မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


22 December 2011

17 ကျွန်တော်တို့ အိမ်



" ကျွန်တော်တို့ အိမ် "

တကယ်တော့ . . .
ကျွန်တော်တို့ဟာ ရိုးသားကြပါတယ်။
ဒါကြောင့် . . .
ကျွန်တော်တို့ အိမ်လေးကလည်း ရိုးသားပါတယ်။

ဟိုးငယ်ငယ်တုန်းက
ကျောင်းမှာ စာအုပ်ပဲ အပ်အပ် ၊ စာအုပ်ပဲ ယူယူ
ညီညီညာညာ တန်းစီခဲ့ကြဖူးတယ်။
စောင့်ဆိုင်းမှုကို အခြေပြုပြီး
ကျွန်တော်တို့စိတ်တွေ ရိုးသားခဲ့ကြပါတယ်။

အသက်တွေကြီးတော့ . . .
အရှေ့က လူတန်းကို ဖြတ်ကျော်ဖို့
စောင့်ဆိုင်းမှုတွေကို ဆွဲချုံ့ဖို့
ခုန်ပျံကျော်လွှားသော နည်းမျိုးစုံတွေကို သုံးတတ်လာခဲ့ကြတယ်။
တန်းစီခြင်း အနုပညာတွေကို
မုန့်ပုံးတွေ ၊ ပါတိတ်တွေ ၊ ခြင်္သေ့တွေနဲ့
ရိုးသားမှုကို ပါးလျအောင် ပွန်းတိုက်ခဲ့ကြတယ်။

ဘယ်လိုပဲ ဖြစ်နေပါစေ . .
လူတွေမှာ ရိုးသားမှု နည်းလာပေမဲ့ . . .
ကျွန်တော်တို့ အိမ်ကတော့ ရိုးသားနေဆဲပါ။

တချို့သော ပညာရှင်တွေက သုံးသပ်ကြတယ်။
နောက်ထပ် အနှစ်နှစ်ဆယ် ဆိုရင်
မြန်မာနိုင်ငံဟာ အာဖရိက လိုမျိုး ဖြစ်လာနိုင်သတဲ့။
ဒါပေမဲ့. . .
ကျွန်တော်တို့ အိမ်လေးကတော့ ရိုးသားနေဆဲပါ။

ကျွန်တော်တို့ အိမ်လေးဆီကို
ကျွန်တော် . . . အလည်ပြန်ခါနီး နှမလုပ်သူက ပြောတယ်။
လူတွေ . . .
လူတွေရဲ့ . . . မျက်လုံးကို သေချာ ကြည့်ခဲ့ပါ တဲ့။
ဗင်းဆင့်ဗန်းဂိုးရဲ့ အာလူးစားသူများ ပန်းချီထဲက
လူတွေရဲ့ မျက်ဝန်းတွေကတော့ တပ်မက်မှုတွေ ပြည့်နေခဲ့တယ်။
ကျွန်တော်တို့ အိမ်သားတွေရဲ့ မျက်ဝန်းတွေထဲမှာတော့ . .
စိုးရိမ်မှုတွေ နဲ့ စိုးထိတ်စွာ ပြည့်နေခဲ့တယ်။
ဒါပေမဲ့ . . .
ကျွန်တော်တို့ အိမ်လေးကတော့ ရိုးသားနေဆဲပါ။

လူတစ်ယောက် ရေသန့်ဘူး တစ်ဘူး ဝယ်သောက်တယ် ဆိုပါစို့။
တချို့က ဘူးရောင်းစားဖို့ ရေသန့်ဘူးကို အိမ်ကို ပြန်သယ်တယ်။
တချို့က ရေပြန်ထည့်ဖို့ ရေသန့်ဘူးကို အိမ်ကို ပြန်သယ်တယ်။
တချို့က စနစ်တကျ လွှင့်ပစ်ဖို့ အမှိုက်ပုံးကို ရှာရင်း အိမ်ပြန် သယ်မိသလို ဖြစ်တယ်။
တချို့က စနစ်တကျ လွှင့်ပစ်ထားတဲ့ အမှိုက်ပုံးထဲက ရေသန့်ဘူးကို
ပြန်နှိုက်ယူရင်း တခြား အမှိုက်ကိုပါ ဖွတယ်။
တချို့က အမှိုက်ဆိုတာ အမှိုက်ပဲ ဆိုပြီး ဂလုံ ဆိုပြီး လမ်းဘေးမှာပဲ ပစ်ချတယ်။
အမှိုက်ပုံးမှာ အမှိုက် မရှိဘူး။
အမှိုက်ပုံးဘေးမှာ အမှိုက်တွေ ပွနေတယ်။
အမှိုက်ပစ်ရန် နေရာမှာ အမှိုက်တွေ မသိမ်းဘူး။
အမှိုက်မပစ်ရ နေရာမှာ အမှိုက်တွေနဲ့ ပြည့်နေတယ်။
ဒါပေမဲ့ . . .
ကျွန်တော်တို့ အိမ်လေးကတော့ ရိုးသားနေဆဲပါ။

လူတစ်ယောက်က မနိုင်မနင်း ဖြစ်နေလို့
လူတစ်ယောက်က ကူညီတယ် ဆိုတဲ့ ဖြစ်စဉ်တွေ
ရာဇဝင်ထဲက သမိုင်းထဲမှာ ကျန်နေခဲ့ရပြီ။
အခုတော့ . . .
အကူအညီ လိုသလား ၊ ရေလောင်း ၊
အကူအညီ ခံချင်သလား ၊ ရေဖြန်း ၊
အကူအညီကို မေတ္တာနဲ့ မဆုံးဖြတ်ကြတော့ဘူး ၊
အကူအညီကို ရေနဲ့ပဲ ဖြတ်ဆုံးတဲ့ ခေတ်ကို ရောက်လာခဲ့ကြပြီ။
ကျောက်ခေတ် ၊ ကြေးခေတ် ၊ သံခေတ် ၊
ပလတ်စတစ်ခေတ် ၊ နြူကလိယခေတ် ၊ အင်တာနက်ခေတ် . .
ပြီးတော့ . . . အခု . . ရေလောင်းရတဲ့ " ရေခေတ် "။

ဒါပေမဲ့ . . .
ဘယ်လိုပဲ ခေတ်တွေ ပြောင်းလဲသွားပါစေ။
ကျွန်တော်တို့ အိမ်လေးကတော့ ရိုးသားနေဆဲပါ။

ဟိုက်ဒရိုဂျင် နှစ်ဆ နဲ့ အောက်စီဂျင် တစ်စကို ရောရင် ရေဖြစ်. . .
နိုက်ထရိုဂျင်နဲ့ အလှဆီ ( ဂရစ်စလင်း ) ကို ပေါင်းစပ်ရင် ဗုံးဖြစ် . . .
ဟိုဟာနဲ့ ဒီဟာကို ရောရင် ပေါက်ကွဲစေတဲ့ အရာဖြစ် . . .
ဒီဖော်မြူလာတွေ ကြားထဲမှာ လူတွေက ပိတ်လှောင်မွန်းကြပ်လှစွာ။
ရေ လောင်းရင်း . . . .
ဗုံးလန့်ရင်း . . . .  နေ့ရက်တွေ ကုန်ဆုံး။
ရေကစားရင်းနဲ့လည်း လန့် . . .
ရထားစီးရင်းနဲ့လည်း လန့် . . .
ကားစီးရင်းနဲ့လည်း လန့် . . .
လမ်းသွားရင်းနဲ့လည်း လန့် . . .
ဈေးဝယ်ရင်းနဲ့လည်း လန့် . . .
အိမ်သာတက်ရင်းနဲ့လည်း လန့် . . .
ကိုယ့်အိမ်မှာ နေရင်းနဲ့လည်း လန့် . . .
ဒီလိုနဲ့ အသက်တွေ မဝတဝ ၊ လေငတ်နေတဲ့ ငါးတွေလို ဟစိဟစိ နဲ့
ဒါပေမဲ့ . . .
ကျွန်တော်တို့ အိမ်လေးကတော့ ရိုးသားနေဆဲပါ။

တကယ်လို့ နေ့သစ်တွေ ပွင့်လန်းလာမဲ့နေ့ . . .
ရောင်ခြည်နွေးနွေးတွေ ဖြာယှက်လာမဲ့ နေ့မှာ . . .
ရေလောင်းစရာ မလိုသော နေ့ . . .
ဘာကိုမှ လန့်စရာ မလိုသော စိတ်ရှင်းမဲ့ နေ့ . . .
တစ်ယောက်ကို တစ်ယောက် ကြည်ကြည်နူးနူး ကူညီတတ်ကြမဲ့ နေ့ . . .
ဒီလိုနေ့ရက်မျိုးမှာ  . . .
ပြာလဲ့လဲ့ ကောင်းကင်ကြီး အောက် . .
လွင့်ပျံနေတဲ့ နိုင်ငံတော် အလံအောက် . .
ကျွန်တော်တို့ အားလုံး ညီညီညာညာ နိုင်ငံတော် သီချင်း ဆိုချင်မိသေးတယ်။

တကယ်တော့ဗျာ . . .
ကျွန်တော်တို့ဟာ ရိုးသားကြပါတယ်။
ဒါကြောင့် . . .
ကျွန်တော်တို့ အိမ်လေးကလည်း ရိုးသားပါတယ်။
ကျွန်တော်တို့ နေထိုင်ရာ အိမ်လေးဟာ ရိုးသားနေဆဲပါ။

ကိုဇော် 
22-Dec-2011




Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

sosegado said...

ရိုးသားစေချင်လွန်းလို့
တစ်ချို့က ရိုးသား
တစ်ချို့က ရိုးသားချင်ယောင်ဆောင်လိုက်ပါတယ်
သူ မရိုး ကိုယ်မရိုးတော့လည်း
ရိုးသားချင်ယောင်ဆောင်လည်း
ရိုးသား နေလည်း
အားလုံးက သံသယတွေနဲ့
မရိုးသားသူတွေဖြစ်သွားမှာပဲ
အားလုံးနှင့် တစ်ချို့
တစ်ချို့ တွေများလာဖို့ ……..

မဒမ်ကိုး said...

အင်းး အရမ်းကိုကြောက်ရွံ့ထိတ်လန့်စရာကောင်းနေပြီအကိုရေ ..
ဘယ်လိုနေရာကများ ကျနော်တို့ကိုလုံခြူံမှု့ပေးပါ့မလဲး(

Anonymous said...

ကိုဇော်ကြီး ရေးထားတာ တိုက်ဆိုင်မှူတွေများလွန်းလို့ 
ဟုတ်ပါ့ တကယ်လန့်တယ် ငွေပို့ ဖို့တောင်လန့် 
ဘာကိုမှ လန့်စရာ မလိုသော စိတ်ရှင်းမဲ့ နေ့ . . .
ကိုတကယ်ပဲမျှော်လင့်မိပါတယ်။

တချို့ အရာတွေက အလို့ ခံရတာမဟုတ်ဖူး
ရိုးသားယုံကြည်မှူပေါ်အခွင့်ရေးယူအသုံးချတာ အတော်ဆိုးတယ်

ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်မြေ့ပါစေရှင်း
မိုး

သဒ္ဓါလှိုင်း said...

အရိုးသားဆုံး နွေးထွေးတဲ့ အိမ်လေးထဲမှာ အကြောက်တရားကင်းစွာနဲ့ တယောက်လက်တယောက် ရဲရဲကိုင်လို့ ရောင်နီဖြာလင်းလက်လာမယ့် မနက်ခင်းအောက်မှာ ရိုးသားစွာနဲ့ သီဆိုချင်တဲ့ တေးသီသံတွေ ကျယ်လောင်စွာနဲ့ ကမ္ဘာမြေကို နိုးထခွင့်ပြုနိုင်ကြမှာပါ ကိုဇော်။။။

ခင်တဲ့
သဒ္ဓါ

Anonymous said...

Let me share please

Angelhlaing(May everybody be happy and healthy! said...

ဟုတ်ပ အကိုရာ...ကြားရတဲ့ သတင်းတွေက ရင်နင့်စရာတွေ ပါပဲ...:(

TZH1985 said...

ဒီရိုးဂုဏ်လေးရှိလို့သာ ခင်တွယ်နေရတာ...

SHWE ZIN U said...

ရိုးသားတဲ့ အိမ်ကလေး မှာ ရိုးသားစွာဘဲ နေချင်ပါတယ်

စံပယ်ချို said...

နိုင်ငံခြားမှာနေတဲ့သူတွေ နေမြဲအတိုင်းနေကြပါလို့
မြန်မာပြည်ရောက်ရင်တော့
အီရတ်ကိုရောက်နေသလို ဗုံးတွေရှောင်နေရမယ်
အီရတ်ပြည်သူတွေက ဘယ်နေရာဗုံးရှိတယ်ဆိုတာသူတို့သိတယ်
မြန်မာတွေပြည်သူတွေကတော့ ???????

မောင်ဘုန်း said...

ဟုတ်ပ နောင်တော် ရယ် ... အရမ်းကောင်းတဲ့
ကဗျာလေးပါ ...

ဘိုဖြူ said...

အကိုရေးတဲ့ကဗျာကောင်းတယ်ဗျာ
ပညာပါတယ်
မှတ်သားစရာရတယ်

ကိုအောင်(ပျူနိုင်ငံ) said...

တဖြေးဖြေးနဲ့ ကဗျာဆရာ ဖြစ်လာပြီ ...း)

mstint said...

ကဗျာကောင်းလေးဖတ်ပြီး တွေးမိတယ် သားဇော်ရေ။
ရိုးသားတဲ့မိသားစုအိမ်လေးနဲ့ ပတ်သက်သမျှ
မိတ်ဆွေအားလုံးလည်း ရိုးသားမှုကို အလေးထားတဲ့
အပေါင်းအသင်းမိတ်ဆွေတွေဖြစ်စေချင်တာ
ရင်ထဲကဆန္ဒပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သတိုး said...

ရေလောင်းအကျင့် စွဲနေတဲ့
ကြိုမတွေးနိုင်သောအရာဟူသမျှ ကြိုလန့်နေတတ်တဲ့
သို့သော် ရိုးသားဆဲ အိမ်ကလေး...။
ကဗျာလေးက တွေးစရာများစွာနဲ့ ...။

Anonymous said...

ဒီကဗျာလေး ကြိုက်တယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ဘုန်းဘုန်းတောက် said...

ကဗျာလေးက တကယ် ဟတ်ထိတယ် ကိုဇော်ရေ။ တကယ်ကို ခံစားသွားပါတယ်...

မအိမ်သူ said...

အင်း.. ဘာကြီးပဲ ဖြစ်နေနေ အဲဒီအိမ်ကလေးကိုပဲ တမ်းတ သံယောဇဉ်တွယ်နေမိတာ... ကိုယ့်အိမ်က ကိုယ့်အိမ်ပဲမဟုတ်လားလေ.. နန်းတော်ပေါ်ကနေ တဲစုတ်ကို မျှော်တယ်ပဲပြောအုံးတော့ ကိုယ့်အိမ်ပဲ ကိုယ်ပျော်ပါတယ်။