မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 June 2010

8 ကြိုးတန်းများ




“ တချို့ မှန်ပါတယ် ဆိုတဲ့ အယူအဆ ၊ အတိုင်းအတာတွေက တစ်ချိန်ကျတော့ ဘယ်လိုမှ သုံးစားလို့ မရအောင် လွဲသွားတတ်တယ်။ တစ်ခါတစ်လေကျတော့လည်း ချော်သွားတတ်တယ်ကွ။ ဖြစ်နိုင်လား။ ”

“ ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ အခြေအနေအရပေါ့။ ”

“ ဘာလို့ ဒီလို ပြောလဲ ဆိုတော့ အစ်ကိုတို့ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ဝတ္ထုတစ်အုပ်မှာ စာရေးဆရာမက ချစ်သူနဲ့ စတော်ဘယ်ရီပင်အောက်မှာ ချိန်းတွေ့တယ် ၊ လမ်းလျှောက်တယ် လို့ ရေးလိုက်လို့ သူ့ကို ဝိုင်းပြီး ဆော်ကြတာ မှတ်မိလား။ ”

“ ဟုတ် ကြားတော့ ကြားလိုက်တယ်။ ကျွန်တော်က ငယ်သေးတော့ ဖတ်တော့ မဖတ်လိုက်ရဘူး။ ”

“ အေး ဟုတ်တာပေါ့။ မင်းတို့က ငယ်ဦးမှာကိုး။ အဲဒီတုန်းက အဲဒီဆရာမကို သေချာ မလေ့လာပဲ ရေးတယ်လို့ တခြားသော စာရေးဆရာတွေ ၊ ဝေဖန်သူတွေက ပုတ်ခတ်ပြောဆိုကြတယ်။ အစ်ကို ပြောရင် မင်းယုံမလား။ အခု အစ်ကို မင်းနဲ့ ပြောနေတာ စတော်ဘယ်ရီပင် အောက်ကကွ။ ”

“ ဗျာ .။ ”

“ ဟုတ်တယ်။ အစ်ကို အခု ထိုင်ပြီး စားသောက်နေတဲ့ ဆိုင်ကို စတော်ဘယ်ရီပင်တွေနဲ့ မိုးထားတယ်။ ဒီဆိုင်ကလည်း အပေါ်နှစ်ထပ်မှာ မြေကြီးလည်း မရှိပဲ နှစ်ထပ်တိုက်ပေါ်မှာ စိုက်ထားတဲ့ စတော်ဘယ်ရီပင်က သူ့ရဲ့ အမိုးဖြစ်အောင် လုပ်ပေးထားတာပဲ။ စတော်ဘယ်ရီပင်က ဘယ်လောက် မြင့်လဲ ဆိုရင် လက်နဲ့ လှမ်းလို့တောင်မှ မမှီဘူး။ အသီးလေးတွေတော့ တွဲကျနေတာပဲ။ တကယ်လို့သာ အရင်က ဒီလို နေရာသာ ရှိခဲ့ရင် ၊ ရှိနေတာကို သိရရင် ဟိုစာရေးဆရာမရဲ့ စာကို မှားတယ်လို့ ပြောလို့ ရတော့မလား။ ”

“ အင်း. . သြော်. . ဟုတ်တာပေါ့။ ”

“ ဒါ ဘာဖြစ်တာလဲ ဆိုတော့ အခြေအနေ တစ်ရပ်မှာ လူတွေက သူတို့မှာ ရှိနေတဲ့ အမြင်တစ်ခုနဲ့ ပိုင်းဖြတ်လိုက်လို့ပါပဲ။ အစ်ကိုတို့ အခု ဂျပန်က ကောင်တွေ အကြောင်း မင်းကို ပြောပြချင်တယ်။ ”

“ ဟုတ်ကဲ့။ ”

“ ဟိုး အရင်က အစ်ကိုတို့ မြန်မာနိုင်ငံကို လာပြီး ဖက်ဆစ်ပြုသွားတဲ့ ဂျပန်တွေကို “ ဂျပန် ငပု ” တွေလို့ ပြောခဲ့တယ် မဟုတ်လား။ ”

“ ဟုတ်တယ်လေ အစ်ကို။ သူတို့က တကယ်ကို ငပုတွေပဲ ဟာကို။ ”

“ အေး . . . အဲဒီအတိတ်တွေကို  အတိတ်မှာပဲ ထားလိုက်တော့ ညီရေ ၊  အခု ဂျပန်တွေကို အစ်ကိုတို့ မော့ကြည့်နေရပြီ။ ဂျပန်တွေက အစ်ကိုတို့ထက် အရပ်မြင့်နေပြီကွ။ ”

“ ဟုတ်လား။ ”

“ ဟုတ်ပ။ သူတို့ကလည်း သူတို့ အရပ်ပုနေတယ် ဆိုတာကို သူတို့ဖာသာလည်း သိတယ်ကွ။ သူတို့ကို တစ်ကမ္ဘာလုံးက လူတွေကလည်း ဒီလို သတ်မှတ်နေတယ် ဆိုတာကို သူတို့ သိထားတယ်။ ဒါကြောင့် ဒါကို ပြောင်းပစ်ဖို့ အရပ်ရှည်ဖို့ နည်းလမ်းတွေကို လိုက်ရှာကြည့်တယ်။ ဒါပေမဲ့ သူတို့ကတော့ အခုလောလောဆယ် အရပ် ရှည်သင့်သလောက်ပဲ ရှည်နိုင်မယ်။ ဒါကို သူတို့ သိတယ်။

ဒါပေမဲ့ သူတို့ကိုယ် သူတို့ အရပ်ရှည်အောင် လေ့ကျင့်ခန်းတွေ လုပ်ရင်း နည်းနည်းပိုရှည်လာတဲ့ အရပ်နဲ့ပဲ သူတို့ သားသမီးကို သူတို့ထပ် ပိုပြီး အရပ်ရှည်စေတယ်။ သူတို့ သားသမီးကလည်း သူတို့ထက် အရပ်ရှည်သလို ၊ သူတို့ကလည်း ဆက်ပြီးတော့ အရပ်ရှည်အောင် ဆက်ပြီးတော့ လေ့ကျင့်ကြတယ်။ ဒီလိုနဲ့ မျိုးဆက် နှစ်ဆက် ၊ သုံးဆက်မှာ အစ်ကိုတို့က ငပုတွေလို့ ခေါ်နေရတဲ့ သူတို့တွေကို အခုတော့ အစ်ကိုတို့က ပြန်ပြီးမော့ကြည့်နေရပြီလေ။

အခု ကမ္ဘာ့ဖလားပွဲမှာ ဝင်ပြိုင်မဲ့ ဂျပန်အသင်းရဲ့ လူကောင်တွေကို ကြည့်လိုက်ဦး။ အစ်ကို မြန်မာ ဘောလုံး အသင်းနဲ့ အရပ်အမောင်း လူကောင်တွေ အရမ်းကို ကွာသွားခဲ့ပြီ။ သူတို့ အရပ်အမောင်း ကောင်းလာအောင် လုပ်တဲ့ နည်းက ရိုးရှင်းလွန်း ၊ လွယ်လွန်းအားကြီးတယ်။ ဒါပေမဲ့ တကယ်လည်း ထိရောက်တယ်။ ”

“ ဘယ်လို နည်းလဲ အစ်ကို။ ”

“ သူတို့ အခု နောက်ပိုင်း သုံးနေတဲ့ နည်းပေါ့လေ။ ဒါပေမဲ့ မူရင်းကတော့ သူတို့နည်း မဟုတ်ဘူး။ မူရင်းကတော့ အနောက်နိုင်ငံတွေကပေါ့လေ။ ဒီလိုကွ. . . ”

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

တစ်နေ့တော့ အစ်ကို့ အခန်းကို သူငယ်ချင်း တစ်ယောက်က လိုက်လည်တယ်ကွာ။  သူက အစ်ကို့ထက် ခေါင်းထက်ဝက်လောက်ကို ပိုပြီးတော့ အရပ်မြင့်တယ်။ ကိုယ့်အခန်းဆိုတော့ ကိုယ့်ဖာသာလည်း သတိမထားမိဘူးပေါ့။ သူ့အခန်းလည်း သွားလည်ဖူးပါတယ်။ ဒါပေမဲ့ သတိမထားမိဘူး။

သူရောက်လာတော့ သူက အခန်းထဲ ဝင်ဝင်ချင်းကို ဆက်မဝင်ပဲ ပြောတယ်။

“ မင်းမှာ အတားအဆီးတွေ များလှချည်လား။ ”

တဲ့။ ရုတ်တရက် ဆိုတော့ အစ်ကိုလည်း နားမလည်လိုက်ဘူးကွ။

“ ဘာလဲကွ ၊ ဘာကို ပြောတာလဲ။ ”

ဆိုတော့ သူက အစ်ကို သေချာ ပြောပြတယ်။ ဒီနေရာမှာ တစ်ခု ပြောဦးမယ်။ ဂျပန်တွေက သူတို့နဲ့ အရမ်းကို ခင်မင် ရင်းနှီးတာ မဟုတ်ရင် မင်းကို သူတို့ ဘယ်တော့မှ သူတို့ ရင်ထဲက မင်းနဲ့ ပတ်သတ်တဲ့ အကြောင်းတွေ မပြောဘူး။ သူတို့ဖာသာပဲ ရင်ထဲမှာ ထားပြီး ကောင်းတာတွေချည်းပဲ ရွေးပြောတာ။

ဒီတော့ သူနဲ့ အစ်ကိုက တော်တော် ခင်တာကွ။ ဒါကြောင့် သူက ပြောပြတယ်။

“ ဒီလိုကွ။ အခု မင်းအခန်းထဲမှာ ကြည့်စမ်း။ အတားအဆီးတွေချည်းပဲ။ ”

သူက ပြောတဲ့ အတားအဆီး ဆိုတာကို အစ်ကိုက သဘောကို မပေါက်ဘူး။ ဘယ်မှာလဲပေါ့။ ဆက်တီတွေလား ၊ ထိုင်ခုံတွေလား ၊ ဒီလိုပဲ ထင်တယ်။ သေချာမေးတော့မှ သူက ထိုင်နေရာက ထပြီး  . . .

 “ ဒီမှာလေကွာ။ ဒါက မင်းအတွက် အတားအဆီးတွေပေါ့။ ”

ဆိုပြီး ချွတ်ထားတဲ့ အင်္ကျီတွေ ၊ ပုဆိုးတွေ ၊ ဘောင်းဘီတွေကို လှမ်းဖို့ လုပ်ထားတဲ့ “  ကြိုးတန်း ” ကို လက်နဲ့ သွားဆွဲပြတယ်။

ကြိုးတန်း ဆိုတာ သူ့ဖာသာ အပေါ်မှာ နေတာ ငါသွားတာကို ဘယ်လိုလုပ် အတားအဆီး ဖြစ်လာလဲလို့ တွေးမိတယ်။ ဒါကြောင့် သူ့ကို ဒီအတိုင်းပဲ မေးလိုက်တော့ သူက ဆက်ပြောပြတယ်။

“ ဒီလို သူငယ်ချင်း။ မင်းကတော့ ဒါကို အတားအဆီးလို့ မထင်ဘူးပေါ့။ ဒါပေမဲ့ ဒါက မင်းဘဝအတွက် တင်မကဘူး။ မင်းရဲ့ မျိုးဆက် အတွက်ပါ အတားအဆီးကြီး ဖြစ်နေတာကွ။ ”

“ ဘယ်လို ဖြစ်နေတာလဲ။ သဘောကို မပေါက်ဘူးကွာ။ ”

“ ဒီလို. . . လူတွေမှာ အတိုင်းအတာ အရ နံရံပေါ်မှာ စာရေးရင် ကိုယ်နဲ့ မျက်လုံးနဲ့ တန်းနေမိတဲ့ နေရာမှာ ရေးမိတယ်။ တစ်နေရာရာမှာ အဝတ်လှန်းဖို့ ကြိုးတန်းလုပ်ရင် ကိုယ်နဲ့ လက်တဆန့်မှီတဲ့ နေရာမှာ သံရိုက်ပြီး ကြိုးလုပ်တတ်ကြတယ်။ ဒီကြိုးတန်းက လက်နဲ့ လှမ်းကိုင်လို့ မှီတယ် ဆိုပါတော့ကွာ။ ဘယ်သူမှ ကြိုးတန်းကို လှေကားထောင်ပြီးမှ လှန်းရအောင် ကြိုးကို မြင့်မြင့်မှာ မထားကြဘူး။ ဟုတ်တယ်နော်။ ”

“ အေး . . ဒါတော့ ဟုတ်တယ်။ ငါလည်း ဒီလိုပဲ လုပ်ထားတာပဲ။ ”

“ ဟုတ်ပြီ။ ဒီမှီနေတဲ့ ကြိုးတန်းပေါ်ကို မင်းရဲ့ အဝတ် တစ်ခုကို လှန်းလိုက်တယ်ပေါ့။ နောက်တော့ လှန်းရင်း လှန်းရင်းနဲ့ အဝတ်တွေများလာပြီး ကြိုးတန်းက မင်းရဲ့ ဖြတ်သွားဖြတ်လာမှာ လုပ်ထားတယ် ဆိုရင် ဒီအဝတ် လှန်းကြိုးရဲ့ အိကျမှု နဲ့ လှန်းထားတဲ့ အဝတ်တွေကြောင့် မင်း ကောင်းကောင်း မသွားရတော့ဘူးလေ။ ဟုတ်တယ်နော်။ ”

“ အေး. .  ဒါလည်း ဟုတ်တာပဲ။ ငါလည်း အခု အဝတ်လှန်းဖို့ လုပ်ထားတဲ့ ကြိုးတွေ နဲ့ လှန်းထားတဲ့ အဝတ်တွေကြောင့် အဲဒီနေရာက ဖြတ်ဖြတ်သွားရင် ဒါတွေကို ငုံရှောင်နေရတာပဲ။ ”

“ ဟုတ်ပြီ။ ဒါက မင်းအတွက် အတားအဆီးတွေ ၊ မင်းအတွက်တင် မကဘူး မင်းရဲ့ မျိုးဆက်အတွက်ပါ အတားအဆီးတွေ ဖြစ်နေတာ သူငယ်ချင်း။ မင်း အရပ်ရှည် လေ့ကျင့်ခန်း လေ့ကျင့်ဖူးလား။ ”

“ ဟင့်အင်း မကျင့်ဖူးဘူး။ အရပ်ရှည်တဲ့ လေ့ကျင့်ခန်း ဆိုတာရော ရှိလို့လား။ ”

“ ရှိတာပေါ့ကွာ။ ဘာမှ ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ လွယ်ပါတယ်။ မင်း နံရံ တစ်ခုပေါ်ဆီကို သွားပြီး မျက်နှာမူထား။ ပြီးရင် အဲဒီနံရံပေါ်ကို မင်းရဲ့ လက် အပေါ်ကို ဆန့်လိုက် ၊ အမြင့်ဆုံး ဆန့်ထားနိုင်တဲ့ အမြင့်နေရာမှာ ဆော့ပင်နဲ့ မှတ်ထားလိုက်ကွာ။ ပြီးရင် အဲဒီနေရာထက် ပိုမြင့်တဲ့ နေရာကို မှီအောင် ခုံနဲ့ တတ်ပြီး တစ်လက်မလောက် ဆော့ပင်နဲ့ပဲ ထပ်ပြီး မှတ်လိုက်။

ပြီးရင် နေ့တိုင်း အဲဒီနံရံကို မျက်နှာမူပြီး လက်ရှိမှီနေတဲ့ နေရာကနေ အထက်ကို ပိုမြင့်ပြီး မှတ်ထားတဲ့ အမှတ်ကို ဘယ်ဘက်လက်နဲ့ တစ်ခါ  ၊ ညာဘက် လက်နဲ့ တစ်ခါ တစ်နေ့ကို ၁၀ မိနစ်ပဲ မှီလာအောင် လှမ်းပြီး လေ့ကျင့်ကြည့်စမ်းပါ။ အံ့သြဖို့ ကောင်းတယ်။ မင်းရဲ့ အရပ်ဟာ ပထမဦးဆုံးက မှတ်ထားတဲ့ နေရာထက် တစ်နေ့ထက် တစ်နေ့ မြင့်မြင့်လာပြီး နောက်ဆုံးမှာ မင်း မှတ်ထားတဲ့ နေရာကို မှီလာတာ တွေ့ရလိမ့်မယ်။

ဒါက တကယ်တော့ ကိုယ့်မှာ ရှိနေတဲ့ အတားအဆီးတွေကို ဖွင့်ပေးလိုက်တာပဲ ဖြစ်တယ်။ အခုတော့ သူငယ်ချင်း ၊ မင်းမှာ အထက်ကို တတ်မယ် ဆိုတဲ့ အတားအဆီးတွေကို မင်းက မင်းဖာသာ “ ကြိုးတန်းတွေ ” သွယ်ပြီး တားထားလိုက်တာပဲ။ ဒီတော့ မင်းသွားလေရာမှာ ဒီကြိုးတန်းတွေနဲ့ ငြိပြီး မင်းမှာ သူတို့ကို ရှောင်နေရတာနဲ့ မင်းရဲ့ ခန္ဓာကိုယ်က မလွတ်လပ်တော့ဘူး။ ဒါကြောင့် မင်းမှာ အရပ်ထပ်ရှည်မှာဖို့ အခွင့်အရေးနည်းပြီး ခါးက ပိုပြီး ကျုံ့ဝင်နေရပြီလေ။

မင်းက ဒီလို ခါးကို ကျုံ့ဝင်နေမှတော့ မင်းက မွေးလာတဲ့ သားသမီးတွေမှာလည်း သူတို့က လှန်းဖို့ လုပ်ထားတဲ့ အဝတ်ကြိုးတန်းက မင်းထက် နိမ့်နေမှာ သေချာတယ်။ ဒီတော့ သူတို့ကလည်း သူတို့ ကြိုးတန်းကြောင့် သူတို့ လှန်းတဲ့ အဝတ်တွေက ပိုပြီး နိမ့်လာမယ်။ ဒီတော့ သူတို့ ပိုပြီး ခါးကော့ ရင်မော့ပြီး မလျှောက်နိုင်တော့ဘူး။ ခါးကုန်း ဒူးညွတ်ပြီး လျှောက်ကြရတော့မယ်။ ဒါဟာ အတားအဆီးပဲ သူငယ်ချင်း။

အဲ. .  ငါလည်း သူများရဲ့ ကိုယ်ရေး ကိုယ်တာ လုပ်ပိုင်ခွင့်တွေကို ဝင်ပြီး ပြောမိနေပြီလား မသိဘူး သူငယ်ချင်း။ ဆောရီးပဲကွာ။ ”

“ မဟုတ်တာကွာ။ မင်း အခုလို ပြောပြမှ ငါက သိလိုက်ရတာ။ မင်းကို ငါ ဘယ်လောက် ကျေးဇူးတင်တယ် ဆိုတာကို ငါ အခု လက်တွေ့ပြမယ်။ ”

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

“ အစ်ကိုလည်း ဒီလို ပြောပြီး ဘာထ လုပ်လိုက်တယ် ထင်လဲ။ ”

“ မသိဘူး အစ်ကို မုန့်လိုက်ကျွေးတာလား။ ” ( ကျွန်တော်ကလည်း ဒီလိုပဲ တုံးတယ်။ )

“ အာ. . ပေါက်ပေါက်ရှာရှာကွာ။  အခန်းထဲက ပလာယာကို ယူပြီး လူသွားလမ်းမှာ အဝတ်လှန်းဖို့ လုပ်ထားတဲ့ ကြိုးတန်းတွေရော ၊ လူနဲ့ မလွတ်လပ် နေရာတွေမှာ လုပ်ထားတဲ့ အဝတ်ကြိုးတန်းတွေကိုရောကို ထောင်းခနဲ ထောင်းခနဲ နေအောင် ဖြတ်ပစ်လိုက်တယ်ကွာ။

ဒီလို လုပ်လိုက်တော့မှ အစ်ကို့ အခန်းကလည်း လူလို သူလို ရှင်းရှင်းလင်းလင်း ဖြစ်သွားတယ် ဆိုတာ ချက်ချင်းကို မြင်လိုက်ရတာပဲ။ ”

“ သြော်. .”

“ အစ်ကိုတို့ ၊ မင်းတို့ အိမ်တွေမှာ ၊ အိမ်ရဲ့ ခြံဝန်းတွေမှာ အဝတ်ကြိုးတန်းတွေများ ဘယ်တုန်းက လူတွေနဲ့ လွတ်ဖူးလို့လဲ ဟုတ်တယ် မလား။ တစ်နေရာရာကို သွားရရင် ဒီကြိုးတန်းတွေကို ငုံရှောင်နေရတာပဲ။ ”

“ ဟုတ်တယ် အစ်ကို ၊ ဒါတော့ ဟုတ်တယ်။ ”

“ အေး. . . ဒါပဲကွာ။ ဘဝမှာလည်း အတားအဆီးတွေ ဆိုတာ အများကြီး ရှိတယ်ကွ။ ဒါပေမဲ့ ကိုယ့်ဖာသာကိုယ် ချုပ်ကိုင်မိထားမှန်း မသိအောင် ချုပ်ကိုင်ထားမိနေစေတဲ့ အတားအဆီးတွေတော့ မဖြစ်စေနဲ့ပေါ့ကွာ။ ဒီအတားအဆီးတွေကတော့ ဘယ်ဟာကတော့ ဘယ်လိုပါ ဆိုတဲ့ ပုံသေ တွက်ချက်ထားမှု တွေကိုပါပဲ။ ဒါတွေက  “ ကြိုးတန်း ” တွေ ပဲပေါ့။

“ ဟုတ်ကဲ့။ ”

ဒီဟာကတော့ ဒီလိုပါ ဆိုတဲ့ ကြိုးတန်းတွေကို တွေ့ရင် ခေါင်းငုံရှောင် မနေနဲ့ ညီရေ။ ငုံရှောင်နေရတာနဲ့ ကိုယ်က ဒီအတားအဆီးကနေ မထွက်နိုင်တော့ဘူး ဖြစ်နေတတ်တယ်။ ဒီ ကြိုးတန်းတွေကို ထောင်းခနဲ ထောင်းခနဲ သာ ဖြတ်ပစ်လိုက်စမ်းပါကွာ။

Inspiration From ကိုသိုးထိန်း

နောက်ဆက်တွဲ။   ။ 

ကျွန်တော် ငယ်ငယ်က ကျွန်တော့် အစ်မ ဝမ်းကွဲ တစ်ယောက်က အရပ် အရမ်းရှည်ချင်တယ်။ သူက ပုတုတုလေးကိုး။ ကျွန်တော့်ကို အရပ် ရှည်ချင်တယ် ပြောတော့ ကျွန်တော်က ဖေဖေ ပြောထားဖူးတဲ့ “ ကန်စွန်းရွက်ကြော် ”  စားရင် အရပ်ရှည်တယ် ဆိုတာပဲ သိထားလေတော့ သူ့ကိုလည်း ဒီလိုပဲ ပြောမိတယ်။ ဒီတော့ သူကလည်း သူတို့ နားမှာ ရှိနေတဲ့ ကန်စွန်းရွက်တွေ ကြော်စားလိုက်တာ ကန်စွန်းတစ်ခင်းလုံးကို ပြောင်ရော ဆိုပါတယ်။

တကယ်လို့ဗျာ။ အခုနေ အချိန်များ ပြောခွင့်သာ ရခဲ့မယ် ဆိုရင် “ အစ်မရေ ၊ အစ်မအိမ်က ကြိုးတန်းများကို ဖြတ်လိုက်ပါ။ ” လို့ပဲ ကျွန်တော် ပြောချင်မိတော့တယ်ဗျာ။ ခါးကုန်းနေရတာထက် စာရင် ခါးမတ် ရင်ကော့နေတာ ပိုကောင်းပါတယ်။

မှတ်ချက်။  ။ “ ပျော်ရွှင်ချင်သလား ” ဆိုတဲ့ ပို့စ်ကို မြန်မာနိုင်ငံ 1း00 PM တွင် တင်ပါမည်။

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

မှတ်သားထိုက်ပါပေတယ် ကိုဇော်ရေ.. ဘ၀မှာ ကိုယ့်ဖာသာကိုယ် ချုပ်ကိုင်မိထားမှန်း မသိအောင် ချုပ်ကိုင်ထားမိနေတဲ့ အတားအဆီးတွေ ရှိနေတက်တယ်..ဆိုတာ လေး ဒီပို့စ်ကနေ သင်ခန်းစာ ရလိုက်တယ်ဟာ... ကြိုးတန်းတွေ မထားမိအောင် ဒီပို့စ်လေး သတိရနေပါ့မယ်.. ကျေးဇူး သယ်ချင်း...

ကိုရီး{ကိုကြီး} said...

အင်း... အမှုမဲ့ အမှတ်မဲ့ သတိမထားမိတဲ့ အရာလေးတွေ
အတွေး အရေးလေးတွေ ကောင်းတယ်ဗျ
ဖတ်ရင်းမျက်လုံးထဲ ပုံဖော်လို့ ရနေခဲ့တယ်
ကျေးဇူးပါ ဦးဇော်......
ချမ်းမြေ့ပါစေဗျာ။

Unknown said...

ဟာဗျာ သိပ်ကောင်းတယ်ဗျာ..ကျွန်တော်တစ်ခါမှမစဉ်းစားခဲ့ မိဘူး... အားလုံးကိုလွယ်သလိုလုပ်နေခဲ့ တာ
ဒီပိုစ့်မှာတင် အတွေးတော်တော်များများရလိုက်တယ် ကိုဇော်
ကျေးဇူးတင်တယ်ဗျာ....အင်းကြိုးတန်းတွေ
ကိုယ်တိုင်ဖန်တီးခဲ့ တဲ့ ကြိုးတန်းတွေနဲ့ ကျွန်တော်ပိတ်မိနေပါ့ပေါ့လား

မောင်မောင် said...

ကိုဇော် ရေ ဆောင်းပါး ဖတ်သွားပါတယ်။
ပြီးတော့ ကြိုးတန်းလေးတွေ ကို လဲ သတိထား ပြီး ဖြတ်လိုက်တော့မယ်။

SHWE ZIN U said...

ကိုဇော် ရေ

အကြောင်းအမျိုးမျိုး ရှိမှာပေါ့နော် ကြိုးတန်း လည်း အပါအဝင်ပေါ့..

ကျေးဇူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ayarwaddy 999 said...

တွေးရင် တွေးသလောက် အကျိုးရှိမည့် ပိုစ်လေးပဲ

sosegado said...

ကြိုးတန်းတွေက အတားအဆီးဖြစ်တာအမှန်ပဲ၊ ကလကတ္တားက ရပ်ကွက်တစ်ခုရောက်တော့ ကြိုးတန်းတွေ အများကြီးပဲ၊ အကယ့် အများကြီးပဲ၊ သွားဖြတ်ရင်ဝိုင်းရိုက်ခံရမဲ့သဘောရှိတယ်၊ ဂျပန်တွေ အရပ်ရှည်ဘို့ ပရောဂျက်တွေ အကြောင်းနားထောင်ဘူးပါတယ်၊ ဒါတော့ ပထမအကြိမ်ကြားဘူးတာ၊ ဗဟုသုတပါပဲ။

Unknown said...

ကိုဇော်ရေ....
အရမ်းကို ဖတ်လို့ကောင်းတယ် တကယ်သင်ခန်းစာယူသွားတယ်နော်...