တစ်ခါက . . .
ကုလားအုပ်သားလေးက ကုလားအုပ် အမေကို မေးသတဲ့။
“ မေမေ . . . သားတို့မှာ ဘာလို့ သူများတွေထက် ကြီးတဲ့ ဘို့ကြီးတွေ ရှိနေရတာလဲ ဟင် ”
သားဖြစ်သူက အမေ့ရဲ့ လည်ပင်းရှည်ရှည်တွေကို သူ့ရဲ့ ဦးခေါင်းနဲ့ ပွတ်တိုက်ရင်း မေးလာတာကို အမေ ဖြစ်သူ ကုလားအုပ်မကြီးက သားငယ်ကို ချစ်လှစွာသော မျက်ဝန်းတွေနဲ့ ကြည့်ရင်း . . . .
“ ဒါဟာ မေမေတို့ ကုလားအုပ်တွေရဲ့ ထူးခြားချက်ပေါ့ သားရဲ့။ တခြား ဘယ်တိရစ္ဆာန်မှာမှ ဒီလောက်ကြီးတဲ့ ဘို့ကြီးတွေ မပါဘူး။ ဒီဘို့ကြီးတွေထဲမှာ မေမေတို့ ရက်ပေါင်းများစွာ သောက်သုံးဖို့ ရေတွေ သိုလှောင်ထားနိုင်တယ်။ ပမာဏနဲ့ ပြောရရင်တော့ ရေတစ်တိုင်ကီခွဲလောက်အထိ မေမေတို့လို အရွယ်ရောက်နေတဲ့ ကုလားအုပ်တွေက သိုလှောင်ထားနိုင်တယ် သားရဲ့။ ဒါဟာ ကုလားအုပ်တွေ အတွက် ဂုဏ်ယူစရာပဲပေါ့။ ”
မေမေ ကုလားအုပ်မကြီး ပြောနေတာကို ဘေးကနေ သားလေး ကုလားအုပ်က မျက်လုံးလေး ကလယ် ကလယ်နဲ့ မော့ကြည့်နေရှာတယ်။ ပြီးတော့မှ . . . . .
“ နောက်ပြီးတော့ ရှိသေးတယ် မေမေ။ ”
“ ပြောပါဦး ငါ့သားရဲ့။ ”
“ သားတို့ရဲ့ လည်ပင်းတွေကလည်း တခြား သတ္တဝါတွေထက် ရှည်တယ်နော် မေမေ။ သားတို့ထက် ရှည်တာ ဆိုလို့ သစ်ကုလားအုပ်တွေပဲ ရှိမယ်နော် မေမေ။ သူတို့ ရှည်တာနဲ့ သားတို့ ရှည်တာလည်း မတူဘူးနော်။ ”
သားရဲ့ စကားဆုံးတော့ မေမေ ကုလားအုပ်ကြီးက ဟက်ခနဲ တစ်ချက် ရယ်ရင်း . . . .
“ ဒါကလည်း မေမေတို့ ကုလားအုပ်တွေ အတွက် ထူးခြားချက်ပဲ သားရဲ့ မေမေတို့ အဓိက နေတာက သဲကန္တာရထဲမှာလေ။ သဲကန္တာရဆိုတာ သဲမုန်တိုင်း ဆိုတာနဲ့ ကင်းကွာနိုင်တာ မဟုတ်ဘူး သားရဲ့။ မကြာခဏ သဲမုန်တိုင်းတွေက တိုက်နေတာလေ။ ဒီလို သဲမုန်တိုင်း မတိုက်ခင်မှာ ကြိုတင်ပြီးတော့ မြင်နိုင်အောင်လို့ မေမေတို့ လည်ပင်းတွေက ရှည်ထားရတာ။ ပြီးတော့ ရှည်နေတဲ့ လည်ပင်းကလည်း အပေါ်ကို ရှည်ထွက်နေတာမျိုး မဟုတ်ဘဲ ၊ အရှေ့ကို ရှည်ထွက်နေမှ တိုက်ခတ်လာတဲ့ မုန်တိုင်းကို အံ့တုနိုင်မှာပေါ့ သားရဲ့။ ”
“ သြော် . . . ”
သားဖြစ်သူ ကုလားအုပ်လေးက တွေးတွေးဆဆ နဲ့ ခဏငြိမ်သွားပြီးမှ . . . .
“ သားတို့ရဲ့ မျက်လုံး တည်ရှိနေပုံ နဲ့ နှာခေါင်းပေါက် တည်ဆောက်ပုံတွေကလည်း သူများ သတ္တဝါတွေနဲ့ မတူဘူးနော် မေမေ။ ”
“ အမှန်ပဲပေါ့ သားလေးရေ။ မေမေ ခုနက ပြောခဲ့တဲ့ အတိုင်း မေမေတို့က ကန္တာရမှာ ကျင်လည်နေရတဲ့ ကုလားအုပ်တွေ ဆိုတော့ သဲမုန်တိုင်း တိုက်ခတ်လာတဲ့ အခါမှာ သဲတွေ မျက်လုံးထဲကို မဝင်ရလေအောင် သဘာဝက ပေးထားတဲ့ လက်ဆောင်ပေါ့ သားရယ်။ မျက်လုံးတွေထဲကို သဲတွေ မဝင်နိုင်အောင်လို့ မျက်လုံးက နှာရိုးရဲ့ အကွယ်မှာ ရှိနေတာပေါ့ကွယ်။ ဒါမှလည်း တော်ရုံ သဲတွေ မဝင်နိုင်မှာပေါ့။ နှာခေါင်းကလည်း ဒီလိုပဲ တိုက်ခတ်လာတဲ့ လေတွေ နှာခေါင်းထဲ တန်းမဝင်လေအောင် ထိပ်က နှာပွ အသားမာတွေနဲ့ ကာကွယ်ထားတာပေါ့ကွယ်။ ပြီးတော့ နှာခေါင်းဝမှာ ရှိနေတဲ့ အသားစိုင်ကလည်း လေတွေနဲ့ အတူ သဲတွေ ပါလာရင် ပိတ်ပြီးတော့ ကာကွယ်ထားနိုင်တယ်။ အသက်ရှူချင်မှ ပြန်ဖွင့်ပြီးတော့ ရှူနိုင်တာပေါ့ကွယ်။ ဒါကိုက မေမေတို့ ကုလားအုပ်တွေရဲ့ သဘာဝက ပေးတဲ့ ထူးခြားချက်ပေါ့ သားရယ်။ ”
သဘာဝက ပေးတဲ့ လက်ဆောင်တွေ အများကြီး ပိုင်ဆိုင်ထားမှန်း သိသွားတဲ့ အတွက် သား ကုလားအုပ်လေး မျက်လုံးထဲမှာ အရောင်တွေ လက်ထလာတယ်။ စိတ်အားလည်း တက်ကြွလာသလို ခံစားရတယ်။
“ ပြီးတော့ သားတို့ ခန္ဓာကိုယ်ပေါ်မှာလည်း အမွှေးတွေ ကြမ်းကြမ်းတမ်းတမ်းနဲ့ ရှည်ရှည်တွေ ရှိပေမယ့်လည်း ထူထူထဲထဲတော့ များများစားစား ရှိနေဘူးနော်။ ဒါကလည်း ဘာကြောင့်လဲ မေမေ။ ”
အမေး အမြန်းထူတဲ့ သားငယ် ကုလားအုပ်လေးကို မေမေ ကုလားအုပ်မကြီးက ချစ်မြတ်နိုးစွာဖြင့် ကြည့်လိုက်ပြီး . . .
“ ဒါဟာ ဘာဖြစ်လို့လဲ ဆိုတော့ မေမေတို့က ကန္တာရထဲမှာ နေရတာ ဆိုတော့ သဲမုန်တိုင်း ဒဏ်ကို ခံစားရပြီ ဆိုရင် သဲတွေရဲ့ ဒဏ်ကို ကာကွယ်နိုင်ဖို့ အမွှေးတွေကလည်း ကြမ်းကြမ်း ရှိနေရမယ်။ ဒါပေမယ့် အမွှေးတွေ များများကြီး ရှိနေပြန်တော့လည်း အမွှေးတွေ ကြားထဲမှာ သဲတွေ ကပ်ဝင်ကုန်ပြီးတော့ ကိုယ်ခန္ဓာကြီးက လေးလံပြီးတော့ ခရီး မတွင်မှာ စိုးလို့ သဘာဝက ပေးထားတဲ့ လက်ဆောင်ပါ သားရေ။ ဒါမှလည်း သဲတွေက ခန္ဓာကိုယ်ကို လာစင်ပြီးတော့ တွယ်ကပ် မနေဘဲ အောက်ကို လျှောကျပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ခရီးသွားရတာ တွင်ကျယ်မှာပေါ့ကွယ်။ ”
“ ဝေးးးးးးးးးးးး ”
မေမေ ကုလားအုပ်မကြီးရဲ့ စကားလည်း ဆုံးရော သားငယ် ကုလားအုပ်လေးက ပျော်ရွှင်ပြီးတော့ မြူးတူး ဟစ်ကြွေးလိုက်လေတယ်။ ပြီးတော့ ဟိုဟိုဒီဒီလည်း ပြေးလွှားလိုက်သေးတယ်။ မေမေ ကုလားအုပ်မကြီးကတော့ အခုမှ ကြီးကောင်ပေါက် ဖြစ်လာတဲ့ သားငယ်လေးကို ကြည့်ရင်း ပြုံးနေလေတော့တယ်။ ကုလားအုပ်တွေ ကြီးကောင်ပေါက်လာရင် လောကကြီး အကြောင်းကို သိလိုစိတ်ဖြင့် အခုလို စကားများကာ သိလိုတာတွေ မေးမြန်းလာတတ်ကြတာ ထုံးစံပဲ မဟုတ်ပါလား။
ကုလားအုပ်မကြီး ငယ်ငယ်ကလည်း သူ့ရဲ့ မေမေကို မေးခဲ့တာပါပဲ။ အဲဒီတုန်းကလည်း ကုလားအုပ်မကြီးရဲ့ မေမေကလည်း ကုလားအုပ်မကြီးကို အခုလိုပဲ ပြန်ဖြေခဲ့တာပဲ မဟုတ်လား။ ပြေးလွှားနေရာမှ အတန်ငယ် မောလာတော့ ကုလားအုပ်လေးက မေမေ ကုလားမကြီးဆီကို ပြန်ပြေးလာပြီးတော့ သူ့ရဲ့ ခြေထောက်နဲ့ခွာတွေကို ငုံ့ကြည့်ရင်း . . .
“ မေမေ . . . သားတို့ ကုလားအုပ်တွေရဲ့ ခြေထောက်ကလည်း တခြား သတ္တဝါတွေရဲ့ ခြေထောက်နဲ့ မတူဘူးနော် မေမေ။ အထူးသဖြင့် ခွာတွေဆိုရင် သူများတွေရဲ့ ခြေထောက်နဲ့ ခွာရဲ့ အချိုးအစားထက် ကြီးတယ်နော်။ ”
မေမေ ကုလားအုပ်မကြီးက ထပ်ပြုံးလိုက်ရင်း . . .
“ ဒါပေါ့ . . . သားရယ်။ ဒါကလည်း သဘာဝက ပေးတဲ့ ကုလားအုပ်တွေ အတွက် အထူးလက်ဆောင်ပေါ့ကွယ်။ ဒီလို မေမေတို့ ကုလားအုပ်တွေရဲ့ ခြေထောက်တွေက ပိန်သွယ်ပြီးတော့ ရှည်လျားထားမှ တကယ်လို့ သဲကန္တာရထဲကို ခြေကျွံကျသွားတယ် ဆိုရင်တောင်မှ ပြန်ဆွဲထုတ်ရ လွယ်တာပေါ့ သားရဲ့။ ဒါကလည်း ပြောမယ့်သာ ပြောရတာပါ။ မေမေတို့ရဲ့ ခွာက တခြားသော သတ္တဝါတွေရဲ့ ခြေထောက်နဲ့ခွာ အချိုးအစားကို ယှဉ်ကြည့်မယ် ဆိုရင် မေမေတို့ရဲ့ ခြေထောက်နဲ့ခွာရဲ့ အချိုးအစားက ပိုကြီးနေတယ် သားရဲ့။ ခွာပိုကြီးတဲ့ သတ္တဝါက ခွာသေးတဲ့ သတ္တဝါထက် ခြေကျွံကျဖို့ နည်းတာပေါ့ကွာ။ ဒါကလည်း ကုလားအုပ်တွေ အတွက် အထူး ရရှိထားတဲ့ သဘာဝရဲ့ လက်ဆောင်ပါပေါ့ သားရဲ့။ ”
မေမေ ကုလားအုပ်မကြီးက တက်ကြွစွာ ပြောလိုက်တော့ သားငယ် ကုလားအုပ်က အားရ ကျေနပ်သွားတဲ့ မျက်နှာဖြစ်သွားတယ်။ ဒါပေမယ့် ချက်ချင်းပဲ သားငယ် ကုလားအုပ်လေးက ဘေးပတ်ဝန်းကျင်ကို မျက်စိ ဝေ့ကြည့်လိုက်ပြီး . . .
“ ဒါပေမယ့် မေမေရယ်။ ”
ဟု ဆိုကာ မျက်နှာလေး ချက်ချင်း ငယ်သွားတယ်။
“ ဘာဖြစ်လို့လဲ သားရဲ့။ ”
သားငယ် ကုလားအုပ်လေးက သက်ပြင်းရှည်ရှည်ကြီးကို မှုတ်ထုတ်လိုက်တယ်။ ပြီးမှ . . .
“ ဒါပေမယ့် မေမေရယ်။ သားတို့ရဲ့ ရေတစ်တိုင်ကီခွဲ ဆန့်ပါတယ် ဆိုတဲ့ ဘို့ကြီးရယ် ၊ သဲမုန်တိုင်း ဒဏ်ကို ခံနိုင်ပါတယ် ဆိုတဲ့ အမွှေးကြမ်းကြမ်းတွေ ရှိနေတဲ့ ခန္ဓာကိုယ်ရယ် ၊ သဲမုန်တိုင်းကို အဝေးကနေ မြင်နိုင်ပါတယ် ဆိုတဲ့ လည်ပင်းရှည်ရှည်တွေရယ် ၊ သဲတွေ မဝင်နိုင်အောင် သဘာဝက အကာအကွယ် ပေးထားပါတယ် ဆိုတဲ့ မျက်လုံး နဲ့ နှာခေါင်းပေါက်တွေရယ် ၊ သဲထဲကို ခြေမကျွံကျအောင် သဘာဝက လက်ဆောင် ကြီးပေးထားတဲ့ ခွာရယ် ၊ ခြေကျွံကျရင်တောင်မှ ပြန်နုတ်ရ လွယ်ပါတယ် ဆိုတဲ့ ခြေထောက်တွေရယ်က သားတို့ အတွက် အသုံးမဝင်ပါလား မေမေရယ်။ ”
သားငယ် ကုလားအုပ်လေးရဲ့ စကားသံကို ကြားတော့ မေမေ ကုလားအုပ်မကြီးက အလန့်တကြား ဖြစ်သွားပြီးတော့ သားငယ်လေးကို လှမ်းပြောလိုက်တယ်။
“ မဟုတ်တာဘဲ သားရယ်။ ဒါတွေ ရှိနေလို့ သဘာဝရဲ့ လက်ဆောင် ရရှိထားလို့ မေမေတို့က ကုလားအုပ် ဆိုပြီးတော့ သူများတွေထက် ထူးခြားနေတာပေါ့ သားရယ်။ ”
သားငယ် ကုလားအုပ်လေးက ဟိုးအဝေးကို ငေးကြည့်ပြီးတော့ ဆက်ပြောတယ်။
“ ဒါတွေ ရှိနေလို့ သားတို့က ကုလားအုပ်လို့ ခေါ်တာတော့ ဟုတ်ပါတယ် မေမေရယ်။ ဒါပေမယ့် သားတို့ အခု ရောက်နေတဲ့ နေရာက ကန္တာရနဲ့ မိုင်ထောင်ပေါင်းများစွာ ဝေးတဲ့ နိုင်ငံ တစ်ခုရဲ့ တိရိစ္ဆာန်ရုံထဲကို ရောက်နေတာလေ မေမေ။ တိရိစ္ဆာန်ရုံရဲ့ သံမံသလင်းပေါ်မှာတော့ သားတို့ရဲ့ သဲကန္တာရကို အံ့တုနိုင်တဲ့ အစွမ်းတွေက ဘာမှ သုံးမရတော့ဘူးပေါ့ မေမေရယ်။ ”
“ x x x x x x ”
“ သဲကန္တာရမှာ ဒီလိုတွေ အသုံးဝင်ပါတယ် ဆိုတဲ့ အကောင် တစ်ကောင် ဒီနေရာမှာ ပြသ ခံနေရတာထက် သားတို့ရဲ့ အစွမ်းသတ္တိတွေက ဘာများ အသုံးကျတော့လို့လည်း မေမေရယ်။ ”
“ x x x x x x ”
သားငယ် ကုလားအုပ်လေးရဲ့ စကားလည်း ဆုံးရော မေမေ ကုလားအုပ်မကြီး ဘာမှ ပြန်မပြောနိုင်ဘဲ တိတ်ဆိတ်ကာ နေလေတော့တယ်။
ပုံပြင်လေးကတော့ ဒါပါပဲ။
တကယ်လို့ . . . .
တကယ်လို့ပေါ့ . . . .
ကျွန်တော်သာ ကုလားအုပ်လေး တစ်ကောင် ဖြစ်ခဲ့မယ် ဆိုရင် . . .
ပြီးတော့ လူထုခေါင်းဆောင် ဆိုသော ( အများက အမေလို့ တင်စား ခေါ်ဝေါ်သော ) ကျွန်တော်တို့ မေမေကို ကျွန်တော်လည်း ပြောခွင့်သာ ရမယ် ဆိုရင် ပြောချင်လိုက်တာဗျာ။
“ မေမေရယ် . . . .
- နိုင်ငံရေး လုပ်တယ် ဆိုတာ နိုင်ငံ ရှိမှ နိုင်ငံရေး လုပ်လို့ ရတာပါ။ နိုင်ငံ မရှိတော့သူတွေ အတွက် နိုင်ငံဆိုတာ အရင် ရအောင် ပြန်လည် တိုက်ယူရတော့မှာပါ။ နောင်တစ်နေ့ ကျွန်တော်တို့ ပြန်လည် တိုက်ယူနေရတဲ့ လူနည်းစု မဖြစ်ချင်ဘူး မေမေ။
- လူနည်းစုကို မေတ္တာထားတယ် ဆိုတာကြောင့် လူအများစုကို လျစ်လျူရှု့တာမျိုးတော့ မဖြစ်စေချင်ဘူး မေမေရယ်။ လူနည်းစုက ပိုအရေးကြီးလား ၊ လူအများစုက ပိုအရေးကြီးလား မေမေ။
- ဖွံဖြိုးတိုးတက်ပြီးသား နိုင်ငံတွေမှာ လူ့အခွင့်အရေး ဆိုတာ အဓိက အရေးကြီးတာ ဖြစ်ပေမယ့် ဖွံဖြိုးဖို့ အားယူနေတဲ့ နိုင်ငံမှာတော့ လူ့အခွင့်အရေး ဆိုတာ နောင်မှ ကြွေးကြော်ပြီးတော့ တိုက်ယူရင်လည်း နောက်မကျသေးပါဘူး။ ပီကေကို တက်နင်းထားမိလို့ လမ်းဆက် မလျှောက်နိုင်တော့တဲ့ လူတစ်ယောက်လိုတော့ မဖြစ်စေချင်ဘူး မေမေရယ်။ ပီကေ ဆိုတာ ပီကေ လောက်ပဲ ကပ်မှာပေါ့ မေမေရယ်။
- ပြီးတော့ အခု ကျွန်တော်တို့ ရောက်နေတာက ကုလားအုပ်မကြီး ပြောနေသလို သဲကန္တာရကြီး မဟုတ်ဘူး မေမေ။ သံမံသလင်းပေါ်ကို ရောက်နေတာလေ။ ဒီတော့ ဒီအတွက် မေမေ ခြေကျွံကျမှာ စိုးပြီးတော့ အရမ်းကြီး စိုးရိမ်မနေပါနဲ့။
- ပြီးတော့ ကျယ်ပြောလှတဲ့ ကန္တာရကြီးကို တွေးတွေးပြီးတော့ ကိုယ်ရောက်နေတဲ့ တိရိစ္ဆာန်ရုံ အကျယ် အကျဉ်း ဆိုတာကိုလည်း မေ့မနေစေချင်ဘူး မေမေရယ်။
ပြောရရင်တော့ အများကြီးပဲ မေမေရယ်။ ဒါပေမယ့် သားကလည်း ကုလားအုပ်ငယ်လေး မဟုတ်လား။ သိချင်တဲ့ အရွယ် ၊ မေးမြန်းချင်တဲ့ အရွယ် ဆိုတော့လည်း မေးမိ ပြောမိတာတွေ ရှိသလို ၊ ပြောမိ ဆိုမိတာတွေလည်း ရှိတာပေါ့ မေမေရယ်။ သားက ဘာမှတော့ မသိပါဘူး။ ဒါပေမယ့် သားရောက်နေတဲ့ နေရာက သဲကန္တာရလို ကျယ်ပြောတဲ့ နေရာ မဟုတ်ဘဲ တိရိစ္ဆာန်ရုံလောက်သာ ကျယ်ဝန်းတဲ့ နေရာ ဆိုတာလောက်တော့ သားသိပါသေးတယ်။
ဘာလို့လဲ ဆိုတော့ သားက အမြင် မကျယ်ဘူးလေ။ မေမေကတော့ အမြင်ကျယ်ပါတယ်။ ဒါပေမယ့် မေမေရယ် . . . ကိုယ်ရောက်နေတဲ့ လက်ရှိနေရာဟာ ဘာလဲ ၊ ဘယ်လိုလဲ ဆိုတာတော့ အရှိအတိုင်း မြင်ဖို့ လိုမယ် ထင်ပါတယ်။
မေမေ ကျန်းမာ ပျော်ရွှင်ပါစေ။
သားသား ကုလားအုပ်လေး
လေးစားစွာဖြင့်
ကိုဇော်
5 ယောက် ရဲ့ ထင်မြင်ချက်:
ခံစားချက်တွေစုံသွားတယ်...
၁) မိခင်ကုလားအုတ်မကြီးက တစ်ချက်ချင်းရှင်းပြနေတုန်းက တယ်ဟုတ်ပါလား.. ဆိုတဲ့ အတွေးမျိုး
၂) အားလုံးရှင်းပြီး ကလေးက မချိတင်ကဲပြောတဲ့အချိန်မှာ ဘာလို့ပါလိမ့်ဆိုတဲ့ .. သိလိုစိတ်မျိုး
၃) ကလေးက တိရိစ္ဆာန်ရုံထဲရောက်နေကြောင်းပြောတဲ့အခါမှာလည်း ပြုံးပြီး ခိုင်းနှိုင်းပုံလေးကို သဘောကျတဲ့စိတ်မျိုး..
၎) နောက်ဆုံးအချက် ကတော့ မျက်မှောက်အခြေအနေကို ထင်ဟပ်ပြီး ပြထားတဲ့အကြောင်းလေးကို မြင်မိတော့ သဘောကျတဲ့စိတ်နဲ့အတူ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်တိုင်းပြည်အတွက် စိတ်မကောင်းမိတဲ့ ခံစားချက်မျိုး...
ကိုဇော်ရေ.. ဒီနေ့တော့ သာမာန်နေ့ထက်ထူးသွားပြီဗျာ..။
ဒကာတော်ရေ အကူအညီလိုပါ တယ် နည်းပညာအကူအညီတစ်ခုလောက်ပါ...
pannainda.ashin@gmail.com
www.kotawsarpay.com ကိုပြန်ဆက်သွယ်ပေးပါးကွယ်..။ ဆက်သွယ်မှုကိုစောင့်မျှော်လျက်
ဥုးဇင်း
ကုလားအုပ်ပုံပြင်လေးကတော့ ရှယ်ပဲဗျား
လူ့အခွင့်အရေးဆိုတာ မျော့ကြိုးလို လိုသလို တင်းလိုက်လျော့လိုက် လုပ်ရတယ်လို့ အမေရိကန်က သက်သေပြနေတာပဲ လို့ ကျွန်တော်ထင်တယ် ကိုဇော်ရေ
စာမမြင်ရဘူး အကိုဇော်
ကျေးဇူးပြု၍ကူညီပေးပါလား ကိုဇော် ဘယ်လိုဖေါက်နဲမှအဆင်ပြေမလဲမသိဘူးဗျ
Post a Comment