မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 February 2011

17 ရူပဗေဒ သဘောတရား



အထက်တန်း ကျောင်းသားဘဝ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ အလွန်ကို ပျော်စရာ ကောင်းခဲ့ပါ၏။ ပြီးတော့ စိတ်တူကိုယ်တူတွေ ဖြစ်ကြတာ များတာကြောင့် တစ်ယောက်ရဲ့ စိတ်ကူးကို ကျန်သော သူငယ်ချင်းတွေ လိုက်ပြီး သရုပ်ဖော်တဲ့ အခါ အရမ်းကို ပျော်စရာ ကောင်းပါသည်။

သိပ္ပံဘာသာ ဆိုသော ဘာသာရပ်တစ်ခုဟာ အထက်တန်းကျောင်းသား ဖြစ်လာတော့မှ အပိုင်းပိုင်း အစိတ်စိတ် အမွှာမွှာကျကွဲကာ “ ရူပဗေဒ ၊ ဓါတုဗေဒ ၊ ဇီဝဗေဒ ” ဆိုပြီး ကွဲပြားလာခဲ့၏။ စဉ်းစား တွေးတောစရာ တစ်ခုခု ရလာခဲ့ရင် စစ်စစ်ပေါက်ပေါက် လျှောက်တွေးမိတတ်တဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ အတွက် “ ရူပဗေဒ ” ဟာ အဓိက ဇာတ်ကောင် မင်းသား တစ်ယောက် ဖြစ်ခဲ့ရဖူးပါသည်။


- Work Done -


လူတစ်ယောက်သည် မည်မျှပင် ကြိုးစားနေပါစေ ၊ မည်မျှပင် အားစိုက်ထုတ်ပါစေ ၊ မည်မျှပင် အချိန်ကုန်ခံကာ လုပ်နေပါစေ ၊ ရွေ့လျားမှု မရှိရင် “ အလုပ်ပြီးမြောက်မှု ” မရှိ ဟု ဆိုကြသည်။ ထို့ကြောင့် အလုပ်ပြီးမြောက်မှု ဆိုသည်မှာ ရွေ့လျားမှု ရှိမှ အလုပ်ပြီးမြောက်သည်ဟု ဆိုနိုင်ပါလိမ့်မည်။

တခြား တခြားသော ရူပဗေဒ သဘောတရားများကို ကျောင်းမှာ သင်ခန်းစာ အဖြစ် သင်ကြားခဲ့ရပြီး ရပ်ကွက်ကို ပြန်ရောက်ကာ သူငယ်ချင်းတွေနဲ့ တွေ့သော အခါမှာ ကျွန်တော်တို့ ရူပဗေဒကို လက်တွေ့ လေ့လာ သုံးသပ်လေ့ ရှိသည်။ အီနားရှား ဆိုရင် ဘတ်စ်ကား စီးရင်း ဘယ်လို သိနိုင် ၊ ခံစားရနိုင်သည်။ အလင်းပြန်ခြင်း အလင်းယိုင်ခြင်း ဆိုရင် ဘယ်လို သိနိုင်သည် အစရှိသဖြင့် ပြောဆိုကာ ကျွန်တော်တို့ ပျော်ရွှင်ခဲ့ကြ၏။

တစ်နေ့တော့ ကျွန်တော်တို့ ကျောင်းက ဆရာမက သင်လိုက်တာ “ အလုပ်ပြီးမြောက်ခြင်း ” ဆိုသော “ Work Done ” ဖြစ်၏။ သူ့ရဲ့ အဓိပ္ပါယ် အကျုဉ်းချုပ်ကိုက “ ရွေ့လျားမှု ရှိမှသာလျှင် အလုပ်ပြီးမြောက်သည် ” ဟူ၍ ဖြစ်သည်။ ဘယ်သူ့ ဘယ်သူမှ သေချာ မစဉ်းစားမိသေးသော အချိန်မှာ ကျွန်တော့်ဆီကို သူငယ်ချင်း တစ်ယောက်က ရောက်လာ၏။ သူနဲ့ အတူ ပုစ္ဆာပြဿနာ တစ်ခုပါ ပါလာလေသည်။

သူက အလုပ်ပြီးမြောက်ခြင်း ဆိုသော သီအိုရီ အရ သူ စဉ်းစားမိသော ဥပမာ တစ်ခုကို ပြောပြပါသည်။

“ ဆရာမက ပြောတယ်ကွာ။ ရွေ့လျားမှု ရှိမှသာ အလုပ်ပြီးမြောက်တယ်။ ရွေ့လျားမှု မရှိဘဲ ဘယ်လောက်ပဲ အလုပ်လုပ်နေပါစေ ၊ အလုပ်ပြီးမြောက်မှု မရှိဘူး လို့ ပြောတယ်။ ဒါဆို ငါတို့ အိမ်ခေါင်းရင်းက ပဲပြုတ်သည် အဒေါ်ကြီးကို သတိရတယ်ကွာ။ သူ မနက် မိုးမလင်းကတည်းက ပဲပြုတ်တောင်းကို ရွက်ပြီးတော့ ရပ်ကွက်ပတ် ပဲပြုတ် လို့ အော်ပြီး လိုက်ရောင်းနေတာကွ။

မနက် နေမြင့်လို့ ငါတို့ နိုးပြီ ဆိုတဲ့ အချိန်ကျရင် သူက ပဲပြုတ်တောင်းလေးကို ရွက်ပြီး တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ ရောင်းလို့ တောင်းထဲက ပဲပြုတ်တွေ ကုန်ပြီး ပြန်လာပြီ။ ငါတို့ မနက်စာ စားဖို့ ပြင်နေတဲ့ အချိန်မှာ သူကတော့ နေ့လည်စာ စားဖို့ ချက်ပြုတ်နေတယ်။ ငါတို့လည်း မနက်စာ စားပြီးလောက်ရင် သူက မနက် အစောကြီး ထ , ထားရလို့ တရေးတမောတောင်မှ အိပ်နေပြီ။

သူ့အတွက် မနက် မိုးမလင်းခင် ပဲပြုတ် စရောင်းဖို့ ထွက်တဲ့ နေရာက သူ့အိမ်ပဲ ၊ နေမြင့်တော့ ပဲပြုတ်ကုန်လို့ ပြန်လာတော့လည်း သူ့အိမ်ပဲ။ ရွေ့လျားမှု အရ ပြောရမယ် ဆိုရင် သူရဲ့ စမှတ်နဲ့ ဆုံးမှတ် ပြန်ဆုံတဲ့ နေရာက တစ်နေရာတည်းပဲ။ ရူပဗေဒမှာ စမှတ်နဲ့ ဆုံးမှတ် ဆုံနေရင် ဒါကို “ သုည ” ( ၀ ) လို့ ခေါ်တယ် မဟုတ်လား။ ဒါဆို သူ့မှာ အရွေ့ မရှိဘူးပေါ့။ ဒါဆိုရင် သူ မနက် မိုးမလင်းခင်က ထပြီး တစ်လမ်းဝင် တစ်လမ်းထွက် ပဲပြုတ် ရောင်းခဲ့တယ် ဆိုတာ ရွေ့လျားခြင်း မရှိတဲ့ အတွက် အလုပ်ပြီးမြောက်မှု မရှိဘူး လို့ မဆိုနိုင်ဘူးလား။ ”

သူ့ရဲ့ မေးခွန်း အပြီးမှာ ကျွန်တော်တို့ အားလုံး အံ့သြမှုတွေနဲ့ ဆွံ့အနေခဲ့ရပါသည်။ ဘာမှလည်း မပြောနိုင်သလို ဘယ်လိုမှလည်း ပြန်မချေပ နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာ ရပ်ကွက်ကို မိုးမလင်းခင်ကတည်းက လှည့်လည်ကာ ပဲပြုတ် လို့ အော်ဟစ်ပြီး ရောင်းချကာ အခု နေမြင့်နေတဲ့ အချိန်မှာ အိပ်စက်နေတဲ့ ပဲပြုတ်သည် အဒေါ်ကြီးကတော့ နားနားနေနေဖြင့် အိပ်စက်နေပါပြီ။

ထိုအဒေါ်ကြီးကိုတော့ ကျွန်တော်တို့ ဘာမှ သွားမပြောပါ။ သို့သော် ထို အဒေါ်ကြီး မနက် မိုးမလင်းခင် အစောကြီး ထကာ ရပ်ကွက်ပတ်၍ ပဲပြုတ်ရောင်းနေသော်လည်း သူ့ရဲ့ အလုပ်ဟာ အလုပ်ပြီးမြောက်မှု မရှိဘူး ဆိုကာ ပြောတတ်သော သူငယ်ချင်း တစ်ယောက်ကိုတော့ ကျွန်တော် လက်တွေ့ မြင်ခဲ့ ကြုံခဲ့ရဖူးပါသည်။ သူက မည်သို့ပင် ပြောနေစေကာမူ ပဲပြုတ်သည် အဒေါ်ကြီးကတော့ မနက် မိုးမလင်းခင်မှာ ပဲပြုတ် ဟု အော်ကာ ရောင်းနေဆဲပဲ ဖြစ်ပါသည်။

ပဲပြုတ်သည် အဒေါ်ကြီးသည် ရွေ့လျားမှု မရှိတိုင်း အလုပ်မပြီးမြောက်ဘူး ဟု ရူပဗေဒ သဘောတရား အတိုင်း တွေးကာ အိမ်မှာ စိတ်ပျက်၍ ထိုင်နေမည် ဆိုပါက သူ့မိသားစု ငတ်ရမည်မှာ ပို၍ လက်တွေ့ကျသည်ဟု ဆိုနိုင်သည် မဟုတ်ပါလား။ သို့သော် ကျွန်တော့် သူငယ်ချင်းရဲ့ မှတ်တမ်းထဲမှာတော့ ထိုကဲ့သို့ သူများသည် အလုပ်မပြီးမြောက်သော သူများသာ ဖြစ်နေပါတော့သည်။

လောက၌ ထိုကဲ့သို့ သူများ လုပ်နေသော အလုပ်ကို ကြည့်ကာ “ အလုပ်မပြီးမြောက်ဘူး ” ဟု ဆိုကာ ဝေဖန်သူများ ရှိနေနိုင်ပါသည်။ ထိုသို့သော သူများကို ကျွန်တော် မြင်ရသော အခါမှာ ရူပဗေဒ ပညာရှင် “ အိုင်းစတိုင်း ” ပဲပြုတ် ရောင်းနေသော ပုံကို ကျွန်တော့် မျက်လုံးထဲ၌ မြင်မိစေပါသည်။ ထိုအခါ ကျွန်တော် ပြုံးမိပါ၏။ ဘာလို့လဲ ဆိုတော့ အိုင်းစတိုင်း ပဲပြုတ်ရောင်းရင်း အော်သော အသံမှာ မပီကလာ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

“ ပဲပြု ”

ဟု သူ နဖူးမှ ချွေးစေးများ ထွက်လာအောင် ညှစ်ထုတ်ကာ သနားစဖွယ် အော်နေရပါတော့သည်။


- လှုပ်ရှားနေသော ဆင် -


ကျွန်တော့်မှာ သူငယ်ချင်း တစ်ယောက် ရှိပါသည်။ သူ့မှာ သူ၏ အစွဲဟု ဆိုနိုင်သော လက်သုံး စကား တစ်ခွန်း ရှိပါသည်။ ထိုစကားကို သူက အစွဲဖြစ်နေသောကြောင့် ဘာစကားပဲ ပြောပြော ဒီစကားကို ဆွဲယူကာ သုံးစွဲပါသည်။

“ ရှေ့တစ်လှမ်း တိုးမဲ့ ဆင်က နောက်တစ်လှမ်း ဆုတ်လေ့ ရှိတယ်ကွ ”

ဟု သူက ဆိုကာ ကိုးကား ပြောဆိုလေ့ ရှိပါသည်။ သို့သော် သူ ကိုးကားသော စကားပုံ ၊ ဆိုရိုးမှာ မှားယွင်းနေသည်ဟု သူပြောတိုင်း ကျွန်တော် အမြဲလိုလို ခံစားရလေ့ ရှိပါသည်။ ဒါပေမဲ့ သူ့ကို ကျွန်တော် ဘာမှ ပြန်မပြောခဲ့မိပါ။ သူကတော့ ဘာကိစ္စပဲ ဖြစ်ဖြစ် ထိုစကားကို ဆွဲယူ အသုံးပြုလေ့ ရှိပါသည်။ တော်တော်ကိုလည်း နှစ်သက်ပုံ ရပါ၏။

တစ်နေ့တော့ သူ အတန်းထဲမှာ လပတ် စာမေးပွဲ တစ်ခုမှာ သူ ကျပါလေတော့သည်။ ထိုကျသော ဘာသာမှာလည်း သူ အလွန်ကျွမ်းကျင်သော ဘာသာရပ် ဖြစ်ပါ၏။ သူ့ရဲ့ ပညာရည် မှတ်တမ်းကို ကြည့်ကာ ကျွန်တော် အံ့သြနေတုန်း သူက သူ နှစ်သက်သော ထိုစကားကို ဆွဲယူကာ သုံးစွဲပြန်ပါသည်။

“ ရှေ့တစ်လှမ်းတိုး ထိုးမဲ့ ဆင်က နောက်တစ်လှမ်း ဆုတ်သလို ပေါ့ကွာ။ နောက် လပတ်မှာ ငါ ဒီဘာသာမှာ အမှတ် အကောင်းဆုံး ဖြစ်စေရမယ်။ ကြည့်ထား . . . ”

ဟု ကြွေးကြော်ကာ ကြုံးဝါးပါသည်။ သူ ထိုဘာသာရပ်ကို ကျွမ်းကျင်တယ် ဆိုတာ ကျွန်တော် လက်ခံ ပေးနိုင်သော်လည်း အခု ဒီလမှာ ဘာကြောင့် သူ ကျတာလဲ ဆိုတာတော့ ကျွန်တော် မဖြေရှင်းတတ်ပါ။ ဒီအတွေးကြောင့် ကျွန်တော် တွေဝေနေတုန်း သူက သူ့ရဲ့ လက်သုံးစကားကို ထုတ်သုံးတော့ နဂို အခံကိုက မှားနေတယ် ဟု ကျွန်တော့် စိတ်ထဲမှာ ထင်နေသော သူ့လက်သုံး စကား အတွက် ကျွန်တော် ပြောဖြစ်သွား၏။

“ မင်း စကားပုံလေးနဲ့ မင်းတော့ မှန်တယ် လို့ ထင်ချင် ထင်လိမ့်မယ်။ ငါ့ နားထဲမှာတော့ မှားနေသလိုပဲ သူငယ်ချင်း။ တကယ်ဆို ထိုးမဲ့ဆင်က နောက်တစ်လှမ်း ဆုတ်တယ် ဆိုရင်တောင်မှ ငါက လက်ခံချင် လက်ခံမိဦးမယ်။ ထိုးစစ် ဆင်တယ် ဆိုတာ မနိုင်မချင်း တတ်ကာ ၊ ဆင့်ကာ ရှေ့ကို တတ်သွားတာ မဟုတ်လား။ အခြေအနေ မဟန်ရင်တော့ နောက်ပြန် ဆုတ်လာသင့်ရင် ဆုတ်လာ မှာပေါ့လေ။ ဒီလို ရှေ့ကို အားနဲ့ တတ်ထိုးဖို့ အတွက် အားယူတဲ့ အနေနဲ့ နောက်တစ်လှမ်း ဆုတ်တယ် ဆိုရင် ငါ လက်ခံတယ်။
အခုတော့ မင်း ပြောနေတာက ရှေ့ကို တစ်လှမ်း တိုးဖို့ နောက်ကို တစ်လှမ်း ဆုတ်လိုက်တယ် ဆိုတော့ နောက်ကို တစ်လှမ်းဆုတ်ပြီး ရှေ့ကို တစ်လှမ်းပဲ တိုးမှာလို့ ပြောလိုက်တာပဲလေ။ ဒီတော့ နောက် တစ်လှမ်း ဆုတ်ပြီးလို့မှ ရှေ့ကို ပြန်တတ်မှာက တစ်လှမ်းပဲ ဆိုမှတော့ သူငယ်ချင်းရာ မင်းဟာက နောက်ကို မဆုတ်ခင်က နေရာပဲ မဟုတ်လား။ ဒီတော့ မင်းက ရှေ့ကို ရောက်အောင် ဆက်တိုးဖို့မှ မဟုတ်ဘဲ။ မင်းက ရှေ့တိုးတယ် ဆိုပြီး ပြဖို့ အတွက် နောက်ကို ဆုတ်နေတာပဲ။ ဒီတော့ တကယ် ရှေ့တိုးပြန်တော့လည်း ပထမ မူလ ရှိနေတဲ့ နေရာပဲလေ။

တစ်ခုခု ဖြစ်လိုက် ရှေ့ကို တစ်လှမ်းတိုးဖို့ နောက်ကို တစ်လှမ်းဆုတ်လိုက်နဲ့ ဆိုတော့ ငါ့မျက်လုံးထဲ မှာတော့ မင်းက နေရာ မရွေ့ဘဲ နောက်ဆုတ် ရှေ့တိုး လုပ်နေတဲ့ ဆင်ကြီး တစ်ကောင်ပဲ ဖြစ်နေတာ ပါပဲလား။ သူ့ကို နီးစပ်အောင် အပြင်လောကမှာ ဘာနဲ့ ဥပမာ ပေးရမလဲ ဆိုရင် ကလေးတွေ စီးစီးနေတဲ့ “ လှုပ်မြင်းရုပ် ” တွေလိုပေါ့။ သူတို့မှာ ခြေထောက်တွေ မပါဘူး။ အဲဒီအရုပ်တွေမှာ ခြေထောက် အစား လှုပ်လို့သာ ရတဲ့ အောက်ခြေကို ခပ်ပြန့်ပြန့် ပစောက်ပုံစံ အချောင်းတွေ တပ်ထားတယ်။ ဒီတော့ သူတို့ပေါ်ကို တတ်စီးသူ မှန်သမျှက လှုပ်တော့လှုပ် နေတာပါပဲ။ ဒါပေမဲ့ ဘယ်တော့မှ ခရီး မရောက်ဘူး။ လှုပ်တုပ် လှုပ်တုပ် နဲ့ပဲ ပြီးသွားတာပါပဲ။ ”

ကျွန်တော် အဲဒီလို သူ့ကို ပြောလိုက်တော့ သူက နဖူးကြောတွေ ရှုံ့ကာ အတန်ကြာ စဉ်းစားနေ၏။ နောက်တော့ တဟားဟား အော်ရယ်ပြီး . . .

“ အေးကွ . . . မင်းပြောမှပဲ ငါ့ရဲ့ ဆင် စကားပုံကြီး မှားနေတာ သတိထားမိတော့တယ်။ ဟုတ်ပကွာ ၊ ရှေ့တစ်လှမ်းလေး တိုးဖို့ နောက်တစ်လှမ်း ဆုတ်နေမှတော့ ဘယ်လိုလာ ခရီးရောက်တော့မလဲ ၊ လှုပ်ရှားမှုပဲ ရှိပြီး ခရီး မတွင်တော့ဘူးပေါ့ကွာ ”

ဟု ဝမ်းသာ အားရ ပြန်ပြောပါလေတော့သည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ရှေ့ကို တိုးစရာ ရှိတာ မတိုးဘဲနဲ့ နောက်ကို ပြန်ပြန် ဆုတ်နေသော လူမျိုးတွေ တွေ့ရ ၊ မြင်ရ ၊ ကြုံရနိုင်ပါ၏။ ထိုလူများနှင့် တွေ့သော အခါ ကျွန်တော် သူတို့ကို လှုပ်နေသော မြင်းရုပ်ကို စီးနေသော ဆင် တစ်ကောင်ကို မြင်ယောင်ကာ ပုံဖော်ထားလေ့ ရှိပါသည်။

ပြောမဲ့သာ ပြောရတာပါ။ ထိုဆင် ခဗျာမှာလည်း အတော်ကို ဒုက္ခကြီးမားလှပါသည်။ သူ့ရဲ့ မတန်တဆ ခန္ဓာကိုယ်ကြီးဖြင့် မြင်းပေါ် တတ်ထိုင်နေရသောကြောင့် သူတို့ကို ကျွန်တော် အလွန်ပင် စိတ်ကူးထဲမှာပင် သနားနေ မိပါသေးသည်။ သူတို့ဘဝတွေသည် . . .

“ လှုပ်တုပ် . . . လှုပ်တုပ် ” မျှသာ ဖြစ်သည်။


- နွားစာပင် -


ကျွန်တော့်မှာ သူငယ်ချင်း တစ်ယောက် ရှိပါသည်။ သူသည် သူလုပ်နေသော အလုပ်တစ်ခုကို တစ်ယောက်ယောက်က အပြစ်တင်သော အခါ ၊ တစ်ယောက်ယောက်က မကဲ့ရဲ့သော အခါမှာ သူ့ရဲ့ လက်ကိုင် ဆောင်ပုဒ်ကို ဖွင့်ဟလေ့ ရှိသည်။ ထိုဆောင်ပုဒ်၏ မူရင်းသည် ဘယ်က လာလဲ ကျွန်တော် မသိပါ။ သူကတော့ ဒီဆောင်ပုဒ်သည် “ စကော့တလန် ဆောင်ပုဒ် ” ဖြစ်သည် ဟု ဆိုပါသည်။

“ နွားတွေက ပြောတယ်။ လူတွေဟာ မြက်ရဲ့ အရသာကို မသိဘူး . . . တဲ့။ ”

ကျွန်တော့် သူငယ်ချင်း သုံးစွဲသော စကားပုံလေးက ဒီလောက်ပဲ ရှည်ပါ၏။ အတော်အတန်လည်း အတွေးအခေါ် ပါပါသည်။ နွားတွေ စားနေသော မြက် ဆိုတာလည်း နွားတွေ အတွက်တော့ အရသာ ရှိလို့ စားတာ ဖြစ်ပြီး ၊ ဒီမြက်ကို လူတွေ မစားတဲ့ အတွက် လူတွေက မြက်က မကောင်းဘူး လို့ ဆိုတာကို နွားတွေက ဒေါသထွက်လေ့ မရှိဘူး ဟု သူက ဆိုချင်ဟန် တူပါသည်။ သူက ဆောင်ပုဒ်လေးကိုသာ ပြောပြပြီး ထိုဆောင်ပုဒ်ရဲ့ အနက်ကို သူက ချပြကာ ရှင်းပြလေ့ မရှိပါဘူး။ ဒါကြောင့် တောင်ရောက် မြောက်ရောက်သာ ကျွန်တော့်မှာ ဖမ်းဆုပ်နိုင်ပါသည်။

တစ်ခါတလေ သူလုပ်နေသော ၊ သူ တီထွင်နေသော ကိစ္စရပ် တစ်ခုကို တစ်ယောက်ယောာက်က ဒါကတော့ မဖြစ်နိုင်ပါဘူး ဆိုတဲ့ အခါကျရင် သူက သူများတွေလို “ ခွေးဟောင်တိုင်း ထကြည့်ရင် အိပ်ရေးပျက်တယ် ” ဆိုသော အနည်းငယ် ထိပါးရင့်သီးသော စကားလုံးကို မသုံးစွဲပဲ သူက သူ့ကိုယ်သူ နွား အဖြစ်ခံကာ ထိုဆောင်ပုဒ်ဖြင့်သာ ချေပလေ့ ရှိပါသည်။

သူက ဒီလို ပျော့ပျော့ပြောင်းပြောင်း ပြောသော်လည်း ကျွန်တော့် အတွေးမှာတော့ မင်းတို့လည်း ဒီမြက်ရဲ့ အရသာကို သိချင်ရင် လိုက်စားကြည့်ပေါ့ကွာ ၊ ငါ့လို နွားဖြစ်အောင် အရင်လုပ်ပေါ့ ဟု ဆိုကာ စိန်ခေါ်သံများဖြင့် အတိပြီးနေသည် ဟု ခံစားမိပါသည်။ သူကတော့ အမြဲတမ်း ပြုံးလျက်သာ ပြန်ပြောပါ၏။ တကယ်လည်း သူ့ကို ဘာမှ မထိပါးသလို ဖာသိဖာသာ နေနိုင်သူလည်း ဖြစ်၏။

ဟိုတလောက သူနဲ့ ကျွန်တော် တွေ့ဖြစ်တော့ သူက သူ့ကျောပိုးအိတ်ထဲမှ စိမ်းစိမ်း အရည်များ ပါသော ဘူးတစ်ဘူးကို ထုတ်တိုက်၏။ ကွိစိကွစများဖြင့် ရေးထားသောကြောင့် သေချာ ပြုးပြဲ ကြည့်လိုက်တော့ တရုတ်စာ မဟုတ်ဘဲ ဂျပန်စာ ဖြစ်ပါသည်။ ဘယ်လိုပင် ဖြစ်နေပါစေ ဘူးပေါ်ရှိ တံဆိပ်မှာ ပြထားတာက ပင်စိမ်းစိမ်းလေးတို့မှ ထုတ်လုပ်သော အချိုရည် ဟု အကြမ်းဖျဉ်း သတ်မှတ်ကာ သူ့ကို ဒါ ဘာအချိုရည်လဲ လို့ မေးတော့ သူက “ မြက်ပင်က ထုတ်တဲ့ အချိုရည် ” လို့ ဆိုပါ၏။

“ သောက်ကြည့်စမ်းပါ ” လို့ သူက ထပ်၍ တိုက်တွန်းသောကြောင့် ဘူးကို ဒီအတိုင်းဖွင့်ကာ မောချလိုက်တော့ မြက်စိမ်းနံ့ကို လုံးဝ မရဘဲ သဘာဝ အချိုရည် ဆိုသော ဓါတု ဖြည့်စွက် အရသာ မများလွန်းသော အရသာ တစ်ခုကို ရလိုက်ပါ၏။ “ ဘယ်လို နေလဲ ၊ ကောင်းလား ” လို့ သူ့ရဲ့ ထပ်အမေးကို ကျွန်တော် ခေါင်းညိတ်ကာ အဖြေပေးလိုက်ပါသည်။ ဒီတော့ သူက သူ့ထုံးစံ အတိုင်း ခပ်ပြုံးပြုံး လုပ်ပြီး . .

“ ဒါက မြက်က ထုတ်ထားတာ ဆိုတာ မင်းကတော့ သဘောပေါက်မှာပါ။ ငါ ပြန်ရင် ဟိုကောင်တွေကို တိုက်ဖို့ ဒီအချိုရည်ဘူးတွေချည်းပဲ အလေးခံပြီး ဘူး ၂၀ တောင်မှ ဝယ်ထားတယ်။ ဒါမှလည်း နွားစားတယ် ဆိုတဲ့ မြက်ပေမဲ့ သူ့ရဲ့ အရသာကို လူတွေ သိရင် လူတွေလည်း သဘောကျမှာပါ ဆိုတာ သူတို့ သိသွားမှာပေါ့ကွာ။ နို့မို့ဆို လူတွေက မလွယ်ဘူးဟေ့ ၊ ကိုယ် မစားတိုင်း အဲ . . . မလုပ်နိုင်တိုင်း သူများ လုပ်နေတာကို တွေ့ရင် ဘေးကနေ အရသာ မသိဘဲ ကန့်ကွက် ပြောချင်ကြတယ်။

နွားတွေ ဘာလို့ မြက်ကို စားတာလဲ ဆိုတော့ နွား အတွက် ကောင်းလို့ ၊ အရသာ ရှိလို့ ၊ အဟာရ ဖြစ်လို့ပေါ့ကွာ။ မြက်တိုင်းကိုတော့ နွား မကြိုက်တာတော့ ဟုတ်တာပေါ့။ အခုလို အချိုရှည် ထုတ်တဲ့ မြက်ကိုတော့ နွားတွေ ကြိုက်မှကြိုက်ပဲ။ နွား မပြောနဲ့လေကွာ အခု လူတွေတောင်မှ အရမ်းကို ကြိုက်နေကြတာ။ ဒီအချိုရည် ဂျပန်မှာ အခုနောက်ပိုင်း အရမ်း သောက်ကြတာကွ ”

ဟု ဆိုပါသည်။ လူတွေရဲ့ လေ့လာ တီထွင်မှုကတော့ ကြောက်စရာ ကောင်းလှပါသည်။ နွားတွေ အရသာခံကာ စားသုံးသော မြက်ရဲ့ အရသာကိုတောင်မှ လူတွေပါ ခံစားနိုင်အောင် တိုးတတ်သထက် တိုးတတ်အောင် တီထွင် ကြံဆနိုင်ကြပေသည်။ တချို့လူများသည် မြက်ကို နွားစာ အဖြစ်သာ မြင်ပြီး ရပ်နေသော အခါမှာ တချို့တော့ နွားစာ အဖြစ်မှ လူစာ အဖြစ်ကို ရောက်အောင် ဆက်သွားနိုင် ကြပေသည်။

လူ့ပတ်ဝန်းကျင်မှာ သူများတွေ လုပ်နေတာကို မြင်ရင် အမြဲတမ်း အပြစ်တင် ၊ ဝေဖန် ၊ ကဲ့ရဲ့တတ်သူများ ရှိတတ်ပါသည်။ သူတို့ကို ကျွန်တော် မြင်တိုင်း မြက်မစားတော့ဘဲ လူတွေ သောက်နေသော မြက်အချိုရည်ကို လိုက်သောက် နေသော နွားများကိုသာ မြင်ယောင်နေမိပါသည်။ လူတွေရဲ့ စားနပ်ရိက္ခာ ရှားပါးမှုက နွားတွေ အပေါ်မှာပါ သက်ရောက်နိုင်တယ် မဟုတ်ပါလား။ ဒီအချိန်ဆိုရင် နွားဆိုတာ မြက်ပဲ စားရတယ် ဆိုတဲ့ လူတွေကတော့ မြက်အချိုရည်ကို သောက်နေသော နွားတွေ အစား သူတို့ “ မြက် ” တွေများ စားနေကြမလား ဟု မြက်စားနေသော လူတွေကို တလှည့် ပြန်မြင်မိပါသေးသည်။

သူတို့သာ မြက်တွေကို စားရင် မြက်ပင်အောက်ခြေမှ သဲများ ၊ ရွံ့များကိုပါ ဝါးမိပြီး “ တရှပ်ရှပ် ” နဲ့များ ရှုံ့တွတွ ဖြစ်နေမလား လို့ ကျွန်တော် မြင်ယောင်မိပါသည်။


*** ထိုအချိုရည်ရဲ့ နာမည်ကို မမှတ်မိလို့ Google ကပဲ အထက်က ပုံလေးကို ရှာတင်လိုက်ပါတယ်။ ***

ဖြည့်စွက်ချက်။ ။ 2/09/2011 01:11:00 PM Anonymous ရဲ့ ကူညီ ရေးသားထားချက် အရ ထိုအချိုရည်မှာ မြက် မဟုတ်ပါ။ စပါး မျိုးနွယ် တမျိုး ဖြစ်ပါသည်။ Aojiru ဟုဂျပန်လို့ ခေါ်ပါသည်။ http://www.aojiruusa.com/ မှာ ဝင်ရောက် လေ့လာနိုင်ပါသည် လို့ ဆိုပါတယ်။ ကျွန်တော်ကလည်း ဂျပန်လို မဖတ်တတ်တော့ သူငယ်ချင်း ပြောသလောက်ပဲ သိရတာပေါ့လေ။ မြက် မဟုတ်ဘဲ ၊ စပါးပင် ဆိုတော့လည်း ခြောက်သွားရင် “ ကောက်ရိုး ” ဖြစ်ပြီး နွားစားတာပဲ ဆိုတော့ ကျွန်တော်လည်း အထဲက စာသားတွေ မပြင်တော့ဘဲ ခေါင်းစဉ်ကိုသာ “ နွားစာပင် ” လို့ ပြောင်းလိုက်ပါတယ်။ မြက်ရော ၊ စပါးပင် ( ကောက်ရိုး ) ရော နွားစာတွေပဲ မဟုတ်လား။ ဖြည့်စွက်ပေးတဲ့ အတွက် Anonymous ကို ကျေးဇူးတင်ပါတယ်။



မှတ်ချက်။ ။

ဒီဘုံဘဝမှာ ကြုံဆုံရတဲ့ သူငယ်ချင်းတွေနဲ့ အဖြစ်အပျက်လေးတွေကို ဘာစိတ်ကူးမှ မရှိဘဲ ချရေးလိုက်တာပါ။ နေမကောင်း ဖြစ်လို့ နားကောင်းကောင်းနဲ့ နားလိုက်တာ စာကို ရေးချင်စိတ်ပါ မရှိ ဖြစ်သွားတယ်။ ပြီးတော့ လက်ဆောင်ရထားသော စာအုပ်တွေ ၊ ဝယ်ထားတဲ့ စာအုပ်တွေ ၊ အွန်လိုင်းက စာအုပ်တွေကလည်း များသထက် များလာပြီး စာကြွေးတွေ ဖြစ်နေလို့ ဒီစာတွေ ဖတ်တာ များနေလို့ စာကို သိပ်ရေးချင်စိတ် မရှိတော့ သလို ဖြစ်သွားတယ်။ စိတ်ပါလာရင်တော့ ရေးလက်စတွေ လက်စသတ်ဖို့ အများကြီး ရှိပါသေးတယ်။ ရေးပါ့မယ်။

ကျန်းမာ ပျော်ရွှင်ကြပါစေ။


လေးစားစွာဖြင့်
ကိုဇော်

Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

Maung Maung said...

လှုပ်ရှားနေသောဆင်...အပိုဒ်ကို ကြိုက်တယ်..

နေ၀သန် said...

ခြုံပြီးပြောချင်သွားတာကတော့ ရှုထောင့်ပေါင်းစုံကကြည့်တတ်ဖို့ပါပဲ.. ရှုထောင့်တစ်ခုတည်းကကြည့်ပြီး ဖင်ပိတ်ငြင်းတာထက် ဘက်ပေါင်းစုံကကြည့်ပြီး လေ့လာသင့်ပါတယ်...

ခင်မင်တဲ့
နေ၀သန်

ahphyulay said...

အင်း ..
စမှတ်နဲ့  ဆုံးမှတ် နဲ့  တစ်မှတ်ထဲ၊ တစ်ထပ်ထဲ ကျ
နေလို့  လှုပ်ရှားမှုက ဇီးရိုး ဆိုတာ တော့  လက်ခံ ပါတယ်။
တစ်နေ့ တာမှာ သူ့ ရဲ့  ဇောအဟုန်နဲ့  ခြေသလုံးတောင့် 
သွားအောင် လျှောက်ခဲ့ ၊ ရောင်းခဲ့ ရတဲ့  ခရီးနဲ့ 
ပဲပြုပ်အချိန်တွယ်တွေကတော့  ....။

kiki said...

ရူပ သဘောအရ အလုပ် မဖြစ်တာ က လက်တွေ့ မှာ ရွှေပြည်သားတွေ အတွက် အကျုံးဝင်နေဆဲ ပါလေ ။

နွားတွေတော့ သနားပါတယ်.. စားကျက်လုခံနေရပြီလေ။

ကိုဇော်လည်း အိုင်းစတိုင်း ဝင်စား တာလားမသိနော်.. တွေးလွန် လွန်း တယ်...း))

Anonymous said...

ပြောတော့သာ ရေးချင်စိတ်မရှိတာ ..
ခုတစ်လော
ကိုဇော့် ပို့စ်တွေ ချည်းပဲ တတ်နေသလားလို့ .. :D

ဒီပို့စ်လည်းဖတ်သွားပါတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

မြက် မဟုတ်ပါ
စပါး မျိုးနွယ် တမျိုး ဖြစ်ပါသည်
ဖတ်ရှုသူ များ အ ထင်မလွဲစေလိုပါ
ကျေးဇူးတင်ပါသည်
Aojiru ဟုဂျပန်လိုခေါ်ပါသည်

Anonymous said...

စိတ်ဝင်စားသူများ အောက်ပါ Web site တွင် ဖတ်ရှု နှိုင်ပါကြောင်း...

http://www.aojiruusa.com/

သဒ္ဓါလှိုင်း said...

ကိုဇော်ရေ..
ပဲပြုတ်ရောင်းတဲ့အဒေါ်ကြီးကို မျက်လုံးထဲမြင်ယောင်ကြည့်မိပါတယ်.။
ရွေ့လျားမှုမရှိလို့အလုပ်မပြီးမြောက်ဘူးလို့သာ သိခဲ့ရင်...
နေကောင်းသွားပြီလား.......
ခင်မင်တဲ့
သဒ္ဓါ

An Asian Tour Operator said...

နေရာတက ဖစ်ဆစ် အကြည့်နဲ့ ကြည့်နဲ့လေ..။ :))

ရွှေရတုမှတ်တမ်း said...

ပဲပြုတ်သည် အိုင်စတိုင်း လာပါအုန်းဗျို့

Nge Naing said...

ရူပဗေဒ သဘောတရားဆိုလို့ နေစင်္ကြာဝဠာကြီး တခုခုဖြစ်တော့မယ်ဆိုတဲ့ သပ္ပံပို့စ်တခုခုများ တင်ထားလားလို့ လာကြည့်တာ လွဲသွားပြီ။ လက်စပ်သပ်တော့ ပဲပြုတ်သည်ရဲ့ အလုပ်ကို ခွဲခြမ်းစိတ်ဖြာထားတာကိုး။ ဖတ်ရတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

ကိုဇော် said...

2/09/2011 01:11:00 PM
Anonymous သို့

အခုလို ရှင်းပြတာ ကျေးဇူးပါပဲ။ ကျနော်က ကောက်တိကောက်ကွေး ဂျပန်လိုတွေ မဖတ်တတ်ဘူးလေဗျာ။ သူပြောသလောက်ပဲ သိတာ ဆိုတော့။ သူကလည်း သင်္ဘောသီး ဆိုတော့ ဒီလောက်ပဲ တတ်ရှာမှာပေါ့။ စာရှု့သူတွေ အထင်မလွဲစေရန် ဖြည့်စွက် ရေးလိုက်ပါ့မယ်။ နွားစားသော မြက် မဟုတ်ဘဲ စပါးပင် ဆိုပြီးတော့ပါ။ အင်း . . စပါးပင်က ထွက်တာ ဆိုတော့ ခြောက်သွားရင် ကောက်ရိုးလို့ ခေါ်လို့ ရတာပဲပေါ့နော်။ သိပ်တော့ မထူးပါဘူးလေ ကောက်ရိုး ဆိုတာလည်း နွားစားတာပါပဲ။ အခုလို ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။

အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

rose said...

ကိုဇော်ရေ... စာလေး လာဖတ်ပါတယ်။ အတွေးအခေါ်လေးတွေ ပေးတဲ့ ပို့စ်လေးမို့ သဘောကျမိတယ်။ နောက်ဆုံး အပုဒ် ဖြစ်တဲ့ နွားစာပင်ကို အနှစ်သက်ဆုံးပဲ။

Anonymous said...

ဖွားကိပြောသလိုပဲ
ကိုဇော်လည်း အိုင်းစတိုင်း ၀င်စားတာလားမသိ


Baby taster

အင်္ဂါဟူး said...

လှုပ်မြင်းရုပ်ပေါ်မှာ စပါးအချိုရည်ထိုင်သောက်ပြီး အလုပ်ပြီးမြောက်ချင်တာ.. ဒါပေမယ့် ဒီမှာ စာရင်းတွေ ပုံနေတော့ လစ်လိုက်ဦးမယ် ဦးဇွတ်ရယ်။


ဒီမှာတော့ လူကမရွေ့ပဲ လက်တွေ လှုပ်နေရင် အလုပ်ပြီးသဗျ။

ခနွဲ said...

ကိုဇော်ရေ။ ကျွန်တော်တော့ ပြန်လိုက်လာတယ်။ ကင်းတယ်နော့။ အခုမှဘာနဲ့တူနေသလဲဆိုတော့ လက်ထပ်ခါနီးစုံတွဲတွေ ဆေးစစ်နေသလိုပဲ ပြောစရာရှိရင် ကင်းတယ်နော့ ဆိုတာလေးပါ ထည့်ပြောရတယ်။ အဟီး။
အဲ..ပဲပြု ကို အကြိုက်ဆုံးပဲဗျ။ ကျွန်တော်ငယ်ငယ်က တွေးမိသေးတယ်။ အမေ အိမ်ကနေထွက်သွားတယ်။ အလုပ်လုပ်တယ်။ အိမ်ပြန်ရောက်လာတယ်။ ပိုက်ဆံပါလာတယ်။ အဲဒါကို ရူပဗေဒက ဘာလို့ အလုပ်မဖြစ်မြောက်ဖူးလို့ ပြောပါလိမ့်လို့လေ။

ချမ်းလင်းနေ said...

အိုင်းစတိုင်း ပဲပြုတ်ရောင်းတာပဲ ပြေးပြေး မြင်မိတယ်။အတွေးကင်းကင်းနဲ့ဖတ်သွားတယ်။ ဆက်တွေးနေရင် အတွေးထဲပဲ လိုက်မျောပြီး စာတွေ လိုက်မဖတ်နိုင်တော့မှာ စိုးလို့။
သဘောကျတယ်ဗျာ။ ရူပဗေဒ ဒဿန တွေကိုပေါ့။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.