ပူဇော် ကျွေးမွေးလေ့ရှိကြောင်း ပြောလာ၏။

နောက်တော့ သူတို့ လုပ်ငန်း အရမ်းတိုးတတ်ပြီး ပြောင်းရွှေ့သွားတော့မှ မင်းတို့ အလုပ်ရုံ ပြောင်းရွှေ့လာကြောင်း ၊ အခု အခန်းကလည်း ဟိုအရင် အလုပ်ရုံကတည်းက ပစ္စည်း အဟောင်းတွေ ထားတဲ့ အခန်း ဆိုတော့ သူတို့မှာ နေ့ရော ညပါ အေးဆေး နေလို့ ရကြောင်း ၊ အခုတော့ မင်းတို့က သူတို့ နေတဲ့ နေရာမှာ အလုပ်လုပ်ဖို့ ပြင်ဆင် လိုက်တော့ သူတို့မှာ ရုတ်တရက် နေစရာ မရှိသလို ဖြစ်သွားပြီး အနည်းငယ် မကျေနပ်ကြောင်း ပြရင်း နှောက်ယှက်တာသာ ဖြစ်ကြောင်း အခုလို သူတို့ကို ကျွေးမွေးပြီး နေရာ ပြောင်းခိုင်းလိုက်တဲ့ အတွက် နောက်ဆိုရင် အေးဆေး သွားပြီ ဖြစ်ကြောင်း ပြောလေတော့သည်။

သူ ပြောသမျှကို ကျွန်တော် ရှင်းလင်းပါသည်။ ပြီးတော့ ခုနကလို လက်တွေ့လည်း ကြုံခဲ့ရပါသည်။ သို့သော် ကျွန်တော် ယုံကြည်လို့ မရသေးပါ။ ကျွန်တော့် စိတ်ထဲမှာ လိပ်ခဲတည်းတည်းသာ ရှိနေဆဲ ဖြစ်ပါသည်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ Lab အခန်းလေးကိုတော့ စတင်၍ လည်ပတ်ကာ အလုပ်စလုပ် ခဲ့ပါတော့သည်။



အခုဆိုရင် ကျွန်တော် ဒီ Lab အခန်းလေးမှာ အလုပ်လုပ် နေခဲ့တာ ၃ နှစ်ကျော်လို့ ၄ နှစ်နား ရောက်ခဲ့ပါပြီ။ အရင်က သူတို့နှင့် ပတ်သတ်ပြီးတော့ ကိုယ်တိုင် မမြင် မတွေ့ မကြုံခဲ့ရဖူးသောကြောင့် ကျွန်တော် ရယ်မောခဲ့ဖူးပါသည်။ သို့သော် မရှိဘူး ဟုလည်း ကျွန်တော် မငြင်းခဲ့ပါ။ ရှိတော့ ရှိတယ် ဒါပေမဲ့ ကိုယ်တွေ့မှ ယုံနိုင်မယ် ဟုသာ ကျွန်တော် ပြောခဲ့ဖူးသူ တစ်ယောက်သာ ဖြစ်ပါလိမ့်မည်။

ဒီနှစ် အပိုင်းအခြားမှာ ကျွန်တော် Lab ခန်းလေးသည် အမြဲတမ်း သပ်ရပ်နေသော အခန်းလေး တစ်ခု အဖြစ် အလုပ်ရုံ တစ်ခုလုံးက ချီးမွမ်း ပြောဆိုခဲ့ကြပါသည်။ ကျွန်တော့်ရဲ့ Lab ခန်းမှာ အထက်က မန်နေဂျာ Ms. Ng နှင့် ကျွန်တော် ၊ ပြီးတော့ ကျွန်တော့်ကို အရာရာ ကူလုပ်ပေးသော “ ကာလုမန်း ” ဆိုသော လူ သုံးယောက်ဖြင့်သာ လည်ပတ်ပါသည်။ အလုပ်များသော အခါမှာတော့ တခြားသော ဌာနမှ လူ နှစ်ဦး ၊ သုံးဦးကို ခေါ်ကာ ကျွန်တော် လုပ်ခဲ့သော်လည်း သာမာန် အားဖြင့်တော့ သုံးယောက်တည်းသာ လည်ပတ်ပါသည်။

တနင်္လာနေ့မှာ စနေနေ့ နေ့ဝက် အထိ ကျွန်တော်တို့ အလုပ်ရုံမှာ သူဌေးပြီးရင် Ms. Ng က အကြီးဆုံးပေမဲ့ စနေ့နေ့ နေ့ဝက်မှ တနင်္ဂနွေနေ့ တစ်လုံးမှာတော့ ကျွန်တော်တို့ စက်ရုံမှာ အချိန်ပို ဆင်းသော လူအားလုံးကို ကျွန်တော်သာ ထိန်းကျောင်းရလေ့ ရှိပါသည်။ လူကလည်း များများစားစား မရှိပါ။ ဘာလို့လဲ ဆိုတော့ နိုင်ငံသားတွေက အလုပ်နားသောကြောင့် တနင်္ဂနွေ ဆိုရင် နိုင်ငံခြားသားများ နှင့်သာ လည်ပတ်ရပါသည်။ သူဌေးကလည်း မလာပါ။ မန်နေဂျာ Ms.Ng ကလည်း မလာပါ။

ဒီအချိန်ဆိုရင်တော့ တနင်္ဂနွေဟာ လေးပင် ပျင်းရှ ခြောက်သွေ့စွာဖြင့် ကုန်လွန်လေ့ ရှိပါသည်။ သို့သော် ဒီလို တိတ်ဆိတ်သော နေ့ရက်များ ဆိုရင် ပို၍ ပို၍ သိလာသလို ခံစားမိသည်။ တစ်ပတ်စာ စာရင်းတွေ အချော မထည့်ထားလေ့ မရှိသော ကျွန်တော်က ဒီလို တနင်္ဂနွေနေ့မှ စုပြုံကာ စားပွဲမှာ ထိုင်ပြီး စာရင်းသွင်းလေ့ ရှိပါသည်။ Paper Work ကို ကျွန်တော် အလွန်ပျင်း၏။ ဒါကြောင့် တခြားနေ့တွေမှာ Production ထဲမှာသာ ပျော်ရွှင်စွာ ပြေးလွှားနေတတ်သော ကျွန်တော် ၊ တနင်္ဂနွေနေ့မှာတော့ Lab အခန်းထဲမှ စားပွဲမှာ ထိုင်ကာ စာရင်းတွေ သွင်းနေရသည်။

အပြင်မှာ လည်ပတ်နေသော စက်သံတွေနဲ့ လူသံတွေကို Lab အခန်းထဲကနေ ကျွန်တော် ခပ်သဲ့သဲ့ ကြားနေရသည်။ စိတ်ဝင်တစား စာရင်းတွေ လုပ်နေရင်း တစ်ခါတလေ ကျွန်တော်ရဲ့ ဆံပင်မွှေးတွေ ရုတ်တရက် ထောင်သွားဖူး၏။ တကိုယ်လုံးမှ မွှေးညှင်းတွေ ထလာဖူး၏။ ကိုယ်က အလုပ်ထဲမှာ စိတ်ဝင်စားနေသော်လည်း . . . လူ ဆိုသော ခန္ဓာကိုယ်မှ သူ့ဖာသာ တုန့်ပြန်မှု ဟုသာ ကျွန်တော် ထင်မိသည်။ တစ်ခါတလေ စာရင်းလုပ်နေသော ကျွန်တော့်နောက်ကနေ တစ်စုံတစ်ဦးက အုပ်မိုးကာ ကြည့်နေသည် ဟု ထင်ကာ နောက်လှည့်ကြည့်သော်လည်း ဘာမှ မရှိပါ။ ဘယ်သူ့မှကိုလည်း မတွေ့ပါ။

ဒီလို ခံစားမှုမျိုးကို လူတိုင်း အလိုလို ခံစားဖူးကြပါလိမ့်မည်။ ကိုယ့်ရဲ့ အနောက်က တစ်ယောက်ယောက်က ရောက်နေပြီ ဆိုရင် ငါ့နောက်မှာ တစ်ယောက်ယောက် ရောက်နေပါလား ဆိုသော ခံစားမှု မျှသာ ဖြစ်ပါလိမ့်မည်။ သို့သော် ကျွန်တော့် လှည့်အကြည့်မှာ ဘယ်သူမှ ရှိမနေခဲ့ပါ။ တစ်ခါတလေတော့ စာရင်းတွေ ထည့်ရင်း စိတ်ဝင်စားနေမိသော ကျွန်တော့် နားထဲသို့ လက်ဆေး ဘင်စင် ရေဘုံဘိုင်ခေါင်းမှ ရေကျသံတွေကို ကြားရလေ၏။ ကျွန်တော် ထကြည့်မိတော့ အမှန်တကယ်ကို ရေဘုံဘိုင်ခေါင်းမှ ရေများ ကျနေတတ်သည်။

ဒီအခါမှာ ကျွန်တော် ရေဘုံဘိုင်ခေါင်းကို ပိတ်ကာ ပြန်လှည်ထွက်လာပြီး စားပွဲခုံမှာ ထိုင်ကာ စာရင်းတွေ စိတ်ဝင်တစား သွင်းနေသော ကျွန်တော် ခဏနေတော့ ဘင်စင်မှ ရေကျသံ ထပ်ကြားမိ ပြန်ပါတော့သည်။ ထပ်သွားကြည့်ရင်လည်း ထပ်ပွင့်နေသော ရေဘုံဘိုင်ကို တွေ့ရပြန်ပါသည်။ ဒီအချိန်မှာ ကျွန်တော့်မှာ ကြက်သီးလည်း မထမိပါ ၊ ဆံပင်လည်း မထောင်မိပါ။

ကျွန်တော်က အရင် ရပ်ကွက်မှာကတည်းက ည တစ်နာရီ ၊ နှစ်နာရီမှ တစ်ယောက်တည်း ပြန်နေကြ ဖြစ်၍ ကြောက်တတ်သူ မဟုတ်ပါ။ ရပ်ကွက်ထဲမှာ လူသေ၍ မသာဖဲဝိုင်း ဖြစ်ရင်လည်း ကိုယ်သာ ဖဲ မရိုက်တာ ( ကျွန်တော်က ဖဲကို ကောင်းကောင်း မရိုက်တတ်ပါ။ 21 လောက်သာ ရိုက်တတ်သူ ဖြစ်ပါတယ်။ ) သူငယ်ချင်းတွေကို ကြိုက်တဲ့အချိန်ထိ ဖဲဝိုင်း အဖော် လိုက်ပေးတတ်သူ ဖြစ်ပါ၏။ ဒါကြောင့် ဒီလောက်ကိုတော့ ကျွန်တော် မကြောက်မိပါ။

သို့သော် ထိုင်ပြီး စာရင်း လုပ်နေတဲ့ အချိန် ကိုယ့် နောက်ကနေ တစ်ယောက်ယောက်က အုပ်မိုးပြီး လာရပ်ကြည့်နေသလို ခံစားမှု ဖြစ်သောအခါ ခန္ဓာကိုယ်မှ အလိုလို ကြက်သီးတွေ ထလာတတ် ၊ ဆံပင်မွှေးတွေ တစ်ယောက်ယောက်က ဆွဲလိုက်သလို ထောင်လာတတ်ခြင်းကိုတော့ ကျွန်တော် အခုထိ နားမလည်ခဲ့ပါ။ ဒါပေမဲ့ ဒီအချိန်မှာ ဆတ်ခနဲ နောက်ကို လှည့်ကြည့်လိုက်သော်လည်း ဘာဆို ဘာမှကို မတွေ့ပါ။ ထိုအရာကတော့ လွန်စွာမှ ထူးဆန်း လှပါသည်။ ယုံကြည်ဖို့လည်း ခက်ခဲလှ၏။

တစ်ခါတလေတော့လည်း ရယ်ရပါသေးသည်။ တနင်္ဂနွေနေ့ ဆိုရင် ဘယ်သူ့ဘယ်သူမှ မရှိသောကြောင့် ဒီလိုတွေ ဖြစ်လာရင် သူကလည်း ကျွန်တော့်ကို နောက်သည်ဟု ကျွန်တော် ထင်လာပါ၏။ ဒါကြောင့် “ ကဲ . . . ပျင်းတယ်ကွာ။ ငါနဲ့ အတူတူ လာထိုင်ပြီး စကားပြောပါလား။ ငါ ထမင်းစားသွားပြီး ပြန်လာရင် မင်း အတွက် အသားလုံး ဝယ်ခဲ့မယ်။ ” ဟု ကျွန်တော့် စားပွဲခုံ ရှေ့မှ ကုလားထိုင်ကို လက်နဲ့ ညွှန်ပြရင်း ကျွန်တော်က ပြောတတ်ပါသည်။ ထမင်းစား ပြန်လာပြီးရင်တော့ ကျွန်တော် တကယ်ကို ဝယ်လာကာ သူ့ကို Lab ခန်းရဲ့ အပြင် ဟိုတစ်ခါ သူဌေး ကျွေးသော နေရာမှာ ဖော့ဘူးလေးနဲ့ ချကာ ကျွေးတတ်ပါသည်။

တစ်ခါတလေတော့လည်း ထမင်းစားရင်း သူငယ်ချင်း တစ်ယောက်ယောက်နဲ့ တွေ့ကာ စကားပြောရင်း အသားလုံး ဝယ်ဖို့ မေ့လာရင်တော့ ကျွန်တော့်ကို သတိပေးသလိုနှင့် ကျွန်တော့်ရဲ့ Lab ခန်းထဲမှာ ဖန်ထည် ပစ္စည်းတွေကို တစ်ခုခုနဲ့ အသံထွက်ယုံမျှသာ ရိုက်လိုက်သလို ရိုက်ကာ ဟိုနေရာက အသံထွက် ဒီနေရာမှာ အသံထွက်ကာ သတိပေးတတ်သည်။ ပထမတော့ မေ့လက်စနဲ့ ကျွန်တော် မေ့နေပါသေးသည်။ နောက်တော့ အကြိမ်ရေ များလာတော့မှ ကျွန်တော် သတိရကာ လက်ဖက်ရည် သောက်သော အချိန်မှာ ထွက်ကာ သွားဝယ်ကာ ကျွေးရ ပြန်ပါသည်။

ဒီလို အချိန်ဆိုရင် ထူးခြားတာ တစ်ခုကတော့ ကျွန်တော့် Lab အခန်း တစ်ခုလုံး ဘာအမျိုးအစားမှန်း မသိသော အနံ့ တစ်ခုက မွှေးကြိုင်လွန်းနေတာပါပဲ။ ဒါပေမဲ့ နောက်နေ့ ကျရင်တော့ ဘယ်နားကမှ ထိုအနံ့က မရပြန်တော့ပါ။ ဒါကလည်း ကျွန်တော် နားမလည်သော အခြေအနေ တစ်ရပ်ပင် ဖြစ်၏။



နောက်ပိုင်းတော့လည်း ကြာလာတော့ ဘာမှ မဟုတ်တော့သလို ရိုးအီ သွားပါတော့သည်။ ဒီလို Lab ကို ပြောင်းပြီး ၆ လလောက် ကြာတော့ အလုပ်ကလည်း ပုံမှန် လည်ပတ်နိုင်တော့မှ ကျွန်တော် အလုပ်ရုံ အပြင်ဘက်က မြေကွက်လပ်လေးကို သတိရမိတော့သည်။ အချိန်ပိုတွေ များကာ ၊ အလုပ်ဌာန အပြောင်းအရွေ့ကြောင့် ဒီနေရာလေးကို ကျွန်တော် အရင်လို စူးစူးစမ်းစမ်း မလုပ်ဖြစ်ခဲ့တာ ကြာပြီ။ ထိုမြေကွက်လပ်လေးကတော့ ခြုံများ ၊ နွယ်များဖြင့် ရှင်သန်ကြီးထွားလျက်ပါပဲ။

ဘာမှ အမိုးအကာ မရှိသော အလုပ်ရုံ ဝန်းကြီးထဲမှာ ဒီနေရာလေးကို ခြုံနွယ်တွေနဲ့ ပိတ်လှောင်နေတာထင် စာရင် အလှပန်းပင်များနှင့် ဆိုရင် ပိုပြီးတော့ သင့်တော်မလား ဆိုကာ ကျွန်တော် အတွေးရမိ၏။ သူဌေးကို ပြောတော့ သူဌေးက “ လုပ်လေ ” လို့ ဆိုကာ ခွင့်ပြုပေမဲ့ ၊ အရင်လို ပြီးပြီးရော လုပ်ခွင့် မပြုတော့ပါဘူး။ သူတို့ကိုယ်တိုင် အရင်လို အမွှေးတိုင် ၊ ဖယောင်းတိုင် ၊ ရွှေငွေ စက္ကူတွေနဲ့ စားစရာများကို ယူလာပြီး ထိုနေရာမှ ဘာညာတွေကို ကျွေးမွေးကာ ထိုမြေကွက်လေးကို ရှင်းလင်းဖို့ ခွင့်တောင်းသည် ဟု ဆိုသည်။

ဒီနေရာမှာ ကျွန်တော့် သူဌေး အငယ်ဆုံးကို ကျွန်တော် အံ့သြမိတာ တကယ်ပါပဲ။ သူက ညီအစ်ကိုတွေ ထဲမှာ အတော်ကို ပြောရခက်ပြီး ခပ်ရွတ်ရွတ် တစ်ယောက် ဖြစ်ပါသည်။ ပြီးတော့ သူက ခရစ်ယာန် တစ်ယောက် ဖြစ်သည်။ စကားပြောရတာ လက်ပေါက်ကပ်သူ ဟု အလုပ်ထဲမှာ ကျော်ကြားသူ ဖြစ်၏။ ဒါပေမဲ့ လက်ပေါက်ကပ်သူ အချင်းချင်းမို့ လက်ပေါက်ချောင်သွားလား မပြောတတ်ပါ။ သူနဲ့ ကျွန်တော် အလွန်ကို အဆင်ပြေပါသည်။ အခုလို ဘာညာတွေကို သူယုံကြည်စွာ ဒီလို လုပ်လိမ့်မယ် လို့လည်း ကျွန်တော် မထင်မိပါ။

အခုလို ယုံယုံကြည်ကြည် လုပ်နေတာ တွေ့တော့ ကျွန်တော့် သူ့ကို မေးမိ၏။ ဒီတော့ သူက ကျွန်တော့်ကို သူ့အယူအဆကို ပြန်ပြောပြပါသည်။ “ သူတို့ကို ယုံတာ မယုံတာ ၊ ရှိတာ မရှိတထက် သူတို့ကို ကျွေးမွေးပြီး အလှူအတန်း လုပ်လိုက်တဲ့ သဘောပဲပေါ့ကွာ။ အဓိကက ကိုယ်လုပ်နေတဲ့ အလုပ်မှာ အနှောက်အယှက် ကင်းဖို့ပဲ မဟုတ်လား။ မယုံဘူး ဆိုပြီး ဒါကို ပေခံနေလို့ ကိုယ့်အလုပ် ကြန့်ကြာနေရင် ဘယ်ကောင်းမလဲ။ ” လို့ ဆိုပါသည်။

အဲဒီလို ကျွေးမွေးလှူတန်းပြီးတော့ ၃ ရက်ကြာမှ ထိုနေရာမှ ခြုံနွယ်တွေကို နီပေါ နှစ်ယောက်ကို မြက်ပင်ဖြတ်တဲ့ စက်နဲ့ ရှင်းလိုက်လေတော့သည်။ ခြုံတွေကလွဲပြီး ဘာဆို ဘာမှ မရှိတဲ့ မြေကွက်လပ်ဟာ အခုလို ခြုံတွေ မရှိတော့ဘဲ ပြောင်ရှင်းရှင်းကြီး ဖြစ်နေတော့လည်း ကြည့်ရတာ အကျည်းတန်သလို ဖြစ်ရပြန်ပါသည်။ ဒါကြောင့် အိမ်ခြံတွေမှာ စိုက်တဲ့ အလှပင်တွေ ဝယ်စိုက်တာမှ လုံးဝ စိုက်၍မရပါ။ စိုက်ပျိုးရေးနဲ့ ပတ်သတ်ပြီး ကျွန်တော်က မကျွမ်းကျင်ပေမဲ့ ကျွန်တော်နဲ့ အလုပ်တွဲလုပ်ရသော ဘင်္ဂလားက သူတို့ဆီမှာလည်း စိုက်ပျိုးရေး ( ယာစိုက်သည် ) လုပ်လာတာ ဆိုတော့ အလွန်ကို ကျွမ်းကျင်သူ ဖြစ်ပါ၏။

ဒါပေမဲ့ သူရော ကျွန်တော်ရော ထိုမြေကွက်ပေါ်မှာ ဘယ်လိုမှ စိုက်၍ မရပါ။ ဒီနေ့ အလှပင်လေးတွေကို ပျိုးဆိုင်က ဝယ်ပြီးတော့ ညနေစောင်းမှ သေချာ မြေချစိုက်လည်း မနက်ဖြန် မနက် ဆိုရင် ညှိုးကာ သေနေလေပြီ။ သို့သော် ဝယ်လာသော ပျိုးပင်များ အားလုံးကို ချစိုက်လိုက်ခြင်း မဟုတ်ပါ။ တချို့သော ပျိုးပင်များ ကျန်နေသေး၏။ တကယ်ဆို အတူတူ ဝယ်လာသော တခြား အပင်ပေါက်တွေက ဒီအတိုင်းပင် ပျိုးပင် အတိုင်း ရှိနေသေးပါသည်။ အဲဒီမြေပေါ် ချလိုက်သော အပင်ပေါက်များကသာ ညှိုးနွမ်း၍ သေဆုံး သွားကြခြင်း ဖြစ်သည်။ လက်တွေ့ စိုက်ပျိုးစားခဲ့သော ဘင်္ဂလားက သူလည်း နားမလည်ဘူး ဟု ဆို၏။ ကျွန်တော်လည်း နားမလည်ပါ။

ဒီလိုနဲ့ တစ်လလောက် မြေကွက်လပ် အတိုင်း ဖြစ်နေတဲ့ ထိုမြေကွက်ဟာ ဘာပင် စိုက်စိုက် နောက်နေ့ မနက် ဆိုရင် ညှိုးနွမ်းကာ သေနေတာ တွေ့ရပါ၏။ ဒါပေမဲ့ တစ်နေ့တော့ ဘင်္ဂလားက သူ့အိမ်မှ အခါကျော်လွန်သွားသော ငရုတ်သီးတောင့်မှည့်များကို ယူလာကာ နေပူလှန်းပြီး ထိုမြေကွက်တွက် ပစ်ကျဲထားလိုက်ရာ အံ့သြစရာ ကောင်းလှစွာ ငရုတ်ပင်ငယ်လေးများ ပေါက်လာတော့သည်။ ဘာပဲပြောပြော ဘာပင်မှ စိုက်မရဘဲ မြေဂတုံးကြီး ဖြစ်ကာ ပြောင်ရှင်းရှင်း ထိုမြေကွက်လပ်လေးတွင် အခုတော့ ငရုတ်ပင်များ ပေါက်လာလေပြီ။

ထိုငရုတ်ပင်များကို မြေကြီးထဲမှာ အမြစ်ပါ ပါအောင် ဝှိက်တူးပြီး တစ်နေရာတည်းမှာ ကန့်ကာ သေချာ စိုက်ပျိုးထားလိုက်ပါ၏။ ဒီအချိန်က စပြီးတော့ ထိုမြေကွက်လပ်မှာ စိုက်သော အပင်များ မသေတော့ပါ။ စိုက်လို့ ရပြီ ဆိုတော့ ဘင်္ဂလားက ဈေးမှ ကန်စွန်းရွက်ပင်များ တခြားသော စားပင်မျိုးများကို ယူလာကာ စိုက်ပါတော့သည်။ သူ့ရဲ့ လက်ကလည်း တကယ်ကို စိုက်ပျိုးရေးလက် လို့ ဆိုရမည် ထင်သည်။ စိုက်သမျှ ဖြစ်မြောက်ပါသည်။ ငရုတ်ပင်များကလည်း အားလုံးပေါင်း ဆယ့်တစ်ပင်ရှိ၍ ကြီးထွားကာ ငရုတ်သီးများ သီးလာ၏။ စိုက်ထားသော တခြား စားပင်များလည်း ကြီးလာ၏။ ဒါပေမဲ့ အလှပန်းပင်တော့ ဘယ်လိုမှ စိုက်၍ မရပါ။

စားပင် သောက်ပင်များသာ ကြီးထွား ဖြစ်ထွန်းလာသောကြောင့် ဒီနေရာလေးကို သူဌေးကိုယ်တိုင် တောင်မှ လာလာကြည့်ပြီး ပြုံးနေလေ့ ရှိသည်။ နောက်တော့ ငရုတ်သီး အတောင့် ၂၀ လောက်နဲ့ ကန်စွန်းရွက် ကျွတ်ကျွတ်အိတ် တစ်လုံး ခူးကာ “ ဒီနေရာက စိုက်တာက သဘာဝ အတိုင်းပဲကွ ၊ ဓါတ်မြေသြဇာတွေ မပါဘူး။ ဈေးက ဝယ်တာက ဓါတ်မြေသြဇာတွေနဲ့ မကောင်းဘူး ” ဟု ဆို၍ သူ့ရဲ့ အလုပ်ရုံထွက် စားပင်များကို စားကြည့်ချင်သော စိတ်ကူးပေါ်လာတယ် လို့ ယူဆမိပါ၏။ သူဌေးအတွက် ခူးအပြီးမှာတော့ အလုပ်မှ မန်နေဂျာများ ၊ စူပါများကလည်း သူတို့ အတွက် ဆိုကာ ငရုတ်သီးများ ၊ ကန်စွန်းရွက်များ ၊ မုန်ညှင်းရွက်များကို ကိုယ်တိုင် ကိုယ်ကျ ခူးလေသည်။

အဲဒီနေ့က ထိုမြေကွက်လေးမှာ စိုက်ထားသော အပင်တွေ ကုန်လုနီးပါး ခူးကြသည်ဟု ဆိုနိုင်သည်။ ကိုယ်တိုင်စိုက်ပျိုးသူ ဘင်္ဂလားကလည်း သူ့အတွက် ယူသွားသလို ကျွန်တော့် ချက်စားရန်ဟု ဆိုကာ ကျွတ်ကျွတ်နှင့် တစ်လုံး ကန်စွန်းရွက်များ ၊ ငရုတ်သီးများ ထည့်ပေးလိုက်သည်။ ကျွန်တော်က ချက်စားခြင်းထက် ဝယ်စားတာ ပိုများသောကြောင့် သိပ်မချက်စားဖြစ်ပါ။ သို့သော် ထိုနေ့ကတော့ ကိုယ့် အလုပ်က ထွက်တဲ့ အလုပ်ထွက် လတ်လတ်ဆတ်ဆတ် ၊ ပြီးတော့ ကိုယ့်အတွက် အချိန်ကုန်ခံကာ ခူးပေးလိုက်သော ဘင်္ဂလားကြောင့် ထိုကန်စွန်းရွက်ကို ကြော်စားလိုက်ပါ၏။

နောက်နေ့ မနက် အလုပ်ဆင်းတော့ ကျွန်တော်လည်း သာမာန်အတိုင်းပါပဲ။ ဘင်္ဂလားကို မြင်တော့လည်း သူလည်း ပုံမှန်ပါ။ ဒါပေမဲ့ မနေ့က ထိုမြေကွက်လပ်မှ ခူးယူသွားသော ငရုတ်သီး ၊ ကန်းစွန်းရွက် ၊ မုန်ညှင်းရွက်များကို စားမိသူ အားလုံး တစ်ယောက်မကျန် ဝမ်းလျောကြသည် ဟု ဆို၏။ မနက် ၁၀ နာရီကျော် သူဌေး ရောက်လာတော့ သူကလည်း မျက်နှာကြီး ရှုံ့မဲ့ကာ မင်းတို့ အဲဒီက အပင်တွေ မစားကြနဲ့။ မနေ့က ငါလည်း စားပြီး ဝမ်းလျောနေတယ် ဟု ဆို၏။ ထိုအခါမှာ အလုပ်ရုံ တစ်ခုလုံးမှ လူတွေကလည်း သူတို့လည်း ဝမ်းလျောတယ် လို့ ပြောကြလေတော့၏။ ဒါပေမဲ့ ကျွန်တော်နဲ့ ဘင်္ဂလားမှာ ဘာမှ မဖြစ်ပါ။ ထိုအရာကလည်း လွန်စွာ ထူးဆန်းနေ၏။

ဒါရဲ့ အကျိုးဆက်ကတော့ အဲဒီအချိန်က စပြီး ထိုမြေကွက်လပ်လေးမှာ စိုက်ထားသော စားပင် သီးပင်များကို ဘယ်သူမှ လာပြီး ခူးမစားတော့တာပဲ ဖြစ်၏။ တစ်ခါတလေတော့ တစ်ယောက်ယောက်က ငရုတ်သီးလေး တစ်တောင့်လောက်တော့ စားတာ ဘာမှ မဖြစ်လောက်ပါဘူး ဟုတွေးကာ လာယူစား ဖူးပါသည်။ ထိုသူလည်း စားပြီး ခဏနေရင် ဗိုက်နာက ဝမ်းလျောပြီး ဆေးခန်းပြေးရလေတော့၏။ နောက်တော့ ဘယ်သူ့မှ လာမခူးစားတော့ချေ။ ကျွန်တော်ကလည်း ချက်စားတာ နည်းပြီး ဝယ်စားတာ များလေတော့ ဒီနေရာက သိပ်ပြီး ခူးမစားဖြစ်ပါ။ ရံဖန်ရံခါမှသာ စားဖြစ်၏။ သို့သော် ဘာဆို ဘာမှ မဖြစ်ပါ။

အခုတော့ ထိုမြေကွက်လပ်လေးမှ ၅ ပေ x ၇ ပေ ကျယ်သော စိုက်ခင်းလေးကတော့ ဘင်္ဂလားရဲ့ စားခင်းကြီးလိုလို ဖြစ်နေပါတော့သည်။



အခု ဒါတွေ ကျွန်တော် ရေးနေတာ စစချင်းမှာ ကျွန်တော် မှာခဲ့သလို ဝတ္ထုဆန်ဆန်လည်း ရေးပြနေခြင်း မဟုတ်ပါ။ ထူးခြားသော အကြောင်းအရာ အဖြစ်အပျက်တွေ ဆိုရင် မှတ်ထားတတ်သော ကျွန်တော့်ရဲ့ မှတ်စုမျှသာ ဖြစ်ပါ၏။ ဒီမှာ အလုပ်လုပ်နေတာ ကြာပြီဖြစ်သောကြောင့် အရင်ကတောင်မှ မကြောက်သေးတာ ကြာလာတော့ ပို၍ပင် မကြောက်မိတော့ပါ။

တစ်ခါတလေ ကျွန်တော့် Lab အခန်းထဲမှာ အမျိုးအမည် ဖော်မပြတတ်သော အမွှေးရနံ့များ ရနေတာ ၊ ညဥ့်ဘက်ဆိုရင် စကားပြောသံ တိုးတိုးတွေ ကြားနေရတာ ၊ တစ်ခါတလေ အခုပဲ ထားသွားသော ပစ္စည်းများ မတွေ့တော့တာ ၊ တစ်ခါတလေ ပစ္စည်းပျောက်နေတယ် ဟု ဆိုကာ ရှာနေသော ပစ္စည်း ခဏနေတော့ ကိုယ့်မျက်စိရှေ့ စားပွဲပေါ် ရောက်နေတာ ၊ တစ်ခါတလေ ရေဘင်စင်မှာ ရေတွေ ဖွင့်လျက် ဖြစ်နေတာ ၊ တစ်ခါတလေ Lab ထဲက ဖန်ထည်ပစ္စည်းများကို အသံထွက်အောင် ရိုက်ခတ်သံတွေ ကြားနေရတယ် ဆိုတာတွေဟာ ကျွန်တော်တို့ အလုပ်ရုံ တစ်ခုလုံး အတွက် မထူးဆန်းတော့ပါဘူး။

အခုမှ ရောက်လာသော လူသစ် တစ်ယောက် ဆိုရင်တော့ ဖြစ်ဖြစ်ခြင်းမှာ အကြောက်လွန် သွားတတ်ပေမဲ့ အချိန်ကြာလာတာနဲ့ အမျှ သူတို့လည်း ရယ်မော ပျော်ရွှင်ကာ မထူးဆန်းတော့ပါဘူး။ မထူးဆန်းဘူး ဆိုပေမဲ့ အရင်က ဘာညာတွေကို မယုံဘူး ဆိုပြီး ပြောခဲ့တဲ့ ကျွန်တော်တောင်မှ အခုတော့ သူတို့လည်း ၃၁ ဘုံသားထဲက ဘုံသား တစ်ဦး အနေနဲ့ သူတို့ဖာသာပဲ လွတ်လပ်စွာ နေထိုင်ခွင့် ပြုကာ နားလည်ထား လိုက်ပါတော့သည်။ သူတို့ကိုလည်း ကျွန်တော် မနှောက်ယှက်သလို ၊ ကျွန်တော်တို့ လုပ်စရာ ရှိရင်လည်း သူတို့ကို ကျွေးမွေးကာ အသိပေးလိုက်ခြင်းဖြင့် ရှောင်ရှားနိုင်ကြောင်း သိလာခဲ့ရပါ၏။ ဒါဆိုရင် သူတို့ကလည်း ထွေထွေထူးထူး မနှောက်ယှက်တော့ပါ။

အခုတော့ ရေဘုံဘိုင်ခေါင်းမှ ရေတွေ ပွင့်နေတာ တွေ့ရင် တွေ့တဲ့ သူက ပိတ်သွားပါသည်။ တစ်နေရာရာမှာ ထူးထူးဆန်းဆန်း အနံ့တွေ မွှေးနေရင် ဘာနံ့လဲ ဟု ဘယ်သူ့ကမှ အထူးဆန်း လုပ်ကာ စူးစမ်း မနေကြတော့ပါ။ အခါကြီး ရက်ကြီးများမှာ အကျွေးအမွေးနဲ့ သူတို့ကို ကျွေးမွေးကြသည်။ သူတို့ကလည်း အခုတော့ ( ကျွန်တော့် အထင် ) စချင် နောက်ချင်လို့ အသံတွေ ပေး ၊ အနံ့တွေ ပေးနေတာက လွဲပြီး ဘာဆို ဘာမှ နှောက်ယှက်ခြင်း မပြုတော့ပါ။

၃၁ ဘုံမှာ ကျွန်တော်တို့ မမြင် ၊ မသိ ။ နားမလည်နိုင်သော အဖြစ်အပျက် အကြောင်းအရာ များစွာ ရှိနေနိုင်ပါသည်။ ဒါကို ဖာသိဖာသာပဲ လျစ်လျူရှု့ကာ ကိုယ်လုပ်ရမဲ့ ကိစ္စ ဖြစ်မြောက်အောင်ပဲ လုပ်တာ အကောင်းဆုံး ဖြစ်မယ် ထင်ပါ၏။ သူတို့ကို ကိုယ်က ဘာတွေလဲ ဆိုကာ သိနားလည်ချင်မိပြီး အတင်းစူးစမ်းမိရင်လည်း အတော်တဆ အန္တရာယ် ရှိလာနိုင်ပါသည်။ ဘာလို့လဲ ဆိုတော့ သူတို့ကို ကျွန်တော်တို့ သာမာန် အချိန်မှာ မြင်တွေ့နေနိုင်တာ မဟုတ်ပါ။ သူတို့ကသာ ကျွန်တော်တို့ကို အမြဲတမ်း မြင်တွေ့နေနိုင်သည် မဟုတ်ပါလား။ ဘာလို့လဲ ဆိုတော့ သူတို့က “ တိတ်တခိုး ဝိညာဉ်များ ” သာ ဖြစ်ပါသည်။

သူတို့ကို “ သရဲ ၊ တစ္ဆေ ၊ မှင်စာ ၊ သဘက် ” ဘာညာ ဟု ဆိုကာ ကျွန်တော် အဓိပ္ပါယ် တိတိကျကျဖြင့် မဖွင့်ဆိုပြတတ်ပါ။ ကျွန်တော့် အတွေးမှာတော့ သူတို့ဟာ ထင်ထင်ရှားရှားဖြင့်လည်း နေခွင့် မရသော “ တိတ်တခိုး ဝိညာဉ်များ ” အဆင့်လောက်မှာပဲ ရှိပါလိမ့်မည်။ အခု ကျွန်တော် ရေးထားတာတွေကလည်း ဝတ္ထုမဟုတ်သလို ဖန်တီးပြီး ရေးထားခြင်းလည်း မဟုတ်ပါ။ တွေ့ကြုံခဲ့ရသော အဖြစ်အပျက် တစ်ခုကို ချရေးထားသော အချိုးမကျသည့် မှတ်စုမျှသာ ဖြစ်ပါလိမ့်မည်။

မည်သို့ပင် ဖြစ်စေ ထိုအရာများကို ကျွန်တော် မယုံကြည်နိုင်သေးပါ။


လေးစားစွာဖြင့်
ကိုဇော်
22.2.2011


တောင်းဆိုခြင်း။ ။

အခု တလော ဘလော့တွေကို စွဲကပ်နေတဲ့ Malware ပြဿနာကို မြန်မြန် ဖြေရှင်းစေနိုင်ဖို့ အတွက် Comment ပေးသူများ အနေနဲ့ ဘယ်နေရာမှာပဲ Comment ရေးရေး Gmail Account မဝင်ဘဲနဲ့ Name/URL ကို ရွေးပြီးတော့ Name နေရာမှာ ကိုယ့်နာမည်ကို ရေးပြီး ရေးပေးဖို့ တောင်းဆိုလိုပါတယ်။ Malware ဆိုလို့လည်း စိတ်မပူသွားပါနဲ့။ ကွန်ပျူတာတွေကို ကူးစက်တာ မဟုတ်ဘဲ ၊ blogspot ကိုပဲ အနှောက်အယှက် အနည်းငယ် ဖြစ်စေသော Malware ပါ။

လွယ်ကူစွာ Comment ပေးရန်အတွက် အောက်က ပုံလေးကို ကြည့်ပါ။



ကိုဇော်


Share/Bookmark

25 ယောက် ရဲ့ ထင်မြင်ချက်:

သစ်နက်ဆူး said...

ကိုဇော်ရေ..
ဒီအကြောင်းအရာတွေရဲ့ အဓိကထူးခြားချက်ကတော့ မယုံနိုင်စရာ ပါ..။
အဲဒါကိုက သူတို့ ရဲ့ ထူးဆန်းတဲ့ သင်္ကေတပေါ့ဗျာ...။
ယုံတယ်၊မယုံဘူးဆိုတဲ့ စကားလေးနှစ်လုံးထဲနဲ့ 
လူတွေကိုသူတို့ စွဲဆောင်ခဲ့တာ နှစ်တွေ ထောင်ချီခဲ့ ပြီပေါ့..။

ဝက်ဝံလေး said...

မရှိဘူး မဟုတ်ဘူး ရှိပါတယ် ပရလောကသားတွေလို့ခေါ်မှာပေါ့
ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကယ် ဆိုတာ ကြားဖူးမှာပေါ့ သူတို့ကို ပြိတ္တာ စာရင်းထဲထည့်ထားတယ်လေ အမှန်ကတော့ အမျှအတန်း လိုချင်လို့ပါ အဲဒါဟာလဲ ဘဝ တခုလို့ပြောလို့ရတယ် သေပြီး (စုတိစိတ်) ကျပြီးချက်ချင်းမှာ အကုသိုလ် အရှိန်ကြောင့် အဲဒီဘဝမှာ လာဖြစ်ရတာလေ သရဲ တစ္ဆေမဟုတ်ပါဘူး သူတို့က အမှန်တော့ သနားဖို့ကောင်းပါတယ်

ငယ်ငယ်ကဆို သရဲတွေ ဘာတွေ ကြောက်လေ့ရှိတယ် နောက် မှတ်မှတ်ရရ ၈ တန်းဖြေပြီးထင်တယ် ချမ်းမြေ့ရိပ်သာမှာ ကံနှင့်တံမလွန် ဆိုတဲ့ စာမေးပွဲကို ဖြေရတယ် အဲဒီအတွက် စာကျက်ရတယ် အဲဒီမှာ သိလာခဲ့တယ် သူတို့အကြောင်း တကယ့်တကယ်တော့ သူတို့ဟာကြောက်စရာမကောင်းပါဘူး သနားစရာလေးတွေပါ

တတ်နိုင်ရင် ကိုဇော် ပြုသမျှကောင်းမှုတွေကို အမျှဝေပေးရင် ပိုကောင်းမယ်လို့ထင်တယ် (အကြံပေးကြည့်တာပါ)

ကိုဇော် said...

စိတ်ချ ညီမရေ။
မနက်တိုင်း ဘုရားရှိခိုး ၊ ပုတီးစိတ်ပြီးတိုင်းတော့ အမျှပေးဝေပါတယ်။ သူတို့ ရှိတယ် ဆိုတာကိုတော့ ဘုရားဟောမှာတောင်မှ ပါလေတော့ လက်ခံပါတယ်။ ခြောက်တယ် လှန့်တယ် ဘာညာကိုတော့ မယုံကြည်တာပါ။ အခု ရေးထားတာက အဲဒီတုန်းက ခံစားချက်ကို ရေးထားတာပါ။ ကျေးဇူးပဲ။

သခင့်စေရာ said...

ကိုဇော်ရေ။။
ခြောက်တိုင်းမကြောက်တတ်မှန်း သိနေတော့ သူတို့ရှိရင်တောင် ကိုဇော့်ကို လာခြောက်မှာ ဟုတ်ဖူးနော်။ အခန်းဝမှ ကိုဇော် ဓါတ်ပုံ အကြီးကြီးသာ
ချိတ်ထား။ စိတ်ချ သရဲ တစ္ဆေ ရှိတောင် လာမှာဟုတ်
ဘူး။။ဟီး ဟီး

May everybody be happy and healthy! said...

ကြားဖူးတယ် ဆိုပေမယ့် မကြုံဖူးသေးဘူးအကိုရေ
ဒါပေမယ့် သရဲ၊တေစ္ဆဆို အသံကြားတာနဲ့ ကြောက်တယ်
အဟီး အဲလောက် သတ္တိရှိတာ..ညီမလေးက :P:P:P

ကိုကိုမောင်(ပန်းရနံ့) said...

သရဲတောင် အရှုံးပေးရလောက်အောင် သရဲမကြောက်တတ်တာ ချီးကျူးပါတယ်။ ကျနော်သာဆို ဒီကောင်တွေ နှောင့်လို့ အိပ်ရမယ် မထင်ဘူး။ မဟုတ်မှ လွဲရော ဘ၀ါဘဝေက ကို့ဇော့် မိတ်ဆွေ သူငယ်ချင်းတွေမျးလား မသိဘူး။းဝ)

ဒါနဲ့..
အခုထက်ထိ ဒီအတိုင်းဘဲလားဗျ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကိုဇော် said...

အခုတော့ . . . ဒီလောက် မဟုတ်တော့ဘူးဗျ။ ဘာလို့လဲ ဆိုတော့ အလုပ်မှာလည်း အခန်းနေရာ လွတ်တွေ ကုန်ပြီ။ ဒါတောင်မှ မလွတ်တော့လို့ စက်ရုံဘေးက နေရာကို ထပ်ဆောက်ပြီး အခု Show Room လုပ်ထားရတယ်။ ဒီတော့ သူတို့လည်း နေရာပျောက်ကုန်လား မသိပါဘူး။ ကျနော်ကတော့ သူတို့ကို ဥစ္စာစောင့်လို့ပဲ ထင်မိတယ်။ အဲဒီ အဆောက်အဦးရဲ့ မူလပိုင်ရှင်တွေ ဖြစ်နိုင်တယ်။ စစ်ဖြစ်တော့ ပစ္စည်းတွေကို မြှုပ်ထားလား မသိပါဘူးဗျာ။ ဒါကို စိတ်စွဲပြီး မကျွတ်မလွတ် ဖြစ်နေတယ်နဲ့ တူပါတယ်။
( လျှောက်တွေးမိတာလေးပါ။ )
အခုတော့ မြို့သစ်ကနေ အရမ်းစီကားလာတဲ့ နေရာ ဖြစ်လာတော့ သူတို့ နေစရာ ရှားပါးပြီး နေရာတွေ ပြောင်းရင်း နည်းကုန်လား မသိပါဘူး။

ချမ်းလင်းနေ said...

ဘုံသားများနှင့် ကခုန်ခြင်းပေါ့ ကိုဇော်ရေ..။ တနင့်ကြီး စိတ်လှုပ်ရှားစရာပဲ။ အမျှလိုချင်လို့လားမသိဘူး။ ကျွန်တော် ဖတ်မှတ်ဖူးသမျှတော့ ရဲရဲတွေက(သရဲကို ချစ်စနိုးအခေါ်) သူတို့ကျွတ်လွတ်ချိန်တန်ရင် သူတို့ကို အမျှပေးနိုင်တဲ့ ရှေးဘဝ ရေစက်ရှိခဲ့ဖူးသူတွေကို ကောင်းတဲ့အနံအသက်တွေနဲ့ တောင်းခံလေ့ရှိတယ်ဆိုပဲ။

ဆွေလေးမွန် said...

ရေးထားတဲ့ မှတ်စုလေးတွေက စိတ်ဝင်စားဖို့ကောင်း
တယ်...
တစ်ခါမှတော့ မကြုံဖူးဘူး..ဒါပေမယ့် တစ်ခါ ကိုယ့်ကိုယ်နောက်ကနေ လိုက်ကြည့်နေတာမျိုးတို့
အနောက်မှာ တစ်ခုခုရှိနေတာမျိုး အဲလိုခံစားချက်မျိုးတော့ ကြုံဖူးတယ်..

မြူးမြူး said...

ကျွတ်ချိန်တန်လို့ ကျွတ်လွတ်သွားတာကြောင့် နည်းသွားတာ ဖြစ်ချင်ဖြစ်မှာပေါ့..

ညယံ said...

ပရလောကသားတွေ ဆိုတာလည်း မယုံလို့ မရဘူးနော့ ။
အခုလည်း ကျွတ်ချိန်တန်လို့ ရယ် ၊နေရာတွေ ပြောင်းသွားတာကြောင့်ရယ် နည်းသွားတာဖြစ်မယ် ..
ကိုယ်တိုင်တော့ တစ်ခါမှ မကြုံဖူးဘူး ... ခြောက်ခြားစရာတော့ ကောင်းတယ်နော် ...

An Asian Tour Operator said...

မလေးရှား က၀ိဥာဉ်ဇာတ်လမ်းတွေပေါ့ ကိုဇော်။ မလေးရှား မှာတော့ အဲဒါမျိုးတွေ အများကြီးပဲတဲ့၊ ကြုံဖူးတဲ့ သူတွေပြန်ပြောပြကြတယ်။ သူတို့လူမျိုး တွေ (မလေး၊ တမီလ်၊ တရုတ်) အကုန်အယူရှိကြတယ်။

IDIOT-Ki said...

ပြောမယုံ ကြုံဘူးမှ သိ ဆိုတာ ခုတော့ တကယ်ပါလား ..
ကိုယ်တိုင် မတွေ့ ဖူးပေမဲ့ အဲ့လောက် သတ္တိမရှိဘူး ..း(

သူတို့ ကြည့်ရတာ ရေမွှေးရယ် ၊ အရိုးနဲပြီး အသားများတဲ့ခြေလေးချောင်းသားရယ် ။ ပူစပ်ပူလောင် ငြုပ်သီးရယ် ကိုကြိုက်ကြတယ် ။ပန်းမကြိုက် ပန်းပင်တွေ ညှိုးစေ သေစေတော့ ...အဲ အဲ့ ...
အဲဒီတော့ အထီးအမ အဖြူအမဲ ပေါင်းစုံထားတဲ့ ဘုံတခုဖြစ်မယ် ။

ကုသိုလ်ပြု အမျှဝေ ပေးတာ ကြာတော့ ကိုဇော်လည်း အတော်ကုသိုလ်ရနေပြီပေါ့ ။ သူတို့ က ကျွတ်ပြီး ကိုဇော်တယောက် မကျွတ်ဖြစ်နေမှ နော် .. (အလုပ်သံယောဇဉ် နဲ့  မအားလပ် မကျွတ်မလွတ်တာကို ပြောပါတယ် ၊)

ခုရော .. နေ့ တိုင်း အသားလုံးဝယ်ကျွေးနေရဆဲပဲလား...
ထူးခြားတာလေးတွေ တွေ့ရင် ဆက်ရေးပေးပါ အုံး..
( ပုဏ္ဏက တိုက်တာကတော့ ကြမ်းတယ်ဆိုပဲ.. အဲ့တာတွေ ရော ကြုံမိသေးလား )

Anonymous said...

ကိုဇော်ရေ

ဖတ်လိုက်ရတာ တဝကြီးကောင်းလိုက်တာ ရင်တဖိုဖို နဲ့ ဖတ်သွားတယ်

လိုင်းမကောင်းလို့ ဝဲစွဲလို့မလာဖြစ်တာကြာသွားတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ငရုပ်သီးကျောက် said...

အပါယ်ဘုံသားတွေကတော့ ရှိတာပါပဲ..သူတို့ကို အနှောက်အယှက်ပေးမယ်ထင်လို့ ခြောက်တာလှန့်တာမျိုးတော့ လုပ်တတ်ကြပါတယ်..အတူနေသားကြတော့လဲ မကြောက်တော့ပါဘူး

ဖြိုးမောင်မောင် said...

ဘယ်သူအုပ်မိုးကြည့်တယ်ဆိုတာတော့မကြုံဖူးဘူး
ကိုဇော့်မှတ်စုကိုဖတ်နေရင်းကြက်သီးတွေတော့ထသလိုလိုပဲ။စိတ်ဝင်စားဖို့ ကောင်းတယ်။

sosegado said...

ကိုဇော်က မယုံဘူးလို့တာဆိုတယ်၊ ရေးထားတာကတော့ ယုံနေရပြီ၊
အဲဒီလိုပဲ ရွှေစက္ကူ ငွေစက္ကူ တွေမီးရှို့ ခေါ်စာတွေကျွေးရတာတွေ တစ်ခါတစ်လေ ဆန်စေ့လေးတွေ အခန်းထောင့်တွေမှာလာထား၊ မှန်တွေကို ဟိုနေရာချိတ်ဒီနေရာချိတ်နဲ့ အလွတ်တောင်ရနေပါပြီ။

Anonymous said...

အေးဗျာ ကိုဇော် ရေ
အဲဒီ နာနာဘာဝ ၀ိနာဘာဝ တွေ က တော့ ဘုရားရှင်ဟောတော်မူတဲ့ အတိုင်းဆိုယင် ရှိတယ်လို့ 
ယုံတယ်။
ဒါပေမယ့် ကျွန်တော်လည်း ခုချိန်ထိတိုက်တိုက်ဆိုင်ဆိုင်
မဆုံရသေးဘူးရယ်။
အခုလည်း ခေါင်းရင်းဖက်မှာ အလောင်း ၂၀ ကျော်မြုပ်ထားတဲ့  ကုလားသင်္ချိင်းတော့ရှိတယ်။ :D

မောင်မောင်

လသာည said...

ဖတ်လို့လည်း ကောင်း၊ စိတ်ဝင်စားစရာလည်း ကောင်းတယ်..။
ဖတ်ရင်း ကျောမလုံလို့ နောက်လှည့်ကြည့်မိသေးတယ်..။

ကိုဇော်က သတ္တိကောင်းလိုက်တာ..။ လသာညတော့ ကြောက်တတ်တယ် (..း)

rose said...

အင်း... ကိုဇော်ရေ... မမြင်နိုင်တဲ့ လောကသားတွေ အကြောင်း လာဖတ်သွားပါတယ်။ ထုံးစံ အတိုင်း အရေးအသား ပြေပြေပြစ်ပြစ်လေးနဲ့ စိတ်ဝင်တစား စွဲဆောင်လို့ အဆုံးထိ သေချာ ဖတ်သွားပါတယ်။ အဲ့ဒီမှာ တွေ့မိတာက- ကိုဇော် ဆေးလိပ် သောက်တတ်တယ်နော်။ အခုရော သောက်သေးလားပာင်။ မတောက်နဲ့တော့ ခစ် ခစ်း) နောက်ပြီး ကိုဇော်က အသုဘအိမ်တွေ သွားပြီး ဖဲရိုက်တတ်တာလည်း တွေ့ရပါတယ်။ (အသက်ကလေးလည်း ရလာပြီ ကိုဇော်ရေ... လိမ်လိမ်မာမာ နေတော့နော်။ ဒီမှာ လူကြီး ဆုံးမနေတယ်။ ခိခိး)

ကိုဇော် said...

ဟုတ်ကဲ့ပါ ညီမတော် လူကြီး ခင်ဗျား :P

ဆေးလိပ်က ပြတ်တာ ကြာပေါ့ ၊ ပထမတော့ ကိုယ်သောက်တဲ့ မာဘိုရိုက ဈေးကြီးလာလို့ ဖြတ်ထားတာ ၊ နောက်တော့ ဘာကြောင့်ရယ် မသိပါဘူး ၊ တစ်လိပ်ကိုတောင်မှ ကုန်အောင် မသောက်နိုင်ဘူး။ ဒါနဲ့ပဲ ပြတ်ရော။ ဖဲကတော့ အဲဒီလို ဝိုင်းကို ဘယ်လိုလုပ် တိုးနိုင်မလဲကွယ် ၊ ကိုယ်မှ မကျွမ်းပဲ။ သူငယ်ချင်းတွေကို အဖော်လိုက် ပေးတာပါ။ အခုတော့ အဲဒီတုန်းက ပြောသလို ပြောရရင် “ ကလေးက လိမ္မာချင်တယ် ၊ ပတ်ဝန်းကျင်က ဖျက်နေတာ ” ဆိုသလိုပါပဲ :D :D :D

မျှဝေ ခံစားသူများ အားလုံး . . . ကျေးဇူးပါ။

အဖြူရောင်နတ်သမီး said...

မယုံလို့တော့မရဘူး..
လက်ဆုတ်လက်ကိုင်ပြလို့မရပဲ တကယ်ကြုံတွေ့နေရတဲ့အရာတွေ ညီမတို့ပတ်ဝန်းကျင်မှာ ရှိနေတယ်ဆိုတာ ယုံကြည်ပါတယ်။
သတ္တိရှိတဲ့ကိုဇော်ကိုလည်း ချီးကျူးမိပါတယ်..။

ညီမငယ်ငယ်တုန်းက ဖေဖေတာဝန်ကျတဲ့ မန္တလေးမှာ နေခဲ့ဖူးတယ်..။
နေရတဲ့ခြံကြီးက အကြီးကြီးပဲ..၊ခြံဝင်ဝမှာ မန်ကျီးပင်ကြီး၂ပင်ရှိတယ်၊ ခြံထဲကို ဝင်လိုက်တာနဲ့ ပန်းနံ့လိုလို ရေမွှေးနံ့လိုလိုတွေရတယ်လို့ ဧည့်သည်တချို့ကပြောကြတယ်။

ညညဆိုရင် ခြေသံတွေကြားရတယ်တဲ့။ မေမေပြောပြတာ..။
ညီမကတော့ အဲဒီတုန်းက ၂တန်းကျောင်းသူပဲရှိသေးတာဆိုတော့ အဲဒါတွေကိုမသိဘူး။
အခုအသက်အရွယ်ဆိုရင်တော့ ကင်မရာတလုံးနဲ့ အလုပ်ရှုပ်နေမလားပဲ..။
း)

မေဇင် said...

စိတ်ဝင်စားဖို့တော်တော်ကောင်းတယ်။ ကိုယ်တိုင် တစ်ခါမှမကြုံဖူးပေမယ့် အရမ်းကြောက်တတ်တာ။ ခု ဒီစာကို ဖတ်နေရင်းတောင်...ရုံးမှာ မီးထိန်ထိန်လင်း နေပေမယ့် ကြောက်လို့ ဟိုကြည့် ဒီကြည့် :)

ဘုရားရှိခိုးတိုင်း မေတ္တာပို့ အမျှဝေပေးပေါ့။ ကိုယ်တတ်နိုင်တာ ဒါပဲရှိတာပဲ။

Anonymous said...

အောင်မလေးးး ..
ဆောင်းနှင်းသာအဲလို့ အခြောက်ခံရလို့ကတော့
အဲ့နေရာမှာတင်
မေ့မျောသွားလိမ့်မယ် ..

ခုလည်း အခန်းထဲမှာ
၁ လ March လကုန် အထိ
တစ်ယောက်တည်း နေရမှာ ..
ဒီစာ ဖတ်ပြီး
ကြက်သီးတောင် ထမိတယ် ..း(

ဟိုနေ့ကတောင်
ညဘက် ကြီး ၁ နာရီ လောက် စာကျက်နေရင်း
အိပ်ချင်လာလို့ မျက်နှာသွားသစ်ပါတယ် ..
အပြင်ဘက် က ဘေဇင်မှာ
ဘယ်သူမှ သုံးမနေဘဲ
ရက်တရက် အထဲ က
ဆောင်းနှင်း သုံးနေတဲ့ ဘေဇင်က ရေ က
တော်တော် သိသိသာသာ ကို နည်းသွားလို့
လန့်သွားတာ ပြောမနေနဲ့ ..
တကယ်တော့ တစ်ခြား အထပ်တွေ က
သုံးလိုက်လို့ နည်းသွားတာ လည်း ဖြစ်မှာပါ ..

ကိုယ့်ဘာသာ
ညဘက် သွေးလေ ခြောက်ခြားသွားတာ .. :D



ခင်မင်လျှက်
ဆောင်းနှင်းရွက်

than than said...

ဦးဇော်ရေ......
သတ္တိ ကိုတော့ လေးစားသွားပြီ ...ဒီစာကို ဖတ်ပြီး တ၀က်လောက်မှာ ကြောက်လို့ ဘေးက ပြတင်းပေါက်ကို အရင်ပိတ်လိုက်ရပါတယ်... ပြီးမှ ဆိုရင် ပြတင်းပေါက် မပိတ်ရဲတော့မှာဆိုးလို့...


အားပေးလျှက်ပါ
သန်းသန်း

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.