မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


24 May 2011

14 စပ်မိစပ်ရာ ဘာညာကွိကွ ( ၃ )





နိဒါန်း 

တစ်ကွက် . . .
နှစ်ကွက် . . .
သုံးကွက်. . .
ခြေစုံချ . . .
ပြီးတော့ . . . နောက်ထပ် . . .
တစ်ကွက် . . .
နှစ်ကွက် . . .
ခြေစုံချ . . .
နောက်ပြန် ခုန်လှည့် . . .
တစ်ကွက် . . .
နှစ်ကွက် . . .
ခြေစုံချ . . . .
တစ်ကွက် . . .
နှစ်ကွက် . . .
သုံးကွက် . . .
အောင်မြင်ပြီ။
ဒိုးပြားလေးကို ချိန်ကာ ဆကာနဲ့ နောက်ထပ် တစ်ကွက်ကို ပစ် . . .။
ဒီလိုနဲ့ပဲ ကျွန်တော် ငယ်ငယ်က “ ကုလားမစည်း ” နင်းခဲ့ဖူးပါသည်။



( VI )

“ အခု . . . နောက်ထပ် အသက်ရှင်ဖို့ ၅ မိနစ်ပဲ အချိန်ကျန်တော့မယ် ဆိုရင် ကိုကြီး ဘာလုပ်မလဲ။ ”

လို့ ဟိုနေ့က ကျွန်တော့် ညီမက မေးပါ၏။ ၅ မိနစ် ဆိုတဲ့ အချိန်က အလွန်နည်းပါသည်။ သိပ်များများစားစား စဉ်းစားနေဖို့ အချိန် မရှိပါ။ ဒါကြောင့် မြန်မြန်ထက်ထက် စဉ်းစားကာ အဖြေပေးရပါ၏။ စဉ်းစားနေတာ အချိန်ကြာသွားတာနဲ့ လုပ်စရာ အချိန် မရှိဘဲ ဖြစ်သွားနိုင်ပါသည်။

၅ မိနစ် . . .

၅ မိနစ် . . .

၅ မိနစ် . . .

အရမ်းကို တိုတောင်းလွန်းတဲ့ အချိန်လေးပါ။ ဒီလောက်ပဲ ရတဲ့ အချိန်မှာတော့ ငါ ဟိုဟာ မလုပ်ရသေးဘူး။ ငါ ဒီဟာ လုပ်စရာ ရှိသေးတယ် ၊ ငါ ဟိုဟာက မဖြစ်မနေ လုပ်ရမှာ ဆိုပြီး လုပ်စရာတွေကို စဉ်းစားတာနဲ့တင် အချိန်က ကုန်သွားနိုင်ပါသည်။ ဒါကြောင့် ဒီလို ဘဝမှာ အသက်ရှည်ဖို့ ၅ မိနစ်ပဲ အချိန်ကျန်တော့တယ်ဆိုရင် ဘာကတော့ မလုပ်ရသေးဘူး ၊ ဘာကတော့ လုပ်သင့်တာ ဆိုပြီး တွေးတော ပူပန်နေဖို့ကို အချိန် မရှိတော့ပါဘူး။

ကျွန်တော့်အတွက် ဘဝမှာ ရှင်သန်ဖို့ အချိန် ၅ မိနစ်လေးပဲ ကျန်တော့တယ် ဆိုရင်တော့ ကျွန်တော် ဟိုဟာ မလုပ်ရသေးဘူး ၊ ဒါကတော့ လုပ်ရဦးမယ် ၊ ဒါကတော့ လုပ်သင့်တယ် ဆိုပြီး တွေးတော ပူပန် မနေတော့ပါဘူး။ ကျွန်တော် လက်ရှိလုပ်နေတဲ့ အလုပ်ကိုပဲ အကောင်းဆုံး ဖြစ်အောင် ဆက်လုပ်သွားချင်ပါသည်။

ဒါဆို ကျွန်တော့်ဘဝရဲ့ နောက်ဆုံးအချိန်ဆိုတဲ့ ၅ မိနစ်က ပြည့်စုံပါပြီ။ ဟော  . . . ပြောရင်း ဆိုရင်း  . . . .

“ ဒေါင် ” . . . .

ပြည့်ပြီ။



( V )

နည်းနည်းပေါ့ဗျာ။ ရူပဗေဒရဲ့ သဘောတရားလေး တစ်ခုကို နည်းနည်းလောက် ပြောကြည့်ကြရအောင် . . ။

ရူပဗေဒရဲ့ သဘောတရားထဲမှာ အရာဝတ္ထုတစ်ခုကို အပေါ်ကို မြှောက်တင်လိုက်မယ် ဆိုရင် သူဟာ သူ့ရဲ့ အရှိန်ရှိတဲ့ အတိုင်း အပေါ်ကို တတ်သွားမှာပဲ ဖြစ်ပါသည်။ တတ်ရင်း တတ်ရင်းနဲ့ နောက်ဆုံးသော အခြေအနေမှာ အပေါ်ကို အရှိန်နဲ့ တတ်သွားတဲ့ အရာဝတ္ထုက အခြေအနေ တစ်ရပ်မှာ ရပ် ( တန့် ) သွားတယ်လို့ ယူဆရပါသည်။ ( နည်းနည်းပြောပါရစေ ) ရူပဗေဒရဲ့ သဘောတရားမှာ “ ဒီလို ဖြစ်ပါတယ် ” ဆိုတာထက် “ ဒီလို ယူဆပါတယ် ” ဆိုသော စကားကို ပိုပြီးတော့ သုံးတတ်ကြပါသည်။

ဒီလို အထက်ကို အရှိန်နဲ့ တတ်သွားတဲ့ အရာဝတ္ထုလေးက တတ်ရင်း တတ်ရင်းနဲ့ နောက်ဆုံး အခြေအနေမှာ အပေါ်ကို တတ်ဖို့ အရှိန်မရှိတော့တဲ့ အချိန်မှာ ခဏလေး တန့်သွားပါတော့၏။ ရပ်သွားခြင်း မဟုတ်ပါ။ ရပ်တယ် ဆိုတာနဲ့ တန့်တယ် ဆိုတာ လုံးဝကို မတူပါ။ ဒီလို တန့်သွားတဲ့ အချိန်မှာ အရှိန်က မရှိတော့ပါဘူး။ ဒါကြောင့် ဒီအခြေအနေကို မူတည်ပြီးတော့ ရူပဗေဒ ပုစ္ဆာတစ်ခုကို တွက်မယ် ဆိုရင် သုည ဟု ယူဆက တွက်ကြပါသည်။

တွက်ကြမယ် ဆိုတဲ့ အခါမှာ ပုစ္ဆာတစ်ခုရဲ့ အခြေအနေအရ “ ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား ” ( + , - , x , / ) ဆိုတဲ့ အခြေအနေတွေနဲ့ တွက်ထုတ်တဲ့ အခါမှာတော့ ထိုအခြေအနေလေးက အခြေအနေ ပြောင်းသွားပါတော့၏။
  • ပေါင်းခြင်းကို သုံးပြီး ပုစ္ဆာတွက်တဲ့ အခါမှာ သူ့ရဲ့ သုညတန်ဖိုးကို ထည့်သွင်းတွက်ချက်မှု မရှိသလောက် တခြားသော ဂဏာန်း ပုစ္ဆာများကို အေးဆေးစွာ တွက်ထုတ်သွားယုံပါပဲ။ 
  • နုတ်ခြင်းကို သုံးပြီး ပုစ္ဆာတွက်တဲ့ အခါမှာတော့ သူ့ရဲ့ တန်ဖိုးဟာ အရှေ့အနောက်ကို လိုက်ပြီးတော့ တန်ဖိုးက လက္ခဏာ ပြောင်းသွားလေ့ ရှိပါသည်။
  • စားခြင်းကို သုံးပြီးတော့ ပုစ္ဆာတွက်တဲ့ အခါမှာတော့ သူ့ရဲ့ တန်ဖိုးက အံ့သြဖို့ ကောင်းစွာ သူ့ကို မူတည်ပြီး စားရင် အဖြေက သုည ( 0 ) ပဲ ရပြီးတော့ သူကနေပြီး သူများကို စားရင်တော့ ( * ) သာ ထွက်ပါသည်။ ( တွက်ကြည့်ပါ။ )
  • အမြှောက်ကို သုံးပြီးတော့ ပုစ္ဆာတွက်တဲ့ အခါမှာတော့ သူ့ကို အရှေ့မှာပဲ ဖြစ်ဖြစ် ၊ အနောက်မှာပဲ ဖြစ်ဖြစ် ဘယ်နေရာမှာ ထားပြီးတော့ တွက်တွက် သူ့ရဲ့ အဖြေက သုည (0) ပဲ ထွက်ပါတော့သည်။ 
  • သို့သော် ထူးဆန်းတာ တစ်ခုကတော့ သူက ထပ်ကိန်းဆိုတဲ့ နေရာကို ရောက်သွားရင် ထိုအဖြေက  . . . . .  . . ??????
ဒီလိုပါပဲ။ ဘာရယ် မဟုတ်ပါဘူး။ အပေါ်ကို တတ်သွားတဲ့ အရာဝတ္ထု တစ်ခုရဲ့ အရှိန်ကုန်သွားခြင်း ( သုည ) ဆိုတာကို ကျွန်တော် သိပ်ပြီးတော့ ဘဝင်မကျ ဖြစ်ပါသည်။ ပြီးတော့ ထိုကဲ့သို့ အရာတွေရဲ့ ပြောင်းလဲမှုတွေကို မုန်းပါသည်။



( IV )

ကျွန်တော့်ရဲ့ နှမ ( ညီမ ) အလတ်မ အကြောင်း နည်းနည်းတော့ ပြောပြချင်ပါသည်။ သူက အတော်ကို အေးဆေးတဲ့ လူတစ်ယောက်လို့ ပြောလို့ရပါ၏။ သွက်သွက်လက်လက်နည်းပြီး လှုပ်ရှားမှု အတော် နှေးကွေးသူပါ။ ဒါပေမဲ့ စကားတွေ တတ်ပါတယ် ၊ စကားလုံးတွေ အသစ်အဆန်းတွေကို အရမ်းသုံးတတ်ပါတယ် ဆိုတဲ့ ကျွန်တော်နဲ့ ၊ စာတွေ ဖတ်ပြီး အရမ်း ဆရာလုပ်တဲ့ အငယ်ဆုံး ညီမကို သူပြောလိုက်တဲ့ စကားလုံးတွေ ကြားလိုက်ရရင် ပက်လက်လန်သွားလေ့ ရှိ၏။

ဟိုးအရင်က သူနဲ့ စကားပြောနေတယ် ဆိုရင် ထုံးစံအတိုင်း သူ့ကို ဟိုဟာ ဝယ်ပေးမယ် ၊ ဒီဟာ ဝယ်ပေးမယ် ဆိုပြီး ပြောမိတယ် ဆိုပါစို့။ သူကလည်း မှတ်ထားမှာပါပဲ။ နောက်တော့ ဝယ်ပေးဖြစ်တာ ရှိသလို ၊ မဝယ်ပေးမိတာလည်း ရှိမှာပါပဲ။ ဒါကို သူက မှတ်ထားပြီးတော့ နောက်ထပ်တစ်ခါ ဒီလိုပဲ ပြောမိရင် ကျွန်တော့်ကို ပြောလေ့ ရှိတာက “ အင်း . . . ဟိုးရှေးရှေးတုန်းက ဆိုပြီး . . .  ပုံပြောပြန်ပြီ ”  ဆိုပြီး ပြန်ပြောလေ့ရှိသည်။ ထိုစဉ်က “ ပုံပြောတယ် ” ဆိုတဲ့ စကားက ခေတ်မစားသေးပါဘူး။ ဒါပေမဲ့ သူကတော့ အဲဒီကတည်းက စသုံးနေတာပါပဲ။

တစ်ခါတလေ မောင်နှမတွေ စကြ နောက်ကြပြီးတော့ သူ့ကို ကျွန်တော်က လည်ပင်းညှစ်သလိုနဲ့ နောက်ပြီးတော့ သူ့လည်ပင်းကို ညှစ်ကိုင်ရင်း “ ငါ့ကို ကြောက်ပြီလား ” ဘာညာဆိုပြီးတော့ စလေ့ရှိ၏။ ဒီလို အချိန်ဆိုရင် သူက အလွန်ယားတတ်လေတော့ တွန့်လိမ်နေလေ့ ရှိ၏။ ပြီးတော့ သူ့လည်ပင်းကို ညှစ်ထားသော ကျွန်တော့်လက်ကို ပြန်ရုန်းလေ့ ရှိသည်။ ဒီအချိန်ဆိုရင် ကျွန်တော်ကလည်း သူ့ကို နောက်ပြီးတော့ “ မှတ်ပြီလား ၊ မင်း ဘာကောင်လဲ ၊ ငါ ဘာကောင်လဲ သိပြီလား။ ” ဆိုပြီး နောက်လေ့ ရှိပါသည်။ ဒီအချိန်မှာတော့ ဒီစကားက အတော်ကို အသုံးများသော စကားလုံး ဖြစ်နေပါပြီ။

ကျွန်တော်က သူ့ကို ဒီလို စနောက်ရင်း “ မင်း ဘာကောင်လဲ ၊ ငါ ဘာကောင်လဲ သိပြီလား။ ” ဆိုကာ လည်ပင်းကို ညှစ်ထားတော့ သူက ရုန်းရင်း ကန်ရင်းနဲ့ ကျွန်တော့်ကို ပြန်ပြောတဲ့ စကားကို ကြားလိုက်ရတော့ သူ့ကို ချုပ်ထားတဲ့ လက်ကို ဖြေပြီးတော့ကို အားရပါးရ ရယ်မိပါတော့သည်။ သူပြောတဲ့ စကားကိုလည်း နားထောင်ကြည့်ဦးလေ။

“ ငါက ထောင်ထွက်ကွ။ ”

တဲ့။ “ မင်း ဘာကောင်လဲ ၊ ငါ ဘာကောင်လဲ ” ဆိုပြီးတော့ ယှဉ်ပြောတော့ သူက ပိုကြောက်အောင် တစ်ခါတည်းနဲ့ ပြောချလိုက်တာပါ။ သူနဲ့ ပတ်သတ်ပြီးတော့ ပြောစရာ စကားလုံး အသစ်အဆန်းတွေ အများကြီး ရှိပါသည်။ ကြုံရင် ကြုံသလို ပြောပါဦးမည်။ အခုတော့ သူ့ဆီက နောက်ဆုံးကြားရတဲ့ Update စကားလုံး တစ်လုံးကို ပြောပြချင်လို့ ကျွန်တော် ဒီလောက် အစပျိုး ရေးနေတာပါ။

ဟိုနေ့က ညီမအငယ် ရဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ကိစ္စ တချို့ကို သူနဲ့ ပြောတော့ သူ့ဆီက စကားတစ်ခုကို ထူးထူးဆန်းဆန်း အနေနဲ့ ကြားရပြန်ပါလေရော။ အရင်က ကြားမိတဲ့ စကားတွေက “ အရေးကြီးရင် သွေးနီးတယ်။ ” တို့ ၊ “ သွေးက စကားပြောတယ်။ ” တို့ပဲ ကြားဖူးတာပါ။ အခုတော့ သူက တခြားသော စကားလုံးနဲ့ ဥပမာပေးကာ ပုံပမာ ပြုပါသည်။ သူပြောတဲ့ ဥပမာ စကားလုံးက ဒီလိုပါ။

“ ဒါကတော့ ကိုကြီးရာ ၊ သွေးဆိုတာ ရေထက် ပျစ်ပါတယ်။ ”

တဲ့လေ။ သူများတွေ အတွက်တော့ မသိဘူး။ ကျွန်တော့် အတွက်တော့ တော်တော် တွေးစရာ ဖြစ်သွားတာပါပဲ။ ဟုတ်တယ် သွေးဆိုတာ ရေထက်  ပျစ်၏။ ရေဆိုတာက လျောခနဲပါပဲ။



( III )

“ ကိုဇော် . . . မြတ်ပါ။ မှတ်မိလား။ ”

ဆိုပြီးတော့ ဟိုတစ်နေ့က ကျွန်တော့်ရဲ့ Facebook ( ဖဘ ) ရဲ့ ပုံတစ်ခု အောက်မှာ လာရေးပါသည်။ သူက မှတ်မိလား ဆိုပေမဲ့ ကျွန်တော် လုံးဝ မမှတ်မိပါ။ ဒါကြောင့် စဉ်းစားရပါတော့၏။ ဘယ်သူပါလိမ့်။ စုစုမြတ် လား ၊ မြတ်စန္ဒီ လား ၊ မြတ်မြတ်မိုး လား ၊ မြတ်သူဇာဝင့် လား ၊ မြတ်နန္ဒာတင့် လား . . . . လား . . . လား ပေါင်းများစွာနဲ့ စဉ်းစားလိုက်တာ သူငယ်ချင်းတွေ နာမည်သာ မှတ်မိသလောက်တွေ ကုန်သွားပါ၏။ သို့သော် သူက မေးထားသလို မမှတ်မိပါ။ သူကတော့ ကျွန်တော့ကို မှတ်မိနေတာ သေချာသလို ရှိ၏။

“ မြတ်လို့သာ ပြောတယ်။ မှတ်မိလားသာ ဆိုတယ်။ ကျွန်တော် မမှတ်မိဘူးဗျ။ မြတ် ဆိုတာကို ကျွန်တော် မသိဘူး။ စဉ်းစားမရဘူး။ ”

ဆိုပြီး ကျွန်တော် ပြန်မေးရပါတော့၏။ ဒါပေမဲ့ သူက ကျွန်တော့်ကို မဖြေပါ။ ဒီလိုနဲ့ နောက်ထပ် ၃ ရက်လောက်နေတော့မှ ကျွန်တော်တင်သော Status တစ်ခုရဲ့အောက်မှာ တင်ပြီးပြီးချင်း သူက လာပြီးတော့ ရေးပြန်ပါ၏။

“ ကိုဇော် . . . မြတ်ပါ။ မှတ်မိလား။ ”

ဟော လုပ်ပြန်ပါပြီ။ ဒါပေမဲ့ ကျွန်တော်ကလည်း မမှတ်မိပါဘူး။ သူ့နာမည်ကိုကြည့်လိုက်တော့လည်း ကျွန်တော် ကြားဖူးတဲ့ နာမည် မဟုတ်။ အရှေ့က အင်္ဂလိပ် နာမည်ကို ယူထားပြီးတော့မှ အနောက်က “ မြတ် ” ဆိုတာသာ ပါလေ၏။ ဒါကြောင့် ကျွန်တော့် သူငယ်ချင်း ဖြစ်နေရင်တောင်မှ သူ့နာမည်ကို ကျွန်တော် မသိတော့ မမှတ်မိနိုင်။ ဒီတော့ သေချာအောင် မေးရပါတော့မည်။

“ မမှတ်မိပါဘူး ခင်ဗျား။ မြတ် ဆိုတာကသာ မြတ်ပါ . . . မြတ်ပါ လာလုပ်နေတာ။ ကျွန်တော်က မမှတ်မိဘူး။ ဘယ်သူလဲ သေချာ ပြောပြပါ။ ”

ဒီလို ကျွန်တော်က မေးမှပဲ ကျွန်တော် သေချာ သိရတော့မှာ မဟုတ်ပါလား။ သူ့ကို ဒီလို ရေးထားကာ ပြန်မေးထားပြီးတော့ ကျွန်တော် သူ့နေရာကို သွားရာ သူ ဘယ်သူလဲ ဆိုပြီး သွားကြည့်မိပါ၏။ သူ့ရဲ့ ဓါတ်ပုံ တင်ထားတာလည်း မတွေ့။ သူ့ရဲ့ အကြောင်းကိုလည်း မတွေ့။ နောက်ဆုံး သူ့မြန်မာ နာမည်တောင်မှ သေချာ မတွေ့။ ဒီတော့ သူ ဘယ်သူလဲ ၊ ကျွန်တော့်ရဲ့ သူငယ်ချင်း ၊ မိတ်ဆွေ ၊ အသိဟောင်းလား ဆိုတာ ကျွန်တော့်မှာ ဘယ်လိုမှ စဉ်းစားလို့ မရဘူး ဖြစ်နေပါတော့သည်။

ဒီအချိန်မှာပဲ သူက အပေါ်မှာ မေးထားတဲ့ ကျွန်တော့် စာကို အကြောင်းပြန်လာပါသည်။

“  မြတ်က ကိုဇော့်ရဲ့ အခုမှ ခင်မဲ့ မိတ်ဆွေသစ်ပါ။ ”

တိန် ခနဲ နေအောင် ကျွန်တော် တင်းသွားမိပါသည်။ ဘယ်နှယ့် အခုမှ ခင်မဲ့ မိတ်ဆွေကလဲ . . . . ကတောက်. . . . ။

“ ဘယ်နှယ့်ဗျာ။ အခုမှ ခင်မဲ့ မိတ်ဆွေသစ်ကို မှတ်မိလား . . . မှတ်မိလား . . . ဆိုတော့ ဘယ်လိုလုပ် မှတ်မိမလဲ။ ခင်ဗျားဗျာ အူကြောင်ကြောင်နဲ့။ တစ်ခါလာလည်း မြတ်ပါ. . . . မြတ်ပါ . . . မှတ်မိလား ဆိုတော့ . . ၊ မသိရင်ဘဲ အရင်ကပဲ ခင်ဖူးသလိုလို ၊ တွေ့ဖူးသလိုလို ၊ ကြုံဖူးသလိုလို ၊ ဆက်သွယ်မှုတွေပဲ ရှိနေသလိုလိုနဲ့။ မသိတဲ့ လူတွေသာ ဒီစာကို ဖတ်မိရင် ဘယ်လိုတွေ ထင်ကြမလဲ။ ”

လို့ ပြန်ရေးလိုက်မိပါတော့သည်။ ဒီတော့ သူက . . . .

“ မိတ်ဆွေသစ်လေ။ အခုမှရော စပြီး ခင်တော့ရော မရဘူးလား။ ဒီလိုတွေ ဆိုရင် ရှင့်ကို ခင်တာတွေ အားလုံးကလည်း အပေါ်ယံတွေပဲ ဖြစ်လိမ့်မယ်။ ရှင့်မှာ မိတ်ဆွေစစ် ၊ မိတ်ဆွေမှန် ရှိလာမှာ မဟုတ်ဘူး။ ”

လို့ ဆိုပါတော့သည်။ သူနဲ့ပဲ မိတ်ဆွေစစ် ဖြစ်အောင် ကျွန်တော်ကို “ ကိုဇော် . . . မြတ်ပါ ၊ မှတ်မိလား ” ဆိုပြီး လာမေးရင် ကျွန်တော်က သိလည်း မသိဘဲနဲ့ မှတ်မိသလိုလို ဟန်ဆောင် လိုက်ပြီးတော့ “ ဟုတ်ကဲ့. . . မှတ်မိပါတယ်။ ဒါပေမဲ့ သိတော့ မသိဘူး။ ဘယ်သူ့ကိုမှတော့ ပြန်မပြောပါနဲ့နော် ” ဆိုပြီး လုပ်ရတော့ မလိုလို။ ဘယ်လိုကြီးမှန်းကို မသိပါဘူးဗျာ။

ဒါနဲ့ သူ ဘယ်သူလဲ ၊ ဘာလဲ ဆိုတာကို သေချာ သိချင်လို့ သူ့ရဲ့ မျက်နှာစာကနေပြီး သူသွားတဲ့ နေရာတွေကို လိုက်ကြည့်တော့ သူက တော်တော်များများမှာ ဒီလို လိုက်လုပ်နေတာကိုး။ တချို့ကတော့ သူ့ကို ပြန်ပြီးတော့ Gmail တောင်းပြီးတော့ “ Special Account ကနေ အက်လိုက်မယ်နော် ”  တို့ ဘာတို့ သူ့ကို ပြန်ပြောထားတာ တွေ့ရပါတော့သည်။ သူဟာနဲ့ သူတော့ အဆင်တွေကို ပြေလို့။

သူ့ကို ကျွန်တော် မသိပါ။ သို့သော် ကျွန်တော့် အထင်တော့ ယောကျာ်းကြီး တစ်ယောက်ယောက်ကပဲ မိန်းကလေး တစ်ယောက်ပုံစံနဲ့ အားအားယားယား လျှောက်နောက်နေတာလား မပြောတတ်ပါဘူး။ ကျွန်တော့်မှာတော့ ကျောင်းတုန်းက သူငယ်ချင်းများလား လို့ “ မြတ် ” နာမည်တွေ ပါတဲ့ သူငယ်ချင်းတွေကို စဉ်းစားလိုက်ရတာ ခေါင်းကို ပူရော။ ဟုတ်တယ်လေ . . .သူက “ မှတ်မိလား ” ဆိုတော့ သူငယ်ချင်းဟောင်းတွေ များလားပေါ့။ အခုတော့ သူက “ အခုမှ ခင်မဲ့ မိတ်ဆွေသစ် ” တဲ့ . . .ခွိးးးးးးးးးးး။

အဲဒီလိုပါပဲဗျာ။ အခုမှ ခင်မဲ့ဟာကို မှတ်မိလား ဆိုတော့ ဘယ်လောက်များ အူကြောင်ကြောင် နိုင်လိုက်သလဲ လို့လေ။ စိတ်တွေလည်း ပျက်လို့။ ဒီအချိန်မှာပဲ အဲဒီနေရာကို နောက်ထပ် Comment တစ်ခု ဝင်လာ၏။ သွားဖတ်ကြည့်တော့ . . . .

“ ကိုဇော် . . . . နန်းပါ။ မှတ်မိလား။ ”

ဆိုပြီး ဖတ်လိုက်ရတော့တာပါပဲ။ ဟိုက် ဘယ်သူလဲ ဆိုပြီး မျက်လုံးပြူးပြီးတော့ လာရေးသူ နာမည်ကို ကြည့်လိုက်တော့မှ လာနောက်သူက “ နန်းလေပြေနု  ” ဖြစ်နေ၏။ တော်တော်ကို လေတဲ့ နေ့ပါပဲ . . . စိတ်ပိန်လိုက်တာ ပြောမနေနဲ့တော့ . . .   ဟူး . . . . 

“ ဟလို  . . . စာဖတ်သူ . . . ကျွန်တော် ကိုဇော်ပါ။ မှတ်မိလား :P ”



( II )

ဟိုတလောက သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောဖြစ်တော့ အိုစမာဘင် လာဒင်ကို အသေ ပစ်ခတ်ပြီးတော့ အဖမ်း မခံရသေးပါဘူး။ အကြမ်းဖက်မှုတွေနဲ့ ပတ်သတ်ပြီးတော့ သူနဲ့ ပြောမိတော့ သူက အကြမ်းဖက်သမား နဲ့ လူဆိုး ဆိုသူတွေရဲ့ အပေါ်မှာ သူ့ရဲ့ အမြင်တွေကို ပြောပါသည်။ ဒီအထဲကမှ တချို့သော သူဆွေးနွေးတဲ့ အချက်တွေက အလွန်ကို ကောင်းပါ၏။

“ လူဆိုးတစ်ယောက် ၊ အကြမ်းဖက်သမား တစ်ယောက်ကို ထောင်ချတယ် ဆိုတာ ဘာလို့လို့ ထင်လဲ။ ”

ဟု သူက မေး၏။ ဒီတော့ ကျွန်တော်ကလည်း ကိုယ့်အထင်ကို ပြောချလိုက်ပါသည်။

“ အပြစ်ပေးတာလေ။ သူ့ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အတွက် ထောင်ကျ ခံခိုင်းပြီးတော့ အပြစ်ကို ခံယူခိုင်းတာ။ ”

“ ဒါပဲလား။ ”

ဟု ကျွန်တော့် အဖြေ စကားပြီးတော့ သူက မေး၏။ ကျွန်တော့် အထင်တော့ ဒါပဲ လို့ ထင်သည်။

“ ဒါပဲ မဟုတ်ဘူးလား။ သူ့ရဲ့ အပြစ်အတွက်နဲ့ သူ ထောင်ထဲမှာ အပြစ်ဒဏ်ကို ခံရတယ်လေ။ ဒါပဲပေါ့။ ဘာကျန်သေးလို့လဲ။ ”

“ မဟုတ်ဘူး။ ဒါပဲ မဟုတ်ဘူး။ ကျန်သေးတယ်။ ”

“ ဘာကျန်သေးလို့လဲ။ လုပ်စမ်းပါဦး။ ”

“ တကယ်တော့ အကြမ်းဖက်သမား တစ်ဦး ၊ လူဆိုး တစ်ဦးကို အပြစ်ပေးတဲ့ အနေနဲ့ ထောင်ချထားလိုက်တယ် ဆိုတာ သူ့ကို အပြစ်ပေးယုံတင် မဟုတ်သေးဘူး။ ပြင်ပမှာ ရှိနေတဲ့ အေးဆေးစွာ နေထိုင်ကြသော လူကောင်းတွေကို ကာကွယ် လိုက်တာလို့လည်း ဆိုနိုင်တယ်။ သူသာ အပြင်မှာ ရှိနေရင် သူ့ကြောင့် တခြားသော လူကောင်းတွေ အကြမ်းဖက် ခံရပြီးတော့ များစွာ သေကြေ ကြရဦးမယ်လေ။

သူ့ကို ထောင်ချုပြီးတော့ ထိန်းချုပ်ထားမှ ပြင်ပက လူတွေ အေးဆေးစွာနဲ့ နေထိုင်နိုင်ကြမယ် မဟုတ်လား။ ဒါကြောင့် လူဆိုး တစ်ဦးကို ထောင်ချလိုက်တယ် ဆိုတာ သူ့ကို အပြစ်ပေးတာ ၄၀ % ဆိုရင် လူကောင်းတွေကို ကယ်တင်လိုက်နိုင်တာ ၆၀ % လောက် ရှိတယ်။ ဒါကြောင့် လူဆိုးကို အပြစ်ပေးလိုက်တယ် ဆိုတာ လူကောင်းတွေကို ကယ်တင်လိုက်တာလို့လည်း ဆိုနိုင်တယ်။  ”

သူ့ရဲ့ စကားဆုံးတော့ ကာတွန်းကားတွေထဲကလို ပြောရရင် ကျွန်တော့်ရဲ့ ဦးနှောက်ထဲမှာ မီးလုံးလေး တစ်လုံး ဖျတ်ခနဲ လင်းသွားပါတော့သည်။ မှန်တယ်။ အပြစ်ရှိသူကို အပြစ်ပေးလိုက်တယ် ဆိုတာ အပြစ်မဲ့သူတွေကို ကာကွယ် လိုက်တာနဲ့လည်း တူညီသည်။



( I ) 

တကယ်တော့ သေချာ စဉ်းစားကြည့်စမ်းပါဗျာ။ မျဉ်းပြိုင်နှစ်ကြောင်းဟာ အင်ဖန်နတီ ( Infinity ) လို့ ခေါ်တဲ့ နေရာတစ်ခုမှာ ထိဆုံကြတယ် လို့ ယူဆကြသည်။ ထိဆုံကြသည် လို့ လုံးဝကို မမှတ်ယူပါနဲ့။ ထိဆုံကြသည် ဟု ယူဆယုံပဲ ယူဆပေးထားပါ။ 

ဒါဆို ပြောင်းပြန် ဆက်စပ်တွေးတောခြင်း အရ ဟိုးအဝေး အင်ဖန်နတီမှာ ထိဆုံနေတဲ့ မျဉ်းတစ်ကြောင်းရဲ့ ဆုံမှတ်တစ်ခုဟာ လက်ရှိဆိုသော နေရာတစ်ခုကို ရောက်လာတဲ့ အချိန်မှာ မျဉ်းပြိုင် ဖြစ်နေလိမ့်မယ် လို့ ယူဆလို့ ရတာပေါ့။ မျဉ်းပြိုင် ဖြစ်စေရမည်လို့ မဆိုပါနဲ့။ ယူဆယုံပဲ ယူဆလိုက်ရင်ပဲ ရပါပြီ။

ဒါဆို ခင်ဗျား နဲ့ ကျွန်တော်လည်း အယူအဆ တစ်ခု မျဉ်းပြိုင် ဖြစ်နေတယ် ဆိုပါစို့။ ဒါဟာ ဝမ်းနည်းစရာတော့ မဟုတ်ပါဘူး။ အခု လက်ရှိ မျဉ်းပြိုင် ဖြစ်နေတယ် ဆိုတာ နောင်တစ်ချိန်ကျရင် ဆုံမှတ် တစ်ခုမှာ ဆုံတွေ့ရနိုင်တယ် လို့ ယူဆလို့ ရနိုင်တာပဲ မဟုတ်လား။ 

ဒီလိုပဲ။ အခု ခင်ဗျား နဲ့ ကျွန်တော် အယူအဆ တစ်ခုမှာ ဆုံမှတ်ကျပြီးတော့ ထိစပ်နေတယ် ဆိုတာကလည်း နောင်တစ်ချိန်မှာ ဘယ်လိုမှ စေ့စပ်လို့ မရအောင် အတွေးအခေါ် ၊ အယူအဆက ဝေးကွာပြီး ယှဉ်ပြိုင်မှုတွေ ဖြစ်လာနိုင်တာပဲ လို့ ယူဆလို့ ရနိုင်တာပဲ မဟုတ်လား။

ဒါဆို သေချာတယ်ဗျာ။ ခင်ဗျား နဲ့ ကျွန်တော်က အခု လက်ရှိ အချိန်မှာလား ၊ အင်ဖန်နတီ အချိန်မှာလား ဘယ်လိုပဲ ဖြစ်ဖြစ် တစ်နေရာရာမှာ ထိဆုံရင်တော့ တစ်နေရာရာမှာ ယှဉ်ပြိုင်စွာနဲ့ ကွဲလွဲနေကြရမှာပါပဲ။ ဒါကိုက ပျော်စရာပါပဲလေ။

ဘဝ ဆိုတာလည်း ဒီလိုပါပဲ။ ဒါကိုပဲ ဘဝလို့ ပြောတာ ဖြစ်မယ် လို့ ယူဆလို့လည်း ရပါသည်။



( 0 )

သူ့ကို ကျွန်တော် အဆိုတော် တစ်ယောက် ဆိုတာထက် ပိုပြီးတော့ မသိပါ။ သိလည်း မသိချင်ပါ။ သိစရာလည်း မလိုပါ။ ဒါပေမဲ့ ကျွန်တော် သိနေတယ် ဆိုတဲ့ သူ့ရဲ့ အဆိုတော် အခြေအနေလေး တစ်ရပ်မှာတော့ သူဆိုတဲ့ သီချင်း တချို့တလေကို ကျွန်တော် နှစ်သက်မိခဲ့ဖူးပါသည်။ ဒီလောက်ပါပဲ။

ဟိုတစ်နေ့က အသိတစ်ယောက်က ပေးတဲ့ လင့်ကနေ တဆင့် ဗီဒီယိုလေး တစ်ခုကို ကြည့်လိုက်ရပါသည်။ ထိုဗီဒီယိုကတော့ နိုင်ငံတော် သမ္မတကြီး ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ထိန်းသိမ်းခြင်း ခံရရာမှ ပြန်လည် လွတ်မြောက်လာသော ဇေယျာသော်ရဲ့ အင်တာဗျူး ဗီဒီယိုလေးပါ။ အရင်တုန်းက သူစကားပြောတာ ဘယ်လိုနေလဲ ကျွန်တော် နားမထောင်ဖူး၍ မသိပါ။ အခုတော့ သူ့ရဲ့ စကားပြောသံတွေက အရမ်းကို တည်ငြိမ် အေးဆေးသွားတယ် လို့ ထင်မိပါသည်။

“ သုံးနှစ် . . . သုံးနှစ်ပေါ့။ ကျွန်တော့်ကို စဉ်းစားခိုင်းထားတယ်။ အခုလို စဉ်းစားပြီးတော့မှ ကျွန်တော် ပိုပြီးတော့ သိလာပါတယ်။ ဒါကြောင့် ဒါဟာ လုပ်သင့်ပါတယ် . . . . .  . . . ”

ဆိုကာ သူက ပြောပါသည်။ ဘယ်ဟာ လုပ်သင့်တာလဲ ၊ ဘာလဲ ၊ ညာလဲ ကျွန်တော် မသိပါဘူး။ ပြောလည်း မပြောချင်ပါဘူး။ ကိုယ်နဲ့လည်း ဥာဏ်မမှီစွာနဲ့ အလှမ်းဝေးတယ် လို့ ထင်မိပါသေးသည်။ ဒါပေမဲ့ အသိပေးလို့ သွားကြည့်မိတဲ့ နေရာကနေပြီးတော့ သူပြောတဲ့ စကားကို နားထောင်ကြည့်မိပြီးတော့ သူ့ရဲ့ ဟန်ပန် ၊ ပြောပုံ ဆိုပုံတွေကို လေ့လာ အကဲဖြတ်မိတာလေးပဲ ပြောချင်တာပါ။ တခြား ဘာဘာညာညာတွေ ကျွန်တော် မသိပါဘူး။ မပြောပါဘူး။

ကျွန်တော် ပြောချင်တာကတော့ သူက အရမ်းတည်ငြိမ် ရင့်ကျက်သွားသလို ဖြစ်သွားသည်။ ပြောတာ ဆိုတာ တည်ငြိမ်ပြီး ဣနြေ္ဒ ရလာသည်။ ပိုပြီးတော့ တည်ကြည်သွားသည် ဟု ကျွန်တော် အရင်က သူပြောတာ ဆိုတာတွေကို မကြည့်ဖူးဘဲနဲ့ ကောက်ချက်ချမိသည်။

ဒါဆို . . .

မိဘ ၊ ဆွေမျိုး အသိုင်းအဝိုင်းက အလိုလိုက်ပြီးတော့ လွှတ်ထားလို့ အပြင်မှာ လွတ်လွတ်လပ်လပ် ဆိုးသွမ်း သောင်းကျန်းနေသော လူ နဲ့ ဒီလို ထိန်းသိမ်းခံရပြီးတဲ့ လူကို ယှဉ်ကာ နှိုင်းယှဉ်မိတာလေးပါ။ တခြား ဘာဘာညာညာတွေ ကျွန်တော် မတွေးမိပါ။ တကယ်လည်း သိလည်း မသိပါ။

ဒီလိုသာ ဆိုရင် ပြင်ပမှာ လွတ်လပ်စွာ နဲ့ အထိန်းအကွပ်မဲ့စွာ ဆိုးသွမ်းနေသော လူနဲ့ ပြုပြင်ပြီးသော လူကို ကွဲပြားခြားနား စေလိုက်သလို ဖြစ်သွားစေပါတော့သည်။

ဒီလိုသာ ဆိုရင်တော့ အရာရာကို သေချာ ပြန်လည် စဉ်းစားဖို့ လိုနေပြီလို့ တွေးမိပါသည်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ပိုပြီးတော့ တည်ငြိမ်ကာ သတ္တိကောင်းလာပါသည်။ ပိုပြီးတော့ ရဲရင့်လာကြပါသည်။



နိဂုံး

ကုလားမစည်းရဲ့ နောက်ဆုံးဆိုသော
ထိပ်ဆုံးကွက်ကို ရောက်တဲ့ အခါမှာ
ကိုယ့်ရဲ့ ပစ်ဒိုးပြားကို နောက်ပြန်စမ်းပြီးတော့ ကောက်ရပါတော့သည်။
ဘေးက စည်းတွေကို မထိဘဲနဲ့
အေးဆေးစွာ ကောက်လို့ ရပြီးရင်တော့  . . .
ကိုယ် ခုန်လာသော အကွက်ပေါ်ကို နောက်ပြန် ပစ်လိုက်ရတော့သည်။
ကိုယ်ပစ်လိုက်တဲ့ ပစ်ဒိုးပြားလေးက နေရာလွတ်ပေါ်ကို ကျရင်
ကိုယ့်အတွက် နောက်ထပ် အိမ်တစ်လုံးရမည်။
ဒီအိမ်ပေါ်ကို ကိုယ်က ခြေစုံချခွင့် ရှိပြီးတော့
သူများကတော့ ခြေတစ်ဘက်တောင်မှ ခြေချခွင့် မရှိတော့ဘဲ ခုန်ကျော်ကြရမည်။
ဒါပေမဲ့ . . . အခု နောက်ပြန်ပစ်လိုက်သော ပစ်ဒိုးလေးက
ရှိပြီးသား ကိုယ့်အိမ်ပေါ်ကို ကျရင် မီးလောင်တယ် ဆိုပြီး
အရင်က ရှိနေတဲ့ အိမ်လေးကို ပယ်ဖျက်ပေးလိုက်ရ၏။
သူများအိမ်ပေါ် ကျတော့လည်း သူများအိမ် မီးလောင်သည် ဟု ဆိုကာ ပယ်ဖျက်ပြန်သည်။
ပစ်ဒိုးလေး စည်းပေါ်ကျတော့လည်း ဖောင်းတယ် ဆိုပြီး
နောက်တစ်ကြိမ် ထပ်စောင့်ကာ ပစ်ရပြန်သည်။
ဒါကိုက ကုလားမစည်း ကစားနည်း ဖြစ်သည်။
ဘယ်လိုပဲ ဖြစ်နေပါစေ. . . .
ကိုယ့်ရဲ့ နယ်မြေချဲ့ထွင်မှုက
တစ်ခါတလေ ကိုယ့်နေရာ မီးလောင်ခံရနိုင်သလို . . .
တစ်ခါတလေ သူများနေရာကိုလည်း မီးလောင်ခံရနိုင်တာပါပဲ။
ဒါပေမဲ့  . . .  .
မီးလောင်ခံရမှာ စိုးလို့ ဆိုပြီး မပစ်လို့လည်း မရပြန်ဘူး။
ဘဝရဲ့ ရပ်တည်မှုကလည်း ကုလားမစည်းနင်းသလိုပါပဲ။
ခုန်ရ ၊ ခြေစုံရပ်ရ ၊ မမြင်မကန်းနဲ့ စမ်းရ ၊
မကြည့်ဘဲနဲ့ ပစ်ရ ၊ အောင်မြင်မှုရ ၊ ဆုံးရှုံးမှု ကြုံရ
ဘယ်လိုပဲ ဖြစ်နေပါစေ . . .
ပွဲမပြီးမချင်း အလှည့်ရောက်လာရင်
နောက်တစ်ကြိမ် ဒိုးပြားလေးကို ပစ်ရဦးမှာပါပဲ။


လေးစားစွာဖြင့်
ကိုဇော်
24.5.2011

Share/Bookmark

14 ယောက် ရဲ့ ထင်မြင်ချက်:

အဖြူရောင်နတ်သမီး said...

“ကိုဇော်... နမ်းပါ။ မှတ်မိလား။”....
:P

Anonymous said...

ကိုဇော် တစ်ပုဒ်စီက တွေးစရာတွေ အများကြီးရတယ်။ ဒါပေမဲ့ ဆက်ဖတ်ရင်း ဖတ်ရင်းနဲ့ အားလုံးပြီးသွားတဲ့အချိန်မှာ တွေးစရာအများကြီးက အားလုံး ရောကုန်ပြီး ဘယ်ကစတွေးရမှန်း မသိတော့ဘူး :)

မိုးယံ said...

ကိုဇော် မျောက်ပါ မွှက်မိလား။ ဟဲဟဲ... စာဖတ်သူကတော့ ကိုဇော့်ကို မှိတ်မိပါဒယ် ။ ဂြီ

ထောင်ထဲ ထည့်ထားသူက ပြန်လွတ်လာရင် ကောင်းခဲတယ်။ တစ်ခါတည်း သတ်ပစ်လိုက် အေးပါတယ်။ အခုလည်း ငကန်းသေလို့ ငဆွေ လာဦးမှာ။ အဲဒီ အဖွဲ့အစည်းပါ။

Angelhlaing(May everybody be happy and healthy! said...

အတွေးရော အရေးပါ အမြဲ လေးစားလျှက်ပါ အကို...
သြော် ဒါနဲ့ ညီမလေးပါ မှတ်မိလားအကို...:):)

မင်းဧရာ said...

ကိုဇော် ဒီပို့စ်လေးက လေးလေးနက်နက် တွေးတက်မယ်ဆိုရင် စာဖတ်သူရဲ့ ''အသိ''တွေကို တိုးတက်စေပါတယ်။

An Asian Tour Operator said...

စပ်မိစပ်ရာ အတွေး တွေထပ်ဆက် သွားပါတယ်။

chocothazin said...

ကုလားမစည်းနင်းတာလေးကို ဥပမာပေးသွားတာကို သဘောကျမိပါတယ်။

လရိပ်အိမ် said...

၆ ၊ ၅ ၊ ၄ ၊ ၃ ၊ ၂ ၊ ၁ ၊ ဝ
ဒါနဲ့ ကျွန်တော်ကိုကောမှတ်မိလား။
ဘာညာကွိကွ အကုန်ဖတ်မှတ်သွားသည်။

ခိုင်နုငယ် said...

ကိုဇော်ရေ....အပေါ်မှာဖတ်ခဲ့သည့်
တစ်ချို့နေရာလေးတွေ ကျနော့်ဥာဏ်
မမှီတော့ အရေးနောက် အတွေးမလိုက်နိုင်ဘူး။
နိဂုံးပိုင်းက ကစားနည်းကို
ထိုးထွင်းချပြသွားသည့် ကိုဇော့်ဥာဏ်အား
တကယ့်ကိုလေးစားသွားပြီဗျာ။
အောက်ဆုံးပိုဒ်လေး ကူးထားခွင့်ပြုပါ။

ကိုအောင်(ပျူနိုင်ငံ) said...

အတွေးဆန်လိုက်တဲ့ ကိုဇော် ... P

ဝက်ဆလူး said...

သွေးက ရေထက်ပျစ်ရင် .. နွားနို့ရောပြီးသောက်လေ ကိုဇော် ရဲ့ အိမ်မှာ ကိုယ်တိုင် နွားမွေးလိုက်အူး ခစ်ခစ် (ဒယ်ဒယ် သာဝ နွားနို့မှ)...

ကိုဇော် .. များပါ မှတ်မိလား ...

ကဇော် .. ငအ ကိုဇော် နန်းပါ လို့ ရေးကတည်းက မနန်းနုလေပြေမှန်း များက သိတယ် ဟက်ဟက် ... ပိန်းလိုက်တာ ထူလိုက်ထျာာာ .. ခစ်ခစ် ဘာကျန်သေးတုံး ....

mstint said...

ကိုဇော့်ရဲ့ ညီမတွေ နောက်ပြီးတော့ ဘယ်သူမှန်းမသိပဲ မှတ်မိလားလို့ မေးတဲ့ 'မြတ်' သူတို့ကိုလဲ ကျေးဇူးတင်ပါတယ် ပို့စ်တစ်ခုအဖြစ် ဖတ်ခွင့်ပေါ်လာလို့လေ။ ကုလားမစည်းကိုတော့ လူတိုင်း တစ်ကြိမ်ထက်မက နင်းဖူးကြမယ်ထင်ပါတယ်။ ဒိုးပြားလေးကိုလည်း ကိုယ့်အလှည့်ရောက်လာတိုင်း ပစ်နေကြရအုံးမှာပါ။

မေတ္တာဖြင့်
အန်တီတင့်

ဟန်ကြည် said...

မနေ့ကပဲ အိမ်ရှေ့မှာ မိန်းမနှစ်ယောက် အော်ကြီးဟစ်ကျယ်နဲ့ ရန်ဖြစ်ကြတယ်...တစ်ယောက်က ကြုံးဝါးတယ်...ငါထောင်ထဲပြန်ဝင်ဖို့ ၀န်မလေးဘူးနော တဲ့...အင်း ဆုံးမတာကို သဘောကျလို့ပဲလား...သူ့ကို ဂုဏ်တင်ပေးတယ်များ ထင်လို့လားတော့ မသိဘူးဗျာ...

KMC@ချင်းလေး said...

ကိုဇော်..မှတ်မိလားလို့တော့မမေးတော့ပါဘူး. :P. ..ကိုဇော်ရေးလိုက်သမျှတွေဟာတွေးစရာတွေ ဖြစ်လာတာကများနေလို့မမေးတော့တာပါ.. ပို့စ်ကောင်းလေးမို့လေးစားတယ်လို့ပြောပါရစေ..