မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


29 February 2012

14 လေနဲ့အတူ လွင့်မျောသော စာ


" လေနဲ့အတူ လွင့်မျောသော စာ "

ကျနော် အရင်လို စာတွေ မဖတ်ဖြစ်တာ ကြာပြီ။
မတွေ့ဖြစ်အောင် သူရော ၊ ကျနော်ရော ရှောင်နေမိတယ်။
သို့သော် . .
တွေ့တာနဲ့ ကျနော် ဒီလို " ဖတ် " မိပေမဲ့ ဒီလိုတော့ " ဖက် " ထားမိပါသည်။
ဟောက်တောင်မှ ဟောက်လို့ . . .။
ဖြစ်ချင်တော့ နာရီ အဟောင်းတစ်လုံးကို ဝယ်မလို့ သွားကြည့်ဖြစ်တယ်။
ရောင်းသူက ဘိုလို မှုတ်ပြီးတော့ ပြောတယ် . . . " စက်ကင်း ( Second ) " တဲ့။
ကျနော် မဝယ်ဖြစ်ခဲ့တော့ပါ။
" စက်ကင်းမဲ့နေပါတယ် " ဆိုနေမှ ဘာလုပ်ရတော့မှာလဲ။
နောက်ထပ် နာရီ တစ်လုံးကိုလည်း ကြည့်မိပါတယ် . . 
အမျိုးအစား ကောင်းတယ် " အိုးရီးရင့် ( Orient ) " လို့ ဆိုတယ်။
သူပြောတဲ့ အသံက မပီတော့ " အိုးရီးပဲ " လို့ ဖြစ်နေသည်။
ကျနော် မဝယ်ဖြစ်ခဲ့ပြန်ပါ။
" စက်မပါဘဲ အိုးချည်းးပဲ " ဆိုမှတော့ ဘယ်လိုလုပ် နာရီက သွားပါတော့မလဲ။
ကျနော် ထိုဆိုင်မှ ထွက်လာခဲ့ပါတယ်။
ဒါနဲ့ လမ်းလျှောက်ရင်း ဖိနပ်နဲ့ တံမြက်စည်း လှဲနေမိတယ်။
မထူးပါဘူး ဖုံတွေ ပိုပို ထူလာတယ်။ ပေ လို့ . .  ပွ လို့ . . .
တယ်လီဖုံး အသံမြည်ရင်  . . . .
" ဟယ်လို " လို့ ထူးရမလား . .
" ဟဲလို " လို့ ထူးရမလား . . .
" ဟလို " လို့ ထူးရမလား . . .
" Hello " လို့ ထူးရမလား . . .
" Helo " လို့ ထူးရမလား . . .
" ဝယ် " လို့ ထူးရမလား . . .
" မိုးရှိ  . . .မိုးရှိ  . .  " လို့ ထူးရမလား . . .
စဉ်းစားနေတာနဲ့ပဲ ဖုန်းက ပြန်ကျသွားတယ်။
နောက်တစ်ခါ လာရင်တော့ လက်ဟန်ခြေဟန်နဲ့ပဲ ထူးလိုက်တော့မယ်။
ဒါပေမဲ့ . . နောက်တော့ မြန်မာလိုပဲ ထူးလိုက်မိတယ်။
" အမိန့်ရှိပါ " လို့ . . . .
ဖြစ်ချင်တော့ ဟိုဘက်က ခေါ်တာက အလုပ်ထဲက တရုတ်မ ဖြစ်နေတယ်။
သူမက နားမလည်ပါ။
ဒါနဲ့ပဲ သူရော ၊ ကျနော်ရော လေတော်တော် ကုန်သွားပါတယ်။
နောက်ဆုံးတော့ မနက်ဖြန် သူဌေးနဲ့ လာတွေ့ပါလို့ ပြောသွားတာပါ။
လေမိုးက အကြောင်းထူးရင် မြောင်းတူးပြီး ပြောင်းဖူးစိုက်ပါတဲ့။
သူ့ကို ကြုံရင် ပြောပြပေးပါ . . . မြောင်းတူးတဲ့ ခေတ်ကုန်ပြီလို့ . . ။
အခုတော့  . . .ရမ်းစိုက်နေကျတာပါပဲ။
ဒါကိုပဲ ပေါက်ပေါက် မျောက်မျောက်လို့ ခေါ်သတဲ့။
( မျောက်တွေ အပင်ပေါက် စိုက်နေသလိုပေါ့။ )
တောပြောင်းပြီး စကောတော့ မရောင်းပါနဲ့။
အခုခေတ်က ဆန်ပြာတဲ့ ခေတ် မဟုတ်တော့ဘူး။
စက်နဲ့ ကြိတ်ပြီးတော့ အလိုလို ပြာပေးတဲ့ ခေတ် ဖြစ်နေပြီ။
လျှောက်ရောင်းရင် ခြေတိုပါလိမ့်မယ်။
အမယ်အိုကြီး တစ်ယောက် ငိုနေသည်။
သူမ ဘာလို့ ငိုနေသည် ဟု ထင်ပါသလဲ။
( ဘာလို့လဲ ) ဟု ကျနော့်ကို ပြန်မမေးပါနဲ့။
ကျနော်က မသိလို့ မေးတာပါ။ ဒါက အရိုးရှင်းဆုံး ပြောတာပါ။
ဖနောင့်နှင့် တင်ပါး တသားတည်း ကျအောင် ပြေးဖူးချင်တယ်။
သို့သော် . . . သေချာ စဉ်းစားတော့ မဖြစ်နိုင်ပါ။
ပြေးရင်လည်း မောရုံပဲ ရှိမှာပေါ့။ ကျနော် မပြေးဖြစ်တော့ပါ။
အတိသယ ဝုတ္တိ ထင်ပါရဲ့. . .
ခြေတိုခြင်းကို ဆိုလိုချင်ပုံ ရပါသည်။
ရှေ့နေ အလုပ်သည် ခြေတိုသည်ဟု ကြားဖူးပါသည်။
သူတို့လည်း တင်ပါးနဲ့ တသားတည်းများ ကျနေလေလိမ့်မလား။
သို့သော် . . .  ရှေ့နေများတွင် အထီးတင် မက  ၊ အမ များပါ ရှိနေသောကြောင့်
ကျနော် စစ်တမ်း မလုပ်ရဲပါ။
ဝက်ကလေး လို့ ဆိုတိုင်း Saluu Lay လို့ မထင်ကြပါနဲ့
ဝက်သားပေါက်ကလေးလည်း ဖြစ်နိုင်ပါတယ်။
ဝက်သားပေါက်ကလေးလိုမျိုးဖြင့် Angel Shaper ပြန်ဝနေလေသည်။
သို့သော် . . . သူမက အသံကောင်းနေတုံးပင်။
( တော်ပါသေးရဲ့ အလျှောက်ကောင်းပေလို့ )
ဒီနေ့ ကိုသာဝ အလွန်ပျော်နေ၏။
အပျော်လွန်နေသည်ဟုလည်း ဆိုနိုင်သည်။
အလည်လွန်နေသော သူကဲ့သို့ပင် သူ တော်တော်နဲ့ နော်မယ်ကို ပြန်ရောက်မည် မထင်ပါ။
သွားချင်ရာ သွားပါစေ သူ စိတ်ချမ်းသာဖို့ပဲ မဟုတ်လား။
ဖဘ မှ ဓါတ်ပုံများ စာများကို ကြည့်ပြီး
လူက အတိတ်ကို ပြန်ရောက်ရောက်သွားသလို ဖြစ်ရသည်။
ဘာလို့လဲ ဆိုတော့ . . .
လွန်ခဲ့သော တစ်နာရီက ရှယ်ထားသော ပုံကို နောက်တစ်ယောက်က ထပ်ရှယ်ပြန်သည်။
ထို့အတူ နောက် တပတ်မှာ နောက်တစ်ယောက်က ထပ်ရှယ်ပြန်လေသည်။
ဒါနဲ့ပဲ ကျနော်သည် ရှေ့သို့ မရောက်ဖြစ်တော့ပါ။
အတိတ်မှာ ချာချာလည်နေပါတော့သည်။
ကျနော့်မှာ လူလည် သူငယ်ချင်း တစ်ယောက် ရှိသည်။
လူလည် ဆိုတာ သူ့ဖာသာသူ ပြောတာပါ။
သူသည် တော်တော်လည်း လည်ပါသည်။
သို့သော် သူလည်တာက လည်ဝယ်တာ မဟုတ်ဘဲ . .
ဒီနေရာမှာပဲ ပတ်ချာလည်နေသော သူမျိုး ဖြစ်သည်။
ထို့ကြောင့် သူသည် လူလည်ကြီး ဖြစ်နေလေတော့သည်။
ကိုလင်းဦး ၏ " တမ်းတ ကော်ဖီ " ကို ထပ်ဖတ်ရင်း
ကျနော် အခု ကော်ဖီသောက်နေမိသည်။
ကျနော် ကော်ဖီမစ်ကို မကြိုက်ပါ။ ဘလက်ကော်ဖီကိုသာ နှစ်သက်သည်။
သို့သော် အခု သောက်နေတာ ကော်ဖီမစ် ဖြစ်သည်။
Mix ဟု ရေးထားသော်လည်း ကျနော် ရေနွေးနှင့် ထပ်ရော ရပြန်လေသည်။
သို့သော် . . . ဒီနေရာမှာ တစ်ခုပြောချင်ပါသည်။
ရေနွေးဟု ဆိုသော်လည်း တကယ်တော့ ရေပူနဲ့မှ ဖျော်၍ ကောင်းပါသည်။
ရေနွေးနဲ့ ဆိုရင် အားလုံး ကောင်းစွာ မပျော်ပါ။
ဒါဆို ဘာကြောင့် ရေပူနဲ့ ဖျော်တယ် လို့ လူတွေ မပြောကြပါသနည်း။
( မသိပါ။ )
ဟုတ်ပါတယ် . .ကျနော်လည်း မသိပါ။
မခင်ဦးမေသည် ဘလော့မှာ ပဲခူး ( ၆ ) ရေးတင်ထားတာ ဖတ်လိုက်ရ၏။
" ပခိုး ဆိုပြီးတော့ ပဲခူးမှာ ဆင်းသွားတယ် " ဆိုသော ဟာသလေးကို သွားသတိရ မိသည်။
မမကွန်ရော ဘယ်မှာ ဆင်းသွားပါသနည်း။
( မသိပါ။ )
ကျနော် မသိတာတွေ တော်တော်များနေပါရောလား။
ဒီနေ့ ထမင်း မစားပါ။
ပေါင်မုန့် တစ်ထုပ်ဝယ်ပြီးတော့ တွေ့ကရာ ညှပ်ကာ အစုံ လုပ်စားဖြစ်သည်။
ငါးပိရည် နှင့်တောင်မှ တိုစားလိုက်ပါသေးသည်။
ငါးပိရည် စားသူ နှင့် မစားသူတို့ တိုက်ပွဲ ဖြစ်ကြသည်။
ကျနော်ကတော့ ဘယ်ဘက်ကမှ မပါချင်ပါ။
သို့သော် . . . မစားသူ များလေ ဈေးနှုန်းကျလေလို့ ထင်မိပါသည်။
ဝယ်လိုအားနည်းရင် ဈေးနှုန်းကျမည် မဟုတ်ပါလား။
ဒါပေမဲ့ . . . တခြားသော သီအိုရီ တစ်ခု အရ
ဝယ်လိုအားနည်းရင် ထုတ်လုပ်မှု ကျပါသည်။
ထို့အတူ ထုတ်လုပ်မှု ကုန်ကျစရိတ်က မကာမိပါ။
ဒီ့အတွက် ကုန်ဈေးနှုန်း တက်ရပြန်လေတော့သည်။
ဒါနဲ့ပဲ ငါးပိရည် တိုက်ပွဲက ကြာရှည်နေလေတော့သည်။
သူတို့ ဖြစ်နေတဲ့ တိုက်ပွဲကို ကျနော် တယောထိုး၍ ကြည့်မနေပါ။
ငါးပိရည်ကို ပေါင်မုန့်နဲ့ တို့စားရင်း ကြည့်နေမိသည်။
( ကောင်းပါသည်. . . စားလို့ )
လိုက်စားကြည့်ပါလို့ ဘယ်သူ့ကိုမှ ကျနော် မဖိတ်ခေါ်ချင်ပါ။
ဝယ်လိုအား မတက်စေချင်သလို ၊ ထုတ်လုပ်မှုကိုလည်း မလျော့ကျစေချင်ပါ။
မည်သို့ပင် ဖြစ်စေ . . . 
တစ်ခါလောက်တော့ ကျနော် သေသေချာချာ ရူးကြည့်ဖူးချင်သည်။
ဘုရားဟော အရ လူတွေ အားလုံးက တစ်ခုခုမှာ အရူးတွေချည်းပဲလို့ မကိုးကားကြပါနဲ့။
ဒါက ယေဘုယျကို ဆိုလိုချင်တာပါ။
ကျနော်ကတော့ သေသေချာချာ ရူးကြည့်ဖူးချင်တာ။
သို့သော် . . . အချိန်မရသေးပါ။
အချိန်ရော ၊ အရှိန်ရော ယူရပါဦးမယ်။
ဘယ်လောက်ပဲ မြင့်တက်နေပါစေ . . . အရှိန်ကုန်ရင်တော့ ပြန်ကျရစမြဲပါ။
ဒါကြောင့် ဘယ်သူမှ မာန်မတက်သင့်ပါ။
ယနေ့ အင်တာဗျူး တစ်ခုကို ဖြေလိုက်ရသည်။
( အောင်လား ) လို့ မမေးပါနဲ့။
အောင်မှတ်ပေးဖို့က သူ့အပိုင်း ဖြစ်ပြီးတော့
ကျနော်ကတော့ အကောင်းဆုံး ဖြေလိုက်ဖို့ပဲ ဖြစ်ပါသည်။
မပြီးသေးပါ။
မနက်ဖြန်မှာ နောက်ထပ် သူဌေးနဲ့ အကျေအလည် ထပ်ပြီးတော့ ညှိနှိုင်းရဦးမယ်။
ညှိရတယ် ဆိုပေမဲ့ ကိုယ့်ဘက်က တောင်းဆိုရမှာတွေပါ။
တကယ်တော့ . . . တောင်းဆိုခွင့် ရမယ် ဆိုရင် သူ့ဆီက တစ်ခုပဲ တောင်းဆိုချင်ပါတယ်။
( တကယ်ပါ။ ) ကျနော် အိမ်ပြန်ချင်တယ်။
ဒီအလုပ်မှာ ကျနော် ဘာမှ ပရက်ရှာ မရှိပါ။
ထို့ကြောင့် ကျနော် အလွန်ပျင်းသည်။
ဒါကြောင့် ကျနော့်မှာ တုံးသွားသည်ဟု ခံစားရသည်မှာ ကြာခဲ့ပြီ။
တကယ်တော့ သူဌေးနဲ့လည်း မတွေ့ချင်ပါ။
သူကလည်း ချော့ပြောလိမ့်မည် ဆိုတာ ကျနော် သိသည်။
ဒါပေမဲ့ . . . ကျနော်ကလည်း ငိုနေခြင်း မဟုတ်ပါ။
ဒီတော့ သူနဲ့ ကျနော် နည်းနည်းတော့ ခက်နေလိမ့်မည်။
( ဒီလို မဟုတ်ရင် ) တော်တော်ကို ခက်ကြလိမ့်မည်။
မငိုနေသူကို ချော့ရတာက အလွန်ခက်ကြောင်း မနက်ဖြန်မှာ သူ သိရပေတော့မည်။
ဘယ်လိုပင် ဖြစ်နေပါစေ . . .
တစ်နေ့မှာ 24 hours သာ ရှိသည်။
သူ့ရဲ့ အချိန် တစ်မိနစ်စာ နဲ့ ကျနော့်ရဲ့ အချိန် တစ်မိနစ်စာ တန်ဖိုးချင်း မတူပါ။
ဒါကို သူ သဘောပေါက်ရင် . . . .
သူ ကျနော့်ကို သိပ်ကြာကြာ ဆွေးနွေးလိမ့်မည် မထင်ပါ။
သူ သဘောမပေါက်ရင်လည်း  . . . .
ကျနော်က အချိန်ဆွဲသော နည်းနဲ့ သူ့ကို သင်ကြား ပြသပေးပါမည်။
ဒါကိုမှ သူက ခေါင်းမာနေရင် . . .
ကျနော် သူ့ကို " သန်း " ပြပါမည်။
ခေါင်းမှ သန်း တော့ မဟုတ်ပါ. . .  " ဝါး " ခနဲ သန်းပြမှာပါ။
ကျနော် အိပ်ချင်ပြီ. . .
ကျနော် အိပ်ပါတော့မည်။
အားလုံးပဲ ပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ။
( သို့မဟုတ် )
ဒီနေ့မှာ အင်တာဗျူး ဖြေမယ့် သူများ အားလုံးလည်း အဆင်ပြေစွာနဲ့ ဖြေဆိုနိုင်ကြပါစေ။


ကိုဇော် ( 29-Feb-2012 )





Share/Bookmark

14 ယောက် ရဲ့ ထင်မြင်ချက်:

khin oo may said...

အကောင်းဆုံးဖြေခဲ့တဲ့အင်တာဗျုးအတွက်သတင်းကောင်းတွေ ကြားရပါစေ။

Anonymous said...

ပြန်တော့မှာလား အကို
အင်း အခုတလော တော်တော်များများပြန်ကြတယ်။

မဒမ်ကိုး said...

ပြန်ဖို့ဘဲပြင်နေတာကိုးးဒီလူကြီးတော့း)))

သက်တန့်ချို said...

ကိုဇော်ရေ တဂ်ထားတယ်ဗျို့ ဖြေပေးပါဦးခင်ဗျး)

http://www.thettantcho.com/2012/02/blog-post_29.html

ခင်မင်စွာဖြင့်

သက်တန့်ချို

mstint said...

အရည်အချင်းရှိပြီးသူမို့ စိုးရိမ်စရာမလိုပါဘူး
သားဇော်ရေ။ ကြုံတွေ့လာတဲ့အခြေအနေတွေဟာ ဒီထက်ပိုကောင်းဖို့အတွက်လို့သာ ခံယူထားပါ။
ကြည်လင်တဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်နိုင်ပါစေ။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

ဟိုတလောကပြန်သေးတယ်ဟုတ်ဘူးလား
အင်တာဗျူးဖြေထားသည့်အတွက်သတင်း
ကောင်းလေးဖြစ်ပါစေ
ခင်မင်တဲ့ jasmine

မိုးယံ said...

“လေနဲ့အတူ မျောလွင့်နေသော စာ”ကို “စိတ်နှင့်အတူ လေလွင့်နေသော လူ” က မျောမျောလွင့်လွင့်ဖတ်သွားပါတယ်ကွယ်။

မောင်သီဟ said...

ပြန်လာရင် မင်္ဂလာဆောင်သတင်းပဲကြားချင်တယ်

mstint said...

မနေ့က မာမီထားခဲ့တဲ့ ကွန်မန့်လေး ဘယ်ရောက်သွားပြီလဲ မသိဘူးသားဇော်ရေ။
ရန်ကုန်ရောက်ရင်မာမီဆီဖုန်းဆက်လိုက်နော်။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်နိုင်ပါစေ။

မေတ္တာဖြင့်
အန်တီတင့်

နေ၀သန် said...

ကိုဇော်ရဲ့.. ဒီရေးပုံလေးကို သဘောကျတယ်.. တကယ်ပါ... ဖတ်ရင်းတချို့အချက်တွေဆို အသံထွက်တောင် ရယ်မိတယ်.. :D.. အိမ်း.. နောက်တစ်ခါဆို ကော်ဖီကို ရေပူနဲ့ပဲဖျော်တော့မယ်ကွယ်.. :P

ခင်မင်လျက်
နေ၀သန်

ညီရဲ said...

အိမ်ပြန်ချင်တာချင်း တူနေတယ် ကိုဇော်ရေ... ခုတလော အိမ်ကို အရမ်းလွမ်းနေသလို ခံစားနေရတယ်...

ကိုဇော် said...

mstint >> ဆောရီး မာမီရေ။
မာမီရေးတာ ကွန်မန့်က မေးလ်ထဲ ဝင်လာတယ်။ ဒါပေမဲ့ ဒီမှာ မပေါ်တာ မသိလိုက်မိဘူး။ အခုတော့ ပြန်ရှာမှ Spam ထဲ ရောက်နေတယ်။ ဘာဖြစ်တာလဲ မသိပါဘူး။ အခုတော့ တင်လိုက်ပါပြီ။ မင်္ဂလာရှိသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေ။

Angelhlaing(May everybody be happy and healthy! said...

ဖတ်လို့ တယ်ကောင်းပဲအကို . ..အခုတလော ယောင်နေတာမှ တော်တော်ယောင်နေတာလို့ ပြောရမယ်အကိုရေ...:):)

sosegado said...

ဖတ်ရင်းနဲ့မျောသွားတယ် ပြန်ချင်ပြီပေါ့