မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


14 April 2010

2 လွှတ်ချထားသော စာများ




ခုတလော ကျွန်တော် စိတ်တွေက ဟိုးအရင်က သူငယ်ချင်း နှစ်ယောက် ပြောဖူးတဲ့ စကားတွေကို ပြန်ပြန်ကြားပြီး ပြုံးမိတယ်။ ပြီးတော့ ဒီအသိထဲပဲ တဝဲဝဲလည်လည် ဖြစ်နေမိတယ်။

အဲဒီတုန်းက သူတို့ နှစ်ယောက်က ဆွေးနွေးနေတာ မဟုတ်ပါ။ တအုံနွေးနွေး နှစ်အုံနွေးနွေးနဲ့ တဆင့်ပိုလာပြီး အပူတပြင်း ငြင်းခုန်နေကြတာ။ ငြင်းနေကြတဲ့ ကိစ္စကလည်း ကျွန်တော်တို့ တခြားသူငယ်ချင်းတွေ ဘယ်လိုမှ ဝင်ရောက် ဆွေးနွေးလို့ မရတဲ့ ကိစ္စ ဖြစ်နေတယ်။ သူတို့ ငြင်းနေကြတာ သူတို့ မိန်းမတွေ အကြောင်းလေ။

ဟုတ်ပဗျာ။ ဘယ်လိုကြီးမှန်းကို မသိဘူး။ ငြင်းနေတာကိုလည်း ကြည့်ဦး။ မင်းမိန်းမက ဘာဖြစ်တယ်။ ငါ့မိန်းမက ဘယ်လို ပိုချောတယ် နဲ့ပေါ့။ ကြာလာတာနဲ့ အမျှ တိုက်ပွဲက ပြင်းထန်လာတယ်။ ဘေးနားက ကျွန်တော်တို့ သူငယ်ချင်းတွေကလည်း နဝေတိမ်တောင်နဲ့ ဘာမှ ဝင်ပြောလို့ မရဘူး။ ဒီအချိန်မှာ အိမ်ထောင်ကျပြီး မိန်းမယူထားတာ ဆိုလို့ သူတို့ နှစ်ယောက်ပဲ ရှိနေသေးတယ်လေ။ ဒီတော့ သူတို့ နှစ်ယောက်ကလည်း အထက်စီးကနေ ငြင်းခုန်နိုင်ကြတာပေါ့။

ကျန်နေတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေကတော့ ပါးစပ် အဟောင်းသား မျက်နှာငယ်လေးတွေနဲ့သာ ထိုင်ပြီး သူတို့ ငြင်းနေသမျှကို နားထောင်နေရတော့တယ်။ မရှိတာကို သွားပြီး ဘယ်လိုလုပ် ထုတ်ပြမလဲဗျာ။ ဒါပေမဲ့ ကျွန်တော် တစ်ခု စဉ်းစားမိတာက ကိုယ့်မိန်းမနဲ့ ကိုယ် အဆင်ပြေနေရင် ပြီးပြီပေါ့။ ဒါကို သူ့မိန်းမနဲ့ ကိုယ်မိန်းမ ဘာလို့ ပြိုင်နေစရာ လိုလဲ။ ဒါပေမဲ့ မပြောဖြစ်ပါဘူး။

ငြင်းရင်း ၊ ခုန်ရင်း နောက်ဆုံးတော့ မောလာတယ် ထင်တယ်ဗျာ။ သူတို့ ကိုယ်တိုင် မငြင်းပဲ သူငယ်ချင်းတွေကို အကူအညီတောင်းတယ်။ 

“ ဟေ့ကောင်တွေ ငါ့မိန်းမ နဲ့ သူ့မိန်းမ ဘယ်သူပိုပြီး ချောလဲ ၊ လှလဲ ၊ လိမ္မာ ယဉ်ကျေးလဲ။ ”

အာ . . သူငယ်ချင်းတွေ အချင်းချင်းဆိုတော့  ဘယ်သူဆိုပြီး ဘယ်သူက ပြောမလဲ။ “ အားလုံးလည်း နှာစေး နေကြတယ်ပေါ့လေ။ ” ဘယ်သူ့ဆီမှလည်း အဖြေ မရရော ၊ စကားပြောရင် အရမ်းကို အလှအပတွေနဲ့ တန်ဆာဆင်ပြီး ပြောတတ်တဲ့ “ ကိုသက် ” က သူ့စိတ်ကူး အကြံဥာဏ်ကို ဒီလို ချပြတယ်။ သူတို့ဖာသာငြင်းလို့ အဆင်မပြေတာရော ၊ သူငယ်ချင်းတွေဆီက အဆုံးအဖြတ် မရတာရော ပေါင်းပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းလိုက်တာ လို့ ဆိုရမယ် ထင်တယ်။

“ ဒီလိုလုပ်မလား။ မင်းမိန်းမနဲ့ ငါ့မိန်းမကို လမ်းဘေးမှာ အဝတ်စုတ်တစ်ထည်လို ပုံထားလိုက်မယ်။ ကြည့်လိုက် ဟေ့ကောင် . . . လမ်းဘေးမှာ ကျနေတဲ့ အဝတ်စုတ်တစ်ထည် ဆိုပြီး လမ်းသွားသူတွေက ဘယ်သူ့အထည်ကို အရင်ကောက်လဲလို့။”

“ ဟား . . ဟား . . ဟား. . . ”

သူလည်း ပြောပြီးရော ကျွန်တော်တို့ အားလုံး ဒီလိုပဲ ဝိုင်းရယ်လိုက်ကြပါတယ်။  ဘယ်နှယ်ဗျာ ကိုယ့်မိန်းမကိုများ အဝတ်စုတ်လို သဘောထားပြီး လမ်းဘေးမှာ ပုံချထားဦးမတဲ့။ ပြီးတော့ ဘယ်သူ့အထည်ကို အရင်ကောက်မလဲ ဆိုတာကို မျက်စိထဲမှာ မြင်မိတယ်။ သူများလက်ထဲမှာ သူတို့မိန်းမတွေ အထည်တွေ အဖြစ်နဲ့ တွဲလွဲလေး ပါသွားမှာ မြင်ယောင်မိပါရဲ့ဗျာ။

အဲဒီလိုပဲ သူငယ်ချင်းတွေကလည်း ကပ်ကပ်သပ်သပ်ကို ပြောတတ်တယ်။ ကြာတော့ ကြာခဲ့ပြီပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော် ဒီအကြောင်းလေးကို တိုက်ဆိုင်တိုင်း သတိရမိသလို ၊ သတိရမိတိုင်းလည်း ပြုံးမိတယ်။ တစ်ခါတုန်းက ဆိုရင် ကားစီးလာရင် လမ်းပေါ်က လူတစ်ယောက်က အဝတ်တစ်ထည်ကို အပေါ်က ကြည့်ပြီး အကောင်းလား ဆိုပြီး လှမ်းကောက်တယ်။ ကောက်ပြီးမှ အဝတ်ကို တစ်ယောက်ယောက်က တစ်ခုခု ဖိတ်ကျထားတာကို သုတ်ပြီး ပစ်ချထားတာ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒီတော့မှ သူ့လက်ထဲ ရောက်နေတဲ့ အဝတ်ကို ပြန်လွှင့်ပစ်လိုက်တယ်။

ဒါကို ကြည့်ပြီး ကျွန်တော့်သူငယ်ချင်း မိန်းမနှစ်ယောက်ကို အဝတ်စုတ်လိုမျိုး လမ်းဘေးမှာ ပုံထားလို့ အကောင်းမှတ်ပြီး ကောက်သွားတဲ့ သူက နောက်မှ မကောင်းမှန်းသိရင် ဘယ်နားပြန်ပြီး လွှင့်ပစ်ရပါ့မလဲ ဆိုပြီး တွေးမိပြန်ပါလေရော။ ဒီတော့ သူကလည်း လမ်းဘေးမှာ အဝတ်စုတ် အနေနဲ့ ပြန်ပြီး ပုံထားဦးမှာလား လို့လည်း တွေးမိပြီး အသံထွက်အောင်ကို ရယ်မိသေးတယ်။ ကားပေါ်မှာ ဆိုတော့ ဘေးနားက လူတွေရော ၊ အနီးအနားက လူတွေရော “  ဘာလဲဟ ” ဆိုပြီး ဝိုင်းကြည့်ကြပါသေးရဲ့။

အခုလည်း ကျွန်တော် ဒီအဖြစ်အပျက်လေးကို ပြန်ပြီး သတိရနေမိတယ်။ ဒီတော့ ကျွန်တော့် ဘလော့လေးကိုလည်း  လေဟာနယ်ထဲမှာ ချထားသလို လုပ်ချင်လာမိတယ်။ အရင်ကတော့ အချိန်လည်း ပေးပြီး ပြင်မနေချင်တာနဲ့ စိတ်ကူးထဲ တွေ့တဲ့ Template လေးတစ်ခု ကောက်ယူပြီး စာတွေ ဖြည့်ထားလိုက်တာ။ ဒါနဲ့ပဲ အရင်က Template လေးနဲ့ စာတွေ ဆက်ရေးဖြစ်နေတယ်။

ဒီမှာ ပြောစရာ ရှိလာတာက ကျွန်တော် ရေးနေတဲ့ စာတွေကို ဘောင်တစ်ခုက လာပြီး ကွပ်ထားသလို ဖြစ်နေပြန်ပါလေရော။ ဒါကြောင့် တစ်ခါတစ်လေ မကြိုက်သလို ခံစားလာမိတယ်။ ဒါကြောင့် စိတ်ကူးတော်တော် ပေါက်တဲ့ မနေ့က Template ပြောင်းမယ်ကွာ ဆိုပြီး ဘောင်ပိတ်မိနေတာ မပါတဲ့ Template ကို ရှာတော့ စိတ်ကြိုက်က မတွေ့သေးပါ။ ဒါပေမဲ့လည်း အခု တွေ့သမျှ ထဲမှာ အခု Template လေးကတော့ ဘာအကန့်အသတ် ဘောင်တွေ မပါတော့ လက်ရှိတော့ ဒါလေးပဲ ရွေးထားလိုက်တယ်။

ကျွန်တော်ရေးတဲ့ စာတွေကို ဖတ်မိသူတွေကလည်း မြင်ချင်တဲ့ မိမိရဲ့ အဇ္ဈတ္တ အသွင်သဏ္ဍာန်နဲ့ ထိမြင်ခံစားနိုင်အောင်ပါ။ ကျယ်ပြော လွတ်လပ်တဲ့ လောကကြီးမှာ ဘယ်သူ့ကိုမှ ဘာဆိုတဲ့ ဘောင်တစ်ခု အတွင်းမှာ ပိတ်မိနေတာမျိုး မဖြစ်စေချင်ဘူးဗျာ။ လွတ်လပ်စွာပဲ လောက ဟင်းလင်းပြင်ကြီးထဲမှာ ကိုယ်နဲ့ ထိတွေ့ မြင်မိတာလေးတွေကို အလွယ်တကူ ကောက်ယူနိုင်စေချင်တယ်။ 

ဒါကြောင့် ကျွန်တော့်စာတွေကိုလည်း လောက ဟင်းလင်းပြင်ကြီးထဲမှာ အဝတ်အထည်လေးတွေလို လွှတ်ချထား လိုက်တယ်ဗျာ။ လိုချင်တဲ့ သူက လိုချင်တဲ့ အကြောင်းအရာကို မိမိ အဇ္ဈတ္တ နဲ့ပဲ ဖတ်မိပြီး မိမိဖာသာပဲ လိုသလို ထင်ယောင် မြင်မိ ခံစားနိုင်ပါစေဗျာ။

လေးစားစွာဖြင့်
ကိုဇော်

.
                           

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

မိုးခေတ် said...

ကျွန်တော် ပထမဆုံးစကောက်သွားပြီ..အစ်ကိုရေ... :P
အိမ်အဟောင်းကို မမြင်ဘူးလိုက်တော့ ဒါကို အသစ်လို့မထင်ဘူးဗျ... :D
link ချိတ်ထားမယ်နော်...အစ်ကို...
အတာရေနဲ့အတူ ရွှင်လန်းချမ်းမြေ့နိုင်ပါစေဗျာ.....

အမည်မဲ့ said...

ဟင်းလင်းပြင်မှာလွှတ်ချထားတော့ လေဟာနယ်ထဲလွင့်ထွက်သွားမှာပေါ့ ကိုဇော်ရဲ့။
လွင့်သွားမှပြန်ကောက်ရခက်နေမယ်။
လွှတ်မချလိုက်ပါနဲ့။
လိုက်ကောက်ချင်သူတွေကများနေလို့ တော်ကြာ တစ်စစီဖြစ်နေပါ့မယ်။ ဟီး