မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 May 2011

22 မေမေ့ရဲ့ ငါးခြောက်ဘူးလေး



လူတိုင်း လူတိုင်းမှာ အစွဲတစ်ခုတော့ ရှိလိမ့်မယ် ထင်တယ်။ ပြီးတော့ လူတိုင်း လူတိုင်းမှာ စိတ္တဇ တစ်ခုစီလည်း ရှိလိမ့်မယ် ထင်တယ်။ ဒီလိုပဲ စိတ္တဇ ဆန်သော အစွဲလေး တစ်ခု ကျွန်တော့်မှာ ရှိတယ်။ အခုတော့ သိပ်ပြီး ထူးထူးခြားခြား မဖြစ်တော့ပေမဲ့ ငယ်ငယ်ကတော့ ထိုအစွဲက တော်တော်ကို ဆိုးဝါးလွန်း အားကြီးခဲ့တယ်။

သူများတွေ အတွက်တော့ ရယ်ချင်စရာ ဖြစ်ချင် ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့် အတွက်ကတော့ တကယ်ကို အရူးအမူး အစွဲအလမ်း တစ်ခု ဖြစ်နေခဲ့တယ်။ သူများတွေ ကြားဖူးနေကြ စကားပုံ ၊ ဆိုရိုး စကားလေး အရတော့ “ လူမမာ အမဲခြောက်တောင်းတယ်။ ” ဆိုတာသာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့် အတွက်ကျတော့ ဒီစကားလေးက အရေးမပါတော့ပါဘူး။ ကျွန်တော့် အတွက်တော့ အမဲခြောက်က သွားရည်ကျစရာ မဟုတ်ပါ။ နေမကောင်း ဖြစ်ပြီးကာစ နလံထကစ လူမမာ တစ်ယောက် အနေနဲ့ ကျွန်တော့်ရဲ့ ပါးစပ်ထဲမှာ ခံစားတွေ့ကာ စားချင်နေတာက “ ငါးခြောက်ဖုတ် ” မျှသာ ဖြစ်ပါတယ်။ လူမမာ ငါးခြောက်ဖုတ် တောင်းတယ် လို့ ပြင်ပြောရမလိုပါပဲ။

ငါးရံ့ခြောက်လေးကို မီးနွေးနွေးနဲ့ ဖုတ်ပြီး ခပ်ဖွဖွလေး ထု ၊ ပြီးတော့ ပဲဆီလေး ဆမ်းထားတဲ့ ငါးခြောက်ဖုတ်လေးကို နလံထကာစ လူမမာ ဖြစ်တဲ့ ကျွန်တော် ဆန်ပြုတ်လေးနဲ့ စားရင် အလွန်ကို ခံစားတွေ့ပါတယ်။ Nike ဆိုရင် အမှန်ခြစ်လေးက သူ့ရဲ့ အထိမ်းအမှတ် လိုဂို ဖြစ်နေသလို နေမကောင်း ဖြစ်ပြီးကာစ နလံထကာစ လူမမာ ကိုဇော် ရဲ့ လူမမာစာ ဆိုရင် “ ငါးခြောက်ဖုတ် ” ဆိုတာ ပြောစရာ မလိုအောင်ကို ဖြစ်နေတတ်တယ်။

ကိုဇော် နေမကောင်း ဖြစ်ပြီဟေ့ ဆိုရင် ဈေးထဲက ငါးခြောက်ဆိုင်တွေမှာ မိုးတွင်းမို့ ငါးရံ့ခြောက် မရှိရင်တောင်မှ မရရအောင် တခြားသော ဈေးကြီးတွေ အထိ သွားကာ ကျွန်တော့် အမေက ဝယ်ကျွေးတတ်ပါတယ်။ ဒါကြောင့် နေမကောင်းပြီးကာစ နလံထ လူမမာ ကိုဇော် နဲ့ ငါးခြောက် ဆိုတာ မခွဲကောင်းစရာသော အရာ တစ်ခုလို ဖြစ်နေပါတော့တယ်။



ကျွန်တော်က ကျန်းမာရေး အတော်ကို ကောင်းပါတယ်။ ဒါကို အားကိုး အားထားပြုပြီးလည်း အိပ်ရေးပျက်တွေ အရမ်းခံလို့ ကျွန်တော့် မိဘတွေက “ ငယ်တုန်းမှာ ကျန်းမာရေး ကောင်းနေတာကို အလွဲသုံးစား မလုပ်ဖို့ ” အမြဲပြောတတ်ပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။ တခြားသော အခြေအနေတွေကြောင့် ကျွန်တော် နေမကောင်း ဖြစ်ခဲပါတယ်။ အိပ်ရေးပျက်တာ များလွန်းလို့ပဲ ကျွန်တော် နေမကောင်း ဖြစ်ရတာ ခဏခဏပေါ့။

နေမကောင်း ဖြစ်ပြီးပြီ ဆိုရင်လည်း နလံထကာစ လူမမာ ဖြစ်တဲ့ ကျွန်တော် “ ငါးခြောက် ” ကို မီးဖုတ်ပြီး ဆီရွှဲရွှဲလေးနဲ့ စားချင်ပြန်တာပါပဲ။ ဒီအချိန်မှာ တခြားသော ဘာတွေ ညာတွေ လာကျွေးကျွေး စားချင်စိတ်ကို မရှိ။ ခံတွင်း မတွေ့။ မထိ ၊ မကိုင်ချင်။ ငါးခြောက်ဖုတ်မှ ငါးခြောက်ဖုတ် ပဲ စားချင်ပါတယ်။



မိဘတစ်ယောက်ရဲ့ စိတ်ပူပန်မှု နဲ့ သားသမီး အပေါ်မှာ ထားတဲ့ မေတ္တာစိတ်က နည်းနည်းမဟုတ် ၊ အတော်ကို များများစားစား ထူးဆန်းပါတယ်။ လတိုင်း လတိုင်း စာအုပ် အသစ်တွေ ထွက်ရင် ကျွန်တော် ဝယ်စုနေကျ စာရေးဆရာတွေကို မေမေက မှတ်ထားလေ့ ရှိတယ်။ ပြီးတော့ ကျွန်တော့် ကြိုက်တဲ့ အဆိုတော်တွေကို မေမေကလည်း သိနေလေ့ ရှိတယ်။ ကျွန်တော် ကြိုက်တတ်တဲ့ အဝတ်အစား ဆိုလည်း မေမေက မှတ်မှတ်သားသား ရှိတယ်။

ဒီတော့ ကျွန်တော် ဒီကို ရောက်ပြီး သိပ်မကြာဘူး။ လေးဖြူရဲ့ လိပ်ပြာ အခွေ ထွက်တယ်။ မောင်လှမျိုး ( ချင်းချောင်းခြံ ) ရဲ့ သရုပ်ဆောင်ကောင်းတဲ့ည စာအုပ်ထွက်တယ်။ နောက်တော့ တခြား တခြားသော ကျွန်တော် နှစ်သက်ရာတွေ အသစ်ထွက်တယ်။ မြန်မာနိုင်ငံမှာ ထွက်သမျှ ၊ ပေါ်သမျှ ဒီမှာ ဝယ်လို့ ရပါတယ် ဆိုတာကို မေမေ နားဝင်အောင် ကျွန်တော် တစ်နှစ်လောက် ပြောယူခဲ့ရတယ်။ ဘာလို့လဲ ဆိုတော့ လေးဖြူ - လိပ်ပြာ ခွေထွက်တော့လည်း CD အခြေအနေမှာတင် ခွေဝယ်ကာ မေမေက စာတိုက်ကြီးကနေ မှတ်ပုံတင်လုပ်ကာ ပို့တယ်။ ဝတ္ထုစာအုပ်တွေ ထွက်တော့လည်း စာတိုက်ကြီးက ပို့တယ်။ ဂန့်ဂေါ ပုဆိုး အကွက်ဆန်းဆန်းတွေ တွေ့ရင်လည်း စာတိုက်က ပို့တယ်။

သို့သော် . . . မေမေသာ ပို့နေတာပါ။ ကျွန်တော့်ဆီကို တစ်ခုမှ မရောက်။ မှတ်ပုံတင် လုပ်ကာ ပိုခကြီးကြီးနဲ့ စာတိုက်ကြီးကို ပေးလိုက်ရပေမဲ့ ထို ပို့လိုက်တယ် ဆိုတဲ့ ပစ္စည်းတွေ တစ်ခုမှ ကျွန်တော့်ဆီကို မရောက်။ ဒီဘက်မှာ ရှိနေတဲ့ စာတိုက်ကြီးကို သွားမေးတော့ ဒီနေ့ရက်က ထွက်လာတဲ့ အထုပ် မရှိ။ ထိုနံပါတ်နဲ့ အဝင် အထုပ် မရှိလို့ ဆိုတယ်။ ကျွန်တော့်ဆီကို တစ်ခု ဆို တစ်ခုမှကို မရောက်။ လကုန် တစ်ခါ ၊ လလယ် တစ်ခါ ဘာပို့လိုက်ပြီ ၊ ညာပို့လိုက်ပြီ ဆိုရင် ကျွန်တော့်မှာ မြို့နယ် စာတိုက်ကို သွားမေးရ ၊ မလာဘူး ဆိုရင် စာတိုက်ကြီးကို သွားမေးရနဲ့ အတော်ကို ဒေါင်းတောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ . . . ပစ္စည်း တစ်ခုမှကို လက်ခံရခြင်း မရှိခဲ့။

ထိုစဉ်အခါက DHL တစ်ခုက လွဲလို့ အခုခေတ်မှာလို EMS တွေ ဘာတွေလည်း မရှိသေးပါ။ DHL ရဲ့ ပို့ခတန်ဖိုးနဲ့ ပို့ဖို့ကျတော့ ဘယ်လိုမှ အဆင်မပြေ။ ပြီးတော့ မြန်မာဆိုင်များမှ ပစ္စည်းများကို အပြန်အလှန် ၊ အစုန် အဆန် ပို့ပေးနေတယ် ဆိုတာကို ကျွန်တော် လုံးဝကို မသိခဲ့။ ဒါကြောင့် ပစ္စည်း ပို့လိုက်ပြီ ဆိုရင် မျှော်လိုက်ရတာ လည်ပင်း မိုးထိ မတတ်။ နားစွင့်လိုက်ရတာ နားက ဂျမ်ဘိုလို ဖြစ်တော့ မတတ်ပါပဲ။ ဒါပေမဲ့ . . . . ဘယ်မှာ ဘယ်နေရာမှာ လွဲချော်မှန်း မသိဘဲ ၊ အိမ်ကနေ မေမေ ပို့လိုက်သော စာ နဲ့ ပစ္စည်း ဆိုရင် စာသာ ရောက်လာတက်ပြီး ပစ္စည်းကတော့ “ ပလုံ ” သွားတက်မြဲ ဖြစ်တယ်။ ကျွန်တော် လုံးဝကို လက်ခံ ရရှိခြင်း မရှိပေ။

ဒီမှာ ဝယ်လို့ ရတယ်။ လိုချင်တာ အားလုံး ရတယ် ဆိုကာ အတန်တန် ပြောနေရင်း ၊ အကြိမ်ကြိမ် သက်သေပြရင်းနဲ့ တစ်နှစ်လောက် အကြာမှာမှ ပို့သမျှ မရသော ပစ္စည်းအထွေထွေကို မေမေ မပို့တော့ပေ။ ဒါတောင်မှ ဘာလိုလဲ ၊ ဘာစားချင်လဲ လို့ အမြဲတမ်း မေးနေတတ်တယ်။ ရတယ် ဒီမှာ သား လိုတာ မှန်သမျှ ဝယ်စားမယ် ဆိုလို့ ပြောကာ မေမေ ပြောသမျှကိုလည်း ကျွန်တော် တကယ်ကို ဝယ်စားပါတယ်။ ဒီတော့မှ မေမေလည်း သူစိတ်ထဲမှာ ပို့ချင်နေမှာ ဖြစ်ပေမဲ့ မပို့ဖြစ်တော့ပါဘူး။



ထုံးစံ အတိုင်းပဲ ကိစ္စ များမြောင် လူတို့ ဘောင် ဆိုတဲ့ အတိုင်း အထွေထွေ ကိစ္စတွေနဲ့ အလုပ်တွေ ရှုပ်ပြီး လွန်ခဲ့တဲ့ နှစ်လကျော်လောက်က ကျွန်တော် တစ်ပတ်ကျော် ၊ ၁၀ ရက်လောက် ကောင်းကောင်း မအိပ်ရခဲ့ပါ။ တစ်ရက် ၊ နှစ်ရက် ၊ သုံးရက် ဘာမှ မဖြစ်ပေမဲ့ တစ်ပတ်ကျော်လောက် အိပ်ရေးက ပျက်သွားတော့ လူက ပန်းပြီး ကျွန်တော် ဖျားပါတော့တယ်။ အရမ်းကို အားနည်းသွားလို့ ထင်ပါတယ်။ ကျွန်တော် တော်တော်နဲ့ ပြန်မကောင်းဘဲ တရှောင်ရှောင် ဖြစ်နေခဲ့တယ်။ အားလည်း အလွန်နည်းသွားတယ်။

နေမကောင်းရာမှ အနည်းငယ် သက်သာလာတော့ မေမေနဲ့ ဖုန်းပြောဖြစ်တယ်။ ဒီတော့ နေမကောင်း ဖြစ်ရာကနေ ပြန်ကောင်းခါစ ၊ နလံထူနေစ ဆိုတော့ ပါးစပ်ကလည်း သောက်ဆေး အရှိန်တွေကြောင့် ပျက်နေတယ်။ ဘာကိုမှလည်း ဟက်ဟက်ပက်ပက် မစားချင်ပါဘူး။ ဒါပေမဲ့ ထုံးစံ အတိုင်း နလံထူကာစ ကျွန်တော် စားချင်တာကလည်း “ ငါးခြောက်ဖုတ်ကို ဆီရွှဲရွှဲလေး ဆမ်းထားတာပဲ ” စားချင်နေခဲ့တယ်။

မေမေနဲ့ စကားပြောနေရင်း ဘာရယ် မဟုတ်ဘဲ “ ငါးခြောက်ဖုတ် စားချင်လိုက်တာ မေမေရာ ” လို့ ပြောမိတော့ မေမေက “ မေမေ ပို့ပေးရမလား ” လို့ မေးတယ်။ ဒီတော့မှ “ မပို့နဲ့ မေမေ ဒီမှာ ဝယ်စားလို့ ရပါတယ် ” လို့ ပြောရတော့တယ်။ ဒါဆိုလည်း “ သား ဝယ်စားလေ ” လို့ မေမေက ပြောတော့ “ သား . . . ကိုယ် မပူတော့တာနဲ့ သွားဝယ်မယ် မေမေ ” လို့ ပြောလိုက်တယ်။ မေမေ့ကို ပြောခဲ့တာ နှစ်သိမ့်ယုံ သက်သက် မဟုတ်ပါဘူး။ ကျွန်တော် တကယ်ကို ငါးခြောက်လေး ဝယ်ပြီး ဖုတ်တော့ မဖုတ်ပေမဲ့ ကြော်ပြီး စားပြီးပါပြီ။



ပြီးခဲ့တဲ့ လက လူကြုံနဲ့ မေမေ့ဆီက ပို့လိုက်တာ ပါလာတယ် ဆိုလို့ ကျွန်တော် သွားယူပါတယ်။ ပလတ်စတစ်အိတ်နဲ့ သေချာ ထုပ်ထားလို့ အထဲက ဘာလဲ ဆိုတာကို မသိခဲ့ပါဘူး။ အိမ်ကို ပြန်ရောက်တော့မှ ဖွင့်ကြည့်လိုက်တော့ ပလတ်စတစ်အိတ်နဲ့ နှစ်ထပ် ထုပ်ထားပြီး အထဲက ကော်ဘူးလေးနဲ့ ထည့်ကာ ၊ ဒီအထဲမှာမှ ပလတ်စတစ်နဲ့ ထပ်ထုပ်ထားတဲ့ “ ငါးခြောက်ဖုတ် ဆီဆမ်း ” လေးကို တွေ့ရတော့တာပါပဲ။ 

ဒီငါးခြောက်ဖုတ်လေး လက်ခံရတဲ့ အခါမှာ ကျွန်တော် ဘာမှ မဖြစ်ယုံ မက ဒေါင်ဒေါင်တောင်မှ မြည်နေပါပြီ။ ဒါပေမဲ့ မေမေရဲ့ စိတ်ထဲမှာတော့ ငါ့သားက အခုမှ နလံထူကာစ  လူမမာလို့ပဲ ထင်နေလား မသိပါဘူး။ ငါ့သား ငါးခြောက်ဖုတ် မစားရသေးဘူး လို့ ထင်မှတ်နေတယ် ထင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း နေမကောင်းတုန်းက မကျွေးလိုက်ရလို့ အခု လူကြုံရှိတုန်း လူကြုံကိုလည်း အားနာနာနဲ့ ပေးချင်တာလေး ပေးလိုက်တယ် ထင်ပါတယ်။ အရင်လို စာတိုက်က ပို့ရင် ပျောက်သွားမှာ စိုးလို့ သူ သိသမျှ သေချာအောင် လူကြုံနဲ့ မရောက်ရောက်အောင် ပို့လိုက်တာပါပဲ။ 

ကျွန်တော် ဒီငါးခြောက်ဘူးလေးကို ကိုင်ပြီး ငိုင်နေမိတယ်။ မေမေ ပို့ပေးလိုက်တဲ့ ငါးခြောက်ဘူးလေးထဲက ငါးခြောက်ကို ကျွန်တော် ကြည့်လိုက်တော့ ဒီငါးခြောက်ဟာ မေမေရဲ့ လက်နဲ့ မီးဖုတ် ၊ ထုထောင်း ၊ နွာကာ ၊ စိတ်ပိုင်းပြီး ထည့်လိုက်ပေးလိုက်တဲ့ ငါးခြောက် ဆိုတာ သိသာလွန်းပါတယ်။ ဒီငါးခြောက်လေးကို ကျွန်တော် ဘယ်လို စားရက်ပါ့မလဲ။ ငါးခြောက်လေးတွေက ဘူးလေးထဲမှာ တိတ်တဆိတ်နဲ့ ခပ်ကွေးကွေးလေးတွေ ငြိမ်သက်နေတယ်။

ပြီးတော့ မေမေ မသိရှာပါဘူး။ ဒီငါးခြောက်လေး ကျွန်တော် လက်ထဲကို ရောက်လာတဲ့ အချိန်မှာ ကျွန်တော့်ဆီမှာ မီးဖုတ် ၊ ဆီဆမ်းပြီးသား အသင့်စားနိုင်သော ငါးခြောက်ထုပ်လေး သုံးထုပ်က ရှိနေပါသေးတယ်။ ဒါပေမဲ့ မေမေ့ရဲ့ စိတ်ထဲမှာတော့ နေမကောင်းရာက နေကောင်းလာသော နလံထ လူမမာ ကျွန်တော် စားဖို့ ငါးခြောက် ရှိမှ မရှိပါ့မလား ၊ စားမှ စားပါ့မလား ဆိုတဲ့ စိတ်ကြောင့် မရောက် ၊ ရောက်အောင် လူကြုံနဲ့ ထည့်ပေးလိုက်တာပါ။

 
ကျွန်တော့်မှာ ရှိနေတဲ့ ရွှေပုစွန်မှ ငါးခြောက်ထုပ်များ

မေမေ့ရဲ့ ငါးခြောက်ဘူးလေး

ကျွန်တော့်ဆီကို မေမေ့ရဲ့ ငါးခြောက်ဘူးလေး ရောက်လာတဲ့ အချိန်မှာ ရွှေပုစွန်က ငါးခြောက်ထုပ် သုံးထုပ်မှာ တစ်ထုပ်ကိုသာ ဖောက်စားဖြစ်ပါသေးတယ်။ နှစ်ထုပ်ကျော်ကျော် ကျန်နေသေးတယ်ပေါ့လေ။ ဒါပေမဲ့ အဲဒီနေ့ ညနေက ကိုယ်တိုင် ထမင်းချက်စားရမှာ ပျင်းတဲ့ ကျွန်တော် ထမင်းပူပူလေး ချက်ပြီး မေမေ့ရဲ့ ငါးခြောက်ဘူးလေး ထဲက ငါးရံ့ခြောက်လေးကို တစ်ကိုက်ပြီး တစ်ကိုက် ကိုက်ကာ ထမင်းစားလိုက်ရတာ အတော်ကို မြိန်ပါတယ်။ ဒေါင်ဒေါင်မြည် နေကောင်းရာကနေ လူက ပြန်ပြီးတော့တောင်မှ လူမမာလို ပြန်လည် ခံစားသွားမိပါသေးတယ်။

ကြုံရင်ပဲဖြစ်ဖြစ်ပေါ့ဗျာ။ ရွှေပုစွန်က ငါးခြောက်ကို ဝယ်စားကြည့်ပါ။ ဆားလွတ် ငါးရံ့ခြောက်တွေပါ။ အရမ်းချိုသလို အတော်လည်း စားကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့် အတွက်တော့ သေချာတယ်။ အဲဒီနေ့က စားရတဲ့ “ မေမေ့ရဲ့ ငါးခြောက်ဘူးလေး ” ထဲက ငါးခြောက်တွေလောက်တော့ စေးစေးပိုင်ပိုင် အရသာ မရှိတာ သေချာနေခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ရွှေပုစွန် ငါးခြောက်တွေမှာ မေမေ့ရဲ့ သူ့သားကို စားစေချင်သော မေတ္တာတွေ မပါဘူးဗျာ။ မေမေ့ရဲ့ ငါးခြောက်ဘူးလေး ထဲမှာတော့ ငါးခြောက်သာ မပြည့်ရင် နေမယ် ၊ မေတ္တာတွေကတော့ အပြည့်ပေါ့ဗျာ။

ကျွန်တော် ကောင်းချင်ကောင်းခဲ့မယ်။
ကျွန်တော် ဆိုးချင် ဆိုးခဲ့မယ်။
ဘယ်လိုပဲ ဖြစ်နေခဲ့ပါစေ . . . 
အမေ့ကို ဂရုစိုက်ခွင့်ရသော
အမေ့ကို ချစ်ခင်ခွင့်ရသော
အမေ့ကို လေးစားခွင့်ရသော
အမေ့ကို အမေ လို့ ခေါ်ခွင့်ရသော နေ့ရက်တိုင်းက ကျွန်တော့် အတွက်တော့ “ အမေများနေ့ ” တွေပါပဲ။
ကမ္ဘာပေါ်မှာ ရှိသော မိခင်တိုင်း ( သို့ ) အမေတိုင်း ကျန်းမာချမ်းသာစွာနဲ့ ပျော်ရွှင်ကြပါစေ။   ။


*** ၈.၅.၂၀၁၁ အမေများနေ့ ( သို့ ) မိခင်များနေ့ အတွက် အမှတ်တရ ***


လေးစားစွာဖြင့်
ကိုဇော်
8.5.2011

Share/Bookmark

22 ယောက် ရဲ့ ထင်မြင်ချက်:

than than said...

အရမ်းကိုကောင်းတဲ့ စာလေးပါပဲနော်......အမေ့ကို ပိုပြီး လွမ်းသွားတယ်.......

မိုးခါး said...

အိမ်လွမ်းသွားသည် .. ငါးခြောက်ဖုတ်မြင်ပြီး လူမမာတော့ ထပ်မဖြစ်လိုက်နဲ့ဦး .. :P

ဝက်ဆလူး said...

အဲဒါ အမေ ပဲလေ ကိုဇော် ရဲ့ .........

Anonymous said...

မေမေ့လက်ရာ ငခြောက်ကြော်လေး စားခွင့်ရနေတဲ့
ကိုဇော် သိတ်ကံကောင်းပါတယ်။ ကမ္ဘာပေါ်ရှိ မိခင်တိုင်း
ကျန်းမာပါစေ။

မိခင်တိုင်းကို လေးစားတဲ့
Baby taster

rose said...

မိဘ မေတ္တာနော်...။ သားသမီးကို စားစေချင်၊ ၀တ်စေချင်တာ။ ရို့စ်လည်း အမေ သိပ်ချစ်သူမို့ ကိုဇော်ရဲ့ ပို့စ်လေး ဖတ်ပြီး မျက်ရည်ဝဲမိတယ်။ မားမားကို ပိုလွမ်းသွားတာလည်း ပါတာပေါ့။ သားကို စားစေချင်လို့ သေချာ ထုတ်ပိုးပြီး ပို့လိုက်ရှာတယ်နော်။ ကိုဇော် မေမေနှင့် ကမ္ဘာပေါ်မှာ ရှိတဲ့ မိခင်ကောင်းတွေ အားလုံး ကျန်းမာ ပျော်ရွှင်ပါစေ။

T T Sweet said...

အမေတွေရဲ့မေတ္တာကို ဖော်ညွှန်းတဲ့ ပို့စ်လေးပေါ့။ ရေးထားတာလေး ဖတ်လို့ကောင်းတယ်။

ဒီနေ့ အမေနေ့ပဲ။ တစ်နေ့ကတောင် ဂျူဂျူလေးက လက်ဆောင်တွေ ၀ယ်ပေးသေးတယ်။ တစ်ကျပ်တန် ဆပ်ပြာရယ်၊ အမွှေးဖယောင်းတိုင်ရယ်။

စကားမစပ် အိမ်မှာလဲ ငရန့်ခြောက် ကြိုက်သူတစ်ယောက်ရှိသဗျ။ မနေ့က ဘရိတ်ဖတ်စ်တွေ နေ့တိုင်း ဗိုလ်လိုစားနေရလို့ ထမင်းဆီဆမ်းနဲ့ မန်းလေးပဲကြော်လေးကြော်ပေးတာ ငရန့်ခြောက်လေး ဖုတ်ပါဦးတဲ့ဗျာ။ အိမ်မှာတော့ ငရန့်ခြောက် မီးမဖုတ်ရသေးတဲ့ အစိမ်းတွေ ဆောင်ထားသဗျ။ ဒီဇင်ဘာပြန်တုံးက သယ်လာတာ။

mstint said...

မိခင်များအတွက် ဒီပို့စ်လေးဟာ စိတ်ကြည်နူးမှုကို ရစေမှာတော့အမှန်ပါပဲ မိဘကျေးဇူး သိတတ်ခြင်းဟာလဲ တစ်နည်းအားဖြင့်တော့ ကျေးဇူးဆပ်တာနဲ့ အတူတူပါပဲပေါ့။ နေမကောင်းဖြစ်တဲ့ အချိန်တွေမှာ အမေကမပို့ဖြစ်သည့်တိုင် ကိုဇော်တစ်ယောက် "ငါးခြောက်ဖုတ်" လေးနေရာမရွေး ဝယ်စားနိုင်ပါစေး)

ခနွဲ said...

မိဘတွေဟာ သားသမီး အတွက်ဆိုရင်တော့ အမြဲတမ်း သူရဲကောင်း အာဇာနည်တွေပါ။ အဲ..စာတိုက်က ပို့တာတော့ မရောက်တာတော့ ကိုယ်တွေ့။ ကျွန်တော်သူငယ်ချင်း တစ်ယောက် ငွေဆွဲကြိုးတစ်ကုံးနဲ့ စာပို့လိုက်တာ။ စာပဲရောက်လာတယ်။ ပစ္စည်းပါမလာဘူးဗျ။ အမေနေ့ မှာ ပျော်ရွှင်ပါစေ။

An Asian Tour Operator said...

အမေများ အားလုံးပျော်ရွှင်ပါစေဗျာ။

...အလင်းစက်များ said...

နေကောင်းကာစမှာ တစ်ခုခုကို တောင့်တ တတ်တဲ့ လူတွေကို ကျနော်မြင်ဖူးတယ်.. ကျနော့မိသားစု ၀င်ထဲက တစ်ယောက်ဆို နေကောင်းခါစမှာ “ပဲကြီးလှော်” သိပ်စားချင်နေတတ်တော့တာပဲ။

အမေ့ဆီက ဘာပစ္စည်းပို့ ပို့  မရောက်တတ်ပေမယ့် လူကြုံကောင်းမှုကြောင့် ရောက်လာတဲ့ ငါးရံခြောက် လွလွလေးတွေကို စားပြီး နောင်ရက်များအတွက် ခွန်အားတွေဖြစ်ပါစေဗျာ..။

အမေများနေ့  မှန်းသိလိုက်ရလို့  ကျေးဇူးတင်ပါတယ် ကိုဇော်ရေ...

Thanks

ကိုထွဋ် said...

အမေတွေက ကိုယ်တွေ အတွက်တော့ ဘာဖြစ်ဖြစ်လုပ်ပေးမဲ့ သူတွေပါပဲ..

ကျနော်လည်း ငါးခြောက်ကြိုက်တယ်... :D

လရိပ်အိမ် said...

ကိုဇော်ရဲ့ post လေးဖတ်ပြီး မေမေ့ကိုပိုသတိရသွားတယ်ဗျာ။ ဒီနေ့တစ်နေ့လုံးထက် ခုညနေအိမ်ရောက်ခါနီးလေးကို မေမေ့ကိုအရမ်းသတိရနေတာ။

Anonymous said...

ဘုန်းဘုန်းငယ်ငယ်က နေမကောင်းဖြစ်ရင် ခရမ်းချဉ်သီးချက်ကို တောင့်တခဲ့မိတယ်။ ခုတော့ မဟုတ်တော့ပါဘူး။ ဟုတ်တယ် ကိုဇော်။ ထမင်းပူပူလေးနဲ့ ငါးခြောက်ဆီဆမ်းလေးနဲ့ဆိုရင်............ကောင်းမှကောင်း ကိုဇော်ရေ။ အလင်းစက်ပြောသလို အမေများနေ့မှန်း သိခွင့်ရတဲ့အတွက် ကျေးဇူးအထူးပါ။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

မောင်မောင်တင် said...

အမေ့ ကိုသတိရပြီး ငိုချင်လာတယ်ဗျာ
ကျနော့ အမေလည်း လူကြုံတိုင်း ပစ္စည်းထည့်ပေးနေလို့
သွာယူရတဲ့ စရိတ်က ၀ယ်တာထက် ၃ဆလောက်ကုန်နေ
လို့ လူကြုံမပါးဖို့ မနည်း ပြောရတယ်.........

ရွှေညာသား said...

အတော်ကောင်းတဲ့ စာလေးပါပဲ ကိုဇော်... သားသမီးအပေါ်ထားတဲ့ အမေတိုင်းရဲ့ မေတ္တာ စေတနာကတော့ ဘာနဲမှ နှိုင်းလို့မရပါဘူး။ စာဖတ်ပြီးတော့ အမေ့ကို သတိရမိတယ်။ အမေနဲ့ ဝေးနေရသူချင်းမို့ အမေများနေ့မှာ အမေ အကြောင်းရေးတဲ့ စာလေးကို မျှဝေခံစားသွားပါတယ် ကိုဇော်...
မိဘကျေးဇူးဆပ်နိုင်တဲ့ သားကောင်းတစ်ယောက် ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်....

အလင်းသစ် said...

ထပ်မံပြီး အားပေးသွားပါတယ် အကို။။။။။။။

မြတ်မွန် said...

ငါးခြောက်တွေ ရှိနေပြီ ဆိုတော့ နေမကောင်းဖြစ်လို့ရပြီ ဦးဇော်..။
ဒီနှစ်တော့ အမေများနေ့အတွက် ပိုစ့်ရေးဖြစ်တယ်ပေါ့..။

ကမ္ဘာပေါ်မှာ ရှိတဲ့ အမေတိုင်း ပေါ်ရွှင်ကြည်နူးကြပါစေ..။

နေ၀သန် said...

သွားရည်တောင်ကျလာပြီ... :D


ခင်မင်လျက်
နေ၀ဿန်

မင်ဧရာ said...

ကိုဇော်
မေမေ့ ကိုလွမ်းသလို ငါးခြောက် ကိုလည်း ငမ်းနေတယ် လက်တို့ပြီးပြောပါရစေ ရှိသေးရင်နည်းနည်း ပေးပါ
မိခင်တိုင်းပျော်ရွှင်ပါစေဗျာ....

Anonymous said...

စာလာဖတ်သွားပါတယ် ကိုဇော်ရေ...း)


ဒေါ်နှင်း

ဖြိုး said...

အမေ
အဝေးရောက်သား
အမေ့ ကိုလွမ်း
သတိရတတ်ခဲ့ တာ
အမေနဲ့ ဝေးမှပါ။

မိဘမေတ္တာ
အနှိုင်းမဲ့ ပါ။

a-te said...

စာဖတ်ပြီး အမေ့ ကိုအ၇မ်းကိုသတိ၇သွားတယ်
ကျွန်တော့်၇င်ထဲမှာလဲ အနက်၇ှိုင်းဆုံး နေ၇ာ မှာ အမေ ၇ှိနေတယ်.......
ကိုဇော့် နဲ့ထပ်တူ ခံစား၇ပါတယ်