မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 January 2012

17 " ယုံကြည်ချက် " ဆိုသော စကားလုံး တစ်လုံးအကြောင်း



နိဒါန်း

ကျွန်တော်တို့ ရပ်ကွက်ကို " လှတောသား ရပ်ကွက် " လို့ ခေါ်ရမလား ၊ " ပခန်းသား ရပ်ကွက် " လို့ ခေါ်ရမလား ၊  ဒါမှမဟုတ် " ချီပါသား ရပ်ကွက် " လို့ ခေါ်ရမလား ၊ ဒါမှမဟုတ် " စကားတောင်စား ရပ်ကွက် " လို့ ခေါ်ရလေမလားပါပဲ။ စကားကပ်သပ်ပြောတာတို့ ၊ အသစ်အဆန်း လုပ်ပြောတာတို့ ၊ စကားကို ပုံပမာပြုပြောတို့ အရမ်းကို ခုံမင်ကြပါသည်။ ကျွန်တော် ဥပမာလေးတွေနဲ့ ပြောပြပါမည်။



ရပ်ကွက်တွေတိုင်းမှာ သာမာန်အားဖြင့် ရှိကြသလို ကျွန်တော်တို့ ရပ်ကွက်ထဲမှာလည်း ဇယ်တောက်ခုံဝိုင်းတို့ ၊ အံစာဝိုင်းတို့ ၊ ဂေါ်လီ အနီးအဝေး ပစ်တမ်းတို့ ၊ ဒိုးဇက် ဆက်နည်းတို့ ခြိမ့်ခြိမ့်သဲသဲ ရှိပါသည်။ အားကြိုးမာန်တတ်ကို ကစားကြခြင်း ဖြစ်သည်။ ဒီလိုပဲ အားကစားနဲ့ ပတ်သက်ပြီး ဘောလုံးအသင်းလိုက် ဆိုလည်း ကျွန်တော်တို့ ရပ်ကွက်က လူကြီး ၊ လူငယ် အသင်းကို တခြား ရပ်ကွက် လူတွေ မယှဉ်နိုင်လောက်အောင်ကို ထက်ထက်သန်သန် ရှိပါ၏။

တစ်နေ့တော့ ကလေးတွေ ကစားနေတဲ့ ဇယ်တောက်ခုံဝိုင်းကို ကျွန်တော် ဘေးကနေ ကြည့်နေမိသည်။ ကလေးကစားတဲ့ ဇယ်တောက်ခုံဝိုင်း ဆိုလို့ အထင်မသေးလေနဲ့ တော်ရုံတန်ရုံ လူကြီး တစ်ယောက်ကို တစ်လုံးမှ မရအောင် ပွဲပြတ်တောက်နိုင်သူလေးတွေ ဖြစ်၏။ ( ဒီဇယ်တောက်ခုံနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် " လက်နှစ်လုံးခြား " ဆိုပြီးတော့ ရေးဖူးပါသေးသည်။ ) သူတို့ ဇယ်တောက်နေတာ တောက်ပေါ့ ရိုးရိုး မတောက်ဘူး ၊ ပါးစပ်ကလည်း တောင်စဉ်ရေမရတွေ လျှောက်ပြောနေလေ့ ရှိသည်။ 

အခုလည်း ကျွန်တော် သူတို့ပွဲကို ဘေးကနေ ကြည့်နေတုန်း ပွဲတစ်ပွဲပြီးသွားတိုင်း " နိုင်လင်း " လို့ ခေါ်တဲ့ ကလေးက တစ်ပွဲပြီးလို့ နိုင်သော ပွဲကြေးကို လှမ်းယူရင်း ပါးစပ်က သီချင်း တစ်ပုဒ်ကို ညည်းဆို ဆိုလေသည်။ ဒီသီချင်းက . . . . 

" စီးပွားရေး ပိတ်ဆို့တာ ဒို့ မမှုပါ ၊ သယံဇာတတွေ ပေါတဲ့ မြေ  . . . . x x x x x x x "

တဲ့လေ။ ကြည့်ဦး။ တကယ်တော့ သူ ဇယ်ပွဲနိုင်တာနဲ့ သီချင်းနဲ့ ဘာဆိုင် လို့လဲ မဟုတ်ဘူးလား။ ဒါပေမဲ့ သူတို့မို့လို့ ဒီလို အခြေအနေနဲ့ ဒီလို သီချင်းကို အပ်ဆက်မိအောင်လို့ စိတ်ကူးရပြီး ဆိုတတ်ပါလေရဲ့ ဆိုပြီး ကျွန်တော် ပြုံးမိခဲ့သည်။



ဒါက သူတို့ရဲ့ ဥာဏ်ရွှင်ပုံကို ပြောချင်တာပါ။ တစ်ယောက်နဲ့ တစ်ယောက် စကားနာထိုးရင် သုံးတဲ့ စကားလုံးလေးတွေကလည်း အလွန်လှပါ၏။ တချို့သော လူကြီးတွေ ဆိုရင် နင်ပဲ ငဆ ဖြစ်ကာ ဆဲဆိုနိုင်သော အခြေအနေကိုတောင်မှ သူတို့ရဲ့ အသုံးအနှုန်းလေးတွေက အလွန် ယဉ်ကျေး၏။ ဒီလို . . .

အခြေအနေ တစ်ရပ်မှာ သူတို့ ကစားနေရင်း တစ်ယောက်နဲ့ တစ်ယောက် စိတ်အခန့်မသင့် ဖြစ်ပြီး စကားများ ကြတယ် ဆိုပါစို့။ ဒီလို အခြေအနေ ဆိုရင် တစ်ယောက်က  . . . .

" )(@&()&@()& ^*&@(* "

ဆိုကာ ဆဲလိုက်တယ် ဆိုရင် . . . ၊ နောက်ထပ် တစ်ယောက်က ပြန်တုံ့ပြန်တာလေးတွေကို ကျွန်တော် တော်တော် သဘောကျမိ၏။

" မင်းကွာ . . . အမိ မယုတ်ချင်စမ်းပါနဲ့။ "

တဲ့။ ဘယ်လောက်များ နုညံ့ညင်သာ လိုက်လဲလို့ပါ။ အမေကို ထိရင် ဘယ်သူမှ မခံနိုင်လေတော့ အခု ကိုယ်ပြောတဲ့ စကားကြောင့် ကိုယ့်အမေကို ထိခိုက်လေတော့ တော်ရုံဆို ဒီကလေးတွေ ကြားထဲမှာတောင်မှ နင်ပဲငဆ ဆဲသံကို မကြားရတော့ဘူး။

ဒီလိုပါပဲ။ မြန်မာနိုင်ငံမှာ ဖြစ်လေ့ဖြစ်ထလို့ပဲ ပြောရမလား ၊ ဘယ်လို စိတ်ကူးတွေလည်းတော့ မသိပါ။ ဟိုးအရင်က မြန်မာနိုင်ငံကို ဘတ်စ်လုပ်ဖို့ ဟီးနိုးကားကြီးတွေ အသစ်ရောက်လာတော့ ဒီကားကြီးတွေရဲ့ ထိုင်ခုံတွေက ချက်ပလက် ဘတ်စ်ကားတွေရဲ့ ထိုင်ခုံလို မဟုတ်ဘူး။ ဆိုဖာကူရှင်တွေနဲ့ ဆိုတော့ ထိုင်ရတာ အတော်ကို ငြိမ့်ပါသည်။ ဒါပေမဲ့ ဒီလို ထိုင်ခုံတွေနဲ့ ထိုင်ရတာကို ဇိမ်ကျတယ် လို့ မထင်ကြတာလား ၊ ဒါမှမဟုတ် တင်ပါး ငြိမ့်တဲ့ ဒဏ်ကိုပဲ မခံတတ်လာလား မသိပါ။ ထိုကားကြီးများရဲ့ ဆိုဖာများကို ဓါးဖြင့် ခွဲကြ၏။ ထိုင်ခုံတွေမှာ ပေါက်ကရတွေ လျှောက်ရေးကြ၏။

ဒီလို အခြေအနေတွေမှာ ကျွန်တော်တို့ ရပ်ကွက်ထဲက ကားသမားတွေကတော့ သူတို့ရဲ့ ဟီးနိုးကားကူရှင် နောက်မှီမှာ နောက်က ထိုင်နေသူ မြင်သာဖို့ ရေးထားလေ့ ရှိသည်။ ဒါကတော့ . . . .

" အဖယုတ်ကာ ကားကူရှင်များကို လက် မသရန်းပါနဲ့။ "

တဲ့လေ။  အားလုံးတော့ မဟုတ်ပေမဲ့ အရင်ထက်တော့ သတိထားမိသွားကြကာ ဆင်ခြင်သွားလိမ့်မယ် ထင်ပါ၏။

ဒါနဲ့တင်လား ဆိုတော့ မဟုတ်သေးပါ။ အခြားအခြားသော အကြောင်းအရာတွေ ကိစ္စ ရပ်တွေမှာ သူတို့ သုံးနှုန်း ပြောဆိုတဲ့ စကားလုံးတွေဟာ အရမ်းကို နုညံ့သိမ်မွေ့လွန်းပါသည်။ အခု အထက်မှာ ပြောပြခဲ့တာတွေက ဘာရယ် မဟုတ်ပါဘူး။ နမူနာ အနေနဲ့ ပြောပြတာပါ။ ကျွန်တော် ပြောချင်တာက ဒီလိုမျိုး စကားလုံးတွေကို သေချာ ခွဲခြမ်း စီစစ်တတ်သော သူငယ်ချင်းတစ်ယောက်နဲ့ ဟိုတလောက စကားပြောဖြစ်ခဲ့တဲ့ အကြောင်းလေးပါ။ 

ဒီလိုဗျ . . . . ။



ဒီလို ရပ်ကွက်ထဲမှ သူငယ်ချင်း တချို့နဲ့ ကျွန်တော် တချို့သော စကားတွေ ပြောဖြစ်ခဲ့၏။ အခြေအနေ အကြောင်းကြောင်းကြောင့် ကျွန်တော်တို့ ရပ်ကွက်ထဲကနေ အပြီးပိုင် စွန့်ခွာသွားတာ ရှိသလို ၊ ကျွန်တော်တို့ ရပ်ကွက်နေ ကျွန်တော့်လိုမျိုး ဝေးကွာနေကြရသော သူငယ်ချင်းတွေထဲက တစ်ယောက် ဆိုပါတော့။

ထုံးစံအတိုင်း သာကြောင်း မာကြောင်း ၊ ပြောင်းလဲမှုတွေ အကြောင်းကို ပြောရင်းနဲ့ ဘယ်သူတွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြပြီးတော့ သေရတဲ့ အကြောင်းရင်းကလည်း အရက်ကြောင့် ဖြစ်တဲ့ အကြောင်း။ ဘယ်သူတွေကတော့ အသက်ကြီးနေတာတောင်မှ မသေသေးဘဲ အသက်ရှည်နေတဲ့ အကြောင်းတွေ ၊ သူတို့ အသက်ရှည်ရတဲ့ အကြောင်းရင်းကတော့ မဝရေဆာ စားပြီးတော့ အဆီကျ အသားကျစ်ကာ သွေးသား လည်ပတ်မှု ကောင်းနေတာများလား ဆိုပြီး အရွှန်းဖွဲ့ကာ ပြောဖြစ်ခဲ့တယ်။

ပြောနေရင်းနဲ့ " ယုံကြည်ချက် " ဆိုသော စကားလုံးလေး တစ်လုံးဆီကို ရောက်သွားခဲ့သည်။ စကားလုံး ကြွယ်ဝသော ၊ စကားတွေကို သေချာ တိကျစွာ လေ့လာ ခွဲခြမ်းတတ်သော သူငယ်ချင်း တစ်ယောက် ဖြစ်တဲ့ အတွက် သူက ကျွန်တော့်ကို ဆက်ပြီး ရှင်းပြခဲ့သည်။

ဟုတ်တော့လည်း ဟုတ်ပါ၏။ အခုတလော ဘာရယ် မဟုတ် ၊ လေလှိုင်းထဲမှာရော ၊ ဂျာနယ်တွေထဲမှာရော ၊ ရုပ်ရှင်တွေ ဗီဒီယိုတွေ ၊ သတင်းဌာနတွေမှာရော နေရာတိုင်း လိုလို ဒီ " ယုံကြည်ချက် " ကြောင့် အကျဉ်းကျခံနေရသော . . . . ဆိုတဲ့ စကားလုံးကို အတော်များများကို ကြားနေရ၏။ ဒီစကားလုံးကို ဘယ်သူက စပြီးတော့ တီထွင် လိုက်တာလဲ ကျွန်တော် မသိပါ။ ဒါပေမဲ့ ဒီစကားလုံးကို ကြားတိုင်း တစ်ခုခု မှားယွင်း နေသလို ခံစားရတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဘယ်နေရာမှာ မှားယွင်းနေလဲ ဆိုတာတော့ ကျွန်တော် လုံးဝကို စဉ်းစား မရခဲ့ပါဘူး။

" ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့နေရသော " ဆိုသော လူတွေကို ဘယ်သူလို သတ်မှတ်လဲ ဆိုတာ ကျွန်တော် ရှင်းပြဖို့ လိုမယ် မထင်ပါဘူး။ ဒါပေမဲ့ ဘာလို့ ဒီစကားလုံးကို ရွေးသုံးတာလဲ ဆိုတာကိုတော့ ကျွန်တော် နားမလည်နိုင်ပါ။ သာယာပျော့ပြောင်းလို့များလား ၊ နုညံ့ညင်သာလို့ များလား ၊ လူကြားကောင်းအောင်လို့များလား။ တစ်ခုခုတော့ တစ်ခုခု ရှိမှာပါ။ အမှန်အတိုင်း ပြောရရင် စိတ်ထဲမှာ ဒီစကားလုံး အတွက် မတင်မကျ ဖြစ်နေပေမဲ့ ဘာရယ်လို့တော့ ကျွန်တော် မပြောပြတတ်ပါ။ ဒီလိုပဲ တအုံနွေးနွေး ဖြစ်နေခဲ့၏။

အခုတော့ ကျွန်တော့် သူငယ်ချင်းနဲ့ စကားပြောနေရင်း ဒီစကားလုံး ဆီကို ရောက်သွားပါတော့သည်။ ဒီတော့မှ သူငယ်ချင်းက ခပ်မာမာ အသံနဲ့ ကျွန်တော့်ကို ပြော၏။

" မင်းကွာ . . . သူများတွေ သုံးနှုန်းတိုင်း ဒီစကားလုံးကို မသုံးစမ်းပါနဲ့။ "

" ဟေ . . ဘာဖြစ်လို့လဲ။ "

" ဘာလဲ . . . ဘာယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေလဲ။ ဒီမှာ သုံးထားတဲ့ " ယုံကြည်ချက် " ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို မင်း ဘယ်လောက် နားလည်သလဲ။ "

" ဟာ . . . ယုံကြည်ချက် ပါဆိုနေမှ ယုံကြည်ချက်ပဲပေါ့ကွ။ ဒါကို ဘယ်လို ထပ် နားလည်ရဦးမှာလဲ။ "

" အေး . . ငါလည်း ထင်ပါတယ်။ ဒီမှာကွ ငါ ပြောပြမယ်။ မင်း သေချာ စဉ်းစားရင်း နားထောင်ကြည့်။ "

သူက ရှေ့မှာ ချထားတဲ့ အအေးဗူးထဲက အအေးတွေကို ဖန်ခွက်ထဲက ရေခဲတွေပေါ်ကို ခပ်မြင့်မြင့်မှ ဆွဲကာ လောင်းချလိုက်ပြီးတော့ ဆတ်ခနဲ ကောက်ယူပြီး မော့သောက်ချလိုက်၏။

" ငါ ပြောမယ်။ လမ်းမှာ လမ်းလျှောက်ပြီးတော့ အလုပ်သွားဖို့ ပြင်နေတဲ့ ကလေးမ တစ်ယောက်ရဲ့ တစ်နေ့ လုပ်ခ လစာဟာ ၂၀၀၀ ကျပ် ဆိုပါတော့ . . . . "

" အင်း . . ."

" သူ့အတွက် ဒီနေ့ မနက် အလုပ်သွားမယ် ၊ ညနေ အလုပ်က ပြန်လာမယ်။ ဒါဆို သူ ၂၀၀၀ ကျပ် ရလာမယ်။ ဒါဆို သူ့အတွက် အလုပ်ပြီးမြောက်တယ်။ တစ်နေ့စာ အလုပ်ဖြစ်တယ် ပေါ့ကွာ။ ဒီနေရာမှာ ၂၀၀၀ ကျပ် ဆိုတာဟာ သူ့အတွက် ဒီနေ့ နေ့တစ်ရက်ရဲ့ " မျှော်လင့်ချက် "ပဲ။ ဒီလို အလုပ်သွားလိုက်ရင် ငါ ၂၀၀၀ ကျပ် ရလာမယ် ဆိုတဲ့ " ယုံကြည်ချက် " ပဲ။ ဒါကို မင်း လက်ခံလား။  "

" အေး . . လက်ခံတယ်။ "

" ဟုတ်ပြီ။ လူတွေ ဘာလို့ ထီထိုးကြလဲ။ ကံစမ်းတယ်လို့ မပြောနဲ့။ သူတို့ တကယ်တော့ ဒီထီပေါက်ရင် ရလာမယ် ဆိုတဲ့ ပိုက်ဆံကို မျှော်လင့်လို့ ထိုးကြတာ။ ကံစမ်းတာပါကွာ။ ပေါက်ရင် ကံကောင်းတယ်ဟ လို့ ယူဆပြီးတော့ ပရဟိတ ဌာနတွေကို အကုန်လှူမယ်လို့ မင်း ယူဆနေလား။ မဟုတ်ဘူး။ တကယ်တော့ ဒီထီလက်မှတ်ကနေ ပေါက်လို့ကတော့ကွာ။ ဘာလုပ်မယ် ၊ ညာလုပ်မယ် ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ထိုးကြတာပဲ။ ဒီလို မျှော်လင့်လို့ ရနေတယ် ဆိုကတည်းက သူတို့မှာ ဒီလို မျှော်လင့်စရာ ရှိနေလို့ပေါ့။ ဒါဟာ " ယုံကြည်ချက် " ပဲ။

ထီထိုးပါ . . . ပေါက်ချင် ပေါက်မယ် ၊ မပေါက်ချင် မပေါက်ဘူး။ ပေါက်ရင်လည်း ပေးချင် ပေးမယ် ၊ မပေးချင် မပေးဘူး ဆိုပြီးတော့ မယုံကြည်ရဘူး ဆိုရင် လူတွေ ထီဆိုတာကို ထိုးပါတော့မလား။ အဲဒါပဲ။ လူဆိုတာ " ယုံကြည်ချက် " ကြောင့် လုပ်ကြတာ။ ဒါကိုရော မင်း လက်ခံလား။ "

" အင်း . . . ဒီအထိလည်း လက်ခံတယ်။ "

" အိုကေ . . ဒါဆို ဆက်ပြောမယ်။  "

" - - - - - - - "

" လူတစ်ယောက် မိန်းမယူတော့မယ်ကွာ။ သူ ယူမှာကလည်း သူနဲ့ နှစ်ပေါင်းများစွာ ချစ်ခဲ့ရသော သူ့ရဲ့ ချစ်သူကိုပဲ။ ဟုတ်ပြီ . . . သူ ဘာလို့ မိန်းမ ယူရတာလဲ။ သူနဲ့သူ့ချစ်သူရဲ့ ဘဝနှစ်ခုကို အတူတူ ပေါင်းစပ်လိုက်ပြီး ဘဝတစ်ခု အတူတူ တည်ထောင်နိုင်မယ်လို့ သူ " ယုံကြည်ချက် " ရှိနေလို့ပဲ မဟုတ်ဘူးလား။ "

" အင်း . . ဟုတ်တာပေါ့။ "

" ဒီနေရာမှာ ဒီမိန်းမ ယူလိုက်လို့ကတော့ ဘာဖြစ်လာမလဲ မသိပါဘူးကွာ ဆိုတာမျိုး။ ပျော်စရာကတော့ တစ်စက်မှကို ကောင်းမှာ မဟုတ်ပါဘူး ဆိုတာမျိုး ၊ ဒီလို " ယုံကြည်ချက် " တစ်စက်ကလေးမှ မရှိဘဲနဲ့ ဘယ်သူက အိမ်ထောင်ပြုချင်ပါတော့မလဲ။ အခုခေတ်မှာ အိမ်ထောင်ပြုဖို့ ခက်ကုန်ကြတယ် ဆိုတာ တစ်ယောက် အပေါ် တစ်ယောက် ယုံကြည်ချက်တွေ နည်းသွားကြလို့လည်း ပါတယ်။ "

" အင်း . . ဖြစ်နိုင်တယ်။ ဆက်ပြောပါဦး။ "

" ဟုတ်ပြီ . . . နောက်တစ်ခု။ ဟွန်ဒီ လုပ်ငန်းနဲ့ တရားမဝင် ငွေလွှဲနေတဲ့ ငွေလွှဲဌာနက ငွေလက်ခံတဲ့ စာရေးလေးက သူ တစ်နေ့စာ လက်ခံထားတဲ့ ငွေတွေကို ယူပြီးတော့ ထွက်ပြေးတယ် ဆိုပါစို့။ မြန်မာငွေ သိန်း ၃၀၀ ပါသွားတယ်ပဲထား။ သူ ဘာလို့ ဒီလို လုပ်ရတာလဲ။ ငတ်လို့လား ၊ ချမ်းသာချင်လို့လား ၊ သူ့အတွက် ရှိနေတဲ့ အခက်အခဲ တစ်ခုခု ပြေလည်သွားချင်လို့လား။ ဘယ်လိုပဲ ဖြစ်နေပါစေ။ ဒီငွေ သိန်း ၃၀၀ နဲ့ ငါ ဘဝ အပြောင်းအလဲလေး တစ်ခု ဖြစ်သွားနိုင်တယ် ဆိုတဲ့ "  ယုံကြည်ချက် " ကြောင့် သူ ဒီငွေတွေကို ဘတ်ပြေးတာပဲ မဟုတ်လား။ "

" အင်း . . . "

" ဒီနေရာမှာ ဒီ့ထက် အရေးကြီးတာ ပြောပြဦးမယ်။ ဒီငွေတွေကို သူရတာကတော့ ဟုတ်ပါပြီ။ သူ့ဘဝအတွက်လည်း အပြောင်းအလဲလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီငွေတွေကို ယူပြီးတော့ ထွက်ပေါက်က ထွက်လိုက်တာနဲ့ အဖမ်းခံရမယ် ဆိုတာကို သူ သိနေတယ် ဆိုရင်ရော သူ ဒီငွေတွေကို ယူဖြစ်ပါဦးမလား။ ဘယ်ယူဖြစ်မလဲ မဟုတ်ဘူးလား။ ဒီငွေတွေကိုလည်း ရမယ်။ ပြီးတော့ သူ့အတွက်လည်း အဖမ်းအဆီး မခံရဘူး ဆိုတဲ့ " ယုံကြည်ချက် " ရှိမှသာ သူ ဒီငွေတွေကို အလစ်သုတ် ပြေးတော့မှာပေါ့။ "

" ဟုတ်တာပေါ့ . . မှန်တယ်။ "

" အဲဒါပဲ . . . လောကမှာ နေရာတကာ မှာ " ယုံကြည်ချက် " ဆိုတာ ရှိနေတာကွ။ သူခိုးကလည်း ခိုးရင် လွတ်မယ် ဆိုတဲ့ " ယုံကြည်ချက် " ရှိမှသာ ခိုးတာပေါ့။ ဓါးပြကလည်း ဓါးပြတော့ တိုက်မယ် . . .ဒါပေမဲ့ သူ လွတ်မယ် ဆိုတဲ့ " ယုံကြည်ချက် " ရှိမှသာ သူ တိုက်မှာပေါ့။ လူရွှင်တော်ကလည်း သူ ပြက်လုံးထုတ်ရင် ပရိတ်သတ်ကြီး ရယ်ကြလိမ့်မယ် ဆိုတဲ့ " ယုံကြည်ချက် " နဲ့ သူ ပြက်လုံးတွေ ထုတ်  ၊ ဟာသတွေ ပြောနေတာလေ။ သူ့ဟာသတွေကို ပရိတ်သတ်က ရယ်ကြမှာ မဟုတ်ပါဘူးဆိုတာ သိနေရင် သူ လူရွှင်တော်တောင်မှ လုပ်ပါတော့မလား။ "

" အင်း . . . "

" အခု ငါ ပြောချင်တာက ဒါပဲ။ ဘာလဲကွာ။ သူခိုးကလည်း သူ လွတ်မယ် ဆိုတဲ့ " ယုံကြည်ချက် " နဲ့ ဝင်ခိုးတယ်။ ဒါပေမဲ့ မလွတ်ဘူး။ ထောင်ကျတယ်။ ဓါးပြကလည်း တိုက်ပြီး ပြေးလို့ လွတ်မယ်လို့ " ယုံကြည်ချက် " နဲ့ ဓါးပြတိုက်တယ်။ ဒါပေမဲ့ မလွတ်ဘူး။ ဒီတော့ ထောင်ကျတယ်။ လူလိမ်ကလည်း ငါလိမ်လို့ ရမှာပါ ဆိုတဲ့  " ယုံကြည်ချက် " နဲ့ လိမ်တယ်ကွာ။ ဒါပေမဲ့ သူလိမ်တာ မပိရိလို့ အဖမ်းခံရပြီးတော့ ထောင်ကျတယ်။ အလစ်သုတ်သူကလည်း သူ လစ်မယ် ထင်တဲ့ " ယုံကြည်ချက် " နဲ့ အလစ်သုတ်တယ်ကွာ။ ဒါပေမဲ့ လူမိပြီးတော့ ထောင်ကျတယ်။ "

"  - - - - - - -  "

" နိုင်ငံတော်မှာ ရာထူးတွေ ရထားပြီးတော့ ပြည်သူတွေ ယုံကြည်အောင် မနေဘဲနဲ့ လာဘ်စားတဲ့ အရာရှိကြီးတွေကွာ။ သူတို့ကလည်း ငါ လုပ်တာ ဘယ်သူ့မှ မသိဘူး ၊ ဘယ်သူ့မှ မပြောရဲပါဘူး ဆိုတဲ့ " ယုံကြည်ချက် " နဲ့ လာဘ်စားတယ်။ ဒါပေမဲ့ လူတွေက အထက်ကို တိုင်တော့ သူ အလုပ်ပြုတ်ပြီးတော့ ထောင်ကျတယ်။ အိုစမာဘင် လာဒင် . . . လူတွေ မထင်တဲ့ အိမ်ကြီးထဲမှာ အောင်းနေတယ်ကွာ။ ဒီမှာ နေရင် သူ လုံခြုံမယ် ဆိုတဲ့ " ယုံကြည်ချက် " နဲ့ သူနေတာလေ။ သူသာ ဒီလို အဖမ်းခံရမယ် ၊ သေမယ် ဆိုတာ သိရင် သူ နေပါဦးမလား။ ဟုတ်တယ် မဟုတ်လား။ "

" ဟုတ်တယ် အစစ်ပေါ့။ "

" အေး . . ဒါဆို ငါ ပြောချင်တာ ဆုံးပြီကွာ။ x x x x လုပ်လို့ သက်ဆိုင်သော ဥပဒေ ၊ ပုဒ်မတွေနဲ့ ငြိစွန်းလို့ ထောင်ကျရတာပဲကွာ။ ဘာဖြစ်လဲ " x x x x အမှု " ပေါ့။ ဒါကိုများ ဘာလဲ " ယုံကြည်ချက်နဲ့ အကျဉ်းကျခံရတာ " တို့ ဘာတွေ လျှောက်ပြော ၊ လျှောက်ရေးနေတာ မှန်းကို မသိဘူး။ "

" - - - - - - - "

" ဒီမှာ သူငယ်ချင်း . . . . လူဆိုတာ " ယုံကြည်ချက် " နဲ့ပဲ အလုပ်လုပ်နေကြတာ မဟုတ်ဘူးလား။ ဒီ " ယုံကြည်ချက် " လေး လမ်းလွဲသွားလို့ အမှားတွေ ကြုံရ ၊ အဖမ်းဆီး ခံကြရတာလေ။ ဒါကို ဘာကြောင့် " ယုံကြည်ချက် " ဆိုတဲ့ စကားလုံးကို ကာဗာ အဖြစ်အသုံးချနေရတာလဲ။ ကိုယ် လုပ်တဲ့ အလုပ်ရဲ့ တန်ဖိုးကို တခြားသော လူတွေလုပ်တဲ့ အလုပ်နဲ့ တန်းတူ ဘာလို့ ချနင်း ပစ်လိုက်ရတာလဲ။ "

" - - - - - - - - "

" မူးယစ်ဆေးဝါး ရောင်းသူကလည်း သူ့ " ယုံကြည်ချက် " နဲ့သူ ၊ ပျောက်စေဆရာကလည်း သူ့ " ယုံကြည်ချက် " နဲ့သူ ၊ နတ်ကတော်ကလည်း သူ့ " ယုံကြည်ချက် " နဲ့သူ ၊ လမ်းဘေးမှာ မျက်လှည့်ပြပြီးတော့ ဆေးရောင်းနေတဲ့ လူကလည်း သူ့ " ယုံကြည်ချက် " နဲ့။ အားလုံးက ကိုယ်ပိုင် " ယုံကြည်ချက် " နဲ့ အလုပ်လုပ်နေကြတာပါပဲ။ အေး . . . သူတို့ရဲ့ " ယုံကြည်ချက် " က လမ်းလွဲသွားလို့ သူတို့ အပြစ်ဒဏ် ခံကြရတာ မဟုတ်ဘူးလား။ ဒီတော့ . . .  "

" - - - - - - - - "

" သူတို့ကလည်း သူတို့လည်း " ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေပါ " လို့ ပြောရင် မင်း ငြင်းနိုင်မလား။ သူတို့ပြောတာလည်း ဟုတ်နေတာပဲလေ။ ဒီတော့ x x x x  နဲ့ အကျဉ်းကျတဲ့ လူတွေကို " ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော " ဆိုပြီး ပြောတာ ငါ လုံးဝကို သဘောမတူဘူး။ လူတိုင်း လူတိုင်းကတော့ " ယုံကြည်ချက် " နဲ့ လုပ်နေကိုင်နေကြတာပဲ မဟုတ်လား။ သူတို့ရဲ့ လုပ်ရပ်က မှန်တာ နဲ့ မှားတာ ဆိုတာပဲ ကွာလိမ့်မယ်။ ဒါကို အုတ်ရောရော ၊ ကျောက်ရောရော နဲ့ " ယုံကြည်ချက် " ကို ခုတုံး လုပ်ပြီးတော့ မပြောစမ်းပါနဲ့ကွာ။ "

" - - - - - - -  "

" မင်းကို ငါ ထပ်မေးလိုက်ဦးမယ်။ "

" အင်း  . . . "

" မင်း ဒီစကားကို ဘယ်ကနေ ကြားရတာလဲ။ "

" ဒါကတော့ သေချာ မသိဘူးကွ။ ဟိုကပြော ဒီကပြော ၊ ဟိုက ကြား ဒီကကြားနဲ့ ကြားတာပါပဲ။ သူတို့က ပြောတော့ ငါလည်း သူတို့ ပြောတဲ့ အတိုင်း လိုက်ပြောမိတာပေါ့။ "

" အေး . . . ငါလည်း ထင်ပါတယ်။ သူများက " ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေပါ " လို့ ပြောတိုင်း ၊ စကားလုံး လှလှလေး ဆိုတိုင်း လိုက်မပြောစမ်းပါနဲ့ကွာ။ အဲဒီလို စကားလုံးရဲ့ နောက်မှာ အဓိပ္ပါယ်တွေ အများကြီး ရှိတယ်။ မင်း မှတ်ထား . . . လူတိုင်းက " ယုံကြည်ချက် " ကြောင့် အလုပ်လုပ်နေသူတွေချည်းပဲ။ သူတို့မှာ " ယုံကြည်ချက် " မရှိရင် သူတို့ ဘယ်လုပ်ပါ့မလဲ။ အဓိက က သူတို့ရဲ့ လုပ်ရပ်က ကောင်းခြင်းလား ၊ ဆိုးခြင်းလား ၊ လူသား အားလုံးကို အကျိုးပြုနိုင်တာလား ၊ သူတို့ရဲ့ ကိုယ်ကျိုးအတွက်လား ဆိုတာက အဓိက မဟုတ်ဘူးလား။ "

" ဟုတ်ပါတယ် . . . . "

" အေး. . . . အခု ငါ ပြောနေတာတွေကလည်း ငါ့ရဲ့ " ယုံကြည်ချက် " ပဲဖြစ်လိမ့်မယ်။ မှားလား ၊ မှန်လား ဆိုတာကတော့ မင်း ဖာသာ စဉ်းစားပေါ့။ တချို့သော လူတွေက သူတို့ရဲ့ ကိုယ်ကျိုးထက် အများ အကျိုးကို ကြည့်ပြီးတော့ " ယုံကြည်ချက် " အတွက် အလုပ်လုပ်နေကြတာကွ။ ဒါကို အုတ်ရောရော ကျောက်ရောရော ကိုယ်ကျိုးသမားတွေရဲ့ " ယုံကြည်ချက် " အတွက်နဲ့ အသက်ရှင် လုပ်ကိုင်နေတာနဲ့ မရောပစ်လိုက်စမ်းပါနဲ့ကွာ။ "

" - - - - - - - - - "

အဲဒီနေ့က မိုးအုပ်နေပါ၏။ သို့သော် ကျွန်တော့် ရင်ထဲမှာ လင်းလင်းရှင်းရှင်းပဲ ရှိနေခဲ့ပါသည်။ အရာရာဟာ ပြတ်ပြတ်သားသား ထင်ရှားလှပါသည်။



နိဂုံး

ကျွန်တော်တို့ ရပ်ကွက်ကို " လှတောသား ရပ်ကွက် " လို့ ခေါ်ရမလား ၊ " ပခန်းသား ရပ်ကွက် " လို့ ခေါ်ရမလား ၊  ဒါမှမဟုတ် " ချီပါသား ရပ်ကွက် " လို့ ခေါ်ရမလား ၊ ဒါမှမဟုတ် " စကားတောင်စား ရပ်ကွက် " လို့ ခေါ်ရလေမလားပါပဲ။ စကားကပ်သပ်ပြောတာတို့ ၊ အသစ်အဆန်း လုပ်ပြောတာတို့ ၊ စကားကို ပုံပမာပြုပြောတို့ အရမ်းကို ခုံမင်ကြပါသည်။

ဒီလို အထဲမှာမှ ကျွန်တော်က စကားလုံးတွေကို ခွဲခြမ်းစိတ်ဖြာ တတ်မှု အနည်းဆုံးသော လူတစ်ယောက် ၊ စကားလုံး အသစ်အဆန်းတွေ သုံးစွဲမှု အနည်းဆုံး လူတစ်ယောက် ၊ သူများပြောတိုင်း လိုက်ပြီးတော့ နားယောင်ကာ ပြောတတ်သူ တစ်ယောက်မျှသာ ဖြစ်ပါသည်။ ပြီးတော့ အလွန်တုံးသော သူ တစ်ယောက်လည်း ဖြစ်နေပြန်၏။ 

ဘာလို့လဲ ဆိုတော့ ကျွန်တော် အခု တလော ကိုယ်လည်း လိုက်မမှီနိုင်သော အကြောင်းအရာများကို စိတ်ဝင်တစား လျှောက်ဖတ်နေမိ ၊ လျှောက်ရေးနေမိသောကြောင့်သာ ဖြစ်ပါသည်။  ကျွန်တော်ကလည်း ကျွန်တော့် အတွေးတွေများ မှန်လေမလား ဆိုသော " ယုံကြည်ချက် " သေးသေးလေးနဲ့ လျှောက်ရေးနေမိခြင်းမျှသာ ဖြစ်ပါသည်။ သို့သော် တခြားသူတွေရဲ့ " ယုံကြည်ချက် " ကိုတော့ ကျွန်တော် မသိနိုင် ၊ နားမလည်နိုင်သေးပါ။ 

မည်သို့ပင် ဖြစ်စေ . . . လာဖတ်သမျှ အတွက် ကျေးဇူးတင်ပါသည်။



ထပ်ဆင့်အညွှန်း ပို့စ် - လက်နှစ်လုံးခြား



လေးစားစွာဖြင့်
ကိုဇော်
6-Dec-2011

Share/Bookmark

03 January 2012

13 ကျင့်ဝတ်များ



မင်္ဂလာရှိသော နှစ်သစ် ၂၀၁၂ ဖြစ်ပါစေ။ 

ဆိုးညစ်ပြီး ရုပ်ဆိုး အကျည်းတန်လှတဲ့ ၂၀၁၁ နှစ်နှောင်း အချိန်ကတော့ ကျော်လွန်သွားခဲ့ပါပြီ။ ၂၀၁၂ ရဲ့ နေ့ရက်တိုင်းမှာ  ပျော်ရွှင်စရာ အပေါင်းနဲ့သာ ကြုံတွေ့ကြပါစေ။ ဒီလို နှစ်သစ်မှာ အဖိုးတန်သော အကြောင်းအရာလေးကိုသာ ဦးဦးဖျားဖျား မျှဝေပေးချင်ပါတယ်။ 

မမှတ်မိရင်သာ နေမယ် အားလုံးကတော့ ကြားဖူးကြမှာပါ။ ရှေးဟောင်း ဆိုရိုးစကားတွေရဲ့ ထုံးစံ အတိုင်း လိုက်နာကျင့်သုံးမယ် ဆိုရင်တော့ အကျိုးယုတ်စရာ မရှိပါဘူး။ ကောင်းမွန်တဲ့ ရလဒ်ကိုပဲ ခံစားရမှာပါ။ ဒီအရာလေးတွေကတော့ လူတစ်ယောက်ရဲ့ ရပ်တည်နေတဲ့ အခြေအနေ အရ ကျင့်ကြံသင့်သော " ကျင့်ဝတ် " ငါးချက်ကို ရေးပြထားတာလေးတွေသာ ဖြစ်ပါတယ်။ သားသမီး ဖြစ်နေတဲ့ အခါ ၊ တပည့်ဖြစ်နေတဲ့ အခါ ၊ အလုပ်သမား ဖြစ်နေတဲ့အခါ ၊ မိဘ ဖြစ်လာတဲ့ အခါ ၊ ဆရာ ဖြစ်လာတဲ့ အခါ ၊ အလုပ်ရှင် ဖြစ်လာတဲ့ အခါ ၊ မိတ်ဆွေတွေကို ဆက်ဆံတဲ့ အခါ ၊ မိတ်ဆွေတွေက ဆက်ဆံတဲ့ အခါ  . .  ဒီလို အခြေအနေမျိုးမှာ ဘယ်လို တုံ့ပြန် ၊ ဆောင်ရွက်သင့်သလဲ ဆိုတဲ့ အခြေအနေတွေကို အကြံပေးထားတာပါ။ 

ဒီအကြံပေးချက် ( သို့ ) လိုက်နာရမဲ့ ကျင့်ဝတ်လေးတွေကိုသာ လိုက်နာခဲ့မယ် ဆိုရင် အရာရာဟာ လက်ရှိမှာ ပျော်ရွှင်နေမယ် ၊ နောင်ရေးအတွက်လည်း အေးချမ်းလုံခြုံစွာ နေနိုင်မယ် လို့ ယုံကြည်မိပါတယ်။ 

သိပြီးသား မှတ်မိထားပြီးသား လူတွေ အတွက် အပို ဖြစ်နေနိုင်ပေမဲ့ သိပြီးသော်လည်း မေ့နေသူများ ၊ ဝိုးတဝါးသာ သိနေသူများ အတွက် အကျိုး ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အောက်မှာ ရေးထားတဲ့ အထဲက ကြွင်းကျန်ရစ်ခြင်းများ ၊ စာလုံးပေါင်း အမှားများ တွေ့ပါက ပြင်ဆင်ဖို့ ကျွန်တော့်ကို ပြောခဲ့နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ 

နှစ်သစ် ၂၀၁၂ နှစ်ရဲ့ နေ့ရက်တိုင်းမှာ ပျော်ရွှင်ဖွယ် ကောင်းသော နေ့ရက်များကိုသာ ပိုင်ဆိုင်နိုင်ပါစေ။

လေးစားစွာဖြင့် 
ကိုဇော်
3-Jan-2012




သားသမီးကျင့်ဝတ် ၅-ပါး

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့တာ။

(၁) မိဘတို့ကို လုပ်ကျွေးခြင်း၊
(၂) မိဘတို့၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း၊
(၃) မိဘစကားကို နားထောင်၍ မိဘတို့အမွေကို ခံထိုက် အောင် ပြုလုပ်ခြင်း၊

(မိဘစကား နားမထောင်က အမွေမခံထိုက်ပါ)
(၄) မိဘတို့ ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍ ကုသိုလ်ပြုလုပ် အမျှပေးဝေခြင်း၊
(၅) မိဘတို့၏ မျိုးနွယ် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရခြင်း။





မိဘကျင့်ဝတ် ၅- ပါး

မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်မြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင် မယ်တို့တာ။

(၁) မကောင်းမှုများကို တားမြစ်ခြင်း၊
(၂) ကောင်းမှု ကောင်းရာများကို ညွှန်ပြရခြင်း၊
(၃) အတတ်ပညာ သင်ကြား ပေးရခြင်း၊
(၄) ရင်းနှီးလုပ်ကိုင်စားဖို့ရန
် ပေးရခြင်း၊
(၅) လက်ထပ်ထိမ်းမြား ပေးရခြင်း၊




တပည့်ကျင့်ဝတ် ၅-ပါး

ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနှီး. လုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ် ငါးခုသာ။

(၁) ဆရာသင်ကြား ဆုံးမသမျှကို လေးစားစွာ ဂရုတစိုက် နာခံမှတ်သား ရခြင်း (ဆုံးမနာယူ)၊
(၂) ဆရာလာသောအခါ ညီညာစွာ မတ်တတ်ရပ်လျက် ခရီးဦး ကြိုဆိုရခြင်း ( လာမူကြိုဆီး)၊
(၃) ဆရာ့ထံပါး ဆည်းကပ် ခစားရခြင်း (ထံနီး)၊
(၄) ဆရာ့ထံပါးဝယ် ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးရခြင်း (လုပ်ကျွေး)

(၅) ဆရာသင်ပေး ပြီးသောသင်ခန်းစာ များကိုလေးစားစွာ တွေးတောကြံစည် သင်အံလေ့ကျက် နှုတ်တက်ရွက်ဆို ရခြင်း (သင်တွေးအံရွတ်)။




ဆရာကျင့်ဝတ် ၅-ပါး

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊ ဆရာတို့၊ ကျင့်ဖို့ ၀တ်ငါးဖြာ။

(၁) သိသင့်သမျှ အတတ်ပညာများကို သင်ကြားးပေးရခြင်း၊
(၂) ဆုံးမ သြ၀ါဒပေး၍ ပြုပြင်ပေးရခြင်း၊
(၃) မိမိတတ်သမျှ အကုန်သင်ပေးရခြင်း၊
(၄) တပည့်များ ဘေးအန္တရာယ် မဖြစ်စေရန် ကြိုတင်တားဆီး ကာကွယ်ပေးရခြင်း၊
(၅) မိမိထက် ကျေးဇူးပြုနိုင်မည့် ဆရာထံသို့ အပ်နှံပေးရခြင်း။





လင်ကျင့်ဝတ် ၅-ပါး

မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။

(၁) မိမိ မယားအား မထီလေးစား မပြုလုပ်ရခြင်း၊
(၂) မိမိ ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံရခြင်၊
(၃) အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိရခြင်း၊
(၄) အ၀တ်အစားများကို ဆင်ယင်ပေးရခြင်း၊
(၅) မြတ်နိုးကြင်နာစွာ ဆက်ဆံရခြင်း။





မယားကျင့်ဝတ် ၅-ပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမှု၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။

(၁) အိမ်တွင်းမှု လုပ်ငန်းကိစ္စကို အဆင်ပြေစေရန် စီမံပြုလုပ်ရခြင်း၊
(၂) မိမိလင်ယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းထားရခြင်း၊
(၃) မိမိယောက်ျားမှ တပါးသော ယောက်ျားတို့နှင့် မမှားယွင်း မဖောက်ပြန်ရခြင်း၊
(၄) မိမိဘက်ဆွေမျိုး လင်ဘက်ဆွေမျိုးတို့၌ မျှမျှ တတ ပေးကမ်းရခြင်း၊
(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။





မိတ်ဆွေကျင့်ဝတ် ၅-ပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

(၁) မိမိတတ်နိုင်သလောက် ပေးကမ်းချီးမြှင့်ခြင်း၊
(၂) ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်တန်းတူထားကာ ဆက်ဆံခြင်း၊
(၃) နှစ်ဦးနှစ်ဝ ကြီးပွားရန်အတွက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရခြင်း၊
(၄) ပြောဆိုဆက်ဆံရာ၌ စကားအရာ ပြေပြစ် ချိုသာစွာ ပြောရခြင်း၊
(၅) စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် သစ္စာဖောက်ဖျက်မှု မရှိဘဲ မှန်ကန်တိကျခြင်း။





ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ၅-ပါး

မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ဘေးတွယ်မပစ်၊ သားမြစ်စဉ်ဆက်၊ မပျက်ချီးပင့်၊ ၀တ် ငါးဆင့်၊ ပြုကျင့်မိတ်ဆွေများ။

(၁) မေ့လျော့နေသော ဥစ္စာများကို စောင့်ရှောက်ရခြင်း၊
(၂) တစ်ဘက်မိတ်ဆွေ၏ ဥစ္စာများကို စောင့်ရှောက်ရခြင်း၊
(၃) မိမိမိတ်ဆွေ ဘေးဒုက္ခရောက်သောအခါ အားကိုးရာ ဖြစ်ရခြင်း၊
(၄) ဘေးဒုက္ခရောက်သောအခါ ပစ်ပယ်စွန့်ခွာ၍ မသွားရခြင်း၊
(၅) သားစဉ်မြေးဆက် အဆက်ဆက် မိတ်ဝတ်မပျက်ဘဲ ပေးကမ်းချီးမြှင့်ရခြင်း။





အလုပ်ရှင်ကျင့်ဝတ် ၅-ပါး

ဝစွာ ကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင်ဝတ်၊ မချွတ် ငါးခုသာ။

(၁) မိမိအလုပ်သမားကို ၀လင်စွာ ကျွေးမွေးရခြင်း၊
(၂)သူတို့လုပ်နိုင်သော အလုပ်ကိုသာ လုပ်စေပြီး သင့်လျော်သောအချိန်၌ ခိုင်းစေရခြင်း၊
(၃) မကျန်းမမာသောအခါ၌ ရောဂါပျောက်အောင် ကုသပေးရခြင်း၊
(၄) ထူးဆန်းသော အစားအစာကို ရသောအခါ ဝေငှပေးကမ်းရခြင်း၊

(၅) ဥပုသ်နေ့၊ ပွဲတော်နေ့၊ အလုပ်ပိတ်ရက် စသောအခါတို့၌ အခိုင်းအစေ စာရင်းငှား ကျွဲနွားတို့ကို မခိုင်းစေဘဲ အနားပေးရခြင်း၊ အခွင့်လွှတ်ရခြင်း။




အလုပ်သမားကျင့်ဝတ် ၅-ပါး

အိပ်သော်နောက်ကျ၊ ထသော်ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

(၁) နောက်ကျမှ အိပ်ရခြင်း၊
(၂) အိပ်ရာမှ စောစောထရခြင်း၊
(၃) မိမိအရှင် ပေးကမ်းမှသာ ယူရခြင်း၊
(၄) မိမိအရှင်၏ လုပ်ငန်းများကို မခိုမကပ်ဘဲ စေတနာ ရှေ့ထား၍ စေ့စေ့စပ်စပ် ဆောင်ရွက်ရခြင်း၊
(၅) မိမိအရှင်၏ ဂုဏ်ကျေးဇူးကိုသာ ပြောဆိုရခြင်း။




၂၀၁၂ နှစ်သစ်မှာ ကျင့်ဝတ်ကောင်းသော လူသားများ ဖြစ်ပြီး ပျော်ရွှင်ကြပါစေ။ 

လေးစားစွာဖြင့် 
ကိုဇော် 
3-Jan-2012

Share/Bookmark

31 December 2011

8 နှလုံးသား ပျောက်ဆုံးရာ



ကျွန်တော် အခု ရေးထားတဲ့ ဝတ္ထု နောက်ဆက်တွဲလေးကို အခုမှ ကျွန်တော့် ဘလော့ကို လာဖတ်သူတွေ အနေနဲ့ နားလည်ဖို့ ခက်ပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါး အနေနဲ့ ဖတ်သွားမယ် ဆိုရင်တော့ ဖတ်လို့ ရပေမဲ့ ဒီ့ထက်ပိုပြီး အတွင်းကျကျ နားလည်ချင်တယ် ဆိုရင်တော့ အခု ကျွန်တော် ပေးတဲ့ လင့်လေးတွေကို အရင် ဖတ်စေချင်ပါတယ်။


ဒီပို့စ်လေးတွေကို အစဉ်အတိုင်း ဖတ်သွားလို့ ရနိုင်သလို တစ်ပုဒ်ချင်းစီ မဖတ်ချင်ဘဲ တစ်ခါတည်း ဖတ်ချင်သူတွေ အတွက် ကျွန်တော် ပို့စ် အားလုံးကို စုစည်းပြီးတော့ Ebook လေး လုပ်ပေးထားတာ ရှိပါတယ်။ ဒါကိုတော့ . . . .


ဒီပုံလေးကို နှိပ်ပြီးတော့ သွားဒေါင်းကာ ဖတ်နိုင်ပါတယ်။ ဒါစာလေးတွေကို ဖတ်ပြီးပြီ ဆိုရင်တော့ . . . .

ဟုတ်ကဲ့ . . . အခု အောက်မှာ ဆက်ရေးမှာက အဲဒါတွေရဲ့ အဆက်ပါပဲ။



နှလုံးသား ပျောက်ဆုံးရာ

" အင်း . . . ဟလို "

ရုတ်တရက် ဖုန်းမြည်သံကြောင့် အိပ်ပျော်နေရာမှ ထရင်း ဖုန်းကို လှမ်းထူးလိုက်မိ၏။

" - - - - - "

တစ်ဘက်က ဘာသံမှ မကြားသေး။ ဒါကြောင့် . . . .

" ဟလို . . . . ဟလို . . . ."

" ဟလို . . . ဟေ့ကောင်  . . . ငါကွ "

အာ . . . အိပ်ချင်မူးတူးကြောင့် ခေါင်းမကြည်ရတဲ့ အထဲ အဲဒီလို ဖုန်းထဲကနေ " ငါကွ " တို့ ၊ " ငါလေကွာ " တို့ ၊ " ငါပါဟ " တို့ ဆိုတာတွေကို အတော်ကို စိတ်လေမိသည်။ လူချင်း မြင်နေရတာမှ မဟုတ်ဘဲ။ ဘယ်လိုလုပ် မှတ်မိမလဲ။ " မောင်ခွေး " ဆို " မောင်ခွေး " ၊ " ဒေါ်ပုရစ် " ဆို " ဒေါ်ပုရစ် " ဆိုပြီး မိတ်ဆက်ပေါ့။ အခုတော့ မမြင်ရဘဲ အသံနဲ့ လာပြီးတော့ " ငါ က လာ ကွ " နေရသေး။

" ဘယ်က ငါကွလဲ။ နာမည်ပြော . . . . "

ခပ်တင်းတင်းပဲ ပြန်ပြောလိုက်မိ၏။ ဒီတော့မှ တစ်ဘက်က ဖုန်းထဲက အသံက ခပ်ဂျစ်ဂျစ် ရယ်သံနဲ့ အတူ ထွက်လာ၏။ ထိုသူကို ရင်းနှီးတယ် ဆိုပေမဲ့ ရုတ်တရက်တော့ အသံ နဲ့ လူကို မတွဲမိသေး။

" အဟဲ . . . . ကိုဒေါသကလည်း လုပ်ပြီ။ ငါပါကွ သန်းထိုက် . . သန်းထိုက် . . . မင်းရဲ့ ဆရာ . . . သန်းထိုက် "

အာ . . . ဒီကောင် လုပ်လာပြန်ပြီ။ ဘယ်ကနေ လှမ်းဆက်တာလဲ မသိ။

" သြ . . . ငါ ထင်တော့ ထင်သားပဲ။ လက်စသတ်တော့ ငါ့တပည့်လေး သန်းထိုက်ကိုး။ မင်း အခု ဘယ်ကို ရောက်နေတာလဲ ဟေ့ကောင် "

" အောင်မာ . . . မင်းတပည့်ပဲ ဖြစ်ရသေးတယ်။ ငါအခု ချီလီကကွ "

" ဘာကိစ္စလဲ ဟေ့ကောင် ၊ ငါ အိပ်နေတာ . . ."

" အေး . . ငါ ထင်တော့ ထင်သားပဲ။ ဒါပေမဲ့ ငါလည်း ပျင်းနေလို့ လှမ်းဆက်လိုက်တာ . . . "

သူပျင်းတာနဲ့များ အိပ်နေတဲ့ လူကို လှမ်းနှိုးရသတဲ့။

" မင်းပျင်းနေပေမဲ့ ငါ မပျင်းအားဘူး ဟေ့ကောင် ၊ ငါ အိပ်စက် အနားယူနေတယ်။ "

"  ဟ ဟ ဟ ဟ . . . .  မင်းစကားထဲမှာလည်းကွာ ဟေ့ကောင် ၊ ဟေ့ကောင် ဆိုတဲ့ အသုံးတွေ အရမ်းများနေပါလား။ "

" အေး . . ဒီတော့ မင်းက ဘာဖြစ်လဲ။ ဘာပြောချင်လဲ။ "

" အင်း . . . . ."

ဆိုကာ သူက ညည်းသံကို အရှည်ပြုသည်။  တွေးတွေးဆဆ ပြောတော့မယ် ဆိုသော သဘော။ မြန်မာဗီဒီယို ဇာတ်ကားတွေ ထဲကလို ဆိုရင်တော့ဖြင့် မုတ်ဆိတ်မွှေးကို လက်ဖြင့် ပွတ်သပ်နေမလား မသိနိုင်။

"  ဘာအင်းလဲ ဟေ့ကောင် . . . ."

"   အင်း မဟုတ်မှ လွဲကွာ ၊ မင်း မအိပ်ခင်မှာ တစ်ယေက်ယောက်နဲ့ အကြာကြီး စကားပြောနေခဲ့တဲ့ ပုံပဲ။ "

ဒီကောင် ရမ်းတုပ်တာပဲ ဖြစ်မှာပါ လို့ ကိုယ့်ဖာသာ အားပေးပြီး ခပ်တည်တည် ဆက်မေးလိုက်၏။

" ဘာကို ငါက တစ်ယောက်ယောက်နဲ့ စကား အကြာကြီး ပြောခဲ့ရမှာလဲ။ "

" ဟဲဟဲ . . . အခု အခု ပြန်ပြောတဲ့ ပုံစံကိုက အငြင်း ဆိုတာထက် အမေး ပုံစံ ဖြစ်နေတယ်။ "

" ဟာ . . .  မင်းကတော့ လုပ်လာပြန်ပြီ။ "

" ဟဲ ဟဲ ဟဲ ဟဲ . . . ."

ကျွန်တော့်ရဲ့ အသံကို သူက အောက်သိုးသိုး ဂျစ်တစ်တစ် ရယ်သံဖြင့် တုံ့ပြန်သည်။ ဆက်ပြောရင် ပေါ်ကုန်တော့မှာ စိုးလို့ ကျွန်တော် ဘာမှ ဆက်မပြောဘဲ ငြိမ်နေလိုက်မိသည်။

" ဘယ်လိုလဲ ငါ ပြောတာ ဟုတ်တယ် မဟုတ်လား။ "

" ဘာကိုလဲ ဘာကို ဟုတ်ရမှာလဲ။ "

" သြော် . . . မင်း မအိပ်ခင်မှာ တစ်ယောက်ယောက်နဲ့ စကား အကြာကြီး ပြောခဲ့တယ် ဆိုတာလေ။ ပြီးတော့ ငါ့ အထင်သာ မမှားခဲ့ဘူး ဆိုရင် သူနဲ့မင်း ကြည်ကြည်နူးနူးကို စကားပြောခဲ့တာပဲ ဖြစ်ရမယ်။ ပြီးတော့ . . . . "

သူက စကားကို ရပ်ထားပြီး ဖုန်းထဲကနေ အောက်ကလိ အာသော အသံဖြင့် တစ်ဟင်းဟင်း ရယ်နေလေသည်။

" ပြီးတော့ . . . ဘာဖြစ်လဲ။ "

ကျွန်တော်က မနေနိုင်စွာ မေးလိုက်မိသည်။

" ဟဲ ဟဲ ဟဲ . . .  ပြီးတော့ အဲဒီလူကလည်း မင်းရဲ့ " နှလုံးသား ရှိရာ " ဝတ္ထုထဲက ဇာတ်ကောင်ပဲ ဖြစ်ရမယ်။ "

" ဟင် . . .  "

အံ့သြမှုကို ဘယ်လိုမှ ကျွန်တော် မထိန်းသိမ်းနိုင်တော့ပါဘူး။ ကျွန်တော့်ဆီကို နွယ့် ဆီမှ မေးလ် ရောက်လာပြီး နှစ်ပတ်ကျော်မှ ကျွန်တော်နဲ့ နွယ် ပြန်စကားပြောဖြစ်ခဲ့၏။ ဒီလို စကားပြောဖြစ်ခဲ့သော နေ့ရက်မှ စကာ ရေတွက်မယ် ဆိုရင် ဒီနေ့ဟာ ငါးရက်မြောက်သော နေ့သာ ဖြစ်သည်။ ကျွန်တော်နဲ့နွယ် အဆက်အသွယ် ပြန်ရခြင်းကို ကျွန်တော်က လွဲလို့ ဘယ်သူမှ မသိနိုင်ပေ။ သိလည်း သိစရာ မလိုဘူးဟု ကျွန်တော် ခံယူမိသည်။ ကျွန်တော် သေဆုံးခဲ့တာ နှစ် အတော်ကြာခဲ့ရပြီ မဟုတ်ပါလား။

အခုတော့ ရက်ပိုင်း အတွင်းမှာကို ပင်လယ်မှာ ပျော်နေတဲ့ ကျွန်တော့် သူငယ်ချင်း သန်းထိုက်က လာသိနေပါရောလား။ ဟင့်အင်း  . . . မဖြစ်နိုင်ဘူး။ သူ ထင်ရာကို စကားနှိုက်ချင်လို့ ကျွန်တော့်ဆီက " စကားအစ် " တာပဲ ဖြစ်ရမယ်။ သို့သော် . . . သူ့လေသံက အရမ်းကို သေချာတဲ့ လေသံ. . . ။

" ဟုတ်တယ် မဟုတ်လား။ ငါ ပြောတာကို မင်း လက်ခံတယ် မဟုတ်လား။ ငြင်းရော ငြင်းချင်သေးလို့လား။ "

" မင်းက ဘာ အထောက်အထားတွေနဲ့ ငါ့ကို စွပ်စွဲချင်ရတာလဲ။ "

" ငါက အရမ်းတော့ ပြောတာ မဟုတ်ပါဘူးကွာ။ သေချာတော့လည်း မသိဘူး။ ဒါပေမဲ့ မင်းရဲ့ နှလုံး ပြတင်းပေါက်ကနေ လှစ်ဟနေတဲ့ အရာတွေ အားလုံးကို ခန့်မှန်းပြီးတော့ ပြောလိုက်တာပါကွ။ "

သူ ဒီလောက် သူများစိတ်ကို ဖတ်တတ်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်ချင်ပေမဲ့ ပါးရည်နပ်ရည် ရှိသူ တစ်ယောက် ဆိုတာတော့ ကျောင်းတုန်းက သူ့အရည်အချင်းတွေကြောင့် ကျွန်တော့် လက်သင့်ခံရပေလိမ့်မည်။

" - - - - - - - "

"  ဟုတ်တယ် မဟုတ်လားကွ။ ဘာလို့ အသံတိတ်သွားရတာလဲ။ "

"  ဘာမှ အသံမတိတ်ပါဘူး။ မင်း ရမ်းသမ်းပြောတိုင်း ငါက ဝန်ခံရမှာလားကွ။ "

"  ဟားဟားဟား . . .  ရမ်းသမ်း ပြောတယ် . . . . ၊ ဝန်ခံတယ် . . . . ဟားဟားဟား . . . "

" ဘာလဲ ဘာကို ရယ်တာလဲကွ။ "

"  မင်း ဒီလိုတွေ ပြောလိုက်ကတည်းက မင်းမှာ ဖြစ်နေတယ်လို့ ဝန်ခံလိုက်တာပဲပေါ့။ ကိုဇော်ရာ . . .  မင်းက ဟိုးအရင်ကလည်း မလိမ်တတ်ပါဘူး။ အခုလည်း မင်း မလိမ်တတ်သေးပါဘူး။ မင်း မှတ်ထား . . လိမ်တယ် ဆိုတဲ့ လူက ဟန်ဆောင်ကောင်းရတယ်ကွ။ မင်းက ဟန်ဆောင်တတ်တဲ့ လူမှ မဟုတ်တာကွ။ မင်းပုံစံအတိုင်း ပွင့်ပွင့်လင်းလင်းသာ နေစမ်းပါ။ "

"  ဟူး . . . . "

ထိန်းချုပ်ထားရင်းကကို သူနဲ့ စကားပြောနေရင်း လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်မိ၏။ ကျွန်တော်လည်း ရင်ထဲမှာ ထိန်းချုပ်ထားရလို့ မွန်းကျပ်နေခဲ့တာပဲ မဟုတ်လား။

" ငါပြောတာတွေ ဟုတ်တယ် မဟုတ်လား။ "

" ဟုတ်တယ် သန်းထိုက် ၊ အမှန်ပဲ။ ငါ အခု နွယ့်ဆီက အဆက်အသွယ် ရတယ်။ ပထမတော့ သူ့ဆီက ပို့တဲ့ မေးလ်တစ်စောင်ပါပဲ။ ငါ အမှန်အတိုင်း ပြောရရင် ငါ သူ့ကို ကြောက်နေတယ် သူငယ်ချင်း။ "

" အမ် . . . ဘာကို ကြောက်ရတာလဲ။ "

" မသိဘူးကွ။ ငါ့စိတ်ထဲက ဖြစ်နေတာကို ပြောတာပါ။ ဒါကြောင့် သူပို့တဲ့ မေးလ်တွေကို ငါ ဖတ်ပြီးတော့ ဖျက်လိုက်တယ်။ Reply လည်း မပြန်ဖြစ်ဘူး။ "

" ဒီတော့  . . . . "

" ဒီလိုနဲ့ နှစ်ပတ်လောက် ကြာတယ်။ သူနဲ့ ငါနဲ့ မတွေ့ဖြစ်ဘူး။ တစ်ရက်တော့ သူနဲ့ ငါနဲ့ လိုင်းပေါ်မှာ တွေ့ဖြစ်တယ်။ အဲဒီနေ့က စပြီးတော့ သူကလည်း သူနဲ့ငါ ဒီကြားထဲမှာ ဝေးကွာနေရတဲ့ အကြောင်းတွေ အဖြစ်အပျက်တွေကို ပြန်ပြောပြတယ်။ နောက်တော့ . . . . . "

" နောက်တော့ . . . ပြန်လည် ဇာတ်ပေါင်းထုပ်တယ် ဆိုတဲ့ သဘောပေါ့လေ။ "

" - - - - - - - "

" ဟုတ်တယ် မဟုတ်လား။ "

" ဇာတ်ပေါင်းထုပ်တယ် လို့ မဆိုနိုင်ပေမဲ့ ငါတို့ အရင်က တိမ်မြှုပ်နေတဲ့ သံယောဇဉ် အဟောင်းလေးတွေကို ပြန်လည်တူးဖော်ဖြစ်ကြတယ်။ "

" ဟားဟားဟား . . . မင်းကွာ။ စာရေးဆရာဂျီးလို့ မပြောရဘူး။ စကားလုံးတွေ လာပြီး နုဖတ်နေပြန်ပါပြီ။ ပြန်လည် ပေါင်းစည်းဖို့ ၊ ဇာတ်ပေါင်းထုပ်ဖို့ ပြင်ရင် ပြင်နေကြတယ်ပေါ့ကွာ။ ငါ့ကတော့ ဒဲ့ပဲပြောတတ်တယ်နော်။ မင်းလို့ စကားလုံး လှလှလေးတွေနဲ့ ကာဗာတွေ ယူမနေဘူး။ "

" ငါကလည်း ငါ ပြောတတ်သလို ပြောတာလေကွာ။ "

" အင်း . . ထားပါတော့။ အခု မင်းတို့ နှစ်ယောက် အခြေအနေက ဘယ်လို အခြေအနေ ပြန်ရောက်နေပြီလဲ။ "

" အမှန်အတိုင်း ပြောရရင် ငါ သူ့ကို ကြောက်တယ် . . . အဲ . . ကြောက်တယ် ဆိုတာထက် လန့်တယ် ဆိုတာက ပိုများမှာပေါ့လေ။ ဘာမှ အကြောင်းပြချက် မရှိဘဲ ၊ ငါ့ကို နှစ်နဲ့ချီပြီး ထားခဲ့တယ်။ အခုတော့ လာပြီးတော့ ပြန်ဇာတ်လမ်းဆက်တယ် ဆိုတာ ဘာကြောင့်လဲ ဆိုတာ ငါလည်း သိချင်တယ်။ ပြီးတော့ သူ့ဘက်က အချစ်စစ်နဲ့ ချစ်နေခဲ့လို့ ဆိုရင်တောင်မှ ဘယ်တော့ သူ ပြန်ထားခဲ့မလဲ ဆိုတဲ့ လန့်တဲ့ စိတ်က ငါ့မှာ ပိုတယ်။ "

" ဒီတော့ . . . . "

" ဒါပဲလေ။ ဒီတော့ ဆိုပြီးတော့ ဆက်ပြောစရာ မရှိပါဘူး။ "

" မင်းက လန့်တယ်သာ ပြောတာ သူနဲ့ မပြောဘဲရော နေနိုင်လို့လား။ "

" ငါ အခု သူနဲ့ မပြောရ မနေနိုင် ဖြစ်နေတာ မဟုတ်ဘူး။ သူနဲ့လည်း နေတိုင်း မပြောဖြစ်ပါဘူး။ ပြောဖြစ်တိုင်းလည်း ဟိုးအရင်ကလို အချစ်အကြောင်းတွေချည်းပဲ ထုံသင်းနေအောင် ပြောနေတာ မဟုတ်ဘူး။ အခုနောက်ပိုင်း ပြောဖြစ်ရင်လည်း အလုပ်အကြောင်းတွေ ၊ တခြားသော လူတွေရဲ့ စိတ်တွေအကြောင်း ဒါတွေပဲ ပြောဖြစ်ကြတာ။ "

" နေ့တိုင်း ပြောဖြစ်တယ်တော့ မဟုတ်ဘူးပေါ့။ "

" ဟုတ်တယ် . . . နေ့တိုင်း မပြောဖြစ်ဘူး။ လိုင်းပေါ်မှာ တွေ့မှပဲ ပြောဖြစ်တာ။ "

"  - - - - - - - - "

"  ဒါပါပဲ . . . "

"  - - - - - - - - "

"   - - - - - - - - "

ကျွန်တော့် စကားဆုံးတော့ နှစ်ယောက်လုံး စကားလုံးတွေ ကုန်ဆုံးသွားသလို တိတ်ဆိတ်သွား၏။ တိတ်ဆိတ်ခြင်းကပဲ ကျယ်လောင်သော အသံတွေကို သယ်ဆောင်လာသလို  ကြာလာတာနှင့်အမျှ နားထဲမှာ ဆူညံလာ၏။

" ကိုဇော် . . . "

"  ဟေ . . . ဘာလဲ . . . "

"  အင်း . . . . "

"  ဘာလဲကွ . . . "

"  ငါ ပြောရင် ကောင်းမလား စဉ်းစားနေတာ . . . . "

"  ပြောလေကွာ။ ငါနဲ့မင်းနဲ့က ပြောရမလား ဆိုပြီးတော့ စကား ပလ္လင်ခံနေရမဲ့ လူတွေမှ မဟုတ်တာ။ "

" အင်း . . . "

"  ပြောစမ်းပါ . . . ဘာပြောချင်နေလို့လဲ။ "

"  ဒီလိုကွ။ မင်း " စုန်း " ဆိုတာကို ကြားဖူးလား။ "

"  အင်း . . ကြားတော့ ကြားဖူးပါတယ်။ စုန်းတောက်တယ် ၊ စုန်းပြုစားတယ် ၊ စုန်းကဝေ ဘာညာပေါ့။ "

"  ဟုတ်ပြီ။ အဲဒီလိုထဲက " ဝမ်းတွင်းစုန်း " ဆိုတာရော ကြားဖူးလား။ "

"  အေး . . .ကြားဖူးတယ်။ ဝမ်းတွင်းစုန်းကလည်း ပြုစားတတ်တယ် ဆိုလား ဘာလားပဲ။ "

"  ဟုတ်တယ် မှန်တယ်။ သူက ပြုစားတတ်ရုံတင် မကဘူး။ သူ့မှာ ထူးခြားချက်တွေ ရှိတယ်ကွ။ "

"  ဟုတ်လား . . ဘာများလဲ လုပ်စမ်းပါဦး။ မင်းက ပြောလိုက်ရင် ထူးထူးဆန်းဆန်းတွေချည်းပဲ။ "

" သိပ်တော့ ထူးခြားလှတယ် မဟုတ်ပါဘူး။ ဝမ်းတွင်းစုန်း ဆိုတဲ့ စကား အတိုင်းပဲ သူတို့က အမိရဲ့ ဝမ်းတွင်းမှာကို အလိုလို စုန်းအတတ် တတ်လာခဲ့ကြတာ။ မွေးရာပါလို့ ပြောရမှာပေါ့။ သူတို့ကို အောက်လမ်းဆရာတွေလိုနဲ့ ဘယ်သူမှ လာသင်ပေးစရာ မလိုဘူး။ သူတို့ဖာသာ လူတစ်ယောက်ကို ပြုစားလို့ ရတယ်။ သူတို့ဖာသာ ပြုစားတတ်နေတယ်။ "

"  သြ . . . "

" ဒါက မထူးဆန်းသေးဘူးကွ။ ထူးဆန်းတာက အခုမှ စတယ်။ "

" ဘာများလဲ။ "

" ဝမ်းတွင်းစုန်းတွေက သူတို့ ချစ်ရင်လည်း ပြုစားတတ်တယ် ၊ သူတို့ မုန်းရင်လည်း ပြုစားတတ်တယ် ၊ နောက်ဆုံး သူတို့ ပျော်ချင်ရင်လည်း သူများကို ပြုစားတတ်တယ်ကွ။ "

" ဒီတော့ . . . .  "

" သူတို့ရဲ့ ထူးခြားချက်ကတော့ သူတို့ဟာ သူတို့ ပြုစားထားတဲ့ လူတွေကို ဒီအတိုင်း ပြီးပြီးရော ပစ်ထားတတ်လေ့ မရှိဘူးကွ။ သူတို့ ပြုထားတဲ့ လူ ဘယ်လို နေလဲ ဆိုတာကို ပြန်ပြန် လာကြည့်လေ့ ရှိကြတယ်။ "

" ဟုတ်လား . . ဘာဖြစ်လို့လဲ။ "

" ဒါတော့ ငါလည်း သေချာ မသိဘူး။ ဒါပေမဲ့ ငါ့ အထင်တော့ သူတို့ ပြုစားထားတဲ့ လူရဲ့ အခြေအနေကို လာပြီး ပြန်အကဲခတ်တာလို့ ထင်တာပဲ။ "

" ဘာလို့ အကဲခတ်ရတာလဲ။ "

" သြော် . . ဒါကတော့ကွာ. . . ပြုစားထားပါတယ် ဆိုနေမှ . . သူတို့ ပြုစားထားခြင်း ခံရတဲ့ လူ ၊ သူတို့ ပြုစားထားသလို ဖြစ်နေရဲ့လား ဆိုပြီးတော့ ပြန်လာစစ်ဆေးတဲ့ သဘောပေါ့။ "

" ဒီလိုလား . . . "

" ဟုတ်တယ်။ ဒီလိုပဲ။ ဒါကြောင့် ငါကလည်း မင်းကို စုန်းပြုစား ခံနေရတာလားလို့ ထင်နေမိတာ. . . . "

"  ဟ . . ဘာဆိုင်လို့လဲ။ "

" ဆိုင်တာပေါ့ကွာ။ စုန်းပြုစား ခံရတဲ့ လူတွေကလည်း သူတို့ကို စုန်းပြုစားနေတယ် ဆိုတာကို သူတို့ ဖာသာ မသိကြဘူးကွ။ သူတို့ကတော့ သာမာန်လို အောက်မေ့ပြီးတော့ နေကြတယ်။ ဒါပေမဲ့ သူတို့ကို ပြုစားထားတဲ့ ဝမ်းတွင်းစုန်းကတော့ သူတို့ကို ပြုစားထားတဲ့ သူ ဆိုတော့ သိတာပေါ့လေ။ ဒီတော့ . . . "

" ဘာဖြစ်လို့လဲ . . . "

" ဒီတော့. . . ငါ ပြုစားထားတဲ့သူ ဘယ်လိုနေလဲ ဆိုပြီးတော့ ပြန်လာလာပြီးတော့ ကြည့်လေ့ ရှိတယ်လေ။ အခု မင်းလည်း ဒီလို ဖြစ်နေပြီ။ မင်းကို ပြုစားထားတဲ့ လူက မင်းကို ဘယ်လို နေလဲ ဆိုပြီးတော့ လာပြန်ကြည့်တဲ့ အချိန်လေးကို မင်းက သာယာနေတယ် မဟုတ်လား။ သူက မင်းကို ချစ်ချင်တဲ့ အချိန်မှာ ချစ် ၊ ပစ်ချင်တဲ့ အချိန်မှာ ပစ် ၊ နောက်ပြီးမှ ငါ ပြုစားထားတဲ့ သူ ဘယ်လိုနေလဲ ဆိုပြီးတော့ မသေမရှင် အချိန်လေးမှာ လာပြီးတော့ ကစားနေတာကို မင်းက အဟုတ်မှတ်နေလား။ "

" - - - - - - - - - "

" လောကမှာ အချစ်ဆိုတာက ထူးဆန်းပါတယ်ကွာ။ အတင်းအကျပ် လုပ်ယူလို့ မရသလို ဇွတ်ကြီးလည်း ဖျက်ဆီးလို့ ရတာ မဟုတ်ဘူး။ အခု မင်းကိုမင်း သေချာ ပြန်မေးကြည့်စမ်းပါဦး။ မင်း သူ့ကိုရော စိတ်ရှင်းရှင်းနဲ့ အရင်လို ချစ်နေတာ ဟုတ်ရဲ့လားလို့ . . ."

" - - - - - - - - "

" ဖြေလေကွာ။ "

" အမှန်အတိုင်း ဖြေရရင်တော့ ဟုတ်တယ် သန်းထိုက်။ ငါ့ရဲ့ စိတ်ထဲမှာလည်း သူနဲ့ ပတ်သတ်ပြီးတော့ အချစ်ဆိုတာ မရှိတော့ပါဘူး။ သူ့ကို ချစ်တဲ့ စိတ်ထက် ထိတ်လန့်မှု ဆိုတဲ့ စိုးရိမ်စိတ်က ပိုများနေပြီ။ သူက မင်း ပြောသလိုပဲ ချစ်ချင်တဲ့ အချိန်မှာ ချစ် ၊ ပစ်ချင်တဲ့ အချိန်မှာ ငါ့ကို ပစ်ထားခဲ့တာပဲလေ။ ဒါပေမဲ့ ဒီလို အခြေအနေကို ဘာလဲ ဆိုတာ ငါ မသိခဲ့ဘူး။ အခု မင်းပြောတော့မှ ငါက " စုန်းပြုစား ခံနေရသူ " ဆိုတာ သိတော့တယ်။ "

" - - - - - - - "

" ပြီးတော့ သူ ငါ့ကို လာလာ စကားပြောတယ် ဆိုတာကလည်း သူ ပြုစားထားတဲ့ လူတစ်ယောက် ဘယ်လိုနေလဲ။ သေလုမျောပါး ဖြစ်နေလား ၊ ငါ့အပေါ် ဘယ်လို ခံစားချက် ရှိနေသေးလဲ ဆိုတာကို လာလာ စစ်နေတယ် ဆိုတာကို ငါ သဘောပေါက်တော့တယ်။ "

" - - - - - - - - "

" ဟ ဟ ဟ ဟ . . . . လောကကြီးက တော်တော် ရယ်ဖို့ ကောင်းတာပဲ။ ငါလည်း ငါ့စိတ်ထဲမှာ တစ်ခုခုကို မှားနေသလိုလို ၊ တစ်ခုခုကို လွဲနေသလိုလို ထင်နေမိတာပဲကွ။ အခုမှ ငါက စုန်းကိုက်ခံနေရတဲ့ လူဆိုတာ သိတော့တယ်။ ပြီးတော့ စုန်း အစာချက်ခံနေရတဲ့ လူတစ်ယောက် ဖြစ်မှန်း မသိ ဖြစ်နေတော့တာပါလား။ "

" - - - - - - - - "

" အိုကေ သူငယ်ချင်း။ ကျေးဇူးတင်တယ် သန်းထိုက်။ မင်းက ငါ့အတွက်တော့ လမ်းပြပေးနိုင်သူ တစ်ယောက်ပါပဲ။ မင်းပေးတဲ့  ဥပမာလေးတွေကလည်း အရမ်းကောင်းပါတယ်။ စိတ်ချ. . . ငါ အရင်က မသိခဲ့လို့ စုန်းကိုက်ခံရတဲ့ လူတစ်ယောက် ဖြစ်ချင် ဖြစ်ခဲ့လိမ့်မယ်။ ဒါပေမဲ့ အခု အချိန်က စပြီး ငါ စုန်းကိုက်ခံရတဲ့ လူတစ်ယောက် မဖြစ်စေရတော့ဘူး။ "

" - - - - - - - "

" ငါ ဒီနေ့ ဒီအချိန်က စပြီးတော့ ကတိပေးတယ် သန်းထိုက်။ ငါ့ဘဝမှာ ၊ ငါ့ဘလော့ပေါ်မှာ ၊ ငါနဲ့ ပတ်သတ်သမျှ နေရာအားလုံးမှာ နွယ် ဆိုတာ မရှိစေရတော့ဘူး သူငယ်ချင်း။ ငါ့မှာ သူနဲ့ ပတ်သတ်ပြီးတော့ သူ့အတွက် ဆိုပြီး သိမ်းထားတဲ့ External Hard Disk တစ်လုံးပဲ ရှိတယ် သူငယ်ချင်း။ အဲဒီအထဲမှာ သူ့အတွက် ဆိုပြီး ကဗျာလေး တစ်ပုဒ် နဲ့ သီချင်းလေး တစ်ပုဒ် ရှိတယ် သူငယ်ချင်း။ အခုတော့ ဒီကဗျာနဲ့သီချင်းက ငါ့အတွက် စုန်း အစာ ဖြစ်နေမယ် ထင်တယ်။ "

" - - - - - - -  "

"  ငါ့ဘဝမှာ စုန်းကိုက်ခံရတာ ၊ စုန်းလာခြောက်လှန့်ခံရတာမျိုး ဘယ်တော့မှ မရှိစေရတော့ဘူး။ "

" - - - - - - - "



ကျွန်တော့်မှာ ချစ်သူ တစ်ယောက် ရှိသည်။

( ခွင့်လွှတ်ပါ . . . အမှား ပြင်ပါရစေ။ )

ကျွန်တော့််မှာ ချစ်သူ တစ်ယောက် ရှိခဲ့ဖူးပါသည်။ ကျွန်တော့်မှာ သူနဲ့ ပတ်သတ်သော ဓါတ်ပုံများ ၊ စာများ ၊ ဗီဒီယိုများကို သိမ်းထားသော External Hard Disk လေး တစ်လုံး ရှိခဲ့ဖူးပါသည်။ ထို External Hard Disk လေးသည် သူနဲ့ ပတ်သတ်သော အကြောင်းအရာများကို စုထားခြင်းကြောင့် ကျွန်တော်၏ နှလုံးသားကို တည်ထားရာ နေရာလေးလို့ သတ်မှတ်ကာ " နှလုံးသား ရှိရာ " ဟု ကျွန်တော် အမည် သတ်မှတ်ခဲ့ပါသည်။

သို့သော် သိပ်မကြာခင်မှာ ခင်မင်ရသော သူငယ်ချင်းရဲ့ အကြံပေးမှုကြောင့် ကျွန်တော် နှလုံးသား ရှိရာ ထဲမှာ ရှိနေသော ဓါတ်ပုံများ ၊ စာများ ၊ ဗီဒီယိုများ နှင့် အကြောင်းအရာများကို ကျွန်တော် လုံးဝ ဖျက်လိုက်ပါ၏။ ထိုအထဲမှာ ကမ္ဘာမြေရဲ့ တစ်နေရာမှ ချစ်သူကို ရည်ရွယ်၍ ကျွန်တော် ရေးထားတာသော ကဗျာလေး တစ်ပုဒ် နဲ့ သူ့အတွက် ရည်ရွယ်ထားသော သီချင်းလေး တစ်ပုဒ်ကိုသာ ထည့်ထားပါသည်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ သူနဲ့ ပြန်လည် ဆုံစည်းတဲ့ အခါမှာ ဒီ External Hard Disk လေးကို ပေးမယ် လို့ ရည်ရွယ်ထားခဲ့တာပါ။

အခုတော့ . . . .



ကျွန်တော် နေသော အခန်းက လေးထပ်မှာ ဖြစ်၏။ ဒီထက်လည်း မမြင့်တော့ပါ။ သို့သော် ကျွန်တော့် သူငယ်ချင်းတွေ နေသော အခန်းကတော့ ကိုးထပ်မှာ ဖြစ်သည်။ ဒါ့အပြင် သူတို့ရဲ့ ကွန်ဒိုတိုက်ဟာ ၁၈ ထပ် မြင့်ပါသည်။ ထိုတိုက် ၁၈ ထပ်ပေါ်မှ လှမ်းမျှော်ကြည့်ရင် နီးကပ်နေသော ရေနုတ်မြောင်းကြီးကို မြင်နိုင်ပါသည်။ တစ်ခါတလေ မိုးများကာ ရေစီးသန်သော အခါ ထိုမြောင်းကြီးသည် ငရဲအော်သံလို ဆူညံကာ ရေစီးသန်နေလေ့ ရှိသည်။

ထိုအချိန်မှာ သာမာန် လှေငယ်ဖြင့်ပင် ထိုမြောင်းကြီးထဲ လှော်ခတ်သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ရေရဲ့ စီးအားက အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေလေ့ ရှိသည်။



အခု ကျွန်တော် ရပ်နေသော နေရာသည် ကျွန်တော့် သူငယ်ချင်း နေထိုင်ရာ တိုက်ခန်းရဲ့ အပေါ်ဆုံးထပ် ဖြစ်သော ၁၈ ထပ်ကို ရောက်နေခဲ့တာ ဖြစ်၏။ ကောင်းကင်မှာ တိမ်တွေက မည်းမှောင်ကာ လျှပ်စီးများပင် တလက်လက် ထနေခဲ့သည်။ အသံနဲ့အတူ အားပြိုင်ကာ သွန်ချသလို ရွာသွန်းနေသော မိုးရေတွေကလည်း အင်အားပြင်းထန်လွန်းလှသည်။

မိုးအားကောင်း၍ ရေများရင် ပြည့်လျှံနေလေ့ ရှိသော ရေမြောင်းကြီးသည် တဟဲဟဲ အော်မြည်ကာ မိုးရေများကို မြောင်းရေများ အဖြစ် အသွင်ပြောင်း၍ စီးဆင်းနေလေသည်။ ထိုမြောင်းထဲမှ ရေများပေါ်တွင် တစ်ခါတလေ မျောပါလာတတ်သော ဖော့ဗူးခွံများသည် ခဏတာသာ မြင်ရလိုက်လေ့ ရှိသည်။ ချက်ချင်းဆိုသလိုပဲ ရေစီးအားကြောင့် မြှုပ်သွားလေ့ ရှိသည်။



ကျွန်တော့် လက်ထဲမှာ " နှလုံးသား ရှိရာ " လို့ ကျွန်တော် နာမည် တပ်ထားသော External Hard Disk လေး ရှိနေသည်။ မိုးကောင်းကင်မှာ မိုးက မည်းမှောင်ကာ လျှပ်စီးများ ဝင်းလက်တောက်ပနေ၏။ မြေပြင်ကို ကောင်းကင်မှ ကျလာသော မိုးစက်တွေက ဝရုန်းသုန်းကား နိုင်လှပေသည်။ မြေပြင်သို့ ကျလာသော မိုးစက်တွေ စုစည်းက ရေစီးကြောင်းကြီး အဖြစ် ရေနုတ်မြောင်းကြီး ဆီသို့ စီးဆင်းနေလေသည်။ မိုးရေအား ကောင်းသောကြောင့် ရေနုတ်မြောင်းကြီးထဲမှာ ရေစီးအားကလည်း အလွန် အားကောင်းလှ၏။

ရုတ်တရက် ကျွန်တော့်လက် မြောက်တတ်သွားသည်။  ကျွန်တော့် ဘေးနားမှာ ဘယ်သူမှ မရှိချေ။ ဒါကြောင့် ကျွန်တော် ဘာလုပ်လိုက်တယ် ဆိုတာ ကျွန်တော်က လွဲလို့ မည်သူမှလဲ သိစရာ မလိုအပ်ပါ။ ဒါပေမဲ့ ပြုမူလိုက်သော ကျွန်တော့် လုပ်ရပ်ကိုတော့ ကျွန်တော်သာလျှင် အသိဆုံး ဖြစ်ပေလိမ့်မည်။

ကောင်းကင်က မိုးရေကလည်း အားသွန်လျက် ရွာသွန်းနေဆဲ ၊ မိုးရေတွေကလည်း အားကောင်းစွာ မြေပြင်ပေါ်သို့ ကျနေဆဲ ၊ ရေစီးအားကလည်း ရေနုတ်မြောင်းထဲမှာ အားပြင်းစွာ စီးဆင်းနေဆဲ ၊ ကျွန်တော့် လက်ထဲကနေ လွှင့်ပစ်လိုက်သော External Hard Disk လေးက ရေပေါ်ကို ပေါ်နေနိုင်သော အစွမ်းသတ္တိ မရှိပါ။ ဒါကြောင့် ရေ အားကောင်းကောင်းနဲ့ စီးဆင်းနေသော ရေနုတ်မြောင်းထဲသို့ အရောက်မှာ ချက်ချင်း ဆိုသလိုပင် ရေအောက်ထဲသို့ ရောက်သွားပါလိမ့်မည် ဟု ကျွန်တော် ယုံကြည်မိပါသည်။



တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်တော် ဘလော့မှာသော်လည်းကောင်း ၊ ကျွန်တော့် ပတ်ဝန်းကျင်မှာသော် လည်းကောင်း ၊ တစ်နေရာရာမှာသော် လည်းကောင်း " နွယ် " နှင့် ပတ်သတ်သော အကြောင်းအရာ တစ်ခုခုကို ရေးဖြစ်ခဲ့ပါက " ကိုဇော် . . . ဝမ်းတွင်းစုန်းတွေမှာ ထူးခြားချက် တစ်ခုရှိတယ်။ " ဟု ဆိုကာ ကျွန်တော့်ကို ပြင်းပြင်းထန်ထန် သတိပေးစေလိုပါသည်။

မည်သို့ပင် ဖြစ်စေ ကျွန်တော် . . . ကျွန်တော့် စာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါသည်။



ဒီပို့စ်ကိုသာ ဖတ်ဖူးပြီး အရင်က ပို့စ်တွေကို မဖတ်ဖူးသေးသော သူများ အတွက် ဒီနေရာလေးကို နှိပ်ပြီး အရင် ဒေါင်းကာ ဖတ်စေချင်ပါတယ်။




လေးစားစွာဖြင့်
ကိုဇော်
31-Dec-2011
11:28 PM


Share/Bookmark