မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


22 February 2012

6 အိုဘယ့် . . . တိုင်ရီ



အိမ်း  . . . ဒါတွေ ဒီလို ရေးရေးမိနေလို့ စာမရေးဘဲ ရပ်ထားတာ ခင်ဗျ။ ဒါကို အခုတော့ မနေနိုင် မထိုင်နိုင် ရေးမိပြန်ပါပြီလေ။ 

ရေးမိတော့မှလည်း မထူးပါဘူး။ တန်းလန်းတော့ ရပ်မထားတော့ဘူး။ ( ဒီလို လုပ်ထားမိတဲ့ ပို့စ်တွေက များနေပြီ။ ) ပြီးအောင် ဆက်ရေးလိုက်ပါတော့မယ်။ ဒါပေမဲ့ ကျွန်တော့်မှာလည်း လူတွေထဲက သာမန် လူတစ်ယောက် အတိုင်း နီးရာ ဓါး . . . အဲလေ. . . နီးရာ ဥပဒေကို ကြောက်တတ်သူပါ။ ဒါပေမဲ့ တစ်ခုတော့ ရှိပါတယ်။ ကျွန်တော် ဘယ်တော့မှ တစ်ဖက်စောင်းနင်း ဝေဖန် မပြောပါဘူး။ ဝေဖန်ခြင်းကိုလည်း ကျွန်တော်က မကြိုက်နှစ်သက်လေတော့ ဖြစ်သင့်တာလေး ၊ လိုအပ်ချက်လေးတွေကို ပညာရှိ သတိဖြစ်ခဲတွေ ကြားထဲကမှ ကျွန်တော့်လို ကလေး အတွေးလေးနဲ့ ရေးပြ ကြည့်တာပါ။ ( တစ်ခါတလေကျတော့ လူကြီးတွေက မမြင်လိုက်ပေမဲ့ ကလေးက မြင်တတ် ၊ တွေ့တတ် ကြတယ် မဟုတ်လား။ ) 

ဒီလိုလည်း ဒီလိုပဲ အင်တာနက်ထဲက မြင်မိသမျှ ၊ တွေ့မိသမျှ လေးတွေကို ကလေး အမြင် ၊ ကလေး ရှု့ထောင့်လေးကနေ ချရေးကြည့်မိပါတယ်။ အဖြစ်လေးတွေက ဒီလိုဗျ။



တိုင်ရီ ဆိုတဲ့ ဖိနပ် စက်ရုံကို ကျွန်တော်ကတော့ တကယ်ကို မသိပေါင်ဗျာ။ အခု နှစ်ပတ် အတွင်းမှ သိခဲ့တာပါ။ ဘာတဲ့. . . ဆန္ဒပြတယ် ဆိုလားပဲ။ မြန်မာမှန်ရင် ကြက်ခေါင်းဆိတ် မခံကတော့ ဟိုး ကျွန်တော်တို့ ဘိုးဘေးဘီဘင်ကတည်းက ရှိခဲ့တာ အမှန်ပဲ မဟုတ်ရိုးလားဗျို့။ အခုတော့ ဘယ်က ဘယ်လို စဖြစ်တယ် ကျွန်တော် မသိလိုက်သေးတဲ့ အချိန်မှာ သူတို့ ဆန္ဒပြနေကြပြီ ဆိုပဲ။

တကယ်တော့ ကျွန်တော် မဖြစ်စေချင်ပါဘူး။ ဖွံ့ဖြိုးတိုးတက်ဖို့ အားယူနေတဲ့ အချိန် . . . ၊ ပိတ်ဆို့တားဆီးမှုတွေ ဖွင့်လှစ်တော့မယ် လို့ ပြင်ဆင်နေတဲ့ အချိန် . . . ၊ နိုင်ငံရပ်ခြားမှ ကုမ္ပဏီများ လာရောက် ရင်းနှီးဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ . . . မြန်မာ အလုပ်သမားတွေ ဆန္ဒပြကြတယ် ဆိုတော့ တယ်လည်း မျက်နှာ မလှဘူးပေါ့ဗျာ . . နော့။ ဝင်လာမယ့် ကုမ္ပဏီတွေများ နောက်ပြန်လှည့်သွားမလား ဆိုပြီးတော့ စိုးရိမ်မိတာပါ။ ဒါပေမဲ့လည်း ဖြစ်ပြီ ဆိုတော့မှတော့ ဖြစ်ပြီပေါ့။

ဒီလို ဖြစ်ကြတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လာရောက် ရင်းနှီးဖို့ ပြင်ဆင်နေကြတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ လက်တွန့်သွားမလားလို့ ကျွန်တော်က မဆီမဆိုင် ကြားက ဝင်ပြီးတော့ စိုးရိမ်လိုက်သေးဗျ။ ဟိုတလောကလည်း နိုင်ငံခြားသားတွေ မျက်လုံးပြူးသွားကြရတယ် ဆိုတဲ့ သတင်းကို ဖတ်လိုက်ရသေးတယ်။ သူတို့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံချင်ပေမဲ့ မြန်မာနိုင်ငံရဲ့ မြေကွက်ဈေး အရင်းအမြစ်က မတရားကြီးနေတော့ သူတို့ ချင့်ချိန်နေကြတယ် ဆိုပဲ။ အခုလို ထပ်ဖြစ်တော့ ငါတို့တော့ ထပ်များ နောက်ကျနေဦးမလားဟဲ့ ဆိုကာ ကျွန်တော် စိုးရိမ်မိတာပါ။

စိုးရိမ်တာ စိုးရိမ်တာပါပဲ ၊ ဖြစ်တာကလည်း ဖြစ်နေပြီ။ တကယ်တမ်း ဖြစ်ကြပြီ ဆိုတော့ လက်သည်းဆိတ်တော့ လက်ထိပ်နာတတ်ကြတယ် မဟုတ်လား။ ကိုယ့်နိုင်ငံသား မြန်မာတွေ တစ်နေ့လုံး အလုပ်လုပ် တာတောင်မှ 0.97 ဒေါ်လာ ( တစ်ဒေါ်လာတောင်မှ မပြည့်ပါ။ ) ပြည့်အောင် မရကြတဲ့ လုပ်ခ လစာ အတွက်လည်း တကယ်ကို ဝမ်းနည်းမိပါတယ်။

ဒီနေရာမှာ ကျွန်တော် တွေးမိတာလေးကို ရေးကြည့်ပါမယ်။ အလုပ်ရှင်တွေ အနေနဲ့ကလည်း တစ်နေရာကိုမှ မြန်မာကျပ်ငွေ ၇၅ ကျပ်လေးကနေ ၁၅၀ ကျပ် တိုးတောင်းတာကို တင်းခံနေပြီးတော့ ၁၀၀ ကျပ်သာ တိုးပေးပါတယ်။ တကယ်တော့ အလုပ်ရှင်တွေ အနေနဲ့ စဉ်းစားကြည့်ပါ။ အလုပ်သမား တစ်ယောက်ကို ပေးရတယ် ဆိုတဲ့ လုပ်ခလစာထက် အဆပေါင်းများစွာ ကိုယ့် အတွက် ကျန်မှ သူတို့ အလုပ် လုပ်ကြတာပါ။ ဒီတော့ တစ်ရက် အလုပ်သမား တစ်ယောက်  အလုပ် မဆင်းလို့ သူ့ကို သူနဲ့ လုပ်ခ ၁၀၀၀ ကျပ် ( ဆိုပါစို့ ) သက်သာတယ် ဆိုရင် . . . ။ သူ့ကို ကိုယ် မပေးလိုက်ရတာက ၁၀၀၀ ကျပ် ဆိုပေမဲ့ ဒီအလုပ်သမားကနေ ရရှိလာမယ့် လုပ်အားခကနေ ရရှိလာမယ့် အမြတ်ဝင်ငွေက ၁၀၀၀ ကျပ် မကပါ။ ၂၀၀၀ ကျပ် ဖြစ်နိုင်သလို ၊ ၃၀၀၀ ကျပ်လည်း ဖြစ်နိုင်ပါတယ်။

 ဒီတော့ ကျွန်တော် ဆိုလိုချင်တာက အလုပ်သမား တစ်ယောက် အလုပ် မဆင်းဘူး ဆိုရင် ဒီအလုပ်သမား အတွက် နေ့တွက်ခ ပေးရတာ သက်သာတာပေါ့ကွာ ဆိုတော့ တကယ်တော့ နလပိန်းတုံးတွေ ပြောတာပါ။ ဒီအလုပ်သမား တစ်ယောက်ကနေ ရရှိလာမယ့် လုပ်အား အမြတ်ငွေက ကိုယ့်မှာ ဒီ့ထက် ပိုပါတယ်။ ဒီတော့ အလုပ်သမားတွေ တောင်းဆိုတဲ့ တိုးတက် လစာ ဆိုတာကလည်း တကယ်ကို သူတို့ အတွက် ကျပ်တည်းနေလို့ပါ။ တိုးတက်နေတဲ့ ကုန်ဈေးနှုန်း အရ သူတို့လည်း ဘယ်လိုလုပ်ပြီးတော့ အသက်ရှူချောင်နိုင်ပါ့မလဲဗျာ။ တစ်နာရီ လုပ်ခ ၁၀၀ ကျပ် ဆိုတာက ဘဲဥ တစ်လုံးတောင်မှ ဝယ်မစားနိုင်တာဗျာ။ တိုးပေးသင့်ပါတယ်။

ဒါပေမဲ့ အလုပ်ရှင် သူဌေးဘက်က ကြည့်တော့လည်း ဒီလို တောင်းဆိုလို့ အလွယ်တကူ လိုက်လျောလိုက်ရင် နောက်ဆိုလည်း ဒီလိုပဲ တောင်းဆိုမှာ စိုးရိမ်လို့ ထင်ပါတယ်။ ဒါဆိုရင်လည်း ကျွန်တော် ပြောသလိုမျိုး . . . သူတို့ကို ပေးလိုက်လို့ ကုန်ကျစရိတ်ထက် အခုလို ကိုယ့် အလုပ်ကို ရပ်ထားရလို့ ကိုယ်နစ်နာရတဲ့ ဝင်ငွေကို ပြန်လည်ကာ နှိုင်းယှဉ် ကြည့်စေချင်တယ်။ မြန်မာတွေမှာ အနေ အစားလေး ချောင်ရင် ခဏခဏ အော်ဟစ်တောင်းနေရတာကို ရှက်တတ်ကြတဲ့ အမျိုးပါဗျာ။ အရမ်းကြီးလည်း မစိုးရိမ်ကြပါနဲ့ အလုပ်ရှင်ကြီးတို့။

ပြီးတော့ တိုင်ရီ အလုပ်သမားများ အနေနဲ့ကလည်း အခုဆိုရင် နှစ်ပတ်ကျော် အထိ တင်းခံကာ ဆန္ဒပြခဲ့ကြပြီးပြီလေ။ အလုပ်ရှင် သူဌေးကလည်း ၇၅ ကျပ်ကနေ ၁၀၀ ကျပ် အထိ တိုးပေးပေမဲ့ မလောက်ငလို့ တစ်နေ့ကို ၁၅၀ ကျပ် အထိ ရအောင် တောင်းဆိုနေတယ် လို့ ကြားရပါတယ်။ အခု အချိန်မှတော့ တော်လိုက်ကြရအောင် . . ၊ ပေးသလောက် ၁၀၀ ကျပ်နဲ့ လုပ်လိုက်ကြမယ် ဆိုပြီးတော့ နောက်ဆုတ်လို့ မဖြစ်နိုင်တော့ပါဘူး။ ဒါဆိုရင် နောက်ထပ် . .  နောက်ထပ် ဘယ်တော့မှ အခွင့်အရေးတွေ မရနိုင်တော့သလို ၊ မြန်မာတွေကို ဒီလို ပုံစံခွက်နဲ့ လုပ်လို့ ရပါတယ် ဆိုတဲ့ အစဉ်အလာကြီးကလည်း ဖြစ်လာမှာပါ။ ဒါကြောင့် လုပ်မိမှတော့ ပြီးဆုံးသည့် တိုင်အောင် လုပ်ကြရမှာပါပဲ။

ဒါပေမဲ့ သူတို့တွေက တစ်လကို သုံးသောင်းတောင်မှ မပြည့်သော လခနဲ့ ( တချို့တော့ ငါးသောင်းကျော် ၊ တချို့က ခြောက်သောင်းကျော် ရကြပါတယ်။ ) အလုပ်လုပ်နေရသူတွေသာ ဖြစ်ပါတယ်။ ဒီ့ထက်များ ပိုရရင် အနေအထိုင် ချောင်လည်ရပါစေ ဆိုတဲ့ ရည်ရွယ်ချက်လေး သီးသန့်နဲ့သာ လုပ်နေကြတာပါ။ သူတို့ သူဌေးဖြစ်ကြီးလည်း ရည်ရွယ်တာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလို မလောက်င လို့သာ သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ပြသကြတာပါ။ ဒါပေမဲ့ ဒီလို လောက်ငအောင်လို့ ရဖို့ တောင်းဆိုရန် ဘယ်လောက်များ သူတို့ရဲ့ အလုပ်မလုပ်ဘဲနဲ့ အပိုငွေနဲ့ တောင့်ခံ ရပ်တည်နိုင်မလဲ။ ဒီတော့ သူတို့မှာ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေကြမှာ ၊ ရင်ဆိုင်နေရင်း အံကျိတ်ထားရမှာ မလွဲပါဘူး။

အခုတော့ အလုပ်ရှင် သူဌေးက ရေဖြတ်ထားတယ် ဆိုတဲ့ သတင်းကိုလည်း ကြားရပြန်ပါတယ်။ တာဝန် ရှိသူတွေကလည်းဗျာ ကိုယ့်မြေပေါ်မှာ လာဖွင့်တဲ့ ကုမ္ပဏီတစ်ခုကို ကြည့်တယ် ဆိုရင်လည်း ကိုယ့်မြေပေါ်က ကိုယ့်နိုင်ငံသားတွေကို ပိုကြည့်သင့်ပါတယ်။ တာဝန်ရှိသူတွေ ဆိုတာကလည်း ဝင်ရောက်ဖြေရှင်း ပေးပေမယ့် အောင်မြင်မှု မရရှိဘူးလို့ သိရပါတယ်။ အောင်မြင်အောင် မလုပ်နိုင်ဘဲနဲ့ ဘာလို့ တာဝန် ရှိသူလို့ နာမည် တပ်နေတာလဲ ဆိုတာကိုလည်း ကျွန်တော် နားမလည်နိုင်သေးပါဘူး။

သို့သော် ဘာတာဝန်မှ မရှိသော သူတွေကတော့ ကြားရနေ ဝင်ပြီးတော့ ရေဖြတ်တောက်ခံနေရသော အလုပ်သမားတွေကို သောက်ရေ အပါအဝင် အစားအသောက်များလည်း လှူဒါန်းနေတယ်လို့ သိရ ၊ မြင်ရပါတယ်။ လုပ်သင့်ပါတယ် ၊ ဖြစ်သင့်ပါတယ်။ ဒါ တိုင်ရီက အလုပ်သမား အတွက်ပဲ မဟုတ်ပါဘူး။ ဒါ မြန်မာတနိုင်ငံလုံးနဲ့ ဆိုင်တာပါ။ ဆရာ ဦးဘုန်း ( ဓါတု ) ဟောသွားတဲ့ စာပေဟောပြောပွဲထဲကလို ကိုယ့်မှာ လာမဖြစ်လို့ " အသာတော့ မနေလိုက်ပါနဲ့။ "  " အသာနေရင် အသေနာတယ် " လို့ ဆရာဦးဘုန်းကတော့ သာဓကလေးတွေနဲ့ ဟောသွားပါတယ်။

အခု အလုပ်သမားနဲ့ အလုပ်ရှင် တိုက်ပွဲဟာ တိုင်ရီနဲ့ပဲ ဆိုင်တာ မဟုတ်ပါ။ ကျွန်တော်တို့ မြန်မာတနိုင်ငံသားလုံးနဲ့ ဆိုင်ပါတယ်။ ဒီလိုပဲ ကျွန်တော်က မြင်မိတယ် ၊ ခံစားမိပါတယ်။ အစားအသောက် ၊ သောက်ရေ လှူသူတွေ အားလုံးကိုလည်း ကျေးဇူး အထူးတင်ကြောင်း ဒီနေရာကနေ မှတ်တမ်း တင်အပ်ပါတယ်။

စဉ်းစားကြည့်ပါဦးဗျာ။ ဖောက် ခနဲ အအေးဗူးလေး တစ်ဗူးကို ( ဥပမာ - Coke ပေါ့ ) ဖောက်သောက်ဖို့ မော့လိုက်တဲ့ အချိန်မှာ မြန်မာငွေ ငါးရာကျပ် ကျတယ် ဆိုပါစို့။ ဒီဗူးလေးကို ကုန်အောင် မော့သောက်လိုက်မဲ့ အချိန်မှာ တစ်နာရီတော့ မကြာပါဘူး။ ဒီနေရာမှာ Coke ဗူး မဟုတ်ဘဲ ဘီယာဗူး ဆိုရင်တော့ ပိုဆိုးသွားပြီပေါ့။ ဒီလို တစ်နာရီ မကြာတဲ့ ဗူးတစ်ဗူးကို သောက်နေတဲ့ အချိန်မှာ ဒီအအေးဗူး တစ်ဗူးဖိုး ရအောင် တိုင်ရီက အလုပ်သမားတွေ ဘယ်နှစ်နာရီလောက်များ အလုပ်လုပ်နေကြရမလဲ။

အခုလို သူတို့ မိသားစု အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ အချိန်မှာ ကိုယ် ဂွပ် ခနဲ မော့သောက်လိုက်မဲ့ အအေးဗူး ( သို့ ) ဘီယာဗူးငွေထဲမှ သူတို့အတွက် ( သို့ ) သူတို့ဆင်နွဲနေသော မြန်မာနိုင်ငံကို ကိုယ်စားပြုသော တိုက်ပွဲ အတွက် တတ်နိုင်တဲ့ ဘက်က တတ်နိုင်သလောက် လှူဒါန်းကြပါဦးလို့ နှိုးဆော်လိုက်ပါတယ်။ 

လှူဒါန်းနေသူတွေ အားလုံးကိုလည်း ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်ပါတယ်ဗျာ။

လေးစားစွာဖြင့်
ကိုဇော်
22-Feb-2012

Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

စံပယ်ချို said...

" အသာတော့ မနေလိုက်ပါနဲ့။ "
" အသာနေရင် အသေနာတယ် "
အဲဒီ စကားအရမ်းကိုမှန်ပါတယ်
ကိုဇော်ရေအဲဒီစာသားလေးအတွက်ကျေးဇူးတင်ပါတယ်
မေ့နေတာကို လဲသတိပြန်ရစေတယ် ခွန်အားလဲဖြစ်စေတယ်
ခင်မင်တဲ့ jasmine

ဟန်ကြည် said...

ကိုယ်တိုင် အလုပ်များပေမယ့် တိုင်ရီအကြောင်းကိုတော့ စိတ်ဝင်တစား ဖတ်ကြည့်ဖြစ်တယ်...ဒီအရေးက တကယ်ဆိုတော့ အမျိုးသားအရေးဘဲဗျ...ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေတယ်ဆိုတာ ဒီလိုအရေးတွေက အစ အရေးကြီးတာကလား...တစ်ခုတော့ရှိသဗျ ဒီပဋိပက္ခကို စနစ်တကျ ဖြေရှင်းပေးနိုင်မယ့် အဖွဲ့အစည်းကောင်းတစ်ခုတော့ လိုတာပဲ...

Angelhlaing(May everybody be happy and healthy! said...

လုပ်ငန်းရှင်တွေကတော့ ..သူ့တို့ဘက်ပဲ သူတို့ကြည့်ကြမှာပဲ... အစိုးဘက်က ကူညီပြီး ဒီလိုအခြေနေမျိုးတွေ ဝင်ထိန်းစေချင်မိတယ်...

သတိုး said...

ကိုဇော့်အတွေးက မျှတတယ်။ မျှော်မျှော်မြင်မြင်လည်း ရှိပါတယ်။ ဒါပေမယ့် ဒီလောက် ရိုးရှင်းတဲ့ အတွေးမျိုးကို တာဝန်ရှိသူများက ဘာကြောင့် မတွေးမိကြသေးတာလဲ။ မဖြေရှင်းပေးနိုင်ကြသေးတာလဲ။ ကျွန်တော်တို့ အတွေ့အကြုံအရ ဘယ်ခြောက်ကာ ညာကိုလှမ်းခဲ့ကြဖူးတာလည်း များလှပြီနော်။

နေ၀သန် said...

နိုင်ငံသားတွေအတွက် ပြေလည်စေမယ့် ၀င်ငွေတစ်ခုရနိုင်ဖို့ ခိုင်မာတဲ့ ဥပဒေတစ်ရပ်ရှိဖို့လိုအပ်တယ်.. ပြီးတော့.. ဒါမျိုးဖြစ်တိုင်းဖြစ်တိုင်း... ကျွန်တော်တို့ ပြည်သူတွေဘက်က ရပ်တည်မယ့် အစိုးရကိုလည်း လိုအပ်ပါတယ်...

ခင်မင်လျက်
နေ၀သန်

ဆင်တဲကဖေး said...

နိုင်ငံသား အလုပ်သမားတွေ ဆင်ပြေချောင်လည်နိုင်မဲ့ လခ နှုန်းထားနဲ့ အလုပ်သမားလူတန်းစား တွေအတွက် မှန်မှန်ကန်ကန် ရပ်တည်ပေးနိုင်ဖို့ အထူးကိုလိုအပ်နေပါပြီ..