" စာအန်ခြင်း "
မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။
၁ ၂ ၃ ၄ ဘဝကို ရေး
ခဏနေတော့ . . .
၁ ၂ ၃ ၄ ဘဝကို ရေး
ကိန်းဂဏာန်းက လက်တစ်ဖက် မပြည့်သေးဘူး။
မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။
ဧည့်စာရင်း မတိုင်လို့
အဖမ်းခံရတဲ့ ဂျစ်ပစီ လောက်
ဝမ်းနည်းစရာကောင်းတာ မရှိဘူး။
ညဥ့်ကလည်း မှောင်လိုက်တာ . . .
မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။
ကဗျာ ဆိုတာ စာအန်ဖတ်နဲ့ တူတယ်။
ငှက်အန်ဖတ်က ငှက်သိုက်
ငါးအန်ဖတ်က ငါးကြီးအန်ဖတ် ဒီလို အမျိုးမျိုးပါပဲ။
ကြာတော့ သွေးစ သွေးန နည်းနည်းတော့ ပါတာပေါ့။
မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။
နွေရာသီ ရောက်ပြီ။
ငှက်ဥသြကို လွမ်းနေသူတွေ . . .
ကားဥသြကို လန့်နေသူတွေ . . .
အတူတကွ ရှင်သန်ကြတယ်။
မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။
မှော်ဆရာ တစ်ယောက်ရဲ့ အိပ်မက်ထဲမှာ
ဘာတွေများ ရှိလိမ့်မလဲလို့
ကျနော် သူ့နေရာမှာ ဝင်အိပ်မက် မက်ခဲ့ဖူးတယ်။
ဟင့်အင်းးးး မှော်ဆရာ ဖြစ်ရုံနဲ့ ကျနော် လန့်နိုးခဲ့ရတယ်။
မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။
ကိုယ့်နာမည်နဲ့ အိမ်ပိုင်တစ်လုံး မရှိသူထံ
မွေး ဖို့ ခွေးလက်ဆောင် ရတာလောက်
စိတ်ဓာတ်ကျစရာ ကောင်းတာ မရှိဘူး။
ဒီလိုပဲ ဖာသိဖာသာ နှုတ်ဆိတ်နေလိုက်တယ်။
မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။
လက်တစ်ဆုပ်စာ မပြည့်တဲ့ လောဘတွေထဲမှာ . . .
တိတ်ဆိတ်အေးချမ်းစွာ ဘဝကို ဖြတ်သန်းချင်တာ
နံပါတ် ၁ ဖြစ်နေခဲ့တယ်။
မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။
လွှင့်ပစ်ဖို့ အမှိုက်ကို ကိုင် . . .
လွှင့်ပစ်ဖို့ အမှိုက်ပုံးရှာရင်း
ရိုးရိုးသားသား အိမ်ပြန်ရောက်သူ တစ်ယောက်ပါ။
ကျနော် တူတူပုန်းတမ်း ကစားခဲ့တာ မဟုတ်ရပါ။
မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။
လူအ တွေနဲ့ စကားပြောရတာ. . .
အ လူတွေနဲ့ စကားပြောတာထက်
အနုပညာဆန်ပါတယ်။
နည်းနည်းတော့လည်း အထီးကျန်ဆန်ချင် ဆန်မယ်။
မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။
ကံဝဋ်ကြွေး ဆိုတာ အတိတ်နဲ့ ဆိုင်သတဲ့။
ဒါနဲ့များ ဝဋ်ကြွေးပြေဘုရားကို
ဘာကြောင့်သွားကြတယ် ဆိုတာ
ကျနော် နားမလည်ဘူး။
မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။
တချို့အရာတွေကို ထားခဲ့တယ်။
တချို့အရာတွေက ထားသွားတယ်။
တချို့ အရာတွေကို ချန်ခဲ့တယ်။
တချို့အရာတွေက ကျန်ခဲ့တယ်။
မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။
မျိုချရဖန်များလို့
လည်မျိုတောင် အတော်ကျယ်နေခဲ့ပြီ။
ဒါပေမယ့် . .
တစ်ခါတလေ ကျနော် စာအန်မိရင် သွေးစ သွေးနတော့ ပါနေလိမ့်မယ်။
မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။
အဲဒီလိုပါပဲ။
ကျနော်က လူအ တစ်ယောက်ပါ။
ကိုယ့်ဖာသာ အိပ်မက်တွေ မက်ရင်း . . .
စာအန်ဖတ်တွေနဲ့ အတူ သွေးအလိမ်းလိမ်းနဲ့ပေါ့။
ကိုဇော်
21-Mar-2013
စာအန်ခြင်း
6 ယောက် ရဲ့ ထင်မြင်ချက်:
မျိုသိတ်တယ်ဆိုတာ အတိုင်းအတာတစ်ခုထိပဲ ကောင်းတာမို့ ရင်ထဲက အရာတွေ တစ်စိတ်တစ်ဒေသလောက်တော့ အံထုတ်လိုက်သင့်တယ် သားဇော်ရေ ။
ထူးခြားကဗျာလေးအားပေးသွားတယ်နော်...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
လက်တစ်ဆုပ်စာ မပြည့်တဲ့ လောဘတွေထဲမှာ . . .
တိတ်ဆိတ်အေးချမ်းစွာ ဘဝကို ဖြတ်သန်းချင်တာ
နံပါတ် ၁ ဖြစ်နေခဲ့တယ်။
တချို့အရာတွေကို ထားခဲ့တယ်။
တချို့အရာတွေက ထားသွားတယ်။
တချို့ အရာတွေကို ချန်ခဲ့တယ်။
တချို့အရာတွေက ကျန်ခဲ့တယ်။
မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။
မျိုသိပ်ရလွန်းလို့ အ သွားတဲ့သူတစ်ယောက်အဖြစ် သွေးအလိမ်းလိမ်းနဲ့ စာအန်နေရတာတော့ ... ဟူးးးးးးးးး :)
ကျွန်တော်လည်း မျိုသိပ်နေရတာပါပဲ..
မြင်သမျှ တွေ့သမျှ သူ့အရပ်သူ့ဇာတ်ကနေကြသူတွေချည်းကိုး..
မှော်ဆရာအိပ်မက်ဆိုလို့ .. ကိုငှက်ကြီးရဲ့ သီချင်းခွေတောင် သွားသတိရလိုက်သေးတယ်အစ်ကိုရေ :)))
အချင်နေတော့တယ်ကိုဇော် ဘယ်သူ့ ကိုမှချပြလို့ မရတဲ့လောကအကြောင်းကြောင့် မြိုသိပ်ထားရလို့  အချင်တယ် သွေးအလိမ်းလိမ်းနဲ့ ......
မျိုသိပ်ရလွန်းလို့အသွားတဲ့လူတစ်ယောက်ထဲမှာအမလဲပါတယ် :)
Post a Comment