ဟိုးလွန်ခဲ့တဲ့ နှစ်အတော်ကြာမှာ မြန်မာနိုင်ငံမှာ ဟန်းဖုန်းတွေ စပြီး သုံးလာခဲ့တယ်။ ဖုန်းတစ်လုံး တစ်လုံးက ခုံဖိနပ်လောက် ရှိပေမဲ့ ဟန်းဖုန်းတစ်လုံးရဲ့ တန်ဖိုးကလည်း အတော်ကြီးကို များတော့ တော်ရုံလူတွေ မသုံးနိုင်ကြဘူး။ ဒါကြောင့် သုံးနိုင်တဲ့ လူတွေကလည်း ခပ်ထွားထွား နဲ့ သူတို့ ကိုယ်ခန္ဓာကို တွေကလည်း ခပ်ဖားဖား ဖြစ်နေကြတယ်။
ဟန်းဖုန်း သုံးသူတွေရဲ့ နေတာထိုင်တာကိုက ထူးဆန်းတယ်။ ဥပမာ ရေပုံးကို ဆွဲထားတဲ့ လူတစ်ယောက် ဆိုရင် ဆွဲထားတဲ့ ဘက်က လေးလို့အဲဒီဘက်ကို ကိုင်းနေရမှာ ဖြစ်ပေမဲ့ ဟန်းဖုန်း ရှိနေတဲ့ လူတွေကျတော့ ဟန်းဖုန်းတပ်ထားတဲ့ သူတို့ ခါးဖက်က ပိုပြီး အပေါ်ကို ကော့နေတတ်တယ်။ ဒီထက် ဆိုးတာကတော့ခါးမှာ ချိတ်ထားတဲ့ ဖုန်းပေါ်ကို ဝတ်ထားတဲ့ အင်္ကျီက အမြဲတမ်းတင်နေပြီး ဟန်းဖုန်းကြီး တပြောင်ပြောင် ဖြစ်နေတာပါပဲ။ ဒီတော့ သူတို့ရဲ့ ဟန်ပန်အမူအရာတွေက ကော့ကော့ကြီးနဲ့ ဖော်ဖော်ကြီးလိုမျိုး ဖြစ်နေတတ်တယ်။
ဈေးကွက် စီးပွားရေး စနစ်ရဲ့ အပြောင်းအလဲက အရမ်းကို ကြောက်စရာ ကောင်းတယ်။ အဲဒီလို လူတွေရဲ့ ခါးမှာ ကော့ကော့နဲ့ ဖော်ဖော် ဖြစ်ပြီး ဟန်းဖုန်းလေးတွေ တီတီတာတာနဲ့ အသံမြည်နေကြတာကို မြင်နေတဲ့ ကလေးတွေကလည်း အတုမြင်ပြီး အတတ်သင်ကြတယ်။ သူတို့လည်း သူတို့ ခါးမှာ ဟန်းဖုန်းလေးတွေ ချိတ်ချင်လာတယ်ပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ဟန်းဖုန်းတစ်လုံးရဲ့ ဈေးက အရမ်းများတော့ ကိုင်တဲ့ လူတွေတောင်မှ လူအထင်ကြီးအောင်သာ ကော့ကော့ဖော်ဖော် ထားတာပါ။ သူတို့ မိဘထက်ကို ရိုသေပါတယ်။
ဟန်းဖုန်းလေးကို ထုတ်ပြောပြီးရင် မပွန်းမပဲ့အောင်လို့ အဝတ်စလေးနဲ့ ပတ်ပြီး ခါးကြားထဲ ထိုးတဲ့ ဖုန်းအိတ်ထဲ ထည့်ပြီး သိမ်းနေကြတာပါ။ ဒီတော့ ကလေးတွေကို ဘယ်လိုလုပ် ပေးပြီး ကိုင်ခိုင်းနိုင်မလဲ။ ဒါကို သိတဲ့ တရုတ်ပြည်က ကုန်သည်များက မြန်မာနိုင်ငံကို ဟန်းဖုန်းအတုလေးများ လုပ်ပြီး တင်သွင်းပါတော့တယ်။ အတု ဆိုတာ အစစ်ကို တုပြီး လုပ်ထားရတာ ဆိုတော့ အတု ဆိုပေမဲ့လည်း ဒီအတိုင်း အတူတူချထားလိုက်ရင် တကယ့်အစစ်နဲ့ မှားရလောက်အောင် တူနိုင်လွန်းလှပါတယ်။ ပြီးတော့ ဖုန်းအစစ်မှာ မြည်တဲ့ အသံလေးတွေလိုလည်း ဟန်းဖုန်း အတုက မြည်နိုင်ပါသေးတယ်။ ဂဏာန်းလေးတွေ နှိပ်လိုက်ရင်လည်း တတီတီ မြည်နိုင်ကြတယ်။
ဒီတော့ ဟန်းဖုန်းအတု ဆိုပေမဲ့ ဟန်းဖုန်း အစစ်နဲ့ မခြား ဆက်သွယ်ပြောဆိုလို့ မရတာကလွဲရင် အရာရာ တူညီပါတယ်။ တစ်လုံးမှာ ဘယ်ဈေးမှ မရှိတော့ တတ်နိုင်တဲ့ မိဘတွေရော ၊ မတတ်နိုင်တဲ့ မိဘတွေပါ ကိုယ်ကသာ ဟန်းဖုန်း မကိုင်နိုင်တာ ကိုယ့်သားသမီးကို ဟန်းဖုန်းလေးတွေ ဝယ်ပေးပြီး ကစားစေပါတယ်။ ကလေးတွေကလည်း မသင်ရဘူးဗျ။ ခါးမှာ ဟန်းဖုန်းလေးထိုးပြီး ဟန်းဖုန်း အစစ်ကိုင်သူ တစ်ယောက်ရဲ့ ဟန်ပန်အတိုင်း ကော့ကော့နဲ့ ဖော်ဖော် လုပ်ထားတတ်ကြပါတယ်။
~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~
တစ်နေ့တော့. . . .
ကျွန်တော်တို့ သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ထိုင်နေကြတုန်း ဆိုင်ထဲကို ကော့ကော့နဲ့ ဖော်ဖော် လူကြီးတစ်ယောက် ဝင်လာတယ်။ ပြီးတော့ ဘေးက စားပွဲမှာ လာထိုင်ပြီး လက်ဖက်ရည်မှာတယ်။ မှာတာကို ရိုးရိုးမမှာဘူး။ စားပွဲပေါ်ကို ဟန်းဖုန်းလေး ဟန်ပါပါ ပစ်ချလိုက်တယ်။ နောက်ပြီးမှ. . .
“ လက်ဖက်ရည် တစ်ခွက်. . . . ”
မှာလည်းမှာ ဆိုင်ထဲလည်း ဝေ့ကြည့်လိုက်တယ်။ ဟန်းဖုန်းကြီးလည်း ခါးမှာ တွဲတွဲ ၊ လူကလည်း ကော့ကော့ ဆိုတော့ ဆိုင်ထဲက လူတွေအားလုံးကလည်း ဝိုင်းကြည့် နေကြတာပေါ့။ သူကလည်း သူ့ကို လူတွေ ကြည့်နေတယ် ဆိုတာ သိတယ်။ ဒီတော့ လက်ဖက်ရည်မှာပြီးလို့ မုန့်မှာတာတောင်မှ စားပွဲပေါ်က ဖုန်းလေးကို ကောက်ကိုင်ပြီး ဖုန်းနဲ့ ထိုးပြရင်းမှာတယ်။
“ ညီလေးရေ. . ဟိုမုန့်လေး ယူခဲ့ပါကွာ။ ”
တဲ့။ အဲဒီလိုမျိုး။ ဒီတော့ ကျွန်တော့်ရှေ့က မျိုးလေး က ကျွန်တော် နဲ့ ကိုသက်ကို မျက်စပစ်ပြတယ်။ သူဘာကို စလုပ်မယ် ဆိုတာ မသိပေမဲ့ သူ တစ်ခုခု လုပ်စလုပ်တော့မယ် ဆိုတာတော့ သိလိုက်တယ်။
“ အခုခေတ်များကွာ လူတွေ တော်တော်ခက်တယ်နော်။ ကလေးကစားစရာ ဟန်းဖုန်း အတုကြီးနဲ့ ဟန်လုပ်ကြတဲ့ သူတွေလည်း ရှိတယ်။ အင်း . . . ငါမြို့ထဲမှာ မြင်ဖူးခဲ့လို့ပါ။ ”
သူက ဒီလို ပြောလိုက်တော့ ဝိုင်းချင်းကပ်နေတဲ့ စားပွဲခုံက လူကြီးက ဖျတ်ခနဲ လှမ်းကြည့်ပြီး မျက်နှာကြီး တင်းသွားတယ်။ သူ့ကို ပြောတာမဟုတ်ပဲ မြို့ထဲမှာ တွေ့တာ ဆိုတော့လည်း သူ့မှာ မပြောသာဘူးပေါ့လေ။ ဒါပေမဲ့ ရှု့တည်တည်တော့ ဖြစ်သွားတယ်။
“ ဟာ . . . ဒီလို လူတွေကတော့ ရှိတော့ ရှိပါတယ်ကွ။ ဒါပေမဲ့ တချို့လူတွေကတော့ တကယ့်အစစ်ကို သုံးတာပါ။ ဥပမာ - ငါတို့ ဟိုဘက်ဝိုင်းက အစ်ကိုကြီးလို သားသားနားနား ဆိုရင်တော့ ဟန်းဖုန်း အစစ် သုံးနိုင်မှာပါပဲ။ ”
ဒီလို ဘေးက ကိုသက်က ပင့်လိုက်တော့ ဘေးဝိုင်းက လူကြီးက နည်းနည်း မျက်နှာတင်းထားတာ လျော့သွားပြီး ရင်ကို ကော့လိုက်ကာ စားပွဲပေါ်က ဟန်းဖုန်းကို ခါးမှာ ချိတ်တဲ့ အိတ်ကနေ ထုတ်ကိုင်လိုက်တယ်။ တကယ်တော့ ကျွန်တော်တို့ကို ပြတဲ့ သဘောပေါ့လေ ၊ သူ့ဟန်းဖုန်းက အစစ်မဟုတ်ဘူးလား ၊ အစစ်လား ဆိုတာ သိရအောင်ပေါ့။ ဒါပေမဲ့ မျိုးလေးက. . .
“ ဒါကတော့ မင်းကလည်းကွာ ၊ မြင်ယုံနဲ့ အစစ် အတု ဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ။ ကလေး ကစားစရာ ဖုန်းတွေကလည်း တစ်ပုံစံပဲလေ။ ဖုန်းဆိုတာ ဆက်ကြည့်မှ တကယ် အစစ်ဟုတ်မဟုတ် သိရမှာပေါ့ကွ။ ”
“ ဟာကွာ. . . မင်းကလည်း အစစ်ဖြစ်နိုင်လောက်ပါတယ်ကွာ။ ”
“ မဖြစ်နိုင်ဘူးကွာ။ ”
ဒီလို သူတို့နှစ်ယောက် တစ်ယောက် တစ်ခွန်း ဟန်လုပ် စကားများတော့မှ ကျွန်တော် သူ့ဆီကြားထဲ ဝင်ပြီး. . .
“ ကဲ. . မင်းတို့ ငြင်းမနေကြနဲ့တော့ ဒီ အစ်ကိုကြီး ဟန်းဖုန်းက အစစ်လား အတုလား ဆိုတာ သိရအောင် ငါ ခွင့်တောင်းပြီး မင်းတို့ ခေါ်စေချင်တဲ့ ဖုန်းကို ဆက်ခိုင်းလိုက်မယ်။ ဘယ်လိုလဲ။ ”
“ လုပ်လိုက်လေ ကြည့်ရသေးတာပေါ့။ ”
သူတို့ ဒီလို ပြိုင်တူ ပြောပြီး သဘောတူသလို ခေါင်းငြိမ့်ပြတယ်။ ဒီတော့ ကျွန်တော်က မနေသာ သလိုနဲ့ ဘေးနားက လူကြီးကို. . . .
“ အစ်ကို ဖုန်းလေး တစ်ကော လောက် စမ်းခေါ်ပေးလို့ ရမလား။ ”
ဒီတော့ အစကတည်းက စကားစပျိုးချင်နေတဲ့ လူကြီးက . . . .
“ ရတာပေါ့. . ရော့ကွာ ခေါ်။ ”
“ အာ . . အစ်ကိုက ကျွန်တော်တို့က ဟန်းဖုန်းမှ မကိုင်နိုင်တာလေ။ ဘယ်လိုလုပ် လာပြီး ဟန်းဖုန်းကို ခေါ်တတ်မလဲ။ ”
ဒီအချိန်မှာ မျိုးလေးက ဝင်ပြောတယ်။
“ ဟုတ်တယ် အစ်ကို။ အစ်ကိုပဲ ခေါ်ပေးပါ ရပါတယ်။ ခေါ်လို့ရတယ် ဟိုဘက်က ပြန်စကားပြောတယ် ဆိုရင် တော်ပြီ။ ”
“ အေး ဒီလို ဆိုလည်း ရတယ်။ ပြော မင်း ဖုန်းနံပါတ်။ ”
လူကြီးက မျိုးလေးကိုတော့ သိပ်တော့ အစာကြေပုံ မရဘူး။ ပြောတာက ခပ်ဆတ်ဆတ်နိုင်တယ်။ ဒီတော့ မျိုးလေးက သူနဂိုကတည်းက စဉ်းစားထားတယ် လို့ ထင်ရတဲ့ ဖုန်းနံပါတ်တစ်ခုကို ရွတ်ပြတယ်။
“ ၇၀၁၁၂၃ ”
“ အေး. . ရမယ်။ ခေါ်ပေးမယ် ခဏထိုင်စောင့်။ ”
ဆိုပြီး ဟိုဘက် ဒီဘက် လှည့် မတ်တပ်ရပ် လိုက်ပြီး ဟန်ပါပါနဲ့ ဖုန်းခေါ်ကာ ပဲပေးနေတယ်။ ဒီအချိန်မှာပဲ ကျွန်တော်တို့ သုံးယောက်က မျိုးလေးက မျက်စပစ်ပြတာနဲ့ လက်ဖက်ရည်ဖိုးကို နောက်မှ လာရှင်းမယ် ဆိုပြီး ကောင်တာကို လက်နဲ့ ဟန်ပြလိုက်ပြီး ထလာတယ်။ ဒီဆိုင်ကလည်း အမြဲတမ်းသောက်နေကြ ဆိုတော့ ကျွန်တော်တို့ကို သိနေတော့ ပြောစရာ မလိုပါဘူး။
ဒီလူကြီးကတော့ ဆိုင်ထဲမှာ ဟန်းဖုန်းကို ဟန်ရေးပြပြီး ကျွန်တော်တို့ ထိုင်နေတဲ့ နေရာကို နောက်ကျောပေးပြီး ဖုန်းခေါ်နေတယ်။ ခပ်သွက်သွက် လျှောက်လာတာ ဆိုတော့ ခဏလေးနဲ့ ဆိုင်ပြင်ရောက်ပြီး လမ်းမပေါ် ရောက်လာတယ်။ ဒီတော့မှ. . .
“ မျိုးလေး . . မင်း ဘာဖုန်းနံပါတ်ပေးပြီး ဆက်ခိုင်းလိုက်တာလဲ။ ”
သူက ပထမ မပြောပဲ တခွိခွိနဲ့ ရယ်နေတယ်။ ကျွန်တော်နဲ့ ကိုသက်နေကတော့ ဘာမှ မသိတော့ သူလုပ်လို့သာ ဝိုင်းပြီး ဟန်ဆောင်လိုက်ရတယ်။ ဘာမှန်း မသိ။ သူကတော့ ရယ်နေတုန်း။
“ သိချင်ရင် မင်းတို့ နောက်လှည့်ကြည့်လိုက် ၊ အခုလောက်ဆို ဒီလူကြီးလည်း သိလောက်ရောပေါ့။ ”
ဒါနဲ့ ကျွန်တော်တို့ လှည့်ကြည့်လိုက်တော့ လက်ဖက်ရည်ဆိုင်ထဲက လူကြီးက လမ်းမပေါ် ရောက်နေတဲ့ ကျွန်တော်တို့ကို လှည့်ကြည့်ပြီး ရှူးရှူးရှားရှားနဲ့ ဒေါသတွေ ထွက်နေတာတွေ့ရတယ်။ လှမ်းအော်လို့လည်း ဝေးနေတဲ့ နေရာမို့လို့ပေါ့။
“ ဟာ. . ဒေါသတွေ ထွက်နေတဲ့ ပုံပဲ။ ဘာဖြစ်လို့လဲ။ ”
ဒီအချိန်ထိလည်း မျိုးလေးက တခွိခွိနဲ့ ရယ်နေတုန်း. . .နောက်မှ. . .
“ မှတ်ထားကွ။ အဲဒီဖုန်းကို ခေါ်ရင်လေ ဒီလို ပြန်ပြောတယ်။ ”
“ ဘယ်လိုလဲ။ ”
ကျွန်တော်တို့ နှစ်ယောက် ပြိုင်တူမေးလိုက်တော့မှ မျိုးလေးက ရွတ်ပြတယ်။
“ ဟလို . .အမိန့်ရှိပါ ခင်ဗျာ။ မြေကွက်လိုချင်လို့လား ၊ သေတ္တာလိုချင်လို့လား ခင်ဗျာ။ အဆင်ပြေအောင် တစ်ခါတည်း တစ်နေရာထဲနဲ့ ကျွန်တော်တို့ လုပ်ပေးလို့ ရပါတယ်။ x x x x x x x x x x x x x ဘာညာပေါ့ကွာ။ ”
“ အေးလေ မင်းပေးလိုက်တာ ဘယ်က ဖုန်းနံပါတ်လဲ။ ”
“ အေး. . . ငါ ပေးလိုက်တာ “ ရေဝေး သုသာန် ” ဖုန်းနံပါတ်ပဲကွ။ ဒါကြောင့် ဟိုဘက်က သူ့ကို ခေါင်းသေတ္တာယူမလား ၊ မြေကွက် ယူမလား ၊ သဂြိုဟ်မလား ဆိုပြီး လျှောက်မေးမှာပေါ့လေ။ နောက်ပြီးတော့ ဒီလို ဖုန်းနံပါတ်မျိုးက ဘယ်သူမှ မှားပြီး မဆက်နိုင်ဘူးလေ။ ဒီတော့ ဟိုဘက်က သူ့ကို စွတ်မေးနေမှာပဲပေါ့။ ဒီတော့ သူတင်းပြီး ဒေါသတွေ ထွက်နေတာပေါ့။ ”
သြော် . . . ဟုတ်တာပဲ။ ဟန်းဖုန်းကိုင်တယ် ဆိုပြီး သူများက တစ်ကော လောက် ခေါ်ပေးပါ ဆိုပြီး အရူးလုပ်တာ ခံရနိုင်တာပါပဲလား။ အင်း. . . ဟန်းဖုန်း ပြောသူများ ၊ ဟန်းဖုန်း ပြောသူများ. . . ။
မှတ်ချက်။ လွန်ခဲ့သော ၁၀ နှစ်ကျော်ခန့်က ဖြစ်၍ ယခု လက်ရှိ ရေဝေး သုဿာန် ၏ ဖုန်းနံပါတ်က ယခု ဖုန်းနံပါတ် ဟုတ်လား မဟုတ်လား မသိပါကြောင်း။ ဖုန်းနံပါတ်ထက် သူငယ်ချင်း တစ်ယောက်၏ လူတစ်ယောက်အပေါ် လျှပ်တပြက် နောက်ပြောင်မှုကိုပဲ ရေးပါတယ်။
.

လေးစားစွာဖြင့်
ကိုဇော်
.
4 ယောက် ရဲ့ ထင်မြင်ချက်:
တယ်နောက်တာဘဲ။
နည်းနည်းရယ်ရတယ်..:P
အဲလူကြီးကို ဒီလို စတာတော့ ငါ မခံနိုင်ဘူးဟာ..
ဟီဟိ.. သူ့ဟာသူ ခံလိမ့်မယ်..
ဟဟဟဟ....ဟိုလူကြီးတော့ ဒေါခီးနေပြီ
Post a Comment