မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


31 January 2010

2 ရင်ခွင်

ရင်ခွင်

လေကြမ်းတော့ ဝင်ခို
လေချိုတော့ ပျံပြေး

ကိုယ့်ရင်ခွင် ယာယီကွမ်းပေမဲ့...

လွမ်းတတ်တယ်လေး.....။

နေပြင်းတော့ မော့သောက်

နေညိုတော့ မေ့သေး

ကိုယ့်ရင်ခွင် စိမ့်စမ်းရေပေမဲ့

ဆွေးတတ်တယ်လေး.....။


မိုးသည်းတော့ ရှောင်ခို

မိုးအေးတော့ ထွက်အဝေး

ကိုယ့်ရင်ခွင် ပမာဇရပ်ပေမဲ့

နာတတ်တယ်လေး.....။


မဲမှောင်တော့ သူမျှော်

လင်းလာတော့ လှည့်မငေး

ကိုယ့်ရင်ခွင် မီးပြတိုက်ပေမဲ့
မေ့ပစ်မယ်လေး....။ ။


ကိုဇော်

http://zaw357.multiply.com/journal/item/472/472 မှာ 9.7.2009 က ရေးထားတာပါ။

.

Share/Bookmark

1 အချိန်ကိုက်ဗုံး



၁၉၄၅ ခုနှစ် ၊ အောက်တိုဘာလ.... အမေရိကန်နိုင်ငံ ၊ အာကင်ဆော ပြည်နယ် ၊ ကားလမ်းကြီး တစ်ခုပေါ်မှာ ကားတွေ ၊ လမ်းတွေ ၊ လူတွေ အားလုံးကို ပိတ်ထားရတယ်။ နေရာပတ်လည်မှာ မီးသတ်ကား ၅ စီးက အသင့်။

ဘေးဝန်းကျင်မှာလည်း ရဲကားတွေ ၁၀ စီးကျော်လောက်က မီးရောင်တွေ တဖျပ်ဖျပ်။
သူတို့အားလုံး အာရုံစိုက်နေကြတာက ဘတ်စ်ကားတစ်စီးစီကို။ ဒီကားပေါ်မှာ လူကြီး လူငယ် ယောက်ျား မိန်းမ ၃၀ ကျော် ရှိနေတယ်။ သူတို့ ဘတ်စ်ကားရဲ့ ထွက်ပေါက်ကို ဖွင့်လို့ မရ.။တကယ်တော့ ဖွင့်မရတာမဟုတ် မဖွင့်ရဲတာ။ အကြမ်းဖက်သမား တစ်ယောက်က တံခါးကို ဖွင့်လိုက်တာနဲ့ ပေါက်ကွဲအောင် တစ်ကားလုံးမှာ ယမ်းဘီလူးတွေနဲ့ အချိန်ကိုက်ဗုံးထောင်ထားတယ်..။ ဗုံးထောင်သူက ဗုံးစပယ်ရှယ်လစ် “ ဖီးလ်မိုက်ကယ် ဟိုးလ် ” ဆိုသူ။

အချိန်ကိုက်ဗုံးအကြောင်းပြောဦး
မှ ၊ အချိန်ကိုက်ဗုံးဆိုတာ ပြင်ဆင်တပ်ဆင်ပြီးသေချာပြီ ဆို ....Timer ခလုပ်ကို နှိပ်ပြီးတာနဲ့ ဒီဗုံးအကြောင်း ကျွမ်းကျင်တဲ့လူက ပြန်ပိတ်ပြီး ရပ်စေမှ ရတဲ့ အရာမျိုး။ အချိန်ကိုက်ဗုံးမှာ မလိုအပ်တဲ့ ဝါယာကြိုးတစ်ချောင်း ကို မှားဖြတ်လိုက်မိရင် တစ်ချပ်ချပ်သွားနေတဲ့ နာရီလေးက တရှိန်ထိုး မြန်သွားတယ်။ အဲ......တခြားကြိုးကို မှားဖြတ်မိရင် ဗုံးက ချက်ချင်းထကွဲစေတယ်။ အချိန်ကိုက်ဗုံး ဆိုတာ ဒီလိုမျိုး။ မှားလို့ မရဘူး။ တွေ့ကရာကြိုးတွေ ၊ဝါယာတွေ သွားထိလို့ ဖြတ်လို့ မရဘူး။ ဖြတ်ပြီးကြိုးပြန်ဆက်လို့ မရဘူး။ အခုကားမှာ တပ်ထားတဲ့ အချိန်ကိုက်ဗုံးဟာ အခုခေတ်ပေါ်ဗုံးတွေလိုမျိုး ဒီဂျစ်တယ် မဟုတ်သေးဘူးလေ။

အဲဒီခေတ်က ခေတ်မမှီဆုံး နာရီလက်တံလေး နဲ့ ပင်နီယံတွေနဲ့ လည်ပတ်နေတာ။
အခု...ဗုံးစပယ်ရှယ်လစ် “ဖီးလ်မိုက်ကယ် ဟိုးလ်” က သူရဲ့ နောက်ဆုံးပေါ် အချိန်ကိုက်ဗုံးကို ဒီကားမှာ စမ်းသပ်ထားတာလေ..။ ကားတစ်စီးလုံး ယမ်းတွေ အပြည့်နေရာတကာမှာ တပ်ထားပြီး သူရဲ့ အချိန်ကိုက်စနစ်ကို ကားတစ်ခါးမှာ တပ်ထားခဲ့တယ်..။ အခု...ပင်နီယံလေးတွေ တလှုပ်လှုပ်နဲ့ နာရီ ၊ စက္ကန့်တံလေးတချပ်ချပ်နဲ့ အချိန်တွေ ၁ နာရီ ကျော်သွားခဲ့ပြီ။ အချိန်ကိုက်ဗုံး အသစ်အဆန်း ဆိုတော့ ဗုံးစပယ်ရှယ်လစ်တွေကလည်း ဘယ်က စလုပ်ရမှန်း မသိဘူး။

ဗုံးစပယ်ရှယ်လစ်တွေဆိုတာကလည်း ဗုံးဆိုတာ သူတို့ အသက်ပဲ။
ဗုံးတစ်လုံးကို ရပ်လိုက်နိုင်ရင် လူတွေ အသက်ကို ကယ်တင်လိုက်နိုင်သလို သူတို့ကိုယ်တိုင်ရဲက အသက်ကိုလည်း ကယ်လိုက်နိုင်တာပါပဲ။ ဗုံးစပယ်ရှယ်လစ်တွေ လက်လျော့တယ်ဆိုတာ ကားထဲက လူတွေနဲ့အတူ သူတို့ အသက်ပါ ဗုံးကွဲရင် အဆုံးရှုံးခံတာမျိုး။

တဖြေးဖြေးနဲ့ အချိန်တွေကုန်လာပြီ။ နောက်ဆုံး ၁၅ မိနစ်ပဲ ကျန်တော့တဲ့ အချိန်။ ဗုံးစပယ်ရှယ်လစ် နှစ်ယောက်ထဲက တစ်ယောက်က သူတို့အထင် ဒီဝါယာကြိုးကို ဖြတ်လိုက်ရင် ဗုံးရပ်သွား နိုင်တယ်လို့ ယူဆထားတဲ့ ဝါယာကြိုးကို ဖြတ်ဖို့ နှစ်ဦးသဘောတူလိုက်တယ်။ ဒါနဲ့ .... ဝါယာကြိုးကို ပလာယာနဲ့ ကိုက်ဖြတ်လိုက်တယ်။ သူတို့ ဒီလို လုပ်နေတာကို အနီးအဝေးနဲ့ ကင်မရာတွေကလည်း ရိုက်နေကြသလို အိမ်ထဲမှာ ကြည့်ဖို့ တိုက်ရိုက်လည်း လွှင့်ပြထားတယ်။


သေချာတယ်လို့ ထင်ရတဲ့ ဒီဝါယာကြိုးလေးကို ပလာယာနဲ့ ကိုက်ဖြတ်လိုက်နာကို ကင်မရာ
ကတဆင့် နေအိမ်အသီးသီးက လူတွေ မြင်လိုက်ကြရတယ်။ ဟာ.....သွားပြီ။ ဒါ တကယ်ဖြတ်ရမဲ့ကြိုး မဟုတ်ဘူး။ တချပ်ချပ်သွားနေတဲ့ ပင်နီယံလေးတွေ တဟုန်ထိုးထလည်ပါလေရော။ ၁၅ မိနစ်ဆိုတဲ့ အချိန်ဟာ ရုတ်တရက် တိုတောင်းသွားတယ်။ အော်သူ အော်...ပြေးသူ...ပြေး...နဲ့ ရှုပ်ရှက် ခတ်သွား တယ်။ မပြေးတာက ဗုံးစပယ်ရှယ်လစ်နှစ်ယောက်

သူတို့ကတော့ သူတို့ရဲ့ အမှားကို အသက်နဲ့ ပေးဆပ်ရမယ်လေ....ပြီးတော့..ကားေ
ပ်ါက လူတွေ...သူတို့ကတော့ မပြေးနိုင်ဘူး။သူတို့............။

ဒီလို ပြေးလွှား ။ ပုန်းကွယ်နေတဲ့ အချိန်မှာ...။
အိမ်နေရင်း အဝတ်အစားတွေနဲ့ ဘတ်စ်ကားနားကို အဒေါ်ကြီးတစ်ယောက် ဗုံးရှိနေတဲ့ ဘတ်စ်နားကို ပြေးပြေးလွှားလွှားရောက်လာ တယ်။ ရုတ်တရက် ဘယ်ကရောက်လာမှန်း မသိတဲ့ အဒေါ်ကြီးကြောင့် ပတ်ဝန်းကျင်က လုံခြုံရေးတွေလည်း တားဆီးဖို့ မေ့သွားကြတယ်။

အဒေါ်ကြီးက ဘတ်စ်နားလည်း
ရောက်ရောအချိန်ကိုက်ဗုံးရဲ့ တဟုန်ထိုးလည်နေတဲ့ ပင်နီယံတွေကြားထဲကိုလက်ထဲက အရာဝတ္ထုတစ်ခုကို ထိုးထည့်လိုက်တယ်။ လူတွေအားလုံး...... တိုက်ရိုက်ကြည့်နေသူတွေရော...ကင်မရာက တဆင့် တီဗီက ကြည့်နေသူ တွေရော အံ့သြစွာ သူတို့ထည့်လိုက်တာကို ကင်မရာနဲ့ သေချာ ဆွဲကြည့်လိုက်တော့.....။

သူ လည်ပတ်နေတဲ့ ပင်နီယံတွေကြားထဲကို ထိုးထည့်လိုက်တာက....
အိမ်မှာ သုံးနေတဲ့ “လက်ချုပ်အပ်လေး ” တစ်ချောင်းပါပဲ။ ဒါပေမဲ့..ဒီလက်ချုပ်အပ်ကလေးတစ်ချောင်း ကလည်ပတ်နေတဲ့ ပင်နီယံတွေ ကြားထဲမှာ “ ဂျမ်း” ဖြစ်ပြီး ဗုံးတစ်လုံးရဲက Timer တွေကို ရပ်တန့်စေခဲ့ပါ ပြီ။ လူတွေအားလုံးလက်ခုပ်ဝိုင်းတီး အားပေးကြတယ်။
ဒီတော့မှ ဗုံးစပယ်ရှယ်လစ်တွေဆိုတာ ကျွမ်းကျင်သူတွေပါ။ သူတို့ဟာ...ဘယ်လို ယမ်း အမျိုးအစားကို သုံးတယ်။ ဘယ်လို ဗုံးအမျိုးအစား ၊ ဘယ်လို လုပ်သင့်တယ် ၊ ဘယ်လိုရပ်ရမယ် ဆိုတာ
တကယ်တော့ ကျွမ်းကျင်သူတွေပါ။ ဗုံးအသစ်အဆန်းဆိုတော့..သူတို့ သတိလွတ်သွားကြတာ။

ဒါကြောင့်

တစ်ခါတစ်လေ အကျွမ်းကျင်လွန်တဲ့အခါမှာ အသေးအဖွဲလေးတွေကို သတိမေ့လျော့သွားတတ်တယ်လေ။
ဒါကြောင့် အချိန်ကိုက်ဗုံးမှာလည်ပတ်နေတဲ့ ပင်နီယံတွေ ရပ်သွားရင် ဗုံးလည်း မပေါက်ကွဲနိုင်တော့ဘူး ဆိုတာကို သူတို့ သတိလွတ်သွားပြီး ဝါယာကြိုး ဖြတ်ဖို့လောက်ပဲ အာရုံစိုက်နေကြတာပါ။

အင်း..........
ဒီလိုပါပဲ တစ်ခါတစ်လေ ကျွန်တော်တို့က လွယ်လွယ်နဲ့ ပြီးမဲ့ကိစ္စတွေကို တော် တော်ခက်ခက်ခဲခဲကြီး စဉ်းစားလုပ်ကိုင်နေမိတတ်ကြတယ်။ ဒီလို အချိန်ဆိုရင် ကျွန်တော်ကို သတိရ ၊ မရရင်နေပါ။

“ အချိန်ကိုက်ဗုံး ” ဆိုတာကိုတော့ သတိရလိုက်ပါဗျာ...။

William J.Rothwell ရဲ့ Time Bomb ကို
ကိုဇော် ခံစားပုံဖော်သည်...။

ကိုဇော်

http://zaw357.multiply.com/journal/item/440/440 မှာ 19.6.2009 မှာ ရေးခဲ့တာပါ။


Share/Bookmark

30 January 2010

0 သူငယ်ချင်းတစ်ယောက် အကြောင်း ( ၂ )

ကျွန်တော်တို့လည်း လှချင်ပါတယ်ဗျာ အဟီး လူပဲလေ။ သူကတော့ တော်တော် ဆိုးတာ။ ပိုပိုဆိုး။ ဒါပေမဲ့ သူက ဘယ်တော့မှ လူသိ မခံချင်ဘူးဗျ။

ကျွန်တော်တို့က ဘယ်မှာတော့ ဘယ်လို ပစ္စည်းလေးတွေ ဒီဇိုင်းမိုက်တယ်။ Nivea မျက်နှာသစ်ဆေးက ဘယ်လို ၊ Gatsby ခေါင်းလိမ်းဆီ အသစ်က ဘယ်ပုံ ကောင်းတယ်။ ဒီလိုတွေ ပြောနေကြရင် သူက စိတ်မဝင်စားသလိုပဲ။ ဘယ်တော့မှ ဝင်မပြောဘူး။ ဒါပေမဲ့ နောက် နှစ်ရက်လောက်နေလို့ သူ့အိမ်သွားကြည့် သူက ဝယ်သုံးပြီးနေပြီ။ အဲဒီလိုမျိုးကြီး။

သူငယ်ချင်းတွေပဲဗျာ ကြာလာတော့ သိလာတာပေါ့။ သူ့ကို ပြောရင် ဘယ်တော့မှ သူက ကောင်းသည် ၊ ဆိုးသည် ဝင်မပြောဘူး။ ဒါပေမဲ့ သူ့ကို ပညာတော့ ပေးဦးမှ.........................................

ဒီလို လေ့လာလိုက်တော့ သူက သူ့မျက်နှာပေါ်မှာ ရှိနေတဲ့ ဝက်ခြံဖုလေး နှစ်ဖုလောက်ကို ကြိတ်ကုနေတာဗျ။ ယောက်ျားလေးပဲ ဘာဖြစ်လဲ ဒီလောက်ကတော့ မဟုတ်ဘူး။ သူက အပြင်မှာသာ ကောင်းသည် ၊ ဆိုးသည် ဝင်မပြောတာ သူ့အိမ်မှာ မျက်နှာကို ပေါင်းတင်ရတာနဲ့ ၊ ဘာလဲ မျက်နှာကို ချေးချွတ်ရတာနဲ့ ရှုပ်နေတာပဲ။ ဒီတော့ ကျွန်တော်တို့လည်း ဒီလို လုပ်ခဲ့ကြပါတယ်။

အော်ပရေးရှင်း. . . စ. . . .တစ်...နှစ်...သုံး. . .

တစ်နေ့တော့ ကျွန်တော်နဲ့ သူငယ်ချင်း တစ်ယောက် သူ့အိမ်ကို သွားတယ်။ ပြီးတော့ ကျွန်တော်တို့ သူ့အခန်းကို ဝင်တော့ ကျွန်တော်က လက်ထဲမှာ ကိုင်ထားတဲ့ သစ်မြစ်လေးတွေကို သူ့စားပွဲခုံပေါ်မှာချလိုက်ရင်း . .

“ ဟူး အိုက်လိုက်တာကွာ..။ နေကလည်း ပူပါ့။ ”

ဆိုပြီး သူ့ကုတင်ပေါ် လှဲလိုက်တော့ သူက ကျွန်တော် တင်လိုက်တဲ့ သစ်မြစ်လေးတွေကို ကြည့်ရင်း. .

“ ဒါ ဘာမြစ်တွေလဲ။ ”

“ သြော် ပရိုမီနာမြစ်လေ။ ငါ့အစ်မပေါ့ကွာ သူ့မျက်နှာမှာ ဝက်ခြံဖုလေးတွေ ရှိနေလို့ ဒါကို သွေးလိမ်းတာ အသားလေး နုချောသွားတာပဲ။ ဒါကြောင့် အခု ကုန်သွားလို့ ငါ့ကိုသွားပြီး ဝယ်ခိုင်းလို့ သူဝယ်နေကြ နေရာမှာ သွားဝယ် ပေးရတာလေ။ ”

“ ဒါက တကယ်ပျောက်လို့လား။ ”

“ ဟ .. ပျောက်လို့ သူက လိမ်းနေတာပေါ့။ မင်းလည်း ငါ့အစ်မ ဝမ်းကွဲကို မြင်ဖူးတာပဲလေ။ သူကအသားအရည် ဘယ်လောက်လှလဲ။ ”

တကယ်တော့ ကျွန်တော့်အစ်မဝမ်းကွဲက သိတောင်မှ မသိ။ သူ့ဖာသာ ဘာတွေလိမ်းလို့ လှနေတာလဲ ကျွန်တော်လည်း မသိ။ အခုတော့ ဒီလိုပဲ “ တွန်း “ ပေးလိုက်တယ်။ ချောက်ဆိုရင် “ လိမ့် ” ဆင်းသွားလိမ့်မယ်။ ပရောဂ မှန်ရင် “ တုန် ” ဆင်း လာလိမ့်မယ်။ ဟဲဟဲ.. ဒီလိုပါပဲ။

ဒါနဲ့ တစ်နာရီလောက် ဟိုပြော ဒီပြောပြောပြီး ကျွန်တော်တို့ ပြန်လာခဲ့တယ်။ ပြန်တော့ စားပွဲပေါ်မှာ တင်ထားတဲ့ ပရိုမီနာမြစ်လို့ ဆိုတဲ့ သစ်မြစ် အချောင်းလေးတွေထဲက တစ်ချောင်းကို ကျန်ခဲ့သလိုနဲ့ မသိမသာ တစ်ခု ချန်ထားခဲ့လိုက်တယ်။ သူကလည်း တွေ့တွေ့ကြီးနဲ့ “ ဟေ့ကောင် တစ်ချောင်းကျန်ခဲ့တယ်။ ” လို့ မပြော။ ဒါက သူ့ရာဇဝင် ကို သူ့ဖာသာ မှတ်တမ်းတင်လိုက်တာ။ သူ့ သမိုင်း သူရေးတာ။

ဒါနဲပေါ့လေ။

နောက်နေ့ကျတော့ အမည်မဖော်လိုသော ကျွန်တော့်သူငယ်ချင်းကြီး ကျောင်းမတတ်တော့ဘူးဗျို့။ နောက်နေ့လည်း မတတ်ဘူး။ ဘယ်တတ်နိုင်မလဲဗျာ။ ကျွန်တော်တို့ကလည်း ရောင်းတဲ့ အစ်ကိုကြီးကို “ အကို မျက်နှာ သေချာ ယောင်တယ်နော်။ ” လို့ မေးပြီးမှ ဝယ်ခဲ့တာ။ “ ပရိုမီနာမြစ် စစ်ရဲ့လား။ ” လို့ မေးမဝယ်လို့ သူကတောင်မှ သံသယ ရှိနေတယ် နဲ့တူတယ်။ ဒါနဲ့ သူ့အိမ်ကို ဖုန်းဆက်ကြည့်တော့ သူအစ်မက ပြောတယ်။ သူ ပင့်ကှူရှပ်လို့တဲ့ မျက်နှာကြီး ယောင်နေတာ ကျောင်းမတတ်နိုင်ဘူး ဆိုပဲ။

ကျွန်တော်တို့လည်း သုံးရက်လောက်မှ သူ့အိမ်ကို သွားတော့ သူက အိမ်ထဲက အိမ်ပြင်ထွက်ဖို့နေနေသာသာ ၊ အခန်းထဲကတောင်မှ အပြင်ကို မထွက်ဘူးဗျ။ သူ့အခန်းထဲ မဝင်ခင် သူ့အစ်မကပြောတယ်။ ဒီအရွယ်ကြီးကျမှ ပင့်ကူက ရှပ်သေးတယ်တဲ့။ အခုတော့ အိမ်ကိုတောင်မှ ဆရာဝန် ပင့်ပြီး ကုနေရတယ် ဆိုပဲ။

သူ့အခန်းထဲရောက်တော့ သူက ရှက်ကိုး ရှက်ကန်းနဲ့ “ ပင့်ကူရှပ်တာကွာ။ ” တဲ့။ သူ့ကို ဘယ်သူ့မှလည်း မမေးဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့လည်း မသိလိုက် မသိဖာသာပဲ ထားလိုက်ပါတယ်။ တစ်ပတ်လောက်နေမှ အမည်မဖော်လိုသူ ကျွန်တော်တို့ သူငယ်ချင်းကြီး ကျောင်းပြန်တတ်နိုင်တော့တယ်။

ကျောင်းရောက်တော့လည်း အားလုံးက အရင်လိုပါပဲလေ။ ဒါပေမဲ့ တစ်ခုပဲ ထူးတယ်။ တစ်ခါတစ်လေပေါ့။ ကျွန်တော်က စကားစပ်မိလို့ သူ့ကို. . .

“ ငါ့အစ်မကွာ မျက်နှာမှာ ဝက်ခြံဖုလေးတွေ ရှိနေတာ ပရိုမီနာမြစ်ကို သွေးလိမ်းတော့ ပျောက်သွားတယ်ကွာ။ ”

ဆိုတော့ သူက ဘာပြောတယ် မှတ်လဲ ရှက်ကိုး ရှက်ကန်း နဲ့လေ. . .

“ အာ..၊ ဒါကတော့ကွာ။ တည့်တဲ့ လူမှပါကွ။ ”

တဲ့။

ဒီလိုပါပဲ ကျွန်တော့် သူငယ်ချင်း အမည်မဖော်လိုသူ “ နေလင်းအောင် ” အဲဒိလို “ တုံး ” တယ်။ အဲဗျာ..နာမည်ကြီး ပြောလိုက်မိပြီ။ တော်ပါသေးရဲ့ ဘယ်သူမှ မကြားလိုက်လို့။

ငယ်ငယ်တုန်းကတော့ ဒီလိုလည်း ပရောဂတွေကို ကုခဲ့ဖူးပါသည်။ ပရောဂ မှန်ရင် “ တုန် ” ဆင်းလာတာပဲ မဟုတ်လား။

ကိုဇော် ခံစားပုံဖော်သည်။

.

Share/Bookmark