ကျွန်တော် ပုံပြင်တွေကို ချစ်တယ်။ တချို့တွေကတော့ ပြောကြတယ်။ “ ပုံပြင်ဆိုတာ ကလေးတွေ နားထောင်ဖို့ အတွက်ပဲ ” တဲ့။ တချို့ကကျတော့ “ ဒို့က ပုံမပြောတတ်ဘူး ” တဲ့။ ကျွန်တော် လက်မခံမိဘူး။ တကယ်ကို ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတတ်သော နိုင်ငံတွေမှာ လူကြီးတွေ အတွက်လည်း ပုံပြင်တွေ ရှိတယ်။ ပုံပြင်ပြော ပြိုင်ပွဲတွေ ဆိုတာ ရှိနေကြတယ်။
ဘယ်လိုပဲ ပြောပြော ကျွန်တော် ပုံပြင်တွေကို ချစ်တယ်။ ကျွန်တော် ငယ်ငယ်ကတည်းက အဘွားပြောသော ပုံပြင်များ ၊ ဖေဖေပြောသော ပုံပြင်များ ၊ ဦးလေး ဘကြီးတွေ ပြောသောပုံပြင်များ ၊ သူငယ်ချင်း အချင်းချင်း ပြောသော ပုံပြင်များနဲ့ ကြီးပြင်းခဲ့ရတယ်။
အရွယ်ရောက်လာတော့ လက်လှမ်းမှီရာ စာအုပ်စာတန်းများကို ဆွဲယူဖတ်ပြီး ပုံပြင်တွေကို အသက်ဆက်ခဲ့တယ်။ ဒီလိုပဲ သူများတွေ ပြောပြတဲ့ ပုံပြင်လေးတွေကိုလည်း အမြတ်တနိုး တန်ဖိုးထားပြီး ထုပ်ပိုး ရင်ထဲမှာ သိမ်းထားတတ်တယ်။ ဒါလေးတွေကို တစ်ခါတစ်လေ တစ်ယောက်တည်း နှစ်သက်စွာ ပြန်လည်တွေးပြီး ခံစားမိနေတတ်တယ်။
ပြီးတော့ . . . ကလေးတွေ ဆိုတာ ငယ်ငယ်လေးကတည်းက ဒီလို ပုံပြင်လေးတွေနဲ့ ပြုပြင်ပေးသင့်တယ်။ ကလေးဆိုတာ ဖယောင်းလေးတွေ လိုပဲ ငယ်စဉ်မှာ စိတ်ဓါတ်တွေက နုနယ်ကြတယ်။ ဒီလို စိတ်ဓါတ်ရေးရာမှာ လိုအပ်နေတဲ့ ကလေးငယ်လေးတွေ အတွက် ကျွန်တော် သူတို့ကို ပုံပြောချင်လာတယ်။ ဒီပုံပြင်လေးတွေက ဖတ်ထား ၊ မှတ်ထားဖူးတဲ့ ပုံပြင်လေးတွေ ပါသလို ကိုယ့်ဖာသာ ဖန်တီးထားတာလေးတွေလည်း ပါပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကလေးတွေရဲ့ ဦးနှောက်ဥာဏ်စွမ်းလေးတွေ အတွက်ပါပဲ။
ကျွန်တော် ကိုယ်တိုင် သူတို့ကို သွားမပြောနိုင်ပေမဲ့ ကျွန်တော့်အစား တစ်ယောက်ယောက်က သူတို့ကို ပြောပေးနိုင်မယ် ဆိုရင်လည်း လုံလောက်ပါတယ်ဗျာ။ ဒါကြောင့် ဒီအကြောင်းအရာလေးကို ကျွန်တော် ဒီလိုပဲ နာမည်ပေးလိုက်တယ်။
သူတို့ကိုလေ. . . ။ ကလေးငယ်လေးတွေကိုပေါ့။
တစ်
တစ်ခါက. . . .
အရမ်းချမ်းသာ သလောက် အရမ်းကို ကပ်စေးနှဲ တဲ့ သူဌေးကြီး တစ်ယောက် ရှိတယ်။ ဒီလိုပဲ သူတို့ မြို့မှာ အရမ်းကို ကပ်ကပ်သပ်သပ် စကားပြောတတ်တဲ့ လူတစ်ယောက်ကလည်း ရှိတယ်။
တစ်နေ့တော့ သူဌေးကြီးက သူ့မွေးနေ့မှာ ဧည့်ခံပွဲလုပ်တယ်။ ဒါပေမဲ့လည်း ကပ်စေးနှဲသူ တစ်ယောက် ဆိုတော့ သူ့ဧည့်ခံပွဲကို လာသူ အားလုံးအတွက် အအေးတိုက်တဲ့ အခါမှာ သူက ဖန်ခွက်ထဲကို များများ မထည့်ပေးပဲ သုံးပုံ တစ်ပုံကိုပဲ ထည့်ပေးသတဲ့။
ဒီတော့ စကားကပ်ပြောတတ်တဲ့ လူဆီက ဖန်ခွက်ထဲမှာလည်း အအေးက သုံးပုံ တစ်ပုံပဲ ပါတာပေါ့လေ။ ဒီတော့ ဒီလူက သူဌေးကြီးဆီကို သွားပြီး. .
“ သူဌေးကြီးခင်ဗျား ၊ သူဌေးကြီးဆီက ကျွန်တော် လွှ တစ်လက်တော့ ခဏငှားချင်ပါတယ်။ ”
ဒီတော့ လူတွေ ကြားထဲမှာ ဆိုတော့ သူဌေးကြီးလည်း ကြောင်သွားပြီး. .
“ ဟင်. . မင်းက လွှ တောင်းပြီး ဘာလုပ်မလို့လဲ။ ”
ဒီတော့မှ စကားကပ်သူက တည်ကြည်သော အသံနဲ့ သူဌေးကြီးကို ဒီလိုပြောတယ်။
“ ကျွန်တော် ဖန်ခွက်ရဲ့ အပေါ်ပိုင်းကို ဖြတ်ပစ်မလို့ပါ။ အအေးက သုံးပုံ တစ်ပုံပဲ ထည့်ထားတာ ဆိုတော့ အပေါ်ပိုင်းမှာ ပိုနေတဲ့ ဖန်ခွက်သားက အလကား ဖြစ်နေလို့ပါ။ ”
“ X X X X X X X X X ”
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ကလေးတို့ရေ . . . .
အခု ပုံပြင်လေးကို ကြားကြတယ် မဟုတ်လား။ ဒီလူက ဘာလို့ ပြောတာလဲ ဆိုရင် အအေးဖန်ခွက်ထဲမှာ အအေးကို အပြည့်မထည့်လို့ပေါ့ကွယ်။ ဒီလိုပဲ ကလေးတို့ရဲ့ ခေါင်းထဲမှာရော စဉ်းစားတွေးခေါ်တတ်တဲ့ ဦးနှောက်အပြည့်မှ ရှိရဲ့လား။ မရှိဘူး သုံးပုံ တစ်ပုံပဲ ဆိုရင်တော့ လွှကြီးကို ယူပြီး အခုလိုပဲ “ ကျွိ. . .ကျွိ. .” နဲ့ ဖြတ်ပစ်လိုက် ရမှာပဲ။
နှစ်
တစ်ခါက . . .
အလွန်ကို ကြီးမားလှတဲ့ စက်ရုပ်ကြိး တစ်ရုပ်ကို တီထွင်လိုက်နိုင်တယ်။ ဒီစက်ရုပ်ကြီးက ဘယ်တော့မှ မပျက်ဆီးနိုင်ဘူး ဆိုသလို စွမ်းအားကလည်း ကြီးမားတယ်။
တစ်နေ့တော့ စက်ရုပ်ကြီးက သူ့ကိုယ်သူ အထင်တွေကြီးပြီး စဉ်းစားတယ်။
“ ငါ့လို စွမ်းအားနဲ့ ဆိုရင် ဒီကမ္ဘာကြီးရဲ့ မိုးကောင်ကင်ကြီးထဲက စကြာဝဠာ အဆုံးကို ငါ လိုက်ရှာလို့ ရနိုင်တယ်။ ”
ဆိုပြီးတော့ သူက ကောင်းကင်ကို ပျံတတ်သွားတယ်။ နောက်တော့ သူရဲ့ စွမ်းအားတွေနဲ့ ပျံသန်းလိုက်တာ ရက်ပေါင်းများစွာ ၊ လပေါင်းများစွာ ၊ နှစ်ပေါင်းများစွာသာ ကြာလာတယ်။ သူ စကြာဝဠာ အဆုံးထိ ဆိုတာကို သူမမြင်မိသေးဘူး။ သူကလည်း ဆက်ပြီးတော့ ပျံသန်းနေဆဲပါပဲ။ စကြာဝဠာကြီးကလည်း ကျယ်ပြန့်နေဆဲပါပဲ။
ဒါက ဘာကို ပြောတာလဲဆိုရင် ဒီကမ္ဘာကြီးမှာ ဖြစ်နိုင်တယ် ဆိုတဲ့ အခြေအနေတွေ အများကြီး ရှိတယ်။ ဒါကို ကိုယ့်ကိုယ်ကိုယ် အမြင့်ဆုံး ရောက်နေပြီ ဆိုပြီး အဟုတ် ထင်မနေနဲ့။ ကမ္ဘာကြီး ၊ လောကကြီးက ဒီလိုပဲ ကြီးမားကျယ်ပြန့်တယ်။ ဒါကို ကိုယ်က ကိုယ့်ကိုယ်ကိုယ် အထင်တွေ ကြီးနေရင်တော့ မရပ်မနား ဆက်လက်ပျံသန်းနေရမဲ့ စက်ရုပ်ကြီးနဲ့ တူနေလိမ့်မယ်။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ကလေးတို့ရေ. . . . . .
မင်းတို့မှာလည်း စက်ရုပ်ကြီးလိုပဲ ထုတ်သုံးလို့ မကုန်အောင် စွမ်းအင်တွေက အများကြီး ရှိတယ်။ ဒါကို လိုချင်တာတွေ မှန်သမျှ ထုတ်ယူရနိုင်တဲ့ ကမ္ဘာကြီးထဲကနေ ထုတ်ယူသုံးစွဲနိုင်ပါစေ။ ပညာဆိုတာ စင်္ကြာဝဠာကြီးလိုပဲ အဆုံးအစ မရှိပါဘူး။
သုံး
တစ်ခါက. . .
ကျီးကန်းအုပ်ကြီး တစ်အုပ်က တောပြောင်းတယ်။ ခရီးဝေးသွားရတာ ကြာတော့ သူတို့ ရေငတ်လာတယ်။ ဒါကြောင့် ရေလိုက်ရှာတော့ တောထဲက မုဆိုးတဲတစ်ခု ရှိမှာ မြေကြီးထဲကို မြှုပ်ထားတဲ့ အိုးလေး တစ်အိုးကို တွေ့လိုက်ရတယ်။
ဒီအိုးလေးက အဝကျယ်ပေမဲ့ လည်ပင်းနေရာမှာ သိမ်သွယ်နေတယ်။ ဒါကြောင့် အိုးထဲကို ငုံကြည့်လိုက်တော့ ရေက အိုးဝက်လောက်မှာပဲ ရှိတယ်။ ဒါကြောင့် ကျီးကန်းတွေရဲ့ နှုတ်သီးနဲ့ ဘယ်လိုမှ သောက်ဖို့ မမှီဘူး ဖြစ်နေတာပေါ့ကွယ်။ အိုးကလည်း မြေကြီးထဲမှာ မြှုပ်ထားလေတော့ ဘယ်လိုမှ ကျီးကန်းရဲ့ အားနဲ့ တွန်းမလှဲနိုင်ဘူးပေါ့။
ဒါကြောင့် ကျီးကန်းတွေဟာ အိုးထဲက ရေတွေကို မြင်နေရင်းနဲ့ကို ဘယ်လိုမှ မသောက်နိုင်ပဲ ငါတို့ သောက်လို့ မရပါဘူး ဆိုပြီး တခြားသော နေရာကို ထွက်သွားတယ်။ ဒါပေမဲ့ ဒီကျီးကန်းအုပ်ကြီးထဲက ကျီးကန်း ညီအစ်ကို နှစ်ကောင်ကတော့ ထွက်သွားတဲ့ ကျီးကန်းတွေနဲ့ လိုက်မသွားပဲ ဒါကို ငါရအောင် သောက်မယ်ကွာ ဆိုပြီး ချန်နေရစ်ခဲ့တယ်။
ဒါနဲ့ သူတို့ ညီအစ်ကို နှစ်ကောင် တစ်ကောင်နဲ့ တစ်ကောင် တိုင်ပင်ပြီး သူတို့ လုပ်ငန်းကို စကြတယ်။ သူတို့ လုပ်တာကတော့ အိုးလေးထဲကို ကျောက်ခဲလေးတွေ သူတို့ နှုတ်သီးနဲ့ ကောက်ထည့်လိုက်တာပါပဲ။ တစ်ကောင်တစ်လှည့်ဆီ ကောက်ထည့် လိုက်တယ် ဆိုရင်ပဲ ကျီးကန်းတွေ မဖြစ်နိုင်ဘူး ဆိုပြီး လက်လျှော့သွားတဲ့ ရေအိုးလေးထဲက ရေတွေဟာ ကျောက်ခဲတွေ အောက်ကို ရောက်လာတာကြောင့် အပေါ်ကို မြင့်မြင့်တတ်လာပြီး နောက်ဆုံး အိုးနှုတ်ခမ်းဝဆီကို ရောက်လာတော့တာပေါ့ကွယ်။ ဒါနဲ့ပဲ ကျီးကန်း ညီအစ်ကို နှစ်ကောင်က ရေအိုးလေးထဲက ရေကို သောက်လိုက်ရသတဲ့ကွယ်။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ကလေးတို့ရေ. . .
ကလေးတို့တွေလည်း ဘယ်လိုပဲ အခက်အခဲ တွေ့နေ တွေ့နေ မရဘူး ၊ မဖြစ်နိုင်ဘူး ဆိုပြီး လက်မလျှော့လိုက်နဲ့နော်။ သူများတွေ လက်လျှော့လိုက်လို့ ကိုယ်က ပိုပြီး အဆင်ပြေနေနိုင်တယ် ဆိုတာကိုလည်း မေ့မထားနဲ့ပေါ့ကွယ်။ ဘယ်အရာမဆို ပြဿနာ ဆိုတာ ရှိလာရင် ဖြေရှင်းနည်းဆိုတာလည်း ရှိနေတာပဲ ဆိုတာကို သဘောပေါက်ထားပေါ့ကွယ်။
လေး
တစ်ခါက . . .
ပညာရှိကြီး တစ်ယောက်က ဥာဏ်စမ်း မေးခွန်းတစ်ခုကို မေးတယ်။ သူက ညနေစောင်းဆိုရင် သူ့အိမ်ရှေ့မှာ ကလေးတွေ ၊ လူကြီးတွေကို ဒီလိုပဲ ဗဟုသုတ ဖြစ်ဖွယ်တွေ ပြောပြလေ့ရှိတယ်။
“ အဲဒီနေ့က လကွယ်ည။ ဒီလိုအချိန်မှာ လူတစ်ယောက်က အင်္ကျီအနက် ၊ ဘောင်းဘီ အနက် ၊ ဦးထုပ်အနက် ၊ မျက်မှန် အနက် အားလုံး အနက်ရောင် ဝတ်ပြီး မီးပျက်နေတဲ့ ဓါတ်တိုင်အောက်ကနေ မည်းနက်မှောင်နေတဲ့ ကားလမ်းမပေါ်ကို လမ်းဖြတ်ကူးတယ်။
ဒီအချိန်မှာ ကားလမ်းမပေါ်မှာ ကားမီးတွေ လုံးဝပျက်နေတဲ့ ကားတစ်စီးဟာ အရှိန်ပြင်းပြင်းနဲ့ မောင်းချလာတယ်။ ဒီလို မောင်းလာပြီး ခုနက အနက်ရောင် ဝတ်စုံနဲ့ လမ်းဖြတ်ကူးလာတဲ့ လူနားလည်း ရောက်ရော ကားဘရိတ်ကို ဖိနင်းပြီး . . .
“ သေချင်လို့လား။ ”
လို့ တစ်ချက်ပဲ မေးတယ်။ နောက်တော့ ကားကို ကွေ့ရှောင်ပြီး ဆက်မောင်းသွားတယ်။ ဒီမှာ ဒီလို အနက်ရောင်ကြီး ဝတ်ထားပြီး လမ်းမီးတွေကလည်း ပျက်နေတယ်။ ကားမီးတွေကလည်း မကောင်းဘူး။ ဒါကို ကားမောင်းလာတဲ့ သူ ဘယ်လို မြင်သွားတာပါလိမ့်ကွယ်။ စဉ်းစားပေးကြပါဦး။ ”
ဒီလို ပညာရှိကြီးက ပြောတော့ နားထောင်နေသူတွေလည်း အားလုံး ဝိုင်းစဉ်းစားပြီး အဖြေတွေ ပေးလိုက်တာ တစ်ယောက်မှ မမှန်ဘူး။ တကယ်တမ်း အဖြေမှန်က. . .
“ ဒီလိုအချိန်မှာ ဆိုပြီး ပညာရှိကြီး ပြောထားမှတော့ကွယ်။ ညနေစောင်းပေါ့။ ပညာရှိကြီးက ညနေစောင်းမှာ ပြောနေတာလေ။ ညနေစောင်းဆိုတာ နေမှ မဝင်သေးတာလေ။ ဒါကြောင့် တွေ့သွားတာပါ။ ဒါပေမဲ့လည်း အနက်ရောင်တွေ ၊ လမ်းမီး မလာတာတွေ ၊ ကားမီးပျက်တာတွေကြောင့် လူရဲ့ အာရုံကို လွှမ်းမိုးပြီး ရှုပ်သွားရတာပါ။ ”
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ကလေးတို့ရေ. . . .
ကလေးတို့တွေလည်း သူများပြောတဲ့ အာရုံနောက်စေမဲ့ စကားတွေ အစား တကယ့် ဖြစ်ရပ်မှန် ၊ ဖြစ်သင့်တဲ့ ကိစ္စကို သေချာစွာ မြင်တတ်ပါစေကွယ်။
ငါး
တစ်ခါက . . . .
ကလေးတွေ တစ်စုဟာ လက်ပစ်ဘောလုံးလေးနဲ့ ဆော့ကစားနေရင်း သူတို့ ပစ်နေတဲ့ ဘောလုံးလေးဟာ သူတို့ ကစားနေတဲ့ အနားက တိုင်ကီထဲ ကျသွားသတဲ့ကွယ်။ ဒီတော့ သူတို့ရဲ့ အရပ်နဲ့ တိုင်ကီနဲ့က ကွက်တိ ဆိုတော့ သူတို့ ဘယ်လိုမှ ကောက်လို့ မရဘူး။ ဒါကြောင့် တိုင်ကီထဲကို မြင်ရအောင် အုတ်ခဲလေးတွေ အောက်က ခုပြီး ကြည့်လိုက်တော့ သူတို့ ဘောလုံးလေးဟာ တိုင်ကီထဲမှာ ရေနည်းနေတော့ ဟိုး အောက်ခြေကို ရောက်နေတာကို လှမ်းမြင်ရသတဲ့ကွယ်။
ဒီတော့ သူတို့ သစ်သားတုတ်ချောင်းနဲ့ ညှပ်ဆွဲပြီး ကောက်ဖို့ ကြိုးစားတယ်။ မရ။ တိုင်ကီကို တွန်းလှဲဖို့ ကြိုးစားတယ်။ မလဲ။ ဒါနဲ့ သူတို့ နည်းမျိုးစုံနဲ့ ကြိုးစားကြတာမှာ နောက်ဆုံးတော့ သူတို့ မထင်တဲ့ အလွယ်ဆုံး နည်းနဲ့ ဘောလုံးလေးကို ထုတ်လိုက်နိုင်တယ် တဲ့ကွယ်။
အခု သူတို့ ထုတ်လိုက်နိုင်တဲ့ နည်းက ဘယ်နည်းလို့ ကလေးတို့ စဉ်းစားမိသလဲကွယ်။ စဉ်းစားကြပါဦး။ ”
X X X X X X
X X X X X X
X X X X X X
X X X X X X
X X X X X X
တကယ်တော့ သူတို့ ဘောလုံးလေးကို တိုင်ကီထဲက ထုတ်လိုက်နိုင်တဲ့ နည်းကတော့ တိုင်ကီထဲကို “ ရေဖြည့်လိုက်တဲ့နည်း ” ပေါ့ကွယ်။ ဘောလုံးဆိုတာ ရေမှ မမြုပ်တာလေကွယ်။ ဒါကြောင့် သူတို့ တိုင်ကီထဲကို ရေဖြည့်လိုက်တာနဲ့ ရေပေါ်မှာ ပေါ်နေနိုင်တဲ့ ဘောလုံးလေးက အလိုလို ရေပေါ် ပေါ်ပြီး တတ်လာတာပေါ့ကွယ်။
ရေတွေ ပြည့်လာပြီး ဘောလုံးလေး တိုင်ကီအပေါ်ဆုံးကို ရောက်မှ ဘာမှ ပင်ပန်းစရာ မလိုတော့ပဲ အသာလေး ယူလိုက်တာပေါ့ကွယ်။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ကလေးတို့ရေ. . . .
ကလေးတို့တွေလည်း မိမိ မမှီနိုင်တာကို အတင်းကြီး အားထုတ်ကြိုးပမ်းပြီး စိတ်ဆင်းရဲမှု မဖြစ်စေနဲ့။ မိမိ ဘာဖြစ်ချင်တယ် ဆိုတာကို သိရင် ဒါကို ဖြစ်လာနိုင်အောင် မိမိကိုယ်ကိုယ် ဘယ်လို အရင်ဖြည့်ဆည်းမလဲ ဆိုတာ အရင်စဉ်းစားရမယ်။ ဒါမှ မိမိက မြင့်တတ်လာပြီ ဆိုရင် မိမိလိုချင်တာကို အလိုလို လှမ်းယူဖို့ နီးနီးလေး ဖြစ်လာလိမ့်မယ်ကွယ်။
မှတ်ချက်။ ။ ဖတ်ဖူးထားတာလေးတွေနဲ့ ဆင့်ပွား တွေးထားတာလေးတွေပါပဲ။ ဘယ်က ဘယ်လို ဖတ်မိတယ် ဆိုတာကတော့ မမှတ်မိတော့ပါဘူး။ အဓိက ကတော့ ကလေးတွေ အတွက် ရည်ရွယ်ပါတယ်။
လေးစားစွာဖြင့်
ကိုဇော်
(17.3.2010 - 5.10 AM )

“ ကြုံရင် ပုံပြင် ပြောပါ။ ”

18 ယောက် ရဲ့ ထင်မြင်ချက်:
ပုံပြောကောင်းတယ်နော်။
ကျမလည်းပုံပြင်ကြိုက်တယ်။
ပုံပြင်စာအုပ်တွေအများကြီးရှိတယ်။
ကြုံရင်ငှားမယ်ဟေ့...။
ပုံပြောကောင်းသူကြီး
ဒီလိုပုံတွေပြောလာတာ ဘယ်လောက်ကြာပြီလဲ
သိပ်မပြောနဲ့နော်..
ပုံပြောကောင်းလို့ ငိုနေတဲ့ ကောင်မလေး ဘယ်နှယောက်ရှိပြီတုန်း....း)
လက်ညိုးတွေမလောက်ဖူးတဲ့ဗျ ရေတွက်ဖို့
ပုံပြောကောင်းလွန်းတယ်း)း)
ဟဲဟဲ..ပုံပြင်လေးတွေဆက်ပါဦးဗျ....ပုံပြင်တိုင်းက အတွေးလေးတွေ ၇တဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ....ကိုဇော်tag ထားတာကိုလည်းေ၇းဖို့ ကြိုးစားနေပါတယ်...
အတွေးတွေများနေလို့ ...ဟီးးး
နေ့ခင်းထဲက လာဖတ်ပြီးသား၊ ပုံပြောကောင်းသူဂျီးရေ.....:)
ကလေးတွေကိုကော လူကြီးတွေကိုကာ ထပ်ဆင့် ပြောပြလိုက်ပါ့မယ် ကိုဇော်...
ပုံပြင်လေးတွေက အတော်ကောင်းတယ် ..
စိတ်ဓာတ်ရင့်ကျက်စေမယ့် ပုံပြင်မျိုးပါပဲ ...
ကသုတ်ကယက်၊ ကသောကမျော၊ ကမူးရူးထိုး၊ ကမမ်းကတမ်း၊ ဒရောသောပါး... ပုံပြင်လာနားထောင်သွားပါတယ်။
ဟူး...မောလိုက်တာနော်။:)
ပုံပြင်လေးတွေကောင်းတယ်။ သားတို့ကိုပြန်ပြောပြမယ်။ မောင်လေးရေးတဲ့စာတွေကို လာလာဖတ်ပါတယ်။ ပျော်ရွှင်ပါနိုင်စေ။
ကလေးတွေတင်မဟုတ်ပါဘူး..လူငယ်..လူကြီးအားလုံးအတွက်..အ၇မ်းကောင်းတဲ့..ပုံပြင်လေးတွေပါ...အားလုံးထဲမှာ ၃ ကိုအကြိက်ဆုံးဘဲ...ဖတ်ပြီးတော့ ကိုယ်ကိုကိုယ်ပြန်သတိပေးနေ၇တယ်..လွယ်၂နဲ့ အားမလျော့ဖို့လေ....ကျေးဇူးပါဗျာ...ကိုဇော်..အသက်၇ှည်ပါစေ..စာတွေလဲ အများကြီးေ၇းနိုင်ပါစေ...
joomlaနဲ့ဝူးနေရကြားထဲ ပုံပြင်ဆိုလို့ ခဏလေး ဆာဗာထဲကပြေးလာပြီးငြိမ်ငြိမ်လေး နားထောင်သွားတယ် ဦးဇော်။ လူကြီးဖြစ်နေပြီကိုးးးး ပုံပြင်ငတ်နေတာ ကြာပေါ့။ :'(
ဦးဇော် လေ မဒမ်ဇော် နဲ့ ဟိုဒင်း ... လက်ဆက်ပြီးလို့ တားတား မီးမီးလေးတွေကျရင် တီတီဒီဒီ အဲပုံပြင်တွေ ပြန်ပြောပြပေးမယ် ချိတ်ချ တိရား ...
ခုတော့ ညန်ညန်စွံအောင်လုပ်လိုက်ဦး။ အဟီး :P
ပုံပြောကောင်းတဲ့ဆရာကြီး နောက်လည်အများကြီးပြောနိုင်ပါစေ........
ဖတ်လို့ကောင်းတယ်... ဒါနဲ့ ရေးထားတဲ့ အဟောင်းတစ်ပုဒ်လုံးကို ကွန်မန့်တွေပါ ပါအောင် ဒိတ်အသစ်မှာ ပြောင်းတင်လိုက်တယ်နော်.. မလုပ်တတ်သေးဘူး... စမ်းကြည့်ဦးမှပဲ....
ခင်မင်တဲ့
နေ၀သန်
နံပါတ်သုံးကညီမတို့ တရုတ်ကျောင်းဖတ်စာစာအုပ်ထဲကပုံပြင်လေးပါ
လူတွေကိုဇွဲမလျော့ဘဲကြိုးစားစေချင်တဲ့အရာလေးပါ၊
နံပါတ်၃ကလည်းဘယ်နေရာမှာဖတ်ဖူးလည်းတော့မသိဘူးသိသလိုလိုပဲ
ပုံပြင်အားလုံးမှာဗဟုသုတပါတယ်၊ ယူတတ်ရင်ကိုယ့်အတွက်ချည်းပဲ
မယူတတ်ရင်တော့နောက်ကောက်ကျန်နေလိမ့်မယ်
ပုံပြောတော်တော်ကောင်းတယ်၊ ဆုအကြီးမားဆုံးဆုကို ရရှိုပါသည်
(လူအများကလေးစားသောဆုရှင်) ကိုဇော်ဖြစ်ပါတယ်၊
ညီမ ကိုဇော်ကိုတော်တော်လေးစားတယ်၊ လူသားတွေအတွက်ဗဟုသုတရစေ
မယ့်စာတွေကိုမအားလပ်တဲ့ကြားကနေရေးပေးနေတဲ့အတွက်ပါ၊
နောက်နောင်လည်းရေးသားပါအုံးလို့ ဆိုချင်ပါတယ်
ထာဝရအားပေးလျက်ပါ
ပုံပြင်လေးတွေ ကြိုက်တယ် ကိုဇော်
အဟောင်းပေမယ့်ဖတ်ရသေးဝူး။
ဖိုးဖိုးဦးဇော်ကလည်းပုံပြောကောင်းတယ်။
တစ်.နှစ်.သုံး.လေး..ငါး..အကုန်ဖတ်ပြီး
အိမ်ကျရင်ပုံပြောရမယ်။
ပုံပြင်တွေကိုကြိုက်နှစ်သက်ပါတယ်အစ်ကို(♥ဖိုးသား♥)

တစ်နဲ့ သုံး ကို သဘောကျတယ်။
ကျနော်လည်း ပုံပြင်တွေ ကြုံရင်ခုထိ ဖတ်တုန်းပဲ။
Post a Comment