မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 August 2010

10 ဘုရင့်အိမ်သာ



တစ်ခါက . . .


တိုင်းပြည်ကြီး တစ်ခုမှာ အုပ်ချုပ်မင်းလုပ်နေတဲ့ ဘုရင်ကြီးတစ်ပါး ကံတော်ကုန်ကာ သေဆုံးသွားပါသတဲ့။ ဒီတော့ တိုင်းပြည်မှာ ရှိနေတဲ့ မှူးကြီးမတ်ရာတွေက တိုင်းပြည်မှာ ရှင်ဘုရင် မရှိရင် မဖြစ်လေတော့ ဘုရင်အသစ်ကို အရှာထွက်ရတာပေါ့။ ဒီတော့ မှူးကြီးမတ်ရာတွေက ဖုတ်သွင်းရထား ဆိုတာကို ပြင်ဆင်ပြီး ရှင်ဘုရင် လောင်းလျာကို ရအောင်ရှာမယ် ဆိုပြီး ရည်ရွယ်သတဲ့။

ဒီလိုနဲ့ လိုတာတွေကို ပြင်ဆင်ပြီး ဖုတ်သွင်းရထားကို လွှတ်လိုက်တော့ ဖုတ်သွင်းရထားဟာ ကောင်းကင်ကနေ ပျံသွားပြီး ရှင်ဘုရင်လောင်းလျာကို ရှာဖွေတော့သည်။ ဒီအချိန်မှာတော့ အပေါ်က ပျံသွားတဲ့ ဖုတ်သွင်းရထားကို မှီအောင် အောက်ကနေပြီးတော့ မှူးကြီးမတ်ရာတွေက ပြေးကာ လိုက်ကြရသည်။ ဒါမှလည်း ဖုတ်သွင်းရထား ဆိုက်ရောက်ရာ နေရာကို မျက်ခြေမပြတ် သိရှိနိုင်ပြီး ရှင်ဘုရင်လောင်းကို သူတို့ ဖိတ်ခေါ်ကာ တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်စေရမယ် မဟုတ်ပါလား။

ကောင်းကင်မှာ ပျံပြီး သူ့အလိုရှိရာကို သွားနေတဲ့ ဖုတ်သွင်းရထားဟာ တစ်နေရာကိုလည်း ရောက်ရော သူ့ဖာသာ ကောင်းကင်ကနေ ပျံသန်းရာက အောက်ကို နိမ့်လျှိုးပြီး တဲအိမ် သေးသေးလေး တစ်ခုရှေ့မှာ သွားရောက် ဆိုက်ကပ်လေသည်။ မှူးကြီးမတ်ရာများ သိလိုက်ကြသည် ထိုအိမ်မှာ ရှိနေတဲ့ ယောက်ျားကတော့ ငါတို့ တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်မဲ့ ရှင်ဘုရင်လောင်း ဆိုတာကိုပေါ့။ ဒါကြောင့် သူတို့ အပြေးအလွှားပဲ သွားရောက်ပြီး တဲအိမ်လေးထဲကို ဝင်လိုက်တော့ တဲအိမ်နောက်ဘက်မှာ ယောက်ျား တစ်ယောက်က ရေချိုးနေသည်။

သူတို့ အိမ်ရှေ့ကနေ ဝင်လာတောင်မှ ထိုသူက မသိ။ ထိုသူ အနားကို ရောက်တော့ မှူးကြီးမတ်ရာတွေ အားလုံး နှားခေါင်းရှုံ့သွားကြသည်။ ထိုသူ့ဆီမှ အနံ့အသက် တစ်ခု သူတို့ ရကြလို့ ဖြစ်သည်။ ထိုအနံ့က မိလ္လာနံ့သာ ဖြစ်သည်။ မှူးကြီးမတ်ရာတွေ အုပ်စု ဝင်ရောက်လာတာကို တွေ့လိုက်ရတော့ ထိုယောက်ျားက လန့်သွားကာ နောက်သို့ တွန့်သွားလေသည်။ ထိုအခါမှ မှူးကြီး မတ်ရာတွေက သူတို့ကို ကြောက်ဖို့ မလိုကြောင်းနဲ့ အခု တိုင်းပြည်မှာ ရှင်ဘုရင် မရှိသောကြောင့် ဖုတ်သွင်းရထားနဲ့ မင်းလောင်းကို ရှာရတာ ဖြစ်ကြောင်း ၊ အခု ဖုတ်သွင်းရထားက ဒီအိမ်ရှေ့မှာ ဆိုက်သောကြောင့် အသင်လူသားဟာ တိုင်းပြည်ရဲ့ မင်းလောင်းသာ ဖြစ်ကြောင်း ပြောကာ တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်ဖို့ ဖိတ်ခေါ်လေတော့သည်။

ထိုသို့ ဖြစ်ကြောင်း ကုန်စင်ကို သိတော် မူပြီးမှ ထိုယောက်ျားက တိုင်းပြည်မှာ လွတ်လပ်နေတဲ့ ရှင်ဘုရင်နေရာကို ဝင်ရောက် အုပ်ချုပ်မင်းလုပ်ဖို့ သဘောတူ လေတော့သည်။ ထို့နောက် မှူးကြီးမတ်ရာတို့ရဲ့ ပင့်ဖိတ်မှုနဲ့ ထိုသူဟာ နန်းတော်သို့ လိုက်ပါကြွရောက် လာလေတော့သည်။

~ ~ ~ ~ ~ ~ ~  @ @ @ ~ ~  ~ ~ ~ ~ ~ ~

ရှင်ဘုရင် ဖြစ်ဖို့ ဆိုတာကလည်း မလွယ်ပါဘူး။ ရှင်ဘုရင်တွေ နေပုံထိုင်ပုံ ၊ သွားပုံလာပုံ ၊ ပြောပုံဆိုပုံ ဆိုတာကို လေ့ကျင့်ပေးရပါသေးသည်။ ဒီလို အားလုံး ကျွမ်းကျင်စွာ သုံးစွဲ ပြောဆိုတတ်ပြီ ဆိုတော့မှ ဘိသိက်သွန်းကာ ရှင်ဘုရင် အရိုက်အရာကို တင်မြှောက် လိုက်လေတော့သည်။ ထိုသို ရှင်ဘုရင် ဖြစ်လာသော မိလ္လာသန့်ရှင်းသူသည် သူ့ကိုယ်သူ လွန်စွာမှ အထင်ကြီး သွားလေတော့သည်။ ငါဟာ တိုင်းပြည်ရဲ့ ဘုန်းတန်ခိုးမြင့်မားသူ တစ်ယောက်မို့လို့ ဖုတ်သွင်းရထား ဆိုက်ခံရတာ ဖြစ်တယ် ဆိုကာ လွန်စွာမှ မာန်မာန ထောင်လွှား လာလေတော့သည်။

ဒါကြောင့် သူ့ကိုယ်သူ လွန်စွာမှ အထင်ကြီးလာသောကြောင့် ကျန်သူများကို သူနဲ့ ဘုန်းကံတန်းတူ မဟုတ်ဘူး ဆိုကာ နှိမ့်နှိမ့်ချချ ဆက်ဆံလေတော့သည်။ စားတော်ပွဲတည်တာတောင်မှ သူက တခြားသော သူ့ရဲ့ မိဖုရားတွေနဲ့ ကြမ်းတပြေးတည်း မထိုင်တော့ဘဲ ခုံတစ်ခုထပ်၍ ခုကာ ထိုင်လေသည်။ စားတော်ပွဲတည်သော အခါမှာလည်း ရွှေရေးပါသော ကြွေပန်းကန်ဖြင့် မိဖုရားတွေနဲ့ တန်းတူ မစားတော့ဘဲ သူက သူများတွေနဲ့ မတူသော ရွှေပန်းကန်ဖြင့်သာ စားလေတော့သည်။

ထိုသို့ သူက သူ့ကိုသူ လွန်စွာမှ ဘုန်းတခိုးရှိသူကဲ့သို့ ကြီးကျယ်စွာ နေထိုင်သောကြောင့် ရှင်ဘုရင်အား အားလုံးက မပြောသာလို့သာ နေရတယ် ရင်ထဲမှာတော့ ကျိတ်ကာ မုန်းတီးနေမိကြလေသည်။ ရှင်ဘုရင် ဆိုတာကလည်း သူ အမျက်ထွက်ရင် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် သုတ်သင်ခံကြရမှာ မဟုတ်လား။ ဒါကြောင့် ရင်ထဲမှာသာ ကျေနပ်ကြတာ ဘယ်သူ့မှတော့ ထုတ်မပြော ဝံ့ကြဘူးပေါ့။

တစ်နေ့တော့ ဘုရင့်ကို မကျေနပ်နေသူတွေ ပညာပေးဖို့ အခွင့်အရေးတစ်ခု ရလာခဲ့သည်။ အဲဒါက ဘာလဲ ဆိုတော့ ဘုရင် အခုတတ်နေတဲ့ အိမ်သာ အိုဟောင်းနေပြီ ဖြစ်လို့ ဆက်လက် အသုံးမပြုလိုတော့ဘူး လို့ ရှင်ဘုရင်က ပြောကြားတဲ့ အတွက် ဘုရင် အသုံးပြုဖို့ အိမ်သာ အသစ်ဆောက်လုပ် ပေးရမှာ ဖြစ်သည်။ ဒါကြောင့် ဘုရင်အသုံးပြုဖို့ အိမ်သာ ဆောက်လုပ်ရင်း ဘုရင့်ကိုလည်း ပညာပေးမယ် လို့ မှူးကြီးမတ်ရာတွေက တိုင်ပင်ထားကြသည်။

ဒါနဲ့ပဲ “ ဘုရင့်အိမ်သာ ဆောက်လုပ်နေသည် ၊ မည်သူမှ မဝင်ရ ” ဟု သတိပေး စာတန်းရေးထိုးထားသော ဆိုင်းဘုတ်ကြီး နောက်တွင် အဆောက်အဦး တစ်ခုကို တင်းကြပ်သော လုံခြုံရေးများဖြင့် နေ့မအား ၊ ညမနား ဆောက်လုပ်နေတာကို တွေ့ကြရသည်။ သို့သော် လုံခြုံရေး အထူးကို တင်းကြပ်ထားသောကြောင့် ထို ဘုရင့်အိမ်သာ ဆောက်လုပ်ရေးထဲသို့ ဆောက်လုပ်ရေး အဖွဲ့သားများမှ လွဲ၍ မည်သူ့ကိုမှ အဝင်မခံပေ။ ထို့အတူ ဆောက်လုပ်ရေး လုပ်သားများကိုလည်း မပြီးမချင်း အပြင်သို့ ပေးမထွက်ပေ။ ထို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းထဲမှာ ဆောက်လုပ်နေသော ဘုရင့်အိမ်သာ ဆိုတာ ဘယ်လိုပုံစံ ဆိုတာကို ဘယ်လိုမှ ဘယ်သူ့မှ မသိရှိနိုင်ပေ။

ဒီလိုပဲ ရှင်ဘုရင်ကြီး ကိုယ်တိုင်က ဆောက်လုပ်ဆဲ ဖြစ်သော ဘုရင့်အိမ်သာကို ဝင်ရောက် လေ့လာပြီး လိုအပ်သည်များကို မှာကြားချင်သော်လည်း မှူးကြီးမတ်ရာများက တောင်းပန်ပြောဆိုလေသည်။

“ အရှင်မင်းကြီး သူများနဲ့ မတူ လွန်စွာမှ ထူးခြားအောင် ဆောက်လုပ်နေလို့ မပြီးခင်မှာ မကြည့်စေချင်ပါဘူး။ မပြီးဆုံးသေးခင် မလှပသောကြောင့် စိတ်ကြည်ရွှင်မှုများ ကွယ်ပျောက် သွားနိုင်ပါသည် အရှင်မင်းကြီး ၊ ဒါကြောင့် သည်းခံပြီး ပြီးဆုံးမှသာ ကြည့်ရှူ့စေလိုပါသည်။ ”

ဟု တောင်းပန် ပြောကြားသောကြောင့် ဘုရင်ကြီး အနေနဲ့လည်း အောင့်သက်သက်ဖြင့် ဘုရင့်အိမ်သာ အပြီးကို စောင့်ဆိုင်း နေရလေတော့သည်။ ဘုရင့်၏ နန်းတော် အိပ်ယာဆောင်မှ ကြည့်လိုက်တိုင်း အင်နဲ့ အားနဲ့ ဆောက်လုပ်နေသော ဘုရင့်အိမ်သာကို မြင်နေရလေသည်။ သို့သော် အိမ်သာထဲကို ဝင်ရောက်ပြီး အထဲမှ ပြင်ဆင်ထားမှုတွေကို ဝင်ကြည့်ခွင့် မရသေး ၊ တဆဆ ပီပြင်လာသော အပြင်ဘက်မှ အပြင်အဆင်များကိုသာ ကြည့်ရင်း ဘုရင်ကြီး စိတ်ဖြေနေရလေသည်။

~ ~ ~  ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

ကြည်လင်သာယာသော နံနက်ခင်းတစ်ခုမှာ ကောင်းကင်က ကျေးငှက်ကလေးတွေ တေးဆိုမှု နှင့်အတူ သာသာယာယာ ဘုရင်ကြီး နိုးထလာသည်။ ဒီနေ့ သူ့စိတ်တွေ အလွန်ကို ကြည်လင်ကာ လန်းဆန်း တတ်ကြွနေသည်။ အဘယ့်ကြောင့် ဆိုသော ဒီနေ့ သူ့အတွက် ဆောက်လုပ်ထားသော ဘုရင့်အိမ်သာ ပြီးစီး၍ ဖွင့်ပွဲနေ့ မဟုတ်ပါလား။ ဒါကြောင့် သူ့မှာ လနဲ့ချီပြီး စောင့်ထားရသော ဘုရင့်အိမ်သာ အသစ်ကို သူ မြင်ခွင့် ရတော့မယ် မဟုတ်ပါလား။

အိပ်ယာမှ ထပြီး ပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်တော့ ဘုရင့်အိမ်သာ ဖွင့်ပွဲကို ခမ်းခမ်းနားနား ကျင်းပဖို့ ပြင်ဆင်နေတာကို တွေ့လိုက်ရသည်။ ဘုရင်ကြီး ပီတိဖြစ်ကာ ကျေနပ်စွာ ပြုံးသည်။ ထိုနောက် ရေမိုးချိုး ပြင်ဆင်၍ ဘုရင့်အိမ်သာ ဖွင့်ပွဲ အခမ်းအနားသို့ တတ်ရောက်လေတော့သည်။

စည်းကား သိုက်မြိုက်စွာ ကျင်းပထားသော ဘုရင့်အိမ်သာ အခမ်းအနားဟာ ဘုရင်ကြီး ကြွလာတယ် ဆိုရင် တီးမှုတ် ကခုန်မှုတို့ကလည်း ပိုပြီး အသက်ဝင်လာသည်။ တီးမှုတ် ကခုန်သူတွေကို ကြည့်ပြီး ဘုရင်လည်း လွန်စွာမှ ကျေနပ်ဝမ်းမြောက် မိလေသည်။ ဘုရင်ကို ကြိုဆိုနေသော မှူးကြီးမတ်ရာတွေက ဘုရင့်ကို ဦးဆောင် ခေါ်သွားကာ သူတို့ တည်ဆောက်ထားသော ဘုရင့်အိမ်သာ အကြောင်းကို ရှင်းပြနေလေသည်။

“ ကျွန်တော်မျိုးတို့က အရှင်မင်းကြီး သူများတွေနဲ့ မတူဘဲ ထူးခြားမှ ကြိုက်တယ် ဆိုတာကို သိလို့ အလွန်ကို ထူးခြားအောင် ဆောင်ရွက်ပြင်ဆင် ထားပါတယ်။ ”

ဒီတော့ ဘုရင်ကြီးက ကျေနပ်သော အပြုံးလေးနဲ့ ပြုံးကာ ခေါင်းညိတ်ပြလေသည်။ မှူးမတ်ချုပ်ကြီးက ဆက်ပြောလေသည်။

“ အခု ဝင်ဝင်ချင်းမှာ တွေ့နေရတာကတော့ လမ်းကို နှစ်ပိုင်းပိုင်းခြားထားပြီး နှစ်ခန်းခွဲထားပါတယ်။ ဘာလို့လဲ ဆိုတော့ အရှင်မင်းကြီးက သူများတွေနဲ့ မတူချင်ဘဲ ထူးခြားချင်တာကို သိတဲ့ အတွက် ဖြစ်ပါတယ်။ ဘယ်ဘက်အခန်းကတော့ အပေါ့သွားရန် သီးသန့်သာ ဖြစ်ပါတယ်။ ညာဘက် အခန်းကတော့ အလေးစွန့်ရန် အတွက် ဖြစ်ပါတယ်။ ဒီမှာ ကျွန်တော်တို့ စည်းကမ်း လုပ်ထားတာကတော့ အပေါ့သွားချင်သူတွေဟာ အပေါ့နေရာမှာ သွားရမှာ ဖြစ်သလို ၊ အလေး သွားချင်သူတွေကလည်း အရင်ဆုံး အပေါ့ အရင် သွားရမှာ ဖြစ်ပါတယ်။ ပြီးမှသာ အလေး သွားရပါ့မယ်။ ဒါကို သဘောပေါက်ပြီ ဆိုရင် အခု လောလောဆယ်တော့ ဘယ်ဘက်က အခန်းကို အရင် ကြည့်ရှုတော်မူပါ အရှင်မင်းကြီး။ ”

ဒီနောက်မှာတော့ အပေါ့စွန့်ရန် အခန်း ဘယ်ဘက်ကို မှူးကြီးမတ်ရာတွေက ဘုရင်ကြီးကို ဦးဆောင် ခေါ်သွားလေတော့သည်။ ရှင်ဘုရင် ပုဆိုး ပိုးချည်းပဲ လို့ ဆိုရလောက်အောင် ၊ အခုလည်း ဘုရင့်အိမ်သာ ဆိုတော့ အထဲက ပြင်ဆင်ထားတာတွေကလည်း အကုန်လုံး ရွှေရောင်တွေနဲ့ချည်းပါပဲ။ အထဲကို ရောက်သွားတော့လည်း သာမာန် မှူးကြီးမတ်ရာတွေ အတွက် လုပ်ပေးထားတဲ့ အပေါ့သွားရန် ခွက်တွေကို တန်းစီထားတာ တွေ့ရပေမဲ့ ဘုရင့်အတွက် အပေါ့စွန့်ဖို့ နေရာကို မတွေ့ရဘူး။ ဒီတော့ ဘုရင်မင်းကြီးက .

“ ဒါ အသင်တို့ အတွက် လုပ်ထားတဲ့ နေရာတွေလား။ ”

“ ဟုတ်ပါတယ် အရှင်မင်းကြီး ။ ဒါဟာ အရှင်မင်းကြီးရဲ့ ဘေးနားမှာ ခစားနေရတဲ ကျွန်တော်မျိုးတို့ အတွက် လုပ်ပေးထားတဲ့ အပေါ့စွန့်ရန် နေရာတွေပါ။ အရှင်မင်းကြီး တစ်ပါးတည်းကျတော့ အသင့်တော်လို့ ကျွန်တော်မျိုးတို့က ဝန်းရံပေးရတာပါ။ ”

“ ဟုတ်ပါပြီ။ ဒါဆိုရင် ငါကိုယ်တော်မြတ်အတွက်က ဘယ်မှာလဲ။ ”

“ ပြင်ဆင်ထားပါတယ် ဘုရာ့။ အရှင်မင်းကြီးက သူများတွေနဲ့ လုံးဝ မတူချင်တာဆိုတော့ သီးသန့် ဖြစ်အောင် လုပ်ပေးထားပါတယ် ဘုရား။ ဒီဘက်ကို ကြွတော်မူပါ။ ”

ဆိုကာ သီးသန့်လမ်းလေး တစ်ခု အတွင်းသို့ ခေါ်သွားလေတော့သည်။ ထိုလမ်းလေး အဆုံးမှာတော့ ဘုရင့်အိမ်သာ လို့ ခေါင်းစဉ်တပ်ထားသော အပေါ့စွန့်ရန် နေရာတစ်ခုကို ရွှေဂန်ဖလားနဲ့ တွေ့လိုက်ရသည်။

“ ဒါပါပဲ အရှင်မင်းကြီး။ ဒါကတော့ အရှင်မင်းကြီးအတွက် သီးသန့်တည်ဆောက်ပေးထားတဲ့ ဘုရင့်အိမ်သာ အပေါ့သွားရန် နေရာပါ။ သူများတွေနဲ့ မတူပဲ အဆင်မြင့်အောင်လို့ သူများတွေနဲ့ တန်းတူ ကြမ်းတပြေးတည်း မဟုတ်ဘဲ ပိုမြင့်အောင်လို့ အရှင်မင်းကြီးရဲ့ အသက်နဲ့ လိုက်ပြီး လှေကားထစ်တွေ အမြင့်နဲ့ ဆောက်လုပ်ထားတာပါ။ နောက်နှစ်ကျရင်လည်း နောက်ထပ် တစ်ထစ်တိုးပေးသွားမှာပါ။ နောက်ထပ် နှစ်ဆိုလည်း နောက်ထပ် ထပ်တိုးပေးသွားပါ့မယ်။ ဒါကတော့ အပေါ့စွန့်ရန် နေရာလေးပါပဲ။ ကျွန်တော်မျိုးတို့ ဟိုဘက် အခန်း သွားကြရအောင် အရှင်မင်းကြီး။ ”

သူ့ကို သီးသန့်နဲ့ အဆင့်မြင့်စွာ သူများတွေနဲ့ မတူဘဲ ခပ်မြင့်မြင့်ဆောက်ပေးထားတာ တစ်ခုနဲ့တင် ဘုရင်ကြီးက လွန်စွာမှ နှစ်ထောင်းအားရ ကျေနပ်မိလေသည်။ ဒါနဲ့ ညာဘက်မှာ ရှိသော အခန်းထဲသို့ ထပ်၍ သွားလေတော့သည်။ ညာဘက်က အခန်းမှာလည်း ဘယ်ဘက်မှ အခန်းကဲ့သို့ ရွှေရောင်များဖြင့်သာ ပြုပြင်မွန်းမံ ထားလေတော့သည်။

“ ဒါကတော့ အလေးသွားရန် အခန်းပဲ ဖြစ်ပါတယ်။ အခု မြင်မြင်ချင်းနေရာကတော့ အရှင်မင်းကြီးရဲ့ ချွေရံသင်းပင်း ဖြစ်သော ကျွန်တော်မျိုးတို့ အလေးသွားရန်ပါ။ သူများနဲ့ မတူဘဲ တမူထူးခြားချင်တဲ့ အရှင်မင်းကြီးအတွက် သီးသန့် ဖြစ်အောင် ဟိုးအပေါ်မှာ အရှင်မင်းကြီးရဲ့ အသက်နဲ့ ထပ်တူညီမျှတဲ့ လှေကားထစ်တွေနဲ့ ဆောက်ထားပြီး အပေါ်မှာ အလေးစွန့်ဖို့ နေရာကို ရွှေမုတ်ခွက်နဲ့ တည်ဆောက်ထားပါ။ ပြီးတော့ နောက်နှစ်တွေ တစ်နှစ် ထပ်တိုးတိုင်းလည်း လှေကားထစ်ကို ထပ်ထပ်ပြီးတော့ ဖြည့်ပေးသွားပါ့မယ်။ အရှင်မင်းကြီး ဘယ်လောက် ဘုန်းတန်ခိုးကြီးမြင့်ပြီး အသက်ရှည်တယ် ဆိုတာကို ဒီလှေကားထစ်တွေနဲ့ အမြင့်ဆုံးထားကာ သက်သေပြုသွားပါ့မယ်။ ”

ဒီအချိန်မှာ သူများနဲ့ မတူချင်ဘဲ အရမ်းကို အဆင့်အတန်းမြင့်ချင်သော ရှင်ဘုရင်ကြီးက သူ့ကို ဒီလို တကူးတက သူများတွေရဲ့ အပေါ့စွန့်တာနဲ့ မတူအောင် သီးသန့် အထက်ကို လှေကားထစ်လေးတွေနဲ့ အသက်စေ့တတ်ပြီးမှ သီးသန့် အပေါ့စွန့်ခွက်နဲ့ စွန့်ရအောင် လုပ်ပေးထားသော ၊ အလေးစွန့်ရန် အတွက်ကိုလည်း သူများတွေနဲ့ မတူဘဲ အသက်စေ့တတ်ပြီးမှ အလေးစွန့်လို့ ရအောင် သီးသန့် ဖန်တီးပေးထားတဲ့ အတွက် ကျေနပ် ဝမ်းမြောက်မိသောကြောင့် ပြုံးပြုံးကြီး ဖြစ်ကာ နေလေတော့သည်။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

ဘယ်တိုင်းပြည်မှာမှ မရှိဘဲ ၊ ထိုတိုင်းပြည်မှာသာ ရှိသော ထူးခြားသော ဘုရင့် အိမ်သာကြောင့် တခြားသော တိုင်းပြည်များကပါ တကူးတက လာရောက်ကြည့်ရှုကာ လေ့လာရလေသည်။ ထို့အတွက် ဘုရင်ကြီးကလည်း လွန်စွာမှ ကျေနပ်အားရတော် မူလေတော့သည်။

သို့သော်. . . . . .

တစ်နေ့မှာတော့ . . . ဘုရင်ကြီးဟာ ဝမ်းပျော့စာတွေ များစွာ စားမိပြီး ဝမ်းတွေ အလွန်နူးနေမိပါတော့သည်။ ထိုအခါ သာမာန်အားဖြင့် တစ်နေ့ တစ်ခါသာ ခန့်ခန့်ညားညား သွားရောက် အသုံးချရသော သူ၏ အဆင့်မြင့် ဘုရင့်အိမ်သာကို သူ့ရဲ့ လွန်စွာမှ သွားချင်နေသော ဝမ်းနာကြောင့် ကမန်းကတန်း သွားကာ တတ်ရလေသည်။ သို့သော် ရာဇဣနြေ္ဒကလည်း ပျက်လို့ မရသောကြောင့် သူ့ရဲ့ အောက်ခြေက ပွင့်ထွက်တော့မလို ဖြစ်နေသော အခြေအနေကို ဟန်ဆောင်ကာ ဘုရင့်အိမ်သာသို့ သွားရလေသည်။ အိမ်သာထဲ ရောက်တာတောင်မှ သူများတွေလို သာမာန်အိမ်သာမှာ တတ်လို့ မရဘဲ ၊ ရှင်ဘုရင် ဆိုတော့လည်း ဘုရင့်အိမ်သာလို့ သတ်မှတ်ပေးထားတဲ့ ဘုရင့်အိမ်သာ ရှိရာ သူ့ရဲ့သက်စေ့ လှေကားထစ်များကို နင်းကာ ကျော်ကာဖြင့် အထက်မှ ရွှေမုတ်ခွက်ပေါ်သို့ ထိုင်ကာ ထွက်ကျခါနီးမှ အလေးကို စွန့်လိုက်ရလေတော့သည်။

ထိုအချိန်အခါမှ စ၍ ဘုရင်ကြီးသည် သူ၏ ကျန်းမာရေးကိုလည်း ၊ သူ၏ အစားအသောက်ကို လည်းကောင်း လွန်စွာမှ ဂရုစိုက်လေတော့သည်။ ဒီထက် ဆိုးသည်မှာ သူအသက် တစ်နှစ်ကြီးမည်ကို သူ ပို၍ ပို၍ ကြောက်နေမိခြင်ပင် ဖြစ်လေတော့သည်။ သူ အသက်တစ်နှစ်ကြီးတိုင်း လှေကားထစ်များကလည်း နောက်ထပ် တစ်ထစ် ပို၍ များလာမည် မဟုတ်ပါလား။

~ ~ ~ ~ ~ ~ ~ @ ~ ~ ~ @ @ @ ~ ~ ~ @ ~ ~ ~ ~ ~ ~ ~ ~

*** ဒီပို့စ်ရဲ့ မြစ်ဖျားခံရာ***

ဒီပို့စ်လေးကို ကျွန်တော် လွန်ခဲ့သော ၉ နှစ် ၊ ကျောင်းသား ဘဝက ရေးဖြစ်ခဲ့တာပါ။ အဲဒီတုန်းက သူငယ်ချင်းတွေထဲက တစ်ယောက်က အရမ်းကို ကြီးကြီးကျယ်ကျယ်တွေ နိုင်ပါတယ်။ ကင်တင်းထိုင်လို့ ရေသန့်ဘူးသောက်ရင်တောင်မှ သူက သူ့ဖာသာ တစ်ယောက်တည်း တစ်ဘူး သပ်သပ်သောက်တယ်။ ဒီလို. . ဒီလို. . . ပြောရရင် အများကြီးပေါ့လေ။ သူ့ရဲ့ အလေ့အကျင့်ဆိုတော့လည်း မပြောသာပေမဲ့ တချို့ သူငယ်ချင်းတွေက အမြင်ကပ်ကြတယ်။ ဒီတော့ သူ့ကို ဆုံးမဖို့ တိုက်တွန်းကြရင်း တစ်နေ့တော့ ဘာရယ်မဟုတ်ဘဲ မိုးရွာနေတဲ့ တစ်နေ့ ဘာတာမှာ မိုးခိုနေရင်း ကျွန်တော် ပေါက်ကရ စဉ်းစားမိပြီး ပြောဖြစ်လိုက်တဲ့ ပုံပြင်လေးပါ။

အခုတော့လည်း သူငယ်ချင်းတွေကို ပြန်လည် သတိရလို့ ချရေးလိုက်တာပါ။ ကျွန်တော့် ပတ်ဝန်းကျင်မှာ ဒီလိုလူတွေကို တွေ့လာခဲ့ရင် ကြုံလာခဲ့ရင် ကျွန်တော် ဒီပုံပြင်လေးကို သွားပြီး သတိရတတ်တယ်။ အခုလည်း ဘာရယ်မဟုတ်ဘဲ ထို သူငယ်ချင်းကို သတိရလို့ “ ကျွန်တော့် မှတ်စု စာအုပ် ” ထဲကနေ ပြန်ထုတ်ရေးလိုက်တာပါ။ လွန်ခဲ့တဲ့ ၉ နှစ်က လူငယ်တစ်ယောက်ရဲ့ လိုအပ်ချက် များစွာ ရှိနေတဲ့ အတွေးအရေးလေးပေါ့ဗျာ။ အဲ. . . အဲဒီပုံပြင်လေး ပြောပြီးလို့ အဆုံးမှာ ကျွန်တော် ကဗျာလေး တစ်ခုကိုလည်း ရွတ်ပြလေ့ရှိတယ်။ အဲဒီကဗျာလေးက ဒီလို ဆိုတယ်။

မာနတံခွန်
မိုးသို့ ချွန်
မစင်စွန့်က
ဖင် ချွတ်ရ။ 


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ကိုဇော် ရေ

အတွေး တွေ ကောင်းလိုက်တာ တွေးနိုင်လွန်းတယ် ရီစရာလည်း ကောင်းတယ် သင်ခန်းစာ ရစရာလည်းကောင်းတယ်

လောကမှာ အဲလို ဘဝမေ့နေတဲ့သူတွေ ကြိးကြီးကျယ်ကျယ်တွေ အများကြီး

ခင်မင်တဲ့
ရွှေစင်ဦး

Anonymous said...

ဒီပိုစ့်က မင်းကိုယ်မင်း သတိပေးတဲ့ ပိုစ့် ဖြစ်လိမ့်မယ်..
လောကမှာ ကိုယ်အသိ ကိုယ်အတတ် ကိုယ်သာ အမှန်လို့ ထင်နေတဲ့ မင်းလိုကောင်တွေအတွက် သင်ခန်းစာယူသင့်တယ်။ မင်းက ဘယ်တော့မှ သင်ခန်းစာရမဲ့ကောင်မဟုတ်ဘူး။ ဘ၀င်လေဟတ်ပြီး ရူးမဲ့ကောင်။

khin oo may said...

အောက်ဆုံးကဗျာ ဖတ်ဘူးတယ်။။

Anonymous said...

လူ ကို လူဟု မေ့သွားတတ်သူတွေ အတွက် ...
ရက်ရက်စက်စက်လှပသော စကားအလင်္ကာ ...
ငြိမ်းစိုးဦး

မျိုးမမ said...

Anonymous said...
ဒီပိုစ့်က မင်းကိုယ်မင်း သတိပေးတဲ့ ပိုစ့် ဖြစ်လိမ့်မယ်.. လောကမှာ ကိုယ်အသိ ကိုယ်အတတ် ကိုယ်သာ အမှန်လို့ ထင်နေတဲ့ မင်းလိုကောင်တွေအတွက် သင်ခန်းစာယူသင့်တယ်။ မင်းက ဘယ်တော့မှ သင်ခန်းစာရမဲ့ကောင် မဟုတ်ဘူး။ ဘ၀င်လေဟတ်ပြီး ရူးမဲ့ကောင်။ 8/01/2010 01:32:00 PM လို့ ရေးတဲ့လူရေ... ရှင်ကကော သတ္တိရှိလို့လား.. တကယ်သတ္တိရှိတဲ့လူဆို Anonymous နဲ့ မရေးရဘူးရှင့်။ သူများကိုပြောချင်ရင် ဗြောင်ပြောရတယ်.. ခိုးကြောင်ခိုးဝှက် လူမပီသတဲ့ ခွေးလောက်အဆင့်မရှိတဲ့ ကောင်(သို့) ကောင်မရေ... သူများရေးထားတာ လာလဲဖတ်သေးတယ်။ သောက်ပစ်လဲ ပြောသေး။ နင်တတ်ရင် နင်ဘလော့မှာ နင်ရေးပေါ့။ ပါးပိတ်တီးချင်လိုက်တာ

ဖိုးသား said...

မှတ်သားသွားပါတယ်ခင်ဗျာ(ဖိုးသား)

စားသုံးသူ said...

မျိုးမမပြောတာ မှန်တယ်..တော်တော်စိတ်ဓါတ်အောက်တန်းကျတဲ့  လူတွေပဲ..

nla said...

you created it so i never heard of that story :P

မောင်မျိုး said...

ဒေါ်မျိုးမမပြောတာကိုထောက်ခံပါတယ်။

Green said...

ကိုဇော်ရေ အရမ်းဖတ်လို့ကောင်းပါတယ်..။

ဒီလိုလေးတွေ ပြောပြတတ်တဲ့ ကိုဇော်ဘလော့လေးလာရတာ ပြန်သွားရင်

စိတ်ထဲတစ်မျိုးလေး ခံစားသွားရပါတယ်ဗျာ..။

လေးစားလျက်..။