မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 January 2012

17 " ယုံကြည်ချက် " ဆိုသော စကားလုံး တစ်လုံးအကြောင်း



နိဒါန်း

ကျွန်တော်တို့ ရပ်ကွက်ကို " လှတောသား ရပ်ကွက် " လို့ ခေါ်ရမလား ၊ " ပခန်းသား ရပ်ကွက် " လို့ ခေါ်ရမလား ၊  ဒါမှမဟုတ် " ချီပါသား ရပ်ကွက် " လို့ ခေါ်ရမလား ၊ ဒါမှမဟုတ် " စကားတောင်စား ရပ်ကွက် " လို့ ခေါ်ရလေမလားပါပဲ။ စကားကပ်သပ်ပြောတာတို့ ၊ အသစ်အဆန်း လုပ်ပြောတာတို့ ၊ စကားကို ပုံပမာပြုပြောတို့ အရမ်းကို ခုံမင်ကြပါသည်။ ကျွန်တော် ဥပမာလေးတွေနဲ့ ပြောပြပါမည်။



ရပ်ကွက်တွေတိုင်းမှာ သာမာန်အားဖြင့် ရှိကြသလို ကျွန်တော်တို့ ရပ်ကွက်ထဲမှာလည်း ဇယ်တောက်ခုံဝိုင်းတို့ ၊ အံစာဝိုင်းတို့ ၊ ဂေါ်လီ အနီးအဝေး ပစ်တမ်းတို့ ၊ ဒိုးဇက် ဆက်နည်းတို့ ခြိမ့်ခြိမ့်သဲသဲ ရှိပါသည်။ အားကြိုးမာန်တတ်ကို ကစားကြခြင်း ဖြစ်သည်။ ဒီလိုပဲ အားကစားနဲ့ ပတ်သက်ပြီး ဘောလုံးအသင်းလိုက် ဆိုလည်း ကျွန်တော်တို့ ရပ်ကွက်က လူကြီး ၊ လူငယ် အသင်းကို တခြား ရပ်ကွက် လူတွေ မယှဉ်နိုင်လောက်အောင်ကို ထက်ထက်သန်သန် ရှိပါ၏။

တစ်နေ့တော့ ကလေးတွေ ကစားနေတဲ့ ဇယ်တောက်ခုံဝိုင်းကို ကျွန်တော် ဘေးကနေ ကြည့်နေမိသည်။ ကလေးကစားတဲ့ ဇယ်တောက်ခုံဝိုင်း ဆိုလို့ အထင်မသေးလေနဲ့ တော်ရုံတန်ရုံ လူကြီး တစ်ယောက်ကို တစ်လုံးမှ မရအောင် ပွဲပြတ်တောက်နိုင်သူလေးတွေ ဖြစ်၏။ ( ဒီဇယ်တောက်ခုံနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် " လက်နှစ်လုံးခြား " ဆိုပြီးတော့ ရေးဖူးပါသေးသည်။ ) သူတို့ ဇယ်တောက်နေတာ တောက်ပေါ့ ရိုးရိုး မတောက်ဘူး ၊ ပါးစပ်ကလည်း တောင်စဉ်ရေမရတွေ လျှောက်ပြောနေလေ့ ရှိသည်။ 

အခုလည်း ကျွန်တော် သူတို့ပွဲကို ဘေးကနေ ကြည့်နေတုန်း ပွဲတစ်ပွဲပြီးသွားတိုင်း " နိုင်လင်း " လို့ ခေါ်တဲ့ ကလေးက တစ်ပွဲပြီးလို့ နိုင်သော ပွဲကြေးကို လှမ်းယူရင်း ပါးစပ်က သီချင်း တစ်ပုဒ်ကို ညည်းဆို ဆိုလေသည်။ ဒီသီချင်းက . . . . 

" စီးပွားရေး ပိတ်ဆို့တာ ဒို့ မမှုပါ ၊ သယံဇာတတွေ ပေါတဲ့ မြေ  . . . . x x x x x x x "

တဲ့လေ။ ကြည့်ဦး။ တကယ်တော့ သူ ဇယ်ပွဲနိုင်တာနဲ့ သီချင်းနဲ့ ဘာဆိုင် လို့လဲ မဟုတ်ဘူးလား။ ဒါပေမဲ့ သူတို့မို့လို့ ဒီလို အခြေအနေနဲ့ ဒီလို သီချင်းကို အပ်ဆက်မိအောင်လို့ စိတ်ကူးရပြီး ဆိုတတ်ပါလေရဲ့ ဆိုပြီး ကျွန်တော် ပြုံးမိခဲ့သည်။



ဒါက သူတို့ရဲ့ ဥာဏ်ရွှင်ပုံကို ပြောချင်တာပါ။ တစ်ယောက်နဲ့ တစ်ယောက် စကားနာထိုးရင် သုံးတဲ့ စကားလုံးလေးတွေကလည်း အလွန်လှပါ၏။ တချို့သော လူကြီးတွေ ဆိုရင် နင်ပဲ ငဆ ဖြစ်ကာ ဆဲဆိုနိုင်သော အခြေအနေကိုတောင်မှ သူတို့ရဲ့ အသုံးအနှုန်းလေးတွေက အလွန် ယဉ်ကျေး၏။ ဒီလို . . .

အခြေအနေ တစ်ရပ်မှာ သူတို့ ကစားနေရင်း တစ်ယောက်နဲ့ တစ်ယောက် စိတ်အခန့်မသင့် ဖြစ်ပြီး စကားများ ကြတယ် ဆိုပါစို့။ ဒီလို အခြေအနေ ဆိုရင် တစ်ယောက်က  . . . .

" )(@&()&@()& ^*&@(* "

ဆိုကာ ဆဲလိုက်တယ် ဆိုရင် . . . ၊ နောက်ထပ် တစ်ယောက်က ပြန်တုံ့ပြန်တာလေးတွေကို ကျွန်တော် တော်တော် သဘောကျမိ၏။

" မင်းကွာ . . . အမိ မယုတ်ချင်စမ်းပါနဲ့။ "

တဲ့။ ဘယ်လောက်များ နုညံ့ညင်သာ လိုက်လဲလို့ပါ။ အမေကို ထိရင် ဘယ်သူမှ မခံနိုင်လေတော့ အခု ကိုယ်ပြောတဲ့ စကားကြောင့် ကိုယ့်အမေကို ထိခိုက်လေတော့ တော်ရုံဆို ဒီကလေးတွေ ကြားထဲမှာတောင်မှ နင်ပဲငဆ ဆဲသံကို မကြားရတော့ဘူး။

ဒီလိုပါပဲ။ မြန်မာနိုင်ငံမှာ ဖြစ်လေ့ဖြစ်ထလို့ပဲ ပြောရမလား ၊ ဘယ်လို စိတ်ကူးတွေလည်းတော့ မသိပါ။ ဟိုးအရင်က မြန်မာနိုင်ငံကို ဘတ်စ်လုပ်ဖို့ ဟီးနိုးကားကြီးတွေ အသစ်ရောက်လာတော့ ဒီကားကြီးတွေရဲ့ ထိုင်ခုံတွေက ချက်ပလက် ဘတ်စ်ကားတွေရဲ့ ထိုင်ခုံလို မဟုတ်ဘူး။ ဆိုဖာကူရှင်တွေနဲ့ ဆိုတော့ ထိုင်ရတာ အတော်ကို ငြိမ့်ပါသည်။ ဒါပေမဲ့ ဒီလို ထိုင်ခုံတွေနဲ့ ထိုင်ရတာကို ဇိမ်ကျတယ် လို့ မထင်ကြတာလား ၊ ဒါမှမဟုတ် တင်ပါး ငြိမ့်တဲ့ ဒဏ်ကိုပဲ မခံတတ်လာလား မသိပါ။ ထိုကားကြီးများရဲ့ ဆိုဖာများကို ဓါးဖြင့် ခွဲကြ၏။ ထိုင်ခုံတွေမှာ ပေါက်ကရတွေ လျှောက်ရေးကြ၏။

ဒီလို အခြေအနေတွေမှာ ကျွန်တော်တို့ ရပ်ကွက်ထဲက ကားသမားတွေကတော့ သူတို့ရဲ့ ဟီးနိုးကားကူရှင် နောက်မှီမှာ နောက်က ထိုင်နေသူ မြင်သာဖို့ ရေးထားလေ့ ရှိသည်။ ဒါကတော့ . . . .

" အဖယုတ်ကာ ကားကူရှင်များကို လက် မသရန်းပါနဲ့။ "

တဲ့လေ။  အားလုံးတော့ မဟုတ်ပေမဲ့ အရင်ထက်တော့ သတိထားမိသွားကြကာ ဆင်ခြင်သွားလိမ့်မယ် ထင်ပါ၏။

ဒါနဲ့တင်လား ဆိုတော့ မဟုတ်သေးပါ။ အခြားအခြားသော အကြောင်းအရာတွေ ကိစ္စ ရပ်တွေမှာ သူတို့ သုံးနှုန်း ပြောဆိုတဲ့ စကားလုံးတွေဟာ အရမ်းကို နုညံ့သိမ်မွေ့လွန်းပါသည်။ အခု အထက်မှာ ပြောပြခဲ့တာတွေက ဘာရယ် မဟုတ်ပါဘူး။ နမူနာ အနေနဲ့ ပြောပြတာပါ။ ကျွန်တော် ပြောချင်တာက ဒီလိုမျိုး စကားလုံးတွေကို သေချာ ခွဲခြမ်း စီစစ်တတ်သော သူငယ်ချင်းတစ်ယောက်နဲ့ ဟိုတလောက စကားပြောဖြစ်ခဲ့တဲ့ အကြောင်းလေးပါ။ 

ဒီလိုဗျ . . . . ။



ဒီလို ရပ်ကွက်ထဲမှ သူငယ်ချင်း တချို့နဲ့ ကျွန်တော် တချို့သော စကားတွေ ပြောဖြစ်ခဲ့၏။ အခြေအနေ အကြောင်းကြောင်းကြောင့် ကျွန်တော်တို့ ရပ်ကွက်ထဲကနေ အပြီးပိုင် စွန့်ခွာသွားတာ ရှိသလို ၊ ကျွန်တော်တို့ ရပ်ကွက်နေ ကျွန်တော့်လိုမျိုး ဝေးကွာနေကြရသော သူငယ်ချင်းတွေထဲက တစ်ယောက် ဆိုပါတော့။

ထုံးစံအတိုင်း သာကြောင်း မာကြောင်း ၊ ပြောင်းလဲမှုတွေ အကြောင်းကို ပြောရင်းနဲ့ ဘယ်သူတွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြပြီးတော့ သေရတဲ့ အကြောင်းရင်းကလည်း အရက်ကြောင့် ဖြစ်တဲ့ အကြောင်း။ ဘယ်သူတွေကတော့ အသက်ကြီးနေတာတောင်မှ မသေသေးဘဲ အသက်ရှည်နေတဲ့ အကြောင်းတွေ ၊ သူတို့ အသက်ရှည်ရတဲ့ အကြောင်းရင်းကတော့ မဝရေဆာ စားပြီးတော့ အဆီကျ အသားကျစ်ကာ သွေးသား လည်ပတ်မှု ကောင်းနေတာများလား ဆိုပြီး အရွှန်းဖွဲ့ကာ ပြောဖြစ်ခဲ့တယ်။

ပြောနေရင်းနဲ့ " ယုံကြည်ချက် " ဆိုသော စကားလုံးလေး တစ်လုံးဆီကို ရောက်သွားခဲ့သည်။ စကားလုံး ကြွယ်ဝသော ၊ စကားတွေကို သေချာ တိကျစွာ လေ့လာ ခွဲခြမ်းတတ်သော သူငယ်ချင်း တစ်ယောက် ဖြစ်တဲ့ အတွက် သူက ကျွန်တော့်ကို ဆက်ပြီး ရှင်းပြခဲ့သည်။

ဟုတ်တော့လည်း ဟုတ်ပါ၏။ အခုတလော ဘာရယ် မဟုတ် ၊ လေလှိုင်းထဲမှာရော ၊ ဂျာနယ်တွေထဲမှာရော ၊ ရုပ်ရှင်တွေ ဗီဒီယိုတွေ ၊ သတင်းဌာနတွေမှာရော နေရာတိုင်း လိုလို ဒီ " ယုံကြည်ချက် " ကြောင့် အကျဉ်းကျခံနေရသော . . . . ဆိုတဲ့ စကားလုံးကို အတော်များများကို ကြားနေရ၏။ ဒီစကားလုံးကို ဘယ်သူက စပြီးတော့ တီထွင် လိုက်တာလဲ ကျွန်တော် မသိပါ။ ဒါပေမဲ့ ဒီစကားလုံးကို ကြားတိုင်း တစ်ခုခု မှားယွင်း နေသလို ခံစားရတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဘယ်နေရာမှာ မှားယွင်းနေလဲ ဆိုတာတော့ ကျွန်တော် လုံးဝကို စဉ်းစား မရခဲ့ပါဘူး။

" ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့နေရသော " ဆိုသော လူတွေကို ဘယ်သူလို သတ်မှတ်လဲ ဆိုတာ ကျွန်တော် ရှင်းပြဖို့ လိုမယ် မထင်ပါဘူး။ ဒါပေမဲ့ ဘာလို့ ဒီစကားလုံးကို ရွေးသုံးတာလဲ ဆိုတာကိုတော့ ကျွန်တော် နားမလည်နိုင်ပါ။ သာယာပျော့ပြောင်းလို့များလား ၊ နုညံ့ညင်သာလို့ များလား ၊ လူကြားကောင်းအောင်လို့များလား။ တစ်ခုခုတော့ တစ်ခုခု ရှိမှာပါ။ အမှန်အတိုင်း ပြောရရင် စိတ်ထဲမှာ ဒီစကားလုံး အတွက် မတင်မကျ ဖြစ်နေပေမဲ့ ဘာရယ်လို့တော့ ကျွန်တော် မပြောပြတတ်ပါ။ ဒီလိုပဲ တအုံနွေးနွေး ဖြစ်နေခဲ့၏။

အခုတော့ ကျွန်တော့် သူငယ်ချင်းနဲ့ စကားပြောနေရင်း ဒီစကားလုံး ဆီကို ရောက်သွားပါတော့သည်။ ဒီတော့မှ သူငယ်ချင်းက ခပ်မာမာ အသံနဲ့ ကျွန်တော့်ကို ပြော၏။

" မင်းကွာ . . . သူများတွေ သုံးနှုန်းတိုင်း ဒီစကားလုံးကို မသုံးစမ်းပါနဲ့။ "

" ဟေ . . ဘာဖြစ်လို့လဲ။ "

" ဘာလဲ . . . ဘာယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေလဲ။ ဒီမှာ သုံးထားတဲ့ " ယုံကြည်ချက် " ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို မင်း ဘယ်လောက် နားလည်သလဲ။ "

" ဟာ . . . ယုံကြည်ချက် ပါဆိုနေမှ ယုံကြည်ချက်ပဲပေါ့ကွ။ ဒါကို ဘယ်လို ထပ် နားလည်ရဦးမှာလဲ။ "

" အေး . . ငါလည်း ထင်ပါတယ်။ ဒီမှာကွ ငါ ပြောပြမယ်။ မင်း သေချာ စဉ်းစားရင်း နားထောင်ကြည့်။ "

သူက ရှေ့မှာ ချထားတဲ့ အအေးဗူးထဲက အအေးတွေကို ဖန်ခွက်ထဲက ရေခဲတွေပေါ်ကို ခပ်မြင့်မြင့်မှ ဆွဲကာ လောင်းချလိုက်ပြီးတော့ ဆတ်ခနဲ ကောက်ယူပြီး မော့သောက်ချလိုက်၏။

" ငါ ပြောမယ်။ လမ်းမှာ လမ်းလျှောက်ပြီးတော့ အလုပ်သွားဖို့ ပြင်နေတဲ့ ကလေးမ တစ်ယောက်ရဲ့ တစ်နေ့ လုပ်ခ လစာဟာ ၂၀၀၀ ကျပ် ဆိုပါတော့ . . . . "

" အင်း . . ."

" သူ့အတွက် ဒီနေ့ မနက် အလုပ်သွားမယ် ၊ ညနေ အလုပ်က ပြန်လာမယ်။ ဒါဆို သူ ၂၀၀၀ ကျပ် ရလာမယ်။ ဒါဆို သူ့အတွက် အလုပ်ပြီးမြောက်တယ်။ တစ်နေ့စာ အလုပ်ဖြစ်တယ် ပေါ့ကွာ။ ဒီနေရာမှာ ၂၀၀၀ ကျပ် ဆိုတာဟာ သူ့အတွက် ဒီနေ့ နေ့တစ်ရက်ရဲ့ " မျှော်လင့်ချက် "ပဲ။ ဒီလို အလုပ်သွားလိုက်ရင် ငါ ၂၀၀၀ ကျပ် ရလာမယ် ဆိုတဲ့ " ယုံကြည်ချက် " ပဲ။ ဒါကို မင်း လက်ခံလား။  "

" အေး . . လက်ခံတယ်။ "

" ဟုတ်ပြီ။ လူတွေ ဘာလို့ ထီထိုးကြလဲ။ ကံစမ်းတယ်လို့ မပြောနဲ့။ သူတို့ တကယ်တော့ ဒီထီပေါက်ရင် ရလာမယ် ဆိုတဲ့ ပိုက်ဆံကို မျှော်လင့်လို့ ထိုးကြတာ။ ကံစမ်းတာပါကွာ။ ပေါက်ရင် ကံကောင်းတယ်ဟ လို့ ယူဆပြီးတော့ ပရဟိတ ဌာနတွေကို အကုန်လှူမယ်လို့ မင်း ယူဆနေလား။ မဟုတ်ဘူး။ တကယ်တော့ ဒီထီလက်မှတ်ကနေ ပေါက်လို့ကတော့ကွာ။ ဘာလုပ်မယ် ၊ ညာလုပ်မယ် ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ထိုးကြတာပဲ။ ဒီလို မျှော်လင့်လို့ ရနေတယ် ဆိုကတည်းက သူတို့မှာ ဒီလို မျှော်လင့်စရာ ရှိနေလို့ပေါ့။ ဒါဟာ " ယုံကြည်ချက် " ပဲ။

ထီထိုးပါ . . . ပေါက်ချင် ပေါက်မယ် ၊ မပေါက်ချင် မပေါက်ဘူး။ ပေါက်ရင်လည်း ပေးချင် ပေးမယ် ၊ မပေးချင် မပေးဘူး ဆိုပြီးတော့ မယုံကြည်ရဘူး ဆိုရင် လူတွေ ထီဆိုတာကို ထိုးပါတော့မလား။ အဲဒါပဲ။ လူဆိုတာ " ယုံကြည်ချက် " ကြောင့် လုပ်ကြတာ။ ဒါကိုရော မင်း လက်ခံလား။ "

" အင်း . . . ဒီအထိလည်း လက်ခံတယ်။ "

" အိုကေ . . ဒါဆို ဆက်ပြောမယ်။  "

" - - - - - - - "

" လူတစ်ယောက် မိန်းမယူတော့မယ်ကွာ။ သူ ယူမှာကလည်း သူနဲ့ နှစ်ပေါင်းများစွာ ချစ်ခဲ့ရသော သူ့ရဲ့ ချစ်သူကိုပဲ။ ဟုတ်ပြီ . . . သူ ဘာလို့ မိန်းမ ယူရတာလဲ။ သူနဲ့သူ့ချစ်သူရဲ့ ဘဝနှစ်ခုကို အတူတူ ပေါင်းစပ်လိုက်ပြီး ဘဝတစ်ခု အတူတူ တည်ထောင်နိုင်မယ်လို့ သူ " ယုံကြည်ချက် " ရှိနေလို့ပဲ မဟုတ်ဘူးလား။ "

" အင်း . . ဟုတ်တာပေါ့။ "

" ဒီနေရာမှာ ဒီမိန်းမ ယူလိုက်လို့ကတော့ ဘာဖြစ်လာမလဲ မသိပါဘူးကွာ ဆိုတာမျိုး။ ပျော်စရာကတော့ တစ်စက်မှကို ကောင်းမှာ မဟုတ်ပါဘူး ဆိုတာမျိုး ၊ ဒီလို " ယုံကြည်ချက် " တစ်စက်ကလေးမှ မရှိဘဲနဲ့ ဘယ်သူက အိမ်ထောင်ပြုချင်ပါတော့မလဲ။ အခုခေတ်မှာ အိမ်ထောင်ပြုဖို့ ခက်ကုန်ကြတယ် ဆိုတာ တစ်ယောက် အပေါ် တစ်ယောက် ယုံကြည်ချက်တွေ နည်းသွားကြလို့လည်း ပါတယ်။ "

" အင်း . . ဖြစ်နိုင်တယ်။ ဆက်ပြောပါဦး။ "

" ဟုတ်ပြီ . . . နောက်တစ်ခု။ ဟွန်ဒီ လုပ်ငန်းနဲ့ တရားမဝင် ငွေလွှဲနေတဲ့ ငွေလွှဲဌာနက ငွေလက်ခံတဲ့ စာရေးလေးက သူ တစ်နေ့စာ လက်ခံထားတဲ့ ငွေတွေကို ယူပြီးတော့ ထွက်ပြေးတယ် ဆိုပါစို့။ မြန်မာငွေ သိန်း ၃၀၀ ပါသွားတယ်ပဲထား။ သူ ဘာလို့ ဒီလို လုပ်ရတာလဲ။ ငတ်လို့လား ၊ ချမ်းသာချင်လို့လား ၊ သူ့အတွက် ရှိနေတဲ့ အခက်အခဲ တစ်ခုခု ပြေလည်သွားချင်လို့လား။ ဘယ်လိုပဲ ဖြစ်နေပါစေ။ ဒီငွေ သိန်း ၃၀၀ နဲ့ ငါ ဘဝ အပြောင်းအလဲလေး တစ်ခု ဖြစ်သွားနိုင်တယ် ဆိုတဲ့ "  ယုံကြည်ချက် " ကြောင့် သူ ဒီငွေတွေကို ဘတ်ပြေးတာပဲ မဟုတ်လား။ "

" အင်း . . . "

" ဒီနေရာမှာ ဒီ့ထက် အရေးကြီးတာ ပြောပြဦးမယ်။ ဒီငွေတွေကို သူရတာကတော့ ဟုတ်ပါပြီ။ သူ့ဘဝအတွက်လည်း အပြောင်းအလဲလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီငွေတွေကို ယူပြီးတော့ ထွက်ပေါက်က ထွက်လိုက်တာနဲ့ အဖမ်းခံရမယ် ဆိုတာကို သူ သိနေတယ် ဆိုရင်ရော သူ ဒီငွေတွေကို ယူဖြစ်ပါဦးမလား။ ဘယ်ယူဖြစ်မလဲ မဟုတ်ဘူးလား။ ဒီငွေတွေကိုလည်း ရမယ်။ ပြီးတော့ သူ့အတွက်လည်း အဖမ်းအဆီး မခံရဘူး ဆိုတဲ့ " ယုံကြည်ချက် " ရှိမှသာ သူ ဒီငွေတွေကို အလစ်သုတ် ပြေးတော့မှာပေါ့။ "

" ဟုတ်တာပေါ့ . . မှန်တယ်။ "

" အဲဒါပဲ . . . လောကမှာ နေရာတကာ မှာ " ယုံကြည်ချက် " ဆိုတာ ရှိနေတာကွ။ သူခိုးကလည်း ခိုးရင် လွတ်မယ် ဆိုတဲ့ " ယုံကြည်ချက် " ရှိမှသာ ခိုးတာပေါ့။ ဓါးပြကလည်း ဓါးပြတော့ တိုက်မယ် . . .ဒါပေမဲ့ သူ လွတ်မယ် ဆိုတဲ့ " ယုံကြည်ချက် " ရှိမှသာ သူ တိုက်မှာပေါ့။ လူရွှင်တော်ကလည်း သူ ပြက်လုံးထုတ်ရင် ပရိတ်သတ်ကြီး ရယ်ကြလိမ့်မယ် ဆိုတဲ့ " ယုံကြည်ချက် " နဲ့ သူ ပြက်လုံးတွေ ထုတ်  ၊ ဟာသတွေ ပြောနေတာလေ။ သူ့ဟာသတွေကို ပရိတ်သတ်က ရယ်ကြမှာ မဟုတ်ပါဘူးဆိုတာ သိနေရင် သူ လူရွှင်တော်တောင်မှ လုပ်ပါတော့မလား။ "

" အင်း . . . "

" အခု ငါ ပြောချင်တာက ဒါပဲ။ ဘာလဲကွာ။ သူခိုးကလည်း သူ လွတ်မယ် ဆိုတဲ့ " ယုံကြည်ချက် " နဲ့ ဝင်ခိုးတယ်။ ဒါပေမဲ့ မလွတ်ဘူး။ ထောင်ကျတယ်။ ဓါးပြကလည်း တိုက်ပြီး ပြေးလို့ လွတ်မယ်လို့ " ယုံကြည်ချက် " နဲ့ ဓါးပြတိုက်တယ်။ ဒါပေမဲ့ မလွတ်ဘူး။ ဒီတော့ ထောင်ကျတယ်။ လူလိမ်ကလည်း ငါလိမ်လို့ ရမှာပါ ဆိုတဲ့  " ယုံကြည်ချက် " နဲ့ လိမ်တယ်ကွာ။ ဒါပေမဲ့ သူလိမ်တာ မပိရိလို့ အဖမ်းခံရပြီးတော့ ထောင်ကျတယ်။ အလစ်သုတ်သူကလည်း သူ လစ်မယ် ထင်တဲ့ " ယုံကြည်ချက် " နဲ့ အလစ်သုတ်တယ်ကွာ။ ဒါပေမဲ့ လူမိပြီးတော့ ထောင်ကျတယ်။ "

"  - - - - - - -  "

" နိုင်ငံတော်မှာ ရာထူးတွေ ရထားပြီးတော့ ပြည်သူတွေ ယုံကြည်အောင် မနေဘဲနဲ့ လာဘ်စားတဲ့ အရာရှိကြီးတွေကွာ။ သူတို့ကလည်း ငါ လုပ်တာ ဘယ်သူ့မှ မသိဘူး ၊ ဘယ်သူ့မှ မပြောရဲပါဘူး ဆိုတဲ့ " ယုံကြည်ချက် " နဲ့ လာဘ်စားတယ်။ ဒါပေမဲ့ လူတွေက အထက်ကို တိုင်တော့ သူ အလုပ်ပြုတ်ပြီးတော့ ထောင်ကျတယ်။ အိုစမာဘင် လာဒင် . . . လူတွေ မထင်တဲ့ အိမ်ကြီးထဲမှာ အောင်းနေတယ်ကွာ။ ဒီမှာ နေရင် သူ လုံခြုံမယ် ဆိုတဲ့ " ယုံကြည်ချက် " နဲ့ သူနေတာလေ။ သူသာ ဒီလို အဖမ်းခံရမယ် ၊ သေမယ် ဆိုတာ သိရင် သူ နေပါဦးမလား။ ဟုတ်တယ် မဟုတ်လား။ "

" ဟုတ်တယ် အစစ်ပေါ့။ "

" အေး . . ဒါဆို ငါ ပြောချင်တာ ဆုံးပြီကွာ။ x x x x လုပ်လို့ သက်ဆိုင်သော ဥပဒေ ၊ ပုဒ်မတွေနဲ့ ငြိစွန်းလို့ ထောင်ကျရတာပဲကွာ။ ဘာဖြစ်လဲ " x x x x အမှု " ပေါ့။ ဒါကိုများ ဘာလဲ " ယုံကြည်ချက်နဲ့ အကျဉ်းကျခံရတာ " တို့ ဘာတွေ လျှောက်ပြော ၊ လျှောက်ရေးနေတာ မှန်းကို မသိဘူး။ "

" - - - - - - - "

" ဒီမှာ သူငယ်ချင်း . . . . လူဆိုတာ " ယုံကြည်ချက် " နဲ့ပဲ အလုပ်လုပ်နေကြတာ မဟုတ်ဘူးလား။ ဒီ " ယုံကြည်ချက် " လေး လမ်းလွဲသွားလို့ အမှားတွေ ကြုံရ ၊ အဖမ်းဆီး ခံကြရတာလေ။ ဒါကို ဘာကြောင့် " ယုံကြည်ချက် " ဆိုတဲ့ စကားလုံးကို ကာဗာ အဖြစ်အသုံးချနေရတာလဲ။ ကိုယ် လုပ်တဲ့ အလုပ်ရဲ့ တန်ဖိုးကို တခြားသော လူတွေလုပ်တဲ့ အလုပ်နဲ့ တန်းတူ ဘာလို့ ချနင်း ပစ်လိုက်ရတာလဲ။ "

" - - - - - - - - "

" မူးယစ်ဆေးဝါး ရောင်းသူကလည်း သူ့ " ယုံကြည်ချက် " နဲ့သူ ၊ ပျောက်စေဆရာကလည်း သူ့ " ယုံကြည်ချက် " နဲ့သူ ၊ နတ်ကတော်ကလည်း သူ့ " ယုံကြည်ချက် " နဲ့သူ ၊ လမ်းဘေးမှာ မျက်လှည့်ပြပြီးတော့ ဆေးရောင်းနေတဲ့ လူကလည်း သူ့ " ယုံကြည်ချက် " နဲ့။ အားလုံးက ကိုယ်ပိုင် " ယုံကြည်ချက် " နဲ့ အလုပ်လုပ်နေကြတာပါပဲ။ အေး . . . သူတို့ရဲ့ " ယုံကြည်ချက် " က လမ်းလွဲသွားလို့ သူတို့ အပြစ်ဒဏ် ခံကြရတာ မဟုတ်ဘူးလား။ ဒီတော့ . . .  "

" - - - - - - - - "

" သူတို့ကလည်း သူတို့လည်း " ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေပါ " လို့ ပြောရင် မင်း ငြင်းနိုင်မလား။ သူတို့ပြောတာလည်း ဟုတ်နေတာပဲလေ။ ဒီတော့ x x x x  နဲ့ အကျဉ်းကျတဲ့ လူတွေကို " ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော " ဆိုပြီး ပြောတာ ငါ လုံးဝကို သဘောမတူဘူး။ လူတိုင်း လူတိုင်းကတော့ " ယုံကြည်ချက် " နဲ့ လုပ်နေကိုင်နေကြတာပဲ မဟုတ်လား။ သူတို့ရဲ့ လုပ်ရပ်က မှန်တာ နဲ့ မှားတာ ဆိုတာပဲ ကွာလိမ့်မယ်။ ဒါကို အုတ်ရောရော ၊ ကျောက်ရောရော နဲ့ " ယုံကြည်ချက် " ကို ခုတုံး လုပ်ပြီးတော့ မပြောစမ်းပါနဲ့ကွာ။ "

" - - - - - - -  "

" မင်းကို ငါ ထပ်မေးလိုက်ဦးမယ်။ "

" အင်း  . . . "

" မင်း ဒီစကားကို ဘယ်ကနေ ကြားရတာလဲ။ "

" ဒါကတော့ သေချာ မသိဘူးကွ။ ဟိုကပြော ဒီကပြော ၊ ဟိုက ကြား ဒီကကြားနဲ့ ကြားတာပါပဲ။ သူတို့က ပြောတော့ ငါလည်း သူတို့ ပြောတဲ့ အတိုင်း လိုက်ပြောမိတာပေါ့။ "

" အေး . . . ငါလည်း ထင်ပါတယ်။ သူများက " ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေပါ " လို့ ပြောတိုင်း ၊ စကားလုံး လှလှလေး ဆိုတိုင်း လိုက်မပြောစမ်းပါနဲ့ကွာ။ အဲဒီလို စကားလုံးရဲ့ နောက်မှာ အဓိပ္ပါယ်တွေ အများကြီး ရှိတယ်။ မင်း မှတ်ထား . . . လူတိုင်းက " ယုံကြည်ချက် " ကြောင့် အလုပ်လုပ်နေသူတွေချည်းပဲ။ သူတို့မှာ " ယုံကြည်ချက် " မရှိရင် သူတို့ ဘယ်လုပ်ပါ့မလဲ။ အဓိက က သူတို့ရဲ့ လုပ်ရပ်က ကောင်းခြင်းလား ၊ ဆိုးခြင်းလား ၊ လူသား အားလုံးကို အကျိုးပြုနိုင်တာလား ၊ သူတို့ရဲ့ ကိုယ်ကျိုးအတွက်လား ဆိုတာက အဓိက မဟုတ်ဘူးလား။ "

" ဟုတ်ပါတယ် . . . . "

" အေး. . . . အခု ငါ ပြောနေတာတွေကလည်း ငါ့ရဲ့ " ယုံကြည်ချက် " ပဲဖြစ်လိမ့်မယ်။ မှားလား ၊ မှန်လား ဆိုတာကတော့ မင်း ဖာသာ စဉ်းစားပေါ့။ တချို့သော လူတွေက သူတို့ရဲ့ ကိုယ်ကျိုးထက် အများ အကျိုးကို ကြည့်ပြီးတော့ " ယုံကြည်ချက် " အတွက် အလုပ်လုပ်နေကြတာကွ။ ဒါကို အုတ်ရောရော ကျောက်ရောရော ကိုယ်ကျိုးသမားတွေရဲ့ " ယုံကြည်ချက် " အတွက်နဲ့ အသက်ရှင် လုပ်ကိုင်နေတာနဲ့ မရောပစ်လိုက်စမ်းပါနဲ့ကွာ။ "

" - - - - - - - - - "

အဲဒီနေ့က မိုးအုပ်နေပါ၏။ သို့သော် ကျွန်တော့် ရင်ထဲမှာ လင်းလင်းရှင်းရှင်းပဲ ရှိနေခဲ့ပါသည်။ အရာရာဟာ ပြတ်ပြတ်သားသား ထင်ရှားလှပါသည်။



နိဂုံး

ကျွန်တော်တို့ ရပ်ကွက်ကို " လှတောသား ရပ်ကွက် " လို့ ခေါ်ရမလား ၊ " ပခန်းသား ရပ်ကွက် " လို့ ခေါ်ရမလား ၊  ဒါမှမဟုတ် " ချီပါသား ရပ်ကွက် " လို့ ခေါ်ရမလား ၊ ဒါမှမဟုတ် " စကားတောင်စား ရပ်ကွက် " လို့ ခေါ်ရလေမလားပါပဲ။ စကားကပ်သပ်ပြောတာတို့ ၊ အသစ်အဆန်း လုပ်ပြောတာတို့ ၊ စကားကို ပုံပမာပြုပြောတို့ အရမ်းကို ခုံမင်ကြပါသည်။

ဒီလို အထဲမှာမှ ကျွန်တော်က စကားလုံးတွေကို ခွဲခြမ်းစိတ်ဖြာ တတ်မှု အနည်းဆုံးသော လူတစ်ယောက် ၊ စကားလုံး အသစ်အဆန်းတွေ သုံးစွဲမှု အနည်းဆုံး လူတစ်ယောက် ၊ သူများပြောတိုင်း လိုက်ပြီးတော့ နားယောင်ကာ ပြောတတ်သူ တစ်ယောက်မျှသာ ဖြစ်ပါသည်။ ပြီးတော့ အလွန်တုံးသော သူ တစ်ယောက်လည်း ဖြစ်နေပြန်၏။ 

ဘာလို့လဲ ဆိုတော့ ကျွန်တော် အခု တလော ကိုယ်လည်း လိုက်မမှီနိုင်သော အကြောင်းအရာများကို စိတ်ဝင်တစား လျှောက်ဖတ်နေမိ ၊ လျှောက်ရေးနေမိသောကြောင့်သာ ဖြစ်ပါသည်။  ကျွန်တော်ကလည်း ကျွန်တော့် အတွေးတွေများ မှန်လေမလား ဆိုသော " ယုံကြည်ချက် " သေးသေးလေးနဲ့ လျှောက်ရေးနေမိခြင်းမျှသာ ဖြစ်ပါသည်။ သို့သော် တခြားသူတွေရဲ့ " ယုံကြည်ချက် " ကိုတော့ ကျွန်တော် မသိနိုင် ၊ နားမလည်နိုင်သေးပါ။ 

မည်သို့ပင် ဖြစ်စေ . . . လာဖတ်သမျှ အတွက် ကျေးဇူးတင်ပါသည်။



ထပ်ဆင့်အညွှန်း ပို့စ် - လက်နှစ်လုံးခြား



လေးစားစွာဖြင့်
ကိုဇော်
6-Dec-2011

Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

Angelhlaing(May everybody be happy and healthy! said...

အကိုတင်ပြပုံလေး နှစ်သက်မိတယ်.... ဟုတ်တာပဲ ကြားရတာ အဆင်မပြေဘူး...ခုလိုထောက်ပြတော့ ပိုတောင် ကြားရတာ အဆင်မပြေဘူးဆိုတာ ထင်ရှားတယ်...... စကာလုံးလှလို့ သုံးတာ ထင်ပါတယ်...အကို။

ကိုရင် said...

ဖတ်ရတာ ကောင်းတယ်ဗျာ.. သို့ပေတည့် ရွာပြင်မှာ တဲထိုးနေတယ်တော့ ကြားတယ် အကို.. ဘယ်သူနေဖို့တုန်းတော့ မသိဘူး :D

မဒမ်ကိုး said...

အင်းး အင်းး လာပြန်ပြီ နောက်တစ်ယောက် တဲမှာနှစ်ယောက်ဖြစ်တော့မယ် ဟိဟိး)
အမှန်ဒွေ အမှန်ဒွေ အကိုရေး)

ခင်တဲ့

မဒိုးကန်

sosegado said...

သုံးစွဲမှုကို ပြင်သင့်ပါတယ်၊
ကိုယ်စားရေးပေးသွားသလိုပါပဲ၊

သဒ္ဓါလှိုင်း said...

မှတ်သားသွားပါတယ်ကိုဇော်။ အကျိုးပြုပြီး ကောင်းသော ယုံကြည်ချက်တွေနဲ့ ရှင်သန်ချင်ပါတယ်။
ခင်မင်လျက်
သဒ္ဓါ

ဟန်ကြည် said...

ဟုတ်ပ...ဒီဘက်ခေတ်မှာက စကားလုံးရဲ့ ဆိုလိုရင်း တိတိပပကို သေချာမစဉ်းစားဘဲ စွတ်သုံးကြတာချည်းပဲ တွေ့နေရတယ်...ကိုဇော်ပြောတဲ့ စကားလုံးကြီးကိုလည်း အမြင်ကတ်နေတာကြာပြီ...ကြာကြာဝါးမယ့်သွားမို့ အရိုးကြည့်ရှောင်နေလို့သာ မချဲဖြစ်တာ...

ကိုယ်စားပြောပေးသွားတဲ့အတွက် ကျေးဇူးကိုဇော်ရေ...

လွင်ပြင်လှိုင်းငယ် said...

ဖတ်လို့ အရမ်းကောင်းပါတယ်ဗျာ

စံပယ်ချို said...

ကိုဇော်ရေ
အမှန်တွေ အမှန်တွေနော်

ဘိုဖြူ said...

ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့နေရသော
ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့နေရသော
ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့နေရသော---------
ဘ၀တွေ-----ဘ၀တွေ
အမှန်တွေပါဗျာ

နွေတေးရှင် (မင်းဧရာ) said...

ကောင်းလိုက်တာ အကိုရာ...
ထင်းထင်း ရှင်းရှင်းကို မြင်လိုက်ရပါတယ်။

အဲဒီလိုမျိုး ထောက်ပြ ပြောဆိုမှု့လေးတွေ
ဖတ်ရတော့မှ ရှင်းရှင်းလင်းလင်း မရှိတာတွေ ဖွေးကနဲ တွေ့လိုက်ရတယ်။

ညီရဲ said...

ယုံကြည်ချက်ဆိုတဲ့ စကားလုံးက ရင်ထဲကို ငြိပါလာခဲ့တယ်... ယုံကြည်ချက်... ဟုတ်တယ် ယုံကြည်ချက်နဲ့ လူတွေက ကိုယ့်နေ့ တွေ ညတွေကို ဖြတ်သန်းနေကြတာဘဲ...

အလင်းသစ် said...

အော်..ရယ်.. ကြက်ရိုးပြုတ်ပြီး..ကုပေးပါ..ကုပေးပါ.. ကြက်ရိုးပြုတ်ပြီး..ကုပေးပါ.. (ကျွန်တော်လည်း ကိုဇော်တို့ ရပ်ကွက်နဲ့ နီးတယ်)

အိမ့်ချမ်းမြေ့ said...

မလေး ဖတ်သွားပါတယ်...

ကိုယ်ယုံကြည်တယ်ဆိုတာကြီးက လုံးဝဥဿုံ မှားနေတယ်ဆိုရင်ကော......

ယုံကြည်ချက် ဆိုတာကိုပဲ တွေးပြီး ပြောသွားတာပါ..
မြန်မာပြည် နိုင်ငံရေးယုံကြည်ချက်ကို မဆိုလိုပါ။ မြန်မာပြည် နိုင်ငံရေးက အလွန်ရှုပ်ထွေးလွန်းလို့ ...

ရွာထဲမှာပဲ နေချင်နေသေးသော...
မလေး

အိမ့်ချမ်းမြေ့ said...

တစ်ခါတစ်လေလေး ကော့မန့်ရေးမိပါတယ်.. အပေါ်က ကော့မန့် နံပါတ်က ၁၃ ပါလား...
ဘုရား....

mabaydar said...

အင်း... သူပြောသလိုဆိုတော့လဲ မှန်သား... မဗေဒါကတော့ စကားလုံးလှလို့ လိုက်ပြောတာပဲရှိတယ်... အစကတော့ စဉ်းစားမိပါတယ်... ဒီစကားလုံးက တစ်ခုခုလိုနေသလိုပဲလို့... ဒါပေမဲ့ သူ့လိုသေချာစဉ်းစားမယ်ဆိုရင်တော့လဲ မသုံးသင့်တဲ့စကားပဲ... XXX အကျဉ်းသားများသုံးလဲ ရတာပဲ... နောက်ဆို အဲလိုသုံးတော့ဝူး....

Goemon said...
This comment has been removed by the author.
Anonymous said...

အဟမ်း အဟမ်းးး

အဟမ်း

မောင်ဘကြိုင်