ဘာရယ် မဟုတ်ဘဲ အရင်က စာအုပ်အဟောင်းလေးကို ဖွင့်ဖတ်မိတော့ ဆရာတစ်ယောက် ပြောထားတာလေးကို လက်ရေး သော့သော့လေးနဲ့ ရေးထားတာကို တွေ့လိုက်ရ၏။ အဲဒီတုန်းကတော့ ဆရာ ပြောသမျှ လိုက်မှတ်မိတာပါ။ လွတ်တာ ၊ ကျန်တာတွေလည်း ရှိမှာပေါ့။ ဒါပေမဲ့ အချက်အလက် အားလုံးတော့ လိုက်မှတ်ထားမိပါသည်။ ဒါကြောင့် အခု ပြန်ဖတ်တော့ အားလုံးကို အဲဒီတုန်းက ပြောနေတဲ့ အတိုင်း ပြန်လည် မှတ်မိလာတော့၏။ အခု အခြေအနေနဲ့တော့ ဒီလောက်ကြီး “ ၏ ၊ သည် ” မရွေး မလိုတော့ပေဘူး ဆိုတော့ အဓိက အချက်လေးကိုပဲ ဘလော့လေးမှာ “ ကျွန်တော့် မှတ်စု ” အနေနဲ့ တင်လိုက်ပါသည်။
ခေတ်ဟောင်း
ဟိုးအရင်က နာမည်ကျော် စာဆိုတစ်ဦး မြန်မာနိုင်ငံမှာ ရှိသည်။ သူက ချစ်သူကိုလည်း အရမ်းချစ်သည်။ ဒါပေမဲ့ အခြေအနေ တစ်ရပ်ကြောင့် နိုင်ငံရပ်ခြားမှ နိုင်ငံခြားသားများနှင့် ပူးတွဲကာ လုပ်ဆောင်ဖို့ တာဝန်ဖြစ်လာသည်။ ဒါကြောင့် သူ့ရဲ့ လုပ်ကိုင်ရမဲ့ ကိစ္စ တာဝန်များကို နိုင်ငံခြားသားများနှင့် အတူတူ လုပ်ဆောင်ရသည်။ တစ်နေ့တော့ နိုင်ငံခြားသားများနှင့် အတူတူ လုပ်ဆောင်နေစဉ် ရာသီဥတုကလည်း လွန်စွာမှ သာယာလှ၏။ ထိုအချိန် ကောင်းကင်တွင် ကြီးမားလှသော ငှက်ကြီး တစ်ကောင်က အတောင်ပံကို ဖြန့်ကာ ပျံသန်းသွားလေသည်။
ထိုသို့ ပျံသန်းသွားသည်ကို ထိုစာဆိုနှင့် နိုင်ငံခြားသားများလည်း မြင်လေသည်။ ထိုအချိန်တွင် စာဆိုက ရုတ်တရက် သူ့ရဲ့ ဦးနှောက်မှ ဥာဏ်ကွန့်မြူးကာ စာစပ်လေသည်။ ဒါကြောင့် လက်တန်းကဗျာ တစ်ပုဒ်ကို စပ်ဆိုကာ သူ့နောက်မှ နောက်လိုက် တပည့်ကို သူရွတ်ဆိုသော ကဗျာကို ကူးစေလေ၏။
“ ငှက်သွင်ပျံကြွ ၊ မတတ်သော်ငြား
x x x x ၊ x x x x
x x x x ၊ x x x x ”
ဟူ၍ စပ်ဆိုလေသည်။ သူစာစပ်လိုက်သည်ကို နိုင်ငံခြားသားက နားမလည်ပါ။ သူနားလည်တာကတော့ ဒီငှက်က ဘာငှက်လဲ ဆိုတာ သူသိချင်လာသည်။ ဒီငှက် ဘာလို့ ပျံသန်းနိုင်တာလဲ သူသိချင်လာသည်။ ဒီငှက်လို့ ငါတို့ ဘာလို့ မပျံသန်းနိုင်တာလဲ ဟု တွေးမိလာသည်။ ငါတို့လည်း ဘာလို့ ငှက်လို့ မပျံသန်းနိုင်ရမှာလဲ ဆိုပြီး စဉ်းစားမိလာသည်။ ထို့ကြောင့် သူ့နောက်မှ သူ့နောက်လိုက် တပည့်တစ်ယောက်ကို လှမ်းပြောလိုက်လေသည်။
“ အဲဒီ ငှက်နောက်ကို လိုက်။ အောက်ကနေ ရအောင် ပစ်။ ပြီးရင် ယူလာခဲ့။ သူ ဘာကြောင့် ပျံသန်းနိုင်တာလဲ ဆိုတာကို ငါတို့ လေ့လာပြီး ငါတို့လည်း ငှက်တို့လို ပျံသန်းနိုင်အောင် ကြိုးစား ကြံစည်ကြမယ်။ ”
ဒီလို နိုင်ငံခြားသားက ပြောတော့ မြန်မာ စာဆိုကြီးက ပြုံးလေသည်။ သူ့အတွေးထဲမှာ လူဆိုတာ အတောင်မှ မပါတာ ဘယ်လိုလုပ် ပျံသန်းနိုင်မှာလဲ ဟူ၍ ဖြစ်သည်။ သို့သော် ထိုအရာက သူ့အတွေးမျှသာ ဖြစ်ပါသည်။ အောက်မှ ငှက်ကို ရအောင် လိုက်ပစ်၍ ယူလာကာ ထိုနိုင်ငံခြားသားတို့က ငှက်ကို ခွဲခြား စိတ်ဖြာကာ ငှက်ကဲသို့ မပျံသန်းနိုင်သော်လည်း ပျံသန်းသကဲ့သို ဝဲပျံနိုင်သော Hand Glider ဆိုတာကို တီထွင်ကာ မိုးကောင်ကင်သို့ ပျံသန်းနိုင်ခဲ့ကြလေသည်။
သို့သော် “ ငှက်သွင်ပျံကြွ ၊ မတတ်သော်ငြား ” ဆိုသော ထိုစာဆိုမှာတော့ သူဆုံးပါးသွားသော အထိ ထိုစာကို ရွတ်ကာ မိုးကောင်းကင်သို့ မပျံသန်းနိုင်ခဲ့ပါ။
ခေတ်သစ်
ကျွန်တော်တို့ လူရွယ် အချိန်မှာ ရင်ဂိုရဲ့ နာမည်ကြီးပြီး လူကြိုက်များသော သီချင်းလေး တစ်ပုဒ် ရှိပါသည်။ လူတိုင်း ပါးစပ်ဖျားမှာ နာမည်ကြီးလှသည်။
“ အတောင်ပံပါရင် မင်းဆီကို ”
တဲ့။ ဒါကို ယခု စာဖတ်နေသူကတော့ ဘယ်လို ထင်ပြီး မြင်လည်း မသိပါ။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကတော့ . . .
“ အတောင်ပံပါရင် မင်းဆီကို ” ဆိုတော့ “ အတောင်ပံမပါရင် မင်းဆီကို မဟုတ်ဘူး ” လို့ ဆိုလိုတာပေါ့။ ဒီသီချင်းက အငြင်းသီချင်းကွ ”
လို့ ပြောခဲ့ဖူးပါသည်။ သူပြောတော့လည်း ဟုတ်သလိုလိုပါပဲလား။ မလာချင်လို့ တမင်များ လုပ်ဆိုထားသလား လို့တောင်မှ ယောင်တောင်တောင် တွေးသွားမိစေပါသည်။ အတောင်ပံပါရင် လာခဲ့မယ်ကွာ။ အခုတော့ အတောင်ပံမပါလို့ မလာတော့ဘူး ဆိုသလိုကြီး ဖြစ်နေသလိုပါပဲလား။ ဒါကြောင့်. . . . . . ထိုအဆိုတော်နဲ့ အတူ နားထောင်မိသူ ကျွန်တော်တို့တွေပါ မပျံသန်းနိုင်ခဲ့ကြပါ။
ထိုသီချင်းနဲ့ သိပ်မကွာသော ကာလက အနောက်နိုင်ငံတွေမှာ နာမည်ကြီးသော သီချင်းလေး တစ်ပုဒ်ရှိပါသည်။ R. Kelly ရဲ့ I Believe I Can Fly တဲ့။ “ ငါ ယုံကြည်တယ် ၊ ငါ ပျံသန်းနိုင်ရမယ် ” လို့ ဆိုလို၏။ “ I Think , I Can ” ဆိုသော သဘောမျိုး။
ထိုကြောင့် သူတို့သည် လေယာဉ်ပျံများ တီထွင်ကြသည်။ ဂလိုက်ဒါများ တီထွင်ကြသည်။ ဂျက်လေယာဉ်ပျံများ တီထွင်ကြသည်။ လေဟုန်စီးသော ကိရိယာများ တီထွင်ကြသည်။ သို့နှင့် သူတို့တွေ ပျံသန်းသွားကြပါသည်။ တစ်နေ့ထက် တစ်နေ့လည်း သူတို့ ရွတ်ဆိုကြသည်။
“ I Believe I Can Fly ”
“ I Think , I Can ”
ဒါနဲ့ သူတို့ထက် တစ်နေ့ထက် တစ်နေ့ မြင့်မားစွာ ပျံသန်းနိုင်ကြပါတော့သည်။ သူတို့သည် လုပ်နိုင်သည်ဟု ဆိုသည်ထက် ပို၍ လုပ်နိုင်လာကြပါတော့သည်။ သူတို့သည် တီထွင်နိုင်သည်ထက် ပို၍ တီထွင် နိုင်လာကြပါတော့သည်။
ခေတ်လွန်
- မြန်မာနိုင်ငံတွင် ဘာတွေ ထပ်၍ သီဆိုဖြစ်ကြမည်လဲ။ ဘာတွေ ထပ်၍ ရေးဖြစ်ကြမည်လဲ။ ဘာတွေ ထပ်၍ တွေးဖြစ်ကြမည်လဲ။
- သူတို့ တခြားနိုင်ငံကရော ဘာတွေ ထပ်၍ သီဆိုဖြစ်ကြမည်လဲ။ ဘာတွေ ထပ်၍ ရေးဖြစ်ကြမည်လဲ။ ဘာတွေ ထပ်၍ တွေးဖြစ်ကြမည်လဲ။
- ထိုအတူ ဘယ်သူတွေက ဘယ်လို ဆက်လက်၍ မြင့်မားစွာ ပျံသန်းသွားနိုင်ကြမည်လဲ။ ဒါကြောင့် အခု ကျွန်တော် ဒီစာလေးကို ရေးနေရင်း စဉ်းစားမိပါသည်။
“ ကျွန်တော်တို့ ဘယ်တော့ ပျံသန်းနိုင် မလဲ။ ”
လေးစားစွာဖြင့်
ကိုဇော်
.
ကျွန်တော်တို့ ဘယ်တော့ ပျံသန်းနိုင်မလဲ
10 ယောက် ရဲ့ ထင်မြင်ချက်:
တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်။ အဲ ဖြစ်၍ လာလိမ့်မည်။ အနော်ကတော့ ဘယ်တော့ ပျံမှာလဲ ဆိုတာကို မသိသလို ဘယ်တော့ ပြန်ရမလဲဆို တာလဲ မသိဘူး။ ဟီဟိ
ကိုဇော်ရေ
ပျံရင်းသေမည်တဲ့ အဲ မပျံတတ်တာခက်တယ် အင်း တွေးစရာတွေ တွေးသွားပါတယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အတောင်ပံပါရင် မင်းဆီကိုပေါ့..
စိတ်ထဲမှာတော့ ပျံသန်းနေကြပါတယ်
မကြီးရွှေစင် ပြောသလိုပဲ
မပျံသန်းတတ်တော့ ခက်တယ်။
ဖြစ်လာပါလိမ့်မည်။ တစ်နေ့နေ့ပေါ့...
အနာဂတ်မြင်ကွင်း FUTURAMA ဆိုတဲ့ ကျွန်တော့်
ကဗျာထဲမှာ ချက်ခြင်းပျံခိုင်းထားပါတယ် ...
စောင့်မျှော်ရမောလှပြီပေါ့ကွယ် ဆိုတဲ့ သီချင်းလေးကို သတိရနေမိပါတယ် ...
ငြိမ်းစိုးဦး
စိတ်ကူးတွေနဲ့ ကိုယ့်အိမ် ကိုယ်ပြန်နေတာတော့ တော်တော် ကြာနေပြီ။ ခုထိ မရောက်နိုင်သေးဘူး။
ပျံချင်တာများ အတောင်ပံ ပေါက်အောင်စောင့်ပေါ့လို့ ဟွန့်
ပျံသန်းခွင့်တော့ ရပါစေ။
တီခါတီလေတော့လည်း ခြစ်သူလေးနဲ့တူတူပျံသန်းချင်ဘိ
ဖတ်ပြီးသားလေးပါ.... အခုမှ လာမန့်ဖြစ်တယ်.. လေ့ကျင့်ပျိုးထောင်မှုတွေများလာရင် အတွေးအခေါ်မြင့်တန်လာကောင်းရဲ့....း))
Post a Comment