တစ်ခါက. . . .
ဂန္ဓီဟာ ခရီးတစ်ခုကို ရထားစီးသွားဖို့ ရထားဘူတာကို ရောက်လာခဲ့တယ်။ သူရောက်လာတယ် ဆိုရင်ပဲ ရထားက စတင်ပြီး ထွက်ခွာဖို့ ဘီးစလှိမ့်နေပြီ။ ဒီတော့ ဂန္ဓီကြီးလည်း ရထားပေါ် ကမန်းကတမ်းတတ်လိုက်ရတယ်။ ဒီတော့ ရထား ခြေနင်းခုံနဲ့ သူ့ရဲ့ ခြေထောက်တစ်ဖက်က တိုက်မိပြီး သူရဲ့ ဖိနပ်တစ်ဖက်က ရထားအောက်က သံလမ်းပေါ်သို့ ကျသွားခဲ့တယ်။
ဒီတော့ ကျန်နေတဲ့ ဖိနပ်တစ်ဖက် တစ်ဖက်နဲ့ ဂန္ဓီ ရထားပေါ်ကို သေချာ ရောက်သွားတယ် ဆိုရင်ပဲ ဂန္ဓီက သူ့ခြေထောက်တစ်ဖက်မှာ ကျန်နေတဲ့ ဖိနပ် တစ်ဖက်ကို ကမန်းကတမ်း ချွတ်လိုက်ပြီး ခုနက ကျသွားတယ် ဆိုတဲ့ ဖိနပ် ရှိနေနိုင်တဲ့ နေရာကို မှန်းပြီး ကျန်နေတဲ့ ဖိနပ်ကို ပစ်ချလိုက်တယ်။ သူ ဒီလိုလုပ်တာကို ဘေးမှာ ရှိနေတဲ့ လူတစ်ယောက် တွေ့တော့ . .
“ ဘာလုပ်တာလဲဗျ..။ ဘာလို့ ကျန်နေတဲ့ ဖိနပ်ကိုလည်း လွှင့်ပစ်လိုက်ရတာလဲ။ ”
“ ကျွန်တော့်ဆီမှာ ကျန်နေတဲ့ ဖိနပ်က ဘာမှ လုပ်လို့မရတော့ဘူးလေ။ ဒီလို ခုန ကျသွားတဲ့ နေရာနားရောက်အောင် ကျန်နေတဲ့ ဖိနပ် တစ်ဖက်ကို ပစ်လိုက်တော့ ဖိနပ်ကို တွေ့တဲ့ သူက ဖိနပ် တစ်ရံဆိုတော့ စီးလို့ရတာပေါ့ဗျာ။
တစ်ဖက်တည်းဆိုရင် ကျွန်တော်လည်း အသုံးမဝင်ဘူး။ သူလည်း အသုံးမဝင်ဘူးလေ။ အခုလို တစ်ရံလုံးရတော့ သူ စီးလို့ရတာပေါ့။ ”
လို့ ပြန်ဖြေခဲ့ပါတယ်။
source: Chicken Soup For The Soul
နောက်ဆက်တွဲ
ဒီစာလေးကိုတော့ ကြားဖူး ၊ ဖတ်ဖူးကြမယ် ထင်ပါတယ်။ ဒီစာလေးကို ကျွန်တော်တို့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဖတ်ရတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ တော်တော် နှစ်သက်ခဲ့ကြတယ်။ ဒီအထဲမှာမှ ကျွန်တော့်သူငယ်ချင်း “ X X X X ” က အရမ်းကို နှစ်သက်တယ်။ သူတစ်ခုခု ပြောတယ် ဆိုရင်. .
“ မင်းတို့ ဂန္ဓီကြီး ဖိနပ်တစ်ဖက်ကိုပါ ပစ်လိုက်သလို ကိုယ်မသုံးတော့ပေမဲ့ သူများ အတွက် အသုံးဝင်အောင် ကြိုးစား ၊ စဉ်းစားသင့်တယ် ။ ”
လို့ အမြဲပြောလေ့ရှိတယ်။ ပြီးတော့ ...
“ မင်းတို့ မှတ်ထား.. ၊ ငါလည်း တစ်နေ့ ကြုံခဲ့ရင် ဂန္ဓီ လိုမျိုး ဖိနပ်ပစ်ချပြီး ကိုယ်အသုံးမဝင်တော့တာကို သူများ အတွက် မသုံးတည့်အောင် လုပ်ပြဦးမယ် ။ ”
လို့ အမြဲတမ်း ပြောလေ့ရှိတယ်။
ကျွန်တော်ဟာ ရထားစီးရခြင်းကို အရမ်းနှစ်သက်ပါတယ်။ ဒါကြောင့် ခရီးတစ်ခု သွားမယ် ဆိုရင် ကားစီးလို့ရတယ်။ ရထားလည်း စီးလို့ရတယ် ဆိုရင် ရထား ခရီးကိုသာ ရွေးခြယ်လေ့ရှိပါတယ်။ မန္တလေးသွားတော့လည်း ရထားနဲ့ပဲ သွားခဲ့တယ်။ မြစ်ကြီးနားသွားတော့လည်း ရထားလမ်းပဲ ရွေးခဲ့တယ်။ တခြားတစ်နေရာရာကိုလည်း ရထားလမ်းနဲ့သာ ကျွန်တော်သွားခဲ့တယ်။ ရထားနဲ့ သွားလို့ လမ်းဘေးမှာ မြင်နေရတဲ့ မြင်ကွင်းတွေကို ကျွန်တော် နှစ်သက်တယ်။
ရထားအချိန် စာရင်းလေးတွေကိုလည်း ကျွန်တော် မှတ်ထားလေ့ရှိတယ်။ မြို့ထဲကို သွားမယ် ဆိုရင် ကျွန်တော် ဒဂုံတက္ကသိုလ်ထဲကို ရောက်အောင် အရင်ကားစီးသွားတယ်။ ပြီးရင် ဒဂုံတက္ကသိုလ်ထဲကနေ မြို့ထဲကို ရထားစီးသွားလေ့ရှိတယ်။ ဘာရယ် မဟုတ်ပေမဲ့ ကားပေါ်မှာလို လူတွေ ရှုပ်ထွေးပြီး ၊ ကားရပ်စောင့်ရလိုမျိုး ရထားမှာ ခံစားမှု မရှိတာလည်း ပါတယ်။ ဒါကြောင့် ရထားချိန်နဲ့ အဆင်ပြေတယ် ဆိုရင် ကျွန်တော် ရထားစီးဖို့ ဒဂုံတက္ကသိုလ်ထဲကို သွားပြီးမှ ရထားစီးပြီး မြို့ထဲ သွားလေ့ရှိတယ်။
တစ်နေ့တော့ ကျွန်တော့်အိမ်ကို X X X X ရောက်လာတယ်။ သူကလည်း စာတွေ ဘာတွေ ရေးပါတယ်။ ကျွန်တော်ထက် ပိုပြီး သူ့စာတွေက မဂ္ဂဇင်းမှာ ပါလေ့ရှိတယ်။ ဒီတော့ ပါလာတိုင်းလည်း ကျွန်တော့်ဆီ လာကြွားလေ့ရှိတယ်။ အခုလည်း သူရေးထားတဲ့ ဝတ္ထုတို တစ်ပုဒ် ပါလာလို့ ကျွန်တော့်ကို လာကြွားရင်း စာမူခ သွားထုတ်ပြီး မဂ္ဂဇင်းစာအုပ်လည်း သွားယူဖို့ ကျွန်တော့်ကို လာခေါ်တာပါ။ ဒါနဲ့ သူနဲ့ ကျွန်တော် မြို့ထဲ သွားဖို့ပြင်ဆင်တယ်။
ပြီးတော့ ကျွန်တော် သတိရလို့ နာရီ အချိန်ကို ကြည့်လိုက်တော့..
“ ဟာ..အတော်ပဲ ဟေ့ကောင် ဒဂုံတက္ကသိုလ်ထဲက ရထားချိန်မှီနိုင်တယ်။ မမှီတော့လည်း ကားပတ်စီးရလိုပေါ့ကွာ။ ဒီကနေမှ ကားပြန်စီးသွားမယ်။ ဒီအချိန် ကားကြပ်တယ်ကွ။ ”
သူ ဘာမှ မပြောပါဘူး။ ဒါနဲ့ ကျွန်တော်တို့လည်း ဒဂုံတက္ကသိုလ်ကို ကားစီးလာတယ်။ ကားက ဂိတ်ဆုံးကို ရောက်ခါနီးတော့ ရထားက ဥသြဆွဲသံကြားတယ်။
“ ဟာ ရထားထွက်တော့မယ် ထင်တယ်။ ”
ဆိုပြီး ကားရပ်တာနဲ့ ကျွန်တော်တို့ လှမ်းမြင်နေရတဲ့ ရထားဘူတာကို ပြေးကြတယ်။ ရထားကလည်း တကယ်ကို ဘီးစလှိမ့်နေပြီ ဒီတော့ . .
“ ဟေ့ကောင် . .မင်းတတ်ထားနှင့်။ ငါလက်မှတ် ဝယ်ပြီး လိုက်လာမယ်။ ”
ဆို ကျွန်တော် ပြောပြီး ကျွန်တော်က ဝင်ဝင်ချင်းဘေးမှာ ရှိနေတဲ့ ဘူတာရုံက လက်မှတ်ရောင်းနေရာကို သွား လက်မှတ်ဝယ်ပြီး သူ့ပြေးတတ်ရာ ရထားအတွဲကို ကျွန်တော် လိုက်ပြေးတတ်လိုက်တယ်။ ကျွန်တော် အပေါ်ရောက်တော့ သူက ချီတုံချတုံ ဖြစ်နေတဲ့ ပုံစံနဲ့ . . .
“ ဟေ့ကောင် .. ဘာဖြစ်နေတာလဲကွ။ မင်း ပုံစံကလည်း. . ။ ”
ဆိုတော့ သူက . .
“ ငါ့ဖိနပ် တစ်ဖက် ရထားသံလမ်းအောက်ကို ပြုတ်ကျသွားလို့ကွ။ ”
ကျွန်တော်လည်း အရင်က သူပြောနေကြ ..“ တစ်နေ့တော့ င်ါလည်း ဂန္ဓီ လို လုပ်ပြဦးမယ်။ ” ဆိုတဲ့ စကားလေးကို သတိရတော့. . .
“ ဒါဆို အတော်ပဲလေ ၊ မင်း ဂန္ဓီ လို လုပ်ပြမယ် ဆို အခု မင်းလုပ်ပြဖို့ အခွင့်ကောင်းပဲကွ။ မင်း ကျန်နေတဲ့ ဖိနပ် တစ်ဖက်ကို ချွတ်ပြီး ခုန ကျတဲ့ နေရာ ရောက်အောင် ပစ်လိုက်လေကွာ။ ”
ဒီတော့ သူက ဘာပြောလဲ ဆိုတော့....
“ ဟေ့ကောင် မင်း ဒီရထားနဲ့ လိုက်သွားတော့ ၊ ပြီးရင် တိုးကြောင်လေး ဘူတာမှာ ဆင်းပြီး စောင့်နေ။ ငါ ကားစီးပြီးလာခဲ့မယ်။ ”
ဆိုပြီး ဘာမပြော ၊ ညာမပြောနဲ့ အရှိန်ရခါစ ရထားပေါ်ကနေ ခုန်ဆင်းသွားပါလေရော။ ( ကျွန်တော်တို့က ကားတွေကို တွယ်စီးနေကြ ၊ ခုန်ဆင်းနေကြဆိုတော့ ဒီလောက်တော့ ဘာမှ မဖြစ်ပါဘူး အေးဆေးပါ။ ) ကျွန်တော်လည်း သူဘာမှ သေချာ မပြောပဲ ခုန်ဆင်းသွားတော့ ၊ ဘာမှန်းမသိပေမဲ့ သူပြောသလို နောက်ဘူတာ ဖြစ်တဲ့ တိုးကြောင်လေးဘူတာမှာ ဆင်းပြီး သူ့ကို စောင့်နေလိုက်တယ်။
၁၅ မိနစ်လောက်ကြာတော့ သူက ကားစီးပြီး ကျွန်တော် စောင့်နေတဲ့ တိုးကြောင်လေး ဘူတာကို ရောက်လာတယ်။ ဒါနဲ့ ကျွန်တော်ကလည်း ဘုမသိ ဘမသိနဲ့ . .
“ မင်းကလည်းကွာ ပိုလွန်းအားကြီးတယ်။ ဖိနပ် ပစ်ချတာများ ဒီအတိုင်း မှန်းပြီး ပစ်လိုက်လည်း ရတာပါပဲကွာ။ တကူးတကကြီးသွားပြီး နေရာတကျဖြစ်အောင် သွားချစရာ မလိုပါဘူးကွ။ ”
လို့ ပြောတော့ ..သူက. . .
“ အဟီး။ သွားပြီးတော့ ပစ်တာ မဟုတ်ဘူးကွ။ သွားပြန်ကောက်တာ။ ”
“ ဘာ။ မင်းပြောတော့ မင်းသာကြုံရင် ဂန္ဓီ လိုမျိုး ဖိနပ် လွှင့်ပစ်ပြမယ် ဆို။ အခုတော့ မင်းက အခွင့်အရေးရတာတောင်မှ။ ”
ဒီတော့ သူက ရှက်ပြုံးပြုံးရင်း. . .
“ ငါ့ဖိနပ်က “ မြမာလာ ” ကွ။ ပြီးတော့ ဝယ်ထားတာ တစ်ပတ်တောင်မှ ရှိသေးတာ မဟုတ်ဘူး။ အသစ်ကြီးကွ။ နောက်ပြီး မင်းနဲ့ မြို့ထဲ သွားရဦးမယ်လေ။ ဂန္ဓီ ဖိနပ် မပါတာက ဟိုးအရင်ကကွ ဘာမှ မဖြစ်ဘူး။ သူတို့ခေတ်က ဖိနပ် သေချာ စီးကြသေးတာ မဟုတ်တော့ ဒီအတိုင်းသွားလည်း ပြဿနာ မရှိဘူး။
အခုဟာက ငါတို့က မြို့ထဲကို ဖိနပ်မပါပဲ သွားရင် အားလုံးက ငါ့ကို ဝိုင်းကြည့်မှာပေါ့ကွ။ ဖိနပ်ဆိုင် မရောက်မချင်း ဒီလိုကြီး ဘယ်လိုလုပ် လျှောက်မလဲ..။ ဒါကြောင့်မို့ပါကွာ အဟီး။ နောက်တစ်ခါတော့ ကြုံဦးမှာပေါ့။ အခုတော့ ခွင့်လွှတ်ကွာ ၊ ပြီးတော့ ဘယ်သူ့မှလည်း လျှောက်မပြောနဲ့နော်။ ဒီနေ့ မင်းကို ငါ ဒကာခံပါ့မယ်။ အဓိက ဟိုကောင်တွေသာ သိသွားရင် ငါတော့ သွားပြီ။ ”
ကဲ..။ ဂန္ဓီကို အားကျပြီး ဂန္ဓီလိုမျိုး ဖိနပ် လွှင့်ပစ်ချင်တယ် ဆိုတဲ့ သူငယ်ချင်း တစ်ယောက်အကြောင်းပါ။ ကျွန်တော် ဘယ်သူ့မှ မပြောဘူးနော်...၊ အဟဲ.. ရေးပြလိုက်တာပါ။
မှတ်ချက်။ ။ Ganhdi ဟူသော စာလုံးအဓိပ္ပါယ်မှာ အဓိကကျသော နဲ့ ပတ်သတ်တယ်လို့ ဆရာတစ်ယောက်က ပြောဖူးပါတယ်။ ဒါကြောင့် Ganhdi ကို မြန်မာလိုရေးရာမှာ “ ဂန္ဒင်္ီ ” လို့ မရေးပဲ “ ဂန္ဓီင်္ ” လို့ရေးမှသာ မှန်တယ်လို့ ကျွန်တော့်ဆရာက ပြောပြဖူးပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မှားနေတယ် ဆိုရင်တော့ ကျွန်တော့်အမှားသာ ဖြစ်ပါတယ်။
.

( ဟိုးအရင်က ကျွန်တော် မာတီမှာ ရေးခဲ့တာလေးပါ။ ပြင်ဆင်ပြီး ပြန်တင်လိုက်ပါတယ်။ )
လေးစားစွာဖြင့်
ကိုဇော်
.
8 ယောက် ရဲ့ ထင်မြင်ချက်:
ဒီလိုပါပဲ လူတွေဆိုတာ...
အပြောနဲ့ အလုပ် မညီနိုင်ကြတာ များပါတယ်..
အ၇မ်း၇ီ၇တယ်
“ဒ”နဲ့မရေးဘဲ “ဓ” နဲ့ရေးတဲ့အမည်က မှန်ပါတယ် ကိုဇော် ...အင်္ဂလိပ်လိုကတော့ " Gandhi " လို့ ရေးမှ မှန်ပါမယ်....
အင်း...
ဒီပို့ (စ) လေး ကိုဖတ် ပြီး
စကား ကို ဘယ်တော့ မှ ကုန်အာင်မပြော ဘို့ 
လုပ်နိုင် သလောက်သာ ပြော ဘို့  ဆို တာ ကို
သွားသတိ ရမိပါတယ် ။ သူများ လုပ်နိုင်ပေမဲ့ 
ကိုယ် လုပ်နိုင်ချင်မှ လုပ်နိုင်မယ် မဟုတ်လား၊
အမှန် က တော့  ကမ္ဘာ ကျော်တွေ ရဲ့  သတ္တိ မျိုး
သာမန် လူတွေ မှာ ရှိနူင် ခဲပါတယ်လေ၊
ကြုံ တုံး ပြောခဲ့ ချင်..၊ လောလောဆယ် အပြော နဲ့ 
အလုပ် ညီနေတာ အမေစု နဲ့  ကိုကျော်သူ ဗျ ၊
ဟုတ်ရဲ့  လား ....။
ဟီး ကိုဇော်ကတော့ ရေးလိုက်ရင် အလန်းကြီးတွေ
ဟိုနေ့ကလည်း ပေါင်းနှုတ်မြှောက်စားမှာ ရယ်ရပြီးပြီ
ဒီနေ့ ဂန္ဒီကြီးနဲ့ကလိထိုးပြန်ပြီ..
ခင်မင်လျှက်
ကိုကိုးအိမ်
မိုးစက်ပွင့် ခင်ဗျား...
Gandi ကို Ganhdi လို့ ပြင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ရှမ်းချက်နဲ့ မှားချက်ပါပဲ။
အားလုံးကိုလည်း ကျေးဇူးပါ။
အော်.. သူ့ခမျာမယ် စိတ်ကလေးကတော့ ဂန္ဓီ လိုဖြစ်ချင်ရဲ့ .. လက်တွေ့ကျတော့ လိုက်မလုပ်နိုင်ရှာဘူး.. ဟီးး
ကိုဇော် ရေးတဲ့စာတွေကနေ ကိုယ့်အမူအကျင့်တွေ ပြင်နိုင်အောင် သတိပြုမိတဲ့အတွက် ကျေးဇူးကမ္ဘာပါနော်..စကားမစပ် မမိုးစက်ပွင့်ပြောတာက Gandhi လို့ပြောတာပါ ပိုမှတ်မိသွားတာပေါ့..
Post a Comment