“ ဗုဒ္ဓ ဘာသာ ” ဆိုတာ ဘာလဲ လို့ ကျွန်တော် ရိုးရိုးရှင်းရှင်းပဲ အရင် မေးကြည့်ချင်တယ်။ ဗုဒ္ဓဘာသာ ဖြစ်နေပြီး ဗုဒ္ဓဘာသာ ဘာလဲ ဆိုတာကို မေးလိုက်ရင် တကယ်ကို ဆွံအ သွားတတ်ကြတယ်။ ကျွန်တော့်လည်း အရင်က တကယ်ကို ခံစားခဲ့ရဖူးတယ်။ ဟိုက်. . . ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ လို့ ကိုယ့်ဖာသာ ပြန်မေးသွားမိတယ်။ ဒါပေမဲ့ ကျွန်တော့်ဖာသာ အဖြေမရခဲ့ပါ။ ဒါကြောင့် အနီးအနားမှာ ရှိနေတဲ့ ကျွန်တော့်ထက် တတ် သိ နားလည်သူတွေကို ထပ်ဆင့်မေးကြည့်မိတယ်။ သူတို့ကပြန်ပြီး အဖြေပေးပါတယ်။
“ ဗုဒ္ဓ ဆိုတာ ဘုရား ၊ ဘာသာ ဆိုတာ အယူဝါဒ ။ ဒါကြောင့် ဘုရားရဲ့ အယူဝါဒ ။ ” တဲ့။
အရမ်းကို ရှင်းလင်းပေမဲ့ ကျွန်တော့် အတွက် စိတ်တိုင်းကျ အဖြေမရသေးဘူးလို့ ကျွန်တော့် ရင်တွင်းက မလိမ်မညာပဲ အဖြေပေးတယ်။ ကျွန်တော် ဆက်စဉ်းစား ကြည့်မိတယ်။ တကယ်လို့ ဗုဒ္ဓ ဆိုတာသာ ဘုရား ဆိုပြီး ဗုဒ္ဓဘာသာ ဆိုတာ “ ဘုရားအယူဝါဒ ” ဆိုရင် တခြား ဘာသာ တွေမှာလည်း သူတို့ဘာသာအရ ဘုရားကို အခေါ်အဝေါ်တွေ ရှိနေတာပဲ လို့ ကျွန်တော် ဆက်တွေးကြည့်မိတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းအတွက် ကျွန်တော် တတ်သိသူများကို မေးမြန်းခဲ့ပါတယ် ၊ စာအုပ်စာတမ်းများ ဖတ်ရှုခဲ့တယ်။ နောက်ဆုံးမှာတော့ ကျွန်တော့်အတွက် စိတ်ကျေနပ်ဖွယ်ရာ အဖြေတစ်ခုကို ရခဲ့ပါတယ်။ ဒါကတော့ . . . .
( ကိုးကား - ရင်နှစ်သည်းချာ နိုင်ငံရတနာ ဆုံးမစာများ။ စာမျက်နှာ ၄၁ ၊ ၄၂ မှ )
ဆိုသော ဖြေရှင်းချက်လေးကို ရခဲ့ပါတယ်။ ဘယ်သူတွေအတွက် မှားတယ် ၊ မှန်တယ် ကျွန်တော် ဘယ်တုန်းကမှလည်း သွားမငြင်းဖြစ်ခဲ့ပါဘူး။ သူတို့ဖာသာ ဗုဒ္ဓဘာသာ ဆိုတာ ဘုရားအယူ ဆိုလို့ ဆိုခဲ့ရင်လည်း ကျွန်တော် နည်းနည်းပြောပြလို့ သဘောပေါက်လွယ်ခဲ့ရင် ဆက်ပြောဖြစ်ပြီး သူတို့ လက်ဝါးထဲက အသိကို အုပ်မိုးကာ ဇွတ်ငြင်းဆန်နေရင် ကျွန်တော် ရယ်နေလိုက်တာပါပဲ။ ရပ်ကွက်ထဲက အကြော်သည်ကြီးလို “ အတင်းကြီးပါလားတော် ” ဆိုပြီးလည်း ကျွန်တော် ဈေးဆစ်တာလို ပြန်မပြောမိပါဘူး။ ရယ်ပဲ နေလိုက်ပါတယ်။
“ ဗုဒ္ဓ = သိမှု မြင်မှုကိုယ်တိုင် ကြုံတွေ့ရမှုကို အခြေခံပြီး ဆရာမကူပဲ အလိုလို သိနားလည်နိုင်သော ၊ ဘာသာ = အယူဝါဒ ”
( ကိုးကား - ရင်နှစ်သည်းချာ နိုင်ငံရတနာ ဆုံးမစာများ။ စာမျက်နှာ ၄၁ ၊ ၄၂ မှ )
ဆိုသော ဖြေရှင်းချက်လေးကို ရခဲ့ပါတယ်။ ဘယ်သူတွေအတွက် မှားတယ် ၊ မှန်တယ် ကျွန်တော် ဘယ်တုန်းကမှလည်း သွားမငြင်းဖြစ်ခဲ့ပါဘူး။ သူတို့ဖာသာ ဗုဒ္ဓဘာသာ ဆိုတာ ဘုရားအယူ ဆိုလို့ ဆိုခဲ့ရင်လည်း ကျွန်တော် နည်းနည်းပြောပြလို့ သဘောပေါက်လွယ်ခဲ့ရင် ဆက်ပြောဖြစ်ပြီး သူတို့ လက်ဝါးထဲက အသိကို အုပ်မိုးကာ ဇွတ်ငြင်းဆန်နေရင် ကျွန်တော် ရယ်နေလိုက်တာပါပဲ။ ရပ်ကွက်ထဲက အကြော်သည်ကြီးလို “ အတင်းကြီးပါလားတော် ” ဆိုပြီးလည်း ကျွန်တော် ဈေးဆစ်တာလို ပြန်မပြောမိပါဘူး။ ရယ်ပဲ နေလိုက်ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်း အတွက် “ သိမှု ၊ မြင်မှု ကို အခြေခံပြီး ဆရာမကူပဲ အရာရာကို သိမြင်နိုင်သော အယူဝါဒ ” ဆိုသော အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ကျွန်တော် ပိုပြီး နှစ်သက်ပါတယ်။ ဒါပေမဲ့ တကယ်တော့ ကျွန်တော်တို့ ပဋိကတ်တော်တွေထဲမှာ “ ဗုဒ္ဓဘာသာ ” လို့ တစ်လုံးမှတောင်မှ မပါဘူးလို့ ထပ်၍ မှတ်သားမိပြန်ပါတော့တယ်။ တကယ်တော့ “ ဗုဒ္ဓသာသနာ ” “ ဗုဒ္ဓဝါဒ ” ခေါ်ဆိုမှသာ ပိုပြီးတော့ မှန်ကန်နိုင်တယ်လို့ ထပ်မံ ဖတ်ရပြန်ပါတယ်။ ဖတ်ချင်သူများနဲ့ မေးမြန်း လျှောက်ထားလိုသူများ ဒီနေရာ မှာ သွားပြီး လျှောက်ထား မေးမြန်းနိုင်ပါတယ်။
ဘာလို့ ကျွန်တော်က ဒါတွေကို အရင်ပြောပြတာလဲ ဆိုတော့ ကျွန်တော်ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေက လူတော်တော်များနဲ့ လွဲနေတတ်ပါတယ်။ ကျွန်တော် မှန်တယ်လို့ မပြောဝံ့သလို ၊ သူများမှန်လား ဆိုတာလည်း ကျွန်တော် မသိပါဘူး။
ဥပမာလေး နောက်တစ်ခု ပြောပါဦးမယ်။ ပဲခူးမှာ ကျွန်တော့် အဖိုးရဲ့ညီ ၊ ကျွန်တော့် အဖိုးလေးက နာမည်ကျော် ဘုန်းကြီးကျောင်းတစ်မှာ ကျောင်းထိုင်ပါတယ်။ ကျွန်တော် ကိုရင် ဝတ်ရင်တောင်မှ ပဲခူးကို တကူးတက သွားပြီး ကိုရင် ဝတ်ခဲ့ရတယ်။ နည်းနည်း အသက်ကြီးလာတဲ့ အချိန် ကိုရင်ကြီး ဝတ်ရတယ်။ ဒီအချိန်မှာ တရားနာချိန် ၊ တရားထိုင်ချိန်ပြီးရင် ဆရာတော်က တရားစစ်သလို ၊ ကိုယ်ကလည်း ဆရာတော်ကို မရှင်းလင်းတဲ့ တရားတော်တွေကို မေးမြန်းလျှောက်တင်လို့ ရပါတယ်။ ဒီတော့ ကျွန်တော်လည်း မေးချင်လာတယ်။
ကိုယ့်ရဲ့ အဖိုးလေး ဆိုတော့ သူများတွေလို တရားစစ်တဲ့ နေရာမှာ မေးမနေတော့ပါဘူး။ ဆွမ်းဘုန်းပေးပြီးလို့ ဆရာတော်က သူ့ကျောင်းဆောင်မှာ နားနေတော့မှ ပေယောင်ယောင်နဲ့ ဆရာတော်နား ကပ်ပြီး ခြေထောက်ကို နှိပ်ပေးရင်း မေးမိတယ်။ ကျွန်တော်က ဘုန်းဘုန်း လို့ပဲ ခေါ်တယ်။
“ ဘုန်းဘုန်း ဘုရာ့ ၊ တပည့်တော် တစ်ခုလောက် မေးလျှောက်ချင်တယ်။ ”
“ အေး ပြောလေကွာ။ ”
“ တပည့်တော်တို့ ဗုဒ္ဒဘာသာမှာ “ ဆုတောင်းတာ နဲ့ ဆုပန်တာ ” ဘာများကွာသလဲ ဘုရာ့။ ”
အဲဒီမှာ စတော့တာပါပဲ။ ဒီတော့ ဆွမ်းစားပြီး မှေးနေတဲ့ ဆရာတော် မျက်လုံးတွေ ကျယ်သွားတယ်။ နည်းနည်းငြိမ်ပြီး စဉ်းစားသွားတယ် ထင်တယ်။ ခဏနေမှ. . .
“ အတူတူပဲ ထင်တယ် ကိုရင်။ ဘာများ ဖြစ်လို့လဲ။ ”
“ တပည့်တော်ကတော့ မတူဘူး ထင်တယ် ဘုရာ့။ မတူလို့ “ တောင်းတာ နဲ့ ပန်တာ ” ဆိုပြီး ခွဲပြောကြတာပေါ့။ ”
“ တူတယ် ထင်တယ်။ ”
“ မတူနိုင်ဘူး ဘုရာ့။ ”
အဲဒီလို သွားပြီး ငြင်းမိတယ်။ တကယ်တော့ ကျွန်တော်ကလည်း အတွေးများကို ချူပ်မထားတတ်တဲ့ အဖေ နားမှာ နေလာရတာ ဆိုတော့ . . . ၊ ဖေဖေနဲ့ ငြင်းနေကြလိုမျိုး ဖြစ်ပြီး ဈာန်ဝင်ကာ ငြင်းလိုက်မိတယ်။ အဲဒီအတွက် ဘာရလဲ ဆိုတော့ ကွမ်းတံတွေး ထွေးခံနဲ့ ပစ်ပေါက်ခံလိုက်ရတာပါပဲ။ တော်သေးတယ် ကျွန်တော်က အပြေးမြန်လို့ ၊ ဒါပေမဲ့ ကျောင်းဆောင်ထဲမှာ ကွမ်းတံတွေးတွေနဲ့ ပွသွားလို့ ကျွန်တော် သန့်ရှင်းရေး လုပ်ပေးလိုက်ရတာပါပဲ။ အဖွားအတွက်လည်း အိမ်ပြန်ရောက်ပြီး ဆွေးမျိုးတွေ ကြားထဲမှာ ပြောစရာ တစ်ခု ထပ်တိုးသွားတာပေါ့လေ။
ဒါကို ကျွန်တော် ဘာလို့ ပြောပြနေတာလဲ ဆိုတော့ ဆွေးနွေးမေးမြန်းတယ် ဆိုပေမဲ့ အဖြေဆိုတာ ရလာတတ်တာ မဟုတ်ဘူး ဆိုတဲ့ သင်ခန်းစာလေး တစ်ခုကို ကျွန်တော် ငယ်ငယ်ကတည်းက အပြေးခြေထောက် ၊ ထွေးခံ မထိလိုက်မိတဲ့ ခေါင်းနဲ့ ရင်းပြီး သိလာခဲ့တယ် လို့ ဆိုချင်တာပါ။ ဒါပေမဲ့ ဒီမေးခွန်းအတွက် ကျွန်တော် လက်မလျှော့ခဲ့ပါဘူး။ သိနိုင်လောက်သူတွေ ၊ ဖြေနိုင်လောက်သူတွေကို မေးမိတယ်။ စာအုပ်ပေါင်းများစွာ ( ရွှေတိဂုံ စေတီတော်မှ ဗုဒ္ဓဝင်သမိုင်းပြတိုက်ထဲက စာအုပ်တွေ ၊ ပေစာတွေရော ) နားလည်တာတွေရော ၊ နားမလည်တာတွေရော ဖတ်ခဲ့တယ်။
နောက်ဆုံးတော့ “ ဆုတောင်းတာ နဲ့ ဆုပန်တာ ” ကို ကျွန်တော် သဘောပေါက်ခဲ့ရတာက ဒီလိုပါ။ ဘယ်သူ့ကိုမှ ကျွန်တော့်လို လိုက်ပြီး ယူဆပါ လို့ ကျွန်တော် မပြောလိုပါဘူး။ ကျွန်တော် မြင်မိ ဖတ်မိ တွေးမိ တဲ့ အတိုင်းပဲ ကျွန်တော် ဖော်ညွှန်းလိုက်ပါတယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေမှာ “ သားဆုပန်တယ် ၊ ယောက်ျားဆုပန်တယ် ၊ ဘုရားဆုပန်တယ် ” လို့ အထင်အရှားကို အတိအလင်းကို ရေးသား ဖော်ပြထားကြပါတယ်။ ဘာကြောင့်များ “ သားဆုတောင်းတယ် ၊ ယောက်ျားဆုတောင်းတယ် ၊ ဘုရားဆုတောင်းတယ် ” လို့ မရေးကြ ၊ မပြောကြတာပါလဲ။ ကျွန်တော် သေချာ တွေးကြည့်မိပါတယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဆိုတာ တခြားဘာသာတွေလို ဘယ်သူ့ဆီင်္ကမှ ဘာကြီး ရပါစေ ဆိုပြီး တောင်းလို့ ရရိုး ထုံးစံ မရှိတာ တွေ့ရတယ်။ အဲ. . တောင်းသူတွေလည်း ရှိတာပေါ့လေ။ ဒါပေမဲ့ ဒါက ဆုသေးတွေကို တောင်းတာ ဖြစ်ပြီး ဘာမှ မလုပ်ပဲနဲ့ ပြည့်ကြတယ် လို့လည်း ကျွန်တော် မကြားမိပါဘူး။ ကိုယ်တိုင်တော့ လုပ်ယူရတာပါပဲ။
ဒီနေရာမှာ ဘာလို့ ကျွန်တော် ဆုသေးလို့ ပြောတာလည်း ဆိုတော့ ဆုကြီးပန်သူများ အားလုံးက ယောက်ျားဖြစ်မှ ရတာကို ထပ်တွေ့ရပြန်ပါတယ်။ ဒါကြောင့် သားဆုပန်တယ် ဆိုတာလည်း ယောက်ျား ဖြစ်စေလိုတာပဲ ၊ ယောက်ျားဆုပန်တယ် ဆိုတာလည်း ယောက်ျားဖြစ်စေလိုတာပဲ ၊ ဘုရား ဆိုတာကတော့ ပြောမနေနဲ့တော့ မိန်းမ ဘုရားမှ မရှိတာလေ။ ဒီတော့. . . . . သူတို့ ဘာလို့ ဆုတောင်းတယ် လို့ မသုံးပဲ ဆုပန်တယ် လို့ပဲ သုံးရတာလဲ ဆိုပြီး ကျွန်တော် စဉ်းစားမိတော့ ကိုယ်တိုင် မဖြစ်မနေ ကြိုးစားဆောင်ရွက်ရမဲ့ အရာတွေကို ဆုပန်တယ် လို့ သုံးတာ ကျွန်တော် တွေ့ရတယ်။
တခြားသော ဘာသာတွေမှာကတော့ သူတို့မှာ ဘာမှ မရှိဘူး။ သူတို့မှာ သူတို့ရဲ့ ထာဝရ ဘုရားရှင်ဆီမှာ ဆုတောင်းလိုက်ရင် ပြည့်သွားတယ် လို့ ယူဆကြတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ကတော့ ကိုယ်ဖြစ်ချင်ရင် ကိုယ့်ဖာသာ ကြိုးစားရမယ် ဒါကြောင့် ကိုယ့်ဖာသာ ကြိုးစားဖို့ အားထုတ်ပါ့မယ် လို့ တစ်ယောက်ယောက်ကို ဝန်ခံ ပန်ကြားသော အားဖြင့် ကတိကဝတ်ပြုလိုက်တာကို “ ဆုပန်တယ် ” လို့ ခေါ်လိုက်ခြင်းလို့ ကျွန်တော် ယူဆမိတယ်။ ( ထပ်ပြောပါ့မယ် . . ကျွန်တော့်ဖာသာ ယူဆမိတယ်။ )
ဒါကြောင့် ကျွန်တော် ဘာကြီး ဖြစ်ပါစေ လို့ ဆု မတောင်းမိတော့ပါ။ ကျွန်တော့်ဖာသာပဲ ဖြစ်အောင် လုပ်မယ် ဆိုသော ကတိကဝတ်ဖြင့် တစ်စုံတစ်ယောက် ၊ တစ်စုံတစ်နေရာမှာ ( ဥပမာ - ဘုရားရှေ့မှောက်မှာ ) ဆု ပန်ကြားမိပါတော့တယ်။ ကိုယ်ဖြစ်ချင်တာကို ဘယ်သူ့ကိုမှ အားမကိုးပဲ မိမိဖာသာပဲ ဖြစ်အောင် လုပ်မယ် ဆိုတဲ့ ကတိကဝတ် တစ်ခုကို “ ဆုပန်တာ ” လို့ ကျွန်တော် မြင်မိခဲ့ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အထူးဆုလို့တောင်မှ ကျွန်တော် ပြောချင်မိသေးတယ်။
~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~
အဖိုးလေး ဆရာတော်ဆီက ထွေးခံနဲ့ ရင်းပြီး သင်ယူလိုက်ရတဲ့ သင်ခန်းစာကြောင့် ကျွန်တော် ကိုယ့်ဘာသာကိုတောင်မှ ကိုယ် ဘယ်သူနဲ့မှ မဆွေးနွေးတော့ပါ။ ဒီမှာလည်း ကျွန်တော် တင်ပြစရာ နည်းနည်း ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး တရားကို အချိန်လေး နည်းနည်းရရင် လေ့လာကျင့်ကြံသူများ အတွက်ပါ။ လုပ်ကြည့်ရင် အကျိုးထူးမယ် လို့လည်း ယုံကြည်မိပါတယ်။
အရင်က ရပ်ကွက်က ဓမ္မာရုံမှာ အင်္ဂါနေ့ဆိုရင် ကျွန်တော်သွားသွားပြီး ရေနွေးကြမ်းနဲ့ လက်ဖက်သုတ် သွားစားလေ့ ရှိပါတယ်။ ဘာလို့ ဒီလို ပြောတာလဲ ဆိုရင် ကျွန်တော် ရေနွေးအိုးနဲ့ နောက်တစ်ခါ အပေါက် မခံချင်တော့လို့ပါပဲ။ ဒါကြောင့် သူတို့ ပြောတာကို မျက်လုံးလေး ကလယ် ကလယ် နဲ့ပဲ ကျွန်တော် မသိသလို နားထောင်ပြီး လက်ဖက်သုတ်တွေပဲ နင်းကန် အုပ်ခဲ့ပါတယ်။ သူတို့ ဆွေးနွေးနေကြတဲ့ အကြောင်းအရာတွေကိုတော့ နည်းနည်း ပြောပြချင်ပါတယ်။
သူတို့ ဓမ္မရုံမှာ ဆိုတော့ တရားအကြောင်းတွေပဲ ဆွေးနွေးကြပါတယ်။ တရားအကြောင်း ဆွေးနွေးတယ် ဆိုတာထက် ငါဘယ်လောက် သိတယ် တတ်တယ် ဆိုတာကိုပဲ ပြောနေကြသလိုပဲ ကျွန်တော်ကြားမိတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဆိုရင် ဗုဒ္ဓမြတ်စွာဘုရားက ပဉ္စဝဂ္ဂီငါးပါးကို ဓမ္မစင်္ကြာတရား ဟောနေတဲ့ နေပြိုင် ၊ လပြိုင် ဆိုသော ပန်းချီကားကို တွေ့ဖူး မြင်ဖုးကြမှာပါ။
ဒီလိုပုံပါ။ ဒါပေမဲ့. . . . .
ဒီပန်းချီကားကို ပြည့်ပြည့်စုံစုံ ကြည့်ဖူးသူတွေဆိုရင် ဒီအကြောင်းအရာကို သိနိုင်လောက်ပါတယ်။ ( အခုအထက်မှာ ဖော်ပြထားတာ မပြည့်စုံပါ။ ) အခု ဖော်ပြပါ ပုံမှာ နေပြိုင်လပြိုင် ဆိုသော ပုံကို ပါမလာတော့ပါ။ ဘာလို့ နေပြိုင် လပြိုင် ပုံ ပါမလာတော့တာလဲ ဆိုတော့ လူတွေ သေချာ မမှတ်မိတော့လို့ ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ဘုရားက ဓမ္မစင်္ကြာတရားကို အကြောင်းအရာ ပေါင်းများစွာကို စုစည်းကာ တရားဟောတာ ဖြစ်ပါတယ်။
ဘုရား တရားဟောနေရာမှ မျက်နှာမူရာ အရပ်က “ မြောက်အရပ် ” ပါ။ ဒီအချိန်မှာ ဘုရားရဲ့ လက်ယာဘက်မှာ လ ကလည်း အပြိုင် ၊ လက်ဝဲဘက်မှာ နေ ကလည်း အပြိုင် ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ထူးခြားချက် ရှိပါတယ်။ ဘုရားဟာ ပညာကို အားပေးပါတယ်။ တန်ခိုးကို အားမပေးပါဘူး။ ဒါကြောင့် လ ဆိုတာ ပညာ ကို ကိုယ်စားပြုပြီး နေ ဆိုတာ တန်ခိုး ကို ကိုယ်စားပြုပါတယ်။ ဘုရားက မြောက်ဘက် အရပ်ကို မျက်နှာမူပြီး တရားဟောနေတာ ဖြစ်တော့ လက်ယာဘက် အခြမ်းက အရှေ့ဘက်ပါ။ လက်ယာအခြမ်းမှာ လ က အပြိုင်တည်ရှိနေပြီး ၊ လက်ဝဲဘက် က အနောက်ဘက် ၊ ဘက်ဝဲဘက် အခြမ်းမှာ နေ က တည်ရှိနေပါတယ်။
ဒါက ဘာကို ရည်ညွှန်းပြောဆိုတာလည်း ဆိုတော့ “ ပညာက အတတ် ၊ တန်ခိုးက အကျ ” ဆိုတဲ့ သဘောတရားလေးကိုပါ ယြူုပီး ဗုဒ္ဓမြတ်စွာ ဘုရားက တရားဟောချိန်ကို ပြင်ဆင် နေရာယူကာ ဟောပြောခဲ့တာ ဖြစ်ပါတယ်။ ဒါကို ဟိုးအရင်က ပန်းချီတွေမှာ နေကို လက်ယာဘက်မှာ ထည့်ပြီး မှားဆွဲ မိတတ်ကြပါတယ်။ နောက်တော့ ကျမ်းဂန်တွေကို သေချာ မလေ့လာပဲ ၊ ဆိုဆုံးမမှုတွေကို သေချာ မလေ့လာပဲ မှားဆွဲမိတာကို ဝန်မခံချင်တော့ နောက်ဆုံးမှာ အဓိက ပြယုဂ် ဖြစ်တဲ့ “ နေပြိုင် လပြိုင် ” က ပါမလာတော့ပါဘူး။
ဒါကြောင့် ဗုဒ္ဓမြတ်စွာ ဘုရားက “ ပညာကို အားပေပြီး တန်ခိုးကို အားမပေးဘူး ” ဆိုတဲ့ ဆိုဆုံးမမှုဟာလည်း ကွယ်ပျောက်လု မတတ်ဖြစ်ပြီး တရားပွဲ ဆွေးနွေးကြရာမှာလည်း သူတတ်တယ် ငါ တတ်တယ် ဆိုပြီး ငြင်းခုန်မိကြတော့တာပါ။
( ဝမ်းသာစရာပါပဲဗျာ။ ဒီပုံလေး တစ်ပုံကိုတော့ ရှာတွေ့လိုက်တယ်။ ဒါ အမှန်ပါ။ လက လက်ယာဘက်မှာ ရှိပြီး နေက လက်ဝဲဘက် အကျဘက်မှာ ရှိရမယ်။ ပညာက တတ်လာလေလေ ၊ တန်ခိုး က မှေးမှိန် သွားလေလေ ဆိုပြီး မာန်မာနကို သတ်ခိုင်းပြထားတဲ့ ပုံလေးပါ။ )
အခုလည်း ကျွန်တော် အင်္ဂါနေ့တိုင်း သွားနေကြ ဓမ္မာရုံမှာ တရားအကြောင်းကို အကြောင်းပြုပြီး သူတို့ ငြင်းခုန်နေကြတယ်။ ကျွန်တော် နားထောင်ကြည့်မိတော့ . . . “ ငါတို့ မိုးကုတ်က ဘယ်လို ၊ ငါတို့ သဲအင်းဂူက ဘယ်လိုကွ ၊ ငါတို့ ကသစ်ဝိုင်က ဘာ ” ဆိုတဲ့ စကားတွေပဲ ကြားရတယ်။ တကယ်တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ အမျိုးမျိုး အထွေထွေ မရှိပါ။
တခြားဘာသာတွေကိုလည်း ကျွန်တော် နှိုက်နှိုက်ချွတ်ချွတ်ကို လေ့လာဖူးပါတယ်။ ဘာကြောင့် ဘာဖြစ်တယ် ဆိုတာတွေကိုရောပေါ့လေ။ အခုလို ဗုဒ္ဓဘာသာ အချင်းချင်း ငြင်းခုန်နေကြလေလေ သူတို့မှာ တရားနဲ့ ဝေးနေတယ် ဆိုတာ သိသာစေပါတယ်။
ဆူးလေဘုရားကို ရောက်အောင် ဘယ်ကနေသွားရလဲ ဆိုတော့ ဆူးလေဘုရားလမ်းက သွားမှ ရောက်တာ မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းလမ်းကနေ သွားပြီးမှ ကွေ့လိုက်လည်းရောက်တာပါပဲ။ ကမ်းနားလမ်းကနေ တတ်လာပြီးမှ လျှောက်လာရင်လည်း ရောက်တာပါပဲ။ ဗုဒ္ဓဘာသာရဲ့ အဓိက က နိဗ္ဗာန်ကို မျှော်ရည်ဖို့ပါ။ ဒါကြောင့် ဘယ်လမ်းကပဲ သွားသွား လိုရာ ခရီးရောက်ဖို့ပဲ လိုပါတယ်။
အခုတော့ ကျွန်တော် သူတို့ ဆွေးနွေးနေတာကို နားထောင်မိရင် “ ပိန်ဖောင်းက ကောင်းတယ် ၊ ရှူ ထုတ်က ပိုကောင်းတယ် ၊ ထိ မှတ် ကြွ လှမ်း က ပိုအဆင်ပြေတယ် ” ဒါတွေကို ငြင်းခုန်နေကြတာနဲ့ သူတို့ လိုရာကို မရောက်နိုင်ကြဘူး လို့ ကျွန်တော် မြင်တယ်။ သူတို့က ဓမ္မာရုံကို လူစည်အောင် လုပ်ပေးရုံ ၊ လက်ဖက်သည်ကို ရောင်းကောင်းအောင် ထောက်ပံ့နေတယ် လို့ပဲ ကျွန်တော် တွေးမိတယ်။
ထားပါတော့လေ. . . .
ဒီပို့စ်ကလည်း အရမ်းရှည်သွားပြီ ဖြစ်လို့ ဒီနေရာမှာ ဗုဒ္ဓ တရားတော်ကို ကျွန်တော် ဆင်ခြင်မိတာလေးပဲ ပြောပြီး နိဂုံးချုပ်ပါ့မယ်။
ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မိမိ ဘယ်ကျင့်စဉ်လမ်းကိုပဲ လိုက်လိုက် အဓိကကတော့ “ သတိ ” ပါပဲ။ သတိနောက်မှာ အသိ လေး ကပ်ထားရပါမယ်။ ဒီလိုပဲ အသိ နောက်မှာလည်း သတိ က ပါနေရပါမယ်။ ဘယ်ကျင့်ကြံအားထုတ်တဲ့ တရားသဘောက “ ပိန်ဖောင်းပဲ ဖြစ်ဖြစ် ၊ ရှူထုတ်ပဲ ဖြစ်ဖြစ် ၊ ထိ မှတ် ကြွ လှမ်း ပဲ ဖြစ်ဖြစ် ” အရေးအကြီးဆုံးက စိတ်နောက်ကို သတိ နဲ့ အသိ က လိုက်မသွားဖို့ပါ။
ဥပမာ -
မြင်တာကို မြင်တယ် လို့ပဲ မှတ်ပါ။ မြင်တယ် မြင်တယ် ဒါဆို ရပါပြီ။ ဘာကို မြင်တာလဲ ဆိုရင် လမ်လွဲပါတယ်။
ကြားတယ် ဆိုရင်လည်း ကြားတယ် ကြားတယ် ပဲ မှတ်ပါ။ ဒါကို ဘာအသံလဲ ဆိုရင် လမ်းလွဲပါတယ်။
ရှူတယ် ဆိုရင်လည်း ဝင်တယ် ထွက်တယ် ပဲ မှတ်ပါ။ ဒီလေက အဆုတ်ထဲကို ရောက်သွားတဲ့ အထိ ပါသွားရင် မှားပါတယ်။
အနံ့ရတယ် ဆိုရင်လည်း ရတယ် ရတယ် ပဲ မှတ်ပါ။ ဘာအနံ့ပါလိမ့် ဆိုရင် လမ်းလွဲပါတယ်။
ထိတယ် ဆိုရင်လည်း ထိတယ် ထိတယ် ပဲ မှတ်ပါ။ ဘာကို သွားထိနေတာပါလိမ့် ဆိုရင် မှားပါတယ်။
ဒီလိုလေးပဲ ကမ္မဌာန်းထိုင်တဲ့ အခါမှာ ဆင်ခြင်ကြည့်ပါ။ ဒီလို ဆင်ခြင်ရင် တရားပေါက်ပြီး နိဗ္ဗာန် မြန်မြန်ရောက်မယ် လို့တော့ ကျွန်တော် မပြောလိုပါ။ အထက်က ရေးထားတဲ့ အတိုင်းပဲ ဒါက ကျွန်တော်ရဲ့ ဆင်ခြင်နည်းပါ။ ဘယ်သူနဲ့မှလည်း တူမှာ မဟုတ်ပါ။ တခြားသူတွေလည်း သူတို့ဖာသာ အဆင်ပြေတဲ့ ဆင်ခြင်နည်းတွေ ရှိပါလိမ့်မယ်။ ဘာပဲ ပြောပြော ကျွန်တော်တို့မှာ “ ဘုရား ဖြစ်ရပါစေသား ” ဆိုသော ဆုကြီး မပန်နိုင်ခင် အချိန်ထိတော့ ကျွန်တော်တို့ မျက်မှောက်ပြုထားရမှာ “ နိဗ္ဗာန် ” ပဲ မဟုတ်ပါလား။

*** ဘယ်လမ်းကပဲ သွားသွား လိုရာ နိဗ္ဗာန်လမ်းကို မြန်မြန်ရောက်နိုင်ကြပါစေ။ ***
လေးစားစွာဖြင့်
ကိုဇော်
.
17 ယောက် ရဲ့ ထင်မြင်ချက်:
ဖတ်မှတ်သွားပါယ် ကိုဇော်ခင်ဗျား....
မြင်လျှင်ဖြစ်ပေါ်လာတဲ့ မြင်စိတ် လေး ကိုပဲ ဘာကြောင့် သိအောင်လုပ်ရလဲ(မှတ်ရလည်း) ဆိုတာလေး ထပ်ပြီးဖြည့်ရင် စားဖတ်သူတွေ ငြီးငွေ့ သွားမလား....
ပိုစ့်လေးကို ဖတ်ပြီး သာဓုခေါ်လိုက်ပါတယ် ကိုဇော်။
မိမိ ကိုးကွယ်ရာ ဘာသာအလိုက် လွတ်လပ်စွာ ကွဲပြားနိုင်ခွင့် ရှိပါတယ်။ ဘာသာရေး ကျနော် ရေးခဲပါတယ်။ အထင်အမြင် လွဲမှားနိုင်စေသော အရေးအသားများကို ဖျက်ပါမယ်။
အင်း ဒါမျိုး ဆို ရွှေစင်ဦး တို့ အလုပ်မဟုတ် ကိုကြီးကျောက် သာဖတ်ခိုင်းမှတ်ခိုင်း လိုက်ပါ
စတာနော် ကိုဇော် ပိုစ် လေး အတွက်ကျေးဇူးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဘုန်းဘုန်းတစ်ပါးတရားပြတာ နာဖူးပါတယ်အကို...သူ.နည်းက ဘာနည်းမှမဟုပ်ဘူး...ဘုရားနည်းတဲ. ဘယ်လမ်းကပဲသွားသွားဘုရားကိုရောက်ဖို.လိုရင်းပဲလေ...တရားဆွေနွေးတာမဟုပ်ပဲ..တရားငြင်းကြတာ အလွန်များပါတယ်..(ဒီပိုစ်.ကို အလွန်ကြိုက်ပါတယ်) စရိုက် ၆ ပါးရှိတဲ.ထဲက ကိုယ်.စရိုက်နဲ.ကိုက်ညီနိုင်မဲ.တရားအားထုပ်တာဟာ အကောင်းဆုံးလို.ညီမ ထင်ပါတယ်..။
သိပ်ကောင်းတဲ. ပိုစ်.လေးပါ။
သိပ်ကောင်းတဲ.ပိုစ်.လေးပါ။
မှတ်သားသွားတယ် ကိုဇော်ရေ...အကျိုးရှိစေပါတယ်
အသက်ကြီးပြီဆိုပြီး ရိပ်သာပို့ချင်တဲ့သူတွေရဲ့..အန္တရာယ်ကို ကာကွယ်မှဖြစ်တော့မယ်..
ကဲ...ဒီ post တွေနဲ့ဝေးဝေးရှောင်မှ..
ဒီမှာ ကိုဇော်............
ကျွန်တော်က အမြဲဖတ်နေကြပါ.........
တစ်ခါမှတော့ မမန့်ဖြစ်ဘူး.............
မနေ့ က သူပြောနေတာတွေ တွေ့တယ်............
ခင်ဗျားဗျာ............ခင်ဗျားမို့လို့ တောင်းပန်ပြီး ပြောနေတယ်.............အခု သူက ခင်ဗျား မှားတယ် ဆိုပြီး ဘလော့လုပ်ပြီး ခုတုံးလုပ်ရေးပြီ........
ဒီလိုပဲ ဘလော့ဂါလောကမှာ နာမည်ကောင်း ယူသူတွေ များတယ်...............
ဘုရားအကြောင်း ငြင်းခုန်ပြီး အသိတရား မရှိတာပဲဗျ........
စရေးကတည်းက ဖျက်ရမှာ................ပြန်ရှင်းပြလေ ပိုဆိုးလေ ဆိုတဲ့ လူတွေဗျ.................
ကိုဇော့်ကိုတော့ အားနာပါတယ်............
“ ဘုရားက မြွန့်ကြားဖူးတယ်......
ငါသည် သူများနဲ့ မငြင်းခုန်တဲ့။ သူများသည်သာ ငါနဲ့ လာငြင်းခုန်သည်။ ”
တဲ့..............ထားလိုက်စမ်းပါဗျာ.............
သူ ဘယ်လောက် တရားရှိလဲ ကြည့်ဦး..............
ဘလော့တကာ လှည့်ပြီး အော်နေတာ. . .
ထားလိုက်ဗျာ.................ကျနော် ခင်ဗျား အစား တင်းတယ်............
( ပြောတာ ရိုင်းရင် ဆောတီးဗျာ..............)
ဒီပို့စ် လေးကို ပထမဖတ် ကြည့်မိတော့ တခုခုတော့ တခုခု
ပဲလို့တော့ထင်မိပါတယ်။ကွန်မန့်တွေကိုဖတ်မိတော့မှ နည်း
နည်း သဘောပေါက် သလိုရှိလာသလိုပဲ ခင်ဗျ။အဲဒါနဲ့ ဘုရားနှင့်နတ်များ ပို့စ် ရဲ့ ကွန်မန့်တွေကိုပြန်ဖတ်ရပြန်ရော။
အဲဒီ ကမှတဆင့် khin khin blog ရောက်သွားပါတယ်။
ဘယ်သူမှားပြီး၊ဘယ်သူမှန်တယ်ဆိုတာကို ရိပ်မိသလိုတော့
ရှိသား။ကာယကံရှင်တွေကတော့အသိဆုံးပါ။ဘာပဲဖြစ်ဖြစ်
မခင်ခင် ရဲ့ကွန်မန့်တွေကိုပြန်ဖော်ပြပေးစေချင်ပါတယ်၊
မလေးမှာ wasakလို့ ခေါ်တယ်လား။ပထမတော့ အစ်ကို့
ကို စလုံးကထင်လို့ မှားရေးမိတယ်လို့ထင်မိတာဆောတီးပါ။
ဖျက်တာကို ဘယ်လို ပြန်တင်ရမယ် ဆိုတာ တကယ် ကျနော် မသိလို့ပါ mg lay. သူများတွေလည်း လိုက်မေးကြည့်ပြီးပါပြီ။ mg lay သိရင်လည်း ဘယ်လို ပြန်ပြီး Restore လုပ်ရတယ် ဆိုတာ ပြောပြခဲ့ပါလား။
ကျေးဇူးပါပဲ..။
ဆေားတီးပါအစ်ကို၊ကျွန်တော်ကကွန်ပြူတာကိုသာမန် သုံးစွဲ
သူတစ်ယောက်ပါ။ကျွန်တော်လည်းမသိပါ။
ကိုညီလင်းဆက်ကို(သို့)kp3နည်းပညာဘလော့ကိုမေး
ကြည့်လို့တော့ရနိုင်မလားမသိဘူးခင်ဗျ။
်
တို့ဆီမှာတော့ကွန်မက်တွေက အီးမေလ်ထဲကို ဝင်အောင် ဆက်တင်ချိန်ထားတယ်။ ကွန်မက်ဝင်လာရင် အီးမေလ်ထဲရောက်လာတာဘဲ အဲဒီကနေပြန်ကူးပြီး publish လုပ်လို့ရတယ်။ ဆက်တင်မချိန်ထားရင်တော့မသိ..
nice article . i like your blog.
ကိုဇော်ရေ မြတ်စွာဘုရား ဓမ္မစင်္ကြာတရား ဟောနေတဲ့ပုံကို ဘလော့ဂ်မှာ ထည့်ဖို့ ကူးယူသွားပါတယ်နော့်။ ကျေးဇူးအများကြီးတင်ပါတယ်။
Post a Comment