မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


26 August 2010

21 ငယ်ငယ်တုန်းက ရယ်စရာလေးတွေ ( ၂ )



ငယ်ငယ်တုန်းက ကျွန်တော်တို့ သူငယ်ချင်းတွေ ပြောတဲ့ စကားလေးတွေဟာ နည်းနည်းတော့ ထူးဆန်းနေတတ်ပါသည်။ သို့သော် စကားလုံးတွေက ထူးဆန်းနေတယ် ဆိုလို့ ဘမ်းစကားတွေလို ဖြစ်နေတာ မဟုတ်ပါ။ အထာစကားတွေလိုလည်း လူတွေ နားလည်ရခက်နေတာ မဟုတ်ပါ။ ထူးဆန်းနေတယ် ဆိုပေမဲ့လည်း တကယ်တော့ သာမာန် စကားလုံးများပဲ ဖြစ်နေပါသည်။ ဒါကို ကျွန်တော်တို့က သူများတွေ သုံးနေတဲ့ နေရာမှာ မသုံးဘဲ ၊ သူများတွေ သုံးလေ့ မရှိတဲ့ နေရာလေးတွေမှာ သုံးလိုက်တော့ ကြားနေကြ မဟုတ်ဘဲ ထူးဆန်းသွားတာ ဖြစ်ပါသည်။ ကြားနေကျ စကားကိုပဲ တခြားသော ပုံစံ တစ်မျိုးနဲ့ ကြားသိရသော အခါမှာ ထူးဆန်းသွားခဲ့တာပါ။



ကျွန်တော်တို့ ငယ်ငယ်ရော ၊ အခု အရွယ်အထိပါ ပြောတတ်ကြပါသည်။ တစ်ယောက်ယောက်က ကိုယ့်ကို ကြည့်နေတယ် ဆိုရင် ပြောတတ်ကြသည်။ ဥပမာ ကောင်မလေး တစ်ယောက်ယောက်က ကြည့်နေတယ် ဆိုပါစို့။ ဒါဆိုရင် သူငယ်ချင်း အချင်းချင်း လှမ်းပြီးတော့ သတိပေးကာ ပြောတတ်ကြသည် မဟုတ်ပါလား။

“ ဟေ့ကောင် မင်းကို ကောင်မလေး ရှိုး နေပြီ ”

ဆိုပြီးတော့။ ဒီလိုပါပဲ။ ကိုယ်ကလည်း ကောင်မလေး တစ်ယောက်ယောက်ကို ၊ ဒါမှမဟုတ် ကိုယ်မကျေနပ်တဲ့ လူတစ်ယောက်ယောက်နဲ့ ပတ်သတ်ပြီးတော့ ကြည့်တယ် ဆိုတဲ့ အခါမှာ ဒီလို ပြောတတ်ပါသည်။

“ ငါ သွား ရှိုး နေတာကွာ ”

ဆိုပြီး လူတိုင်းလိုလို ပြောဖူးကြပါလိမ့်မည်။ ဒါပေမဲ့ ကျွန်တော်တို့ သူငယ်ချင်း အသိုင်းအဝိုင်းမှာ ကျတော့ ဒီလို မပြောကြပါဘူး။ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာက စကားလုံးတွေကို လျှောက်ပြီး အသေးစိတ် ဘာသာပြန်ပြီးမှ သုံးသော သူငယ်ချင်း အချို့ကလည်း ရှိနေပါသည်။ ဒီတော့ ထိုကဲ့သို့ သူငယ်ချင်းတွေက ထို “ ရှိုး ” ဆိုသော စကားလုံးကို ဒီလို အဓိပ္ပါယ်ဖွင့်ပါသည်။

“ တကယ်တော့ “ ရှိုး ” ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ကနေပြီး Show အသံထွက်ကို တိုက်ရိုက်  ယူပြီးတော့ ပြောနေတာကွ။ Show ဆိုတာ “ ပြသည် ” လို့ အဓိပ္ပါယ် ထွက်တယ် မလား။ ဒီတော့ အခု “ ဟိုကောင်မလေး လာ ရှိုး နေတယ် ” ဆိုတော့ ၊ ပြောရရင် အဓိပ္ပါယ်က “ ဟိုကောင်မလေး လာကြည့်နေတယ် ” လို့ မထွက်ဘဲ ၊ “ ဟိုကောင်မလေး လာပြနေတယ် ” လို့ ဖြစ်မနေဘူးလား။ ”

အဲ . . . ဟုတ်တာပဲ။ တကယ်တော့လည်း သူ့ဖာသာ အဓိပ္ပါယ်လေးကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာ လိုက်တော့လည်း ဒီလို ဖြစ်လာပါလား။ 

“ ဒီတော့ကွာ။ ငါတို့က “ ဒီကောင်မလေး လာကြည့်နေတယ် ” ဆိုပြီးတော့ ဖြစ်နေချင်ရင် “ ရှိုး ” ဆိုတဲ့ နေရာမှာ သူ့ရဲ့ မူရင်း “ ကြည့်သည် ” ဆိုတဲ့ စကားလုံး ဖြစ်တဲ့ Look ဆိုတာကို သူ့ အသံထွက် အတိုင်း “ လွတ် ” လို့ ထည့်သုံးမယ်။ သူများတွေ “ ရှိုး ” ဆိုပြီး စကားလုံး အမှားကြီး သုံးနေတိုင်း လိုက်သုံးဖို့ မလိုဘူးကွာ။ ဒီတော့ အခုအချိန်က စပြီး ငါတို့ “ ကြည့်သည် ” ဆိုတဲ့ စကားလုံးနေရာမှာ အင်္ဂလိပ် အသံထွက် ဖြစ်တဲ့ “ လွတ် ” ဆိုတဲ့ စကားလေးကို ထည့်သုံးမယ်ကွာ။ ”

ဒီလိုနဲ့ပဲ ငြင်းကြ ၊ ခုန်ကြရင်း သဘောတူညီမှု ရသွားကာ ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားထဲမှာ “ ကြည့်သည် ” ဆိုတဲ့ စကားလုံးနေရာမှာ “ ရှိုး ” ကို မသုံးတော့ဘဲ “ လွတ် ” ဆိုတာကိုပြောင်းလဲ သုံးစွဲကြပါသည်။ ဒီတော့ စကားလုံးလေးတွေက ဒီလိုတွေ ဖြစ်လာပါတော့သည်။

“ အဖော်လိုက်ခဲ့ကွာ။ အေတန်းက ကောင်မလေးကို သွား “ လွတ် ” ရအောင် ”
 ( အေတန်းက ကောင်မလေးကို သွားကြည့်မယ်ပေါ့ )

“ ဟေ့ကောင် မင်းကို ကောင်မလေး လမ်းအကွေ့လေးမှာ လှည့်ပြီး  “ လွတ် ” သွားတယ်။ ”
( လမ်းကွေ့မှာ ကောင်မလေးက ကြည့်သွားတယ်ပေါ့ )

“ ဒီဘဲကိုတော့ ငါတော့ “ လွတ် ” လို့ မရတော့ဘူးကွာ ”
 ( ဒီလူ့ကို ကြည့်လို့ မရတော့ဘူး လို့ ဆိုလိုတာပေါ့ )

“ မင်းကလဲကွာ “ လွတ် ” ရုံပဲ “ လွတ် ” မနေနဲ့ ၊ လိုက်သာ ပြောလိုက်တော့ ”
( ကြည့်ရုံပဲ ကြည့်နေနဲ့ ၊ ကောင်မလေးနောက်ကို လိုက်ပြောလိုက်တော့ လို့ ဆိုလိုတာပေါ့ )

ဒီလိုပါပဲ အကြောင်းသိနေတဲ့ သူငယ်ချင်းတွေ ကြားထဲမှာ ဒီစကားလုံးလေးက ဘာမှ မဟုတ်တော့ပေမဲ့ ဘာမှ မသိတဲ့ လူတွေ ကြားထဲမှာတော့ ဒီစကားလုံးက အသစ်အဆန်း ဖြစ်နေပြန်ပါသည်။ သူတို့ နားထဲမှာ “ လွတ် ”  ၊ “ လွတ် ” ဆိုသော စကားလုံးက ဘာကိုဆိုလိုတယ် ဆိုတာ ချက်ချင်း သဘောမပေါက်ကြပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့က ငပြောင် ၊ ငနောက် အုပ်စုတွေ ဆိုတော့လည်း ကျွန်တော်တို့ကို ဘယ်သူကမှ “ လွတ် ” ဆိုတာ ဘာလဲ ဆိုပြီး မမေးကြပါဘုး။ 

ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့တော့ ကျွန်တော်တို့ အဖွဲ့ ပြဿနာ အကြီးအကျယ် တတ်တော့တာပါပဲ။ ဖြစ်ပုံက မုန့်စားလွတ်ချိန်မှာ ဘယ်တော့မှ ငြိမ်ငြိမ် မနေတတ်တဲ့ သူငယ်ချင်းတွေ ကျောင်း ကော်ရစ်တာပေါ်မှာ အုပ်စုလိုက် အရှက်မရှိ မုန့်ဈေးတန်းက ပြန်လာတဲ့ မိန်းကလေး သူငယ်ချင်းတွေဆီက သိသိ ၊ မသိသိ မျက်နှာပြောင် တိုက်ကာ မုန့်တောင်းစား ၊ လုစားကြပါသည်။ ဒီတော့ ခင်မင်နေတဲ့ သူငယ်ချင်းတွေ ဆိုရင် ပြောလည်း မရ ၊ ပြန်လုလို့လည်း မရမဲ့ အတူတူ ပေးခဲ့တာ များပါသည်။ ဒီလိုဆိုရင်. .

“ မြမြဝင်း ကျန်းမာ ထီပေါက် နိဗ္ဗာန် ရောက်ပါစေ ” 

ဆိုတာ အပါအဝင် နည်းမျိုးစုံနဲ့ အော်ဟစ် ဆုတောင်းပေးကြပါသည်။ ဒါပေမဲ့ ကိုယ်နဲ့ သိပ်မရင်းနှီးသော မိန်းကလေးများကတော့ သူတို့ကို နှောင့်ယှက်တယ် လို့ ထင်တတ်ကြပါသည်။ ( တကယ်လည်း နှောင့်ယှက်တာပါပဲ ) တချို့ကျတော့ သူတို့ကို အီစီကလီ လုပ်ချင်လို့ ဇာတ်လမ်းထွင်တယ် လို့ သူတို့ကိုယ် သူတို့ အထင်ကြီးစွာ ယူဆတတ်ကြပါသည်။ တချို့ကျတော့လည်း ရှားရှားပါးပါး မိန်းကလေး တချို့ကျတော့ စိတ်တွေဆိုးပြီး ဆရာမထံမှာ သွားတိုင်တတ်ကြပါသည်။ 

ကျွန်တော်တို့ကတော့ မုန့်စားလွှတ်ချိန်ဆိုရင် သူများတွေကိုလည်း စနောက်ရင်း ထုံးစံ အတိုင်း မုန့်ဈေးတန်းက ပြန်လာပြီး မုန့်ဝယ်လာတဲ့ မိန်းကလေးတွေဆီက မုန့်ကို နောက်ပြောင်ကာ တောင်းနေပါသည်။ ဘယ်အချိန် ၊ ဘယ်နှစ်ယောက်မြောက်မှန်း မသိသော မိန်းကလေး တစ်ယောက်ယောက်က သွားတိုင်လိုက်ပုံ ရပါသည်။ ကျွန်တော်တို့ ကော်ရစ်တာမှာ ဗရုတ်ကျနေတာကို ဟိုဘက်အဆောင် အပေါ်ထပ်က ဆရာမက ထွက်ကြည့်နေပါတော့သည်။ ဒါကို ကျွန်တော်တို့ ပထမ မသိပါ။ 

နောက်တော့ ကျွန်တော်တို့ ဗရုတ်ကျနေတာကို ဆရာမက စောင့်ကြည့်နေတယ် ဆိုတာကို သူငယ်ချင်း တစ်ယောက်က တွေ့သွားပြီး လှမ်းအော်ကာ ကျွန်တော်တို့ ပြောနေကျ စကားလုံးနဲ့ ပြောပါသည်။ 

“ ဟေ့ကောင်တွေ အပေါ်ထပ်က ဆရာမ “ လွတ် ” နေတယ် ”

အပေါ်ထပ်က ဆရာမ ကျွန်တော်တို့ကို ကြည့်နေတယ် လို့ ဆိုလိုချင်တာပေါ့။ ဒါကို ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံး သဘောပေါက်လို့ ချက်ချင်းကို လူစုခွဲလိုက် ကြပါတော့သည်။ သို့သော် ထို “ လွတ် ” ဆိုသော စကားလုံးကို သဘောမပေါက်သော ကျောင်းသား ၊ ကျောင်းသူတွေက ဆရာမက ဘာလွတ်တယ် လို့ ထင်သွားလည်း မသိပါဘူး။ ကျွန်တော်တို့ ဆရာမ လွတ်နေတယ် ဆိုလို့ လူစုခွဲကာမှ သူတို့က ရောက်လာကြပြီး ဆရာမကို ပြန် “ လွတ် ”  ကြပါတော့သည်။ 

ဆရာမကလည်း ပထမက သူက “ လွတ် ” နေရာကနေ အခုလို ကျောင်းသား ကျောင်းသူတွေ အားလုံးက သူ့ကို ပြန်ပြီး ဝိုင်း “ လွတ် ” နေတော့ သူ့ဖာသာ မလုံသလိုလို ဖြစ်သွားသည်ဟု ထင်ပါသည်။ ဒါနဲ့ ထိုဆရာမက ကျွန်တော်တို့ အတန်းနားကို ရောက်လာကာ ခုနက ဘာကြောင့် သူ့ကို ဝိုင်း “ လွတ် ” သလဲ ဟု မေးပါတော့သည်။ ဒီတော့ ဘာမှကို သေချာ မ “ လွတ် ” ပေမဲ့ ကျောင်းသား ၊ ကျောင်းသူ တိုင်းကတော့ သူတို့ အားလုံး “ လွတ် ” တာ ကျွန်တော်တို့ သူငယ်ချင်းတွေက “ အပေါ်ထပ်က ဆရာမ “ လွတ် ” နေတယ် ” လို့ ပြောလို့ ထွက်ကြည့်တာ ဖြစ်ကြောင်း ဖြေအပြီးမှာတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံး ကျောင်းအုပ် ဆရာမကြီး ရုံးခန်းသို့ ရောက်ပါလေတော့သည်။

မျက်နှာကြီး နီရဲနေတဲ့ ထိုဆရာမက ကျောင်းအုပ် ဆရာမကြီးနားကို ကပ်ကာ တိုးတိုး တိုးတိုး နဲ့ ပြောပါသည်။ ဒီတော့ ကျောင်းအုပ် ဆရာမကြီးကလည်း တိုးတိုး တိုးတိုး ကာ နားထောင်ပါသည်။ နောက်တော့ မျက်နှာနှစ်ခု နီးရာကနေ ဓါတ်ကူးသွားသလို ကျောင်းအုပ်ဆရာမကြီး မျက်နှာကြီးပါ နီရဲလာပါတော့သည်။ 

“ မင်းတို့ ဒီဆရာမကို “ လွတ် ” နေတယ် လို့ ပြောတယ် ဆို ”

ရာခိုင်နှုန်း လွန်မှတ်ဖြင့် ဆူပွက်နေသော ဘွိုင်လာအိုး အဖုံးကို ဆက်ခနဲ ဖွင့်လိုက်သလို အသံနဲ့ ကျောင်းအုပ် ဆရာမကြီး မေးပါသည်။ ကျွန်တော်တို့ အထဲတွင် အကြောက်တတ်ဆုံးသော မြတ်ကိုကို က လေသံလေး တုန်တုန်ဖြင့် . . .

“ ဟုတ်ပါတယ် ဆရာမကြီး ”

ဒီလိုလည်း ဖြေလိုက်ရော။ နီရဲနေတဲ့ ဆရာမ နှစ်ယောက်ရဲ့ မျက်နှာဟာ ပိုပြီးတော့ ညိုပုပ်ကာ သွားပါတော့သည်။ 

“ မင်းတို့ ဘာလို့ ဒီလို ပြောရတာလဲ ၊ ပြီးတော့ ဒါကို သူများတွေပါ သိအောင် ဘာလို့ အော်ပြောရတာလဲ ”

လွယ်တကူ စကားလုံးလေးဟာ ပြစ်မှုကြီး ဖြစ်လာပါတော့သည်။ ဆရာမကြီးနဲ့ ဆရာမတို့ ထင်နေတဲ့ လွတ် တယ် ဆိုတာက တခြား ဖြစ်နေပြီး ကျွန်တော်တို့ သိထားသော လွတ် ဆိုတာက တခြား ဖြစ်နေတော့ ဘယ်ကနေ ဘယ်လို ဆက်ပြောရမှန်း မသိဘဲ ခေါင်းတွေ ငိုက်စိုက်ချပြီး အကြံအိုက်နေမိကြသည်။ ဒါကို ဆရာမကြီးက . . .

“ ပြောလေ ၊ မေးနေတာ ဖြေလေ။ ဘာလို့ လွတ် နေတယ်လို့ ပြောရတာလဲ။ မင်းတို့ သတ္တိ မရှိဘူးလား။ မော့ကြည့်ကြစမ်း ၊ ယောက်ျား မဟုတ်ဘူးလား။ ”

ဒီလို ပြောလည်း ပြော ဒေါသတွေလည်း ထွက်လာပါတော့သည်။ အရင်ထဲက အကြောက တင်းတင်း ပြည့်ဖြိုးကျော် က ခေါင်းမော့ကာ ဆရာမကြီးကို ကြည့်ရင်း ကျွန်တော်တို့ အားလုံးကို ပြောသည်။

“ ဟေ့ကောင်တွေ ရှင်းပြစရာ ရှိတာတော့ သေချာ ရှင်းပြမှ ဖြစ်တော့မှာပဲ။ နို့မို့ဆို ဆရာမကြီးပါ အထင်တွေ လွဲပြီး တွေးမိကုန်တော့မှာပဲ။ မင်းတို့ အားလုံးလည်း ဆရာမကြီးကို “ လွတ် ”  လိုက်ကြ ။ ”

“ ဘာ . . . ”

သူက ပြောရိုးပြောစဉ် အတိုင်း “ လွတ် ”  ကို သုံးကာ ဆရာမကြီးကို ထပ်ကြည့်ခိုင်းလိုက်ပါတော့သည်။ ဒီတော့ ဆရာမကြီးကလည်း သူပါ အ “ လွတ် ” ခံရပြီ ဆိုပြီး နီရဲနေတဲ့ မျက်နှာကြီးက ပိုလို မည်းမှောင် သွားပါတော့သည်။ ဒီတော့မှ ကျွန်တော်တို့လည်း “ လွတ် ” အရေးတော်ပုံကို သူ့ထက် ငါ ရှင်းပြ ရပါတော့သည်။

ဆရာမကြီးရယ် ကျွန်တော်တို့ ပြောတဲ့ “ လွတ် ” ဆိုတာက ဟိုလို “ လွတ် ” တာ မဟုတ်ဘဲ ၊ ဒီလို “ Look ” တာ ဖြစ်ကြောင်း အကျိုးသင့် အကြောင်းသင့် ရှင်းပြရပါတော့သည်။ Look ဆိုတာကို Show နေရာမှာ အစားထိုး သုံးစွဲလိုက်တာ ဖြစ်ကြောင်း ၊ ဒါကြောင့် အပေါ်ထပ် ကော်ရစ်တာက ဆရာမက ထွက်ကြည့်နေတော့ ကျွန်တော်တို့ ဖာသာ နားလည် သုံးစွဲသော “ ကြည့်သည် ” ဆိုတဲ့ “ လွတ် ” ကို ထည့်သွင်း သုံးစွဲ လိုက်တာ ဖြစ်ပါကြောင်း ရှင်းပြတော့မှ ဆရာမကြီး နဲ့ ဆရာမ တို့ ကျေနပ်ကာ ကျေလည်သွား ကြပါတော့သည်။ ဟူးးးးးးးးးးးးးးးးးးးးး

ဒီတော့မှ ဆရာမကြီးက . . . .

“ သြော်. . . မင်းတို့က ရှိုးနေတယ် ဆိုတဲ့ စကားလုံးနေရာမှာ စကားလုံး အမှန်ကို အစားထိုးပြီး လွတ်နေတယ် လို့ သုံးလိုက်တာပေါ့လေ။ ဒါပေမဲ့ မင်းတို့ သုံးတဲ့ စကားလုံးကို တခြားသူက မသိတော့ အဓိပ္ပါယ်တွေ တောင်တွေး မြောက်တွေး ဖြစ်စေတာပေါ့။ နောက်ဆို ဒါကို သတိထား။ ”

ဆိုပြီး ဆုံးမကာ ကျွန်တော်တို့ကို ပြန်လွှတ်လိုက်ပါတော့သည်။ ဟူး . . . တကယ်ပါပဲ။ စကားလုံးဆိုရင် ထူးထုးဆန်းဆန်းတွေ အမြဲတမ်း သုံးချင်မိတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ  ဆရာမကြီး ရုံးခန်းထဲကနေ အသာလေး ကုတ်ကာ ထွက်လာခဲ့ရပါတော့သည်။ ဒီမှာ ကျွန်တော်တို့ နောက်ကနေပြီး ဆရာမကြီးရဲ့ ပြောသံ လိုလို ကြားလိုက်ရသည်။

“ ခေတ်ကာလ ကလေးတွေကတော့ ဘယ်လို ကလေးတွေ မှန်းကို မသိဘူး။ စကားတွေ အပါအဝင် အရာရာ သူတို့က တီထွင် ပြောဆို လုပ်ကိုင်ချင်နေကြတာ။ တကယ်ပဲ မလွယ်ဘူး။ “ လွတ် ” လို့ကို မရတော့ဘူး။ ”

တဲ့လေ။ ကောင်းရော. . . . . . . 



ဒါပေမဲ့ ဒီလောက်နဲ့ ကျွန်တော်တို့ ကြားထဲမှာ ငြိမ်ကုတ်သွားမယ် ထင်ပါသလား။ မရသေးပါဘူး။ ပိုပြီးတော့ ပေါက်ကရ တွေးဖြစ်လာပါတယ်။ စတယ် နောက်တယ် ဆိုတာကလည်း ယောက်ျားလေး သူငယ်ချင်းတွေ ဆိုရင် စရ ၊ နောက်ရတာ သိပ်ပြီးတော့ အဆင်မပြေလှဘူး။ ယောက်ျားလေး သူငယ်ချင်းတွေက ကိုယ်တွေလိုပဲ အကြောက မာတော့ ပြောရင်လည်း မထုံတတ်တေးပါပဲ။ မိန်းကလေး သူငယ်ချင်းတွေကိုတော့ စလို့ ၊ နောက်လို့ အလွန်ကောင်းပါသည်။

ကိုယ်ဖြစ်ချင်တာ တစ်ခု မဖြစ်ရရင် ရုပ်တည်နဲ့ . . . .

“ အေးပေါ့လေ ၊ နင်တို့က အထက်တန်းစားတွေ ဆိုတော့ ငါတို့ကို မတူသလို ၊ မတန်သလို ဆက်ဆံတာပေါ့ ရပါတယ်။ နင်တို့က အဆင့်အတန်း မြင့်သူတွေပဲ ၊ ငါတို့ကို ခွဲခြား ခွဲခြား ဆက်ဆံမှာပေါ့လေ။ ”

လို့ စရင် မိန်းကလေး သူငယ်ချင်း တော်တော်များများက အားနာပြီး မခံနိုင်ကြဘူး။ ဒါဆိုရင် သူတို့က ကိုယ်တွေကို မဟုတ်ကြောင်း အတင်းကို တောင်းပန်တတ်ကြသည်။ တစ်ခါတလေတော့လည်း . . .

“ ရပါတယ်။ ငါပြောသလို သဘောမတူဘူး ဆိုရင် နင်နဲ့ ငါ သေခန်းပြတ်ပဲ။ ငါ့ကို လာမခေါ်နဲ့တော့။ နင်သေလည်း ငါမလာဘူး ၊ ငါ့မင်္ဂလာဆောင်လည်း နင်မလာနဲ့။ ”

ဆိုပြီး စနောက်ရင်တော့ သူ့တို့ ဆွေ့ဆွေ့ခုန်အောင် ဒေါတွေ ကန်ပါရောလား။

“ အောင်မာ. . . အောင်မာ . .  ငါကျတော့ သေရမယ်။ နင်ကျတော့ မင်္ဂလာဆောင်မယ်။ သေနာကောင်  ”

ဆိုပြီး ပြန် ကလော်တုပ်ပါသည်။ ဒါပေမဲ့လည်း ဒါက ခဏတဖြုတ်ပဲ စဖြစ်တာ ဖြစ်ပြီး အရမ်းရင်းနှီးသော သူငယ်ချင်းတွေကိုသာ ကျွန်တော်တို့ နောက်ဖြစ်ခဲ့ပါသည်။ တစ်ခါတလေတော့ သူငယ်ချင်းရဲ့ သူငယ်ချင်းတွေနဲ့ ဆုံကြတဲ့ အခါမှာ  ကျွန်တော်တို့က အငြိမ့်ထဲမှ လူရွှင်တော်တွေလို ဖြစ်သွားကာ စတတ် ၊ နောက်တတ် ကြပါသေးသည်။ အတိုင် အဖောက်လေးနဲ့ပေါ့ဗျာ။

သူငယ်ချင်း တစ်ယောက်က အသစ် သူငယ်ချင်း တစ်ယောက်နဲ့ ခင်မင်ဖို့ မိတ်ဆက်ပေးပြီ ဆိုရင် ကိုယ်က ကြားထဲက မနေနိုင်သူ တစ်ယောက်လိုမျိုး ဝင်ပြီးတော့ မိတ်ဆက်ပေးလေ့ ရှိပါသည်။ ဒါကို ဘေးက နောက်ထပ် သူငယ်ချင်း တစ်ယောက်က လူရွှင်တော်တွေ လိုမျိုး အတိုင်အဖောက်လေးနဲ့ လိုက်ပြော ပေးတတ်သည်။ ဥပမာ ဒီလိုဗျာ။

“ ဒါ ငါ့ သူငယ်ချင်း ဝတ်ရည် ပေါ့။ နင်တို့ အားလုံးနဲ့ မိတ်ဆက်ပေးတာ ”

“ အေး တွေ့ရတာ ဝမ်းသာပါတယ်ဟာ။ ငါတို့ကလည်း သူငယ်ချင်း အရင်းတွေလို ခင်ကြတာပေါ့။ သူက နေဇော်အောင် လို့ ခေါ်တယ်။ ”

ဟိုဘက်က အခုမှ စတွေ့ခါစ သူငယ်ချင်းဆိုတော့ နည်းနည်းတော့ ရှိန်နေတတ်ပါတယ်။ ခေါင်းလေးပဲ ညိတ်ပြတတ်ကြပါသည်။ ဒီတော့မှ ဆက်ပြောဖြစ်သည်။

“ နေဇော်အောင်ကို ကြည့်ပြီးတော့ အထင်တော့ မသေးနဲ့နော်။ ”

ဒီတော့ ဘေးမှာ ရှိနေတဲ့ နောက်ထပ် သူငယ်ချင်း တစ်ယောက်က လူရွှင်တော်တွေလို အတိုင် အဖောက်လေးနဲ့ စကားစပါသည်။ အမြဲတမ်း လိုလိုကတော့ ပြည့်ဖြိုးကျော်က အဖောက် အဖြစ် လိုက်ပေးလေ့ရှိသည်။

“ ဟုတ်လား ၊ ဘာကြောင့် အထင် မသေးရတာလဲ ”

“ ဟုတ်တယ်လေ ၊ နေဇော်အောင်တို့ အဖေက လေတပ်ကကွ ”

“ ဟုတ်လား ၊ သူ့အဖေက ဘာလုပ်တာလဲ ”

“ ပူဖောင်း ရောင်းတယ်လေ ”

“ ha ha ha ha ha ha ”

ဒီလိုဆိုတော့ တွေ့ခါစ ဆုံခါစ သူငယ်ချင်း အသစ်တွေကြားမှာ ရယ်သံလေးတွေ ဖုံးလွှမ်းပြီး ချက်ချင်း ရင်းနှီးသွားသလို ခံစားရသည်။ ဒါပေမဲ့ ဒီမှာ မပြီးသေးပါဘူး။

“ သူ့အဖေ တင် မဟုတ်ဘူး။ သူ့အမေကလည်း လေတပ်ကပဲ ”

“ တကယ် ၊ သူ့အမေက ဘာလုပ်တာလဲ ”

“ ယပ်တောင် ရောင်းတယ် ”

“ ha ha ha ha ha ha ”

“ သူ့မိဘတွေချည်းပဲ ဆွေးမျိုး ကောင်းတာ မဟုတ်ဘူး။ သူ့ဦးလေး ဆိုလည်း ကာကွယ်ရေးကကွ ”

“ ဟာ ဆွေကြီးမျိုးကြီးတွေ ချည်းပါပဲလား။ ဒါနဲ့ သူ့ဦးလေးက ဘာလုပ်တာလဲ ”

“ ထရံ ရက်တယ်လေ ”

“ ha ha ha ha ha ha ”

“ ဒီလောက် ပြောလို့ အထင် မသေးနဲ့ဦး။ သူ့ဘကြီး ရှိသေးတယ်။ သူ့ဘကြီးက ကြေးတပ်ကကွ ”

“ ဟာ. . .မိုက်လှချည့်လား။ သူ့ဘကြီးက ဘာလုပ်တုန်း ”

“ ကြေးစည် ရောင်းတယ် ”

“ ha ha ha ha ha ha ”

“ နေဦး. .နေဦး. ..ဒီလောက်လေးနဲ့ သူတို့ ဆွေမျိုးတွေ ကုန်ပြီ မထင်နဲ့ ”

“ ဟုတ်လား ကျန်သေးလား ”

“ ကျန်သေးတာပေါ့။ သူ့ အဒေါ်တို့ လင်မယားကရော ရေတပ်ကကွ ”

“ ဟုတ်လား သူ့ အဒေါ်က ဘာလုပ်တုန်း ”

“ သူ့အဒေါ်က ရေခဲရေ ရောင်းတယ်လေ ”

“ ha ha ha ha ha ha ”

“ သြော် . . ဒါဆို သူအ့ဒေါ် ယောက်ျားကရော ရေတပ်ကပဲ ဆိုတော့ ဘာလုပ်လဲ ”

“ သဗ္ဗန် ခပ်တာပေါ့ကွ ”

“ ha ha ha ha ha ha ”

“ အောင်မာ သူတို့က မွေးတဲ့ သားလေးကလည်း ရေတပ်ကပဲ ”

“ ဟုတ်လား ၊ ဘာလုပ်တုန်း ”

“ ရေထမ်း ရောင်းတယ် ”

“ ha ha ha ha ha ha ”

“ သူ့ညီမတွေကိုလည်း အထင် မသေးနဲ့ကွ ”

“ ဟုတ်လား သူ့ညီမတွေက ဘာလုပ်လဲ ”

“ ကွန်ပျူတာ ဆရာမတွေလေ ”

“ ဟုတ်လား တော်လိုက်တာကွ ”

“ အင်း. . . ဒါပေမဲ့ အခုတော့ အလုပ်ပြုတ်သွားပါပြီ ”

“ ဘာဖြစ်လို့လဲ ”

“ ရမ် ( Ram ) နေရာမှာ ဝီစကီ နဲ့ မှားထည့်မိလို့ ”

“ ha ha ha ha ha ha ”

“ သူ့ညီကတော့ စက်မှု အင်္ဂျင်နီယာ ”

“ မိုက်တယ်ကွာ ၊ ပညာတတ်တွေ ချည်းပဲကိုး ”

“ ဒါပေမဲ့ အခုတော့ အလုပ်က နားလိုက်ရပြီ ”

“ ဘာလို့လဲ ”

“ အင်္ဂျင်ဝိုင်နဲ့ ပျားရည် မှားလျှက် မိလို့လေ ”

“ ha ha ha ha ha ha ”

“ သူ့အစ်ကို ဆိုလည်း နာမည်ကြီး အနုပညာရှင် ”

“ တော်တော် နာမည်ကြီးတယ်ပေါ့ ”

“ နာမည်ကြီး စန္ဒယား ပညာရှင်ကွ ”

“ ဟုတ်လား ၊ ဘယ်သူများ ပါလိမ့် ”

“ စန္ဒယား တင်သိမ်း ဆိုတာပေါ့ ”

“ ဟုတ်လား ၊ ငါကြားဖူးတယ်ကွ။ ဒါနဲ့ သူ့အစ်ကိုက စန္ဒယားတီးတာ တော်တော် ကျွမ်းကျင်လား  ”

“ စန္ဒယား တင်သိမ်းပါ ဆိုမှ စန္ဒယားကို စင်ပေါ် “ တင် ” တယ် ၊ ပွဲပြီးသွားရင် “ သိမ်း ” တယ် ၊ ဒါပဲပေါ့ ”

“ ha ha ha ha ha ha ”

“  သူ့ကိုလည်း အထင်မသေးနဲ့။ သူကလည်း ကျောင်းပြီးသွားရင် ကျောင်းမှာ ဆရာပြန်လုပ်မလို့တဲ့ ”

“ ဘာဆရာလဲကွ ”

“ x x x x x x x x x x x ”

“ ha ha ha ha ha ha ”

အဲဒီလိုပါပဲ ကျွန်တော်တို့ သူငယ်ချင်းတွေ ကျောင်းသား ဘဝတုန်းက အရမ်းကို ပျော်စရာကောင်းခဲ့ပါသည်။ တစ်ယောက်နဲ့ တစ်ယောက်ကတည်း ဦးတဲ့လူ တွယ်စတမ်း နှိပ်ကွပ်တတ်ကြတာပေါ့။ အဲဒါကြောင့်မို့ ကျွန်တော်တို့နဲ့ ခင်မိတဲ့ သူငယ်ချင်းတွေက ဟန်ဆောင်မှု မရှိဘဲ အရမ်းကို ခင်သွားတတ်တယ် လို့ ပြောတာပါ။ တစ်ယောက်နဲ့ တစ်ယောက်လည်း ဘာဘာညာညာတွေနဲ့ ရှုပ်ရှုပ်ရှက်ရှက် မရှိတာကလည်း တစ်မျိုး ကောင်းတဲ့ အချက်လေး တစ်ခုပါပဲ။

အခုတော့လည်း သူငယ်ချင်းတွေ အားလုံး ရေကြည်ရာ ၊ မြက်နုရာ နေရာတွေကို ရောက်နေခဲ့ကြပြီ။ တစ်ခါတလေ အတိတ်တွေကို ပြန်ဝါးမိရင် တမေ့တမောနဲ့ သူငယ်ချင်းတွေကို လွမ်းမိလို့ အခု စာလေးတွေ ချရေးမိပြီး ပြန်ပြုံးမိတာပါပဲ။ စာဖတ်သူတွေကိုလည်း ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ ပတ်သတ်တာလေးတွေ ပြန်တွေးမိပြီး ပြန်ပြုံးမိစေယုံ သက်သက်သာ စိတ်ကုးမိလို့ ရေးမိပါသည်။

အရင်ကတော့ “ ငယ်ငယ်တုန်းက ရယ်စရာလေးတွေ ( ၁ ) ” ကို ဇာတ်လမ်း သဘောလေးနဲ့ ရေးထားမိပါသည်။ အခုကတော့ ပြဇာတ်ဆန်ဆန်လေးပဲ ရေးထားတာပါ။ ရယ်မော ပြုံးပျော်နိုင်ကြပါစေ။


လေးစားစွာဖြင့်
ကိုဇော်

 .

Share/Bookmark

21 ယောက် ရဲ့ ထင်မြင်ချက်:

ရွေနတ်သား said...

ကိုဇော့် ကို လာ “လွတ်” သွားတယ်ဗျာ...ဟဲဟဲ..
ဒါမျိုးလေးတွေ ထပ် ရေးဦနော်..ကျောင်းတုန်းက အကြောင်းတွေ ငယ်ငယ်တုန်းက အကြောင်းတွေ ကိုလည်းသတိရလိုက်တာ....

မိုးယံ said...

လွတ် သွားတယ်နော်။
နောက်လဲ လာလွတ်ဦးမယ်။
ကိုဇော်လဲ သတိထားပြီး လွတ်။ Ram နဲ့ ၀ီစကီမှားထည့်
မိဦးမယ်နော်။(လက်တော့ပ် လုပ်နေတယ်ဆိုလို့သတိပေးတာ)

ငြိမ်းချမ်းပါစေ
မိုးယံ

ကိုရီး{ကိုကြီး} said...

ကျနော်ကတော့ ဦးဇော်ကို လွတ်လဲ မလွတ်ရဲဘူး
မလွတ်လဲ မလွတ်ချင်ဘူး...
ဒါဘဲ ဟိုဟာ ကြက်... အဲ ဟုတ်ပါဘူး... မန်ဒါလီ :)))))

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

နေ၀သန် said...

:)))... ငယ်ငယ်က အကြောင်း ဟာသလေးတွေပေါ့ကိုဇော်ရေ.....

ခင်မင်တဲ့
နေ၀သန်

သဒ္ဓါလှိုင်း said...

ကိုဇော်တို့သူငယ်ချင်းတွေအကြောင်းဖတ်မိရင်
အမြဲပြုံးသွားရတယ်..။ တယ်လည်းတတ်နိုင်ကြတဲ့
သူငယ်ချင်းတွေပဲလို့။ ဘယ်တော့မှမမေ့နိုင်တဲ့
အတိတ်ကအကြောင်းတွေပဲနော်..။

ခင်မင်စွာ
သဒ္ဓါ

သိင်္ဂါကျော် said...

မရောက်တာ ကြာသွားတယ်..
ရယ်စရာလေးတွေ လာဖတ်သွားပါတယ်..

Anonymous said...

ဘယ်လိုပဲရေးရေး လှအောင်ရေးတတ်တော့ လှပစွာ ပြုံးရယ်မိပါတယ် ကိုဇော်ရေ ...
ငြိမ်းစိုးဦး

sosegado said...

ရယ်စရာ လွမ်းစရာလေးတွေဖတ်လိုက်ရပါသည်၊ ကိုဇော်ရဲ့စာကို ဖတ်ရင်းနဲ့ပဲ ကျန် blogs တွေကို လွတ်လိုက်ဦးမည်။ အဆက်နည်းနည်းပြတ်နေလို့၊

ဧပရယ်လ်ပူး@ပူးတေ said...

ကိုဇော်ရေ ပူးတေကတော့ ငယ်ငယ်က လာလွတ်ရင် ဆရာမနဲ့ တိုင်ပစ်လိုက်တာပဲ... ကိုယ်ကျတော့ ၁၀တန်းက ပေါ်ပြူလာ စီနီယာတယောက်ကို သွားလွတ်ဖူးတယ်... အဖော်ကောင်းလို့လေ...

ရီရတယ်... ရာထူးတွေ ပြောတာ... ကာကွယ်ရေးကလေ ထရံရက်တယ်တဲ့...

ha ha ha ha ha ha....
း))))))

LOLး) တခြားမတွေးနဲ့ဦးနော်.... "Laughing Out Loud" လို့ပြောတာ

Anonymous said...

လာလွတ်သွားပါ၏
ha ha ha လေးတွေပိုရီရပါတယ်။


သာယာချမ်းမြေ့ပါစေရှင်း
မိုး

ဝက်ဝံလေး said...

ကျောင်းသားဘဝဟာပျော်စရာအကောင်းဆုံးပါပဲ ကိုဇော်ရေ.........

SHWE ZIN U said...

ရီသွားပါတယ် ပြီးတော့ လွတ် စရာရှိလို့ သွားအုန်းမယ်နော်

ခင်တဲ့
ရွှေစင်ဦး

ခိုင်နုငယ် said...

ကိုဇော်ရေ .စာတွေလာလွတ်သွားပါတယ်။
ကျန်သေးတဲ့ လွတ်စရာရှိသေးတဲ့အကြွေးပိုစ့်တွေကို
လည်းဖြေးဖြေးချင်းလာ လွတ် ပါအုံးမည်။
လွတ်တာတောင် မြန်မြန်လွတ်နေရတယ်။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

ahphyulay said...

ကိုကိုဇော်.... ရေ့ 
ကျွန်တော်တော့  အစ အဆုံး ဖတ်ပြီး “လွတ် ”
လပ်စွာပဲ ရယ်မော မိခဲ့ ပါကြောင်း.... ဗျို့  ။

နွေဆူးလင်္ကာ said...

ကျနော်လည်း ငယ်ငယ်က အကြောင်းလေးတွေ ရေးဖို့ ကြိုးစားဦးမယ်ဗျို့ .. ဖတ်မယ့်လူ ရှိပါ့မလား မသိ ....

မောင်သီဟ said...

နောက်ကျမှလာ လွတ် နိုင်တယ်ဗျာ
ကွန်မကောင်းလို့စိတ်ပိန်နေတာလေး လွတ် ပြီး ပြုံးသွားရတယ်း)
ပြန်လွတ်လိုက်အုံးမယ်း)း)
ရယ်ရတယ်ဗျို့း)

ကိုအောင် said...

ဘ၀ကို ဟာသနဲ့ ဖြတ်သန်းရတာလောက်
တန်ဖိုးကြီးတာ မရှိဘူးလို့ ကျနော်တော့
ထင်တယ်၊ နောက်ထပ် ဆက်ရန်တွေ
ဆက်ပါအုံး။

သုခုမလေဒီ said...

ဟား ဟား ဟားး)))း))))း))))
တကယ်ရယ်ရတယ် မောင်ဇော်ရေ..
ပျော်စရာလေးတွေများများရေးနိုင်ပါစေ..။

ဖိုးသား said...

ဝီစကီ စာသားလေးတွေ့တာနဲ့ အတိတ်ကိုပြန်သတိရမိတယ် ကျွှန်တော်သောက်တာတော့ မဟုတ်ဘူး ဘိုးတော်သောက်တာပါ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ

နန်းလေပြေနု said...

လူပျိုကြီးကို လာလွတ်သွားပါတယ်။
:P

Anonymous said...

တော်တော်လေးရယ်ရတဲ့လူ။
ပျက်လုံးလည်းရတာပဲလား။ဘက်စုံတာကောင်းပါတယ်။မကောင်းတာတော့အကျင့်လေးနည်းနည်းပြင်လိုက်ရင်အိုကေတယ်။