မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 April 2010

11 ညှပ်မရသော လက်မများ



ဂဏာန်းတစ်ကောင်ရဲ့ အားအင်ဟာ သူရဲ့ လက်မ ပါပဲ။ ဒီလက်မ အကြီးအသေးပေါ် မူတည်ပြီး သူက အင်အားကြီးထွားရတယ်။ လက်မ ဆိုတာ သူ့အတွက် ရန်သူကို တိုက်ခိုက်ဖို့ ၊ အစာရှာစားဖို့ ၊ ဦးဆောင်သော ခေါင်းဆောင် နေရာကို ရယူဖို့  ၊ မိမိကိုယ်ကို တိုးတတ်အောင် ဆောင်ရွက်ဖို့ အစရှိသဖြင့် သူ့မှာ သုံးစွဲရတယ်။

လူတစ်ယောက်ရဲ့ အားအင်ဟာ သူ့ရဲ့ အတွေးအခေါ် မျှော်မြင်မှု ပါပဲ။ ဒီအတွေးအခေါ် မျှော်မြင်မှု ထဲမှာ ယခု ဖြစ်နေတာကို ရင်ဆိုင်နိုင်ဖို့ ၊ အရင်က ဖြစ်ခဲ့တာကို သင်ခန်းစာ ယူနိုင်ဖို့ ၊ နောင်အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်သော ကိစ္စများကို ကြိုတင်ပြင်ဆင်ဖို့ ၊ မိမိကိုယ်ကို တိုးတတ်နေဖို့ အစရှိသဖြင့် သူ့မှာ သုံးစွဲရတယ်။

တကယ်လို့ ဂဏာန်း တစ်ကောင်က သူ့ရဲ့ လက်မကို သုံးစွဲခွင့် မရတော့ဘူး ဆိုသော အခါ. . . ၊ လူတစ်ယောက်က သူ့ရဲ့ အတွေးအခေါ် မျှော်မြင်မှုများကို သုံးစွဲခွင့် မရတော့ဘူး ဆိုတဲ့ အခါမှာ ဘာတွေ ဖြစ်လာနိုင်ပါသလဲ။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

မထူးခြားဘူး ဆိုပေမဲ့ ထူးထူးခြားခြားပါပဲ ကျွန်တော့် အလုပ်ထဲမှာ စူပါဗိုက်ဇာတွေ ပေါများလှတယ်။ သက်ဆိုင်ရာ ဌာန တစ်ခုမှာကို ၄ ယောက်တောင်မှ ရှိနေတဲ့ ဌာနတွေလည်း ရှိတယ်။ မလိုအပ်ဘူးလို့ ကျွန်တော် မြင်ပေမဲ့ Shipping နဲ့ Packing အတွက်ကျတော့လည်း လိုနေပြန်ရော။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ သူဌေးက လိုလို့ ထားတာ ကျွန်တော်နဲ့ကတော့ မဆိုင်။ အဲဒီ စူပါတွေထဲမှာ ကျွန်တော်နဲ့ ဌာန မတူသလို ၊ အဆိုင်းလည်း မတူလို့ ကျွန်တော်နဲ့ သိပ်ပြီး စကားမပြောဖြစ်တဲ့ စူပါနဲ့ ဒီနေ့တော့ စကားပြောဖြစ်လိုက်တယ်။ သူ့လက်ထဲက သတင်းစာကို ကိုင်ပြီး သူ့အလုပ် မဝင်ခင် ကျွန်တော့်နားမှာ လာဖတ်တာပါ။

သတင်းစာရဲ့ တစ်နေရာမှာ ဂဏာန်းပေါင်းရောင်းတဲ့ ဆိုင် ကြော်ငြာကို ကျွန်တော်က တွေ့လိုက်ရတယ်။ ဒါနဲ့ ဟိုတစ်နေ့က စားချင်လို့ ဂဏာန်းသွားဝယ်တော့ ဆိုင်မှာ တစ်ကောင်တည်းကို 7.60 RM ပေးရလို့ ကျွန်တော်က ပြောတော့ သူက. . . . .

“ ဒါက ဆိုင်က ဂဏာန်းတွေက ကျောက်ဂဏာန်းတွေ ၊ ဒါကြောင့် ဈေးကြီးတာကွ။  ငါက အရင်က စာဖိုမှူးလုပ်ခဲ့တယ် ဆိုရင် မင်းယုံမလား။ ”

တဲ့။ ရုတ်တရက် ကျွန်တော်လည်း မယုံနိုင်သလို ဖြစ်သွားတယ်။ ဒီမှာ သူက ဆက်ပြောပြတယ်။ ဂဏာန်းတစ်ကောင်ကို ဘယ်လို ရွေးရတာ ၊ ရွံတွေ သဲတွေ ထွက်အောင် ဘယ်လို ဆေးရတာ။ ဒီလိုတွေ သူပြောပြတယ်။

ဒီတော့ ကျွန်တော်က ကျွန်တော် ဂဏာန်းအရှင်တွေကို ငယ်ငယ်က ပြုတ်တယ် ဆိုရင် သူ့လက်မကို မိအောင် ကြိုးတုပ်ရတာ တော်တော် ခက်တယ် ဆိုတဲ့ အကြောင်း ပြောမိတယ်။ ဒီတော့ သူက ပြောတယ်။

“ တကယ်လို့ ငါတို့ စားဖိုဆောင်မှာကျတော့ ဒီလို လုပ်လို့ မရဘူး။ ဂဏာန်းလက်မကို ဒီလို ရောပြီး ချက်ပြုတ်တယ် ဆိုရင် ကြိုးအနံ့တွေက တခြားဟာတွေနဲ့ ရောသွားပြီး မကောင်းဘူး။ ဒါကြောင့် ငါတို့ကတော့ သူ့လက်မကို သွားကြားထိုးတံလေးနဲ့  လက်ထိပ်ခတ်လိုက်တာပဲကွ။ ”

“ ဟင်. .ဘယ်လို ခတ်တာလဲ။ ”

ကျွန်တော် အံ့သြသွားတယ်။ ဒီတော့ သူက ရှင်းပြတယ်။




“ ဒီလိုလေ။ သူတို့ လက်မရဲ့ အပေါ်ဘက်က အတံကြီးကို လှုပ်ရှားပြီး ဒါနဲ့ ညှပ်တာ မဟုတ်လား။ အဲဒီ လှုပ်ရှားနိုင်တယ် ဆိုတဲ့ လက်မအပေါ်ကြားလေးမှာ အပေါက်လိုလို တစ်ခုပါတယ်။ အပေါက်တော့ ဖြစ်မနေဘူး။ အခွံပျော့လေး တစ်ခုနဲ့ ဖုံးထားတယ်။ ဒီအထဲကို  ချွန်နေတဲ့  သွားကြားထိုးတံလေးကို ချိုးပြီး ထည့်လိုက်ရင် သူတို့ လက်မတွေ မလှုပ်နိုင်အောင် လော့ချလိုက်သလိုပဲ။  ဒါကို ငါတို့ကတော့ လက်ထိပ်ခတ်တယ် လို့ ခေါ်တယ်။   ”

သြော်. . .ဒီတော့မှ ကျွန်တော် ငယ်ငယ်က လယ်ကွင်းမှာ ပုစွန်လုံး နှိုက်တော့ မိလာတဲ့ ဂဏာန်းတွေကို ကျွတ်ကျွတ်အိတ်ထဲ မထည့်ခင် ပုံစံကို သွားပြီး သတိရတယ်။ ကျွန်တော်တို့ လယ်ကွင်းမှာ နှိုက်လို့ ရလာတဲ့ ပုစွန်လုံးတွေကို သူတို့ လက်မက လာပြီး ညှပ်လို့ မရအောင် သူတို့ရဲ့ ခြေချောင်းလေးတွေရဲ့ ထိပ်ဖျားက အချွန်လေးကို ချိုးပြီး လက်မရဲ့ ကြားထဲက အချိုင့်လေးထဲကို ထိုးထည့်လိုက်ရင် သူတို့လက်တွေ လှုပ်လို့ မရတော့ဘူး။ ဒါကို လက်ထိပ်ခတ်တာလို့ ခေါ်တယ် လို့ သူငယ်ချင်း တစ်ယောက်က ပြဖုးတာ ပြန်ပြီး မှတ်မိလာတယ်။


ငယ်ငယ်ကတော့ အကုန် လျှောက်လုပ်တာ မဟုတ်လား။ ဝဋ်တွေ ဘာတွေလည်း မသိသေးဘူးလေ။ နောက်တော့ အသက်ကြီးလာတော့မှ ဒါတွေ မလုပ်ဖြစ်တော့တာ။ ဒီစူပါ က ဒီလို ပြန်ပြီး အစဖော်ပေးမှ ကျွန်တော် ဂဏာန်းတွေ ၊ လယ်ပုစွန်လုံးလေးတွေကို လက်မ ညှပ်လို့ မရအောင် လက်ထိပ်ခတ်တာကို သွားပြီး သတိရတော့တယ်။ 

ဒါက ဂဏာန်း ၊ လယ်ပုစွန်လုံးလေးတွေ အတွက်ပါ။ ကျွန်တော်တို့ လူသားတွေ အတွက်ကျတော့ရော ။ လူသားတစ်ယောက်ဟာ သူ့ရဲ့ အတွေးအခေါ် မျှော်မြင်မှုများကို သုံးစွဲခွင့် မရတော့ဘူး ဆိုတဲ့ အခါမှာ ဘာတွေ ဖြစ်လာနိုင်ပါသလဲ။

ကျွန်တော် အတိတ်က ဖြစ်ရပ် တချို့ကို သွားပြီး သတိရမိတယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

အပြင်မှာ မိုးက အေးအေးဆေးဆေးကို ရွာနေတဲ့ အချိန်ပေါ့။ ပတ်ဝန်းကျင်တွေ အုပ်အုပ်ဆိုင်းပြီး မှိုင်းလှတယ်။ ကျွန်တော့် Lab ခန်းထဲမှာလည်း အအေးတွေ ပွားနေလို့ အအေးတောင်မှ လျှော့ထားရတယ်။

အခန်းထဲမှာ ထွက်ကုန် စာရင်းတွေ ကျွန်တော်ပေါင်းနေတုန်း ရှေ့က ရာဘာရည်တွေကို ကြည့်နေရင်း Ms. Ng က စားပွဲပေါ်ကို ဘောပင်နဲ့ တတောက်တောက် ခေါက်နေတယ်။ ကျွန်တော် တစ်ချက် လှမ်းကြည့်လိုက်တယ်။ ဒါပေမဲ့ သူ သတိမထားမိ။ သူက ဒီလို နေတတ်သူ မဟုတ်။ လူက လျင်မြန်သလို ၊ ဆုံးဖြတ်ချက်ကလည်း မြန်တယ်။ စားပွဲပေါ်မှာ တောင်ခြစ် မြောက်ခြစ် ၊ စားပွဲကို အရာမရောက် ခေါက်နေတတ်သူမျိုး မဟုတ်။ ကျွန်တော် သိလိုက်တယ် သူ တစ်ခုခု ဖြစ်နေပြီ။

ခဏကြာတော့ သူက ကျွန်တော့်ဘက် လှည့်ပြီး . . . 

“ ဇော် X X . . . နင့်ကို ငါ တစ်ခု တိုင်ပင်ချင်တယ်။ အလုပ်နဲ့တော့ မဆိုင်ဘူးပေါ့။ အရေးတော့ ကြီးတယ်။ ”

“ အင်း ပြောလေ။ ရပါတယ်။ ”

“ ငါတို့လည်း ဘယ်လို လုပ်ရမှန်း မသိ ဖြစ်နေတာ။ ဘာလို့လဲ ဆိုတော့ အရမ်းကောင်းလွန်းနေလို့။ ”

“ ဘာတွေများ ဖြစ်လို့ပါလိမ့် ပြောပြပါဦး။ ”

သူက နံရံကို ငေးတယ်။ ထုတ်ချင်းပေါက် သူ မမြင်နိုင်ပေမဲ့ ဒီထက် ပိုဝေးတဲ့ နေရာကို မြင်နေမိမှန်း သိသာတယ်။ သက်မ တစ်ချက် ရှိုက်လိုက်ပြီး သက်ပြင်း တစ်ချက် ချပြီးမှ သူ ဆက်ပြောတယ်။ 

“ ဒီလို. . . ငါ့ ချစ်သူက အင်ဒိုနီးရှား မှာ အလုပ်သွားလုပ်နေတာ နင့်ကို ပြောဖူးတယ်နော်။ ”

“ အေးလေ. . . ငါလည်း သိတယ်လေ။ ၇ လပိုင်းက သွားတယ် ဆိုလားပဲ။ ”

“ ဟုတ်တယ်။ ၇ လပိုင်းပဲ။ အခု သူ့ကိစ္စ ပြောမလို့. . . ”

“ ဘာဖြစ်လို့လဲ သူ့အလုပ်က အဆင်မပြေဘူးလား။ ”

ကျွန်တော်ကလည်း မြန်မာပီပီ . . သူ့စကားမပြီးခင် ဖြတ်မေးလိုက်တယ်။ 

“ မဟုတ်ဘူး။ သူ အဆင်ပြေ လွန်နေတာ. . . ”

“ ဘယ်လို . . ”

“ ဟုတ်တယ်။ အဆင်ပြေလွန်နေလို့ ဘာလုပ်ရမှန်း မသိဖြစ်နေကြတာ။ ”

“ သေချာ ပြောပြပါဦး။ ”

“ သူ့ကို အလုပ်ခန့်တာက ဒီမလေးရှားက သူဌေးပဲ။ ဒါပေမဲ့ သူ့ကို ခန့်ကတည်းက အင်ဒိုနီးရှားမှာ ရှိနေတဲ့ သူ့အလုပ်မှာ လုပ်ဖို့ ဆိုပြီး ခေါ်တာ။ အခု သူ လခက မယုံနိုင်လောက်အောင် ကောင်းကောင်းရတယ်။ ”

“ ဒီတော့. . . ”

“ ဒါပေမဲ့ သူ ဘာမှ မလုပ်ရဘူး။ နင့်သိတဲ့ အတိုင်းပဲ သူက ငါလိုပဲ အင်္ဂျင်နီယာ တစ်ယောက်ပဲလေ။ ငါက Process ၊ သူကတော့ Planning ကို ထပ်တတ်ထားတာ။ အခု လုပ်နေရတဲ့ အလုပ်က သူ့အတွက် သူတတ်ထားတာတွေ ဘာမှ မလုပ်ရဘူး ဖြစ်နေတယ်။ သူ့ကို သူဌေးက ခိုင်းထားတာ ရိုးရိုးသာမာန် ရုံးဝန်ထမ်းတစ်ဦး လုပ်နိုင်တဲ့ စာရင်းပေါင်း ၊ Excel ဒါတွေပဲ လုပ်နေရတယ်။ ဒါပေမဲ့ သူ့ကိုတော့ ပေးထားတဲ့ လခက သာမာန် အင်္ဂျင်နီယာ တစ်ယောက်ထက် တောင်မှ ပိုရအောင် ပေးထားတယ်။ ”

“ ဒီတော့ . .  အဆင်ပြေနေတာပဲ မဟုတ်လား။ ”

“ ဟုတ်တယ် အလုပ်က အဆင်ပြေနေတယ်။ ဒါပေမဲ့ သူ မပျော်ဘူး။ တကယ်တော့ သူလုပ်နေရတာ သူနဲ့ သက်ဆိုင်တဲ့ အလုပ်မှ မဟုတ်တာ။ သာမာန်ရုံးဝန်ထမ်း လုပ်ရတဲ့ အလုပ်တစ်ခုကို သူ့ကို ပိုက်ဆံ ပိုပေးပြီး ခိုင်းထားတာ။ အင်္ဂျင်နီယာက အင်္ဂျင်နီယာ အလုပ် မလုပ်ရတော့ မတိုးတတ်ဘူးပေါ့။ သူလည်း မပျော်ဘူး။ ဒါကြောင့် ဘာလုပ်သင့်လဲ လို့ ငါ မေးတာ. . ။ ”

သူက ဒီလို ပြောလိုက်တော့မှ ကျွန်တော့်ခေါင်းထဲကို အချက်အလက်တွေ အများကြီး ဝင်လာတယ်။ ဒါကြောင့် ကျွန်တော် တစ်ခုပဲ ခပ်မြန်မြန် ပြောလိုက်တယ်။ 

“ ဒါဆိုရင်တော့ ပြန်လာခိုင်းလိုက်တော့။ ဒါ မကောင်းဘူး။ ဒါ သူ့ကို အစီအစဉ် ရှိရှိနဲ့ နှစ်နေတာ။ ဘာလို့လဲ ဆိုတော့ ငါပြောပြမယ်။ ”

~ ~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~  



လူတိုင်း လူတိုင်းမှာ Hero တစ်ယောက် ၊ Ideal တစ်ယောက် လောက်တော့ ရှိတတ်ကြတယ်။ ကျွန်တော့်အဖေရဲ့ စံထားရာ တစ်ယောက်ကတော့ သူ့ရဲ့ ဆရာလည်း ဟုတ် ၊ သူငယ်ချင်းလည်း ဆိုလို့ ရတဲ့ “ ဦးကျော်ကျော်မြင့် ”။ ဖေဖေတို့လိုပဲ အင်္ဂျင်နီယာ လက်မှတ်ကိုင်ထားသူ။ ကျွန်တော့်အဖေ လက်မှတ်ကတော့ သူ့လောက် မမြင့်ဘူးလို့ ပြောတယ်။ 

သူ့အကြောင်းကို ပြောရရင် ဖေဖေက စားဖို့သောက်ဖို့ မေ့နေတတ်တယ်။ ဖေဖေ ပြောသမျှ ဦးကျော်ကျော်မြင့် အကြောင်းတွေထဲမှာ အခုလို ကိစ္စတစ်ခုကို ပြောဖူးတယ်။ ဦးကျော်ကျော်မြင့် ကျောင်းပြီးခါစမှာ သူ့ကို လာပြီး ကမ်းလှမ်းတဲ့ အလုပ် တစ်ခုက လခကောင်းကောင်းနဲ့ ခေါ်တယ်။ ဒီတော့ ဦးကျော်ကျော်မြင့်ကလည်း သွားလုပ်တာပေါ့လေ။ အရမ်းတော်တဲ့ လူတွေရဲ့ ထုံးစံအတိုင်း ထက်မြက်တော့ ကျောင်းမပြီးသေးဘူး သူ့ကို စီးပွားရေးလုပ်ငန်းထဲကို အပြိုင် ခေါ်ချင်သူတွေ ရှိတယ်။


ဒီလိုလူတွေ ကြားထဲမှာမှ ဦးကျော်ကျော်မြင့်က ဒီလုပ်ငန်းရှင်ကို ဦးစားပေး ရွေးခဲ့တယ်။ လုပ်ငန်းကြီးတော့ သူ့အတွက် အများကြီး အတွေ့အကြုံတွေ ရမယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ သူထင်သလို ဖြစ်မလာဘူး။ သူ့ကို နယ်ဖျားက အလုပ်တစ်ခုကို ပို့ထားတယ်။ လခ ကောင်းကောင်းပေးထားပြီး သာမာန် ရုံးဝန်ထမ်းတွေ လုပ်တဲ့ အလုပ်တွေနဲ့ပဲ လုပ်ခိုင်းထားတယ်။ သူက လုပ်ရတာကို အားမရလို့ မေးရင် “ ခဏလေးစောင့်ပါကွာ။ အခု အလုပ်လေးတွေ လက်စမပြတ်သေးလို့ လက်စ ပြတ်ရင် မင်းအတွက် ပရော့ဂျက် အသစ် တစ်ခု ရှိပါတယ်။” ဒီလိုပဲ ပြောတယ်။

ဒါပေမဲ့ ဒီလိုနဲ့ နှစ်သာ ပြောင်းသွားတယ်။ သူ့အတွက် ဘာမှ ထွေထွေ ထူးထူး မလုပ်ရ။ ကျောင်းဆင်းဆင်းချင်း အစွမ်းတွေ ပြချင်သူ တစ်ယောက် ဘာမှ လုပ်ခွင့်မရပဲ လခ ကောင်းကောင်းတွေပဲ ရနေတော့ သူ့အတွက် အဆင်မပြေတော့ဘူး။ ဒါနဲ့ နောက်တော့ သူ့ကို ကယ်တင်တဲ့ ဆရာ တစ်ယောက်နဲ့ တွေ့တော့ . . .

“ မင်း အခုချက်ချင်း အလုပ်ထွက်လိုက်တော့။ ဘာလို့လဲ ဆိုတော့ အဲဒီ အလုပ်က မင်းကို နှစ်သတ်နေတာ။ မင်း ကျောင်းဆင်းပြီး တခြား အလုပ်တစ်ခုခုမှာ ဝင်လုပ်ရင် သူ့အတွက် ပြိုင်ဘက် တစ်ဦး ဖြစ်လာနိုင်တယ်လေ။ ဒါကြောင့် ကိုယ်ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်သူတွေကို ကိုယ့်ဆီ ခေါ်ပြီး ကိုယ့်အတွက်လည်း အကျိုးရှိ ၊ သူတို့ရဲ့ အရည်အသွေးကိုလည်း သူများ သုံးလို့ မရအောင် လုပ်ထားလိုက်တာ။ ဒီတော့ ကိုယ်က မသုံးရင်တောင်မှ သူ့ကို သူများ မသုံးရတော့ ကိုယ့်အတွက် ပြိုင်ဘက် ဖြစ်မလာနိုင်တော့ဘူး။ ”

ဒါနဲ့ပဲ ဥိးကျော်ကျော်မြင့် အလုပ်က ထွက်ပြီး တခြား သူနဲ့ အမှန်တကယ် သင့်တော်ပြီး  သူ့အတွက် လုပ်ကွက် ရှိမယ် ၊ သူ့ရဲ့ စွမ်းရည်တွေကို ထုတ်ပြခွင့်ရတယ် ဆိုတဲ့ အလုပ်မှာ လုပ်လိုက်တာ နောက်ပိုင်း တောက်လျှောက် အောင်မြင်သွားခဲ့တယ်။ 

ဒါကို ဖေဖေ အမြဲလိုလို ပြောပြဖြစ်တယ်။ ဒီအဖြစ်အပျက်လေးကို Ms. Ng ကို ကျွန်တော် ပြန်ပြောပြ ဖြစ်တယ်။ ပြီးတော့. . .နောက်ထပ်. . 

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

ဒါဟာ လောကရဲ့ လူတွေ သတိမထားမိတဲ့ အချက်လေး တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်အခု လုပ်နေရတဲ့ အလုပ်တစ်ခုဟာ အရမ်းသက်သာ ၊ လခကောင်းတယ် ဆိုပြီး ကိုယ့်ရဲ့ နောင်ရေးတိုးတတ်မှု မရှိတဲ့ နေရာ ဒေသမှာ လူတွေဟာ ယစ်မူးပြီး နေတတ်ပါတယ်။ အချိန်ကြာလာတော့မှ ဒါ ကိုယ့်အတွက် ဘာမှ ပညာ မရနိုင်ဘူး ဆိုတာ သိလိုက်တဲ့ အချိန်မှာ အချိန်တော်တော်များများက ကုန်သွားခဲ့ရပြီ။


ဒီလို အဖြစ်မျိုးတွေကို အမြင်သာဆုံး နေရာကတော့ ဘောလုံး လောကပဲ ဖြစ်တယ်။ ဥပမာ - လူးဝစ် ဆာဟာ က ဖူလ်ဟမ်မှာ အရမ်းကို ခြေစွမ်းပြနေတယ်။ ဖူလ်ဟမ် နဲ့ မန်ယူ တွေ့ကြပြီ ဆိုရင် ဆာဟာကို မန်ယူ နောက်တန်းတွေ နိုင်အောင် မထိန်းနိုင်ဘူး။ ဒါကြောင့် ပရီးမီးယား လိဂ်မှာ အမှတ် ၃ မှတ် ဆိုတာကလည်း တန်ဖိုး ရှိသလို ၊ ဖူလ်ဟမ် နဲ့ တွေ့ရတဲ့ အိမ်ကွင်း ၊ အဝေးကွင်းမှာ ဆာဟာ ကြောင့် အမှတ်တွေ ဆုံးရှုံးရတော့ ဒါက တော်တော်ကို ထိခိုက်တယ်။ ဒါကြောင့် ဖာဂူဆန်က ဆာဟာ ကို အသင်းအတွက် အရမ်းကို အရေးပါသူ တစ်ယောက် လို ပုံစံနဲ့ ဝယ်ပြီး ဆာဟာ ရဲ့ လက်မတွေကို ညှပ်လို့ မရအောင် လော့ချပြီး သူ့အသင်းမှာ ထိန်းထားလိုက်တယ်။ 




ဆာဟာ မရှိတော့တာနဲ့ ဖူလ်ဟမ် အသင်းကလည်း အစွမ်းထက်တဲ့ အသင်း တစ်ခု မဟုတ်တော့ပဲ မန်ယူ သာမာန်နဲ့ ဖြတ်ကျော်နိုင်တဲ့ အသင်း တစ်ခု ဖြစ်သွားခဲ့တယ်။ ဆာဟာကိုလည်း ဖာဂူဆန်က ထုတ်သုံးခဲ့ပါတယ်။ ဒါပေမဲ့ ဝယ်ကာစက ဖြစ်ပြီး နောက်တော့ ချောင်ထိုးထားရာကနေ နောက်ဆုံး ဖူလ်ဟမ်မှာလောက် ခြေစွမ်း မထက်တော့ပဲ သာမာန် ခြေစွမ်းလောက်နဲ့ အသင်းပြောင်း သွားရတော့တာပါပဲ။ 

ဒီလို ဥပမာတွေ ဘောလုံး လောကမှာ အများကြီးပါ။ ဒါကြောင့် တချို့သော ဘောလုံးသမားတွေက သူတို့ကို အသင်းကြီး တစ်ခုက ကမ်းလှမ်းတယ် ဆိုတိုင်း မသွားပဲ သူ့ကို တကယ် အလိုရှိနေတယ် ဆိုတဲ့ အသင်းကိုသာ ရွေးခြယ် ပြောင်းရွေ့ကြတာပါ။ ဟိုရောက်တော့မှ ကိုယ့်ကို ထည့်မသုံးဘူး ဆိုရင် ဘယ်သူ့ကိုမှ သွားပြောလို့ မရဘူးလေ။ ဒါကြောင့် ကိုယ့်ရဲ့ အစွမ်းထက်တဲ့ ခြေစွမ်း ကို အမြဲတမ်း ထက်မြက်နေအောင် အသုံးချခွင့် ရနေတဲ့ အသင်းကိုပဲ သူတို့ သေချာ စုံစမ်းပြီး ပြောင်းရွေ့ကြပါတယ်။ ဒါမှ သူတို့ရဲ့ အားထားရတဲ့ ခြေစွမ်း ၊ သူတို့ရဲ့ ရန်သူကို တိုက်ခိုက် နိုင်သော ဂဏာန်းလက်မနဲ့ တူတဲ့ ခြေစွမ်း မပျောက်ပျက်မှာပေါ့လေ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ဒီလိုပါပဲ။ အခု နောက်ပိုင်း စီးပွားရေး လုပ်ငန်းတွေက အပြိုင်အဆိုင်တွေက များလာတော့ ကိုယ့်ထက် ကျော်သွားနိုင်တဲ့ အစွမ်းအစ ရှိသူတွေကို ကိုယ့်လက်အောက်ကို ခေါ်ထားပြီး ခိုင်းတတ်ကြတယ်။ အဲဒီ အထဲကမှ ၁၀၀ % လုံးကတော့ အသုံးဝင်လို့ ခေါ်ထားတာ မဟုတ်ဘူး။ သူတို့ အသုံးဝင်လို့ ဆိုတာထက် ကိုယ့်မှာ မခေါ်ထားပဲ တခြားနေရာ ရောက်သွားရင် ကိုယ့်လုပ်ငန်းကို တိုက်ခိုက် ၊ ထိခိုက်လာမှာ စိုးလို့ တမင် ခေါ်ထားတာတွေ ရှိတတ်ပါတယ်။ 


ဒါကြောင့် အခု ကိုယ်လုပ်နေရတဲ့ အလုပ်တစ်ခုဟာ ကိုယ်နဲ့ ကိုက်ညီနေရဲ့လား ၊ ကိုယ့်နောင်ရေးကို ဘယ်လို ထောက်ပံ့ပိုးနိုင်လဲ ဆိုတာကို “ တွေးခေါ်မျှော်မြင်တတ်ရပါမယ်။” လခကောင်းတယ် ၊ သက်သာတယ် ဆိုပြီး ရေသာခို နေခဲ့ရင်တော့ အချိန် ကြာလာတဲ့ အခါမှာ ကိုယ့်ရဲ့ စွမ်းရည်တွေ ကျဆင်းလာပြီး “ လက်ထိပ် အခတ်ခံရသော ညှပ်မရသော ဂဏာန်း လက်မ ” တွေလို ခံစားလာရမှာပါပဲ။ 

မှတ်ချက်။   ။ ရေးထားပြီး Draft ထဲမှာ သိမ်းထားတာကတော့ ကြာပါပြီ။ တင်သင့် မတင်သင့် စဉ်းစားနေလို့ပါ။ အခုမှ တင်ဖြစ်တယ်။

ကိုဇော် 
30.4.2010 
.

Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

အောင်မော် said...

တကယ်ကို သတိပြုသင့်တဲ့အချက်ကလေးတွေပါ...
နေရာမှန်လူမှန် ဖြစ်ဖို့အရမ်းကိုလိုအပ်ပါတယ်...များသောအားဖြင့် အခြေအနေ အချီန်အခါ အခွင့်အရေးပေါ်မူတည်ပြီး လှုပ်ရှားရုန်းကန်နေကြရတဲ့
လူတွေများနေတာတော့..ဘာကိုအပြစ်တင်ရမှန်းကိုမသိတော့ပါဘူး ဗျာ...

ချစ်သမီး said...

အရမ်းကို တန်ဖိုးရှိတဲ့ ပို့စ်ပဲ။

nn

Lin said...

ကောင်းပါဗျာ့ လင်းကနဲပါပဲ
လူငယ်တွေဖတ်သင့်တဲ့စာတစ်ပုဒ်ပါပဲ

zero said...

ဒီနေရာမှာလည်းနောက်တစ်ခေကါလာဖတ်သွားပါ၏

Orange Chit Thu said...

Yeah, it's really a knowledgeable post and also need to take note.
And I wanna share this post in my Facebook with your blog name, pls allow...and thanks a lot :)
By: Orange Chit Thu

Flower said...

ကောင်းလိုက်တာ
ဒီစာလေးဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်
ဒီထဲက ဂဏန်းလိုဘဲ လက်ထိပ်များခပ်ခံနေရပြီလားလို့ပေါ့..
တိုက်ဆိုင်နေသလိုလိုမို့
ငါကရော တကယ်လက်ထိပ်ခတ်တာကို ကြည်ကြည်ဖြူဖြူလက်ခံနေတာလား ဆိုတာ
ပြန်စဉ်းစားဖြစ်တယ်..
ဟုတ်တယ် လူတွေဟာ သက်သောင့်သက်သာဖြစ်နေရင်
နောက်တစ်နေရာကိုပြောင်းဖို့ ၀န်လေးတတ်ကြတယ်..
ဘာလို့ဆို နောက်တစ်နေရာမှာ ခုလိုအဆင်မပြေမှာ
ကြောက်ကြတယ်လေ..
အင်း...
နောက်ဆုံးတော့ ကိုယ်တွေလဲ
ဂဏန်းလိုဘဲ ဟင်းအိုးထဲရောက်ရတော့မယ်ထင်ပါရဲ့..

မြသွေးနီ said...

ကောင်းတယ် ကိုဇော်ရေ..။
ကျွန်မလည်း သော့ခတ်ခံရတဲ့ ဂဏန်းတစ်ကောင်
်ဖြစ်နေပြီလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးရတော့မယ်။ ဟိုလူကြီးကတော့ သော့ခတ်မခံနိုင်လို့ ခုတော့ ဟန်ကျနေလေပြီလေ။ ကျွန်မသာ...း(

Unknown said...

စာအုပ်တစ်အုပ်ထဲမှာ ဖတ်ရတာ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ငြိမ်းချမ်းစွာ လုပ်ခွင့်ရနေတဲ့သူဟာ ဘ၀မှာ အောင်မြင်နေတဲ့သူပါတဲ့.. ငါတော့ ဘယ်တော့မှ အောင်မြင်တဲ့ ဘ၀ကို ရမလဲမသိပါဘူးဟာ တစ်ရွေ့ရွေ့နဲ့ ကြိုးစားနေတုန်းဘဲ

ရွှေနတ်သား said...

ဒီပိုစ့် လေးကိုဖတ်၇တာလည်း သိပ်တန်ဖိုးရှိတယ်ဗျာ.....ပိုက်ဆံမျက်နှာတစ်ခုတည်းကျွန်တော်တို့ မကြည့်သင့်တော့ဘူး..
ပိုက်ဆံတွေအများကြီးတော့ရပါရဲ့ ...အသိပညာတွေ...နောက်ထပ်လေ့ လာစရာတွေဘာတစ်ခုမှမရတော့ဘူးဆို၇င် အမြန်ဆုံးစွန့် ခွာ ရမယ်ဆိုတဲ့ အသိလေးရသွားပါတယ်...

ညလင်းအိမ် said...

တော်တော်စုံအောင်ကို ရေးနိုင်တာပဲဗျာ ...
အသိတော်တော်ရသွားတယ် ...

Unknown said...

ကိုဇော်ရေ ...... ဖတ်မိပြီး အခု ကျနော် ခံစားနေရတာတွေနဲ့ ကွက်တိပါပဲ ........ ဒါပေမဲ့ မိသားစုအခြေအနေကြောင့် လက်ရှိ အခြေအနေကနေ ရုန်းမထွက်နိုင်သေးပါဘူး .......... ဖြစ်ချင်တာတွေနဲ့ ဖြစ်နေတာတွေနဲ့က တခြားစီပါ ....... ကိုယ်ဘယ်လမ်းဆက်သွားရမယ်ဆိုတာ စဉ်းစားနေတုန်းပါပဲ ......... တစ်ချိန်ချိန်မှာတော့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မယ်ထင်တယ် ..........