မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 May 2011

15 တစ်စက်လောက်ပဲ ဖြစ်ဖြစ် ချန်ထားပါ



အမှန်တရား ဆိုတာကို
ပုံပေါ်ဖို့ ဆိုတာ အခြေအနေ တစ်ရပ်လိုတယ်။
အမှားတစ်ခု ဆိုတာကို
ထင်ပေါ်ဖို့ ဆိုတာလည်း အခြေအနေ တစ်ရပ်လိုတယ်။
အဲဒီ အခြေအနေကို “ နှိုင်းယှဉ်မှု ” လို့
ဘယ်သူတွေ သဘောတူတူ မတူတူ 
ကိုယ့်ဖာသာ အသာတကြည် ယေဘုယျ သတ်မှတ်လိုက်တယ်။

ဘင်လာဒင်ရဲ့ ခေါင်းကို သေနတ်နဲ့ နှစ်ချက် ပစ်သတ်ခံလိုက်ရတယ် လို့ လက်ဆုပ်လက်ကိုင် မရှိတဲ့ သတင်းတစ်ရပ်ကို လေလှိုင်းကနေပြီးတော့ ယုံကြည့်နိုင်လောက်သော လူပုဂ္ဂိုလ်တစ်ယောက်က တည်တည်တံ့တံ့ ပြောတယ်။ အကြမ်းဖက်မှုတွေ ပြီးဆုံးသွားဖို့ အစပြုနေပါပြီ လို့ ဆိုနေတုန်း ပါကစ္စတန် စစ်သင်တန်းကျောင်းကို အကြမ်းဖက်သူတွေက အသေခံ ဗုံးခွဲတယ်။ လူ ၈၀ လောက် သေပြီး ၁၂၀ လောက် ဒဏ်ရာ ရတယ်။ ဘင်လာဒင် သေတာကို ဘာနဲ့ ဘယ်လို နှိုင်းယှဉ် ပြရမလဲ မသိတတ်သေးဘူး။ ပါကစ္စတန် နဲ့ အာဖဂ္ဂန်ကတော့ ဘယ်လို နှိုင်းယှဉ်မလဲ မသိနိုင်ဘူး။ သေသူတွေက သေပြီး ဒဏ်ရာတွေ ဗလပွနဲ့ လူတွေကို ဆေးရုံက နှိုင်းယှဉ်ကြရတယ်။

ဆက်ဒမ် ဟူစိန်ကို ဖမ်းမိတော့ သူ့ရဲ့ မုတ်ဆိတ်တွေက အတော်ကို ရှည်နေလေပြီ။ မပြုပြင် မသုတ်သင်ရတာ ကြာခဲ့ပြီ မဟုတ်လား။ သူ့ကို ဖမ်းမိတဲ့ အချိန်မှာ သူ့လက်ထဲမှာ မုတ်ဆိတ်ရိတ်ဖို့ ကျူတ်ရှိမနေဘူး ၊ တိပ ညှိနေဖို့ ကက်ကြေး ကိုင်မထားဘူး။ သူ့လက်ထဲမှာ ပစ္စတိုလို့ အများက ခေါ်ကြတဲ့ သေနတ်တစ်လက် ရှိနေတယ်။ သူနဲ့ အနီးဆုံးကို ပစ်လို့ ရတာကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ။ ဒါပေမဲ့ သူ့ကိုယ် သူ မပစ်ဘဲ အမိသာ ခံခဲ့တယ်။ သူ့ကို မိရင် ဘာလုပ်ခံရမယ် ဆိုတာ သိပေမဲ့ သူကတော့ အမိပဲ ခံခဲ့တယ်။ ငါ လုပ်ချင်တာ လုပ်ခဲ့ပြီးပြီ ဆိုပြီး ကြိုးတစ်ချောင်းကို လည်ပင်းမှာ ခပ်တင်းတင်း အဆွဲခံပြီး သမိုင်းတွင်စေအောင် သူ့ကိုသူ နှိုင်းယှဉ်ပြသွားခဲ့တယ်။ တန်တာ မတန်တာကတော့ အီရတ်ရဲ့ သမိုင်း နှိုင်းယှဉ်မှုပဲပေါ့။ ဒါပေမဲ့ ပြည်သူတွေ အတော် အထိနာတယ်။

အမှန်တရားအတွက် အသက်ကို စွန့်လွှတ်မယ် ဆိုပြီး အဲဒီခွက်ထဲက အရည်တွေကို မသောက်ခင် “ ဒီဆေးရည်ရဲ့ အာနိသင်က ဘယ်လို ရှိလဲ။ ” လို့ ဆိုကရေးတီးက အရင် မေးသေးသတဲ့။ “ ဒီဆေးရည်ဟာ ခြေလက်တွေ ထုံကျင်လာမယ် ၊ ခြေလက်တွေ မလှုပ်ချင် မရှားချင် ဖြစ်လာမယ်။ နှလုံးခုန်နှုန်း နှေးသွားမယ်။ မျက်ကြောတွေ စင်းလာပြီး အိပ်ချင်လာမယ်။ ပြီးတော့ နှလုံးက သွေးခုန်နှုန်းက နှေးသထက် နှေးလာမယ် . . . . နှေးလာမယ် . . . နှေးလာမယ် . . . နှေးလာမယ်. . . . နောက်ဆုံး . . .  .နောက်ဆုံးမှာတော့ . . . . ” ဆိုပြီး ဆေးအာနိသင်ကို ပြောပြတဲ့ အာဏာပါးကွက်သားရဲ့ အသံ တိုးတိမ်သွားတဲ့ အချိန်မှာ “ ဒီဆေးခွက် . . . အဲ . . ဒီအဆိပ်ခွက် ငါ့ကို ပေးတော့ ၊ ငါ စမ်းသောက်ကြည့်ချင်လာပြီ။ ” လို့ ဆိုတော့။ ထွက်ပြေးဖို့ အဆင်သင့် ဖြစ်နေပါပြီ ဆိုတဲ့ လူကလည်း ဆိုတယ်။ “ အမှန်တရား ဆိုတာကို အဆိပ်ခွက်ကို မော့သောက်ပြပြီးတော့ သက်သေထူမယ်။ ” လို့ သူက ဆိုတော့ စီခနဲ မချိတင်ကဲ ငိုသံတွေ ထွက်လာတယ်။ “ ဒီအဆိပ်ကတော့ အညင်သာဆုံးပါပဲ။ ” လို့ ဆိုပြီး အသံ တိုးတိမ်သွားပြီး ခြေလက်တုန်ယင်နေတဲ့ အာဏာပါးကွက်သား ရဲ့ လက်ထဲက အဆိပ်ခွက်ကို မော့သောက် အပြီး ဆိုကရေးတီး “ အေ့ ” ခနဲ ကျို့မထိုးခဲ့ဘူး လို့ သင် ဆိုနိုင်ပါလား။

တန်သည် မတန်သည် ၊ ဖြစ်သင့်သည် မဖြစ်သင့်သည် ၊ လုပ်သင့်သည် မလုပ်သင့်သည် ၊ မှန်သည် မှားသည် ဆိုတာ တကယ်တော့ အခြေအနေ တစ်ရပ်ပေါ်မှာ “ နှိုင်းယှဉ်မှု ” လေး တစ်ခုပါပဲ။

ဖြစ်နိုင်မယ် ဆိုရင် . . .
ဆိုကရေးတီး သောက်သွားတဲ့
အဆိပ်ခွက်ထဲက
အဆိပ် တစ်စက်လောက်တော့
ကျွန်တော့် အတွက် ချန်ထားပေးပါ။
မှန်၏ မှား၏ ဆိုတာ
အခြေအနေ တစ်ရပ်မှာတော့
“ နှိုင်းယှဉ်မှု ” တစ်ခု အနေနဲ့
နောက်လူတွေ လုပ်ဆောင်ပါလိမ့်မည်။
ကျွန်တော့် အတွက်ကတော့
ထို အဆိပ်တစ်စက် လျက်လိုက်ရဖို့ပါပဲ။


လေးစားစွာဖြင့်
ကိုဇော်
15.5.2011

Share/Bookmark

15 ယောက် ရဲ့ ထင်မြင်ချက်:

စံပယ်ချို said...

ကိုဇော်
စာတွေအဆုံးထိဖတ်သွားပါတယ်
သိပ်မြင့်တယ်...အားလုံးနားမလည်ဘူး..
နားလည်သလောက်တော့...နဲနဲလေးပါ။

Maung Myo said...

ကြိုက်တယ် အများကြီးတော့မပြောတတ်ဘူး ဒါမယ့် သိပ်ကြိုက်တယ် ။ သိပ်ကြိုက်တယ်ဆိုတဲ့ အမှန်တရားအတွက် ကျနော် မြည်းစမ်း သက်သေပြဖို့လိုသလားး)

ဟန်ကြည် said...

အဲဒါပြောတာပေါ့...အမှားတစ်ရံဟာ အမှန်တရားဆိုတာ...ခက်တာက အမှန်တရားဆိုတာ အချိန်ကာလရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေပြန်တော့ ဘာကိုယုံကြည်ရရင် ကောင်းမလဲဆိုတာပဲ အရင်တွေးမိပြန်ရော...

SHWE ZIN U said...

အဆိပ်တစက်လောက် တော့ မချန်ခိုင်း ပါနဲ့ဗျာ ဘီယာ တခွက်လောက်ဆိုလည်း တော်သေး

မင်းဧရာ said...

စာတွေ အကုန်ဖတ်ပြီးပေမယ့် အရမ်းမြင့်တော့လိုက်မမှီဘူး

မိုးခါး said...

အဲဒီ မှန်တာရယ် မှားတာရယ် နှစ်ခုပဲရှိလို့ .. တော်တော်ရှုပ်တာပဲ

တဖက်က မှားရင် တဖက်က မှန်ပီလား
တဖက်က မှန်ရင် တဖက်က အသေအချာ မှားနေလား
ကာယကံရှင်က မှန်တယ်ထင်လိုက်
ဘေးကလူက မှားတယ် ထင်လိုက်

ဒီလိုပါပဲ .. ကိုယ့်ဘက်က ကြည့်တော့ လက်ဖ၀ါး .. တခြားဖက်ကတော့ လက်ဖမိုးပေါ့ ..

မှားတယ် မှန်တယ်က ခံယူသူနဲ့ အဓိက သက်ဆိုင်မယ်ထင်တယ် .. အမှားကို အမှန်မထင်မိဖို့လည်း လိုပြန်ရော .. မှန်တယ်လို့ထင်ပြီး တစိုက် မတ်မတ် လုပ်လာပြီးမှ မှားတယ်လို့ သိသွားရင် (ထင်သွားရင်) နောင်တကပါလာဦးမယ် ..

ဟူးးးး .. တယ်လည်း ရှုပ်တဲ့ အမှန်နဲ့ အမှား

Angelhlaing(May everybody be happy and healthy! said...

မချန်ခဲ့လို့ မရလိုက်တာ ပိုမကောင်းဘူးလားအကို...:):)
ခံစားအားပေးလျှက်...
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

ahphyulay said...

အင်း..
ဆိုလိုတာက အမှန်တရားအတွက်၊ ယုံကြည်မှု
တစ်ခုအတွက်ဆို အသက်တောင်စွန့် ရဲတယ်လို့ 
ပြောချင်တာဖြစ်မယ်ထင် ....။

နွေမင်းလွင် said...

တကယ်တော့ နှိုင်းယှဉ်မှု ကြားထဲက အဆိပ် ခွက်ထဲမှာ အားလုံးဟာ အဆိပ်တက်လို့ နေခဲ့ကြပြီ ကိုဇော် ရေ....(ကန်ဇွန်း ရွက်လေးတစ်ညွန့်လောက်တော့ ချန်ထားပေးပါ ကိုဇော်)

ကိုကိုမောင်(ပန်းရနံ့) said...

ဖွ... ကြံကြီးစည်ရာဗျာ။ အဆိပ်ခွက်ကို လျက်တော့မလို့လား။
ဒါပေမဲ့ စိတ်မကောင်းစရာက အဲဒီ အဆိပ်ခွက်ကို အဲဒီလူကြီး အကုန်သောက်သွားလို့ တစ်စက်မှ မကျန်တော့ဘူးတဲ့ဗျာ။း))))))

ခင်မင်လျက်

နေ၀သန် said...

အပေါ်က ပြောသလိုပဲ.. ဒီတစ်ပုဒ် အတော်လေးကို မြင့်ပါတယ်.. အချိန်ယူ စဉ်းစားဆဲပါ....

ခင်မင်လျက်
နေ၀ဿန်

Anonymous said...

I have been reading, re-reading, again re-reading...... still I do not quite get it. Some readers who have written comments above seem to understand what you try to say. I would appreciate if you can explain a bit more about what you have tried to present your view on your post. Maybe I have low IQ? I hope not....
1) What is a logical relation you are trying to make between the death of Bin Laden and dead and wounded people in hospitals in Pakistan and Afghanistan?
2) Do you try to portray Saddam Hussein as a hero?
I'm sorry for the questions.
It is something that I try to make sense of myself but I can't.

Anonymous said...

ကိုဇော်ရေ ..
မအားတာနဲ့
ဘလော့ မဖတ်ဖြစ်လို့
ခု ၀င်ဖတ်တာ
ကိုဇော် ရေးထားတာပဲ မြင့်တာလား တော့ သိဘူး ..
နားလည်လည် သလိုလို
မနားလည် သလိုပဲ ..
စဉ်းစားဆဲပဲ ..
ဒါပေမယ့်
အပေါ်က မမိုးခါး ပြောသွားတာလေးတော့
သဘောကျမိတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

sosegado said...

အဲဒီအချိန်တုန်းက သူကမှားပြီး အားလုံးကမှန်နေတယ်၊
သူသေသွားပြီး များမကြာမှီ သူကမှန်ပြီး အားလုံးကမှားနေကြောင်း အားလုံးကလက်ခံခဲ့တယ်၊
ဒါပေမဲ့ အမှန်တရားအတွက်သူသောက်သွားတဲ့ အဆိပ်ကို ဘယ်သူမှ လိုက်မသောက်ကြဘူး။

ခနွဲ said...

ဆိုလိုရင်းကို ကျွန်တော့် အတွေးနဲ့ ကျွန်တော် သဘောပေါက်သွားတယ်။ အမှန်တရားအတွက်...Cheer!!!