မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


24 February 2012

8 အတွေး ၊ အမြင် မတူသော မှတ်စု



အထွေထွေကြောင့် စာရှည်ရှည်တွေ မရေးနိုင်သေးပေမဲ့ စိတ်ကတော့ ရောက်ပါတယ်။ ရေးနေရင်းနဲ့ ဆက်ရေးလို့ မရ ဖြစ်ဖြစ်ပြီး ရပ်သွားတတ်တာပါ။ ဒါနဲ့ပဲ ရေးနေရင်း မရေးဖြစ် ဖြစ်နေတာပေါ့ဗျာ။ စာကလည်း မရေးဖြစ်တာ ကြာပြန်တော့လည်း မရေးချင်တော့ပြန်ဘူး။

နောက်တစ်ချက်က စာရေးချင်စိတ် ဆိုတာကလည်း သူများစာတွေရဲ့ စာကို လိုက်ဖတ်ဖြစ်ဖို့ နဲ့ ဖတ်ပြီးသား စာတွေကို ဆင့်ပွား တွေးဖို့ အချိန် ရဖို့တော့ လိုတယ်ဗျ။ အဲ . . . ကျွန်တော့် အတွက် ပြောတာပါ။ ဒါမှလည်း ဆင့်ပွား တွေးမိရင်း စာရေးချင်စိတ်က ပြင်းပြင်းပြပြ ဖြစ်ပေါ်လာတာ။ မဟုတ်ရင်တော့ စိတ်ကသာ စိတ်ထဲမှာ ရေးဖြစ်နေတာ လက်က ကီးဘုတ်ပေါ်ကို မရောက် ဖြစ်နေမိတယ်။ ကီးဘုတ်ပေါ်ကို ရောက်ပြန်တော့လည်း ခဏပဲ။ အရေးတကြီး တခြား ကိစ္စတွေဘက်ကို ရောက်သွားပြီးတော့ ဆက်ပြီး ရေးမရတော့ဘူး။ စိတ်ကူးတွေကလည်း ပျောက်ကုန်ပြန်ရော။ သေချာတာကတော့ အရင်လောက် ဘလော့ရေးဖို့ နဲ့ လိုက်ဖတ်ဖို့ အချိန် မပေးနိုင်တော့တာပါ။

ဘယ်လိုပဲ ဖြစ်ပါစေ။ စိတ်ကူးလေး ပေါ်လာတုန်း ၊ အရင်က အကြောင်းလေးတွေကို ပြန်သတိရတဲ့ အခါလေးတွေမှာတော့ မေ့ မသွားအောင် ကမန်းကတန်း စိတ်ကူးလေးတွေကို အမြန် ချရေးထားလိုက်တာတွေ ရှိနေပါတယ်။ စာရှည်ရှည် မရေးနိုင်တဲ့ အချိန် ၊ စာရေးဖို့ စိတ်ပျောက်နေတဲ့ အချိန်လေးမှာ ရေမော်တာတွေ ရေတက်လာအောင် " ရေချူ " ရသလို ၊ အခုလည်း စာရေးချင်စိတ်လေး ပြန်ကောင်းကောင်း ပေါ်လာအောင် စိတ်ကူးပေါ်ရာ စာလေးတွေကို " စာချူ " တဲ့ သဘောနဲ့ တင်ပါရစေဦး။

အချိန်လေး ရပြီး စာရေးချင်စိတ်လေး ပြန်ဖြစ်လာရင်တော့ အရင်လို ခပ်ရှည်ရှည်လေးတွေ ရေးပါ့မယ်။ အခုတော့ ခပ်တိုတို အတွေး မှတ်စုလေးတွေကို တင်လိုက်ပါတယ်။




အဲဒီ့နေ့ကို မှတ်မှတ်ရရ ပြန်ပြောပြရရင် လေလေး တသင်းသင်းနဲ့ ညနေခင်းပါ။ တိမ်တောက်နေလို့ ထင်တယ်။ အရာရာဟာ လှပပြေပြစ်နေတယ်။ ကျွန်တော်နဲ့ အလွန်ခင်သော သူငယ်ချင်း တစ်ယောက် ရေကန်ကြီး တစ်ကန်နားမှာ ညနေခင်းရဲ့ လေသင်းသင်းနဲ့ တောက်ပ ပြုစားနေသော တိမ်ရောင်တွေ ကြားမှာ စကားတွေ ဟိုရောက် ဒီရောက် ပြောရင်း လမ်းလျှောက်နေခဲ့ကြတယ်။

ခင်မင်ပေါင်းသင်း လာခဲ့သော သူငယ်ချင်းတွေ ထဲမှာတော့ ဒီသူငယ်ချင်းဟာ ကျွန်တော်နဲ့ စိတ်ချင်း အများဆုံး တိုက်ဆိုင်သူလို့ ခေါင်းစဉ် တပ်ရင် ရပါတယ်။ တစ်ခါတလေ စိတ်ချင်း တိုက်ဆိုင်လွန်းလို့ အကြောင်းအရာ တစ်ခုကို ပြိုင်တူ ပြောမိတာ အကြိမ်ကြိမ်ပါပဲ။ ဒီလို တိုင်ဆိုင်ပြီးရင် ထပ်ကာ ပြိုင်တူ ရယ်မိတတ်ကြတာလည်း တူပါသေးတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံတဲ့ အခါမှာ သူနဲ့ကျွန်တော် စကားများရတာ ၊ စိတ်အခန့် မသင့်ဖြစ်ရတာ မရှိသလောက်ပါပဲ။ ပြဿနာတက် ရတယ် ဆိုတာကတော့ မရှိခဲ့ပါဘူး။

အခုလို အေးအေးဆေးဆေး လမ်းလျှောက်ထွက်တဲ့ အခါ ၊ တစ်ခုခု လိုလို့ ရှာဖွေ ဝယ်ယူရမယ့် အခါတွေမှာ သူနဲ့ ကျွန်တော် အတူတူ သွားလေ့ ရှိပါတယ်။ စိတ်တူ ၊ အတွေး ၊ အမြင် တူတော့ သွားရ လာရတာ အတော်ကို အဆင်ပြေတာပါ။ အခုတော့ ဘာရယ် ရည်ရွယ်ချက် မရှိဘဲနဲ့ ခပ်ကြီးကြီး ရေကန်ကြီး ဘေးနားမှာ လမ်းလျှောက် ထွက်လာတာပါ။ ကျွန်တော်တို့ လျှောက်နေတဲ့ ရေကန်ကြီးရဲ့ ဘောင်ကြီးကြီး ဟိုဘက် အခြမ်းမှာတော့ မြန်မာ ပန်းချီကားတွေမှာ မြင်နေကျ ပုံလေး ဖြစ်တဲ့ မိုးခိုးတွေ တလူလူ အူနေတဲ့ ညနေခင်း အကြော်ဆိုင်လေးကို လှမ်းမြင်ရပါတယ်။

သိပ်တော့ မကောင်းလှပါဘူး။ ဘူးသီးကြော် ဆိုရင် ရွှေကြည် ပါပြီးတော့ မွ နေမှ ကြိုက်တဲ့ ကျွန်တော့် အတွက် ဒီဆိုင်က တန်းတော့ မဝင်ပါဘူး။ ဒါပေမဲ့ ဒီရေကန်ကြီး ပတ်ဝန်းကျင်မှာ သူကတော့ ဘုရင်မ တစ်ဆူ ဖြစ်ခဲ့ပါသေးတယ်။ အဲ . . . ဘုရင်မ ဆိုတော့ ကွင်း ( Queen ) လို့ ခေါ်တယ် မဟုတ်လား။ ဒီဆိုင်လေးကလည်း အခုတော့ ကွင်းထဲက ရေကန်ကြီး နားမှာ ရောင်းနေတာပါပဲ။ ထားပါတော့လေ။ မရှိ မဖြစ် ဆိုသလို ဒီကန်ကြီးကို ရောက်ရင် ကျွန်တော်တို့ ဒီအကြော်ဆိုင်လေးမှာ ဝင်စားကြပါတယ်။ ဘူးသီးကြော်သာ မကောင်းတာ ပဲကပ်ကြော် နဲ့ မန္တလေး ပဲကြော်မှာတော့ အတော်ကို ဆွဲဆောင်မှု ရှိအောင် ကောင်းပါတယ်။ အဲ . . . ကျွန်တော့် အတွက်ပေါ့လေ။

ကျွန်တော်တို့ ရပ်ကွက်ကနေ ဒီရေကန်ကြီးဆီကို ရောက်အောင် ကြားထဲက ရပ်ကွက် တစ်ခုကို ဖြတ်ရပါသေးတယ်။ ပြီးတော့ လမ်းချိုးလေးထဲ ဝင်လိုက်ရင် ဒီရေကန်ကြီးရဲ့ ကန်ဘောင်ဆီကို တန်းတက်လိုက်ရုံပါ။ ထိုကန်ဘောင်ကနေ ဟိုဘက် ကန်ဘောင်ကို လှမ်းမျှော် ကြည့်လိုက်ရင် ခုနက ပြောခဲ့တဲ့ မီးခိုး တလူလူနဲ့ အကြော်ဆိုင်လေးကို မြင်ရပါပြီ။ ညနေ လေတသင်းသင်း နဲ့ တိမ်တွေ အရောင် လူးလူးတွေ ကြားမှာ ကျွန်တော်တို့လည်း အထူးအထွေ အရေးတကြီး မရှိတော့ အေးအေးဆေးဆေးပဲ လှမ်းလျှောက်ကာ သွားပါတယ်။

ရပ်ကွက်ထဲက ရေကန်ကြီးရဲ့ ကန်ဘောင် ဆိုတိုင်းလည်း အထင်တော့ မသေးကွေးလိုက်ပါနဲ့။ စက်ဘီး နှစ်စီး ဘေးချင်းယှဉ်ပြီးတော့ ပြိုင်နင်းသွားလို့ ရအောင်ကို ကျယ်ဝန်းပါတယ်။ ဒီလို ကန်ဘောင် ကျယ်ကျယ်ပေါ်မှာ စကားကိုတော့ ကျွန်တော်တို့ ခပ်ကျယ်ကျယ် ပြောခြင်း မဟုတ်ပေမဲ့ ခပ်ပျော်ပျော်ပဲ တောင်ရောက် မြောက်ရောက် ပြောသွားပါတယ်။ ကန်ဘောင်ရဲ့ ထောင်ချိုးလေး ရောက်ရင် ကျွန်တော်တို့ ဘယ်ဘက်ကို ချိုးကွေ့ပြီးတော့ နောက်ထပ် ထပ်လျှောက်ပြီးရင်တော့ ဒီကန်ဘောင်ပေါ်မှ သစ်ပင်ကြီး အရင်းမှာ ပတ်လည်ဝန်းရံပြီး ဆောက်ထားတဲ့ သစ်သားထိုင်ခုံလေး တစ်ခုလည်း ရှိနေပါသေးတယ်။ ဒီထိုင်ခုံလေးကို ကျော်သွားပြီးမှ အကြော်ဆိုင်လေးကို ရောက်မှာပါ။

ကန်ဘောင်လေးရဲ့ ထောင်ချိုးလေး မရောက် တရောက်လောက်မှာ ကျွန်တော်တို့ ချိုးကွေ့မဲ့ ဘက်ကနေ အရှိန် ခပ်ပြင်းပြင်းနဲ့ နင်းလာတဲ့ စက်ဘီး တစ်စီးကို မြင်လိုက်ရတယ်။ စက်ဘီး နင်းသူကို မကြည့်မိခင်မှာဘဲ ဘာကိုများ ဒီလောက် အလောတကြီး နင်းနေပါလိမ့် ဆိုပြီး တွေးမိပါတယ်။ တွေးနေတုန်းမှာပဲ ထိုစက်ဘီးက ကျွန်တော်တို့ လျှောက်လာတဲ့ ကန်ဘောင်ဘက်ကို ရုတ်ခနဲ ချိုးကွေ့လာပါတော့တယ်။ ကျွန်တော်တို့နဲ့ သိပ်မနီးသေးပေမဲ့ ဝေးတော့လည်း မဝေးပါဘူး။ ထင်သာ မြင်သာ ရှင်းရှင်းလင်းလင်း ဖြစ်တော့မှ ကျွန်တော့် သူငယ်ချင်းနဲ့ ကျွန်တော် စက်ဘီးနဲ့ စက်ဘီး နင်းလာသူကို သေချာ ကြည့်မိတော့တယ်။

စက်ဘီးကတော့ မိကျောင်းဘီးလို့ ခေါ်တဲ့ Crocodile စက်ဘီး ခရမ်းနုရောင် လှလှလေးပါ။ စက်ဘီးလေးက အသစ်ဆိုတော့ ညနေ တိမ်တောက်နေတဲ့ အချိန်မှာ ဆိုတော့ ပိုပြီးတော့ ကြွားကြွားဝါဝါ ဖြစ်နေခဲ့ပါတယ်။ စက်ဘီးရဲ့ ဘားတန်းမှာလည်း သိုးမွှေးကြိုး လှလှလေးတွေနဲ့ အတော်ကို ပနံရနေအောင် လှပတင့်တယ်ပါတယ်။ ဒ့ါအပြင် မဟုတ်သေးပါဘူး။ ဒီစက်ဘီးလေးကို ထိန်းကျောင်းလာတဲ့ လူသားကလည်း လှတပတ ကောင်မလေး တစ်ယောက်ပါပဲ။ သူကလည်း သူ့စက်ဘီးနဲ့ လိုက်ဖက် ညီမျှစွာ ခရမ်းနုရောင်လေးကို ဝတ်ထားခဲ့ပါတယ်။ အပေါ်က တီရှပ် ခရမ်းနုရောင်နဲ့ အောက်ကတော့ ဘောင်းဘီတိုကို ခရမ်းနုရောင် နဲ့ လိုက်ဖက် ညီနေခဲ့ပါတယ်။

သူ့ရဲ့ ဝတ်ပုံစားပုံနဲ့ လိုက်ဖက် ညီမှုကို နားလည်လို့ ရပေမဲ့ သူ့ရဲ့ ဘာလို့ စက်ဘီးကို ကန်ဘောင်ပေါ် တက်ပြီးတော့ အမြန်နင်းနေတယ် ဆိုတာကိုတော့ နားလည်လို့ မရပါဘူး။ သူကတော့ ကျွန်တော်ကိုလည်း သတိမထားနိုင်ဘူး ၊ ကျွန်တော့် သူငယ်ချင်းကိုလည်း သတိ မထားအားဘူး ၊ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်ပါဘူး။ သူ့ဖာသာ စက်ဘီးကို မြန်သထက် မြန်အောင် နင်းဖို့ပဲ သူ အာရုံ ရှိနေပုံ ပေါ်ပါတယ်။ နီးသထက် နီးလာပြီး မြန်သထက် မြန်လာတဲ့ သူမ နဲ့ သူမရဲ့ စက်ဘီးလေးကို သေချာ ကြည့်နေတဲ့ အချိန်မှာပဲ သူမနဲ့ စက်ဘီးလေးက ကျွန်တော်တို့ ဘေးကနေ ဝှီးခနဲ အရှိန်ပြင်းစွာနဲ့ ဖြတ်ကျော် သွားပါတော့တယ်။

သူမလည်း ဖြတ်ကျော် သွားပြီးရော အတွေး ၊ အမြင် ၊ စိတ်ကူးတွေ တူတတ်တဲ့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်မျက်နှာ တစ်ယောက် ပြိုင်တူ ကြည့်လိုက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် စကားတစ်ခွန်းစီ ပြိုင်တူ ပြောမိကြတယ်။ ပြိုင်တူ ဆိုပေမဲ့ သူက အနည်းငယ် စောတော့ သူ ပြောတာကို ကျွန်တော် အရင် ပြောပြပါ့မယ်။ သူက ဒီလို ပြောပါတယ်။

" လူ ရိုက်ပြီး စက်ဘီးကို လု ထားလိုက်ရကွာ "

တဲ့။ တကယ်လုပ်မယ်တော့ မဟုတ်ပါဘူး။ စက်ဘီးလေးက တကယ်ကို လှတပတလေးမို့ သူက ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ ထုံးစံ အတိုင်း အရွှန်းဖောက်ပြီးတော့ ပြောတာပါ။ ဒီအချိန်မှာ သူ့ထက် အနည်းငယ်ပဲ နောက်ကျပြီးတော့ ပြိုင်တူ နည်းပါး ပြောဖြစ်သွားတဲ့ ကျွန်တော့် စကားကတော့ . . .

" စက်ဘီး ရိုက်ပြီး လူကို လုထား လိုက်ရကွာ။ "

လို့ ပြောမိတာပါ။ ဒီလို ပြောမိပြီးတော့ ကျွန်တော်တို့ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးမိကြပါတယ်။ အဲဒီတုန်းက ဘာရယ် မဟုတ်ဘဲ ဖြစ်ရပ်လေး တစ်ခုကို အတွေး ၊ အမြင် အမြဲတမ်း လိုလို တူနေတတ်တဲ့ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်ရဲ့ ကွဲပြားသွားတဲ့ အတွေးလေးပါ။

ပြီးတော့လည်း ပြီးသွားခဲ့တာပါပဲ။ စက်ဘီး အပြင်း နင်းသွားတဲ့ ခပ်လှလှ ကောင်မလေးကိုရော ၊ ကောင်မလေး အပြင်း အနင်းခံသွားရတဲ့ ခပ်လှလှ စက်ဘီးလေးကိုရော စိတ်ထဲမှာ မရှိကြတော့ပါဘူး။ ကျွန်တော်တို့ကို ကျော်ဖြတ် သွားပြီးတာနဲ့ ဒီကောင်မလေးနဲ့ စက်ဘီးလေးက ကျွန်တော်တို့ အမြင် ၊ အတွေးထဲကနေ ပျောက်သွားခဲ့တာပါ။ ကျော်ဖြတ်သွားတဲ့ ကောင်မလေးရဲ့ အနောက်ပိုင်း နဲ့ စက်ဘီးလေးရဲ့ အနောက်ပိုင်းကိုလည်း လိုက်ကြည့် စရာ မလိုခဲ့ပါဘူး။ ကျွန်တော်တို့ နှစ်ယောက် ကောင်မလေး နဲ့ စက်ဘီးလေးရဲ့ ရှေ့ဘက် အမြင်ကိုပဲ ပိုင်းဖြတ်ပြီးတော့ ပြောခဲ့ကြတာပါ။

ဘာလို့ လှတပတ ကောင်မလေးက စက်ဘီး လှလှလေးကို ဒလကြမ်း အပြင်းနင်းသွားတာလဲ ဆိုတာလည်း ကျွန်တော်တို့ သိဖို့ မလိုခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ပြီးသွားခဲ့ပါတယ်။



တချို့ကို အခု တလော ကျွန်တော် မြင်နေရတယ်။ အထူးသဖြင့် ဘလော့ တစ်ခုနဲ့ Facebook ပေါ်မှာ သူများတွေက ဒေါင်း ဆိုတာ ဘယ်လို လှတယ် လို့ ပြောရင် သူတို့က ဒေါင်း တစ်ကောင်ရဲ့ လှပပါတယ် ဆိုတဲ့ အရှေ့ပိုင်းကို မမြင်တတ်ကြဘဲ ၊ ကနေတဲ့ ဒေါင်း တစ်ကောင်ရဲ့ ထောင်နေတဲ့ အမြီးရဲ့ အနောက်ဘက်က ပေါ်နေတဲ့ ဒေါင်း ဖင်ပြောင်ကိုပဲ စိတ်ထဲမှာ ရှိနေတတ်ကြပါတယ်။ တကယ်တော့ သူတို့ မှားနေတယ်ဗျာ။ ကဒေါင်း ဆိုတာ ကဒေါင်း ပါပဲ။ ခွပ်ဒေါင်းက ခွပ်ဒေါင်းပါ။ ကတဲ့ ဒေါင်း နဲ့ ခွပ်တဲ့ ဒေါင်း ဆိုတာ တူမှ မတူတာ။ ဒေါင်း ဆိုတိုင်း ကမယ် ဆိုပြီးတော့ ဒေါင်းရဲ့ အနောက်ဘက်ကိုသာ သူတို့ လိုက်မြင်နေ ကြည့်တတ်ကြတာကိုတော့ အံ့သြမိပါရဲ့။

အနောက်ကို ကြည့်ပြီးတော့ အရသာ ခံနေတတ်တဲ့ လူတွေ အတွက်ကတော့ ကျွန်တော် အကြံပေးချင်တာက ဒေါင်းကို ကြည့်ပြီးတော့ ဖင်ပေါ်နေတာကို ဝေဖန်နေမဲ့ အစား " မနုဿီဟ " ကို ကြည့်ပြီးတော့ ပီတီ ဖြစ်နေတာက သူ့အတွက် ပိုပြီးတော့ သင့်လျော်မယ် လို့ ထင်ပါတယ်။ မနုဿီဟ ဆိုတာ ဖင်နှစ်ခွ နဲ့ မဟုတ်လား။ ဖင်ကြည့်ရတာ နှစ်သက်သူတို့ အဖို့ " မနုဿီဟ " က သူတို့ အတွက် ပိုပြီးတော့ ကျေနပ် စရာ ကောင်းမယ် ထင်ပါတယ်။

အဲ . . . ပြောရင်းနဲ့ " ခွပ်ဒေါင်း " တွေ ၊ " ကဒေါင်း " တွေ ၊ " မနုဿီဟ " တွေပါ ပါကုန်မိပြန်တယ်။



တကယ်တော့ အပေါ်က စက်ဘီး စီးသွားတဲ့ ကောင်မလေးရဲ့ ဖြစ်စဉ် အပေါ်မှာ မြင်လိုက်ကြတဲ့ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် အတွေးတွေကို အကောင်အထည် ဖော်ကြမယ် ဆိုရင် ကောင်မလေးလည်း ဖူးယောင် သွားနိုင်သလို ၊ စက်ဘီးလေးလည်း ဒဏ်ရာ ရသွားနိုင်ပါတယ်။ ကျွန်တော့် သူငယ်ချင်းက ကောင်မလေးကို ရိုက်ပြီးတော့ စက်ဘီးကို ယူမယ် ဆိုတယ်။ ကျွန်တော်ကလည်း စက်ဘီးကို ရိုက်ပြီးတော့ ကောင်မလေးကို ယူမယ် လို့ ပြောခဲ့တယ် မဟုတ်လား။ တကယ်သာ လုပ်ခဲ့မိရင် ကျွန်တော်ကလည်း စက်ဘီးကို ရိုက် ၊ ကျွန်တော့် သူငယ်ချင်းကလည်း ကောင်မလေးကို ရိုက်နဲ့ ဖြစ်ကြရလိမ့်မယ်။ ပြီးတော့မှ ကိုယ်လိုတာကို ယူကြရမှာပေါ့လေ။

ဒါပေမဲ့ . . . တကယ်တော့ မှားပါတယ်။

အမြင် မတူ ၊ အတွေး မတူ ၊ အယူအဆ မတူတာနဲ့ ကျွန်တော်တို့ တစ်ဘက်လူရဲ့ လိုချင်သော အရာကို ဖျက်ဆီးပစ်စရာ မလိုပါဘူး။ တစ်ဘက်သားကို ထိခိုက်ပြီးမှ ကိုယ့်လိုအပ်ချက်ကို ရယူစရာ မလိုပါဘူး။ အခု ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်နဲ့ စက်ဘီး လှလှလေး စီးလာတဲ့ ကောင်မလေး လှလှလေးတို့ ကိစ္စမှာလည်း ဘယ်သူက ဘယ်အရာကိုမှ ရိုက်စရာ မလိုဘဲ ယူလိုက်နိုင်တာပဲ မဟုတ်ပါလား။ ကိုယ်လိုချင်တာ ရဖို့ အတွက် တခြားသော တစ်ဘက်သားကို ထိခိုက်တယ် ဆိုတာ အတော်ကို ဆိုးရွားတဲ့ အလုပ်ပဲ မဟုတ်ပါလား။

ကျေးဇူးတင်ပါတယ်ဗျာ။ စာဖတ်သူများ ခင်ဗျာ။ အခု တလော ကျွန်တော်လည်း တော်တော်ကို ခက်နေတယ်။

တစ်ခါတလေ ဘာရယ် မဟုတ်ဘဲ။ ဒီလို စာတွေ ချရေးချင်မိလို့ ရေးလိုက်တာပါ။ ဟိုးအရင် ငယ်ငယ်က ဖြစ်ခဲ့ ၊ ကြုံခဲ့တာ ဆိုပေမဲ့ အခုမှ ပိုတွေးမိတာပါ။ အရင်ကတော့ ခပ်လွယ်လွယ်ပဲ " ရိုက်လု လိုက်မယ်  " လို့ ပြောမိတာပါ။ အခုတော့ အမြင် ၊ အတွေး ၊ စိတ်ကူး မတူတာနဲ့ ကျွန်တော်တို့ ရန်သူ ဖြစ်စရာ မလိုပါဘူး ဆိုတာ ကျွန်တာ် သိလာခဲ့ပါပြီ။

အားလုံးရဲ့ မျှခြေ တစ်ခုမှာ အကောင်းဆုံး အခြေအနေ တစ်ရပ်ကို ကျွန်တော်တို့ တည်ဆောက်နိုင်တာပဲ မဟုတ်ပါလား။

တစ်ခု ရှိတာကတော့ " လိုက်လျောညီထွေ ဖြစ်တတ်ဖို့နဲ့ ကိုယ့်ဘက်က သဘောထား မတင်းမာမိဖို့ပဲ  " မဟုတ်ပါလားဗျာ။

လေးစားစွာဖြင့်
ကိုဇော်
24-Feb-2012

Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

***ကိုယ်လိုချင်တာ ရဖို့ အတွက် တခြားသော တစ်ဘက်သားကို ထိခိုက်တယ် ဆိုတာ အတော်ကို ဆိုးရွားတဲ့ အလုပ်ပဲ မဟုတ်ပါလား။***

အလည်တခေါက်ရောက်စ်

ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး
P.A ( ကွန်ဂရက်ကျူလေးရှင်း ) ဖဘပေါ်မှာမေ့ပြီးမမန့် လို့ ဒီမှာလာအော်တယ်းD

မိုးခါး said...

မမိုးက ကွန်ကရက်ကျူလေးရှင်းတဲ့ .. ဘာလဲ ကမ္ဘာမြေရဲ့ တနေရာကို မျှော်နေရာကနေ သွားတော့မလို့လား .. :D ဘာကြောင့် စာမရေးပဲ ငေးပဲနေသလဲကွယ် .. :P

လိုရင်းတွေတော့ ပျောက်ကုန်ပါဘီ ..
ဟုတ်ပါတယ် “အမြင် မတူ ၊ အတွေး မတူ ၊ အယူအဆ မတူတာနဲ့ ကျွန်တော်တို့ တစ်ဘက်လူရဲ့ လိုချင်သော အရာကို ဖျက်ဆီးပစ်စရာ မလိုပါဘူး။ တစ်ဘက်သားကို ထိခိုက်ပြီးမှ ကိုယ့်လိုအပ်ချက်ကို ရယူစရာ မလိုပါဘူး။”

ပညာတွေ အသိဥာဏ်တွေဆိုတာ ဘာလုပ်ဖို့လဲ .. အရာရာကို ချင့်ချိန်တတ်ကြစေဖို့ အမှန်ကိုမြင်တတ်စေဖို့ မေတ္တာတရားကို ခံစားတတ်စေဖို့ အကြံပြုပါတယ်လို့ တဆင့်ထပ်ပြောပါရစေ ..း)

လက်ဝဲ said...

ဟုတ်ပါ့.... မှန်ပါ့...

လိုက်လျောညီထွေ ဖြစ်တတ်ဖို့နဲ့ ကိုယ့်ဘက်က သဘောထား မတင်းမာမိဖို့ပဲ

မှတ်ထားလိုက်ပြီ... ကိုဇော်ရေ..

ဆလူး said...

ဖတ်ပြီး တွေးသွားတယ် ကိုဇော် ....

Anonymous said...

နှစ်ဘက်မျှတွေးပြီး အကောင်းဆုံးဖြစ်သင့်တယ်မဟုတ်လား


မောင်ဘကြိုင်

စံပယ်ချို said...

ရိုက်မလုဘူး----
သူနာကျင်သွားမှာစိုးလို့

နောက်ဆုံးမှာရေးထားသလိုပဲ
(လိုက်လျောညီထွေ ဖြစ်တတ်ဖို့နဲ့ ကိုယ့်ဘက်က သဘောထား မတင်းမာမိဖို့ပဲ)
အဲတာအကောင်းဆုံးပါပဲကိုဇော်ရေ
ခင်မင်တဲ့ jasmine

နွေမင်းလွင် said...

ကိုဇော် ပေးချင်တဲ့ Message ကိုရအောင်ယူသွားပါတယ်။ နောက် ထပ်ပို့စ် အရှည်ကြီးတွေကို မျှော်နေမယ်...ခင်မင်စွာဖြင့်

ညီရဲ said...

ဟုတ်တယ် အစ်ကို... လူတိုင်း အတွေးအမြင် မတူနိုင်ပါဘူး... ဒါပေမယ့် သူ့ အမြင်ကိုယ့်အမြင်ကိုတော့ လေးစားသင့်ပါတယ်လေ... တဖက်သတ်ကြီး အပုပ်ချတာထက် စဉ်းစားတွေးခေါ်ပြီး အမှားအမှန်ကို ချင့်ချိန်တာက ပိုကောင်းပါတယ်... တွေးစရာလေးတွေပိုက်ပြီး ပြန်ပြီဗျာ...