မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 June 2016

1 စာအန်ခြင်း (၂)

" စာအန်ခြင်း (၂) "

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

ချစ်ရေးချစ်ရာ ဆိုတာ
အပြစ်ရေး ၊ အပြစ်ရှာလောက်
မလွယ်ကြောင်း လူတချို့ကို
မ . . .ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

ချစ်ရသူရဲ့ မျက်နှာ မြင်ရခြင်းဟာ
ကျောက်ခေတ်က လူတွေ " လ " ကို မြင်ရသလိုပဲ လို့
ရင်ဖွင့် အသံထွက်ကာ
မ . . . ရှင်း . . . ပြ . . . မိ. . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

လက်ခုပ် ဆိုတာ
နှစ်ဘက် တီးမှ မြည်နိုင်ပေမယ့်
အချစ် ဆိုတာက အသံမြည်စရာ မလိုကြောင်း
မ . . . ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

သုတေသီတွေရဲ့ အဆိုအရ
ငါးတွေဟာ ငိုကြွေး တတ်ကြကြောင်း သိခဲ့ရပြီး
ဘာကြောင့် မိုးရေထဲ ခဏခဏ ထွက်လျှောက်ကြောင်း
မ . . . ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

လက်နဲ့ ယက်ပြီး နှင်နှင်
မျက်စိမျက်နှာနဲ့ နှင်နှင်
အနှင်ခံရသူရဲ့ခံစားမှု ဆိုတာကို
မ . . . ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

ကိုယ့်ကို မြင်နေပေမယ့်
မမှတ်မိတော့တာထက် စာရင်
မှတ်မိနေမယ် ထင်ပြီး မတွေ့တော့တာက သာကြောင်း
မ . . . ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

ဇီဝဇီုးတွေ အန်ပါများရင်
သွေးစ သွေးနတွေ ပါလာတတ်သလို
လူက ရင်ထဲမှာ နှလုံးကွဲကာ သွေးလွန် နိုင်ကြောင်း
မ . . . ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

ရပါတယ် ၊ အဆင်ပြေပါတယ်
သဘောပါပဲ ၊ အိုကေလေ လို့ ဆိုပြီး
အခု ကျနော် မိုးရေထဲ လမ်းလျှောက်နေတဲ့ အကြောင်း
မ . . . ရှင်း . . . ပြ . . . တော့ . . . ဘူး။

ကိုဇော်
5-Jun-2016

( http://zaw357.blogspot.com/2013/03/blog-post_21.html?m=1 မှာတော့ " စာအံခြင်း ( ၁) " ကို ဖတ်နိုင်ပါတယ်။ )

.
Share/Bookmark

08 November 2014

4 အိပ်ပျက်သွားတဲ့ည ( Tag )


ကိုယ့်ဖာသာလည်း အံ့သြနေမိသည်။ အိပ်ယာထဲ ရောက်ပြီး ငါးမိနစ် အကြာတွင် ကျနော့် ဟောက်သံ ထွက်လာလေ့ရှိသည် ဟု အိမ်သားတွေက ပြောလေ့ရှိသည်။ ဒီလောက် ကျနော်က အိပ်ပျော်ဖို့ လွယ်ကူသောသူ တစ်ယောက်ဖြစ်သည်။

သို့သော် ဒီညတော့ အဝေးမှ ကားလမ်းပေါ်ရှိ ကားများ အရှိန်ပြင်းစွာ  ဖြတ်မောင်းသွားသံများကို ကြားနေရသည်။ နံရံမှ နာရီကလည်း သုံးကြိမ်မြောက် တီးလုံးသံကြားသည် အထိ ကျနော် အလူးလူး အလှိမ့်လှိမ့်ဖြင့်သာ ရှိနေခဲ့သည်။ 



ကျနော်တို့ မောင်နှမတွေမှာ ကျနော်က အကြီးဆုံး ဖြစ်သည်။ နှမ နှစ်ယောက် ကျနော့်မှာ ရှိသည်။ အိမ်မှာ အဖေ ၊ အမေ ၊ အဖိုး ၊ အဖွား ၊ ဦးလေး ၊ အဒေါ်တို့ ကိုယ့်ထက် အကြီး ရှိနေပေမယ့် မောင်နှမထဲမှာ ကိုယ့်ထက် အကြီး မရှိ။ ဒီအခြေအနေက ကျနော့်ကို တခြား သူငယ်ချင်း ၊ ကိုယ့်ထက် အကြီး အစ်ကို ၊ အစ်မတွေ အပေါ် ပိုခင်တွယ်မိစေသည်။

ကျနော့်မှာ သူက ကိုယ့်အပေါ် အချစ်ဆုံး သူငယ်ချင်း မဟုတ်ပေမယ့် ကိုယ့်က သူ့အပေါ် အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးသည်။ ရှစ်တန်းကျောင်းသား ဘဝ ခပ်ကဲကဲ ၊ ခပ်ရွတ်ရွတ်တွေ စုမိရာမှ သူနှင့် ကျနော် သူငယ်ချင်းတွေ ဖြစ်လာခဲ့သည်။ နောက်တော့ တတွဲတွဲ ဖြစ်ခဲ့သည်။ ထိုသူငယ်ချင်းသည် ကျနော့်ထက် အရပ်ပုသူ ဖြစ်၏။ တခြားသူနှင့် ယှဉ်ရင်လည်း ပု၏။ သို့သော် အလွန် ရုပ်ချောသူ တစ်ယောက်လည်း ဖြစ်သည်။

သူနဲ့ ကျနော် ခင်မင်ရင်းနှီးခဲ့တဲ့ အချိန်ကာလ အတွင်း သူက ရုပ်ချောသူတို့ရဲ့ ထုံးစံအတိုင်း ချစ်ရေးချစ်ရာ ကိစ္စတွေ များသလောက် ကျနော်ကတော့ ဘောလုံးကန်ဖို့ ၊ သူများကို စိတ်ညစ်အောင် စဖို့ နောက်ဖို့ လောက်သာ အာရုံရှိနေခဲ့သည်။ သူ သူ့ကောင်မလေးတွေဆီကို သွားတိုင်း ၊ လိုက်စကားပြောတိုင်း ကျနော်က ဘေးကနေ အဖော်လိုက်ပေးလေ့ ရှိသလို ၊ ကျနော် ဘောလုံးချိန်းကန်တိုင်း သူက အဖော် လိုက်လေ့ ရှိသည်။ တစ်ခါတလေ လူလိုရင် စိတ်လိုလက်ရ ဂိုးဝင်ဖမ်းလေ့ ရှိသည်။ သူ ကောင်မလေးတွေနဲ့ ခပ်ရှုပ်ရှုပ်နေတာကို ကျနော်ကလည်း ဘာမှ မဝေဖန်သလို ၊ ကျနော် ပေါက်ကရ လျှောက်လုပ်သမျှကိုလည်း သူက ငြီးငြူးခြင်း အလျင်းမရှိခဲ့။

တစ်နေ့တော့ သူက ကျနော့်ကို တိုက်တွန်းမှု တစ်ခု ပြုလုပ်ခဲ့သည်။

“ ဟေ့ကောင် ငါတို့ ကျောင်းကို နယ်က ပြောင်းလာတဲ့ မမကြီး လေးယောက် မိုက်တယ်။ အဲဒီ့ အထဲမှာမှ အရပ်ရှည်ရှည်နဲ့ တစ်ယောက်က အရမ်းမိုက်တယ်။ မင်း လိုက်ပါလား။ "

အဲဒီတုန်းက ကျနော်တို့က ၉ တန်း ၊ ထိုအစ်မတွေက ၁၀ တန်းကို နယ်ကနေ ရန်ကုန်ကို လာဖြေသူတွေ။ အဲဒီကိစ္စတွေကို သိပ်စိတ်မဝင်စားတဲ့ ကျနော်က သတိမထားမိတာ သိပ်တော့ မဆန်း။

“ အာ . . . မင်းဖာသာ လိုက်ပါလားကွ။ ငါက ဘာလိုက်လုပ်ရမှာလဲ။ ”

 “ အဲဒီ့ အစ်မကြီးက အရမ်းမိုက်တယ်ကွ။ ငါလည်း လိုက်မလို့ဘဲ ၊ လိုက်ဖို့ ပြင်တော့ သူက ငါ့ထက် အရပ် အရမ်းမြင့်နေလို့ကွ။ ”

“ ဟားဟားဟား . . . .”

ကျနော် အော်ရယ်လိုက်မိသည်။

“ မင်းကွာ . . . မင်းထက် အရပ်မြင့်တာနဲ့ မင်းက ငါ့ကို လိုက်ခိုင်းတာ ဘာဆိုင်လို့လဲ။ ”

“ မင်းက ငါ့ အခင်ဆုံး သူငယ်ချင်းထဲက တစ်ယောက်ပဲလေ၊ ဒီလို ခပ်မိုက်မိုက် မမကြီး တခြားလူနဲ့ ငြိတာထက်စာရင် ငါ့ သူငယ်ချင်းနဲ့ ငြိတာကို ငါက ပိုသဘောကျတယ်။ ”

“ နေစမ်းပါကွာ။ ပြီးတော့ ငါကလည်း လိုက်မပြောရဲပါဘူး။ ကိုယ့်ဖာသာ အေးဆေး ဘောလုံးပဲ ကန်နေမယ် ဟေ့ကောင် . . . ”

သူက စိတ်ပျက်သွားသလို တစ်ချက် ကျွတ်စုတ်ပြီး ကျနော့်ဘက်ကို လက်ခါပြသည်။ ပြီးမှ . . . .

“ ဘာပဲ ဖြစ်ဖြစ် မင်း လိုက်တော့ ကြည့်လိုက် ဟေ့ကောင် . .”

ကျနော် ငြင်းမလို လုပ်ပြီးမှ သူ့ရဲ့ တက်ကြွနေမှုကို အားနာသွားလို့ . . .

“ အေးပါကွာ . . . ငါ လိုက်ကြည့်ပါ့မယ်။ မင်းကလဲ . . ”

 ပြောပြောဆိုဆို ကျနော်က သူ့ပခုံးကို လှမ်းဖက်လိုက်ရင်း တွန်းထိုးလိုက်၏။ သိပ်တော့ မကြည်လင်ပေမယ့် သူ အနည်းငယ်တော့ စိတ်ပြေသွားပုံပေါ်သည်။



နောက်နေ့ ကျနော် လိုက်ကြည့်တော့ သူပြောတဲ့ မမက အရပ်မြင့်မြင့်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတဲ့ ပုံပေါ်သည်။ လှတာကတော့ လှလား ဘာလား ကျနော် မျက်လုံးထဲ မကြည့်တတ်။

 “ အဲဒီ့ မမပဲ ၊ မိုက်တယ် မလား။ ”

အင်းးးးး ဆိုပြီး သံရှည်ဆွဲပြီး ကျနော် ထောက်ခံသလိုလို အသိအမှတ်ပြုသလိုလို အသံပြုလိုက်သည်။ ဒါပေမယ့် သူ ညွှန်ပြတဲ့ မမထက် ဘေးက မမက ကျနော့် အကြည့်ထဲ ပိုဝင်လာသည်။ အဓိက က ထိုမမရဲ့ အပြုံး ဖြစ်ပေလိမ့်မည်။

 “ ငါကတော့ မင်းပြတဲ့ မမထက် သူ့တစ်ယောက်ကျော်က မမကို ပိုသဘောကျတယ်။ အဲဒီ့ မမ အပြုံးက အေးချမ်းတယ်ကွ။ ”

သူက ကျနော့်ကို နားမလည်နိုင်သလို ကြည့်ပြီး . . .

 “ မင်းကတော့ တောကျတဲ့ ကောင်ပဲ။ ”

လို့ မှတ်ချက်ပြု၏။ ကျနော် ရယ်ကျဲကျဲသာ နေဖြစ်ခဲ့သည်။



သိပ်မကြာခင် အချိန်မှာပဲ ကျနော်နှင့် ထိုမမ ခင်မင်ရင်းနှီးခွင့်ရလာခဲ့သည်။ မမ နာမည်ကို ကျနော်က “ မနွေး ” ဟု ခေါ်သည်။ မမက ကျနော့်ကို “ မောင်လေး ” ဟုသာ ခေါ်သည်။ သူ့ကိုယ်သူတော့ “ မမ ” ဟု သုံးစွဲလေသည်။

 ကျောင်းဆင်းချိန် ၊ ကျောင်းမတက်ခင် ၊ မုန့်စားလွှတ်ချိန်တွေမှာ ဘောလုံး အမြဲတမ်း မကန်ဖို့ မမက ပြောလေ့ရှိသည်။ ပြီးတော့ ကျနော့် လက်ရေးကလည်း အလွန်လှသူမို့ ကျောင်းမှာ ကျနော်က ရည်းစားစာ အမြဲရေးပေးရလေ့ ရှိသည်။ ကူးရေးပေးသည် ဆိုပါတော့။ တစ်ခါတလေတော့လည်း သူတို့ ကောင်မလေးရဲ့ ပုံပန်းသဏ္ဍာန်တွေ ၊ အကျင့်စရိုက်တွေ ပြောပြရင် ကျနော်က စိတ်ကူးစာစီကာ ရည်းစားစာ ရေးပေးဖြစ်သည်။ ဒီအတွက် ရည်းစားစာကို ကိုင်ကာ ဆရာမထံ သွားတိုင်၍ ပြဿနာဖြစ်ပြီ ဆိုရင် ကျနော် အမြဲတမ်း အဆူခံရလေ့ ရှိသည်။

ကျနော့် လက်ရေးကို ဆရာ / ဆရာမတွေ အားလုံးက အလွတ်ရနေတာကိုး။ ဒီအတွက်လည်း မမက ဆုံးမလေ့ ရှိသည်။

 မမ နှင့် ကျနော့်ရဲ့ ဆက်ဆံရေးက ဘာလဲလို့ မေးရင် ကျနော်လည်း မဖြေတတ်။ ကိုယ့်ထက် အကြီး မရှိသော ကျနော့် အတွက် သွန်သင်ဆုံးမသော အစ်မကြီး တစ်ယောက်ရဲ့ ခင်မင်မှု ထက်မကတာတော့ သိပေမယ့် မနွေး ကို ဖွင့်တော့ မပြောဖြစ်သေး။ ချစ်ရေးချစ်ရာမှာ ကျွမ်းကျင်သူ မဟုတ်တာကြောင့် ဘယ်ကနေ ဘယ်လို ပြောရမယ် ဆိုတာကိုလည်း ကျနော် မသိ။ ကျနော့် သူငယ်ချင်းတွေကို မေးမြန်းရင်လည်း ဟားလွှတ်ခံရပေဦးမည်။

ကျနော့် အတွက်လည်း မနွေးဆီက အချစ်ကို ရဖို့ထက် ကျနော့်ဘေးမှာ ရှိနေတဲ့ ကိုယ့်ထက် ကြီးသော အစ်မကြီး တစ်ယောက်ပုံစံက ပိုပြည်စုံသလို ဖြစ်နေခဲ့သည်။

“ ဒါနဲ့ ငါ မေးပါဦးမယ် ၊ မင်းနဲ့ မနွေး နဲ့က ကြိုက်နေကြပြီလား။ ”

ကျနော့်ကို တွေ့တော့ သူငယ်ချင်းက မေး၏။

 “ ဘယ်လို ပြောရမလဲ။ အခုတော့ မကြိုက်သေးပါဘူး။ ဒါပေမယ့် သူလည်း ငါ့အပေါ် သံယောဇဉ်တော့ ရှိပုံ ရပါတယ်။ တစ်နေ့နေ့တော့ ငါ ဖွင့်ပြောတဲ့ အချိန်မှာ ပြန်ချစ်လာနိုင်ပါရဲ့။ ”

“ ဘာ . . . မင်းက အခုထိ မပြောရသေးဘူး ဟုတ်လား။ ”

“ အေး . . ဟုတ်တယ်။ ငါကလည်း ဘယ်က စပြောရမှန်း မသိတာရယ်။ ပြီးတော့ အခု လက်ရှိ အခြေအနေလေးကို မပျက်ဆီးစေချင်တာရယ်ကြောင့် မပြောဖြစ်သေးတာ။ ”

 “ မင်း တော်တော် ပေါတဲ့ ကောင်။ အဲဒီလို စကားတွေက တောမှာပဲ သွားပြောတော့ ဟေ့ကောင်။ အခုခေတ်မှာ မင်း ပြောသလို ဘယ်သူ့မှ စောင့်မနေကြတော့ဘူး။ ငါ့ အမြင်အတိုင်း ပြောရရင်တော့ မင်း မနွေးက မင်းကို တကယ် ကြိုက်မှာ မဟုတ်ဘူး။ သူ့မျက်နှာက ပြုံးစစ နဲ့ ယောက်ျားတွေကို အရူးလုပ်မယ့် ရုပ်ကွ။ ”

သူ့စကားကြားတော့ ကျနော် ရှူးရှူးရှားရှားဖြစ်သွား၏။

 “ မင်း ဒီလိုတော့ မပြောနဲ့ ဟေ့ကောင်။ မင်း ငါ့ကို ဝေဖန်လို့ ရတယ်။ မင်း မနွေးကိုတော့ ဒီလို မပုတ်ခတ်သင့်ဘူး။ သူ ငါ့အပေါ် ခင်မင် ဆက်ဆံနေတာတွေက မင်း ပြောသလို မဟုတ်ဘူး။ အေး . . . တကယ်လို့ ဟုတ်ခဲ့ရင်လည်း ငါ့ထိုက်နဲ့ငါ့ကံပဲ ငါပဲ ခံမယ်။ မင်း ဝင်ပြောစရာ မလိုဘူး။ ”

ကျနော် တကယ် ဒေါသထွက်သွားတာကို သူ သိလိုက်လို့ ထင်တယ် ပြေရာ ပြေကြောင်း သူ ဟိုဟိုဒီဒီ ပြောရှာပါသေးသည်။ သို့သော် သူ့ကို ကျနော် စိတ်မဆိုးပေမယ့် စိတ်ထဲမှာ အဖု အထစ် တစ်ခုတော့ ဖြစ်သွားခဲ့သည်။ သူက စကားလမ်းကြောင်း ပြောင်းပြီး ဟိုဟိုဒီဒီ ပြောနေပေမယ့်လည်း ကျနော်က ဘာမှ ဆက်မပြောဖြစ်တော့ . . . ခဏကြာမှ . . .

“ ငါ သွားတော့မယ် ဟေ့ကောင်”

ဟု ဆိုကာ လှည့်ထွက်လာခဲ့သည်။



ဒီနောက်မှာတော့ သူနဲ့ ကျနော် သိပ်စကား မပြောဖြစ်တော့။ ကျနော်ကလည်း ကျောင်းချိန်ပြီးရင် ဘောလုံးကန်ရင် ကန် ၊ မကန်ရင် မနွေး နဲ့ စကားသွားပြောနေခဲ့သည်။ မလွှဲသာ မရှောင်သာ သူငယ်ချင်းနဲ့ တွေ့ရင်တော့ ဟန်မပျက် မေးထူးခေါ်ပြောက လွဲလို့ သူ့ကို ကျနော် သိပ်စကားမပြောဖြစ်တော့။ သူကလည်း ကျနော် ရှောင်နေမှန်း သိလို့ ခပ်ခွာခွာပဲ နေပေးပါသည်။

 ဒီလိုနဲ့ ကျနော်တို့ ၉ တန်းတွေ စာမေးပွဲဖြေဖို့ တစ်လလောက် အလိုမှာ မနွေးကို ကျနော် ချစ်ကြောင်း စာရေးကာ ပြောပြဖြစ်သည်။ မနွေး စိတ်များ ဆိုးမလားလို့ ပထမတော့ ကျနော် ကြောက်နေခဲ့သေး၏။ မနွေး စိတ်မဆိုးပါ။ စာသင်နေစဉ်မှာ ဒီလိုတွေ လျှောက်တွေးနေတာ မကောင်းကြောင်း ၊ ကျောင်းစာကိုသာ အာရုံစိုက်သင့်ကြောင်း ၊ ကျနော့် အတွက် အဖြေကို စာမေးပွဲ နောက်ဆုံးနေ့မှာ ပေးမည် ဖြစ်ကြောင်း ကျနော် နားလည်အောင် ရှင်းပြသည်။

 ဒီနောက်မှာတော့ မနွေး နဲ့ ကျနော့် ဆက်ဆံရေးက ပုံမှန်ပင် ပြန်လည် လည်ပတ်နေခဲ့သည်။ စာမေးပွဲကလည်း ဖြေဖို့ နီးသထက် နီးလာပြီ။ ကျနော့် ရင်ခုန်သံတွေကလည်း မြန်သထက် မြန်လာခဲ့သည်။ ကျောင်းတွေကလည်း ပိတ်နေပြီ။ မနွေးတို့လို ၁၀ တန်းဖြေမယ့် ကျောင်းသား ကျောင်းသူတွေ အဖို့ ကျောင်းမတတ်တော့ဘဲ အိမ်မှာပဲ စာကျက်ကြတော့သည့် အချိန် ဖြစ်သည်။

ကျနော် စာမေးပွဲဖြေသော နေ့တိုင်း အပြန်မှာ မနွေးက လာကြိုလေ့ ရှိသည်။ ဘာတွေ မေးသလဲ ၊ ဘယ်လိုတွေ ဖြေသလဲ ကျနော့်ကို နေ့တိုင်း စစ်ဆေးပေးလေ့ ရှိသည်။ တစ်ရက်ပြီး တစ်ရက် ဖြေလာခဲ့တာ စာမေးပွဲ နောက်ဆုံးရက်မှာ ကျနော် အမြန်ဆုံး ဖြေခဲ့သည်။ အဖြေစာရွက်ကို ပြန်အပ်ပြီး ကျနော် စာမေးပွဲခန်းထဲက ထွက်လာတော့ ကျောင်းရှေ့ ကျနော့်ကို စောင့်နေကျနေရာမှာ မနွေးက သူ့ထုံးစံ အပြုံးဖြင့် ရပ်စောင့်နေသည်။

“ ဖြေနိုင်လား မောင်လေး ”

“ ဟုတ် ဖြေနိုင်ပါတယ်။ အေးဆေးပါ။ ”

ကျနော့်ဆီက မေးခွန်းကို သူက တောင်းယူပြီး ဖတ်ကာ ဘယ်မေးခွန်းကို ဘယ်လို ဖြေလဲ ဆိုပြီး ကျနော့်ကို ထပ်မေး၏။ မနွေးကိုသာ ပြန်ဖြေနေရတာ ကျနော်က စာမေးပွဲ မေးခွန်း အပေါ် သိပ်စိတ်မပါတော့။ မနွေး ပေးမယ့် ကျနော့် အတွက် အဖြေကိုသာ စိတ်ရောက်နေခဲ့သည်။ မနွေး နဲ့ ကျနော် လမ်းအတူ တွဲလျှောက်လာရင်း ကားမှတ်တိုင်ဘက်ကို ရောက်ခါနီးတော့ . . . .

“ မနွေး . . . ကျနော့်ကို အဖြေ ပေးရဦးမယ်လေ။ ”

ဒီတော့ မနွေးက လှပစွာ ပြုံးပြီး . . .

“ အင်း . . မေ့များ မေ့ပြီး ပြန်သွားမလားလို့ . .  ”

 “ အာ. . . မနွေးကလည်း မေ့စရာလား။ ဒီလောက် အရေးကြီးတာကို . . . ”

“ ဟုတ်ပါပြီ။ ဒီမှာ စာတစ်စောင် ၊ ပြီးတော့ ဒီမှာ ဒိုင်ယာရီ စာအုပ် အသစ်လေး တစ်အုပ်။ ”

မနွေး လှမ်းပေးတာကို ကျနော်က လှမ်းယူလိုက်ပြီး . . . ငေးကြည့်နေမိသည်။

“ ဒီစာက မမ မင်းအတွက် ရေးပေးထားတာတွေ ပါတယ်။ အခု မဖတ်ရဘူး။ အိမ်ရောက်မှ အေးဆေး ဖတ် ၊ ဟုတ်ပြီလား။ ဒီဒိုင်ယာရီလေးကတော့ စာမေးပွဲပြီးသွားလို့ မမလည်း မော်လမြိုင်ကို ခဏပြန်နေတုန်းမှာ မောင်လေးက ဒိုင်ယာရီထဲမှာ သတိရတာတွေ ၊ လွမ်းတာတွေ ရေးထားပေါ့။ နောက်တစ်ခါ ပြန်ဆုံရင်  မမ ပြန်ဖတ်မယ်။”

 ကျနော် မနွေးပြောနေတာတွေကို ငေးကြည့်နေရင်း အညှို့ခံရသူလို ငြိမ်သက်နေမိသည်။

“ ကဲ သွားတော့ မောင်လေး စီးမယ့် ဘတ်စ် လာနေပြီ။ ”

ကျနော် စီးပြီး ပြန်လာတဲ့ ဘတ်စ်က မနှေးလှပေမယ့် ကျနော့် စိတ်တွေက ဘတ်စ်ထက် မြန်နေခဲ့၏။ အိမ်ရောက်တော့ ကျနော့် အခန်းထဲကို ပြေးဝင်ပြီး မနွေး ပေးသော စာကို ဖွင့်ဖတ်မိသည်။

 စာကြိုးစားဖို့ ၊ ကျောင်းနေစဉ် စာသင်ချိန် အရွယ်မှာ ဒီလို စိတ်မကစားဖို့ ၊ အရွယ်ရောက်လာမှ ဒီလို ချစ်ရေးချစ်ရာတွေကို စဉ်းစားဖို့ . . . အစရှိသဖြင့် စာ ၅ မျက်နှာကို ကျနော် နားဝင်လေ့ ရှိသော စကားလုံးများဖြင့် ရေးထားသည်။ အဲဒီ စာမျက်နှာ ၅ မျက်နှာထဲမှာ ကျနော် အထပ်ထပ် ဖတ်မိပြီး အနာကျင်ဆုံး စကားလုံးကတော့  . . . .

 “ မောင်လေး မင်း ငယ်ပါသေးတယ်။ ဒီအရွယ်မှာ အချစ်ရေးကြောင့် လမ်းမလွဲစေချင်ဘူး။ ဒီအရွယ်မှာ ပညာရေးကိုပဲ ဂရုစိုက်ပါ။ ”

ဆိုတဲ့ စကားလုံးပဲ။ ရင်နှင့်အမျှ ကျနော် နာကျင်ခံစားရပါသည် သို့သော် ကျနော် ညဘက်တော့ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ပါသည်။



“ မင်း ပြောတာ မှန်တယ် သူငယ်ချင်း။ တကယ်တော့ သူက ငါ့ကို ကလေးတစ်ယောက် ကစားသလို ကစားသွားတာပဲ။ ငါကို ငယ်ပါသေးတယ်တဲ့။ သူကတော့ ချစ်ရေးချစ်ရာမှာ အတွေ့အကြုံများနေတယ်ပေါ့။ ”

ကျနော်က နာနာကျင်ကျင် ပြောနေပေမယ့် သူငယ်ချင်းက ငြိမ်သက်စွာပဲ နားထောင်နေခဲ့သည်။ သူ့ဆီက အမြဲရလေ့ ရှိသော ဝေဖန်ချက်မျိုး မကြားရ။

 “ ပြီးတော့ ငါ့ကို ပြောသွားသေးတယ်။ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့ တဲ့။ အဲဒါ ဘာအဓိပ္ပါယ်လဲ မင်းသိလား။ ”

သူက ကျနော့်ကို နားမလည်နိုင်သလိုမျိုး ငေးကြည့်နေ၏။

 “ ဘုရင်တွေ သေတာကို ကံတော်ကုန်တယ်လို့ ဆိုတယ်ကွ။ ကံကုန်တယ် ဆိုတော့ သေတယ် ဆိုပါတော့ ကံမကုန်ရင် ပြန်ဆုံမယ် ဆိုတော့ မသေရင် ပြန်ဆုံမယ် လို့ ပြောတာပဲ ဟားဟားဟား  . . .  ”

 ကျနော့်ရဲ့ နာကျင် အက်ကွဲစွာ ရယ်သံကို သူက ငေးနားထောင်နေရင်း ကျနော့်ကို တစ်ခု ပြော၏။

 “ ဒီလို ရှိတယ် သူငယ်ချင်း။ ငါ အရင်က မင်း မနွေး နဲ့ ပတ်သတ်ပြီး အမြင်လွဲခဲ့ဖူးတယ်။ ချစ်ရေးချစ်ရာ နဲ့ ပတ်သတ်ပြီး အတွေ့အကြုံမှာ မင်း ငါ့ကို မမှီပါဘူးကွာ။ ငါက မင်းထက် အများကြီး ပိုပါတယ်။ ”

သူက ကျနော် နားထောင်နေလားလို့ ကျနော့် မျက်နှာကို အကဲခတ်ကြည့်၏။ ပြီးမှ ဆက်ပြောသည်။

“ ငါ အရင်က မင်း မနွေး မင်းကို ကစားသွားမှာ စိုးလို့ မင်းကို ပြောခဲ့ဖူးတယ်။ ဒါပေမယ့် မင်းက သတိမထားမိပေမယ့် ငါကို မင်းတို့ကို အမြဲ အကဲခတ်နေတာပါ။ မနွေးက မင်းအပေါ် သံယောဇဉ် ရှိရှာပါတယ်။ အခု အခြေအနေက သူ ပြောတာလည်း အမှန်ပဲ။ ငါတို့က ငယ်သေးတာကိုး။ ဘာလို့ ငါ ဒီစကားပြောတာလဲ ဆိုတော့ ဥပမာ ငါကွာ။ ငါက ချစ်ရေးချစ်ရာလို့ လူကြားကောင်းအောင် ပြောနေပေမယ့် တကယ်တော့ ငါက ရည်းစားပဲ ထားတာကွ။ ငါ ဘယ်သူ့ကိုမှ မယူချင်သေးဘူး။ ဘာလို့လဲ ဆိုတော့ ငါကလည်း ဘယ်သူ့ကိုမှ တကယ် မချစ်သေးဘူးလေ။

မင်းကတော့ မတူဘူး။ မင်းက မနွေးကို တကယ်ချစ်သွားတာ ဆိုတော့ မင်းက နီးစပ်ဖို့ ကြိုးစားတော့မယ်။ ငါတို့က အခုမှ ၉ တန်းရယ် . . . မင်း မရရအောင် နီးဖို့ ကြိုးစားရင် မင်းလည်း ပညာ တစ်ပိုင်းတစ်စ ဖြစ်မယ်။ ဘဝဒဏ်တွေကိုလည်း မင်း စောစောစီးစီး ခံစားရမှာပဲ။ ”

သူ ပြောနေတဲ့ စကားတွေက ကျနော့်နားထဲကို အဝေးမှ လှမ်းပြောနေသလို ကြားနေရသည်။

 “ ငါ အခု ပြောနေတာတွေကို မင်း လက်ခံနိုင်ချင်မှ လက်ခံနိုင်လိမ့်မယ်။ ဒါပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန် မှာတော့ မင်း နားလည် သဘောပေါက်လာလိမ့်မယ်။ ”

သူ ပြောတာတွေ တကယ်လည်း ကျနော် လက်မခံနိုင်ပါ။ ကျနော့်ရဲ့ အချစ်ကို လှည့်စားကာ ငယ်ပါသေးတယ် ဆိုတဲ့ မနွေး အပေါ် ကျနော် နာကြည်းနေမိသည်။

“ ကဲပါကွာ ငါတို့ ပြန်ကြပါစို။ မင်းကို ငါ နောက်ဆုံး စကားတစ်ခွန်း ပြောမယ်။ ဘုရင်တွေ သေတာကို ကံကုန်တယ်လို့ ခေါ်လို့ ကံမကုန်ရင် ပြန်ဆုံမယ် ဆိုတာ မသေရင် ပြန်ဆုံမယ် လို့ ပြောတာ ဖြစ်နိုင်သလို ၊ ဗုဒ္ဓဘာသာ အရ ကံ ကံ၏အကျိုး ၊ အတိတ်ကုသိုလ်ကံ မကုန်ရင်လည်း လူမသေပေမယ့် ပြန်ဆုံနိုင်ပါသေးတယ်ကွာ။

 ကဲ . . သွားစို့။ ”



နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

ကျနော်လည်း အသက်တွေ ကြီးလာပြီး နိုင်ငံရပ်ခြားသို့ ရောက်ကာ အလုပ်လုပ်ရင်း အင်တာနက် ဆိုတာကို မြန်နှုန်းမြင့်သော နိုင်ငံမှာ သုံးစွဲခွင့် ရခဲ့သည်။ ကျနော့် အလုပ် အရ အင်တာနက်ကို သုံးကာ ရှာဖွေပေးရခြင်း ၊ အလုပ်မများသောကြောင့် အင်တာနက်ကို အချိန်ပြည့်နီးပါး ကျနော် သုံးဖြစ်ခဲ့သည်။ အင်တာနက်ထဲမှာ မွှေနှောက်ရှာဖွေရင်း အတွေ့အကြုံ ဗဟုသုတများ မျှဝေကာ blog ရေးကြတာကို ကျနော် သဘောကျမိသည်။ ကျနော်ကလည်း ငယ်ငယ်ကတည်းက စာရေးရတာကို ဝါသနာပါသူ မဟုတ်လား။

ဒါကြောင့် အင်တာနက်မှာ blog လေး တစ်ခု လုပ်၍ ကျနော် စာတွေ အများကြီး ရေးဖြစ်ခဲ့သည်။ ကျနော် ဖတ်ခဲ့ဖူးသော စာများ ၊ တွေးခဲ့ဖူးသော အတွေးများ ၊ ကြုံခဲ့ဖူးသော အဖြစ်အပျက်များ ၊ ခံစားခဲ့ရသော ရသများကို ကျနော် ရေးဖြစ်ခဲ့သည်။

တစ်နေ့တော့ ချစ်ရေးချစ်ရာ ဆိုတော့ အကြောင်း တစ်ခုနဲ့ ပတ်သတ်ပြီး ကျနော့် ရင်ထဲမှာ ၊ စိတ်ထဲမှာ နှစ်ပေါင်းများစွာ ခံစား မေ့ပျောက်ထားသော မနွေးနှင့် အကြောင်းက ကျီးပေါင်းထကာ နိုးကြွလာခဲ့သည်။


ကျနော့် အပေါ်မှာ လှည့်စားသူ ၊ ကျနော့် အချစ်ကို လျစ်လျူရှု့သူ ၊ ငယ်ရွယ်သူ ဆိုကာ အလေးမထားသူ ဆိုပြီး ကျနော် မနွေးကို ဦးတည်ကာ စာတွေ များစွာ ရေးသားမိခဲ့သည်။ ကျနော် နောက်ဆုံး ရေးသားသော စာထဲမှာတော့ မနွေးရေးထားသော “ ကံမကုန်ရင် ပြန်ဆုံတာပေါ့ ” ဆိုသော စာကို ရည်ညွှန်းပြီး ကျနော် ရေးသားခဲ့၏။ ထိုစာသားကတော့ . . . .

 “ ကံမကုန်သေးပေမယ့် ပြန်မဆုံချင်တော့ပါဘူး။ ”

 ဟု ဆိုကာ ကျနော့် နာကျည်းချက်ကို အမြင့်ဆုံး ကျနော် ရင်ဖွင့်ချခဲ့သည်။ ဒီနောက်မှာတော့ ဘာမှန်း မသိပေမယ့် ကျနော် ရင်ထဲ အတော် ပေါ့သွားခဲ့သည်။ အချစ်ကို ငယ်သေးလို့ မလေးစားခြင်း ဆိုသော သဘောလား ဆိုသော အဲလက်စ် ရဲ့ သီချင်းထဲက “ ငယ်သေးတဲ့ အချစ်မို့ မလေးစားတာလား ပြောပါ ” ဆိုတဲ့ သီချင်းထဲက အတိုင်း ကျနော် ခံစားခဲ့ရတာပါ ဆိုရင် တိုင်းသိ ပြည်သိ ကျနော် အသည်းကွဲပြခဲ့သည်။

ဒီနောက်မှာတော့ ကျနော် မနွေးကိုရော ၊ သူနဲ့ ပတ်သတ်သော ချစ်ရေးချစ်ရာတွေကိုပါ လုံးဝ . . . လုံးဝ မေ့ထားလိုက်ပါတော့သည်။  



တစ်နေ့တော့ ကျနော့်ဆီကို စာတစ်စောင် ရောက်လာခဲ့သည်။  ရန်ကုန်မှ လှမ်းပို့လိုက်သော သူငယ်ချင်းရဲ့ စာပါပဲ။

မင်း နေကောင်းမယ်လို့ မျှော်လင့်ပါတယ်ကွာ။ ပျော်ရော ပျော်နေရဲ့လား သူငယ်ချင်း။

မင်းကိုတော့ ငါ တကယ်ကို နားမလည်တော့ဘူး။ မင်းရဲ့ တစ်ဖက်သတ် စွတ်စွဲချက်တွေက အရမ်းပြင်းထန် လွန်းတယ်ကွာ။ ငယ်ရွယ်သေးတယ် ဆိုတဲ့ အရာဟာ အသက်ကိုတင် ပြောတာ မဟုတ်ဘူး သူငယ်ချင်း . . . အတွေ့အကြုံ ၊ အတွေးအခေါ်တွေပါ ပါတယ်။ အခု မင်း လူလတ်တန်း အရွယ် ရောက်နေပြီပေါ့။ ဟုတ်တယ် မင်း မငယ်တော့ဘူး။ ဒါပေမယ့် ဒါဟာ မင်းရဲ့ အသက်အရွယ်ကိုပဲ ကိုယ်စား ပြုနေလိမ့်မယ်။ မင်း အသက်သာ ကြီးလာတာ မင်းရဲ့ အတွေးအခေါ်တွေက ရင့်ကျက်မလာဘူး။ ငယ်နေတုန်းပါပဲလား။

မင်းကွာ . . . ဘာလို့ မင်း အပေါ် ဒီလောက် ကောင်းခဲ့တဲ့ မနွေး အပေါ် ရက်စက်ချင်ရတာလဲ။ မင်း ဘဝကို မနစ်မွန်းစေချင်လို့ ပြောခဲ့တဲ့ စကားအပေါ် မင်း ဘာလို့ ကလေးဆိုးကြီးလို့ စိတ်ကောက်နေရတာလဲ။

မင်း အင်တာနက်မှာ ရေးတဲ့ စာတွေ ငါလည်း ဖတ်ရတယ်။ ဒီလိုပဲ မော်လမြိုင်က မနွေးကလည်း ဖတ်ရတယ်။ မင်း blog နဲ့ မင်းစာဖတ် ပရိတ်သတ် အရ မင်း အောင်မြင်တယ် လို့ ဆိုရမယ်လေ။ စာဖတ်သူတွေ တော်တော်များများ ရထားတာကိုး။ အေး . . . ဒါပေမယ့် မင်းရဲ့ စာဖတ် ပရိတ်သတ်က မင်း ရေးသမျှကိုပဲ သိမှာပေါ့။ အမှန်တရား ဆိုတာ သူတို့ ဘယ်လိုလုပ် သိပါ့မလဲ။

 စေတနာရဲ့ ပြောတဲ့ စကား တစ်ခွန်းရဲ့ ရလာဒ်က ဒါလားကွာ။ ကိုယ့် စေတနာအတွက် မင်း ရေးတဲ့ စာတွေကို တိတ်တဆိတ် ဖတ်နေရတဲ့ မနွေး ဘယ်လို ခံစားရမလဲ မင်း သိရဲ့လား။ မင်းကတော့ ပြောမှာပေါ့။ မင်းရေးတဲ့ စာတွေ မနွေး မဖတ်မိနိုင်ပါဘူးလို့။ ဒါပေမယ့် သူ ဖတ်နေရတယ် ဆိုတာ ငါလည်း တဆင့် ပြန်ကြားလို့ အခုလို မင်းဆီကို စာရေးလိုက်တာပဲ။ မင်းတော်တော် ရက်စက်တဲ့ ကောင်လို့ပဲ မင်းကို ငါ ပြောချင်တယ်။

 မင်း စာတွေထဲမှာ ရေးခဲ့သလို ဆုတောင်း ပြည့်မှာပါ။ ဘာတဲ့ " ကံမကုန်သေးပေမယ့် ပြန်မဆုံချင်တော့ပါဘူး ” ဆိုတာလေ။ မင်းကို စောင့်နေခဲ့တဲ့ မနွေးနေရာမှာ ငါဆိုရင်တော့ ပြန်ဆုံချင်တော့မှာ မဟုတ်ဘူး။

အသက်သေမှ မဟုတ်ဘူးကွ။ အချစ်သေ ၊ ဘဝသေသွားတဲ့ လူတစ်ယောက်ကလည်း ကံတော်ကုန်တယ်လို့ ဆိုနိုင်တာပါပဲ။ ဒီတော့ ပြန်မဆုံချင်တော့ဘူးပေါ့ကွာ။

 ဒါပါပဲကွာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ပျော်ရွှင်ပါစေ သူငယ်ချင်း။

ခင်တဲ့
နေဇော်အောင်



ကိုယ့်ဖာသာလည်း အံ့သြနေမိသည်။ အိပ်ယာထဲ ရောက်ပြီး ငါးမိနစ် အကြာတွင် ကျနော့် ဟောက်သံ ထွက်လာလေ့ရှိသည် ဟု အိမ်သားတွေက ပြောလေ့ရှိသည်။ ဒီလောက် ကျနော်က အိပ်ပျော်ဖို့ လွယ်ကူသောသူ တစ်ယောက်ဖြစ်သည်။ 

သို့သော် ဒီညတော့ အဝေးမှ ကားလမ်းပေါ်ရှိ ကားများ အရှိန်ပြင်းစွာ  ဖြတ်မောင်းသွားသံများကို ကြားနေရသည်။ နံရံမှ နာရီကလည်း သုံးကြိမ်မြောက် တီးလုံးသံကြားသည် အထိ ကျနော် အလူးလူး အလှိမ့်လှိမ့်ဖြင့်သာ ရှိနေခဲ့သည်။ 

ထိုညသည် ကျနော့် ဘဝအတွက် အိပ်ပျက်ည တစ်ည ဖြစ်ပါလိမ့်မည်။ သို့သော် ကျနော် ဒီလို ဖြစ်နေခဲ့သည် ဆိုတာကို ဘယ်သူမှ သိလိမ့်မည် မဟုတ်။ ယုတ်စွအဆုံး Blog မှာ စာလာဖတ်သော ကျနော့် စာဖတ်သူတွေလည်း သိလိမ့်မည် မဟုတ်ပါ။


*** ပစ်ပစ်ရဲ့ Tag ပို့စ်ပါ။ ***

လေးစားစွာဖြင့်
ကိုဇော်


.

Share/Bookmark

29 September 2014

5 ကလေး အတွေး



နိဒါန်း

ကျွန်တော် ကလေးတွေကို ချစ်တယ်။ ကလေးတွေရဲ့ ကလေးဆန်သော အတွေး ၊ ကလေးဆန်သော လှုပ်ရှားမှု ၊ ကလေးဆန်သော တုံ့ပြန်မှုကိုတွေကို ချစ်တယ်။ ကလေးတွေနဲ့ အားတိုင်း စကားပြောဖြစ်ပြီး ကလေးတွေရဲ့ အတွေးလေးတွေကို အမှတ်မထင် မှတ်ထားဖြစ်ခဲ့တယ်။

ကလေးအတွေး ဆိုတာ လွတ်လပ်တယ် မဟုတ်လား။



ဖြစ်စဉ် (၁)

Channel 7 ကနေ အစီအစဉ် တစ်ခု အနေနဲ့ ထုတ်လွှင့်နေတဲ့ " ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင် " မှာ နိုင်ငံသိ အနုပညာရှင်များကို ဖိတ်ခေါ်ပြီး ကလေးများ နှင့် မေးခွန်းများကို မေးကာ အဖြေ ဖြေခိုင်းပြီး ယှဉ်ပြိုင်စေတာ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။

တစ်နေ့မှာတော့ မေးခွန်း တစ်ခုကို မေးပါတယ်။ ကွက်လပ်ဖြည့်ပါလေးပေါ့။ အမေးက . . .

" ------- ကို သူ့အမေ ရိုက်ပါလို့
မှောင်မိုက်မှာ ငို "

ဆိုပြီး ကွက်လပ်ကို ဖြည့်ခိုင်းတာပါ။ အဖြေကတော့ အားလုံးလည်း သိနေတော့ လွယ်ပါတယ်ပေါ့။ ကွက်လပ်မှာ " ဂျာအေး " ပဲ ဖြည့်လိုက်ရမှာကိုး။ ဒီလိုပဲ အမေးခံရသူကလည်း " ဂျာအေး " လို့ ဖြေလိုက်တာပါပဲ။

ဒါပေမယ့် တကယ့် အဖြေထွက်လာတော့ "ဂျာအေး " မဟုတ်ပါဘူးတဲ့။ " ကြာအေး " ပါတဲ့။ ကျွန်တော်တို့ရော ဖြေနေသူရော ဟာ ခနဲ ဖြစ်ပြီး အားလုံး မှားကြတော့တာပါပဲ။

" ဂျာအေး " ကနေ " ကြာအေး " ကို ဘယ်တုန်းက နာမည်ပြောင်းလိုက်တာလည်း ကျွန်တော်တို့လည်း မသိလိုက်ဘူး။ ကလေးတွေ အသိ ၊ ကလေးတွေ အတွေးနဲ့ ကျွန်တော်တို့ ဘယ်လောက်တောင်မှ ကွာခြားနေပြီလဲ။ သမိုင်းကြောင်းတွေ ဘယ်လောက်တောင် လွဲကုန်ပြီလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။



ဖြစ်စဉ် ( ၂ )

တစ်နေ့တော့ ကျွန်တော့် အသိအိမ်တစ်အိမ်ကို အလည်သွားပါတယ်။ အဲ့ဒီအိမ်မှာ ၃ နှစ်လောက် ရှိတဲ့
ကလေးမလေး တစ်ယောက်လည်း ရှိပါတယ်။ ကျွန်တော် ရောက်သွားချိန်မှာ ကလေးမလေးက တီဗီက လာနေတဲ့ ကြော်ငြာ သီချင်းတွေကို လိုက်ဆို ၊ သူကိုယ်တိုင်လည်း လိုက်သရုပ်ဆောင်နေတဲ့ အချိန်ပါ။

ကျွန်တော် ရောက်လာတော့ သူ့အမေက "သမီးရေ ခဏလေး ငြိမ်ငြိမ်နေနော် ဒီမှာ ဧည့်သည်ရောက်နေတယ်လေ။ " ဆိုတော့ ခဏတော့ ငြိမ်သွားပြီး ကြော်ငြာတွေထဲမှာ သူစိတ်ဝင်စားတဲ့ ကြော်ငြာ ပါလာတော့ ပြန်အသံ ထွက်လာပြန်တယ်။ သူ့အမေက ဟန့်မလို လုပ်တော့. . . " နေပါစေ အစ်မ ၊ ကလေးပဲ " ဆိုပြီး လွှတ်ထားလိုက်တယ်။

သူကလည်း ကျွန်တော်တို့ကို သိပ်သတိမထားမိပါဘူး။ သူ့ဖာသာ တီဗီက အစီအစဉ်တွေကိုပဲ ပိုစိတ်ဝင်စားတာပါ။ ဒါပေမယ့် တစ်ခါ တစ်ခါတော့ တီဗီထဲက သူမရှင်းတာလေး ဆိုရင် သူက လှမ်းလှမ်းမေးတတ်တယ်။ ပြီးရင် သူ့ဖာသာ ဆက်ကြည့် ၊ လိုက်ဆို ၊ သရုပ်ဆောင်နေတာပါပဲ။

ခဏနေတော့ ကြော်ငြာ တစ်ခု လာပါတယ်။ အဲဒီ့ ကြော်ငြာက ခနော ကြက်သားမှုန့် ကြော်ငြာပါ။ သမီး လုပ်သူက ဟင်းချက်မို့ ပြင်နေတုန်း အမေဖြစ်သူက ခေါင်းကြီး ပေါ်ပေါ်လာပြီး အချိုမှုန့်ထည့်ဦး ၊ ဆားမမေ့နဲ့ ဆိုပြီး ဝင်ပြော သမီးက ကျမကတော့ ကျမ ယုံကြည်တာပဲ အမြဲသုံးတယ် ဆိုပြီး ပြောတဲ့ အခန်း ၊ ဟင်းလည်း ချက်ပြီးရော အမေဖြစ်သူကို သမီးက သူချက်ထား တာလေးတွေ ကျွေးလိုက်တော့ အမေဖြစ်သူက မှတ်ချက် ပေးတယ်။

" အမေ့ လက်ရာ အတိုင်းပါပဲလား။ "

တဲ့။ ဒီကြော်ငြာလေးပါ။ကျွန်တော်တို့လည်း တွေ့နေမြင်နေရတာ ကြာနေပါပြီ။ ဘာမှလည်း မထူးခြားပါဘူး။ အခုတော့ ကြော်ငြာတွေ လိုက်ဆိုနေတဲ့ ကလေးမလေးက အဲဒီ့ ကြော်ငြာကို ကြည့်နေရင်း မျက်ခုံးကို အတွန့်ချိုးပြီး သူ့အမေကို လှမ်းမေးတယ်။

" မေမေ . . . မေမေ . . ."

" ဘာလဲ သမီးရယ် ၊ ဒီမှာ လူကြီးတွေ စကားပြောနေတယ်လေ။ မရှုပ်ရဘူးလို့ မေမေ ပြောထားတယ်လေ။ "

" မရှုပ်ပါဘူး မေမေရဲ့ မေးမလို့ပါ။ "

ကျွန်တော်ကလည်း ကလေး ချစ်တတ်သူ ဆိုတော့ . . ပြီးတော့ ကလေးတွေရဲ့ ဆန္ဒကို လျစ်လျူရှု့တာမျိုး မဖြစ်စေချင်တော့ ကျွန်တော်ကပဲ ကြားဝင် မေးလိုက်တယ်။

" မေး မေး ဘာမေး မလို့လဲ မီးမီးရဲ့။ "

ဒီတော့ သူက ခေါင်းလေးကို ကုတ်ပြီး . . .

" အခုနက ပြောသွားတယ်လေ။ အမေ့လက်ရာ အတိုင်းပဲတဲ့။ "

" အေးလေ ဘာဖြစ်လို့လဲ မီးမီးရဲ့ "

" အဲဒါလေ အမေ့လက်ရာ အတိုင်းပဲ ဆိုတာ ကောင်းတာကို ပြောတာလား ၊ မကောင်းတာကို ပြောတာလား မေးချင်လို့ "

သူ့စကား ဆုံးတော့ ကျွန်တော်တို့မှာ ငြိမ်ကျသွားပြီး ခဏနေမှ တဟားဟားနဲ့ ဝိုင်းရယ် မိကြတယ်။ အေးလေ ဟုတ်သားပဲ အမေ့လက်ရာ ဆိုတာကိုက ကောင်းမှန်း မသိ ၊ မကောင်းမှန်း မသိကြီးကိုးးး

အဲဒီလို ကလေး အတွေးလေးတွေ ကျွန်တော် သဘောကျတယ်။



ဖြစ်စဉ် ( ၃ )

ဟိုတလောက ဘတ်စ်ကားစီးပြီး မြို့ထဲသွားတော့ ကျွန်တော်စီးတဲ့ ဘတ်စ်က တာမွေ ရဲစခန်းကို ဖြတ်သွားရပါတယ်။ ကျွန်တော် ထိုင်ခုံနောက်မှာ သားအဖ နှစ်ယောက် ပါလာခဲ့တယ်။ ကလေးလေးက ယောက်ျားလေးပါ။ယောက်ျားလေးလည်း ဖြစ်တော့ လုံးဝ မငြိမ်ဘူးပေါ့။ ဟိုဟာမေး ဒီဟာမေးနဲ့ တစ်လမ်းလုံးကို မေးနေသူပါ။

တာမွေ ရဲစခန်းရှေ့ကလည်း ဖြတ်ရော သူက ရဲစခန်းကို လှမ်းကြည့်ပြီး သူ့အဖေကို မေးပါလေရော။

" ဖေဖေ . . . ရဲ လို့ ဘာလို့ ခေါ်တာလဲ။ "

ရုတ်တရက် ဆိုတော့ သူ့အဖေလည်း ပြန်မဖြေနိုင်ဘူး။ ကျွန်တော်လည်း တစ်ခါမှ မစဉ်းစားမိဘူး။ သူ့အဖေ ဘယ်လို ပြန်ဖြေမလဲ လို့ နားစွင့်နေမိတယ်။

" ပြည်သူတွေကို ရဲရဲဝံ့ဝံ့ ကာကွယ်ပေးလို့ ရဲ လို့ ခေါ်တာပေါ့ သားရဲ့။ "

သူ့အဖေ အဖြေကို ကြားတော့ မဆိုးဘူးဟ ဆိုပြီး သဘောကျနေမိတယ်။ ဒီအချိန်မှာပဲ ကောင်လေးက ဆက်ပြောတယ်။

" သူတို့ အိမ်ရှေ့မှာ ဘာလို့ သဲအိတ်တွေနဲ့ ကာထားရတာလဲ။ "

ရဲစခန်းကို အိမ်လို့ ထင်နေပုံရတယ်။ သူ့အဖေက ဆက်ဖြေတယ်။

" လူဆိုးတွေ ဝင်လာရင် ပုန်းပြီး သေနတ်နဲ့ ပစ်လို့ ရအောင်ပေါ့ကွ။ "

" အာာ ဖေဖေပဲ ခုနက ပြောတော့ ရဲဝံ့တယ် ဆို ဒါဆို ဘာလို့ သဲအိတ်တွေ နောက်မှ ပုန်းနေရမှာလဲ။ ပုန်းတယ် ဆိုတာ သတ္တိ မရှိသူမှ ပုန်းတာဆို . . "

" #%#&@&#)?/&#* "

သူ့ အဖေ လုပ်သူ ဘယ်လို ဆက်ရှင်းပြနေတယ် ကျွန်တော် သတိမထားမိတော့ဘဲ ဒီကောင်လေးရဲ့ အမေး နဲ့ အတွေးလေးတွေ အပေါ် ကျွန်တော် ပြန်တွေးပြီး သဘောကျနေမိတယ်။




ဖြစ်စဉ် ( ၄ )

အခုခေတ် ကလေးတွေ ကျွန်တော်တို့ ငယ်ငယ်တုန်းကလို ပြေးလွှား ခုန်ပေါက် ကစားတယ် ဆိုတာ တော်တော်ကို ရှားသွားခဲ့ပါပြီ။ ဒါပေမယ့် ဟိုတလောက လမ်းထဲမှာ ကလေးတွေက မိုးတွေ အရမ်းရွာ အပြီး မြောင်းထဲကို ရေအစီးများနေတုန်း စက္ကူလှေကလေးတွေ ၊ သဗ္ဗာန်လေးတွေ မျှောချင်တယ် ဆိုပြီး ကျွန်တော့်ကို လှေလေးတွေ လာလုပ်ခိုင်းတယ်။

သူတို့ ပျော်နေရင် ပြီးတာပါပဲ ဆိုပြီး ကျွန်တော် စက္ကူလှေလေးတွေ လုပ်ပေးနေတယ်။ သူတို့ကလည်း ရေထဲ မျှောချပြီး အပြိုင်အော်ဟစ် ပျော်ရွှင် ကျေနပ်နေကြတယ်။ တဖြေးဖြေး ကလေးတွေ များလာပြီး စက္ကူလှေ လုပ်ပေးရတဲ့ ကျွန်တော်လည်း မနိုင်ဘူး ဖြစ်လာတယ်။ ဒါနဲ့ အချိန်ဆွဲလို့ ရအောင် စကား စပြော လိုက်တယ် . . .

" ဒါနဲ့ မင်းတို့ ဒီလို စက္ကူလှေလေး လွှတ်ဖို့ ဘယ်လို အကြံရတာလဲ။ "

ဟုတ်တယ် ဒါက အရေးကြီးတယ်။ ကျွန်တော်တို့ ငယ်ငယ်ကဆို ဒီလို ကစားနည်းတွေနဲ့ပဲ ကြီးပြင်းခဲ့ကြရတာလေ။ ဖုန်းက ဂိမ်းတွေ ၊ PS 2 , 3 တွေ ၊ ဘာတွေ ရှိမှ မရှိတာပဲ။ ကျွန်တော် မေးတော့ သူတို့ ပြန်ဖြေတယ်။

" တီဗီက လာတဲ့ သွားတိုက်ဆေး ကြော်ငြာ ထဲကနေ တွေ့တာ. . ."

သြော် Signal သွားတိုက်ဆေးကို ပြောနေတာကိုး ဆိုပြီး ကျွန်တော် သိလိုက်တယ်။ ကျွန်တော် ဒီကြော်ငြာ တွေ့နေတာကိုး။ ကျွန်တော် တွေးနေတုန်း သူတို့ထဲက ကောင်လေး တစ်ယောက် မေးတယ်။

" ဦးဇော် . . . အဲဒီ့ သွားတိုက်ဆေးက သွားပိုးပေါက်လေးတွေကို ဖာပေးတယ် ဆို "

" အေးလေ အဲဒီလိုပဲ ကြော်ငြာတာပဲလေ။ "

" တားလည်း အဲဒီ့ သွားတိုက်ဆေးကိုနဲ့ တိုက်တာပဲ။ ဒါပေမယ့် သူက တားသွားတွေကို ကျတော့ ဖာမပေးဘူး။ " 

" ဟေ . . . မင်းမှာ သွားပိုးပေါက် ရှိနေလို့လားကွ။ "

" ရှိတာပေါ့ဂျ ဒီမှာကြည့် . . . "

ဆိုပြီး သူ့ပါးစပ်လေးကို ဟပြတယ်။ သူ့သွားတွေက သွားပိုးပေါက်တင် မကဘဲ သွားတွေပါ ကုန်အောင် ပိုးက စားထားတယ်။

" အာ မင်းသွားက သွားပိုးပေါက်တောင်မှ မဟုတ်ဘူး။ တစ်ချောင်းလုံးတောင် ပိုးစားလို့ ကုန်တော့မယ်။ သူက ဘယ်လိုလုပ် ဖာပေးနိုင်မလဲကွ။ "

" ဒါဆို သူက ဘယ်လိုကို ဖာပေးတာလဲ။ "

" သူပြောတာကတော့ မျက်စိနဲ့ မမြင်နိုင်တဲ့ အပေါက်သေးသေးလေးတွေကို ဖာပေးတယ်လို့ ပြောတာပဲ။ "

" အာ ဦးဇော်ကလဲ ၊ မျက်စိနဲ့ မမြင်နိုင်တာကို သူက ဖာပေးတယ် ဆိုတော့ သူ ဖာတယ် မဖာတယ် ဆိုတာရော ကျွန်တော်တို့က ဘယ်လိုလုပ် သိပါတော့မလဲ။ "

အဲ ဟုတ်သားပဲ။ ကျွန်တော်လည်း ဒီတော့မှ ကလေးတွေ ပြောသလို သွားစဉ်းစားမိတယ်။

" အေးကွာ ဒါတော့ ငါလည်း မသိဘူး။ "

ဒီတော့ သူတို့ဖာသာ ဆက်ပြောတယ်။ 

" ဒါဆို ငါတို့ သွားတွေကို တကယ် ဖာပေးနေတာမှ ဟုတ်ပါ့မလား မသိဘူးကွာ "

တဲ့။

အင်းးးးးး

Signal သွားတိုက်ဆေး ကျွန်တော်တို့ဘက်ကို ပရိုမိုးရှင်း လာရင်တော့ ဒီကာင်လေးတွေနဲ့ တွေ့ပေးဦးမှပဲ လို့ ကျွန်တော် တေးထားလိုက်တယ်။



ဖြစ်စဉ် ( ၅ )

လောလောလတ်လတ်ပါပဲ။ မနေ့က ကားစီးသွားရင်း ကျွန်တော့် အနောက်ဘက်မှာ ကောင်လေး တစ်ယောက် သူ့အမေနဲ့ အဖေနဲ့ အတူ ပါလာပြန်တယ်။ ကောင်လေးက ၁ တန်းလောက် ဖြစ်လိမ့်မယ် ထင်တယ်။ လမ်းမှာ တွေ့သမျှ ကြော်ငြာ ဆိုင်းဘုတ်တွေ အော်ဖတ်လာခဲ့တယ်။

" သင်ဟာ VIP ပါ "

ဖတ်ပြီးတာနဲ့ သူ့အဖေကို မေးတော့တာပဲ။

" ဖေဖေ VIP ဆိုတာ ဘာလဲ။ "

" အရေးကြီးတဲ့ လူပေါ့ ၊ ဒီကော်ဖီကို သောက်ရသူကလည်း အရေးပါတဲ့ လူလို့ ပြောချင်တာ . . ." 

သူနားလည် သွားရင် အပြင်ကို လျှောက်ကြည့်ရင်း ဖတ်နေပြန်ပါတယ်။ 

" ရောဂါပိုး ၁၀ မျိုးကို ကာကွယ်ပေးတဲ့ လိုက်ဘွိုင် ဆပ်ပြာ "

တကယ်တော့ ဒီနေရာမှာ သူ သေချာ မဖတ်နိုင်ဘူး။ အဖေ လုပ်သူက ဘေးကနေ လိုက်ဖတ်ပေးလို့ သူ ဖတ်နိုင်သွားတယ်။ ဖတ်ပြီးတာနဲ့ မေးတော့တာပဲ။

" သူက ဘာလို့ ၁၀ မျိုးပဲ ကာကွယ်ပေးရတာလဲ။ "

" တခြားပိုးတွေကို သူ မကာကွယ်နိုင်လို့ပေါ့ သားရယ် "

" သြော် "

ဆိုပြီး ငြိမ်သွားပြန်တယ်။ ဒါပေမယ့် တစ်နေရာ ရောက်တော့ သူ ကြော်ငြာ တစ်ခုကို အသံထွက် ဖတ်လိုက်တယ်။

" ဥ ကော်ဖီ "

တဲ့။ ကျွန်တော် ကြားကြားချင်း ကြောင်သွားတယ်။ ဒီကော်ဖီ တံဆိပ် ကြားမှ မကြားဖူးတာကိုး။ ခွေးတံဆိပ် ၊ မျောက်တံဆိပ်တွေ ရှိနေပေမယ့် အခုလို " ဥ " တံဆိပ်ကတော့ တကယ် မသိဘူးလေ။ သူ ဖတ်နေတဲ့ နေရာကို လှည့်ကြည့်လိုက်တော့မှ နားလည်သွားရတော့တယ်။ ဒီအချိန်မှာပဲ သူ့ အဖေကလည်း ရှင်းပြပါတယ်။

" ဥ ကော်ဖီ မဟုတ်ပါဘူးကွ ၊ 2 ( တူး ) ကော်ဖီ ပါ။ "

အေးလေ ကလေး ဖတ်မယ် ဆိုလည်း ဖတ်ချင်စရာပဲ သူတို့ရေးထားတာကလည်း " ဥ " လိုလို " 2 " လိုလို နဲ့ကိုး။




ဖြစ်စဉ် ( ၆ )

ကျွန်တော် အနှစ်သက်ဆုံး အဖြစ်အပျက်လေး တစ်ခု ရှိပါတယ်။ ကလေးလေး တစ်ယောက်ရဲ့ အတွေးပါပဲ။ ဒီလို . . .

ကျွန်တော်နဲ့ သိတဲ့ ကောင်လေး တစ်ယောက် ရှိတယ်။ သူက Red Bull Energy Drink ဆိုသော  " ကျွဲရိုင်း  " အချိုရည်ကို အလွန် နှစ်သက်သူ တစ်ယောက် ဖြစ်တယ်။ သူအချိုရည်သောက်ပြီ ဆိုရင် ကျွဲရိုင်း ကိုသာ သောက်လေ့ရှိတယ်။  ကျွဲရိုင်း အချိုရည် မရှိတော့ဘူး ဆိုမှသာလျှင် တခြား အချိုရည်ကို သောက်လေ့ရှိတယ်။

သူ့မှာ ၄ နှစ် အရွယ် တူလေး တစ်ယောက်ရှိတယ်။ သူ့အစ်မရဲ့ သား ။ တစ်အိမ်ထဲ အတူတူ နေကြတယ်။ သူ အအေးသောက်တိုင်း တစ်ယောက် တစ်ဘူးသော် လည်းကောင်း ၊ သူ့ဘူးထဲက ခွဲပြီးတော့သော် လည်းကောင်း ထိုကောင်လေးကို တိုက်လေ့ရှိတယ်။ ကြာလာတော့ ကောင်လေးကလည်း ကျွဲရိုင်းဘူး ဆိုတာကို သိလာသလို သူ့ဦးလေး သောက်ရင်လည်း ကျွဲရိုင်းမှ သောက်လေ့ရှိတာ သိနေပြီပေါ့။ ကျွဲရိုင်းဘူးကိုလည်း သူ မှိတ်မိနေပြီ။

ဖြစ်ချင်တော့ တစ်နေ့ . . .

သူ အပြင်က ပြန်လာတော့ အအေး သောက်ချင်လာတာနဲ့ ထုံးစံအတိုင်း သူ့တူကို အိမ်နားက ဆိုင်က ကျွဲရိုင်း နှစ်ဘူး သွားဝယ်ခိုင်းလိုက်တယ်။ သူတစ်ဘူး ၊ သူ့တူကို တစ်ဘူး ဆိုပါတော့။ သူ့တူ သွားဝယ်နေချိန်မှာ သူက အဝတ်အစားလဲ နေတယ်။

သူလည်း အဝတ်အစားလဲ ပြီးချိန်မှာ သူ့တူက ဆိုင်ကနေ . . .  ကျွဲရိုင်း သွားဝယ်ရာကနေ ပြန်ရောက် လာတယ်။ လက်ထဲမှာလည်း ကျွဲရိုင်း ဘူး အရောင် ရွှေရောင် သံဘူး နှစ်ဘူးကို ပလတ်စတစ် ထဲမှာ ထည့်ပြီး ဆွဲလျက် ပြန်ဝင်လာတယ်။

အိမ်ထဲကို အပြေးဝင်လာရင်း သူ့ဦးလေးကို မြင်တော့ အမောတကောနဲ့ လှမ်းပြောတယ်။

" လေးလေး . . . ဆိုင်မှာက ကျွဲရိုင်း ကုန်နေတယ်တဲ့။ ဒါကြောင့် သား " ငါးရိုင်း " ပဲ ဝယ်လာခဲ့တယ်။ "

ရုတ်တရက် ဆိုတော့ သူလည်း နားမလည်လိုက်ဘူး။ ပြီးတော့ ငါးရိုင်း အချိုရည် ဆိုတာ ကြားမှ မကြားဖူးတာ။

" ဘာ . . . မင်း ဘာဝယ်လာတယ်။ "

" ငါးရိုင်းလေ လေးလေးကလဲ။ ငါးရိုင်း ကလည်း ကောင်းပါတယ် ကျွဲရိုင်းလိုပဲလေ။ "

ကျွဲရိုင်း မရှိဘူး ဆိုရင် သူလည်း မသောက်ရမှာ စိုးလို့ ရှိတာ ဝယ်လာပုံပါပဲ။ ကောင်လေးက ပိုစိတ်ရှုပ်သွားပြီး . . .

" ပေးစမ်းပါကွာ. . .  မင်းဝယ်လာတာ ဘာလဲ "

ဆိုပြီး လှမ်းယူလိုက်ပြီး ကြည့်လိုက်တော့မှ ကလေးလေး ဝယ်လာတာက. . . .

" Shark အချိုရည်လေ။ "



ဒီတော့မှ ကောင်လေးလည်း တဟားဟား အော်ရယ် မိတော့တယ်။ ကလေး ဆိုတော့လည်း " ကျွဲ " ပုံပါတာကို " ကျွဲရိုင်း " လို့ ခေါ်တယ် ဆိုတော့ " ငါး" ပုံ ပါတာကို " ငါးရိုင်း " ဆိုပြီး သူ့ဖာသာ နာမည်ပေးလိုက်တာပါပဲ။

အဲဒီလိုပါ။ ကလေးတွေရဲ့ အတွေးတွေက အလွန် ချစ်စရာ ကောင်းပါတယ်။



နိဂုံး

ကလေးတွေကို ကျွန်တော် အလွန်ချစ်ပါတယ်။ အထူးသဖြင့် ဟန်ဆောင်မှု မရှိသော ၊ လွတ်လပ်စွာ တွေးတောနိုင်စွမ်း ၊ လွတ်လပ်စွာ ပြောဆိုနိုင်စွမ်းကို ကျွန်တော် လေးစားစွာ ပိုချစ်တယ်။

ကလေးများ အားလုံး လွတ်လပ်စွာ ပြောဆို တွေးတော ပျော်နိုင်ကြပါစေ။


လေးစားစွာဖြင့်
ကိုဇော်
29/9/2014


.





Share/Bookmark

30 August 2014

6 ဘလော့ဂါနေ့ အမှတ်တရ


မင်္ဂလာပါ။ 

ယနေ့ ကျရောက်သော ဘလော့ဂါများ နေ့မှသည် နေ့ရက်တိုင်းမှာ ဘလော့ရေးသူ ဘလော့ဂါများ ၊ ဘလော့ဖတ်သူ စာဖတ်သူများ ၊ ဘလော့ မရေးသူများ ၊ ဘလော့ မဖတ်သူများ အားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒ ပြည့်ဝကြပါစေ။

လေးစားခင်မင်စွာဖြင့်
ကိုဇော်
30/8/2014


.

Share/Bookmark

14 March 2014

2 ဝေးကွာခြင်း


" ဝေးကွာခြင်း "

နေရာ ဝေးကွာသူတွေက
တောင်ဝင်ရိုးစွန်း နှင့် မြောက်ဝင်ရိုးစွန်းမှာ
ဆီးဆော စီးနေကြသလို ဝေးကွာနေကြရတယ်။

အချိန် ဝေးကွာသူတွေက
သူ့ဆီမှာ နေထွက်ချိန်မှာ ကိုယ့်ဆီမှာ လသာ
အိပ်ချိန် ၊ နားချိန်တွေကို လျော့ချရင်း ဝေးကွာကြရတယ်။

ဘာသာ ဝေးကွာသူတွေက
အတ္တ အစွဲ တစ်ခုအပေါ် အမှီပြုရင်း
သူမကောင်း ၊ ကိုယ်ကောင်း ငြင်းခုန်ကြရင်း ဝေးကွာကြရတယ်။

ခံစားချက် ဝေးကွာသူတွေက
အခန်းတစ်ခန်းထဲ အတူရှိနေလျက်တောင်
ပြောစရာ စကားရှားပါးပြီး ဝေးကွာကြရတယ်။

သဘောထားခြင်း ဝေးကွာသူတွေက ကုတင်တစ်လုံးထဲမှာ အိပ်နေရင်း
တစ်ယောက် တစ်ဖက်စွန်းအဖြစ် ဝေးကွာကြရတယ်။

စိတ်ခြင်း ဝေးကွာသူတွေက
မျက်နှာချင်း ဆိုင်နေရင်း
တစ်ယောက်ကို တစ်ယောက် မမြင်နိုင်လောက်အောင် ဝေး . . . ကွာ . . . ကြ . . . ရ . . . တယ်. . .။

ကိုဇော်
13.3.2014 - 10:34am

.
Share/Bookmark

10 March 2014

11 Known fear and Unknown fear ( Tag )


အကြောက်တရား အကြောင်းကို ကျနော် နဖူးတွေ့ ဒူးတွေ့ မဟုတ်ပေမယ့် လက်တွေ့ ကြုံသိခဲ့ရတဲ့ အချိန်ကာလက ကျနော် တစ်နှစ်ခွဲသား လောက်က စခဲ့တယ်လို့ ဆိုရလိမ့်မယ်။ တစ်နှစ်ခွဲလောက်က အတွေ့အကြုံ ဆိုတော့ ကျနော် သေချာ မမှတ်မိပါဘူး။ ဒါပေမယ့် အဲဒီ့တုန်းက အဖြစ်အပျက်တွေကို ကျနော့် အမေက ပြန်ပြောပြခြင်းဖြင့် ကျနော် ပြန်လည် ပုံဖော်နိုင်ခဲ့တယ်။

အဲဒီ့တုန်းက ကျနော် တစ်နှစ်ခွဲသား။ မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့ဟာ သူ့အမိနိုင်ငံတော် ဂုဏ်မပျက်ရလေအောင် ရိုးရာ အမွေကို ထိန်းသိမ်းထားတဲ့ သဘောနဲ့ မီးမလာပါဘူး။ မီးမလာတာ ဆိုတာထက် မီးဖြတ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ လျှပ်စစ် ဘရိတ်ကာ ခပ်ကြီးကြီးကို အောက်ကို ဆွဲချပြီး Off ဆိုတဲ့ စာတန်းလေး ပေါ်အောင် လုပ်ထားတယ်ပေါ့။ ဒါကိုပဲ အားလုံးက မီး မလာဘူးလို့ ဆိုကြရတာလေ။ ထားပါတော့။ 

ရိုးရာဆန်တဲ့ မီးပျက်ညမှာ ကျနော်တို့ အိမ်က ဖေဖေ့ကြောင့် ခေတ်မှီစွာပဲ ဆိုင်ကယ် အင်ဂျင်လေးနဲ့ မီးလင်းပါတယ်။ အခုခေတ်လို မီးစက်တွေ ရှားပါးသေးတဲ့ ခေတ်ဆိုတော့ ဖယောင်းတိုင်မီး မထွန်းဘဲ ၊ ရေနံဆီ မီးခွက် မထွန်းဘဲ မီးလင်းနေရင် ပပဝတီ ရှိနေသလားရယ်လို့ နှစ်ခါပြန် လည်ပြန် ကြည့်ရတဲ့ ခေတ် ဆိုပါတော့။ ဒါပေမယ့်လည်းလေ မီးဖိုခန်းထဲ ဝင်မယ်ဆိုရင်တော့ အဘွားတို့က လူကြီး ဆိုတော့ သူတို့ သုံးနေကျ ဖြစ်တဲ့ ရှေးဟောင်း ကြေးမီးခြစ်ကြီးကို ခြစ်ပြီး ရိုးရာဆန်စွာ ဖယောင်းတိုင်ကို သုံးနေဆဲပါပဲ။ အိမ်သာ ဝင်မယ် ဆိုရင်လည်း ဖယောင်းတိုင်ပဲ သူသုံးနေဆဲပါ။

တစ်နေ့တော့ ရန်ကုန်ညကလည်း ရန်ကုန်ညဆန်စွာ မြို့ပြပီပီ မီးပျက်နေပြန်ပါတယ်။ အဲ မီးဖြတ်ခံထားရပြန်ပါတယ်။ ဒီအချိန်မှာ မီးဖိုခန်းထဲကနေ အဘွားက ဖယောင်းတိုင် ထွန်းလျက် ထွက်လာပြီး သူ့ဖယောင်းတိုင်ကို ထမင်းစား စားပွဲမှာ ထွန်းဖို့ ဖယောင်းစက်ကို ချနေတုန်းမှာပဲ ကျနော်ဆိုတဲ့ ဖိုးစပ်စုကလည်း မြင်သွားပါတယ်။ မြင်တယ် ဆိုတာထက် အခုမှ သတိထားမိသွားတာလို့ ဆိုရလိမ့်မယ်။ အရင်လည်း မြင်နေကြပဲလေ။ 

ဒီဟာ ဘာကြီးတုန်း။ အရောင်လည်း ထွက်သဟ ၊ အရောင်ထွက်တဲ့ ထိပ်ကလည်း လှုပ်လှုပ် လှုပ်လှုပ်နဲ့ပေါ့။ ကျနော် ငယ်လွန်းလို့ သေချာ မမှိတ်မိတော့ပေမယ့် ဒီလိုပဲ တွေးနေမိမယ် ထင်ပါတယ်။ ဒီတော့ အဲဒီ့အရာ ဘာဆိုတာထက် ကျနော် ကိုင်ကြည့်ချင်တယ် ၊ ဆွဲချင်တယ် ဒီစိတ်က ပိုလာပါတယ်။ အဲဒီ့အရာကို ဆွဲကိုင်ဖို့ ကျနော်က သွား ၊ အဲဒီ့အနားကို မရောက်ခင် ကျနော့် အမေက ဆွဲပါတယ်။ ကျနော်ကလည်း ဒါကိုပဲ ဆွဲဖို့ အာရုံထဲ ရှိနေတာ ဆိုတော့ ဒီကိုပဲ ထပ်သွားပါတယ် ၊ ကျနော့် အဘွားက ထပ်ဆွဲတယ် ၊ နောက်ထပ် တစ်ခါ ကြိုးစားတော့ ကျနော့် အဖေက ထပ်ဆွဲတယ်။ သုံးကြိမ် သုံးခါ ကြိုးစားပြီးတာတောင်မှ မအောင်မြင်တော့ ကျနော်လည်း ကလေး လက်နက် ထုတ်သုံးရပါတော့တယ်။

ဗြဲခနဲ ကျနော် ထအော်ငိုပြီး အဲဒီ့ဖယောင်းတိုင်ကို ကိုင်ဖို့ လက်လှမ်းပါတော့တယ်။ ပထမကတော့ မေမေက ချော့ရင်း အာရုံပြောင်းဖို့ ကြိုးစားတယ်။ ကျနော်ကလည်း မရဘူး။ ယူမယ် ကိုင်မယ် ဆိုတာချည်းပဲ။ နောက်ဆုံး ဖေဖေ့ လက်ပေါ်ရောက်သွားတော့ ဖေဖေက ကိုင်ရင် ပူမယ် ဆိုတာ သိနေတော့ အာရုံပြောင်းရင်း ကျနော့်ကို ချီပါတယ်။ ဒါပေမယ့် မရတော့ပါဘူး။ ဒီအလင်းရောင် ဖြာဝေနေပြီး တလှုပ်လှုပ် အရာက ကျနော့်အတွက် ကိုင်ချင်စရာကြီး ဖြစ်နေတယ်လေ။ 

ဘယ်လို ဘယ်လိုမှ အာရုံပြောင်းမရတဲ့ အဆုံး ဖေဖေက ကျနော့်ကို နောက်က သေချာထိန်းပေးပြီး ကျနော် ကိုင်ချင်နေတဲ့ ဖယောင်းတိုင်ဆီကို ကိုင်ဖို့ လွှတ်ပေးလိုက်ပါတယ်။ ကိုင်ချင်နေတဲ့ အရာကို ကိုင်ခွင့်မရလို့ ငိုနေတဲ့ ကျနော်ကလည်း ကိုင်ချင်တာ ကိုင်ခွင့်ရပြီ ဆိုတော့ အငိုတွေတောင်မှ တိတ်လို့။ ဖယောင်းတိုင် အနားကို ရောက်တော့ ကိုင်ဖို့ ကျနော်က လက်လှမ်းလိုက်တယ် ဆိုရင်ပဲ မေမေနဲ့ အဘွားက ဝိုင်းအော်ပါလေရော။ ပူမယ်လေ ဘာညာပေါ့။ ဒါပေမယ့် ဖေဖေက လက်ကာပြပြီး နေပစေ ဆိုကာ ဖယောင်းတိုင် မီးကို ကျနော့်ကို ကိုင်ခိုင်းသတဲ့။ 

တလက်လက်နဲ့ လင်းနေတဲ့ ဖယောင်းတိုင်  မီးကို ကျနော် လှမ်းကိုင်လိုက်တာနဲ့ ကျနော့်လက် ပူသွားလိမ့်မယ်လို့ ထင်သလား။ မပူပါဘူး။ အပူနိယာမ အရ အပူက ထိထိခြင်း မပူဘဲ ခဏလေးနေမှာ တိုးရှိန်နဲ့ ပူတာကိုး။ ကျနော် ဖယောင်းတိုင်က မီးကို ထိလိုက်ပြီ ဆိုတာနဲ့ ဖေဖေက အနောက်က ဆွဲလိုက်ပါတယ်။ ကျနော် မပူသေးဘူး ဘာလို့ အနောက်က ဆွဲတာလည်း ဆိုပြီး ဖေဖေ့ကို လှည့်ကြည့်လိုက်တော့မှ ခုနက ဖယောင်းတိုင် မီးနဲ့ ထိတဲ့ လက်ဖျားလေးက ပူလာတာ။ ဒီတော့မှ လက်ကို ပြန်လှည့်ကြည့်ပြီး ဗြဲခနဲ ထပ်ငိုရပြန်တယ်။ ဒီအချိန်မှာ ပူနေပါတယ် ဆိုတဲ့ ကျနော့်လက်က ရေတိုင်ကီထဲမှာ ရောက်နေပြန်ပြီ။ ကျနော့်ကို ဆွဲပြီးကတည်းက ဖေဖေက တစ်ခါတည်းချီပြီး ရေတိုင်ကီထဲကို လက်နစ်လိုက်တာကိုး။ ရေတိုင်ကီဆီကို မရောက်ခင်ကလေးပဲ ကျနော့်လက်က ပူလိုက်ရတာ ပူလို့ ငိုတဲ့ အချိန်မှာ လက်က အေးတဲ့ ရေတိုင်ကီထဲကို ရောက်နေပြန်ပြီ။ ပူတယ် ဆိုပြီး ငိုရတာတောင်မှ မဝသလို ခံစားရတယ် ဆိုပါတော့။ ဒီအဖြစ်အပျက်လေးက ကျနော့်ကို ဖေဖေ ၊ မေမေ နှင့် အဘွားတို့က ပြန်ပြောပြတဲ့ အပေါ်မှာ ကျနော် လိုက်တွေးတော ခံစားမိတာလေးပါ။

အဲဒီ့ အဖြစ်အပျက်လေး နောက်ပိုင်းမှာတော့ မေမေနဲ့ဖေဖေ စကားများကြတယ်။ ပထွေးလိုပဲ ကိုယ်သားသမီးကို နှိပ်စက်တယ် ဆိုတာကနေ ဖက်ဆစ်နှိပ်စက်သလိုဘဲ အထိ အခြေအနေက ကြီးကျယ် သွားရှာတယ်။ ဒါပေမယ့် ဖေဖေရဲ့ အကြောင်းပြချက်က ရှင်းပါတယ်။ လူဆိုတာ ဘာမှန်း မသိတဲ့ အခြေအနေမှာ ကြောက်စိတ်က မရှိဘူး။ ဒါ ကြောက်ရမယ့် အရာပါလားလို့ သိတဲ့ အခြေအနေ ရောက်သွားပြီ ဆိုရင် ဒါဘာဆိုတာ ဦးနှောက်မှာ အလိုလို မှတ်သား ထားပြီးသား ဖြစ်သွားပြီ။ ဗဟုသုတ ဆိုတာ အတွေ့အကြုံလောက် ဘဝမှာ မစွဲမြဲဘူး ဆိုတာကို ဖေဖေက လက်တွေ့နဲ့ ပြခဲ့တာလို့ နောင်မှ သိခဲ့ရတယ်။ အဲဒီ အဖြစ်အပျက် အပြီးမှာတော့ ဖယောင်းတိုင် မီးကို သွားကိုင်ဖို့ နေနေသာသာ ကိုင်မလား ဆိုပြီး အနားတိုးပေးတာတောင်မှ နောက်ဆုတ်သွားသတဲ့။ 

ဒါကြောင့် ကျနော်ကတော့ သိ၍ ကြောက်ခြင်း နှင့် မသိဘဲ ကြောက်ခြင်းမှာ ဘယ်အရာကို ပိုကြောက်သလဲ လို့ မေးလာခဲ့ရင် သိ၍ ကြောက်ခြင်းက ပို၍ အဓိပ္ပါယ် ရှိတယ်လို့ မိမိဖာသာ ပြန်သုံးသပ်မိတယ်။ ပြီးတော့ ရှေးဟောင်း အဆိုတစ်ခုလည်း ရှိနေသေးတယ်လေ။

" အကန်း တစ္ဆေ မကြောက် " တဲ့။

မမြင်ရတဲ့ အတွက် မကြောက်ဘူးလို့ ဆိုချင်တာပါ။ ဒီစကားလေးကို ဟိုးငယ်ငယ်ကတည်းက ကျနော်က ထပ်ဖြည့်ပြီး နောက်ခဲ့ဖူးတယ်။ 

" အဲဒီ့ မကြောက်ပါဘူး ဆိုတဲ့ အကန်းကို ငါဟဲ့ တစ္ဆေ ဆိုပြီး ကျောကုန်းကို လက်ဝါး အေးအေးကြီးနဲ့ ရိုက်လိုက်ပါလား လို့လေ " 

ကျနော်ထင်တယ် သူကြောက်သေးတွေ ချေးတွေ လူးနေမှာပဲ။ အခု သရဲ ၊ တစ္ဆေ အကြောင်းပြောရင်း ငယ်ငယ်က ကျနော်တို့ ကြုံခဲ့ဖူးတဲ့ အကြောင်းလေး တစ်ခု ပြောပြချင်လာပြန်တယ်။

ကျနော်တို့ လူငယ် ဘဝက အတော်ကို ဆော့ကြ ၊ ကဲကြတဲ့ ကလေးတွေပေါ့။ တကယ်လည်း ကြံကြံဖန်ဖန် ဆော့ကြတာပါ။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ချောက်ချကြ ၊ အငိုက်ဖမ်းကြနဲ့ အတော် ပျော်စရာပါပဲ။ ကျနော်တို့ အဖွဲ့မှာ သရဲ မကြောက်တတ်ဆုံးသူက ကျနော် ဖြစ်ပြီးတော့ သရဲ အကြောက်ဆုံးသူက မျိုးဇော် ဆိုပါတော့။

သူငယ်ချင်းတွေ ညဘက်မှာ ဝိုင်းဖွဲ့ပြီး ဂစ်တာတီးကြ ၊ စားကြ သောက်ကြရင်း မုန့် အအေးကုန်သွားရင် အလှည့်ကျ သွားဝယ်ရလေ့ရှိတယ်။ တစ်နေ့တော့ ကျနော် သွားဝယ်ရမယ့် အလှည့်ဆိုတော့ ကျနော်က လမ်းထိပ်က မုန့်ဆိုင်မှာ ဝယ်ဖို့ တစ်ယောက်ထဲ ထွက်လာခဲ့တယ်။ ဝယ်ပြီးပြန်လာတော့ လမ်းရဲ့ အမှောင်ဆုံးနေရာ အရောက် လမ်းကြားထိပ်က ခရေပင်ကြီးက ရုတ်တရက် လေမတိုက်ဘဲ ထယိမ်းထိုးပါလေရော။ ဒါကို ကျနော်က သရဲခြောက်နေတယ်လို့ မထင်ဘူး။ ဘာလဲဟ လေလည်း မတိုက်ဘဲ ဒီခရေပင်က ဘာဖြစ်ရတာလဲ ဆိုပြီး ခရေပင် အောက်ကိုတောင်မှ ဝင်ပြီး အပင်ပေါ် မော့ကြည့် ၊ ပင်စည်ကိုတောင်မှ လက်နဲ့ တွန်းကြည့်လိုက်သေးတယ်။ ဘာမှလည်း ဆက်မဖြစ်တော့ ကိုယ်တွေ ဂစ်တာတီးနေတဲ့ စုရပ်ကို ပြန်လာပြီး သူငယ်ချင်းတွေကို ပြန်ပြောပြတော့မှ သူတု့က အဲဒီ့အပင်မှာ ထိုလမ်းကြားဘေး အိမ်မှာ လူတစ်ယောက် သေပြီး မကျွတ်ဘဲ သရဲ ဖြစ်ကာ ခြောက်နေကြောင်း ဝိုင်းပြောကြတယ်။ ဒီတော့မှ ငါ့ကို ခုနက အပင်လှုပ်ပြတာ သရဲခြောက်တာကိုး ဆိုပြီး ကျနော်လည်း သိရတော့တယ်။

ဒါပေမယ့်ဒီကိစ္စက ဒီမှာ ပြီးမသွားဘူး။ နောက် ရက် အနည်းငယ် ကြာတော့ သရဲ အကြောက်ဆုံး ဖြစ်တဲ့ မျိုးဇော်က မုန့်သွားဝယ်ဖို့ အလှည့်ကျလာတယ်။ သူ မုန့်ဝယ်ဖို့ တစ်ယောက်ထဲ ကြောက်ကြောက်လန့်လန့်နဲ့ လှည့်ကြည့် လှည့်ကြည့်ထွက်သွားတာကို ကြည့်ရင်း သူ့ကို သရဲခြောက်မယ် ဆိုပြီး ကျနော်က မဟာအကြံတော်ကို ရပါတယ်။ 

သူသွားလို့ လမ်းထိပ်ထောင့်လေးကိုလည်း ကွယ်ရော ကျနော် ပြေးပြီး သရဲခြောက်ပါတယ် ဆိုတဲ့ ခရေပင်ပေါ်ကို တက်ပြီး သူ အောက်က လွယ်လွယ် မမြင်ရအောင် ပုန်းနေလိုက်တယ်။ ခဏနေတော့ ဝယ်လာတဲ့  မုန့်ထုပ်လေး ဆွဲပြီး လမ်းထိပ်ကနေ ဝင်လာတာကို ကျနော် လှမ်းမြင်နေရတယ်။ သရဲခြောက်တယ်လို့ ပြောကြတဲ့ ခရေပင်နား ရောက်ခါနီးမှာ သူက ခရေပင်ရဲ့ ဆန့်ကျင်ဘက်ကို ကပ်သွားတယ်။ တဖြေးဖြေး ခရေပင်နား ရောက်လာလေလေ သူ့ခြေလှမ်းတွေက မြန်လာလေလေပါပဲ။ ကျနော်တက်နေတဲ့ သရဲခြောက်တယ် ဆိုတဲ့ ခရေပင်နားလည်း ရောက်ရော ကြောက်တတ်သူ ဆိုတာ သူကြောက်နေတဲ့ အရာကို ခိုးကြည့်လေ့ရှိတယ်လေ။

သူကလည်း ခိုးအကြည့် ကျနော်ကလည်း ခရေပင်ပေါ်ကနေ ခရေပင်ကို ကိုင်ပြီး ခပ်သွက်သွက် လှုပ်လိုက်တယ်။ ဟိုနေ့က ကျနော့်ကို ခြောက်လှုပ် လှုပ်တဲ့ သရဲ အပင်မှာ ရှိနေရင်တောင် လွင့်ကျသေပြီး သရဲထပ်ဖြစ်မယ့် အခြေအနေပေါ့။ မျိုးဇော်ကတော့ သူကြောက်နေတဲ့ ခရေပင်ကို လှမ်းအကြည့် ကြောက်နေတဲ့ ခရေပင်ကြီးက သွက်သွက်လှုပ်တော့ ငါ့ကို သရဲခြောက်ပြီဟ ဆိုပြီး " အမေရေ " ဆိုပြီး အသံနက်ကြီးနဲ့ အော်ပြီး ပြေးလိုက်တာဗျာ။ မုန့်တွေရော အအေးတွေရော ပြန့်ကျဲကုန်တယ်။ 

ကျနော်လည်း ခရေပင်ပေါ်က ဆင်းပြီး သူ့နောက်ကို တခြား သူငယ်ချင်းတွေနဲ့ လိုက်တော့ သူက သူ့အိမ်ပြန်ရောက်နေပြီ။ မျက်ဖြူစိုက်ပြီး သရဲ သရဲနဲ့အော်ရင်း သတိလစ်သွားသတဲ့။ အဲဒီ့သတင်းနဲ့ ကျနော် နောက်လိုက်တဲ့ အကြောင်း သိတော့ အိမ်ရောက်တော့ အရိုက်ခံရ ၊ အဆူခံလိုက်ရတာ မဆုံးတော့ဘူး။ သူလည်း ၃ ရက်လောက် ကယောင်ကတမ်းနဲ့ ဖျားလိုက်သေးတယ်။ သရဲ မဟုတ်ပါဘူးကွ ငါနောက်တာပါ ဆိုတာတောင်မှ သူက မယုံလေဘူး။ တကယ်တော့ သူက ဒီမှာ သရဲ ရှိနေတယ် ဆိုတဲ့  သူ့ရဲ့ အသိစိတ်ကြောင့် သူ့ဖာသာ အကြောက်လွန်သွားခြင်းပါပဲ။ သစ်ပင် လှုပ်တယ် သြော် သစ်ပင် လှုပ်ပါလား ဆိုတာနဲ့တင် သူရပ်ထားလိုက်ရင် သူလည်း ဒီလောက် ဘယ်ကြောက်ပါ့မလဲ။ အခုတော့ သစ်ပင်လှုပ်တာကို သူ့ဖာသာ သရဲခြောက်တယ် ဆိုတဲ့ အသိနဲ့ ပိုင်းခြားလိုက်တော့ ကိုယ့်ဖာသာ ပိုကြောက်သွားစေတာပါပဲ။

ဒါကြောင့် ကျနော်ကတော့ ထင်ပါတယ်။ သိမှု နှင့် မသိမှု ကို အခြေခံပြီး ကြောက်စိတ်ကို ပိုင်းဖြတ်ခွဲခြားမယ် ဆိုရင်တော့ သိမှုကို အခြေခံထားတဲ့ ကြောက်စိတ်က ပိုအားကြီးသလို ၊ ပိုလည်း ပြင်းထန် တယ်လို့ မြင်မိပါတယ်။

** မနှင်းရဲ့ Tag ပို့စ်ပါ။ ***

လေးစားစွာဖြင့်
ကိုဇော်








Share/Bookmark

19 June 2013

5 ခေတ်သစ် ကုလားအုပ်ပုံပြင်




တစ်ခါက . . .

ကုလားအုပ်သားလေးက ကုလားအုပ် အမေကို မေးသတဲ့။

“ မေမေ . . . သားတို့မှာ ဘာလို့ သူများတွေထက် ကြီးတဲ့ ဘို့ကြီးတွေ ရှိနေရတာလဲ ဟင် ”

သားဖြစ်သူက အမေ့ရဲ့ လည်ပင်းရှည်ရှည်တွေကို သူ့ရဲ့ ဦးခေါင်းနဲ့ ပွတ်တိုက်ရင်း မေးလာတာကို အမေ ဖြစ်သူ ကုလားအုပ်မကြီးက သားငယ်ကို ချစ်လှစွာသော မျက်ဝန်းတွေနဲ့ ကြည့်ရင်း . . . .

“ ဒါဟာ မေမေတို့ ကုလားအုပ်တွေရဲ့ ထူးခြားချက်ပေါ့ သားရဲ့။ တခြား ဘယ်တိရစ္ဆာန်မှာမှ ဒီလောက်ကြီးတဲ့ ဘို့ကြီးတွေ မပါဘူး။ ဒီဘို့ကြီးတွေထဲမှာ မေမေတို့ ရက်ပေါင်းများစွာ သောက်သုံးဖို့ ရေတွေ သိုလှောင်ထားနိုင်တယ်။ ပမာဏနဲ့ ပြောရရင်တော့ ရေတစ်တိုင်ကီခွဲလောက်အထိ မေမေတို့လို အရွယ်ရောက်နေတဲ့ ကုလားအုပ်တွေက သိုလှောင်ထားနိုင်တယ် သားရဲ့။ ဒါဟာ ကုလားအုပ်တွေ အတွက် ဂုဏ်ယူစရာပဲပေါ့။ ”

မေမေ ကုလားအုပ်မကြီး ပြောနေတာကို ဘေးကနေ သားလေး ကုလားအုပ်က မျက်လုံးလေး ကလယ် ကလယ်နဲ့ မော့ကြည့်နေရှာတယ်။ ပြီးတော့မှ . . . . .

“ နောက်ပြီးတော့ ရှိသေးတယ် မေမေ။ ”

“ ပြောပါဦး ငါ့သားရဲ့။ ”

“ သားတို့ရဲ့ လည်ပင်းတွေကလည်း တခြား သတ္တဝါတွေထက် ရှည်တယ်နော် မေမေ။ သားတို့ထက် ရှည်တာ ဆိုလို့ သစ်ကုလားအုပ်တွေပဲ ရှိမယ်နော် မေမေ။ သူတို့ ရှည်တာနဲ့ သားတို့ ရှည်တာလည်း မတူဘူးနော်။ ”

သားရဲ့ စကားဆုံးတော့ မေမေ ကုလားအုပ်ကြီးက ဟက်ခနဲ တစ်ချက် ရယ်ရင်း . . . .

“ ဒါကလည်း မေမေတို့ ကုလားအုပ်တွေ အတွက် ထူးခြားချက်ပဲ သားရဲ့ မေမေတို့ အဓိက နေတာက သဲကန္တာရထဲမှာလေ။ သဲကန္တာရဆိုတာ သဲမုန်တိုင်း ဆိုတာနဲ့ ကင်းကွာနိုင်တာ မဟုတ်ဘူး သားရဲ့။ မကြာခဏ သဲမုန်တိုင်းတွေက တိုက်နေတာလေ။ ဒီလို သဲမုန်တိုင်း မတိုက်ခင်မှာ ကြိုတင်ပြီးတော့ မြင်နိုင်အောင်လို့ မေမေတို့ လည်ပင်းတွေက ရှည်ထားရတာ။ ပြီးတော့ ရှည်နေတဲ့ လည်ပင်းကလည်း အပေါ်ကို ရှည်ထွက်နေတာမျိုး မဟုတ်ဘဲ ၊ အရှေ့ကို ရှည်ထွက်နေမှ တိုက်ခတ်လာတဲ့ မုန်တိုင်းကို အံ့တုနိုင်မှာပေါ့ သားရဲ့။ ”

“ သြော် . . . ”

သားဖြစ်သူ ကုလားအုပ်လေးက တွေးတွေးဆဆ နဲ့ ခဏငြိမ်သွားပြီးမှ . . . .

“ သားတို့ရဲ့ မျက်လုံး တည်ရှိနေပုံ နဲ့ နှာခေါင်းပေါက် တည်ဆောက်ပုံတွေကလည်း သူများ သတ္တဝါတွေနဲ့ မတူဘူးနော် မေမေ။ ”

“ အမှန်ပဲပေါ့ သားလေးရေ။ မေမေ ခုနက ပြောခဲ့တဲ့ အတိုင်း မေမေတို့က ကန္တာရမှာ ကျင်လည်နေရတဲ့ ကုလားအုပ်တွေ ဆိုတော့ သဲမုန်တိုင်း တိုက်ခတ်လာတဲ့ အခါမှာ သဲတွေ မျက်လုံးထဲကို မဝင်ရလေအောင် သဘာဝက ပေးထားတဲ့ လက်ဆောင်ပေါ့ သားရယ်။ မျက်လုံးတွေထဲကို သဲတွေ မဝင်နိုင်အောင်လို့ မျက်လုံးက နှာရိုးရဲ့ အကွယ်မှာ ရှိနေတာပေါ့ကွယ်။ ဒါမှလည်း တော်ရုံ သဲတွေ မဝင်နိုင်မှာပေါ့။ နှာခေါင်းကလည်း ဒီလိုပဲ တိုက်ခတ်လာတဲ့ လေတွေ နှာခေါင်းထဲ တန်းမဝင်လေအောင် ထိပ်က နှာပွ အသားမာတွေနဲ့ ကာကွယ်ထားတာပေါ့ကွယ်။ ပြီးတော့ နှာခေါင်းဝမှာ ရှိနေတဲ့ အသားစိုင်ကလည်း လေတွေနဲ့ အတူ သဲတွေ ပါလာရင် ပိတ်ပြီးတော့ ကာကွယ်ထားနိုင်တယ်။ အသက်ရှူချင်မှ ပြန်ဖွင့်ပြီးတော့ ရှူနိုင်တာပေါ့ကွယ်။ ဒါကိုက မေမေတို့ ကုလားအုပ်တွေရဲ့ သဘာဝက ပေးတဲ့ ထူးခြားချက်ပေါ့ သားရယ်။ ”

သဘာဝက ပေးတဲ့ လက်ဆောင်တွေ အများကြီး ပိုင်ဆိုင်ထားမှန်း သိသွားတဲ့ အတွက် သား ကုလားအုပ်လေး မျက်လုံးထဲမှာ အရောင်တွေ လက်ထလာတယ်။ စိတ်အားလည်း တက်ကြွလာသလို ခံစားရတယ်။

“ ပြီးတော့ သားတို့ ခန္ဓာကိုယ်ပေါ်မှာလည်း အမွှေးတွေ ကြမ်းကြမ်းတမ်းတမ်းနဲ့ ရှည်ရှည်တွေ ရှိပေမယ့်လည်း ထူထူထဲထဲတော့ များများစားစား ရှိနေဘူးနော်။ ဒါကလည်း ဘာကြောင့်လဲ မေမေ။ ”

အမေး အမြန်းထူတဲ့ သားငယ် ကုလားအုပ်လေးကို မေမေ ကုလားအုပ်မကြီးက ချစ်မြတ်နိုးစွာဖြင့် ကြည့်လိုက်ပြီး . . .

“ ဒါဟာ ဘာဖြစ်လို့လဲ ဆိုတော့ မေမေတို့က ကန္တာရထဲမှာ နေရတာ ဆိုတော့ သဲမုန်တိုင်း ဒဏ်ကို ခံစားရပြီ ဆိုရင် သဲတွေရဲ့ ဒဏ်ကို ကာကွယ်နိုင်ဖို့ အမွှေးတွေကလည်း ကြမ်းကြမ်း ရှိနေရမယ်။ ဒါပေမယ့် အမွှေးတွေ များများကြီး ရှိနေပြန်တော့လည်း အမွှေးတွေ ကြားထဲမှာ သဲတွေ ကပ်ဝင်ကုန်ပြီးတော့ ကိုယ်ခန္ဓာကြီးက လေးလံပြီးတော့ ခရီး မတွင်မှာ စိုးလို့ သဘာဝက ပေးထားတဲ့ လက်ဆောင်ပါ သားရေ။ ဒါမှလည်း သဲတွေက ခန္ဓာကိုယ်ကို လာစင်ပြီးတော့ တွယ်ကပ် မနေဘဲ အောက်ကို လျှောကျပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ခရီးသွားရတာ တွင်ကျယ်မှာပေါ့ကွယ်။ ”

“ ဝေးးးးးးးးးးးး ”

မေမေ ကုလားအုပ်မကြီးရဲ့ စကားလည်း ဆုံးရော သားငယ် ကုလားအုပ်လေးက ပျော်ရွှင်ပြီးတော့ မြူးတူး ဟစ်ကြွေးလိုက်လေတယ်။ ပြီးတော့ ဟိုဟိုဒီဒီလည်း ပြေးလွှားလိုက်သေးတယ်။ မေမေ ကုလားအုပ်မကြီးကတော့ အခုမှ ကြီးကောင်ပေါက် ဖြစ်လာတဲ့ သားငယ်လေးကို ကြည့်ရင်း ပြုံးနေလေတော့တယ်။ ကုလားအုပ်တွေ ကြီးကောင်ပေါက်လာရင် လောကကြီး အကြောင်းကို သိလိုစိတ်ဖြင့် အခုလို စကားများကာ သိလိုတာတွေ မေးမြန်းလာတတ်ကြတာ ထုံးစံပဲ မဟုတ်ပါလား။

ကုလားအုပ်မကြီး ငယ်ငယ်ကလည်း သူ့ရဲ့ မေမေကို မေးခဲ့တာပါပဲ။ အဲဒီတုန်းကလည်း ကုလားအုပ်မကြီးရဲ့ မေမေကလည်း ကုလားအုပ်မကြီးကို အခုလိုပဲ ပြန်ဖြေခဲ့တာပဲ မဟုတ်လား။ ပြေးလွှားနေရာမှ အတန်ငယ် မောလာတော့ ကုလားအုပ်လေးက မေမေ ကုလားမကြီးဆီကို ပြန်ပြေးလာပြီးတော့ သူ့ရဲ့ ခြေထောက်နဲ့ခွာတွေကို ငုံ့ကြည့်ရင်း . . .

“ မေမေ . . . သားတို့ ကုလားအုပ်တွေရဲ့ ခြေထောက်ကလည်း တခြား သတ္တဝါတွေရဲ့ ခြေထောက်နဲ့ မတူဘူးနော် မေမေ။ အထူးသဖြင့် ခွာတွေဆိုရင် သူများတွေရဲ့ ခြေထောက်နဲ့ ခွာရဲ့ အချိုးအစားထက် ကြီးတယ်နော်။ ”

မေမေ ကုလားအုပ်မကြီးက ထပ်ပြုံးလိုက်ရင်း . . .

“ ဒါပေါ့ . . . သားရယ်။ ဒါကလည်း သဘာဝက ပေးတဲ့ ကုလားအုပ်တွေ အတွက် အထူးလက်ဆောင်ပေါ့ကွယ်။ ဒီလို မေမေတို့ ကုလားအုပ်တွေရဲ့ ခြေထောက်တွေက ပိန်သွယ်ပြီးတော့ ရှည်လျားထားမှ တကယ်လို့ သဲကန္တာရထဲကို ခြေကျွံကျသွားတယ် ဆိုရင်တောင်မှ ပြန်ဆွဲထုတ်ရ လွယ်တာပေါ့ သားရဲ့။ ဒါကလည်း ပြောမယ့်သာ ပြောရတာပါ။ မေမေတို့ရဲ့ ခွာက တခြားသော သတ္တဝါတွေရဲ့ ခြေထောက်နဲ့ခွာ အချိုးအစားကို ယှဉ်ကြည့်မယ် ဆိုရင် မေမေတို့ရဲ့ ခြေထောက်နဲ့ခွာရဲ့ အချိုးအစားက ပိုကြီးနေတယ် သားရဲ့။ ခွာပိုကြီးတဲ့ သတ္တဝါက ခွာသေးတဲ့ သတ္တဝါထက် ခြေကျွံကျဖို့ နည်းတာပေါ့ကွာ။ ဒါကလည်း ကုလားအုပ်တွေ အတွက် အထူး ရရှိထားတဲ့ သဘာဝရဲ့ လက်ဆောင်ပါပေါ့ သားရဲ့။ ”

မေမေ ကုလားအုပ်မကြီးက တက်ကြွစွာ ပြောလိုက်တော့ သားငယ် ကုလားအုပ်က အားရ ကျေနပ်သွားတဲ့ မျက်နှာဖြစ်သွားတယ်။ ဒါပေမယ့် ချက်ချင်းပဲ သားငယ် ကုလားအုပ်လေးက ဘေးပတ်ဝန်းကျင်ကို မျက်စိ ဝေ့ကြည့်လိုက်ပြီး . . .

“ ဒါပေမယ့် မေမေရယ်။ ”

ဟု ဆိုကာ မျက်နှာလေး ချက်ချင်း ငယ်သွားတယ်။

“ ဘာဖြစ်လို့လဲ သားရဲ့။ ”

သားငယ် ကုလားအုပ်လေးက သက်ပြင်းရှည်ရှည်ကြီးကို မှုတ်ထုတ်လိုက်တယ်။ ပြီးမှ . . .

“ ဒါပေမယ့် မေမေရယ်။ သားတို့ရဲ့ ရေတစ်တိုင်ကီခွဲ ဆန့်ပါတယ် ဆိုတဲ့ ဘို့ကြီးရယ် ၊ သဲမုန်တိုင်း ဒဏ်ကို ခံနိုင်ပါတယ် ဆိုတဲ့ အမွှေးကြမ်းကြမ်းတွေ ရှိနေတဲ့ ခန္ဓာကိုယ်ရယ် ၊ သဲမုန်တိုင်းကို အဝေးကနေ မြင်နိုင်ပါတယ် ဆိုတဲ့ လည်ပင်းရှည်ရှည်တွေရယ် ၊ သဲတွေ မဝင်နိုင်အောင် သဘာဝက အကာအကွယ် ပေးထားပါတယ် ဆိုတဲ့ မျက်လုံး နဲ့ နှာခေါင်းပေါက်တွေရယ် ၊ သဲထဲကို ခြေမကျွံကျအောင် သဘာဝက လက်ဆောင် ကြီးပေးထားတဲ့ ခွာရယ် ၊ ခြေကျွံကျရင်တောင်မှ ပြန်နုတ်ရ လွယ်ပါတယ် ဆိုတဲ့ ခြေထောက်တွေရယ်က သားတို့ အတွက် အသုံးမဝင်ပါလား မေမေရယ်။ ”

သားငယ် ကုလားအုပ်လေးရဲ့ စကားသံကို ကြားတော့ မေမေ ကုလားအုပ်မကြီးက အလန့်တကြား ဖြစ်သွားပြီးတော့ သားငယ်လေးကို လှမ်းပြောလိုက်တယ်။

“ မဟုတ်တာဘဲ သားရယ်။ ဒါတွေ ရှိနေလို့ သဘာဝရဲ့ လက်ဆောင် ရရှိထားလို့ မေမေတို့က ကုလားအုပ် ဆိုပြီးတော့ သူများတွေထက် ထူးခြားနေတာပေါ့ သားရယ်။ ”

သားငယ် ကုလားအုပ်လေးက ဟိုးအဝေးကို ငေးကြည့်ပြီးတော့ ဆက်ပြောတယ်။

“ ဒါတွေ ရှိနေလို့ သားတို့က ကုလားအုပ်လို့ ခေါ်တာတော့ ဟုတ်ပါတယ် မေမေရယ်။ ဒါပေမယ့် သားတို့ အခု ရောက်နေတဲ့ နေရာက ကန္တာရနဲ့ မိုင်ထောင်ပေါင်းများစွာ ဝေးတဲ့ နိုင်ငံ တစ်ခုရဲ့ တိရိစ္ဆာန်ရုံထဲကို ရောက်နေတာလေ မေမေ။ တိရိစ္ဆာန်ရုံရဲ့ သံမံသလင်းပေါ်မှာတော့ သားတို့ရဲ့ သဲကန္တာရကို အံ့တုနိုင်တဲ့ အစွမ်းတွေက ဘာမှ သုံးမရတော့ဘူးပေါ့ မေမေရယ်။ ”

“ x x x x x x ”

“ သဲကန္တာရမှာ ဒီလိုတွေ အသုံးဝင်ပါတယ် ဆိုတဲ့ အကောင် တစ်ကောင် ဒီနေရာမှာ ပြသ ခံနေရတာထက် သားတို့ရဲ့ အစွမ်းသတ္တိတွေက ဘာများ အသုံးကျတော့လို့လည်း မေမေရယ်။ ”

“ x x x x x x ”

သားငယ် ကုလားအုပ်လေးရဲ့ စကားလည်း ဆုံးရော မေမေ ကုလားအုပ်မကြီး ဘာမှ ပြန်မပြောနိုင်ဘဲ တိတ်ဆိတ်ကာ နေလေတော့တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။



တကယ်လို့ . . . .

တကယ်လို့ပေါ့ . . . .

ကျွန်တော်သာ ကုလားအုပ်လေး တစ်ကောင် ဖြစ်ခဲ့မယ် ဆိုရင် . . . ပြီးတော့ လူထုခေါင်းဆောင် ဆိုသော ( အများက အမေလို့ တင်စား ခေါ်ဝေါ်သော ) ကျွန်တော်တို့ မေမေကို ကျွန်တော်လည်း ပြောခွင့်သာ ရမယ် ဆိုရင် ပြောချင်လိုက်တာဗျာ။

“ မေမေရယ် . . . .

- နိုင်ငံရေး လုပ်တယ် ဆိုတာ နိုင်ငံ ရှိမှ နိုင်ငံရေး လုပ်လို့ ရတာပါ။ နိုင်ငံ မရှိတော့သူတွေ အတွက် နိုင်ငံဆိုတာ အရင် ရအောင် ပြန်လည် တိုက်ယူရတော့မှာပါ။ နောင်တစ်နေ့ ကျွန်တော်တို့ ပြန်လည် တိုက်ယူနေရတဲ့ လူနည်းစု မဖြစ်ချင်ဘူး မေမေ။

- လူနည်းစုကို မေတ္တာထားတယ် ဆိုတာကြောင့် လူအများစုကို လျစ်လျူရှု့တာမျိုးတော့ မဖြစ်စေချင်ဘူး မေမေရယ်။ လူနည်းစုက ပိုအရေးကြီးလား ၊ လူအများစုက ပိုအရေးကြီးလား မေမေ။

- ဖွံဖြိုးတိုးတက်ပြီးသား နိုင်ငံတွေမှာ လူ့အခွင့်အရေး ဆိုတာ အဓိက အရေးကြီးတာ ဖြစ်ပေမယ့် ဖွံဖြိုးဖို့ အားယူနေတဲ့ နိုင်ငံမှာတော့ လူ့အခွင့်အရေး ဆိုတာ နောင်မှ ကြွေးကြော်ပြီးတော့ တိုက်ယူရင်လည်း နောက်မကျသေးပါဘူး။ ပီကေကို တက်နင်းထားမိလို့ လမ်းဆက် မလျှောက်နိုင်တော့တဲ့ လူတစ်ယောက်လိုတော့ မဖြစ်စေချင်ဘူး မေမေရယ်။ ပီကေ ဆိုတာ ပီကေ လောက်ပဲ ကပ်မှာပေါ့ မေမေရယ်။

- ပြီးတော့ အခု ကျွန်တော်တို့ ရောက်နေတာက ကုလားအုပ်မကြီး ပြောနေသလို သဲကန္တာရကြီး မဟုတ်ဘူး မေမေ။ သံမံသလင်းပေါ်ကို ရောက်နေတာလေ။ ဒီတော့ ဒီအတွက် မေမေ ခြေကျွံကျမှာ စိုးပြီးတော့ အရမ်းကြီး စိုးရိမ်မနေပါနဲ့။

- ပြီးတော့ ကျယ်ပြောလှတဲ့ ကန္တာရကြီးကို တွေးတွေးပြီးတော့ ကိုယ်ရောက်နေတဲ့ တိရိစ္ဆာန်ရုံ အကျယ် အကျဉ်း ဆိုတာကိုလည်း မေ့မနေစေချင်ဘူး မေမေရယ်။

ပြောရရင်တော့ အများကြီးပဲ မေမေရယ်။ ဒါပေမယ့် သားကလည်း ကုလားအုပ်ငယ်လေး မဟုတ်လား။ သိချင်တဲ့ အရွယ် ၊ မေးမြန်းချင်တဲ့ အရွယ် ဆိုတော့လည်း မေးမိ ပြောမိတာတွေ ရှိသလို ၊ ပြောမိ ဆိုမိတာတွေလည်း ရှိတာပေါ့ မေမေရယ်။ သားက ဘာမှတော့ မသိပါဘူး။ ဒါပေမယ့် သားရောက်နေတဲ့ နေရာက သဲကန္တာရလို ကျယ်ပြောတဲ့ နေရာ မဟုတ်ဘဲ တိရိစ္ဆာန်ရုံလောက်သာ ကျယ်ဝန်းတဲ့ နေရာ ဆိုတာလောက်တော့ သားသိပါသေးတယ်။

ဘာလို့လဲ ဆိုတော့ သားက အမြင် မကျယ်ဘူးလေ။ မေမေကတော့ အမြင်ကျယ်ပါတယ်။ ဒါပေမယ့် မေမေရယ် . . . ကိုယ်ရောက်နေတဲ့ လက်ရှိနေရာဟာ ဘာလဲ ၊ ဘယ်လိုလဲ ဆိုတာတော့ အရှိအတိုင်း မြင်ဖို့ လိုမယ် ထင်ပါတယ်။

မေမေ ကျန်းမာ ပျော်ရွှင်ပါစေ။

သားသား ကုလားအုပ်လေး

လေးစားစွာဖြင့်
ကိုဇော်


Share/Bookmark

11 June 2013

0 Profile ပုံ




Profile ပုံပြောင်းလဲခြင်းနှင့် ပတ်သတ်ပြီး နည်းနည်းတော့လည်း ပြောစရာ ရှိပါတယ်။ များများစားစားလည်း ဖြစ်သွားနိုင်တယ်ပေါ့လေ။

ပြောရမယ် ဆိုရင် လူတွေရဲ့ စိတ်ထွက်ပေါက်ကနေ စပြောရမယ် ထင်ပါတယ်။ တချို့က စိတ်ထဲမှာ တင်းကျပ်လာရင် သီချင်း အော်ဆိုပစ်လိုက်တယ်။ တချို့ကတော့ ကစားကွင်းသွားပြီးတော့ ဝေးလားဝါးလား အော်ကာ ဆော့ပစ်လိုက်တယ်။ တချို့ကျတော့ တိတ်တဆိတ် စာဖတ်နေလိုက်တယ်။ တချို့ကျတော့ ဂေါ့ဖ်ရိုက်ထွက်တယ်။ တချို့ကျတော့ ကားလျှောက်မောင်းတယ်။ ( ဒါကတော့ အန္တရာယ် ရှိပါတယ်။ ) တချို့ကျတော့ ကျိတ်ငိုတယ်။ တချို့ကျတော့ စိတ်ညစ်ရင် အိပ်ပစ်တယ်။ လူအမျိုးမျိုး ရှိသလို စိတ်ကလည်း အထွေထွေပေါ့။ 

သို့သော် ဒီလို မတူရာကနေ လူတိုင်းနဲ့ သင့်တော်သော ဖြစ်ရပ်လေးတွေက အစွဲလေးတွေ ဖြစ်လာပြီးတော့ အလေ့အကျင့် လေးတွေ ဖြစ်လာကြတယ်။ နောက်တော့ အလေ့အကျင့်ကနေ အစွဲလေးတွေ ဖြစ်လာတယ်။ အစွဲကနေ ဓလေ့ ဖြစ်လာတယ်။ နောက်တော့ ရိုးရာ ဆိုပြီးတော့ ကျင့်သုံးလာတယ်ပေါ့လေ။ ရိုးရာ ဆိုတဲ့ အခြေအနေ အထိ မရောက်ခင် အလေ့အကျင့် ဆိုတဲ့ အစွဲသာသာလေး နေရာဆီကို ကျွန်တော်တို့ သွားကြည့်ရအောင်။ 



ငယ်ငယ်ကတည်းက ခပ်ရွတ်ရွတ်ကလေး ဆိုတော့ ဘာမှန်း မသိပေမယ့် ပေါက်ကရလေးတွေတော့ စိတ်ကူးပေါ်ရာ လျှောက်လုပ်ပါတယ်။ ကျောင်းမှာ ဆော့လွန်းလို့ အဆူခံရ ၊ အရိုက်ခံရတယ် ဆိုတာကတော့ မထူးတော့ပြီမို့ ထူးထူးထွေထွေ မပြောပြချင်တော့ပါဘူး။ ထူးခြား ဖြစ်စဉ်လေးပဲ ပြောပြပါတော့မယ်။ အဲ . . တစ်နေ့တော့ အတန်းထဲကို ဆရာမက မဝင်တဲ့ အချိန်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေ ယောက်ျားလေးတွေ ထုံးစံ အတိုင်း အတန်းထဲမှာ စစ်တိုက်တန်း ကစားကြပါတယ်။ သေနတ် အတုကြီးတွေနဲ့ ဒိုင်း ဒိုင်း ဒိုင်း ဒက် ဒက် ဒက် နဲ့ ပါးစပ်က ပေါက်ကွဲပြပြီးတော့ ပစ်ကြ ခတ်ကြတာ မဟုတ်ပါဘူး။ 

ကျောင်းစာအုပ်တွေ ထည့်ထားတဲ့ လွယ်အိတ်လေးတွေကို ယူလိုက်ပြီးတော့ စာအုပ်တွေနဲ့ ကွန်ပါဗူးကို သွန်ထုတ်ကာ စားပွဲ အတွင်းထဲကို ထည့်ထားလိုက်ပြီး လွယ်အိတ်ကို လွယ်ကာ ကျွန်တော်တို့ ပြောင်းဖူးရိုးတွေ လိုက်ကောက်ပါတယ်။ ( ဟိုလူကြီး တစ်ယောက်လို သွားလေရာမှာ ဘေးက သူ့လူက ပြောင်းဖူးကြီး ထောင်ပြနေတာတော့ မဟုတ်ဘူးပေါ့။ ) ကိုယ့်ဖာသာ အသာအယာ လွယ်အိတ်ထဲကို ကောက်ထည့်ပြီးတော့ ပြန်လာကာ အတန်းထဲမှာ မိန်းကလေးတွေကို ခေါင်းချ အိပ်နေခိုင်းပြီးတော့ အခန်းကို အရှေ့ ၊ အနောက် ခွဲပြီးတော့ အုပ်စုလိုက် ပြောင်းဖူးရိုးနဲ့ ပစ်ပြီး စစ်တိုက်တန်း ကစားကြတာပါ။

 သေနတ်တုတွေနဲ့ ဒိုင်း ဒိုင်း ဒက် ဒက် လုပ်ရတာလောက် အာညောင်းတာ မရှိဘူး။ တကယ်လည်း ထိတာ မဟုတ်ဘဲနဲ့ မင်းထိ သွားပြီ ထွက်တော့ ဆိုတာကလည်း အငြင်းအခုန် ဖြစ်ရခြင်းရဲ့ အကြောင်းအရာ တစ်ခုပါပဲ။ ကျွန်တော် မကြိုက်။ ထိရင် ထိတယ်။ နာရင် နာတယ်။ အနာခံနိုင်ရင်လည်း ဘယ်လောက် အနာခံနိုင်တယ်။ ရှောင်ရင်လည်း ဘယ်လောက် ရှောင်နိုင်တယ် ဆိုတာကို သိသိသာသာ ဖြစ်စေတဲ့ အဲဒီလို ပြောင်းဖူးရိုးနဲ့ စစ်တိုက်တာကိုပဲ ကျွန်တော် ကြိုက်တယ်။ အနာမခံနိုင်တဲ့ ကောင်ကတော့ ကိုယ့်ဖာသာ ခုံအောက်ထဲမှာပဲ ပုန်းနေပေါ့။ နောက်တစ်နေ့ မိုးလင်းရင်တော့ လက်မောင်းရင်းတွေ ပစ်ထား ၊ ခတ်ထားလို့ နာနေတာတော့ အမှန်ပဲ။ တောင့်ပြီးတော့ အောင့်ပါ အောင့်နေတတ်တယ်။ 

ဘယ်ဘက်လက်မှာ ပြောင်းဖူးရိုး သုံးလေးခု ကိုင်ထားပြီးတော့ ညာဘက်ကနေ ဆက်တိုက် ယူပစ်ရင် ခေါင်းထောင်လာသူကို ရှာရသလို သူတို့ ပစ်လိုက်တဲ့ ပြောင်းဖူးရိုးကိုလည်း ရှောင်ရသေးတယ်။ ဒီ့ထက် ကျွန်တော် ရဲတင်းလာပြီ ဆိုရင်တော့ ခုံအောက်ဝင်ပြီး ကာမနေတော့ဘဲ ၊ မတ်တပ် ထရပ်ပြီးတော့ သူတို့ ဘက်က ပစ်လာတဲ့ ပြောင်းဖူးရိုးကို ဘယ်ဘက်နဲ့ ပုတ်ချရင်း ပစ်လာနိုင်တဲ့ လူတွေဆီကို အဆက်မပြတ် ပစ်တယ်။ ဟိုဘက်က ပစ်တဲ့ လူအင်အား များနေတယ် ဆိုရင်တော့ ရှောင်တာရော ၊ ပုတ်ချတာရောနဲ့ ဘယ်လုံလောက်မလဲ။ ကျွန်တော့်ကို ထိတာပေါ့။ ထိလည်းထိ ကျွန်တော်က တစ်ယောက်ကိုပဲ ဦးတည်ပြီးတော့ နည်းနည်းမဲတတ်တယ်။ ဒီတော့ ကိုယ်လည်း ခံရသလို ဟိုဘက်က အဓိက ပစ်နေတဲ့ သူလည်း ခေါင်း မဖေါ်နိုင်တော့ဘူး။ 

အဲဒီလို ပြောင်းဖူးရိုးနဲ့ ပစ်ရခတ်ရ စစ်တိုက်ရတာ ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ အခန်းထဲက သူငယ်ချင်းတွေကလည်း ငယ်ပေါင်းတွေ ဆိုတော့ မိန်းကလေးတွေရော ၊ ယောကျာ်းလေးတွေပါ ညီညွတ်ကြတယ်။ ပျော်စရာ ကောင်းပါတယ်။ 



တစ်နေ့တော့ . . . 

 အခန်းရဲ့ အဝင်အထွက် တံခါးမကြီးရဲ့ မှန်တံခါး တစ်ချပ်က ကွဲနေပါတယ်။ အတန်းထဲမှာ ဆရာ ၊ ဆရာမ အဝင်တဲ့ အချိန်ဆိုရင် အခန်းထဲမှာ ဆော့နေတာတွေ သိမှာ စိုးလို့ ကျွန်တော်တို့က အသံ မထွက်အောင် ဒီအပေါက်ကို ကတ္ထူစက္ကူနဲ့ ကပ်ပြီးတော့ ပိတ်ထားလေ့ ရှိတယ်။ ဒါမှ အခန်းထဲမှာ ကျွန်တော်တို့ ဆော့ချင်သလို ဆော့ ၊ အသံ မကြားရမှာလေ။ အဲဒီ့နေ့တော့ ရက်ပေါင်းများစွာ ကြာနေပြီ ဖြစ်တဲ့ ဒီစက္ကူကလည်း သိပ်ကောင်းပုံ မပေါ်တော့ပါဘူး။ ဒါပေမယ့် ဘယ်သူမှလည်း သတိမထားမိကြဘူး။ 

ဆရာမ တစ်ချိန် မဝင်တဲ့အချိန်မှာ ထုံးစံ အတိုင်း မိန်းကလေးတွေက ခုံပေါ်မှာ မှောက်အိပ်နေပြီးတော့ မျက်နှာချင်းဆိုင် အတင်းပြောကြ ၊ ရုပ်ရှင်အကြောင်းတွေ ပြန်ပြောပြ လုပ်နေချိန် ၊ ကျွန်တော်တို့ ယောက်ျားလေးတွေကတော့ ထုံးစံ အတိုင်း ပြောင်းဖူးရိုးနဲ့ အရှေ့ ၊ အနောက် ခွဲပြီးတော့ စစ်တိုက်နေတဲ့ အချိန်မှာ တံခါးမှာ ကပ်ထားတဲ့ စက္ကူက ကွာပြီးတော့ ကျနေလေတယ်။ ကျွန်တော်တို့က သတိမထားမိတော့ အခန်းထဲက အသံတွေက အပြင်ကို ထွက်နေမှာပေါ့လေ။ ကျွန်တော်တို့ကသာ သတိမထားမိတာ သတိထားမိတဲ့ အပြင်ကတော့ အတော် ဆူနေတဲ့ အခန်းထဲက အသံတွေ အပြင်ကို ထွက်နေတာ ကြားရတယ်။ 

ဒီတော့ ဖြတ်သွား ဖြစ်လာနဲ့ ဆရာ တစ်ယောက်က အခန်းထဲကို မှန်ကွဲနေတဲ့ အပေါက်ကနေ ချောင်း အကြည့်။ အထဲမှာ ပြောင်းဖူးရိုးနဲ့ စစ်တိုက်နေကြတဲ့ ကျွန်တော်တို့ကလည်း သည်းသည်းမည်းမည်းပေါ့လေ။ မဲသဝေါ တိုက်ပွဲ ဆိုတာ ဒီလောက် ဘယ်ဆိုးလိမ့်မတုန်း။ ကျွန်တော်က အရှေ့ဘက်ကနေ သူငယ်ချင်းတွေနဲ့ အနောက်ဘက်က ကောင်တွေကို တိုက်နေသလို အတန်း အနောက်က ကောင်တွေကလည်း ကျွန်တော်တို့ အရှေ့ဘက်က ကောင်တွေကို ပြောင်းဖူး လောင်ချာတွေနဲ့ ပစ်နေချိန်ပေါ့။ ကျွန်တော်ကလည်း ထုံးစံ အတိုင်း နည်းနည်း စိတ်က တင်းလာရင် မတ်တပ်ရပ်ပြီးတော့ ထထ ပစ်တတ်တယ်။ ခေါင်းထောင် လာတဲ့ ကောင်တွေကို အပီဆွဲ ၊ ဟိုဘက်က ပြန်ပစ်တဲ့ ပြောင်းဖူးရိုးတွေကိုလည်း တတ်နိုင်သမျှ လက်နဲ့ ပုတ်ချပေါ့လေ။ 

 ကျွန်တော် ဒီလို ထပစ်နေတဲ့ အချိန်မှာ နောက်တန်းက ကောင်တစ်ကောင်ကလည်း ခုံ အကွယ်ကနေ ထပြီးတော့ မတ်တပ်ရပ်ပြီး ကျွန်တော့်ဆီ ပစ်လိုက်တယ်။ ကျွန်တော်ကလည်း သူတို့ကို ပစ်နေရင်းနဲ့ ဒီကောင် ထပြီးတော့ ကျွန်တော့်ကို ပစ်လိုက်တာ လှမ်းမြင်လိုက်တယ်။ နီးနေတဲ့ ပြောင်းဖူးရိုးတွေကို ရှောင်ပြီးတော့ သူ ပစ်လိုက်တဲ့ ပြောင်းဖူးရိုးကိုတော့ ပစ်ဖို့ ပြင်ထားတဲ့ ညာဘက်နဲ့ပဲ လေပေါ်မှာ လှမ်းပုတ်ထုတ်လိုက်တယ်။ ထိချက်က မှန်ကန်စွာ ထိသွားတဲ့ အတွက် ပြောင်းဖူးရိုးဟာ လေထဲမှာ လွင့်လာရင်းနဲ့ပဲ လမ်းကြောင်းပြောင်းပြီးတော့ အဝင်အထွက် တံခါးဘက်ကို လွင့်ထွက်သွားတယ်။ ဝင်အောင် ပစ်ရင်တောင်မှ ဝင်ချင်မှ ဝင်မယ့် ဒီပြောင်းဖူးရိုးဟာ အခုတော့ မှန်ကွဲနေတဲ့ အပေါက်ကနေ အပြင်က ချောင်းနေတဲ့ ဆရာမျက်နှာ့ကို တန်းထိပါလေရော။ 

 ဖြစ်စဉ်က လျင်မြန်လွန်းလှပါတယ်။ အသံကြားလို့ မှန်ကွဲပေါက်ကနေ ဆရာက လာအကြည့် ၊ အနောက်က ကောင်က ကျွန်တော့်ကို ပြောင်းဖူးရိုးနဲ့ အပစ် ၊ ဆရာ လာကြည့်နေတယ် ဆိုတာကို မြင်တဲ့ မိန်းကလေး သူငယ်ချင်းတွေကလည်း သတိပေးဖို့ အလုပ် ၊ ပြောင်းဖူးရိုးကလည်း ကျွန်တော့်နားကို အရောက် ၊ ရောက်လာတဲ့ ပြောင်းဖူးရိုးကိုလည်း ကျွန်တော်က မှီနေတဲ့ လက်နဲ့ လှမ်း အပုတ် ၊ ပြောင်းဖူးရိုးနဲ့ လက်နဲ့ ထိပြီးတော့ ရောက်ရာ ပေါက်ရာ ထွက်သွား ၊ တိုက်တိုက်ဆိုင်ဆိုင် မှန်ကွဲပေါက် ထဲကို အဝင် . . . . ဒီတော့ လာချောင်းတဲ့ ဆရာ မျက်နှာကို ပြောင်းဖူးရိုး ထိသွားတာပေါ့ဗျာ။ 

တကယ့် တကယ့် အပစ်ပေးရမယ် ဆိုရင်တော့ ချောင်းသူကိုတောင်မှ အပြစ်ပေးရင် ပေးလို့ ရနိုင်မယ် ထင်တယ်။ ဒါပေမယ့်လည်း သူက ဆရာ မဟုတ်လား။ မပြောသာပေဘူး။ အဲဒီ့ ပြောင်းဖူးရိုးနဲ့ ဆော့နေတဲ့ ကောင်တွေ အားလုံး အတန်းရှေ့ထွက် ဆိုပြီး ခေါ်ထုတ်ကာ ဆရာက ကျွေးတော့တာပဲ။ ကြိမ်လုံးပေါ့ဗျာ။ တစ်ယောက်ကို နှစ်ချက်ဆီ သတ်မှတ်ပေမယ့်။ သူ့မျက်နှာကို ထိအောင် အနောက်ကနေ ပေါက်လိုက်တဲ့ သူငယ်ချင်းနဲ့ ပုတ်လိုက်တဲ့ ကျွန်တော်တို့ကိုတော့ အထူးနှုန်းသတ်မှတ်ပြီးတော့ နှစ်ဆ ဆုချပါတယ်။ 

အများသူငှာတွေ ပြောသလို ပြောရရင်တော့ ဆရာ ရိုက်တာက သူ့ရဲ့ လက်ဆွဲတော့ ထားဝယ်ကြိမ်နဲ့ပေါ့။ ဒါပေမယ့် ထားဝယ်ကြိမ် စစ်လား ၊ မစစ်ဘူးလား ဆိုတာတော့ ကျွန်တော်လည်း သေချာ မစစ်ဆေးမိဘူး။ တကယ်တမ်း မလိမ်ဘဲ ပြောရမယ် ဆိုရင်တော့ အဲဒီ့ကြိမ်လုံးနဲ့ အဆက်အယှက်ကို မလုပ်ချင်တာပါ။ သူနဲ့ကိုယ်နဲ့ မပတ်သတ်ရလေ ကောင်းလေပဲလေ။ ဒါပေမယ့် အခုတော့ ကိုယ်က မပတ်သတ်ချင်ပေမယ့်လည်း သူက လာပြီးတော့ အတင်း ပတ်သတ်လေတော့ ကျွန်တော်လည်း အောင့်ကာ ခံရတာပေါ့။ တစ်ယောက် နှစ်ချက်ဆီ သတ်မှတ်ခံရတဲ့ သူငယ်ချင်းတွေကို အရင် ဆုပေးပါတယ်။ ဆရာက အားယူပြီးတော့ တစ်ချက် ရိုက်လိုက်တိုင်း သူတို့ဆီက အသံထွက်လာတယ်။ 

 “ အား ” 

“ အမလေး ” 

“ ကြောက်ပါပြီ ”

“ အီး ”

“ အမေကြီးရေ ”

အသံစုံပေါ့လေ။ နောက်ဆုံးပိတ် အိတ်နဲ့ လွယ်မယ် လို့ ထိုဆရာက ကျွန်တော်တို့ကို သတ်မှတ်ထားပုံ ရပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ကို နောက်ဆုံးမှာ နေခိုင်းပါတယ်။ ထိုဆရာကတော့ သူ့အတွေးနဲ့သူ ဟုတ်နေပြီ ထင်ပေမယ် ကျွန်တော်တို့ကတော့ ဒီလို မတွေးပါဘူး။ ဆော့နေတာ တစ်တန်းလုံးပဲလေ။ ယောကျာ်းလေး အားလုံး လိုလိုပါပဲ။ တချို့ ကျားထိုးနေတဲ့ ၊ ဖဲရိုက်နေတဲ့ ကောင်တွေကလွဲရင် အားလုံးကို သူ ရိုက်ရမှာလေ။ အနည်းဆုံး အယောက် ၂၀ ကျော်လောက် ရှိတယ်။ ဒါကို တစ်ယောက် နှစ်ချက်နဲ့ ဆိုတော့ နောက်ဆုံးမှ ကျွန်တော်တို့ နှစ်ယောက်ကို ရိုက်ရင် သူလည်း လက်ရည်ကျနေနိုင်ပြီ။ ကျွန်တော်တို့ကတော့ ဒီလိုပဲ တွေးတယ် ဟဲ ဟဲ ဟဲ . . .

ဘေးက သူငယ်ချင်းနဲ့ ကျိတ်ကျိတ် ကျိတ်ကျိတ်ပြောင်းရင်း ကျွန်တော်တို့ နှစ်ယောက် တိုင်ပင်ပြီးတော့ ပျော်လို့တောင်မှ နေနေသေးတယ်။ ဒီအချိန်မှာပဲ အပေါ်က ကျွန်တော် ပြောခဲ့သလို အရိုက်ခံရလို့ ထွက်လာတဲ့ အသံတွေက တစ်ယောက်တမျိုး ထွက်ချင်သလို ထွက်နေကြတယ်။ သို့သော် များသော အားဖြင့်ကတော့ လူတွေ အသုံးများသော အလေ့အကျင့်လေးတွေကို အားပြုပြီးတော့ အော်ကြတာပါ။

“ အား ”

“ အမလေး ”

“ ကြောက်ပါပြီ ”

“ အီး ”

“ အမေကြီးရေ ”

စသဖြင့်ပေါ့။ ဒါကို ကျွန်တော့် သူငယ်ချင်းက နားထောင်ရင်း အရိုက်ခံရခါနီးမှာ သူက ပြုံးစိစိနဲ့ တခွိခွိ ကျိတ်ရယ်နေတယ်။ သူ့ကို ကျွန်တော်က လှည့်ကြည့်ရင်း . . .

“ ဟေ့ကောင် ဘာဖြစ်တာလဲ။ ”

ဆိုတော့ သူက ပြုံးစိစိနဲ့။

“ ဒီကောင်တွေကလည်းကွာ ၊ ဆရာ ရိုက်လို့ အော်တာကိုများ စာကျက်ထားသလို အသံတူညီ အော်နေကြသေးတယ်။ ”

“ ဟင် ဘာလဲ၊ မင်းပြောတာ ငါ သဘော မပေါက်ဘူး။ ”

“ ဒီလိုလေကွာ။ ဆရာက ရိုက်တယ်။ ရိုက်တဲ့ အတွက် ငါတို့ နာတယ်။ နာလို့ အော်အော် ၊ မအော်အော် နာတဲ့ အနာကတော့ ပျောက်သွားမှာ မဟုတ်သလို လျော့သွားမှာလည်း မဟုတ်ဘူး။ ဒါပေမယ့် စိတ်ထွက်ပေါက် အနေနဲ့ အော်ကြတာလေကွာ။ ဒါကိုများ အားတို့ ၊ အမလေးတို့ ၊ ကြောက်ပါပြီတို့ ၊ အီးတို့ကို တူအောင် အော်နေကြသေးတယ်။ ဒါကို ပြောတာကွာ။ ”

“ဟေ . . . . အေးကွ။ မင်းပြောတော့လည်း ဟုတ်သလိုလိုပဲ။ ဒါဆို ငါတို့ ဘယ်လို အော်ကြမလဲ။ ”

“ မင်းကလည်းကွာ။ အော်တာပဲ အော်ချင်တာ အော်ပေါ့။ အော်လို့ အနာသက်သာသွားတာမှ မဟုတ်တာဘဲ။ မင်းလည်း အော်ချင်သလို လျှောက်အော် ငါလည်း အော်ချင်သလို လျှောက်အော်မယ်။ ”

“ အော်ချင်သလို ဆိုတာ ဘယ်လို အော်ရမှာလဲ။ ”

“ မင်း မသိရင် စောင့်ကြည့် ၊ ငါ အရင် အရိုက်ခံမယ်။ ငါ အော်တာကို ကြည့်ပြီးတော့မှ မင်းဖာသာ အော်ချင်သလို အော်ပေတော့။ ”

“ အေး ကောင်းတယ်။ ဟီးး ဟီး ”

အနောက်ကနေ တကျိတ်ကျိတ် စကားပြောနေတဲ့ ကျွန်တော်တို့ နှစ်ယောက်ကို ဆရာကလည်း ကွက်ကြည့်ကြည့် လုပ်နေတာပါပဲ။ အရှေ့က အယောက် နှစ်ဆယ်လောက်ကို ရိုက်အပြီးမှာတော့ သူငယ်ချင်းက အရင် ထွက်သွားပါတယ်။ မျက်နှာကတော့ မျက်နှာသေလေးနဲ့ပါပဲ။ ဆရာကလည်း ဆရာပါပဲ။

“ မင်းမှာ အပြစ်ရှိသလား။ ”

လို့ ထပ်မေးပါတယ်။ မရှိဘူးလို့ ငြင်းရင်လည်း သူနဲ့ ထပ်ပြီးတော့ အငြင်းအခုန်က ဖြစ်ရဦးမယ်။ ပြီးတော့ အပြစ်ရှိတယ်လို့ ယူဆလို့ သူပဲ ရိုက်ဖို့ ပြင်နေပြီကိုများ။ တကယ့် တကယ် ပြောရမယ် ဆိုရင်တော့ ဆရာကတောင်မှ အပြစ်ရှိတာပါ။ တကယ်လို့ ဆရာ လာချောင်းတဲ့ အခန်းဟာ ကျွန်တော်တို့ အတန်းသာ မဟုတ်ဘဲနဲ့ ဆရာမ အိမ်သာ ဆိုရင် ဒီတံခါးချပ် မှန်ကွဲဟာ ဆရာ့ အတွက် ဘယ်လောက် အပြစ်ကြီး ဖြစ်သွားနိုင်တယ် ဆိုတာ ဆရာ စဉ်းစားမိပုံ မရဘူး။ ကျွန်တော်တို့ကလည်း သွန်သင် မပေးချင်တော့ပါဘူး။ ဆရာရိုက်ရင် ဟိုကောင် ဘယ်လို ပြန်အော် မလဲ ဆိုတာကိုပဲ ကျွန်တော်က ပိုစိတ်ဝင်စားနေတော့တယ်။

“ မင်းမှာ အပြစ်ရှိတယ်နော်။ ဒါကြောင့် အပြစ်ပေးမယ်။ ”

ဟော . . . ကြည့်။ သူ့ဖာသာ စွဲချက်တင်ပြီးတော့ သူ့ဖာသာ ဆုံးဖြတ်ချက် ချလိုက်တယ်။ ပြီးတော့ ထားဝယ်ကြိမ်လုံးကို အားယူကာ လွဲလိုက်ပြီးတော့ ဟိုကောင် “ တင်ပြား ” ပေါ်ကို ကျသွားပါတယ်။ ဒီနေရာမှာ တစ်ခု ပြောချင်တာကတော့ ကျွန်တော့် သူငယ်ချင်းက “ တင်ကြီး ” ပြားနေသူပါ။ ဒါကြောင့် တင်ပါးနေထက်ပိုနေလို့ “ ပါး ” နေရာမှာ “ ပြား ” လို့ပဲ သုံးလိုက်ပါတယ်။ သူ့တင်က ပြားတားတားကြီးကိုး။

ဆရာရဲ့ ထားဝယ်ကြိမ်လုံးက သူ့တင်ပြားပေါ် ရောက်သွားတယ် ဆိုရင်ဘဲ သူ့ဆီက အသံထွက်လာပါတယ်။

“ ကျား ”

တဲ့။ ရုတ်တရက် ဆိုတော့ ဆရာရော ကျွန်တော်တို့ရော ကြောင်သွားတယ်။ သိုင်းသမား တစ်ယောက်က ကြုံးဝါးသံ လိုလိုနဲ့။ ဒါပေမယ့် ဆရာက လျစ်လျူရှု့တဲ့ သဘောနဲ့ သူ့ကို နောက်တစ်ချက် ဆက်ရိုက်ပါတယ်။

“ ကျောင်းဆရာကြီး ”

ဒီအသံထွက်လာတော့ ဆရာက အတော် လက်ရွံသွားတယ်။ ဘာပြောရမှန်းလည်း မသိ ဖြစ်နေပုံပဲ။ ရိုက်တာက သူ ရိုက်လို့ ရပေမယ့် ဘယ်လို အော်ရမယ်လို့တော့ သူ့မှာ ပြောခွင့်မှ မရှိတာဘဲလေ။ ဟိုကောင့် မျက်နှာကို ကြည့်လိုက်တော့လည်း မျက်နှာက ပြောင်စပ်စပ် မဟုတ် ၊ နာကျင်နေတဲ့ မျက်နှာနဲ့။ ဆရာက ဆက်ရိုက်ရမလို ရပ်ရမလို ဖြစ်နေတယ်။ ခုနက သူပဲ ကျွန်တော်တို့ကို သူများတွေရဲ့ နှစ်ဆ လေးချက် ရိုက်မယ် လို့ ပြောထားတာကိုး။ ဒါပေမယ့် ဆရာ အတော် စိတ်ရှုပ်သွားပုံ ရတယ်။ နောက်ထပ် ထပ်ရိုက်လို့ ဘာများ ထပ်အော် လာမလဲ ဆိုတာကိုလည်း သူ ဝေခွဲနိုင်ပုံ မရတော့ဘူး။

“ တော်ပြီ။ ဟိုကောင် ဒီနားလာ . . . ”

ကျွန်တော့်ကို လှမ်းခေါ်တာပါ။ ကျွန်တော့် နာမည်က ဟိုကောင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဆရာ့နားကို သွားလိုက်ပါတယ်။ ဆရာနဲ့ နီးနီး နေရာကို ရောက်အောင် အနီးဆုံးကို တိုးသွားလိုက်တယ်။ ဆရာက ဒီနားကို လာဆိုလို့ပါ။ ဒါပေမယ့် နီးလွန်းလို့ သူ ရိုက်မရဘူးလေ။ ကြိမ်လုံး လွဲဖို့ နေရာက မရှိတော့ဘူး။

“ဟိုရှေ့ နည်းနည်းပြန်တိုး ”

ဆရာက သူ့စိတ်ကြိုက် နေရာမှာ ရပ်ခိုင်းပြီးတော့မှ ကျွန်တော့်ကို ရိုက်ဖို့ သူ့အကျီလက်ကို ပင့်တင်ပါတယ်။ ပြီးမှာ ကြိမ်လုံးကို အားနဲ့ လွဲယူပြီးတော့ စရိုက်ချလိုက်ပါတယ်။ ဆရာ့ကြိမ်လုံးက ကျွန်တော့် “ တင်ပါး ” ပေါ် ကျလာပါတယ်။ ကျွန်တော့် “ တင် ” ကတော့ ဟိုကောင် “ တင် ” လောက် မပြားပါဘူး။ ယောက်ျားလေးဆိုတော့လည်း နည်းနည်းတော့ ပါးပါးလျလျလေးပဲ ရှိတာပေါ့။ ဒါကြောင့် ကျွန်တော် “ တင်ပါး ” လို့ပဲ သုံးလိုက်ပါတယ်။

“ အနာ . . . အနာ . . . ”

ကျွန်တော်က ဒီလို အော်လိုက်ပါတယ်။ ကျွန်တော့် အော်သံ ကြားတော့ တစ်တန်းလုံးလည်း ခေါင်းတွေ ထောင်ကာ ကျွန်တော့် တင်ပါးကို လှမ်းကြည့်တယ်။ ကျွန်တော်ကလည်း သူများတွေလို တင်ပါးကို ပွတ် မနေဘဲနဲ့ တစ်နေရာထဲကိုပဲ ဆုပ်ကိုင်ထားလိုက်တယ်။ ဒါပေမယ့် ဆရာက နောက်တစ်ချက်ကို ရိုက်ဖို့ အားယူလိုက်ပြီး . . .

“ လက်ဖယ်လိုက်စမ်း ”

လို့ အော်ရင်း နောက်တစ်ချက် ထပ်ရိုက်တယ်။ သေချာအောင် ပြောရရင်တော့ ခုန ပထမက ရိုက်ထားတဲ့ နေရာရဲ့ အောက်ကို လျောပြီး ရိုက်တာပါ။ အနာရှိတယ် ဆိုတဲ့ နေရာကို မထိအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ဆရာ ရည်မှန်းချက် အောင်မြင်တယ် ပြောရပါမယ်။ ပထမ ထိထားတဲ့ နေရာရဲ့ အောက်ကို ဆရာ ကြိမ်လုံးက ကျလာပါတယ်။

“ သွေးစုနာ . . . သွေးစုနာ . . . ”

ကျွန်တော်က ဒီလို အော်ရင်းနဲ့ တင်ပါးကို လာထိတဲ့ နေရာကို လက်နဲ့ ဆုပ်ကိုင်ထားလိုက်ပြီးတော့ အတော်ကို မချိမဆံ ခံစားနေရတဲ့ ပုံစံနဲ့ ခုန်နေလိုက်တယ်။ ဆရာ့ မျက်နှာ တော်တော်ကို ပျက်နေတယ်။ တင်ပါးက သွေးစုနာ ဆိုတာကို အတန်းထဲမှာ ချွတ်ပြခိုင်းလို့ ဖြစ်တာလည်း မဟုတ်။ တကယ်လို့ ရှိနေရင်လည်း သူ့ရိုက်ချက်က ဒီအနာကို သွားထိပြီး ပြဿနာတက်လာနိုင်သေးတယ် မဟုတ်လား။

“ ကဲ တော်ပြီ။ မင်းတို့ သွားထိုင်တော့ . . .”

ကျွန်တော်ကလည်း ထိုတင်ပါး တစ်နေရာကို ဆုပ်ကိုင်ရင်း ထိုင်ခုံနေရာကို ပြန်လာထိုင်ပါတယ်။ နောက်တော့ ထိုဆရာက တစ်တန်းလုံးကို ဆရာ ၊ ဆရာမ မဝင်နိုင်တဲ့ အချိန်မှာ ဆော့ မနေဘဲ စာလုပ်နေဖို့ ငြိမ်ငြိမ်သက်သက်နေကြဖို့ ပြောဆိုပြီးတော့ သူ့လက်နက်ကြီးကို ဆွဲကာ ထွက်သွားပါတော့တယ်။

ဆရာ ထွက်သွားတော့ သူငယ်ချင်းတွေက ဝိုင်းလာပြီးတော့ . . .

“ မင်း ဖင်မှာ သွေးစုနာ ပေါက်နေလို့လား။ ”

ဘာညာပေါ့ ဝိုင်းမေးကြပါတယ်။ ကျွန်တော်နဲ့ ဟိုသူငယ်ချင်းနဲ့ တစ်မျက်နှာ တစ်ယောက်ကြည့်ပြီးတော့ ရယ်လိုက်ကြရတာ တခွိးခွိးနဲ့ပါပဲ။

ကြာတော့ ကြာခဲ့ပါပြီလေ။ ကျွန်တော်တို့ ကိုးတန်း ကျောင်းသား ဘဝမှာ ဖြစ်ခဲ့တာလေးပါ။ ကပ်သီးကပ်သပ် လုပ်တတ်သူတွေ ဆိုပါတော့။ တခြားသော အရာရာနဲ့ အကြောင်းကြောင်းလေးတွေလည်း ရှိသေးပ။ နောက်ထပ်ကြုံရင်လည်း ပြောပါဦးမယ်။


ထားပါတော့လေ ငယ်စဉ်က အကြောင်းလေးကို။

အခု တကယ် ပြောချင်တာက Facebook ပေါ်က အနက်ရောင် ပရိုဖိုင်းပုံလေးတွေ အကြောင်းပါ။

တကယ်တော့ အနက်ရောင် ပရိုဖိုင်းပုံလေးတွေ ပြောင်းတင်မှ ဝမ်းနည်းတဲ့ အထိမ်းအမှတ်လို့ ဆိုချင်တာ မဟုတ်ဘူးပေါ့လေ။ အားလုံး ညီညွတ်စေချင်တဲ့ သဘောနဲ့ အရာ တစ်ခုကို သတ်မှတ်လိုက်တာပါ။ ဒါကို ကျင့်သုံးပါ များတော့ အလေ့အကျင့်လေး ဖြစ်ပြီးတော့ ကြာလာတော့ ထုံးစံ ၊ အစွဲ ဆိုတာလေး ဖြစ်လာတယ် ဆိုပါတော့။

အရောင်တွေမှာ ထင်ထင်ရှားရှား ဖြစ်စေချင်တဲ့ အခါမှာ အဖြူရောင် ၊ အနက်ရောင် ၊ အနီရောင် ကို အဓိက ထားသုံးစွဲခဲ့တယ်။ ဒီအထဲမှာမှ အဖြူရောင် ဆိုရင် သန့်ရှင်းခြင်း ၊ ရှင်းသန့်ခြင်းကို ဖော်ဆောင်တယ်။ အနီရောင်က တတ်ကြွခြင်းကို ဖော်ဆောင်တယ်။ ဒီလို ဖြစ်နေလေတော့ “ အနက်ရောင် ” ကို ဝမ်းနည်းတဲ့ အထိမ်းအမှတ် အနေနဲ့ ယူဆပြီးတော့ စိတ်တူ ကိုယ်တူ အလေ့အကျင့် လုပ်ယူရင်း အစွဲလေးတွေ ဖြစ်နေကြတာပါ။

အဓိကကတော့ ညီညွတ်ခြင်းကသာ အဓိက မဟုတ်ဘူးလားဗျာ။

ဒီနေရာမှာ ဝမ်းနည်းတယ် ဆိုတဲ့ စကားလုံးနဲ့ သူ့ရဲ့ ခံစားမှု အကြောင်းကို နည်းနည်းတော့ ပြောချင်ပါတယ်။ ဝမ်းနည်းခြင်း ဆိုတာ ဘာလဲ။

ဟိုးအရင်က ကျွန်တော် မြင်ခဲ့ ၊ ကြည့်ခဲ့ရဖူးတယ်။ စိုင်းထီးဆိုင် အလွမ်း မပြေ ၊ လွမ်းမိုး အလွမ်း မပြေ . . . စသဖြင့်ပေါ့။ အလွမ်း မပြေ ၊ အလွမ်း မပြေ ဆိုပြီးတော့ ပြုံးဖြီးဖြီး မျက်နှာတွေကို ပိုင်ဆိုင်ထားသော ထုတ်ဝေသူတွေ ၊ စီစဉ်သူတွေက စင်တင်ရှိုးတွေ လုပ်ပြီးတော့ သေသူကို လွမ်းတယ် ၊ ဝမ်းနည်းတယ် ဆိုတဲ့ စကားလုံးလေးကို တွင်တွင်သုံးပြီးတော့ သူ့တို့ အတွက် ပွဲသွင်းကာ အမြတ်ထုတ်သွားခဲ့ကြတယ်။ ဒါဆို ဒါဟာ တကယ် ဝမ်းနည်းတယ် လို့ ဆိုနိုင်ပါ့မလား။

IC ရဲ့ ရှိုးပွဲတစ်ခုမှာ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ စောဘွဲ့မှူးကို သတိရခြင်း အဖြစ် ရောဂါ သီချင်းကို အားလုံးနဲ့ အတူတူ ဆိုဖို့ လုပ်တော့ ချစ်စမ်းမောင်ရဲ့ မျက်နှာပေါ်က အကြည့် ၊ ကြေကွဲမှု ၊ ဝမ်းနည်းမှုတွေကို သတိထားလိုက်မိပါသလား။ အလွမ်းမပြေ ၊ အလွမ်းမပြေ လို့ ချစ်စမ်းမောင်က မပြောခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ လုပ်ရပ်က စကားလုံးတွေ များစွာထက် အဖိုးတန်ခဲ့ပါတယ်။ ဝမ်းနည်းနေသူ တစ်ယောက်ရဲ့ လုပ်ရပ်တွေကို ပုံနဲ့ စာနဲ့ ဖော်ပြလို့ ရနိုင်ပါ့မလားလို့ ကျွန်တော် တွေးနေမိတယ်။


ဒါကြောင့် အခု လောလောဆယ် facebook ပေါ်မှာ တင်နေတဲ့ Profile အနက်ရောင်တွေ အတွက် ကျွန်တော့်မှာ ဘာမှ ဝေဖန်စရာ မရှိပါ။ ဟိုးအရင်က လူတွေ သတ်မှတ်သွားတဲ့ အနက်ရောင်ဖြင့် ဝမ်းနည်းခြင်းကို ပြကြပါစို့ ဆိုသော အလေ့အကျင့် တစ်ခုဟာ အချိန်ကာလ တစ်ခု အကြာမှာ အစွဲလေး တစ်ခု ဖြစ်သွားပြီး သုံးစွဲနေခြင်းလို့သာ လက်ခံလိုက်ရုံပါပဲ။ Profile ပုံ အနေနဲ့ အနက်ရောင်ပဲ တင်တင် ၊ အဖြူရောင်ပဲ တင်တင် ၊ အနီရောင်ပဲ တင်တင် ၊ အစိမ်းရောင်ပဲ တင်တင် . . . . တကယ် ဖြစ်စေချင်တာကတော့ တကယ့်ကို ကိုယ့်စိတ်ထဲ ရင်ထဲက ထိထိခိုက်ခိုက် ဝမ်းနည်း ခံစားနေရတယ် ဆိုတဲ့ ခံစားမှုက အဓိကပဲ မဟုတ်ပါလားဗျာ။

ကျွန်တော်လည်း မလေးရှားမှာ ၁၀ နှစ်နီးပါး နေခဲ့တဲ့ သူ တစ်ယောက်ပါပဲ။ မလေးရှားမှာ ဖြစ်တတ် ၊ ဖြစ်နေ ၊ ဖြစ်ခဲ့တာတွေ အားလုံးအတွက်ရော ၊ ကိုယ့်သူငယ်ချင်းတွေရော ၊ အသိတွေရော အားလုံးသော မြန်မာနိုင်ငံသားတွေ အတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပြီး ၊ ဝမ်းနည်းမိပါတယ်။ ဒီ့ထက် ဆိုးတာက အခုလို ဖြစ်နေတာတောင်မှ အခွန်ကောက်ရုံ ၊ သက်တမ်းတိုးတဲ့ အခါမှာ ကောင်တာ တစ်ခုကို ဖြတ်ကျော်တိုင်း ဘောင်ချာ မဖြတ်ထားသော ၁၂ ရင်းဂစ်ပေး ၊ ၁၀ ရင်းဂစ် ပေးဆိုသော ပိုက်ဆံ တောင်းရုံက လွဲလို့ ဘာမှ ကူညီမှု မရှိတဲ့ မြန်မာသံရုံးက သံအမတ်ကြီးကိုလည်း အံ့သြကာ ရှုတ်ချလိုက်ပါတယ်။

မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေသူ အားလုံးလည်း စိတ်၏ ကျန်းမာခြင်း ၊ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း ၊ ချမ်းသာခြင်းနှင့် အမြဲတမ်း ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုဇော်


Share/Bookmark

21 March 2013

6 စာအန်ခြင်း


" စာအန်ခြင်း "

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

၁ ၂ ၃ ၄ ဘဝကို ရေး
ခဏနေတော့ . . .
၁ ၂ ၃ ၄ ဘဝကို ရေး
ကိန်းဂဏာန်းက လက်တစ်ဖက် မပြည့်သေးဘူး။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

ဧည့်စာရင်း မတိုင်လို့
အဖမ်းခံရတဲ့ ဂျစ်ပစီ လောက်
ဝမ်းနည်းစရာကောင်းတာ မရှိဘူး။
ညဥ့်ကလည်း မှောင်လိုက်တာ . . .

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

ကဗျာ ဆိုတာ စာအန်ဖတ်နဲ့ တူတယ်။
ငှက်အန်ဖတ်က ငှက်သိုက်
ငါးအန်ဖတ်က ငါးကြီးအန်ဖတ် ဒီလို အမျိုးမျိုးပါပဲ။
ကြာတော့ သွေးစ သွေးန နည်းနည်းတော့ ပါတာပေါ့။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

နွေရာသီ ရောက်ပြီ။
ငှက်ဥသြကို လွမ်းနေသူတွေ . . .
ကားဥသြကို လန့်နေသူတွေ . . .
အတူတကွ ရှင်သန်ကြတယ်။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

မှော်ဆရာ တစ်ယောက်ရဲ့ အိပ်မက်ထဲမှာ
ဘာတွေများ ရှိလိမ့်မလဲလို့
ကျနော် သူ့နေရာမှာ ဝင်အိပ်မက် မက်ခဲ့ဖူးတယ်။
ဟင့်အင်းးးး မှော်ဆရာ ဖြစ်ရုံနဲ့ ကျနော် လန့်နိုးခဲ့ရတယ်။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

ကိုယ့်နာမည်နဲ့ အိမ်ပိုင်တစ်လုံး မရှိသူထံ
မွေး ဖို့ ခွေးလက်ဆောင် ရတာလောက်
စိတ်ဓာတ်ကျစရာ ကောင်းတာ မရှိဘူး။
ဒီလိုပဲ ဖာသိဖာသာ နှုတ်ဆိတ်နေလိုက်တယ်။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

လက်တစ်ဆုပ်စာ မပြည့်တဲ့ လောဘတွေထဲမှာ . . .
တိတ်ဆိတ်အေးချမ်းစွာ ဘဝကို ဖြတ်သန်းချင်တာ
နံပါတ် ၁ ဖြစ်နေခဲ့တယ်။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

လွှင့်ပစ်ဖို့ အမှိုက်ကို ကိုင် . . .
လွှင့်ပစ်ဖို့ အမှိုက်ပုံးရှာရင်း
ရိုးရိုးသားသား အိမ်ပြန်ရောက်သူ တစ်ယောက်ပါ။
ကျနော် တူတူပုန်းတမ်း ကစားခဲ့တာ မဟုတ်ရပါ။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

လူအ တွေနဲ့ စကားပြောရတာ. . .
အ လူတွေနဲ့ စကားပြောတာထက်
အနုပညာဆန်ပါတယ်။
နည်းနည်းတော့လည်း အထီးကျန်ဆန်ချင် ဆန်မယ်။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

ကံဝဋ်ကြွေး ဆိုတာ အတိတ်နဲ့ ဆိုင်သတဲ့။
ဒါနဲ့များ ဝဋ်ကြွေးပြေဘုရားကို
ဘာကြောင့်သွားကြတယ် ဆိုတာ
ကျနော် နားမလည်ဘူး။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

တချို့အရာတွေကို ထားခဲ့တယ်။
တချို့အရာတွေက ထားသွားတယ်။
တချို့ အရာတွေကို ချန်ခဲ့တယ်။
တချို့အရာတွေက ကျန်ခဲ့တယ်။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

မျိုချရဖန်များလို့
လည်မျိုတောင် အတော်ကျယ်နေခဲ့ပြီ။
ဒါပေမယ့် . .
တစ်ခါတလေ ကျနော် စာအန်မိရင် သွေးစ သွေးနတော့ ပါနေလိမ့်မယ်။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

အဲဒီလိုပါပဲ။
ကျနော်က လူအ တစ်ယောက်ပါ။
ကိုယ့်ဖာသာ အိပ်မက်တွေ မက်ရင်း . . .
စာအန်ဖတ်တွေနဲ့ အတူ သွေးအလိမ်းလိမ်းနဲ့ပေါ့။

ကိုဇော်
21-Mar-2013

Share/Bookmark

16 March 2013

2 သမိုင်းရဲ့ တရားခံများ





" သမိုင်းရဲ့ တရားခံများ "

နိဒါန်း

အခုတလော ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ပတ်ဝန်းကျင်မှာ တွင်တွင်ကျယ်ကျယ် ကြားနေရတဲ့ စကားစုလေး တစ်စု ရှိပါသည်။ ကြားနေကျ ဆိုပေမယ့် ပေါ်ထွက်လာရာ နေရာတွေကတော့ မတူကြပါဘူး။ ဒီလိုပဲ တစ်ခုခု ဖြစ်ပြီ ဆိုရင် ဒီစကားစုလေးကို ကိုင်ဆွဲကာ ပြောဆိုတတ်ကြပါ၏။ ဒီစကားစုလေးကတော့ “ သမိုင်းရဲ့ တရားခံ ” ဆိုတာလေးပါပဲ။

ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်မှာလည်း ဒီစကားစုလေးကို ခဏခဏကြားရတာပေါ့ဗျာ။ အဲဒီ့ ဖြစ်စဉ်လေးတွေကို ခင်ဗျားတို့ကို ကျွန်တော် ပြန်လည် ဖောက်သယ်ချ ပြောပြရဦးမယ်ဗျာ။ ဒီလိုဗျ . . .
 




ဖြစ်စဉ် ( ၁ )

“ အမေ . . သမီးရဲ့ ခဲဆံဘောပင်လေး စားပွဲပေါ်တင်ထားတာ ဘယ်ရောက်သွားပြီလဲ။ ”

၁၀ တန်းသွားဖြေမည့် အိမ်ရှေ့အိမ်က ကလေးမလေးက သူ့အမေကို မေးလိုက်တာ ဖြစ်သည်။

“ မသိဘူးလေ သမီး။ အမေ မတွေ့မိဘူး။ ”

“ အာ . . . သမီး ဒီစားပွဲပေါ်မှာ သေချာ တင်ထားတာ။ ”

“ ဒါဆို ခုနက အမေ . . သမီးရဲ့ စာရွက် အတိုလေးတွေ ညှပ်စလေးတွေကို လွှင့်ပစ်ဖို့ ယူသွားရင်းနဲ့ ပါသွားလား မသိဘူး။ ”

“ ဒါဆို အမေ မြန်မြန် သေချာ ပြန်ရှာထားလိုက်နော်။ ဒီခဲဆံဘောပင်က သမီး ၈ တန်းတုန်းက သမီး သူငယ်ချင်းက လက်ဆောင်ပေးထားတာ။ ဒါ ပျောက်သွားလို့ကတော့ အမေက သမိုင်းရဲ့ တရားခံ ဖြစ်ပြီသာမှတ်။ ”

“ x x x x x x x x ”



ဖြစ်စဉ် ( ၂ )


“ ကားခလေးတွေ လက်လွယ်ရင် လှမ်းထားနော်။ ”

ယာဉ်နောက်လိုက် ခေါ် စပယ်ယာက ယာဉ်စီးခများကို လိုက်လံကောက်ခံနေလေ၏။

“ လက်လွယ်ရင် ဆက်သွယ်ပေးပါဦး။ လက်တို့တောင်းရင် ရှက်ဖို့ ကောင်းတယ်နော်။ ”

ကျွန်တော့် အနီးနား ရောက်လာတဲ့ ယာဉ်နောက်လိုက်ကို ကျွန်တော် လက်ထဲမှာ ကိုင်ထားတဲ့ ၂၀၀ ကျပ်တန် ခြင်္သေ့လေးကို လှမ်းပေးလိုက်သည်။ ကျွန်တော့်ဆီက ယာဉ်စီးခလေးကို လှမ်းယူပြီးတော့ ယာဉ်နောက်လိုက်က ဆက်ပြောကာ သွားလေ၏။

“ ယာဉ်စီးခလေးတွေ ကျန်သေးရင် လှမ်းထားနော်။ ပိုက်ဆံလေး ၂၀၀ ထဲမှ ဘာမှ ထူးပြီးတော့ ချမ်းသာသွားတာ မဟုတ်ဘူး။ လှမ်းတောင်းခံရမှ ကိုယ့်သိက္ခာကို အကျမခံနဲ့။ ပိုက်ဆံလေး ၂၀၀ ထဲနဲ့ ကိုယ့်ဖာသာ တစ်သက်လုံး ရှက်နေရမယ့် “ သမိုင်းရဲ့ တရားခံ ” တော့ အဖြစ်မခံနဲ့။ ”

ယာဉ်နောက်လိုက်ရဲ့ ယာဉ်စီးခ တောင်းသံ ဆုံးတော့ ကျွန်တော် ပြုံးမိသွား၏။



ဖြစ်စဉ် ( ၃ )


“ ပန်းလိမ္မော်တွေ . . ပန်းလိမ္မော်တွေ . . . ”

ဘတ်စ်ဘေးမှာ ပလတ်စတစ်အိတ်လေးတွေထဲ ထည့်ပြီးတော့ လိုက်ရောင်းသော လူတစ်ယောက်က အော်ကာ ရောင်းနေလေသည်။ ဝယ်ရင် ကောင်းမလား စဉ်းစားနေစဉ်မှာပဲ။

“ တစ်ထုပ် ဘယ်လောက်လဲ။ ”

ကျွန်တော့် ရှေ့ခုံမှ အစ်မကြီးက လှမ်းမေးလိုက်လေ၏။ သူ့ရဲ့ ဘေးချင်းကပ်လျက်မှာ ထိုင်နေသော သူ့သမီးလေးက ပူဆာသောကြောင့် လှမ်းမေးလိုက်ပုံရလေသည်။

“ တစ်ထုပ် ၈၀၀ အစ်မ။ အရမ်းချိုတယ်နော်။ ဆွေမျိုးမေ့အောင် ချိုတယ်။ ”

တစ်ထုပ် ၈၀၀ ကတော့ များတယ် ထင်သည်။ ကျွန်တော်တို့ ရပ်ကွက်နားမှာ တစ်ထုပ်မှာ ငါးရာကျပ်သာ ဖြစ်၏။ ကာလံဒေသံ အရ များတာလည်း ဖြစ်နိုင်တာပါပဲ လို့ ကိုယ့်ဖာသာ ဖြေတွေးလိုက်ရင်း မဝယ်တော့ပါဘူးလို့ ဆုံးဖြတ်လိုက်မိသည်။

“ ၈၀၀ ဟုတ်လား။ များလှချည့်လား။ ငါတို့ နားမှာ ငါးရာပဲ ရှိပါတယ်။ ”

ကျွန်တော်လိုပဲ ရှေ့က အစ်မကြီးက ဆုံးဖြတ်လိုက်ပုံ ရ၏။ ဆုံးဖြတ်ရင်း ရောင်းနေသူကို တစ်ခါတည်း လှမ်းပြောလိုက်လေသည်။

“ ဈေးကို မကြည့်နဲ့လေ အစ်မ။ ဒီပန်းလိမ္မော်က အရမ်းချိုတာ။ ငါးရာတန်ကတော့ ငါးရာပဲပေါ့ အစ်မရယ်။ ”

သူ ပြောတာကို ကျွန်တော် လက်မခံပါ။ ဒီလိုပဲ ရှေ့က အစ်မကြီးကလည်း လက်ခံပေါ် မပေါ်။ မဝယ်တော့ဘူး ဆိုကာ မျက်နှာကို တခြားဘက်သို့ လွှဲလိုက်လေ၏။ သို့သော် သူ့ဘေးက ကလေးက စားချင်ပြီး ပူဆာနေလေသည်။

“ လိမ္မော်သီး စားမယ် မေမေ ၊ လိမ္မော်သီး စားချင်တယ်။ ”

“ အိမ်နား ရောက်မှ စားနောက် သား ”

အမေ လုပ်သူက ချော့မော့ပေမယ့် ကလေးက သိပ်တော့ ကြည်လင်ပုံ မပေါ်ပါ။ တအင်အင် နဲ့ ဂျီကျနေ၏။ ကားအောက်က ရောင်းသူကလည်း သူတို့နားမှ မခွာ။ ကလေးကလည်း လိမ္မော်သီးကို လက်ညှိုးထိုးကာ ဂျီနေလေသည်။ ဒီအချိန်မှာပဲ ကားအောက်မှ ပန်းလိမ္မော်ရောင်းသူက ရောင်းရင်း အော်သွားလေသည်။

“ ပန်းလိမ္မော် ချိုချိုလေးတွေနော်။ ငါးရာတန် အပေါစားတော့ မဟုတ်ဘူး။ တကယ်ကို ဈေးနှုန်းနဲ့ ပစ္စည်းတန်အောင် ရောင်းတာ။ သားသမီး စားချင်နေတာကို ပိုက်ဆံလေး ၃၀၀ ကို မြင်ပြီး ဝယ်မကျွေးမိတဲ့ “ သမိုင်းရဲ့ တရားခံ ” တော့ အဖြစ် မခံနဲ့နော်။ ”

သူ့က အော်လည်း အော် ထွက်လည်း ထွက်သွား၏။ သူ့အော်သံ ကြားတော့ အရှေ့က အစ်မကြီးက မျက်နှာ နီရဲကာ စူပုပ်သွားပေမယ့် ကျွန်တော့်မှာတော့ ရယ်ချင်လိုက်တာ ပြောမနေနဲ့တော့။ ကိုယ့်ကလေး ကိုယ် ဝယ်မကျွေးမိတာနဲ့ “ သမိုင်းရဲ့ တရားခံ ” တောင်မှ ဖြစ်ရဦးမတဲ့လေ။



 
ဖြစ်စဉ် ( ၄ )


“ ဘုတ် ”

ပစ်ချသံ တစ်ခုကို ကြားလိုက်ရ၍ လှည့်ကြည့်လိုက်မိသည်။ ကြက်သားသည်ရဲ့ ဈေးခုံပေါ်ကို ကြက်သားထုပ်ထားသော အထုပ်လေးကို ပစ်တင်လိုက်တာ ဖြစ်၏။

“ ညည်း အထုပ်ကို ညည်း ပြန်ချိန်ကြည့်ဦး။ ”

ဈေးဝယ်သူ လို့ ထင်ရသော မိန်းမကြီးက ကြက်သားရောင်းသူကို လှမ်းပြောလေသည်။

“ ဘာလို့ ပြန်ချိန်ကြည့်ရမှာလဲ။ ”

ကြက်သားသည်ကလည်း ခပ်တင်းတင်း ပြန်ပြောလေ၏။

“ ဘာလို့ ချိန်ရမလဲ ဟုတ်လား။ ငါ ဝယ်တာ လေးဆယ်သားလေ။ အခု ဟိုဘက်က ဆိုင်မှာ ပြန်ချိန်ကြည့်တာ သုံးဆယ်သားတောင်မှ မပြည့်ဘူး။ နင် အလေးခိုးလိုက်တာ မဟုတ်လား။ ”

“ အမလေး ရာရာစစ ၊ အလေးပြည့် ရောင်းလာတာ တဈေးလုံး အသိ။ ရှင့်ဖာသာ ဘယ်မှာ ဘယ်လို ကြက်သားတွေ နုတ်ပြီးတော့ ချိန်လာလည်း မသိဘဲနဲ့များ။ ”

“ ဟဲ့ . . . ငါက နင့်ကြက်သားကို နုတ်စရာလား။ ဒီလောက် ငါက အားအားယားယား မဟုတ်ဘူး။ အခုတောင်မှ လူလည် လုပ်လို့ မရဘူး ဆိုတာ သိအောင် ပြန်လာပြောတာ။ အခု ငါ့ကို အလေးပြည့်ပြည့် ပြန်ချိန်ပေးမလား။ နင် ဈေးခေါင်းနဲ့ တွေ့မလား ပြော။ ”

ဈေးဝယ် မိန်းမကလည်း ဆတ်ဆတ်ကျဲ ဖြစ်ပုံရ၏။ သူက ဒီလို ပြောလိုက်တော့ ကြက်သားသည်က နည်းနည်းတော့ ရှိန်သွားပုံ ရသည်။ မလုပ်ချင် လုပ်ချင်ပုံနှင့် ကြက်သားထုပ်ကို လှမ်းကိုင်ပြီးတော့ ဖြေလိုက်ကာ ချိန်ခွင်ပေါ်ကို တင်လိုက်၏။ ပြီးတော့ တစ်ဘက်ကို နှစ်ဆယ်သား အလေး နှစ်ခုကို ထည့်ပြီးတော့ ကြက်သားဘက်ကို နောက်ထပ် ပေါင်တုံး အရွယ်တော် နှစ်တုံး ထပ်ထည့်လိုက်လေသည်။ ပြီးမှ ချိန်ခွင်ကို လှမ်းမလိုက်တော့ ကြက်သားဘက်က ချိန်ခွင်က ဦးစိုက်ဆင်းသွားသည်။ ပြီးမှ ပလတ်စတစ်အိတ် အသစ်ထဲသို့ ပြောင်းထည့်ပေးရင်း ဈေးဝယ် မိန်းမဆီသို့ လှမ်းပေးလိုက်သည်။

“ ရပြီ အစ်မ။ တခြား ဘယ်မှာ မဆို ထပ်ချိန်ကြည့်ပါဦး။ ”

လေသံကတော့ အတော် ပျော့သွားတာပဲ လို့ ကျွန်တော် တွေးနေမိတုန်း ဈေးဝယ် မိန်းမက အထုပ်ကို လှမ်းယူကာ သူ့ဈေးခြင်းတောင်းထဲကို ထည့်လိုက်ရင်း . . .

“ ချိန်ဦးမှာ စိတ်ချ။ လျော့ရင်လည်း ပြန်လာပြောဦးမှာ။ ဒီလိုတော့ လာမလုပ်နဲ့ မရဘူး။ အေးမိတို့က မှန်ရင် တိမ်ပေါ်အထိ တက်လိုက်ဦးမယ်။
ကြက်သားလေး လေးဆယ်သားနဲ့ “ သမိုင်းရဲ့ တရားခံ ” အဖြစ်ခံချင်ရင်တော့ လုပ်ကြည့်လိုက်လေ ဟင်းဟင်း . . . ”

ပြောလည်း ပြောရင်း ဈေးဝယ် မိန်းမက ချာခနဲ လှည့်ထွက်သွားလေတော့သည်။




ဖြစ်စဉ် ( ၅ )


ဒီနေ့ လေဗာပူးလ် နဲ့ စပါးပွဲကို အတော်ကို စိတ်ဝင်စား၏။ စပါးက ဒုတိယနေရာ အတွက် အမှတ်ရအောင် ကြိုးစားရမှာ ဖြစ်သလို ၊ လေဗာပူးလ်ကလည်း ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဒီအမှတ်ကို အဆုံးရှုံးခံလို့ မဖြစ်။ တော်တော် အကြိတ်အနယ် ရှိမယ့် ပွဲမို့ ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး စောင့်နေကာမှ အမေကလည်း အိမ်မက်ဆုံရာကို ကြည့်ချင်နေသည်ဟု ဆို၏။ အိမ်မှာကလည်း တီဗီ နှစ်လုံး မရှိ။ မထူးပါဘူး ဟု တွေးကာ လက်ဖက်ရည်ဆိုင်ကို ထထွက်လာမိသည်။

အခု နောက်ပိုင်း ဘောပွဲ အချိန်ဆိုရင် လက်ဖက်ရည်ဆိုင်တွေက ဘောပွဲတော့ သေချာ ပြကြသည်။
ဆိုင်ထဲကို ဝင်လိုက်တော့ ပွဲက မစသေး။ သို့သော် ဆိုင်ထဲမှာ လူတွေ ပြည့်လုနီးပါး ဖြစ်နေသည်။ လွတ်နေသော နေရာတစ်ရာမှာ ဝင်ထိုင်လိုက်ရင်း ဘောပွဲ အလာကို စောင့်နေမိသည်။ ခဏကြာတော့ ကျွန်တော့် ဘေးဝိုင်းသို့ ၂၀ ဝန်းကျင် ကောင်လေး ငါးယောက် ရောက်လာကာ ဝင်ထိုင်လေသည်။ ဘောပွဲက မလာသေး။

“ အစ်ကို ဘာပွဲပြမှာလဲဗျ။ ”

ဘေးဝိုင်းမှာ ကောင်လေး တစ်ယောက်က ဆိုင်ရှင် အစ်ကိုကြီးကို လှမ်းမေးလိုက်ခြင်း ဖြစ်သည်။ သူ မေးလိုက်တော့မှ ကျွန်တော်လည်း ယောင်တောင်တောင် ဖြစ်သွားသည်။ လေဗာပူးလ် နဲ့ စပါးပွဲ အပြင် တခြား ပွဲကောင်း ဘာပွဲများ ရှိနေလဲ မသိ။ ကျွန်တော် သေချာ မသိ။ ဒီနေ့ လေဗာပူးလ် နဲ့ စပါးပွဲ ရှိတယ် ဆိုတာကိုပဲ မှတ်ထားမိသည်။ ဆိုင်ရှင် အစ်ကိုကြီး အဖြေကိုသာ နားစွင့်ထားလိုက်မိသည်။

“ အားလုံးကြည့်ချင်တဲ့ ပွဲပြတာပေါ့ကွာ။ ”

အမ် . .ဒါဆိုရင် လေဗာပူးလ် နဲ့ စပါးပွဲတင် မက ၊ တခြားသော ပွဲကောင်း တစ်ပွဲလည်း ရှိနေပြီ ထင်သည်။ ဘာပွဲလဲတော့ ကျွန်တော် မသိ။

“ FA ပွဲ မန်ယူ နဲ့ ချဲလ်ဆီး ပွဲပဲ ပြပါဗျာ။ ”

“ လေဗာပူးလ် နဲ့ စပါးပွဲလည်း ပွဲကောင်းပဲ ဟေ့ကောင် ”

သူတို့ အချင်းချင်း ပြောနေတာကို ကြားတော့မှ ဒီနေ့ FA Cup ပွဲလည်း ရှိမှန်း သတိရတော့သည်။ မန်ယူ နဲ့ ချဲလ်ဆီး ဒီပွဲလည်း ပွဲကောင်းပဲ။

“ မန်ယူ နဲ့ ချဲလ်ဆီး ပွဲပဲ ပြပါဗျာ။ ”

“ လေဗာပူးလ် နဲ့ စပါးပွဲ အစ်ကို ”

“ မန်ယူ နဲ့ ချဲလ်ဆီးပွဲပဲကွာ။ ဒါ FA ရှုံးထွက်ပွဲကွ။ ဒါမကြည့်လိုက်ရလို့ နောက်မှ “ သမိုင်းရဲ့ တရားခံ ” ဖြစ်နေဦးမယ်။ ”

ဟိုက် . . . .

ဒီကလေးတွေ စကားကြားတော့ ကျွန်တော် လန့်တောင်မှ သွားသည်။ အင်္ဂလန်မှာ ဘောလုံးပွဲ ကျင်းပနေတာနဲ့ မြန်မာနိုင်ငံက လက်ဖက်ရည်ဆိုင်မှာ ဘောပွဲကြည့်ရင်း သမိုင်းရဲ့ တရားခံတောင်မှ ဖြစ်ဦးမယ် ဆိုပါလား။ ကြောက်စရာ ပေပဲ။



နိဂုံး

အဲဒီလို “ သမိုင်းရဲ့ တရားခံ ” ဆိုသော စကားလုံး ကျွန်တော်ရဲ့ ပတ်ဝန်းကျင်မှာ ဒီလိုပဲ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပါသည်။ အခု စာဖတ်သူတွေလည်း သတိမထားမိလို့ ထင်ပါသည်။ သတိသာ ထားကြည့်မယ် ဆိုရင် စာဖတ်သူတို့လည်း ကြားနေကြရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေမိသည်။

ဒါနဲ့ စကားမစပ် . . .

ကျွန်တော် ရေးတာတွေကို ဖတ်ပြီး ပြုံးစိစိ ၊ ရယ်ဟဟ ၊ တခွိခွိ နဲ့ ရယ်နေ ၊ ပြုံးနေရုံ လုပ်မနေပါနဲ့။ ဖတ်ပြီးရင်လည်း Like လုပ်ပါ ၊ Comment ရေးပါ။ ပြီးရင် Share လုပ်ပါ။ ပြုံးစိစိ နဲ့ ဖတ်နေရုံပဲ ဆိုရင်တော့ ခင်ဗျားနဲ့ ကျွန်တော် ပြဿနာတွေ တက်ပြီးတော့ ခင်ဗျား “ သမိုင်းရဲ့ တရားခံ ” ဖြစ်နေဦးမယ်နော် ဟွင်းဟွင်း . . . ။

ပျော်ရွှင်ကြပါစေဗျာ။

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark