မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 January 2010

0 အပြုံးများ ( ၂ )








မိန်းမကြီး တစ်ယောက်ရှိသည်။ မချောပါ။ ရွက်ကြမ်းရည်ကြိုဆိုသော မျက်နှာကိုပိုင်ဆိုင်ထားသည်။ သို့သော် သူ့မှာ အလွန်တောက်ပ ရွှင်လန်းစေသော အပြုံး တစ်ခုတော့ ရှိသည်။

သူက အိမ် ၊ ခြံ ၊ မြေ ပွဲစား အလုပ်နှင့် အသက်မွေးသည်။ သူ ရုံးထဲ ဝင်လာပြီ ဆိုရင် ရုံးတစ်ခုလုံး ဆူဆူညံညံ လှုပ်ရှား အသက်ဝင်သွားတတ်သည်။ ဒါက သူရဲ့ တွေ့သမျှ လူကို သူ့မှာ ပိုင်ဆိုင်သော အပြုံးတစ်ခု မျက်နှာနှင့် နှုတ်ဆက်သောကြောင့် ဖြစ်သည်။

မနေ့က အလုပ်မပြီးပဲ ပြန်သွားခဲ့ရလို့ ဒီနေ့ ရုံးကို စောစောစီးစီး လာလုပ်နေရသော စူစူပုပ်ပုပ် စာရင်းကိုင်ကိုလည်း သူက “ ဟေး အလုပ်တွေ ရှုပ်နေပြီလား။ ” ဟု ပြုံးပြီး သွားနှုတ်ဆက်တယ်။

ရုံးခန်းကို သန့်ရှင်းရေး လုပ်နေတဲ့ သန့်ရှင်းရေ အဒေါ်ကြီးကို “ စောတယ်နော် ” ဆိုပြီး သူ့အပြုံးနဲ့ နှုတ်ဆက်တယ်။

သူ့အပြုံးက “ နေမင်း ” ၊ တလောကလုံးကို ဖြန့်လင်းစေတယ်။

သူ့အပြုံးက “ သံလိုက် ” ၊ သူများတွေကိုပါ ဆွဲဆောင်ရွှင်ပြုံးစေတယ်။


သူ့အပြုံးက “ အဖြူသက်သက် ” ၊ လူတိုင်းကို စိတ်ကြည်နူးစေတယ်။


ဒီလိုနဲ့ တစ်ရုံးလုံးမှာ သူ့ကို မချစ်ခင်သူ မရှိ ၊ သူနဲ့ အလုပ်တွဲဖက် ဆက်စပ် လုပ်နေသူများ အဖို့ အဆင်မပြေဘူး ဆိုတာ မရှိ ၊ သူ့ဆီကို ရောက်လာသော Customer တွေအတွက် စိတ်မကျေနပ်စရာ ဟူ၍ ပြောသံ မကြားမိ။

ဒါပေမဲ့.. . တစ်နေ့တော့ သူ အလုပ်ကို ကားမောင်းလာရင်း စဉ်းစားဖြစ်တယ်။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ လူတိုင်း ဖြစ်တတ်ပါတယ်။ သာမာန်ရိုးကျ ဖြတ်သန်းနေကြ အလုပ်တွေကို နေ့စဉ် ဖြတ်သန်း နေကြရပြီး ဖောက်ထွက် စဉ်းစားချင်သော လူများ ဖြစ်လေ့ဖြစ်ထ ရှိတတ်ကြသော အဖြစ်အပျက်လေး တစ်ခုပါပဲ။

သူမက ဒီလို စဉ်းစားမိတယ်။

“ ငါ နေ့တိုင်း ရုံးကို သွားရင် ၊ ရုံးကို ရောက်ရင် ၊ ရုံးထဲမှာ အလုပ်လုပ်နေရင် ၊ ရုံးက အပြန် ၊ ငါ တစ်ချိန်လုံး ပြုံးနေတာပါပဲလား။ ငါ့အတွက် ထူးထူးခြားခြားလေး ဖြစ်သွားအောင် ဒီနေ့တော့ ငါ ဘယ်သူ့ကို မှ မပြုံးပြပဲ ၊ မျက်နှာ ခပ်တည်တည်နဲ့ နေကြည့်မယ်။ ဒါဆို ဘာများ ထူးခြား မလဲ မသိဘူး။ ”

လို့ သူမက ထူးထူးခြားခြား စိတ်ကူးလေး ရခဲ့ပြီး ဒီစိတ်ကူးလေး အတိုင်းပဲ ရုံးကို ရောက်တော့ ချက်ချင်း အကောင်အထည်ဖော်ဖြစ်ခဲ့တယ်။

သူမ ရုံးကို ရောက်လို့ ကားပေါ်က ဆင်းကတည်းက ရုံးပေါက်ဝမှာ စောင့်နေတဲ့ လုံခြုံရေးကိုလည်း အရင်လို “ ဟဲလို ” ဟု မနှုတ်ဆက်ဘူး။ သူမမှာ ရှင်းလို့ မလွယ်သော ပြဿနာ တစ်ခု ရှိနေသလို ပုံစံမျိုးဖြင့် သူမ မျက်နှာပေါ်မှာ ခပ်တည်တည်ဆိုသော မျက်နှာဖုံးတစ်ခုကို အတင်း ဆွဲယူ တပ်ဆင်ထားခဲ့တယ်။ ဒီတော့ သူမက ခပ်တည်တည် ဖြစ်နေတာကို တွေ့ပြီး လုံခြုံရေးကလည်း အရင်လိုမျိုး ပြုံးပြီး မနှုတ်ဆက်ဘူး။ သူမ လည်း ဖာသိဖာသာ ဖြတ်ကျော်လာခဲ့တယ်။

သူမ ရုံးခန်းထဲ ဝင်တော့လည်း အရင်လို သူမ ဘယ်သူ့ကိုမှ လှမ်းပြီး နှုတ်ဆက်မနေဘူး။ ခပ်တင်းတင်း ဆွဲစေ့ထားသော မျက်နှာပေါ်က မျက်ခုံးများက သူမမှာ အလိုမကျမှု တစ်ခုခု ရှိနေသယောင်ယောင် ၊ ဘယ်သူ့ကိုမှ သူမ ပြုံးပြီး အရင်လို မနှုတ်ဆက်သလို ၊ ဘယ်သူကမှလည်း သူမကို အရင်လို ပြုံးပြီး မနှုတ်ဆတ်ကြဘူး။ အားလုံးရဲ့ စိတ်ထဲမှာလည်း သူမ စိတ်ထဲမှာ တစ်ခုခု ခံစားဖြစ်တည် ငြိမ်သက်နေတယ် လို့ ဝိုးတဝါး ထင်မှတ်နေကြတယ်။

အဲဒီနေ့ကပေါ့။

သူမ အလုပ်ကနေ ပြီးတော့ ရုံးဆင်းချိန်အထိ ရုံးက ပြန်လာပြီး ကားထဲ ရောက်တော့မှ သူမ တစ်နေ့လုံး အောင့်အီး ထိန်းချုပ်မှုကို ဖြေလျှော့လိုက်တယ်။ သြော်...မပြုံုးခြင်း ဆိုတဲ့ သဘောတရား တစ်ခုကို တွေ့ရှိလိုက်ရတယ်။ မျက်နှာ အစိတ်အပိုင်းက လူကို တော်တော် ပင်ပန်းရတာပါလား။ သူမ မျက်ခုံးတွေလည်း ညောင်းနေကြတယ်။ သူမ နဖူးကြောတွေလည်း တဆတ်ဆတ်နဲ့ ၊ သူမ နားထင်မှာလည်း သွေးတွေ တိုးနေတယ်။

သူမ ကားကို လမ်းဘေးထိုးရပ်ပြီး ကားထဲက မှန်လေးကို ကြည့်ပြီး သူမကိုယ်သူမ အားရပါးရ အော်ရယ် လိုက်တယ်။ အပြုံးဆိုတဲ့ တန်ဖိုးကို သူမ သိသွားသလို ၊ မပြုံးခြင်းဆိုတဲ့ မိမိကိုယ်ကို နှိပ်စက်မှုကိုလည်း သူမ သိသွားခဲ့တယ်။ အခုလို အားရပါးရ ရယ်လိုက်မိလို့ ခုနက တင်းကြပ်နေတာတွေ ပြေလျော့သွားခြင်း ဆိုသော ပျော်ရွှင်မှုကိုလည်း သူမ ထိပ်တိုက် တွေ့ဆုံ လိုက်ရတယ်။

ဒီတော့ သူမ အိမ်ရောက်တော့ သူမရဲ့ ဒိုင်ယာရီထဲမှာ အောက်ပါ အတိုင်း ခပ်သွက်သွက် ရေးချလိုက်ပါတော့တယ်။

“ ဘယ်သူတွေ ဘယ်လိုပဲ ဖြစ်နေပါစေ။ ငါနဲ့ တွေ့ဆုံနေတဲ့ လူတိုင်းကို မြင်လိုက်တာနဲ့ အရင်ဆုံး ငါက ဦးအောင် ပြုံးပြတတ်တဲ့ အကျင့်လေး ရှိနေတဲ့ အတွက် ငါ့ကိုယ်ငါ အရမ်းကို ကျေးဇူးတင်ပါတယ်။ ”



အခု စာဖတ်နေသူကရော ၊ သူရယ်ပြ ၊ သူပြုံးပြမှ ကိုယ်က ပြန်ပြုံးပြမယ် ဆိုသော အတ္တဗဟိုပြု စိတ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်ထားမိပါသလား။ ဒီလို ဆိုရင်တော့ ဒီစိတ်လေးကို ဘယ်သူမှ မသိအောင် အသာအယာ ကျွတ်ကျွတ်အိတ်ထဲ ထုပ်ပိုးပြီး လူသူဝေးရာ နေရာမှာ မြေမြုပ်လိုက်ပါတော့။ ဘာလို့လည်းဆိုတော့ . . .


အပြုံး ဆိုတာ သံလိုက် နဲ့ တူပါတယ်။ သူ့ဆီကို အပြုံးတွေ တွယ်ကပ်လာစေနိုင်တယ်။

အပြုံး ဆိုတာ မှန် နဲ့ တူပါတယ်။ သူက တဆင့် သူများတွေကိုလည်း ဆင့်ပွား ရောင်ပြန်စေတယ်။


“ ကမ္ဘာလောကကြီး သာယာလှပလာစေရန် သင်၏ မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ။ ”


source; Andrew Jackson Smile ကို
ကိုဇော် သင့်တင့်သလို ပြင်ဆင် ပုံဖော်သည်။


.
Share/Bookmark

0 အတွေးသက်သက်များ


အတွေးသက်သက်များ

ယောင်ပေပေနဲ့...
တစ်ညလုံးကုန်အောင်

အတွေးတွေကို
လွှတ်ထားမိတယ်....။


အချစ် ဆိုတာကို

အဓိပ္ပါယ်သိရဖို့

ကိုယ်ကိုယ်ကိုပဲ ရစ်ပြီး
မေးကြည့်မိတယ်....။


“ ဝလုံး ” မှ ဝိုင်းအောင်
မရေးတတ်ခင်
ကိုယ်က...
အသည်းပုံလှလှကိုတော့....

ဆွဲတတ်နေမိပြန်ရော....။

ပြီးတော့....
ဘာမသိ ၊ ညာမသိ...

လက်ထပ်ပြီးစ ဇနီးမောင်နှံ

“အလက်စကား”ကို
ဟန်းနီးမွန်းထွက်တယ်ဆိုတော့...

ကိုယ်က.....အားကျမိပြန်တယ်....။


နောက်မှ...သိရတယ်....

“အလက်စကား”ဆိုတာ
နေ့တာတိုပြီး ညတာရှည်တဲ့ ဒေသတဲ့လေ...၊

ဒီလိုဆိုပြန်တော့...
သူတို့ဘာလုပ်မှာလဲတွေးပြီး

ကိုယ့်ဖာသာ ရှက်မိပြန်ရော.....။

ထိုးသာထိုးလိုက်ပါ....မောင်ဒီပရယ်...

ရာဇဝင်အိုး ဆိုတာ

ပျားအုံမှ မဟုတ်တာ...

ပျားမတုပ်ပါဘူး.....။

သူများတွေ ပြောပြောနေတဲ့...

၅၂၈ နဲ့ ၁၅၀၀ ကိုတိုင်းဖို့

ကိုယ့်မှာ “မီတာ” မှ မရှိတာ

ရှိရင် ငှားကြပါဦး....။

တကယ်လို့...
တစ်ယောက်ယောက်က ငှားလို့

ဒီ “မီတာ” ရလာရင်တောင်မှ
ကိုယ်...ထပ်မေးရမယ်..

“ဘယ်လိုတိုင်းရမှာလဲ...။”


အာ....
ကိုယ့်ချစ်သူကို
ဒီမီတာကြီးကိုင်ပြီး
သွားတိုင်းမှ...
သူ့မှာ ၁၅၀၀ မပြည့်ရင် ရင်ကျိုးရမယ်...
တော်ပြီကွာ....

ရော့..အင့်...ပြန်ယူ.....။


ဘယ်လိုပဲဖြစ်ဖြစ်....
သူ့မှာရှိသလောက်ကို

ကိုယ်...ထပ်ဆောင်းပြီး.
အစွမ်းကုန်ချစ်မယ်....။


ဘာလို့ချစ်တာလဲ ဆိုတဲ့

အဖြေမဲ့မေးခွန်းတော့....

မမေးပါနဲ့ ချစ်သူ....။

အရပ် ၁၂ ပေ ရှည်သူတွေကို

သတိရပြီး အသက်ရှူကြပ်လို့ပါ....။

သူတို့ကတော့...ပြောကြတာပဲ...

သူတို့ အထက်ပိုင်းမှာ

သာသာယာယာရှိတယ်...တဲ့
အင်းလေ...
ပြောသမျှ ယုံရမှာပေါ့....။


အချစ်ကို ဒီလို ခွဲခြမ်းကြည့်မိတယ်...

အ + ချ စ် ............။

(ဒါကတော့ မင်းပြောမှလား...)


ကိုယ်ကဗျာတွေ ၊ စာတွေရေးတာ...

ချစ်သူက စိတ်ဆိုးတယ်...။

သူ့အကြောင်း မပါလို့တဲ့လေ....။

ပြီးတော့... ဇာတ်လမ်းတွေကလည်း...
တော်တော်များပါ့....တဲ့...၊
ဟင်...ဘယ်လိုပြောရမလဲ....။

သူနားလည်အောင်...

ကိုလည်းမပြောတတ်ဘူး...

ဒီလိုတော့...ပြောကြည့်မယ်....။

“ ငါကလည်း ခက်တယ်...
ကဗျာတစ်ပုဒ်နဲ့ နေမဝင်အင်ပါယာ

ဘယ်ဟာယူမလဲ ဆိုရင်

ဒုတိယအရာကို

ငါ...ငြင်းတယ်....၊
အနားမှာ သူရှိရင်ပေါ့လေ......။”


ကိုဇော်

http://zaw357.multiply.com/journal/item/437/437 မှာ 28. 6.2009 ကရေးထားတာပါ။


.

Share/Bookmark

0 သူငယ်ချင်း ဆိုတာ လက်တစ်ကမ်း




သူငယ်ချင်းတို့ရဲ့ အရောင်က အဖြူရောင်တဲ့....
ချစ်သူတို့ရဲ့ အရောင်က ပန်းရောင်လေ...

အဖြူရောင်မှာ ပန်းရောင် ဖြစ်စေဖို့...ရဲရင့်မှု ဆိုတဲ့...အနီရောင် ထည့်ပေးရမယ်လေ...။


ကျွန်တော်တို့ ငယ်ငယ်က ခေတ်စားခဲ့တဲ့ စကားလေးတစ်ခုပါ...။


ကျွန်တော် လက်မခံပါ။
သူငယ်ချင်းဆိုတာ အဖြူရောင်ပဲ ကောင်းပါတယ်။ တချို့ ရှိကြပါတယ်။ သူငယ်ချင်းဖြစ်ပြီးမှ ချစ်သူ ဖြစ်သွားကြတာတွေ ကျွန်တော် မနှစ်သက်ပါ။ တကယ်တော့ ဘဝမှာ “ သူငယ်ချင်းဆိုတာ လက်တစ်ကမ်းပါပဲ။ ” အနီးဆုံးမရောက်သလို ၊ အဝေးဆုံးမှာလည်း ရှိမနေတဲ့ သူတွေပါ။

ချစ်သူဆိုတာကတော့ ကိုယ်နဲ့ အနီးဆုံး လက်တစ်ကမ်းမဟုတ်တော့ပါဘူး။
ကိုယ်နဲ့ အနီးကပ် ဖြစ်သွားပြီ။ ဒီလို အနီးကပ်လူတွေဟာ ဝေးကွာပြီ ဆိုရင်လည်း လက်တစ်ကမ်းမဟုတ်ဘူး။ ပြန်မဆုံနိုင်တော့လောက်အောင်ကို ဝေးကွာတတ်တယ်။

ဒါကြောင့် ကျွန်တော့်ဘဝမှာ သူငယ်ချင်းပေါင်းများစွာ ရှိခဲ့ပါတယ်။
သူတို့နဲ့ ကျွန်တော်ဟာ လက်တစ်ကမ်း အကွာအဝေးကနေ ရှေ့ကို နီးစပ်ဖို့ တိုးဖို့ ဘယ်တုန်းကမှ မကြိုးစားဖူးပါ။ သူငယ်ချင်းလို့ ခေါ်ပြီးမှ ချစ်သူ အဆင့်တတ်ဖို့ဆိုတာ ကျွန်တော် ဘယ်လိုမှ လိပ်ပြာ မသန့်နိုင်ပါ။ ဒါကြောင့် သူငယ်ချင်းလို့ ကျွန်တော် ခေါ်ဆိုသူတွေကိုလည်း ကျွန်တော် ရိုးစင်းစွာ ဆက်ပါတယ်။ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာ တူတူခင်မင်လာခဲ့သော ကျွန်တော့်သူငယ်ချင်း တွေကတော့ ပြောပါတယ်။

“ နင်နဲ့ ပေါင်းရတာ စိတ်ရှင်းတယ်။ ငါ့ကို ဘယ်တော့ ရည်းစား စကားပြော
မလဲ ဆိုပြီး စိတ်တင့်နေစရာ မလိုဘူး။ ”

တဲ့။
ဒါကြောင့် သူငယ်ချင်းလို့ ကျွန်တော်ခေါ်တဲ့ သူများအာလုံးကို ကျွန်တော် အဖြူရောင် သက်သက်သာ ခင်မင်ဆက်ဆံခဲ့ပါတယ်...။ တကယ်တော့ သူငယ်ချင်းဆိုတာ လက်တစ်ကမ်းအကွာအဝေးပါပဲ။ သူငယ်ချင်းတွေအတွက် ဘယ်အချိန်ပဲ ဖြစ်ဖြစ် လိုအပ်နေတဲ့ အချိန်မှာ အဖြူရောင်သက်သက်နဲ့ လက်တစ်ကမ်းအကွာမှာ ရှိနေမှာပါ။

ခင်မင်စွာဖြင့်
ကိုဇော်


http://zaw357.multiply.com/journal/item/406/406 မှာ 19.6.2009 ကရေးထားတာပါ။

.

Share/Bookmark