မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


11 February 2013

4 ဗယ်လင်တိုင်းနေ့ အတွက် ကဗျာ



တချို့သော အရာတွေကို
တိုးတိုးတိတ်တိတ် စဉ်းစားခဲ့ဖူးတယ်။

တချို့သော ကိစ္စတွေကို
ကျယ်ကျယ်လောင်လောင် တွေးခဲ့ဖူးတယ်။

တချို့က " လူ " တွေနဲ့ ထပ်တူကျပြီးတော့
တချို့က " လူ့ " တွေနဲ့ သဟဇာတ ဖြစ်ခဲ့ပြီး
တချို့က " လူး " တွေနဲ့ ပလူးပလဲ ဖြစ်နေတတ်တယ်။

ဗယ်လင်တိုင်းနေ့ အကြောင်း ကဗျာတစ်ပုဒ်လောက် ရေးကြမယ် . . .
ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ရေးလာတဲ့ ကဗျာတိုင်း
လှပ ၊ တင့်တယ် ၊ ဝင်ကြွား ၊ ကြည်နူး ၊ မြတ်နိုး . . . .
အစရှိသဖြင့် စကားလုံးတွေ တန်ဆာ ဆင်ထားတတ်ကြတယ်။

ဗယ်လင်တိုင်းနေ့ အကြောင်း ရေးကြပြီ ဆိုရင် . .
တချို့က ဗယ်လင်တိုင်းနေ့ ဖြစ်ပေါ်လာပုံကို ရှာဖွေတင်ပြတယ်။
တချို့က ဗယ်လင်တိုင်းနေ့ရဲ့ ခမ်းနားပုံ ၊ လုပ်နည်း လုပ်ဟန်တွေကို ဖော်ထုတ်တယ်။
တချို့က ကောင်လေးနဲ့ ကောင်မလေး ဘယ်လို ချစ်ကြည်နူးစွာ ပေါင်းဖက်ကြတာကို ရေးတယ်။
တချို့က လက်မထောက်ဘဲ မှောက်လျက်လဲတာတောင်မှ မျက်နှာ မပျက်နိုင်သလို တင်စားတယ်။
တချို့က ဘယ်လင်နဲ့မှ မတိုင်းတော့ဘူး ၊ ငါ့လင်ပဲ ကောင်းတယ်လို့ ခပ်ရွတ်ရွတ် ပြောတယ်။
တချို့က . . . . . . .
တချို့က . . . . . . .

အဲဒါနဲ့ပဲ . . .
ကျွန်တော် . . .
ကျွန်တော့် ချစ်သူ အတွက် ဗယ်လင်တိုင်းနေ့ ကဗျာ တစ်ပုဒ် ရေးမိပါတယ်။
ကျောင်းက စာတွေထဲက အတိုင်း ဆိုရင်တော့ . .
" အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။ " လို့ ဆိုရပါ့လိမ့်မယ်။

ဗယ်လင်တိုင်းနေ့ အတွက် ကဗျာ

အသံမှာ လှိုင်းနှုန်းတွေ ရှိသတဲ့။
ကြိမ်နှုန်း မတူကြဘူး ဆိုပဲ။
အတိုးဆုံး အသံကြိမ်နှုန်း နဲ့
အကျယ်ဆုံး အသံကြိမ်နှုန်းတွေရဲ့
ဟိုဘက် ဒီဘက်ကနေ လှမ်းလျှောက်လာရင်းနဲ့
လူတွေ ကြားနေနိုင်သော ကြိမ်နှုန်းမှာ
ကျွန်တော်က သူ့ကို ပြောလိုက်မိတယ်။
" ချစ်တယ် " . . . ။

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

လူတွေမှာ စိတ်ရဲ့ အကွာအဝေး တူညီနေရင် . . .
လူတွေမှာ စိတ်ရဲ့ အကွာအဝေး ထပ်တူကျနေရင် . . .
လေသံလေးနဲ့ ပြောရင်တောင်မှ
တစ်ဘက်သားက ခံစား ရရှိနိုင်သတဲ့။
တကယ်လို့ . . .
တခြားသော အမျိုးမျိုး စိတ်ခံစားမှုတွေကြောင့်
စိတ်ချင်းဝေးကွာနေပြီး အော်ဟစ်ပြောနေမိရင်
ကျွန်တော့်ကို သူက သတိပေးပါ။
ကျွန်တော်ကလည်း သူ့ကို သတိပေးမယ်။
ဒါဆို ကျွန်တော်တို့ အချိန်မီ ပြင်ဆင်လိုက်နိုင်မယ်။

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

တစ်နှစ်မှာ ၃၆၅ ရက် အဖြစ် သတ်မှတ်ထားကြတယ်။
တစ်နှစ်ထက် တစ်နှစ် တိုးလာနိုင်တဲ့
အထိမ်းအမှတ်နေ့တွေထဲက
တစ်ရက်ရက်မှာ တစ်ခုခု လုပ်ဖို့
ကျွန်တော်က မေ့နေတယ် ဆိုရင် သတိပေးပါ။
ကျွန်တော်ကလည်း သူ မေ့နေတယ် ဆိုရင် သတိပေးမယ်။
ဒါဆို စိတ်ကောက်လို့ တင်းမာပြီး
ကုန်ဆုံးမယ့် အချိန်တွေကို ကျွန်တော်တို့ အကျိုးရှိရှိ အသုံးချနိုင်လိမ့်မယ်။

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

အရိုး မရှိတဲ့ လျှာ နဲ့
အသွေး မရှိတဲ့ သွားတို့တောင်မှ
မတော်တဆ ကိုက်မိ ၊ ထိုးမိကြသေးတာပဲ။
အရိုး ၊ အသွေး ၊ အသား ရှိတဲ့
ကျွန်တော်တို့ နှစ်ယောက်လည်း စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့
စကားလုံးတွေနဲ့ ထိုးခုတ်မိတဲ့ အခါ
ကျွန်တော် မေ့နေတယ် ဆိုလည်း သတိပေးပါ။
သူ မေ့နေတယ် ဆိုရင်လည်း သတိပေးပါ့မယ်။
" ဘဝတိုတိုမှာ အရသာ ချိုချိုကို
ပျော်ရွှင်မှုဖြင့် ဖြတ်သန်းကြရအောင် . . ." လို့။

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

တစ်ခါတလေ . . .
ကျွန်တော် ဖြစ်စေချင်တဲ့ အရာကို
သူက ကျွန်တော့် စိတ်တိုင်းကျအောင် မလုပ်နိုင်သောအခါ . . ၊
တစ်ခါတလေ . . .
သူ ဖြစ်စေချင်တဲ့ ကိစ္စကို
ကျွန်တော်က သူ့စိတ်တိုင်းကျ မလုပ်နိုင်တဲ့အခါ . . ၊
ကျွန်တော် မေ့နေတယ် ဆိုလည်း သတိပေးပါ။
သူ မေ့နေတယ် ဆိုရင်လည်း သတိပေးပါ့မယ်။
အဲဒါက စကားစုလေး တစ်ခု ဖြစ်တယ်။
" သူများ၏ လုပ်ရပ်ကို စိတ်တိုင်း မကျခြင်း အတွက်
အပြစ်မတင်ပါနဲ့။
ကိုယ်ကိုယ်တိုင်တောင်မှ အောင်မြင်အောင် မလုပ်နိုင်တာတွေ
ရှိနေသေးသည်ကို သတိပြုပါ။ " တဲ့။

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

တကယ်လို့ . . .
တကယ်လို့ပေါ့ . . . 
ဘယ်လိုကိစ္စမျိုးပဲ ဖြစ်နေပါစေ။
ကျွန်တော် မေ့နေတယ် ဆိုရင် သတိပေးပါ။
သူ မေ့နေတယ် ဆိုရင်လည်း သတိပေးပါ့မယ်။
အဲဒီ့နေ့ဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဆိုပြီး
အများက သတ်မှတ်ထားတဲ့ " ဗယ်လင်တိုင်းနေ့ "
ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် . . . ကျွန်တော်ကတော့ ဒီလို သတ်မှတ်တယ်။
" ချစ်သူကို ချစ်ခွင့် ရနေတဲ့ နေ့ရက်တိုင်းဟာ
ဗယ်လင်တိုင်းနေ့ပါပဲ။ "

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

ကိုဇော်
11-Feb-2013 

.

Share/Bookmark

4 ယောက် ရဲ့ ထင်မြင်ချက်:

Aunty Tint said...

ဗယ်လင်တိုင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ကဗျာကောင်းလေး ဖတ်သွားတယ် သားဇော်ရေ။
"စိတ်ကောက်လို့ တင်းမာပြီး
ကုန်ဆုံးမယ့် အချိန်တွေကို ကျွန်တော်တို့ အကျိုးရှိရှိ အသုံးချနိုင်လိမ့်မယ်" တန်ဘိုးရှိတဲ့ အချိန်တွေကို ကိုယ်တိုင်တန်ဘိုးထားတတ်ခြင်းဟာ မှန်ကန်တဲ့ တွေးခေါ်ဆုံးဖြတ်ချက်ပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

ချစ်သူများနေ့ကဗျာကလန်းလှချေလား...

သဒ္ဓါလှိုင်း said...

ချစ်ခြင်းတွေနဲ့ထုံမွှမ်းထားတဲ့ နေ့တိုင်းဗယ်လင်တိုင်းနေ့...
ထူးခြားတဲ့ ကဗျာလေး... ထူးခြားတဲ့ ဗယ်လင်တိုင်းနေ့တိုင်းဖြစ်ပါစေ ကိုဇော်.....

ခင်မင်တဲ့
သဒ္ဓါ

ရဲဝင်းနိုင် said...

လာလည်သွာပါတယ်အကိုရေ...
http://friendsloveforlife.blogspot.com/
အကိုဇော် ဒီ link လေးကိုတစ်ခါ ထာခဲ့ဘူးပါတယ် ဒါပေမဲ့ ဘလောခ်တွေထဲမှာမတွေ့ရလို နောက်တစ်ခါ
ထားခဲ့တာပါ ကျေးဇူးပြုပြီး ချိတ်ပေးပါအုံး အကိုရေ...