မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 May 2011

20 အပြုံးများနှင့် လမ်းခွဲခြင်း



နိဒါန်း

ကျွန်တော် ငယ်ငယ်ကတည်းက ဖေဖေရဲ့ အလုပ်ထဲကို ကျောင်းပိတ်ရက် စနေ ၊ တနင်္ဂနွေနဲ့ တခြားသော ကျောင်းပိတ်ရက်တွေမှာ လိုက်သွားရလေ့ ရှိ၏။ ဘာမှ ထွေထွေထူးထူး လုပ်စရာ မလိုဘူး ဆိုပေမဲ့ ဖေဖေကတော့ အဲဒီတုန်းက ကျွန်တော့် အထင်အရ အသားကုန် မောင်းခဲ့တာပါ။ သူ့ရဲ့ အလုပ်ရုံ တစ်ခုလုံးကို တံမြက်စည်း လှည်းခိုင်းသည်။ တံမြက်စည်း လှည်းတယ် ဆိုတာများ ဆိုပြီး မထင်ပါနဲ့။ ဖေဖေ ကျွန်တော့်ကို တံမြက်စည်း လှည်းခိုင်းတာ ရိုးရိုး တံမြက်စည်းနဲ့ မဟုတ်ဘဲ ၄ လက်မလောက်သာ ရှိတဲ့ ဆေးသုတ်သော စုတ်တံတစ်ချောင်းဖြင့် လှည်းရခြင်း ဖြစ်၏။

အဲဒီတုန်းကတော့ ဖေဖေက ငါ့ကို မောင်းတယ် ၊ တမင် အနိုင်ကျင့် ခိုင်းတယ် ဆိုပြီး ဝမ်းနည်းစိတ် ဘာညာလည်း မဖြစ်မိပါဘူး။ ဘာပဲ လုပ်လုပ် စိတ်ဝင်တစား ကျွန်တော်က လုပ်တတ်တဲ့ အတွက် ပျော်နေတာပါပဲ။ နောက်ပြီးတော့ ကျွန်တော်တို့ စက်မှု လုပ်ငန်းဆိုတာ အသေးစိတ် လုပ်ငန်းတွေ အတွက် ပစ္စည်းတွေကိုလည်း အသေးစိတ်အတွက် သုံးရန် ပစ္စည်း တန်ဆာပလာ ဆိုပြီး ရှိနေတတ်ပါသည်။ ဒီပစ္စည်းတွေရဲ့ တန်ကြေးကလည်း ကြီးပါသည်။ ဒါကြောင့် တခြားသော ဖေဖေ့ရဲ့ အလုပ်သမားတွေကို မခိုင်းဘဲ ဖုန်သုတ် ၊ တံမြက်စည်းလှည်း ၊ သန့်ရှင်းရေး ကိစ္စတွေကို ကျွန်တော့်ကို ခိုင်းခြင်း ဖြစ်၏။ 

ဖေဖေ့ အလုပ်မှာ ကျွန်တော့်ကို ဒါပဲ ခိုင်းတယ် ဆိုပေမဲ့ တခြားသော တတ်သင့် တတ်ထိုက်တာများကို ပါးစပ်က ပြောဆို သွန်သင်ပါသည်။ တချို့သော အကြောင်းအချက်များကတော့ ဖေဖေ့ရဲ့ လုပ်ပုံ ကိုင်ပုံတွေကို မျက်စိဖြင့် မြင်ယုံဖြင့် လေ့လာခွင့် ရ၏။ အထူးသဖြင့် အလုပ်သမားတွေ အပေါ်မှာ ဖေဖေ ထားတဲ့ စိတ်ဓါတ် ၊ သဘောထား ၊ လုပ်ဆောင်မှု ၊ စီမံခန့်ခွဲမှု စတာတွေကို လေ့လာခွင့် ရသလို ၊ လိုရင်လည်း လိုသလို ဖေဖေက ပြောဆို သင်ပေးလေ့ ရှိ၏။ ဖေဖေ့ အပေါ်မှာ အလုပ်သမားတွေရဲ့ ထူးခြားချက်ကတော့ လက်ရှိ သူတို့ အလုပ်လုပ်နေတဲ့ အချိန်မှာလည်း အရမ်းကို လေးစား ချစ်ခင်သလို ၊ ဒီအလုပ်ကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားပြီးတဲ့ အလုပ်သမားကလည်း ဖေဖေ့အပေါ်မှာ အခင်မင် မပျက် ချစ်ခင်နေတာပါပဲ။

ဟိုတလောကလည်း ဖေဖေ့ရဲ့ အလုပ်သမားဟောင်း တစ်ယောက်နဲ့ လမ်းမှာ ဆုံမိတော့ သူက “ ဖေဖေ နေကောင်းလား ” လို့ သတိတရကို မေးရှာပါသေးသည်။ သူ အလုပ်ကနေ ထွက်သွားတာ ၁၀ နှစ်ကျော် ရှိခဲ့ပေမဲ့ ဖေဖေ့ကို သတိတရနဲ့ ချစ်ခင်နေဆဲပါပဲ။ ဒီလို တစ်ယောက်တည်းလား ဆိုတော့ မဟုတ်ပါဘူး။ အလုပ်မှာ အတူတူ လုပ်နေတဲ့ ဖေဖေ့ရဲ့ အစ်ကိုတွေ ရှိပေမဲ့ အလုပ်သမားတွေ အားလုံးက ဖေဖေ့ကိုပဲ သတိတရ နဲ့ ချစ်ခင်စွာ မေးမြန်းကြလေ့ ရှိ၏။ ထူးခြားချက် တစ်စုံ တစ်ရာ ရှိနေမယ် ဆိုတာ သိပေမဲ့ ကျွန်တော် မသိ ၊ မမြင်တတ်သေးပါ။

တစ်နေ့တော့ ဖေဖေ့ကို တိုက်ရိုက်မေးမိတော့ ဖေဖေက အလုပ်သမားတွေ အပေါ်မှာ ထားတဲ့ သူ့ရဲ့ သဘောထားနဲ့ စီမံခန့်ခွဲမှုကို ပြောပြပါ၏။

“  တချို့က အလုပ်သမားတွေကို ပိုက်ဆံ ပေးပြီး ခိုင်းနေတာပဲ ဘာဖြစ်လဲ လို့ ထင်တတ်တယ်။ ဒါပေမဲ့ တကယ်တော့ ဒီလို မဟုတ်ဘူး။ တကယ်တော့ အလုပ်သမား ဆိုပေမဲ့ ကိုယ့်အလုပ်ကို သူက ကူညီပြီး လည်ပတ်ပေးနေသူ တစ်ယောက်ပဲ မဟုတ်လား။ သူတို့ကို ပေးရတဲ့ လုပ်ခက ၁၀၀ ဆိုရင် အဲဒီ ၁၀၀ တန်တဲ့ လုပ်အားကနေ ကိုယ်ရလာမဲ့ တန်ကြေးက ၃၀၀ ဆိုလည်း ဟုတ်တယ်။ ၅၀၀ ဆိုလည်း ဟုတ်တယ်။ ဒါကြောင့် သူတို့ တစ်ယောက် အလုပ်လာမလုပ်လည်း ငါ ၁၀၀ ပဲ ထိခိုက်တယ် လို့ တွေးတာ အတော် မှားတယ်။ တကယ်ဆို ကိုယ့်မှာ လာထိခိုက်တာက သူ့ကို ပေးရတဲ့ လုပ်အားခ ၁၀၀ မဟုတ်ဘူး။ အဲဒီကနေ ဆင့်ပွားပြီးတော့ ထွက်လာမဲ့ တန်ဖိုးပဲ။ ”

“ - - - - - - - ”

“ ဒါပေမဲ့ တချို့သော အလုပ်သမားတွေမှာတော့ မကောင်းတဲ့ စိတ်ဓါတ်တွေ ရှိတတ်ပါတယ်။ ငါ ဘယ်လောက် အရာရောက်နေပြီ ၊ ငါ အခုနေ အလုပ်ထွက်မယ် ပြောရင် ငါ့ကို လက်လွှတ်လို့ မရတာနဲ့ ငါ့ကို ဖားနေရမယ် ၊ မ, နေရမယ် ၊ တောင်းပန်နေရမယ် လို့ ထင်တတ်တယ်။ ဒီတော့ အလုပ်များပါပြီ ဆိုရင် အလုပ် မဆင်းဘူး။ အလုပ်ရှုပ်နေပြီ ဆိုရင် အလုပ်ထွက်မယ် ဆိုပြီး ခြိမ်းခြောက် ပြောဆိုတတ်ကြတယ်။ ဒီလို လူတွေ အတွက် ကိုယ်က ကြိုတင်ပြီးတော့ ပြင်ဆင် ထားရမယ်။ တကယ်လို့ သူသာ အလုပ် ဗြုန်းစားကြီး ထွက်သွားရင် ဟန်မပျက် လည်ပတ်နေနိုင်အောင် သူ့နေရာမှာ တစ်ယောက် အမြဲတမ်း အဆင်သင့် ဆိုပြီး ရှိနေအောင် ပြင်ဆင်ထားရမယ်။ ”

အစရှိသဖြင့် ပြောပြပြီး လက်တွေ့ ဖြစ်လာတာတွေနဲ့ သင်ပေးခဲ့ဖူး၏။ ဖေဖေ သင်ပေးတာတွေက များလှပြီး လက်တွေ့တွေ ဖြစ်သောကြောင့် အားလုံးကို စာဖြင့် ပုံဖော် ချပြဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီလို ဖေဖေ့ရဲ့ ပြောဆို သွန်သင်မှုတွေထဲကမှ အခု ကျွန်တော်နဲ့ တိုက်ဆိုင်စွာ ထိတွေ့မိနေသော ဖြစ်ရပ် တချို့ကို ပြောပြချင်ပါသည်။



ဖြစ်ရပ် ( ၁ )

အခု တလော အလုပ်မှ လူ တချို့ ပြန်ဖို့ စီစဉ်နေကြပါ၏။ ဒီလကုန်မှာ နှစ်ယောက် ပြန်ပြီး ရှေ့လကုန်မှာ နောက်ထပ် သုံးယောက် ပြန်ကြပါလိမ့်မည်။ ဘယ်သူ မဆိုတော့ အချိန်တန် အိမ်ပြန်ကြရမှာပါပဲ။ ဒါပေမဲ့ အိမ်ပြန်ချိန်မှာ နှုတ်ဆက် ကြတဲ့အခါမှာ ဘယ်လိုများ လုပ်ဆောင်မိတတ်ကြမလဲ ဆိုပြီး ကျွန်တော် သတိထား ကြည့်မိပါ၏။

လူတိုင်း လူတိုင်းမှာ ဒီလို အကျင့်တွေ ရှိနေတယ် လို့ ပြောခြင်း မဟုတ်ပါ။ အခု ပြန်မဲ့ လူနှစ်ယောက်ကတော့ သူတို့ အလုပ်လုပ်ခဲ့သမျှ စိတ်ကျေနပ်မှုကိုများ မေ့ထားပြီး သူတို့ကို လိုဘ မပြည့်စေတဲ့ သူဌေးကို သင်ခန်းစာ ပေးမယ် ဆိုပြီး ပစ္စည်းရဲ့ ထိပ်ဖျားလေးတွေ ကျိုးသွားရင်တောင်မှ ရောင်းလို့ မရတော့တဲ့ ပစ္စည်းဆိုရင် ဒါလေးတွေကို ဘယ်သူမှ မသိအောင် ချိုးပစ်၏။ လက်ခံစာရင်းဟောင်းများ သိမ်းထားတာ စတိုခန်း အဟောင်းထဲမှ စာရင်းများကို ရေဘူးထဲမှ ရေတွေပဲ တစ်ယောက်ယောက်က မတော်တဆ ဖိတ်သလိုလိုနဲ့ ရေတွေ လောင်းချထား၏။

သူတို့ရဲ့ လုပ်ရပ်တွေက ချက်ချင်းတော့ ဘယ်သူမှ မရိပ်မိနိုင်ပါဘူး။ ပြီးတော့ စတိုဟောင်းထဲမှာ သိမ်းထားတဲ့ စာရင်းတွေ ဆိုတော့လည်း အရေးတကြီး အထူးတလည် အနေနဲ့လည်း CCTV ကင်မရာတွေ ဘာတွေလည်း မတပ်ထားဘူးပေါ့။ ဒါကြောင့် တစ်ခုခု ဖြစ်ရင် ချက်ချင်း မသိနိုင်သော နေရာ ဆိုပါတော့။ ကိုယ်က အနည်းငယ်လေး လုပ်လိုက်ယုံနဲ့ ပျက်ဆီးမှုတွေ ဖြစ်သွားနိုင်ပေမဲ့ သူတို့ ဆင်ခြင် သတိထားမိပုံ မပေါ်ပါဘူး။

ဒီထက် သတိမထားမိတာကတော့ ငါကတော့ ပြန်တော့မှာ ဒီလိုလုပ်သွားလို့ နောက်မှ သိပြီး နောက်မှာ ကျန်နေတဲ့ လူတွေ ဘယ်လို အခက်အခဲနဲ့ ကြုံပြီး ကျန်နေခဲ့မလဲ ၊ နောက်ထပ် ဘယ်လို ထိန်းချုပ်မှုတွေ စည်းကမ်းတွေနဲ့ ကြုံနေရမလဲ ဆိုတာတွေကို သူတို့ စဉ်းစားမိပုံ မရပါဘူး။ ငါ့လက်က လွတ်ရင်ပြီးရော ဆိုပြီး လုပ်ချင်ကြပုံရပြီး ကျန်နေခဲ့တဲ့ လူတွေ အမုန်းတွေ ပွားပြီး ကျန်နေခဲ့မယ် ဆိုတာ သတိမရကြပါဘူး။

ဒီလို အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး မြန်မာ စကားလေး တစ်ခွန်းက ယဉ်ယဉ်ကျေးကျေး ရှိခဲ့ပါသည်။ ဒီစကားလေးကတော့ “ ထွက်ခတ် ခတ်တယ်။ ” လို့ ဆို၏။



ဖြစ်ရပ် ( ၂ )

သူငယ်ချင်း တစ်ယောက်ရဲ့ သူငယ်ချင်း ဆိုတော့ ကျွန်တော့်နဲ့ သူက တဆင့်ခံ သူငယ်ချင်းလို့ ဆိုရမယ် ထင်ပါသည်။ ထိုသူငယ်ချင်းဆီကို ဟိုတစ်နေ့က ရောက်သွားတော့ သူက ၁၁ လပိုင်းကျရင် အပြီးပြန်တော့မယ် လို့ ဆိုပါ၏။ သူက ဒီအလုပ်မှာ သက်တမ်း အရှည်ကြာဆုံး ၊ လုပ်သက် အရင့်ဆုံး ၊ အကျွမ်းကျင်ဆုံး ဆိုတော့ သူ့ကို သူဌေးက အတော်ကို အားကိုးပါသည်။ အားကိုးသည့် နည်းတူ သူ့ကို ပေးထားသော လုပ်ခ လစကလည်း အတော်ကို ကောင်းပါ၏။

ဒါပေမဲ့ သူနဲ့ တွေ့တိုင်း သူက နိုင်ငံသား တရုတ်တွေ ရသော လခကို လက်ညှိုးထိုးပြကာ နှိုင်းယှဉ်ပြတတ်၏။ ဒါကြောင့် သူ ဘယ်တော့မှ မငြိမ်းချမ်း။ ကျွန်တော် သတိထားမိသလောက် ၃ လ တစ်ခါ ၊ ၄ လ တစ်ခါလောက် လခ တိုးတိုးတောင်းနေတတ်၏။ ကျွန်တော့် အမြင်အရတော့ အလွန်ကို ဆိုးနေပြီ ဟု ကောက်ချက်ချမိသည်။ သူ့ကို အားကိုးရတယ် ၊ လုပ်ငန်းကျွမ်းကျင်တယ် ဆိုတဲ့ အားသာချက်နဲ့ သူဌေးကလည်း သူ့ကို အစစ ပြောစရာ မရှိအောင် ပေးပါသည်။ ဒါပေမဲ့ သူ့ရဲ့ လိုဘကိုတော့ မပြည့်ခဲ့ချေ။

ပြီးခဲ့တဲ့ လကုန်က ကျွန်တော် သူ့ဆီကို သူငယ်ချင်း ခေါ်လို့ ရောက်သွားပြန်ပါသေး၏။ သူ့ဆီက စကားကြားရ၏။ သူ ပြန်တော့မယ် ဟု ဆိုသည်။ ဘာလို့လဲ ဆိုသော ကျွန်တော့် သူငယ်ချင်းရဲ့ အမေးကို သူက ဖြေသည်။ သူဌေးက ကပ်စေးနည်းလွန်းသည် ဟု သူက ဆိုသည်။ ပြီးတော့ သူက ဆက်ပြောပါ၏။ “ ငါ ရှိနေတာကို တန်ဖိုး မထားတတ်ဘူး။ ငါ့တန်ဖိုးကို သိအောင်လို့ ပညာတော့ ပြရမယ်။ ဒါကြောင့် အခု အလုပ်သမား လိုနေတာတောင်မှ ဘာမှမပြောဘဲ နှစ်ယောက်စာ လုပ်နေတယ်။ ငါပြန်ခါနီးရင် အလုပ်က အရမ်းကျတဲ့ အချိန်ဖြစ်အောင် တမင် ချိန်ပြန်တာ။ ဒီအချိန်ဆိုရင် ငါ ပြန်တာနဲ့ အလုပ်သမားက နှစ်ယောက်စာ သူ တစ်ခါတည်း လိုသွားမှာ ဒီတော့မှ အလုပ်ကများ ၊ လူက လူသစ်တွေ ဆိုတော့ သူတို့ ဒါမှ ဒေါင်ချာစိုင်းနေမှာ မြင်ယောင်သေးတယ်။ ဒါမှ င့ါတန်ဖိုးကို သိမှာ. . .”

ဟု စိတ်အား ထက်သန်စွာ ပြောပြပါသည်။ ကြားရတာ မယုံနိုင်စရာနဲ့ မနှစ်မြို့စရာပါပဲ။ ဒါပေမဲ့ ကျွန်တော့်မှာ ပြောပိုင်ခွင့်က မရှိပါ၊ သူ့ရဲ့ စိတ်ဓါတ်နဲ့ သဘောထားကိုလည်း အတော်ကို အံ့သြသွားမိပါသည်။ နောက်ထပ် ထပ်မတွေ့ရတော့ဘူး ဆိုရင်တောင်မှ ကိုယ့်အပေါ်မှာ တသသ ဖြစ်ပြီး အောက်မေ့ လွမ်းဆွတ်ကာ ကျန်နေအောင် အပြုံးနဲ့ လမ်းမခွဲဘဲ ၊ ဘာလို့များ အမုန်းနဲ့ လမ်းခွဲရတာပါလိမ့် လို့ တွေးမိပါ၏။

ဒီလို အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး မြန်မာ စကားလေး တစ်ခွန်းက ယဉ်ယဉ်ကျေးကျေး ရှိခဲ့ပါသည်။ ဒီစကားလေးကတော့ “ ထွက်ခတ် ခတ်တယ်။ ” လို့ ဆို၏။



ဖြစ်ရပ် ( ၃ )

သူငယ်ချင်း မကျတကျဖြင့် သိကျွမ်းကာ ခင်မင်ရသော သူငယ်ချင်း တစ်ယောက် ရှိပါသည်။ သူ့ဆီက မြန်မာနိုင်ငံကို အပြီး ပြန်တော့မယ် ကြားတော့ အတော်ကို စကားပြောဖြစ်လိုက်ပါ၏။ အဆင်မပြေလို့ ပြန်တာ မဟုတ်ဘဲ။ အိမ်က ပြန်ခေါ်လို့ ပြန်မှာ ဖြစ်တဲ့ အတွက် သူ့ရဲ့ အလုပ်က အတော်ကို အထိုင်ကျနေသော အလုပ် ဖြစ်ပါသည်။ ဒါပေမဲ့လည်း မိသားစုက ပြန်စေချင်တဲ့ အတွက် သူပြန်ရတော့မှာပါ။ သူနဲ့ စကားစပ်မိပြီး ပြောဖြစ်တော့ သူက ရင်ဖွင့်၏။

“ အလုပ်ကလူတွေကို ပညာပေးတဲ့ အနေနဲ့ အခုထိ ထွက်စာ မတင်သေးဘူး။ ထုံးစံကတော့ သုံးလကြိုပြီးတော့ ထွက်စာ တင်ရမှာ ဆိုပေမဲ့ အခုတော့ လတ်တလော အရေးတကြီး ပြန်ရသလိုလိုနဲ့ တစ်လလောက်မှာ ကပ်ပြီး ထွက်စာတင်မယ်။ ဒါမှ သူတို့ နောက်ထပ် အသစ်ခေါ်ရင်လည်း ငါ့နေရာကို ရောက်လာတဲ့ အသစ်ကို သင်ဖို့ အချိန် သိပ်မရမှာ။ ငါ ဒီမှာ ဘယ်လောက် ကြိုးစား လုပ်ခဲ့ရတယ် ဆိုတာ ဒါမှ သူတို့ သိမယ်။ ”

သူ့ဆီက ပြောတဲ့ စကားကို နားထောင်နေရင်း ကျွန်တော် အိပ်မက် မက်နေသလို ဖြစ်နေမိ၏။

“ သုံးလ ဆိုရင် လူသစ်ကို သင်ဖို့ အချိန် ကောင်းကောင်းရတယ်လေ။ အခုလို အနီးနားကပ်မှ တစ်လတည်းနဲ့ ဆိုရင် ဘယ်လိုမှ အကုန်သူ့ကို သင်ဖို့ မလွယ်ဘူး။ ဒါမှ ငါကည်း သင်သလိုလိုနဲ့ ဒီအတိုင်း ဟိုဟာ ဒီဟာ ပြောရင်း ထားလိုက်ယုံပဲ။ ပြီးရင် ကိုယ့်ဖာသာ ပြန်သွားမယ်။ သူတို့ဖာသာ လုံးလည်လိုက်ပြီး ကျန်ခဲ့လိမ့်မယ်။ ဒီတော့မှ ငါရှိတုန်းက ဘယ်လောက် တန်ဖိုး ရှိတယ် ဆိုတာကို သူတို့ သိလာလိမ့်မယ်။ ”

နောက်ထပ်လည်း သူက ဆက်ပြီး ပြောနေပေမဲ့ ကျွန်တော့် နားထဲ သူ ပြောနေတဲ့ အကြောင်းအရာတွေ မဝင်တော့ပါဘူး။ နှုတ်ဆက်ခါနီးကျရင် ဘာလို့များ အပြုံးနဲ့ လမ်းမခွဲနိုင်ကြတာလဲ လို့ ကျွန်တော် ထပ်ပြီး စဉ်းစားမိနေလို့ပါပဲ။ ကိုယ့်နေရာမှာ အစားထိုး လုပ်နေသူနဲ့ လုပ်ခဲ့သော လုပ်ဖော်ကိုင်ဖက်များက “ သူပေါ့ အရင်က ဒီနေရာမှာ လုပ်သွားတာ အရမ်းတော်တယ်။ သူမရှိတော့တာ အရမ်းဆုံးရှုံးရတယ်။ သူ့နေရာမှာ အသစ်ရောက်လာတဲ့ သူကို သူ့ရဲ့ လုပ်ပုံလုပ်နည်းတွေ အကုန်သင်ပေးသွားပေမဲ့ သူ့လောက် မလုပ်နိုင်ဘူး။ ” ဆိုပြီး တသသ ဖြစ်နေကာ ကျန်နေခဲ့ရမယ့် အစား အခုတော့ ကြားလိုက်ရရင်ဖြင့် အသံတွေက မချိုမြိန်လှပါဘူး။

“ အဲဒီ တစ်ယောက်ပေါ့။ အလုပ်က ထွက်သွားခါနီးမှာ နောက်ထပ် သူ့နေရာကို ရောက်လာတဲ့ သူကို ဘာမှ မသင်ပေးသွားဘူးလေ။ ဒီတော့ နောက်ထပ် ရောက်လာသူကလည်း အိုးနင်းခွက်နင်း ဖြစ်တာပေါ့။ သူကတော့ ဖုတ်ဖတ်ခါပြီး ထွက်သွားပေမဲ့ ကျန်နေခဲ့သူ အားလုံး အဆင်မပြေဖြစ်အောင် သေချာ မသင်သွားဘူး။ ” ဆိုတဲ့ အသံတွေသာ ပတ်ဝန်းကျင်မှာ ပို၍ ပို၍ ကျယ်လောင်စွာ ကြားလာခဲ့ကြရပါသည်။ လမ်းခွဲရမှာခြင်း အတူတူ ဘာလို့များ “ အပြုံး ” နဲ့ လမ်းမခွဲဘဲ ၊ “ အမုန်း ”  နဲ့ လမ်းခွဲချင်ကြရတာလည်း လို့ ကျွန်တော် အခုထိ စဉ်းစားလို့ မရနိုင်ပါ။

ဒီလို အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး မြန်မာ စကားလေး တစ်ခွန်းက ယဉ်ယဉ်ကျေးကျေး ရှိခဲ့ပါသည်။ ဒီစကားလေးကတော့ “ ထွက်ခတ် ခတ်တယ်။ ” လို့ ဆို၏။



ဖြစ်ရပ် ( ၄ )

ကျွန်တော့်ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်လေး တစ်ခု ရှိပါသေးသည်။ ဟိုးအရင် ကုန်ခဲ့သော နှစ်နှစ်လောက်က အဖွဲ့လေး တစ်ခုကို ဖိတ်ခေါ်မှု တစ်ခုကြောင့် ကျွန်တော် ရောက်သွားပါ၏။ ရောက်ရောက်ချင်း နေ့မှာတင် မျက်လုံးပြူးရသည်။ ထိုအဖွဲ့မှာ ခုတ်ကြ ၊ ထစ်ကြ ဖြစ်နေ၍ ဖြစ်၏။ ဘာရယ် ညာရယ် ကျွန်တော် မသိပါ။ ဖြစ်စေချင်သော စိတ်ကြီးသူတွေရဲ့ စိတ်အလောလို့ ဆိုရမည် ထင်ပါသည်။ ငြင်းခုန်ကာ ပွက်လောရိုက်နေကြ၏။ ဘာတွေ ဘာဖြစ်နေမှန်း မသိတဲ့ လူသစ် ကျွန်တော်ကတော့ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ကြည့်နေရတာပါပဲ။

နောက်တော့ အဖွဲ့တွေကွဲကာ အစုတွေ ဖွာထွက်ကုန်၏။ သူ့လူ ငါ့လူနဲ့ အဖွဲ့တွေ ပွားကုန်လေတော့သည်။ မြန်မာတို့ရဲ့ ထုံးစံကိုက ဒီလိုလား လို့ အဲဒီအချိန်ကတည်းက ကျွန်တော် စဉ်းစားမိပါသည်။ ဟိုးအရင် ဖဆပလ ခေတ်ကတည်းက မြန်မာမှန်ရင် ကွဲလာလိုက်တာ အပိုင်းပိုင်း အစိတ်စိတ်ပါပဲ။ ဟိုတလောကတောင်မှ ကြားလိုက်ရပါသေး၏။ စင်္ကာပူမှာ လုပ်တဲ့ စာပေဟောပြောပွဲမှာ နှစ်ပိုင်းကွဲပြီးတော့ ၂၄.၄.၂၀၁၁ နဲ့ ၃၀.၄.၂၀၁၁ ဆိုကာ တစ်ပတ်ပဲ ခြားပြီး ကျင်းပတာ တွေ့ရပါ၏။ ( Source; Here

လူငယ်အကြိုက် ၊ လူကြီး အကြိုက် ကွဲသွားလို့ ဆိုပြီးတော့ သတင်းကြားရပေမဲ့ အခုလို တစ်ပတ်နီးပါးပဲ ခြားပြီး ကျင်းပတော့ လူတိုင်းက နှစ်ပွဲလုံး တတ်ဖြစ်ဖို့ မလွယ်တော့ပါဘူး။ ကိုယ်နဲ့ အနေဝေးပေမဲ့ ဒီလိုမျိုး မဖြစ်စေချင်တာတော့ အမှန်ပါပဲ။ အခုတော့ ဟိုးအရင် လက်ထက်ကတည်းက မြန်မာရဲ့ အသင်းအဖွဲ့တွေ ဆိုရင် အပိုင်းပိုင်း ကွဲလာလိုက်တာ အခု ဒီအဖွဲ့လေးက အစ အကွဲကွဲ အပြားပြား ဖြစ်နေခဲ့ပြီ။ အုတ်အော် သောင်းနင်းနဲ့ နောက်ဆုံး ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့ အဆုံးမှာ ထွက်သူတွေက ထွက်ကုန်ကြ၏။

ထိုသို့ ထွက်သူထဲမှ တစ်ယောက် သူ အရင်က ထိုအဖွဲ့လေးမှာ သူ ရှိစဉ်က အဖွဲ့၏ လိုဂို ၊ နဖူးစည်း များကို ရေးဆွဲပေးထားသူ တစ်ယောက် ဖြစ်၏။ အခုလို သူလည်း ထွက်သွားရော သူရေးဆွဲပေးထားသော လိုဂို နဲ့ နဖူးစည်းကို အသုံးပြုခွင့် မပေးတော့ဘူး ဟု ဆိုလေတော့သည်။ ဒီအကြောင်းကြားစာ မေးလ်ကို ဖတ်လိုက်ရတော့ ကျွန်တော် တကယ်ကို အံ့အားသင့်သွားခဲ့ပါ၏။ ငယ်ငယ်က ကြည့်ခဲ့ရသော ဗီဒီယို ဇာတ်လမ်းထဲမှ ဗေလုဝရဲ့ “ ငါ မပါရရင် ငါ့ရဲ့ ဘောလုံး ပြန်သိမ်းမယ် ” ဆိုတဲ့ ဟာသ သရုပ်ဆောင်ကွက်ကလေး အတိုင်း ခံစားရမိပါတော့သည်။

ဘယ်လိုပဲ ဖြစ်နေပါစေ။ ပိုင်ရှင်က သဘောမတူတဲ့ အတွက် ထိုအဖွဲ့မှာ လက်ရှိသုံးနေသော လိုဂို နဲ့ နဖူးစည်းကို ဖြုတ်ပေးလိုက်ရပါတော့သည်။ ရုတ်တရက် ဆိုတော့ ထိုအဖွဲ့ဆိုက်လေးမှာ လိုဂို မရှိ ၊ နဖူးစည်း မရှိနဲ့ ရက်အတော်ကြာ မြင်မကောင်း ဖြစ်နေခဲ့ရသည်။ နောက်တော့မှ တခြားသော ဒီဇိုင်းနာ တစ်ယောက်က ဆွဲပေးသော လိုဂို နဲ့ နဖူးစည်း ရတော့မှ အဆင်ပြေသွားပါတော့သည်။ တကယ်ဆို ထိုသူ စဉ်းစားမိမယ် ဆိုရင် သူ့ကို ကျွန်တော် ပြောပြချင်ပါသေးသည်။ ဆိုက်တစ်ခု ၊ အဖွဲ့လေး တစ်ခု အောင်မြင်နေတယ် ဆိုတဲ့ ကာလပတ်လုံး ကိုယ်ရေးဆွဲပေးထားတဲ့ လိုဂို ၊ နဖူးစည်းက တစ်ချိန်လုံး အသက်ဝင်နေမှာပါ။ ဒီဆိုက်လေး အောင်မြင်နေသမျှ ကာလပတ်လုံး ကိုယ့်ရဲ့ လိုဂို ၊ နဖူးစည်းလေးကို ကြည့်ပြီး ပီတိ ဖြစ်နေနိုင်တယ် ဆိုတာ ထိုသူကို သိစေချင်ပါသည်။

အခုတော့ အဆင်ပြေနေတဲ့ အချိန်မှာ အပြုံးတွေ တဝေဝေ နဲ့ ဟီးဟီးဟားဟား ဖြစ်နေကြပြီးတော့ အဆင်မပြေလို့ လမ်းခွဲ ၊ နှုတ်ဆက်ကြတော့မယ် ဆိုတဲ့ အချိန်ကျတော့မှ မပြုံးနိုင်ဘဲ အမုန်း အစိုင်အခဲ တွေနဲ့ ဖြစ်နေကြတာ တကယ်ကို အံ့သြစရာပါပဲ။

ဒီလို အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး မြန်မာ စကားလေး တစ်ခွန်းက ယဉ်ယဉ်ကျေးကျေး ရှိခဲ့ပါသည်။ ဒီစကားလေးကတော့ “ ထွက်ခတ် ခတ်တယ်။ ” လို့ ဆို၏။



နိဂုံး

များသောအားဖြင့် လူတွေမှာ ရှိနေတတ်တဲ့ စိတ်လေးတစ်ခုက လောကမှာ ငါ မရှိရင် မဖြစ်ဘူး ဆိုတဲ့ စိတ်က အတော် အံ့သြဖို့ ကောင်းပါ၏။ တကယ်တော့ လောကမှာ ဘယ်သူ မရှိရင် မဖြစ်ဘူး ဆိုတာ မရှိပါဘူး။ လောကရဲ့ နိယာမ အရ သူ့ဖာသာ အဆင်ပြေစွာ ဆက်လက် လည်ပတ်သွားမှာပါပဲ။ ဒီအဖြစ်အပျက်လေးတွေကို ကျွန်တော် အခု တလော ပြန်လည်ခံစားမိရင်း ဟိုနေ့က Facebook မှာ စာလေး တစ်ကြောင်းရေးလိုက်မိပါတယ်။ အဲဒီစာလေးကတော့ အောက်ပါ အတိုင်းပါပဲ။

လူတွေရဲ့ စိတ်ဓါတ်ကို ရေရှည်ပေါင်းကြည့်မှ သိနိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ခြေထိုးခံ ၊ အပုပ်ချ ၊ အတင်းအဖျင်းပြော ၊ နောက်ကျောက ထိုးတဲ့ ဓါးတွေ ဆိုတာ ရေရှည်မှ မြင်နိုင်တယ်။ တကယ်တော့ ခင်မင်တုန်းက အပြုံးနဲ့ ဆက်ဆံခဲ့ရင် နှုတ်ဆက်ရမဲ့ အချိန်မှာလည်း အပြုံးနဲ့ လမ်းခွဲသင့်တယ်။ အခုတော့ မြန်မာတွေပြောနေကျ စကားလိုပေါ့။ နှုတ်ဆက်ခါနီး ဆိုရင် “ ထွက်ခတ် ခတ်သွားတတ်ကြတယ်။ “ အံ့သြစရာပါပဲ။



ဒီစာလေး ရေးမိတာကလည်း တခြား ရည်ရွယ်ချက် မရှိပါဘူး။ အလိုတူလို့ပဲ ဖြစ်ဖြစ် ၊ အလိုမတူဘဲနဲ့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ အားလုံးဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ခွဲခွာကြရမှာ မဟုတ်လား။ ဒီလို အချိန်မှာ အမုန်းများနဲ့ မနှုတ်ဆက်မိဘဲ ၊ အပြုံးများနဲ့ နှုတ်ဆက်စေချင်တာလေးပါပဲ။ 




လေးစားစွာဖြင့်
ကိုဇော်
20.5.2011

Share/Bookmark

20 ယောက် ရဲ့ ထင်မြင်ချက်:

khin oo may said...

မဖြစ်သင့်ဘူးလို့တော့ထင်တာဘဲ ကိုယ့်အလှည့်ကျရင်တော့ဘယ်လိုဖြစ်မလဲတော့မသိဘူး။

IDIOT-Ki said...

ဟုတ်ပ ၊ ဒီလိုမျိုးတွေ ရှိတတ်ပါတယ် ။
သူတို့ အတွင်းစိတ်အကျင့်စရိုက် နဲ့ အဆင့်အတန်းကို ပြလိုက်တာပဲပေါ့။

အပြုံးနဲ့ပဲ လမ်းခွဲကြတာ ကောင်းပါတယ် ..
( ကိုဇော်ကြီးရော.. ဘယ်တော့ ပြန်မှာလည်း ၊ ပြန်ခါနီးပြော နော် .. ပြုံးပန်းတစ်ရာ ဝမ်းနှုတ်ဆေးလေး ပေးမလို့ ပါ ..း))))


ဖွားကိ... (မစရင် မနေနိုင်လို့ စ သွားသည်..)

သိင်္ဂါကျော် said...

ဟုတ်ပါတယ်.. ဒီဘဝလေး တခဏ နေရတုန်းမှာ အကောင်းမြင်ဝါဒလေး လက်ကိုင်ထားပြီး တွေ့ရ ကြုံရသူတွေကို အပြုံးနဲ့ပဲ ဆက်ဆံတာ အကောင်းဆုံးပေါ့..။ အဲဒီလို ဖြစ်နိုင်အောင် ကြိုးစားရမှာပေါ့လေ..။

sosegado said...

မပြည့်သောသူများလို့ပြောနိုင်ပါတယ်၊
ဘုန်းကြီးကျောင်းက အဖြစ်အပျက်လေးသတိရသွားပါတယ်၊
နောက်ဆုံး တရာတော်ဘုရားကပြောတယ်၊
“အစားထိုးလို့မရတဲ့သူ” တွေဟာ အဲလိုဘယ်တော့မှ မပြုမှုဘူးတဲ့။

နေ၀ဿန် said...

မာန်မာန အာဃာတဆိုတာ မထားအပ်သလို လက်တုန့်ပြန်မှုဆိုတာလည်း မလုပ်သင့်ပါဘူး.... အပြုံးနဲ့လမ်းခွဲတာ အကောင်းဆုံးပဲပေါ့..


ခင်မင်လျက်
နေ၀ဿန်

အဖြူရောင်နတ်သမီး said...

ကိုဇော် ချပြသွားတဲ့ “အထွက်ခတ်” အကြောင်းလေးကို အရမ်းသဘောကျမိပါတယ်..။

အသင်းအဖွဲ့(အုပ်စုလိုက်)နဲ့ လုပ်ရတဲ့ နေရာတွေမှာ ဒီလိုအဖြစ်မျိုးတွေနဲ့ အမြဲကြုံတွေ့နေရတာပါပဲ...။

ကျမရဲ့ အလုပ်ထဲမှာလည်း အဲဒီလိုလူတွေကို
ခနခနတွေ့နေရပါတယ်...။

တရားမရှိတာပဲလား... တရားမသိတာပဲလားတော့ မသိဘူး၊ မိမိနာမည်ကောင်းရဖို့ အတွက် (မိမိနာမည် ကျန်ခဲ့ဖို့အတွက်)ဘဝတူတွေရဲ့ လည်မျိုကိုနင်းပြီး တစ်ကိုယ်ထဲ ထိပ်ဆုံးကိုတက် ...
“ငါ မရှိရင် မဖြစ်ဘူး” ဆိုတဲ့ (မပြည့်ဝတဲ့စိတ်)အတွေးမျိုး သွေးနားထင်ရောက်သွားလို့ကတော့ အဲဒီလူနဲ့ဝေးဝေးသာ နေပေတော့ပဲ..။
(အရူးနားနေရင် အန္တရာယ်များလို့ပါ)..။

အလုပ်“စ”ဝင်ကာစတုန်းက ပုံစံနဲ့ အလုပ်ထွက်ကာနီးအချိန်မှာ ပြောင်းလဲသွားတဲ့ ပြုမူပုံတွေကတော့ ကိုဇော်ရေးပြသွားသလိုပါပဲ..။
အင်း... အထွက်ခတ် ခတ်ကြသူများကတော့ နေရာတိုင်းမှာရှိကြတာပါပဲလား....

ဘယ်လိုပဲဖြစ်ဖြစ် အချိန်တန်ရင် သူ့လမ်း သူသွားကြပါလိမ့်မယ်...
ကိုဇော်ရဲ့ခံစားချက်လေးကို ထပ်တူခံစားသွားပါတယ်...
ဒီပို့စ်လေးအတွက် ကျေးဇူးးးးးးးးးးးးးး

mstint said...

မိမိပတ်ဝန်းကျင်မှ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ရေးသားထားတဲ့ ဖြစ်သင့် မဖြစ်သင့် ပညာပေး သင်္ခန်းစာကိုဖတ်သွားပြီး "အပြုံးများနှင့်လမ်းခွဲခြင်း" ခေါင်းစဉ်ရဲ့ အနက်အဓိပ္ပယ်ကို သဘောပေါက်သွားပါတယ် ကိုဇော်ရေ။

မေတ္တာဖြင့်
အန်တီတင့်

PPT said...

ကိုဇော်ရေးတဲ့ အပြုံးများနှင့်လမ်းခွဲခြင်းကို ဖတ်ပြီးတော့ အရင်ကဖတ်ဖူးတဲ့ အရာရှိနှစ်ယောက်အကြောင်းကို သတိရမိတယ် ဘာသာရေးစာအုပ်တစ်အုပ်ကပါ အကြောင်းအရာတော့အသေးစိတ်မရေးတတ်ဘူး သဘောလေးပြောပြမယ်နော်
မြို့တစ်မြို့က ဦးစီးမှူးလိုရာထူးပေါ့ ဦးစီးမှူးဆိုတော့ နေစရာအိမ်တွေက အစိုးရကပေးတယ်လေ ပထမအရာရှိက သူတခြားမြို့ကိုအလုပ်ပြောင်းရမယ်ဆိုလည်း သိရော လုပ်လက်စအလုပ်တွေ အကုန်ရပ်လိုက်ပြီး အေးအေးဆေးဆေးပဲ နေလိုက်တော့တာတဲ့ သူ့နောက်မှပြောင်းလာတဲ့ အရာရှိကတော့ စိတ်ကောင်းရှိတဲ့ အရာရှိတဲ့ သူပြောင်းရမယ်လည်းသိရော လုပ်နေတဲ့အလုပ်တွေကို အကုန်လက်စသတ် စာရင်းတွေလည်း အသေးစိတ် ရှင်းလင်းပေး နောက်ဆုံး အစိုးရကပေးတဲ့ နေစရာအိမ်ကိုတောင် ဆေးအသစ်သုတ် ပန်းပင်တွေဘာတွေစိုက်ပြီးတောင် အလှဆင်ပေးခဲ့သေးဆိုပဲ
နောက်တော့ ဒီအရာရှိနှစ်ဦး အနာဂတ်မှာ ဘယ်လိုလဲဆိုတာ သိချင်တဲ့လူကစုံစမ်းလိုက်တော့ ပထမအရာရှိကတော့ ပင်စင်ယူတဲ့အထိ အဲဒီအတိုင်းပဲတဲ့ နောက်ရောက်လာမယ့်လူအတွက် စဉ်းစားပြီး အကုန်လုပ်ပေးခဲ့တဲ့ အရာရှိ ကတော့ ရာထူးအဆင့်ဆင့်တိုးပြီး အဆင်ပြေသွားသတဲ့ အဲဒီအကြောင်းဖတ်ရတာက ဘာသာရေးစာအုပ်မှာဆိုတော့ စိတ်ကောင်းရှိဖို့ အဓိကရေးထားတာပေါ့
ကိုဇော်ရေးထားတာဖတ်ရတော့ ပြန်သတိရသွားလို့ပါ ကိုဇော်ပတ်ဝန်းကျင်မှာရော ဒုတိယအရာရှိလို လူမျိုးရှိသလား သိချင်လို့ပါ အဲလို အဖြစ်အပျက်မျိုး ယှဉ်ရေးရင် ပိုကောင်းမလားလို့ပါ ဆရာလုပ်တာ မဟုတ်ရပါဘူးနော် ကိုဇော်ရေးတာတွေဖတ်ရတာ ဗဟုသုတလည်း အများကြီး တိုးပါတယ် အလုပ်ထဲမှာလည်း စိတ်ညစ်တာတွေ ပြေလျော့သွားလို့ပါ ကျေးဇူးတင်ပါတယ်နော်

မောင်မောင် said...

ဗဟုသုတတွေ မျှဝေပေးကြတဲ့ကိုဇော် နဲ့အတူဘလော့ဂါ အားလုံးကို ဒီနေရာကနေနှုတ်ဆက်ခဲ့ပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

Angelhlaing(May everybody be happy and healthy! said...

အတွေးရော ...အရေးပါ ချပြတင်ပြပုံလေး အားကျမိပါတယ်အကို... ဗဟုသုတတွေ အတွက် ကျေးဇူးပါအကို...။
ကောင်းသောနေ့လေးဖြစ်ပါစေ.

ahphyulay said...

အင်း..
ကိုဇော်ရေ ..၊
ဒီလိုလူတွေကို တော်တော်များများပဲ တွေ့ ခဲ့ 
ပြီးပါပြီ။ “ ငါ ” အစွဲ သိပ်ကြီးတဲ့ လူတန်းစား
တွေပါပဲ။ ကျွန်တော်ထင်တယ်လေ..၊ သူတို့ 
ဘယ်တော့ မှ ရှေ့ ကို ရောက်လာနိုင်မယ်မဟုတ်
ဖူးလို့ ၊ သူများအတွက် ပြန်ကြည့် မှ သူများက
ကိုယ့်ကို ပြန်ကြည့် တော့  ကိုယ်က သူတို့ ရှေ့ 
ရောက်ရတာပါပဲ။ ခက်တာက ကျွန်တော်တို့ 
ဗမာတွေကလဲ အင်း.. လူနည်းစု ပဲ ဖြစ်မှာပါဗျာ။

Anonymous said...

ကျနော်ကြပြန်တော့ အလုပ်ပေါ်မှာ
ဘယ်လိုမှ စိတ်မထားဘူး။ စိတ်ကောင်းထားပြီး
လုပ်ပေးတယ်။ တစ်ခါ တစ်ခါ သူဌေးပြောတဲ့
စကားတွေကို နားထောင်ရတော့ စိတ်ပျက်တယ်။
ကိုယ်စိတ်က အဲ့လိုစိတ်မရှိတာ ကိုယ်ပဲ သိတယ်။
မင်းကိုမင်း အရမ်းတော်နေပြီလား။
မင်းမရှိရင် မဖြစ်ဘူးလို့ မင်းထင်နေတာလား။
ဒါမျိုးတွေ ကြားရတော့ စိတ်မကောင်းဘူး။
ကိုယ်တွေက ပိုက်ဆံလိုချင်လို့ သူတစ်ပါးတိုင်းပြည်မှာ
အလုပ်လာလုပ်နေရတာ။ အဲလိုပြောပြီးတိုင်း ကျနော် သူကို စကားမပြောတော့ဘူး။ ခက်တန်တန်ပဲ နေလိုက်တယ်။ ကျနော် မကြိုက်မှန်းသိလို့လာတော့ မသိဘူး နောက်ပိုင်း
မပြောတော့ဘူး။

ဘာရယ်မဟုတ်ပါဘူး။ စကားကြုံလို့ ပြောမိတာပါ။

ခင်မင်လျှက်
ရီနိုမာန်

ခနွဲ said...

အပြုံးနဲ့ နှုတ်ဆက်တာကိုပဲ ကြိုက်ပါတယ်ဗျာ။ ဟုတ်တယ် အဲလိုလေးတွေ တွေ့ဖူးတယ်။

မင်းဧရာ said...

ကိုဇော်....ဒီပို့စ်လေးက လူတော်တော်များများ ဖတ်သင့်တဲ့ ပို့စ် လေးပါ။

လရိပ်အိမ် said...

အဲလိုကြီးတော့လမ်းမခွဲချင်ပါဘူး။ ကိုယ်ကလုပ်ပေးနိုင်သလောက်လုပ်ပေးချင်တယ်။

ချင်းကလေး said...

(How sweet Yr Post) ! အရမ်းကောင်းတဲ့အရေးအသားရယ်၊ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေအများစုရယ် တစ်ခါတည်းပေါ်လာအောင်ဖမ်းစားလိုက်တယ်ဗျာ.. ကျေးဇူးတင်ပါတယ်ကိုဇော်. ဒါကြောင့်လဲဘလော့လောကမှာ နာမည်ကြီးနေတာကိုး......

ဆွေလေးမွန် said...

ဘာပဲလုပ်လုပ် တာဝန်ကျေစွာနဲ့ မှန်မှန်ကန်ကန်လုပ်ချင်တယ်။ အမုန်းနဲ့တော့ လမ်းမခွဲချင်ပါလေ...

jasmine(တောင်ကြီး) said...

ဖြစ်ရပ် ၁ ၂ ၃ ၄ အားလုံးမကောင်းပါဘူးနော်
၁ ထဲကလူတွေကိုဆိုကျွန်မသူငယ်ချင်းဖြစ်ရမှာ ကိုမလိုပါဘူးကိုယ့်လိပ်ပြာကိုသန့်နေတာ
ကိုလဲအံ့သြမိပါတယ်။ facebook မှာရေးတယ်ဆိုတဲ့စာသားလေးကိုအရမ်း သဘောကျမိပါတယ်။
ဒိုင်နိုဆော သားပေါက်ပေးမယ်ပြောထားတာ
အကြွေးရှိတယ်နော်....ဂတိ...

မိုးခါး said...

ကိုဇော်ရေ
ဒီပို့စ်ကို တင်ပြီးချင်းကလည်း ဖတ်ပြီးပြီ
ခုလည်း ထပ်လာပြန်ပြီ
ပြောစရာများလို့ ဘယ်က စပြောရမှန်းမသိဘူး ဖြစ်နေတာ
တွေ့ဘူးပါတယ် .. အဲလိုလူတွေရော အဲလိုမဟုတ်တဲ့လူတွေရော
နောက်ဆုံးတော့ ကိုယ့်စေတနာကိုယ်အကျိုးပေးပြီး ကိုယ့်လမ်းကိုလျှောက်ကြရတာပါပဲ
အချင်းချင်း ဆုံတွေ့ချိန်မှာ တယောက်ကိုတယောက် တန်ဖိုးထား လေးစားပြီး လမ်းခွဲချိန်ရောက်ရင်လည်း စိတ်ရှင်းရှင်းနဲ့ နောင်တမရပဲ ခွဲခွာနိုင်ကြဖို့ ဆန္ဒပြုပါတယ် .. (ကိုယ့်ကိုကိုယ်လည်း သတိပေးလျှက်ပါ)း)

မိုးယံ said...

ဟွန်....သူပြောတဲ့ လူတွေထဲမှာ ငါလဲမပါဘူး။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.