ငယ်ငယ်က ကျွန်တော့်ရဲ့ နွားကျောင်းသား အတွေ့အကြုံလေးကို ပြောပြချင် ပါသေးတယ်။ နွားကျောင်းသားချင်း တူရင်တောင်မှ ကျွန်တော်က အတော်ကို ကပ်သီးကပ်သပ် နိုင်တဲ့ နွားကျောင်းသားပဲ ဖြစ်မယ် ထင်တယ်။ ဒါကလည်း ဒီလိုပဲ ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်ဟာ Clumsy တစ်ယောက်ပါ။ မြန်မာလို ထင်သာ မြင်သာအောင် ပြောရမယ် ဆိုရင် ကျွန်တော်ဟာ “ အာလူး ” တစ်လုံးနဲ့ အလားသဏ္ဌာန် တူပါလိမ့်မယ်။
နွားကျောင်းသား ဘဝမှာ မှတ်မှတ်ရရ ရှိခဲ့တဲ့ အဖြစ်အပျက် ပေါင်းများစွာကနေ တစ်ခုကို ဥပမာ အနေနဲ့ ထုတ်ပြချင်တယ်။
“ အုန်းခွံရောင် အသွေးအစုံနဲ့ ပြေးပုံမှာ လေအလျင်သို့ ၊ ကြံ့အင်စုံ ခွာအချမှာက ၊ တစ်ချက်မှာ ဗိုလ်ပါ ရှစ်သောင်း ၊ ခပ်ကျော့ကျော့မော့မော့ လည်ဝင့်ကာ ထ၍များ ပတပ်ရပ်ပုံက တိမ်ညွှန့်ပင် မှီကိုက်ဝါးတော့ မလိုလို . . . . . ”
ဆိုသော စာလေးပါ။ စာလေးက တစ်ကြောင်းတည်း ၊ မြန်မာလို ရေးထားတာ ဆိုပေမဲ့ ကျွန်တော့် အတွက်တော့ နားမလည်သော ဘာသာစကား တစ်ခုလိုပါပဲ။ ကလေးတစ်ယောက် အတွက် ဒီလို ကယုကယင် နဲ့ ဖွဲ့နွဲ့သုံးစွဲထားသော စကားလုံးတွေက နားလည်မှုကို ရှုပ်ထွေးစေတာ အမှန်ပါ။
ဒီတော့ ဘာဖြစ်လဲ။ ဒီတော့ ကျွန်တော် နွားကျောင်းသား ဖြစ်တော့တာပါပဲ။ “ အမေး နွားကျောင်းသား ၊ အဖြေ ဘုရားလောင်း ” လို့ ဆိုကြတယ် မဟုတ်လား။ ကျွန်တော်မှာ မေးရပြီ။ ဒီလို ငယ်စဉ်ကတော့ နွားကျောင်းသား ကျွန်တော့် အတွက် အကောင်းဆုံးနဲ့ အနီးဆုံး ဘုရားလောင်းလို အဖြေ ပေးမဲ့ လူက ကျွန်တော့် အဖေပါပဲ။ အဲ . . . ရှေးစကားနဲ့ ဆိုရင် “ ဖခမည်းတော် ” ပေါ့လေ။
အဓိပ္ပါယ် နားမလည်သော လူတစ်ယောက်ရဲ့ ပုံစံ အတိုင်း တောင်ကုတ် ၊ မြောက်ကုတ် ၊ တင်ကုတ် ၊ ခေါင်းကုတ် နဲ့ နားမလည်သော စကားလုံးတိုင်း ဖခမည်းတော်ကို ပရိုမိုးရှင်းမြှင့်ကာ မြှင့်ကာ ဘုရားလောင်း လုပ်ခိုင်းလေ့ ရှိပါတယ်။
“ ဖေဖေ . . . ဒီမှာ ရေးထားတာတွေက ဘာတွေလဲ။ ဘာလဲ . . . အုန်းခွံရောင် ၊ ဘယ်လိုလဲ လေအလျင်လဲ ၊ ဘာကြောင့် ခွာချတာလဲ ၊ ပတပ်ရပ်တော့ ဘာလို့ တိမ်ညွှန်ကို ဝါးရအောင် တိမ်ညွှန့် ဆိုတာ ဘာလဲ။ ”
အစုံပေါ့လေ။ ဒီအချိန်မှာ မေးစရာ ဖေဖေ သာ အနားမှာ မရှိရင် ကျွန်တော်လည်း ဆက်ပြီး ဟိုကုတ် ၊ ဒီကုတ် ကုတ်ဖြစ်နေဥိးမယ် ထင်တယ်။ အခုတော့ ကျွန်တော့်ရဲ့ ကုတ်ခြင်းကို ဖေဖေက သူ့ခေါင်းကို ကုတ်ခြင်း အဖြစ် ပြောင်းလဲ တာဝန်ယူပါတယ်။
တစ်ခုတော့ ထူးခြားတာက ကျွန်တော် ကံကောင်းခဲ့ပါတယ်။ သူများ မိဘတွေလို အလုပ်ရှုပ်နေတယ် ၊ ဘာညာ ဆိုပြီး အော်ဟစ် ဆူပူတတ်တဲ့ ဖခမည်းတော် ထဲမှာ ကျွန်တော့်ရဲ့ ခမည်းတော် မပါတာ ကံကောင်းပါတယ်။ ဖေဖေကတော့ သူအားတဲ့ အချိန်မှာ “ ကျွန်တော် ကောင်းဘွိုင် ၊ ကောင်းဘွိုင် ကျွန်တော် ” နားမလည် လည်တဲ့ အထိ တခြားသော ဥပမာတွေနဲ့ အစားထိုး ရှင်းပြပါတယ်။
အခုလည်း ဒီလိုပါပဲ။
“ ဒီလိုသားရဲ့။ အုန်းခွံရောင် ဆိုတာ အုန်းသီးရဲ့ အရောင်ကို ပြောတာလေ။ ”
“ အုန်းသီးရဲ့ အရောင်လို့မှ မရေးထားဘဲ။ သူက အုန်းခွံရောင် ဆိုတော့ အုန်းမှုတ်ခွက်ရဲ့ အရောင်လား ၊ အုန်းသီး အလုံးကြီးရဲ့ အရောင်လား ကွဲမှ မကွဲတာ။ ”
“ ဟုတ်တယ် ၊ မကွဲတာတော့ ဟုတ်တယ်။ ဒါပေမဲ့ သူ ဆိုလိုတာ အုန်းသီးရဲ့ နဂို မူလ အရောင်ကို ဆိုလိုတာ . . . ”
“ ဒါဆို ဒီမြင်းရဲ့ အရောင်က အစိမ်းရောင်ကြီးပေါ့။ ”
“ ဟင် . . . အဲ . . .”
ဟုတ်တယ်လေ။ အုန်းသီးဆိုပြီး ဈေးထဲ သွားဝယ်ရင် နတ်အုန်းလုပ်ဖို့ ချိတ်ထားတဲ့ အုန်းသီး စိမ်းစိမ်းတွေကိုချည်းပဲ တွေ့ရတာလေ။ အုန်းသီး ရင့်ပြီ ဆိုရင်တော့ သူတို့က အုန်းသီးကို ခြစ်ဖို့ အုန်းသီးရဲ့ အပြင်ခွံကို အသင့် ခွာထားတတ်ကြတယ် မဟုတ်လား။ ကျွန်တော် မကုတ်ရတော့တဲ့ ခေါင်းကို ဖေဖေကပဲ ထပ်ပြီး သူ့ဖာသာ ကုတ်ပါတယ်။
“ အဲဒီလို မဟုတ်ဘူးလေ။ သူ ဆိုလိုချင်တဲ့ မြင်းရဲ့ အရောင်က အုန်းသီး တစ်လုံး ခြောက်သွေ့ပြီးမှ ဖြစ်လာတဲ့ အရောင် ၊ ဒါကို အုန်းခွံရောင်လို့ ဆိုချင်တာ. . . ”
“ ဒါဆိုလည်း အုန်းသီးခြောက် အခွံရောင် ဆိုပြီး ရေးပါလား ဖေဖေရာ ”
“ ဒီတော့ စာရှည်တာပေါ့ သားရာ ၊ သူက တိုတိုတုတ်တုတ် ဖြစ်ချင်လို့ပေါ့။ ရှေးခေတ်က စကားတွေက ဒီလိုပဲ။ ”
“ ဒါပေမဲ့ သူတို့က ရှင်းရှင်းလင်းလင်း မရေးထားတော့ သားရဲ့ မျက်လုံးထဲမှာတော့ အုန်းခွံရောင် မြင်းကြီး ဆိုရင် မြင်းစိမ်းကြီးပဲ ပေါ်နေတော့တာပဲ။ ”
“ အေးပေါ့။ ဒါပေမဲ့ အခုတော့ မပေါ်နဲ့တော့။ အခုတော့ မှတ်ထားလိုက်တော့ အုန်းခွံရောင် ဆိုတာ အုန်းသီးခြောက်ရဲ့ အခွံအရောင် . . . . ”
“ ဒါဆို နောက်တစ်ခုက ဒီမြင်းက ဘာလို့ ကျော့ကျော့မော့မော့ ဆိုပြီး ဖြစ်နေရတာလဲ။ သူက မိတ်ကပ်လိမ်း အလှပြင်ထားလို့လား။ ”
“ ဟေ . . . ဘယ်နှယ့် . . ”
နွားကျောင်းသား ဆိုတာကတော့ နွားကျောင်းသား အတိုင်းပဲ သူ့ဖာသာသူ မေးချင်သလို မေးပိုင်ခွင့် ရှိပါတယ်။ တစ်ခုတော့ တစ်ခုပဲ။ ဖြေရတဲ့ လူကတော့ အတော် ကျဉ်းကျပ်စေမှာ သေချာတယ်။ နွားကျောင်းသားတွေရဲ့ဥာဏ်က တထွာ ၊ တမိုက်နဲ့ အလင်း မတွေ့ခင် အထိ မှောင်အတိ ကျနေတတ်တာကိုး။
“ ဒီလို မဟုတ်ဘူးလေ။ မြင်းကိုက သေချာ အသားကျအောင် လေ့ကျင့်ထားတဲ့ အတွက် ခွာချတာ ၊ ခြေလှမ်းတာက အစ ၊ ကြွကြွရွရွလေး ဖြစ်နေတယ် လို့ ဆိုချင်တာ။ ”
“ ဒါဆိုလည်း ကြွကြွရွရွလေး လို့ မရေးဘဲ ဘာလို့ ကျော့ကျော့မော့မော့လို့ ရေးရတာလဲ။ ”
“ ဒါကတော့ လူဆိုတာ ကိုယ်က ကြိုက်တယ် ဆိုရင် လှကြတာပဲလေ။ လှရင် ယဉ်တယ်။ ယဉ်ရင် ကျော့တယ်။ ကျော့ရင် မော့တောင်မှ ကြည့်ရတယ် လို့ ပြောချင်ပုံနဲ့ တင်စားထားတာ ဖြစ်မယ်။ ”
“ ဒီလိုကိုး။ ဒါပေမဲ့ သူက တင်စားထားတာ ဆိုပေမဲ့ သားလို နားမလည်တဲ့ လူတွေကတော့ မိတ်ကပ်တွေ လိမ်းပြီး နှုတ်ခမ်းနီဆိုး ဒေါက်ဖိနပ် စီးပြီး လမ်းသလား နေတဲ့ မြင်းကြီးလို့ပဲ မျက်လုံးထဲ မြင်ပြန်ရော . . . ”
“ ဟား ဟား ဟား ဖြစ်မှ ဖြစ်ရလေ . . ”
“ တကယ် ဖေဖေရ။ နောက်ပြီး ဘာလဲ တိမ်ညွှန့် ဆိုတာ။ တိမ်မှာ အညွှန့်ရယ်လို့ သား တစ်ခါမှ မမြင်ဖူးဘူး။ အခု ဒီစာ ဖတ်ပြီးမှ ပိုတောင်မှ ကောင်းကင်က တိမ်တွေကို မော့မော့ကြည့်မိသေးတယ်။ တိမ်မှာ အညွှန့်တွေ ထွက်နေတာ တစ်ခါမှ မမြင်ဖူးသေးဘူး။ ”
“ ဒါကလည်း အဲဒီလို မဟုတ်ပြန်ဘူးလေ။ လူတွေမှာ ကိုယ် နှစ်သက်တာကို ဆိုရင် ဒီလိုပဲ တင်စားလေ့ ရှိတယ်။ လူဆိုတာ တစ်ခုခုဆိုရင် အထွန့်တတ် တတ်တယ် ၊ အညွှန့်ထွက် တတ်တယ် ဆိုတဲ့ သဘောပဲ။ ဒါကို ဆိုလိုချင်လို့ တိမ်တောင်မှ ရိုးရိုးတိမ် မဟုတ်ဘူး။ အပေါ်ကို အထွန့်တတ် ၊ အညွှန့်ထွက်နေတဲ့ တိမ်ညွှန့်ကို စားမဲ့ မြင်းလို့ ပြောချင်တာ။ ”
“ သြော် . . . ဒီလိုကိုး။ ”
ဒီတော့မှ စာလေး တစ်ကြောင်းကို ကျွန်တော် နွားကျောင်းသား နားလည်တော့တယ်။ ဒါပေမဲ့ ဒီလိုနဲ့ ပြေပြေပြစ်ပြစ် အဆင်မပြေသေးပါဘူး။ လောကမှာ မြောက်များလှစွာသော နွားတွေကို ကျွန်တော် ဆက်ပြီး ကျောင်းခဲ့ပါသေးတယ်။ ကြီးတော်ရဲ့ နွားမဟုတ်ပေမဲ့လည်း ကိုယ့်ထမင်းတော့ ကိုယ့်ဖာသာ စားရတာပါပဲ။
နောက်ထပ် ဥပမာလေး တစ်ခု ပြောပြပါဦးမယ်။
“ မနက် အိပ်ယာထ မကျည်းစေ့ နှစ်စေ့ခန့်စားပါ။ ”
“ ညအိပ်ယာဝင် သံပုရာစေ့ ငါးစေ့ခန့် သောက်ပါ။ ”
အဲဒီမှာ ကျွန်တော့် မူးလဲတော့တာပဲ။ မေမေ့ရဲ့ မီးဖိုချောင်ထဲက မကျည်းသီးမှည့် ဘူးထဲက မကျည်းစေ့တွေကိုလည်း အကုန် ရေဆေးပြီး ထုတ်ကြည့်မိပါတယ်။ တစ်လုံးနဲ့ တစ်လုံး မတူ။ သံပုရာသီးထဲက သံပုရာစေ့လေးတွေကိုလည်း ထုတ်ကြည့်ပါတယ်။ တစ်လုံးနဲ့ တစ်လုံး မညီ။
ဒါဆို ဆေးအညွှန်း အတိုင်း ဆိုရင် ဘယ်အစေ့ နဲ့ ချိန်ပြီး သောက်ရမလဲ လို့ ကျွန်တော် အတော်ကို တွေးခဲ့ရဖူးပါတယ်။ ထုံးစံအတိုင်း ဟိုကုတ် ၊ ဒီကုတ် နဲ့ပဲပေါ့။ ဒီချိန်မှာ ကုတ်ရတာက အတော်ကို အရသာ ရှိပါတယ်။ မသိရင် အတွေးအခေါ် ပညာရှိကြီး လိုလိုနဲ့ပေါ့။ တကယ်တော့ ကောင်းဘွိုင် မျှသာ ဖြစ်ပါတယ်။ နောက်တော့ . . .
“ အဲဒီလို အတိအကျကြီး မဟုတ်ဘူးလေ သားရယ်။ ထို မကျည်းစေ့ ခန့် ၊ သံပုရာစေ့ ခန့် ဆိုပြီးတော့ ခန့်မှန်းခြေကိုပဲ ပြောထားတာပါ။ အတိအကျကြီးရယ်လို့ မဆိုလိုပါဘူး။ ”
လို့ ဖေဖေက ဖြေပါတယ်။ ဖေဖေ့ရဲ့ အဖြေ ဆုံးတော့ အဲဒီအချိန်က စပြီး ကျွန်တော် ရှေးခေတ်လူတွေရဲ့ ခန့်မှန်းခြေ ( သို့ ) မတိကျမှုကို အတော်ကို အားကုန် စိတ်ပျက်သွားမိတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ စကားလုံးတွေကို ခွဲခြမ်းစိတ်ဖြာပြီး သူတို့ရဲ့ နောက်ကွယ်က အခြေအနေ တစ်ရပ်ကို စိတ်ကူးနဲ့ ပုံဖော်ကြည့်သူ တစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။
ဟိုတစ်နေ့က “ မိုးခါးသောက်သူများ ” ဆိုတဲ့ ပို့စ်ကို ရေးပြီးတော့ ကျွန်တော့်ကို ပုဂ္ဂိုလ် တစ်ယောက်က ဂျီတော့ကနေ ပြောလာပါတယ်။ ကျွန်တော့်ထက် အသက်ကြီးသူမို့ အစ်ကို နဲ့ပဲ နာမ်စား သုံးမိပါတယ်။
“ မိုးခါးသောက်သူများ ဆိုတဲ့ စာက မှားနေတယ်။ ”
“ ဗျာ . . . . . . . . ”
တကယ်ပါ။ ကျွန်တော် အတော် ပြာသွားပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီပို့စ်ကို ရေးကတည်းက ကားပေါ်မှာ ၊ ရထားပေါ်မှာ MRT , LRT , KTM အစရှိသော နေရာတွေမှာ အိပ်ငိုက်ရင်း ၊ အိပ်ပျော်ရင်း လိုက်ပါသူတွေကို ကျွန်တော် ထိခိုက်အောင် ရေးသလိုများ ဖြစ်နေမလားလို့ ကျွန်တော် စိုးရိမ်ထားမိလို့ပါ။
ဒါပေမဲ့လည်း ဒီပို့စ်ရဲ့ စိတ်ကူးလေး ရလာပုံကတော့ ကိုယ့်ကိုယ်ကိုယ် ကြေးမုံ တစ်ချပ် အဖြစ် ရှု့မြင်ရင်း ရလာတဲ့ ပို့စ်ပါ။ အလုပ် ညဆိုင်း လုပ်ရတဲ့ ကျွန်တော့် အတွက် နေ့ဘက်မှာ အိပ်ရပါတယ်။ ဒါပေမဲ့ ပြောမပြနိုင်သော များပြားလှတဲ့ လူကျင့်ဝတ်တွေ အရ ၊ သာရေး ၊ နာရေး ၊ လူမှုရေး ကိစ္စတွေကို သွားရရင် ကျွန်တော် ကားပေါ်မှာ ဖြစ်ဖြစ် ၊ ရထားပေါ်မှာ ဖြစ်ဖြစ် ကျွန်တော် မျက်လုံးမှိတ်ကာ အနားယူရင်း လိုက်သွားလေ့ ရှိပါတယ်။
တစ်ခါတလေ အိပ်ပျော်သွားမိတယ် ၊ တစ်ခါတလေတော့ မှိန်းနေရင်းနဲ့ပဲ လိုရာ ခရီးကို ရောက်သွားပါတယ်။ တစ်ခါတလေတော့လည်း မျက်စိမှိတ်ကာ မှိန်းမနေဖြစ်သော အချိန်တွေမှာ အတွေးတွေနဲ့ ဝိုးတဝါးဖြစ်မိပြီး ပတ်ဝန်းကျင်ကို မျက်လုံးကစားပြီး လေ့လာဖြစ်ရင် ကျွန်တော့်လို အိပ်ငိုက် ( သို့ ) အိပ်ပျော်ရင်း လိုက်ပါလာသူတွေကို မြင်တွေ့ရပါတယ်။ မြင်ပါများသော ယဉ်ပြီးတော့ သူတို့ကို မြင်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရင်း ကျွန်တော် စိတ်ထဲမှာ ဒီပို့စ်အတွက် အတွေးလေး ဖြစ်လာတာပါ။
ဒါပေမဲ့ အခုတော့ ပြောတဲ့ လူက ပြောနေပါပြီ။ မှားနေတယ် တဲ့။
“ ဗျာ . . . ဘာဖြစ်လို့များလဲဗျာ။ ပြောပြပါဦး။ ”
“ ဒီလိုလေ . . . မိုးခါး ဆိုတာ သောက်လို့ မရဘူးကွ။ ရေဖြစ်မှ သောက်လို့ ရတာ . . . ၊ ဒါကြောင့် မိုးခါးရေ လို့ ရေးမှ မှန်မှာပေါ့။ ဒါကြောင့် မှားနေတယ် လို့ ပြောတာ . . .”
“ သြော် . . . ”
ဒီတော့မှ အတော်ကို ရင်ထဲက အပူတွေ ကျသွားမိတယ်။ ( အပူက အလုံးလား ၊ အပြားလားတော့ သေသေချာချာ မလေ့လာထားလိုက်မိဘူး။ ) အခုတော့ သူ ပြောချင်တာက တခြားကိုး။
“ ဟုတ်တယ် မဟုတ်လား။ ဒါကြောင့် မိုးခါးရေ သောက်သူများ လို့ ပြင်ရေးလိုက်ပါ။ ”
သူက ဒီလို ပြောတော့မှ ကျွန်တော် သူပြောချင်တဲ့ အမှား ဆိုတာကို သိတော့တယ်။ ဒီတော့ ကျွန်တော် ရှင်းပြရပါပြီ။
“ ခဏလေး အစ်ကို ၊ ဒီလိုဗျ။ ကျွန်တော် နည်းနည်းတော့ ရှင်းပြ ပါရစေဦး။ ကျွန်တော် ဆိုလိုတဲ့ မိုးခါး ဆိုတာကို ဘယ်လိုများ သဘောပေါက်သွားလဲ မသိဘူး။ ”
“ ဒါက အခုမှ သဘောပေါက်စရာမှ မဟုတ်တာ။ ဒီပုံပြင် ၊ ဒီအဖြစ်အပျက်က ဟိုးအရင်ကတည်းက ပုံပြင်ကြီးပဲဟာကို။ အခုမှ မင်းရေးလို့မှ ဖြစ်လာတာမှ မဟုတ်တာပဲ။ ဒါ ဖတ်ခဲ့ဖူးတာ ကြာလှပြီပဲ။ အားလုံးလည်း ဖတ်ဖူးကြမှာပဲလေ။ ”
ဟာ . . ခနဲ ၊ ကျွန်တော် ဒီဘက်က အံ့သြသွားတယ်။ ဒါပေမဲ့ . . .သူကတော့ မသိခဲ့ပါဘူး။
“ မိုး ဆိုတာကို ဘယ်လိုများ သဘောပေါက်လဲ မသိဘူး။ ကျွန်တော့်ကို နည်းနည်းလောက် ပြောပြပါဦး။ ”
“ မိုး ဆိုမှတော့ မိုးပေါ့ကွာ။ မိုးရေ ဆိုတာ ကြားဖူးတယ် မဟုတ်လား။ ကောင်းကင်က ရွာချလာတဲ့ ရေလေ ၊ ဒါကို မိုးရေ လို့ ခေါ်တယ်။ ”
အဲဒီမှာ ကျွန်တော့် အတွက် တော်တော်တော့ ပြောစရာ ဖြစ်လာပါပြီ။
“ မဟုတ်သေးဘူးဗျ။ မိုး ဆိုတာ “ ရေ ” ဆိုပြီး “ မိုးရေ ” ဆိုပြီး တထစ်ချ ယူဆထားလို့ မရပါဘူး။ ဟိုးဘုရားရှင် လက်ထက် မတိုင်ခင်ကတည်းက ရတနာ ရွှေငွေ ကျောက်သံပတ္တမြားတွေ ရွာချပေးသော “ မိုး ” ၊ စိုစေချင်တဲ့ လူတွေကို စို ၊ မစိုချင်တဲ့ လူတွေကို မစိုစေတဲ့ “ မိုး ” ၊ ရေများကို အစိုင်အခဲများ ရေခဲ ပုံစံဖြင့် ရွာချသော “ မိုး ” ၊ ဖားအရှင်တွေကို မိုး အဖြစ် ရွာချသော “ မိုး ” ၊ ငါးအရှင်တွေ ရွာချသော “ မိုး ” ၊ လူတွေကိုပါ ထိခိုက်စေသော အက်ဆစ်ပါသော “ မိုး ” ၊ လူတွေကို မထိခိုက်စေပဲ သီးနှံများကိုသာ ပျက်ဆီးစေသော အက်ဆစ်ပါသော “ မိုး ” အစရှိသဖြင့် မိုးကောင်းကင်မှ ရွာချခဲ့ဖူးပါတယ်။
ကောင်းကင်မှ ရွာချသော မိုးတိုင်းဟာ “ ရေ ” ဆိုသော ပုံစံ တစ်ခုတည်းဖြင့် ကျမလာခဲ့ပါဘူး။ အခုလို သိပ္ပံပညာ တိုးတတ်နေသော ခေတ်မှာ ပိုလို့တောင်မှ ထူးဆန်းတာတွေ ဖြစ်နေပါသေးတယ်။ ဒါကြောင့် ကျွန်တော့်က မိုးခါးမှာ တမင်ကို ရေ ဆိုတာ မထည့်ဘဲ “ မိုးခါးသောက်သူများ ” လို့ပဲ ရေးလိုက်တာပါ။ ”
ရှည်ရှည်ဝေးဝေး ကျွန်တော် ရှင်းပြသော်လည်း သူက မကျေနပ်သေးပါဘူး။
“ ဘယ်လိုပဲ ဖြစ်ဖြစ် ရေ မဟုတ်ဘဲ ၊ ဘယ်လိုလုပ် သောက်လို့ ရမှာလဲ။ ”
“ ဟုတ်ပါတယ်။ တကယ်ဆိုရင်တော့ “ မိုးခါးရေ သောက်သူများ ” ဆိုပြီး ဖြစ်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်က မိုးခါး ဆိုတာ “ ရေ ” ဆိုတဲ့ ပုံဆောင်မှုက မဟုတ်ဘဲ တခြားသော ပုံဆောင်မှု အနေနဲ့လည်း ဖြစ်လာနိုင်တယ် ဆိုတဲ့ သဘောနဲ့ “ မိုးခါးသောက်သူများ ” လို့ပဲ ရေးလိုက်တာပါ။ ”
“ ဒါဆို မင်းက ဟိုးအရင်က ဇာတ်တော်တွေ ၊ ပုံပြင်တွေကို ဖျက်တာပေါ့ ၊ ဒီလိုလား။ ”
“ အဲ . . . . မဟုတ်သေးဘူးဗျ။ ကျွန်တော် ဒီလို မလုပ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် စဉ်းစားမိတာလေး နည်းနည်းတော့ ပြောပြချင်တယ်။ ”
“ ပြောပါဦး . . . နားထောင်ရတာပေါ့။ ”
“ ကျွန်တော် ဒီပုံပြင် ၊ အဖြစ်အပျက်လေးကို ဖတ်မိကတည်းက ကြားထဲမှာ တစ်ခုခု လိုသလိုကြီး ခံစားရတယ်ဗျာ။ ဥပမာ - မိုးခါးရေ ရွာတိုင်း လူတိုင်းက သောက်ရမှာလား။ ပုံပြင်ထဲမှာ ပါသလို ဘုရင်နဲ့ ပညာရှိ ပုဏ္ဏား မှူးမတ်ကြီးပဲ ကျန်ပြီး နောက်ဆုံးတော့ သူတို့လည်း ဒီမိုးခါးရေကို သောက်ပြီး အရူးခံလိုက်ကြတယ် ဆိုတာမျိုးပေါ့။
ဒီလိုလေး စဉ်းစားမိပြီး ကျွန်တော်က ဒီလို အခြေအနေ ရောက်တာတောင်မှ မိုးခါးရေကို မသောက်ဘူး ၊ အသက်သာ အသေခံမယ် ဆိုတဲ့ လူတွေလည်း ဒီကမ္ဘာပေါ်မှာ ရှိနေမယ် လို့ ယုံကြည်မိတယ်။ ဒါကြောင့်လည်း ကျွန်တော် “ မှောင်တခြမ်း ၊ လင်းတခြမ်းနှင့် လကွေး ” ဆိုတဲ့ ပို့စ်ကို ရေးခဲ့တာပါ။ ဖတ်ဖူးလား မသိဘူး။ ”
“ မဖတ်ဖူးပါဘူး။ ဒီထက် မြင့်တဲ့ စာတွေပဲ ဖတ်တယ်။ ”
“ သြော် . . . ”
တကယ်ပါ။ အမှန်အတိုင်း ပြောရရင် ရင်ထဲမှာ အောင့်ခနဲ ဖြစ်သွားပေမဲ့ ၊ ကိုယ့်ဘလော့က စာတွေကို မဖတ်ဖူးတဲ့ လူတစ်ယောက် ပြောတဲ့ အတွက် ပြန်တွေးမိတော့ ပြုံးမိပြန်ပါလေရော။ ဒါနဲ့ ကျွန်တော် ဆက်ပြောမိပါတယ်။
“ ပြီးတော့ လူတွေ မိုးခါးရေ သောက်တယ်သာ ပြောတယ်။ ဘာလို့ ဒီလူတွေ မိုးခါးရေ သောက်ဖြစ်သွားတာလဲ။ ဘာကြောင့်လဲ ဆိုတာ တစ်ခါမှ မစဉ်းစားမိကြဘူး မဟုတ်လား။ သူတို့ မိုးခါးရေ သောက်ဖြစ်သွားတာ ပတ်ဝန်းကျင်ကြောင့်များလား ဆိုပြီးတော့ တွေးမိပြီး ကျွန်တော် ဒီ “ မိုးခါးသောက်သူများ ” ပို့စ်ကို ရေးတာပါ။ သူတို့လို မသောက်ဘဲ ဆက်ပြီး အရူးတွေက အရူး လို့ အပြောခံနေတဲ့ လူတွေလည်း လောကမှာ ရှိနေဦးမှာပါပဲ။ ”
“ မင်း ပြောတာ သိပ်တော့ မရှင်းဘူး။ ”
သူ့လေသံက ပျော့တော့ ပျော့လာပါတယ်။ ဒီလောက် ရှင်းပြတာတောင်မှ မရှင်းဘူး ဆိုတဲ့ အတွက် ကျွန်တော်လည်း ဘယ်လို ထပ်ရှင်းပြရမှန်း မသိတောင်မှ ဖြစ်သွားပါသေးတယ်။
“ ဒီလိုပါ။ မိုးခါး ရွာတိုင်း မသောက်မိတဲ့ လူတွေကို သောက်ပြီး ရူးသွားတဲ့ လူတွေက အရူးလို့ ဆိုကြတယ်။ ဒီလို အပြောမခံနိုင်တဲ့ အတွက် လူကောင်းတွေကလည်း နောက်ဆုံး ရူးအောင် မိုးခါးရေ ကို သောက်လိုက်ကြတယ်။ ဒီတော့မှ အရူး အရူးချင်း တူပြီး သူတို့ အရူးလို့ အပြော မခံရတော့ဘူးပေါ့။ ဒါပေမဲ့ အရူးလို့ ပြောချင် ပြောပါစေ ၊ မိုးခါးရေတော့ မသောက်ဘူး ဆိုတဲ့ လူတွေ အများကြီး ရှိနေဦးမှာပါ။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး ဆိုတဲ့ လူတွေပေါ့။ ဟုတ်တယ် မဟုတ်လား။ ”
“ ဒီလိုတော့လည်း ရှိနိုင်တာပေါ့။ ”
“ ဟုတ်ပြီ။ ဒီ မိုးခါးရေ သောက်တဲ့ ပုံပြင်လေးကိုပဲ ကျွန်တော် ဆန့်ပြီး ရေးထားတာ နှစ်ခု ရှိပြီ။ မိုးခါးသောက်ကြပေမဲ့ လိုက်မသောက်ဘဲ အသေခံတဲ့ လူ ၊ လူတွေ မိုးခါးရေ သောက်ဖြစ်တာ ဘာကြောင့်လဲ ဆိုပြီးတော့ နှစ်ခု ရှိပါပြီ။ နောက်ထပ် ကျွန်တော် စဉ်းစားမိတာ ရှိသေးတယ်ဗျ။ အတွေးလေးပေါ့။ တကယ်လို့ လောကမှာ ရှိတဲ့ လူတွေ အားလုံး မိုးခါးရေကြောင့် ရူးကုန်ကြမယ် ဆိုရင် ၊ ပြီးတော့ နောင်တစ်နေ့ “ မိုးခါရေ ရဲ့ ဖြေဆေးမိုး ” ဆိုပြီး နောက်ထပ် မိုး ရွာမလာနိုင်ဘူးလား။
ဒီလို အချိန်မှာ ဆိုရင် ရူးနေတဲ့ လူတွေ အားလုံးက ရူးနေတာပဲ ကောင်းပါတယ်လေ ဆိုပြီး မိုးခါးရေ ဖြေဆေးမိုးကို မသောက်ဘဲများ နေတဲ့ လူတွေ ရှိလာဦးမလား ဆိုပြီး ကျွန်တော် ဆက်စဉ်းစား မိပါသေးတယ်။ ဒါကတော့ ကျွန်တော် နောက်ထပ် ရေးမဲ့ ပို့စ်ပါ။ ဒီအချိန်မှာ “ မိုးခါးဖြေဆေးမိုး ” ဘယ်သူတွေက သောက်ပြီး ဘယ်သူတွေက မသောက်ဘဲ နေကြလိမ့်မလဲ ဆိုတာ ပိုပြီးတော့ စဉ်းစားစရာ ဖြစ်မလာဘူးလားဗျာ။ ”
“ ဒါကတော့ ဖြစ်မှ မဖြစ်နိုင်တာကို မင်းက လျှောက်တွေးပြီး ရေးမှာကိုး။ ”
“ ဒီလိုတော့လည်း မဟုတ်ဘူးလေဗျာ။ လောကမှာ ဖြစ်မလာနိုင်ဘူး ဆိုတာ ဘယ်ဟုတ်မလဲ။ ဖြစ်မလာသေးတာပဲ ရှိတယ်လေ။ ပြီးတော့ ကျွန်တော် အခု ပြောနေတာတွေ ၊ ရေးနေတာတွေကလည်း အတွေးတွေချည်းပဲလေ။ တကယ်ဖြစ်လာရပါမယ် လို့ မပြောပါဘူး။ ဆက်ပြီးတော့ တွေးကြည့်တဲ့ သဘောလေးပါပဲ။ “
“ မိုးခါးဖြေဆေးမိုး လို့ ဆိုရအောင် မင်းက “ မိုးခါးရေ ” ဆိုတာကို ဘယ်လို အဓိပ္ပါယ် ဖွင့်လိုလဲ။ ”
“ ဘာကို ပြောတာလဲဗျ ၊ နားမလည်ဘူး။ ”
“ ဒီလိုလေ ၊ ဆိုလိုတာက မိုးခါးရေ ဆိုတာ ဘယ်လို အနံ့ ၊ အရသာ ရှိမလဲ လို့ မေးတာ။ ”
“ အမှန်ပဲဗျာ။ ကျွန်တော် တစ်ခါမှကို မတွေးမိပါဘူး။ ဘယ်လိုမျိုးများ အရသာ ရှိမလဲ အစ်ကို အထင်ကို ပြောပြပါဦး။ ”
“ ခင်ဗျားဗျာ ၊ မိုးခါးရေ ဆိုတဲ့ အရသာကိုတောင်မှ မမှန်းနိုင်ဘဲနဲ့ ဒါနဲ့ ပတ်သတ်တဲ့ စာကို ရေးနေသေးတယ်။ မှတ်ထား . . . မိုးခါးရေ ဆိုကတည်းက “ ခါးသော မိုးရေ ” လို့ဆိုတာကွ။ ”
“ ဒါဆို အစ်ကို ဆိုလိုတာက မိုးခါးရေ ရဲ့ အရသာက ခါးတယ် ဆိုတဲ့ သဘောလား။ ”
“ အစစ်ပေါ့ကွာ။ မိုးခါးရေ ဆိုတော့မှ ခါးပြီပေါ့။ ”
ဒီနေရာကို ရောက်လာတော့ ကျွန်တော် ဒီဘက်ကနေ သူ မမြင်ပေမဲ့ အတော်ကို ပြုံးမိပါတယ်။ ပြီးတော့ သူ့ကို သနားသလိုလည်း ရင်ထဲမှာ ဖြစ်မိတယ်။
“ ဒါဆိုရင်တော့ အစ်ကို မှားသွားပြီဗျ။ မိုးခါးရေ ဆိုတဲ့ သူ့ရဲ့ အရသာက ခါးချင်မှ ခါးမှာပေါ့ဗျာ။ ”
“ မိုးခါးရေ ဆိုမှတော့ မခါးလို့ ချဉ်နေရမှာလား ၊ မင်းကလဲ ဒုက္ခပဲ။ ”
“ မဟုတ်ဘူး အစ်ကို ၊ ဒီအကြောင်းအရာကို နားလည်ဖို့ ဆိုရင် ကျွန်တော် အဖြစ်အပျက်လေး တစ်ခု အရင် ပြောပြမှ ဖြစ်မယ်။ အစ်ကို နားရော ထောင်ချင်ပါ့မလား။ ”
“ အင်း . . .လင်းကြည့်ပါဦး။ ”
“ ဒီလို အစ်ကိုရ။ ဟိုးလွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်လောက်က ခြောက်ထပ်ကြီး ဘုရားနားမှာ သရဲ အခြောက်ခံ ရတယ် လို့ ဆိုတယ်။ နာမည် အရမ်းကြီးခဲ့တာပေါ့။ ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့တာ။ အခြောက်ခံရသူတွေကလည်း ညဘက် ၂ နာရီလောက် ကားမရှိတော့လို့ မြို့ထဲကနေ မူးရူး သောက်စားပြီး ပြန်လာကြတဲ့ သူငယ်ချင်း လေးယောက်ပဲ။ အစ်ကို ဒီအကြောင်း ကြားမိလိုက်လား။ ”
“ နိုး . . . . မကြားမိလိုက်ဘူး။ ဆက်ပြောပါဦး ၊ စိတ်ဝင်စားပါတယ်။ ”
“ သူတို့က မြို့ထဲကနေ သောက်စားပြီး အပြန်ကား မရှိတော့လို့ လမ်းလျှောက်ပြန်လာကြတာ။ ခြောက်ထပ်ကြီး ဘုရားနားလည်း ရောက်ရော သူတို့ နောက်ကနေ ခြေသံ အကျယ်ကြီးကို ကြားလိုက်ရတယ်။ ဒီတော့ ဘာလဲဟ ဆိုပြီး မူးမူးနဲ့ နောက်ကို လှည့်ကြည့်လိုက်တော့ သပိတ်လောက် ရှိတဲ့ မျက်လုံးနီနီကြီး ရှိတဲ့ ထန်းပင်လောက် မြင့်တဲ့ သရဲကို တွေ့လိုက်ရတယ်။ ရုတ်တရက် ဆိုတော့ သူတို့ လေးယောက်မှာ အကြောက်လွန်ပြီး လန့်ပြေး ပြေးကြတယ်။ ဒါပေမဲ့ သုံးယောက်က ပွဲချင်းပြီး သေသွားတယ်။ တစ်ယောက်ကတော့ သွက်သွက်ခါအောင် ရူးသွားရှာတယ်။
အဖြစ်အပျက်လေးကတော့ ဒါပါပဲ အစ်ကိုရာ။ အခုလည်း မိုးခါးရေ ရဲ့ အရသာ ဆိုတာ အဲဒီလို ဖြစ်နေပြီ။ ”
“ ဘာဆိုင်လဲ ၊ အခု ပြောတဲ့ ဥပမာ နဲ့ မိုးခါးရေ ခါးရတဲ့ အကြောင်းရင်းနဲ့ ဘာဆိုင်လို့လဲ။ ”
“ ဆိုင်တာပေါ့ အစ်ကိုရာ။ အခု ဥပမာမှာ သွားတာမှ လူလေးယောက် ၊ သရဲ အခြောက် ခံရတော့လည်း ဒီလူလေးယောက်ပဲ။ ဒီမှာမှ သုံးယောက် အဲဒီနေရာမှာတင် ပွဲချင်းပြီး သေတယ်။ အသက်မသေဘဲ ကျန်ခဲ့ပါတယ် ဆိုတဲ့ နောက်ထပ် တစ်ယောက်ကျတော့ သွက်သွက်ခါအောင် ရူးတယ် လို့ ဆိုတယ် မဟုတ်လား။ ”
“ အေးလေ. . . ဒါ ဘာဖြစ်လဲ။ ”
“ သေတဲ့ လူက စကားမပြောနိုင်ဘူးလေ။ ဒီတော့ သူတို့ကို သရဲခြောက်ပါတယ် လို့ ဘယ်သူက ပြောမလဲ။ သွက်သွက်ခါအောင် ရူးနေပါတယ် ဆိုတဲ့ လူရဲ့ စကားကို အစ်ကိုက ယုံမလား။ အရူးစကား ဆိုတာ အရူးပဲ ယုံတာ လို့ ကျွန်တော်ကတော့ ကြားဖူးတယ်။ ဒီလိုပဲ အစ်ကို မိုးခါးရေ ဆိုတာကို သောက်ရင် ရူးမယ် လို့ ဆိုတယ်။ ဒီမိုးခါးရေကို သောက်မိပြီး ရူးသွားတဲ့ လူက ပြောတဲ့ မိုးခါးရေ ဆိုတာ ခါးတယ် ဆိုတဲ့ စကားကို အစ်ကို ယုံမလား။ မိုးခါးရေကို မသောက်ရသေးတဲ့ လူကလည်း မိုးခါးရေရဲ့ အရသာကို မသိနိုင်ဘူးလေ။ သောက်ပြီးရင်လည်း ရူးနေပြီ။ ဒီတော့ မိုးခါးရေ ဆိုတာ ခါးတယ် လို့ ပြောလို့ ရပါတော့မလား။ ”
“ - - - - - - ”
“ မိုးခါးရေကို ဘာလို့ မိုးခါး ဆိုပြီးတော့ နာမည်ပေးရသလဲ ဆိုတော့ မနှစ်သက်လို့ပဲ အစ်ကိုရဲ့။ ကမ္ဘာကျော် မေးခွန်း သုံးခု ရှိတယ်။ ( ဖတ်ဖူးကြမယ် လို့ ထင်ပါတယ်။ )
၁) ကမ္ဘာပေါ်မှာ အချိုဆုံးအရာ။
၂) ကမ္ဘာပေါ်မှာ အခါးဆုံး အရာ။
၃) ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး အချိန်. . . . . . .ဆိုတဲ့ မေးခွန်း သုံးခုပါ။ ဒီမေးခွန်းလေးကိုပဲ ကမ္ဘာအနှံ့ ပုံပြင်မျိုးစုံ ၊ တင်ပြပုံ မျိုးစုံနဲ့ ပျံ့နှံ့နေပါတယ်။ အစ်ကိုလည်း ကြားဖူးမှာပါ။ ”
“ - - - - - - - ”
“ သူ့ရဲ့ အဖြေတွေက . . . .
၁) ကမ္ဘာပေါ်မှာ အချိုဆုံးအရာက ချစ်သူရဲ့ အနမ်း။
၂) ကမ္ဘာပေါ်မှာ အခါးဆုံး အရာက ချစ်သူရဲ့ အမုန်း။
၃) ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး အချိန်က ချစ်သူနဲ့ နေရတဲ့ အချိန် . . . လို့ ဆိုတယ်။ နံပါတ် ၂ မှာ အခါးဆုံး အရာက ချစ်သူရဲ့ အမုန်းလို့ ဆိုပေမဲ့ တကယ်တော့ အမုန်း ဆိုတာ မြည်းကြည့်လို့ ရတဲ့ အရာမှ မဟုတ်တာ။ ဒီတော့ ကျွန်တော်က ခါးတယ် ဆိုတဲ့ စကားက “ ခါးသီးတယ် ” ဆိုတဲ့ စိတ်ခံစားမှု စကားကနေ ယူထားတယ်လို့ ထင်တယ်။ ကိုယ် မနှစ်သက်လို့ ခါးတယ် လို့ ဆိုလိုချင်တာပါ။
အစ်ကို ပြောသလို အရသာက ခါးတယ် ဆိုရင် ဒီမိုးခါးရေကို သောက်ပြီး မြည်းကြည့်တဲ့ လူက ရူးသွားပြီလေ။ အရူး ပြောတဲ့ စကားကို အစ်ကို ယုံမှာလား။ အရူး စကားကို အရူးကပဲ ယုံတယ် လို့ ဆိုကြတော့ ကျွန်တော်ကတော့ မယုံဘူး အစ်ကို။ ကျွန်တော် ပြောတာ ဟုတ်ရဲ့လား။ ”
“ - - - - - - ”
“ ဒါဆိုရင် ကျွန်တော် ဆိုလိုတဲ့ မိုးခါးသောက်သူများ ကို အစ်ကို သဘောပေါက်လောက်မယ် လို့ ထင်ပါတယ်။ အစ်ကို ပြောတဲ့ မိုးခါးရေ ဆိုတာ ခါးတယ် ဆိုတဲ့ အယူအဆကိုတော့ ကျွန်တော် လက်မခံနိုင်တာ စိတ်မကောင်းပါဘူး။ အစ်ကိုကသာ ခါးတယ်လို့ ဆိုနေတာ အစ်ကိုလည်း သောက်ဖူးတာ မဟုတ်ဘူးလေ။”
“ တကယ်တော့ ဒီပုံပြင်ရဲ့ ဆိုလိုရင်းက မင်း ပြောသလို ဟုတ်ချင်မှ ဟုတ်မှာပါ။ သူ ဆိုလိုတာက တခြား ဖြစ်ချင် ဖြစ်နေနိုင်တယ်။ ”
သူက ဒီလို ပြောလိုက်မှ ကျွန်တော့်ရဲ့ အကြီးမားဆုံး ဟာကွက်ကို ကျွန်တော့်ဖာသာ သွားတွေ့ပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော် ချက်ချင်း မေးလိုက်မိပါတယ်။
“ ဒါနဲ့ အစ်ကိုက အခု ကျွန်တော့်ရဲ့ “ မိုးခါးသောက်သူများ ” နဲ့ ပတ်သတ်ပြီး လာဆွေးနွေးတယ် ဆိုတော့ အစ်ကို ကျွန်တော် ရေးထားတဲ့ မိုးခါးသောက်သူများ ပို့စ်ကို အစအဆုံး ဖတ်ပြီးပြီလား။ ”
“ မဖတ်ရသေးပါဘူး။ ဖတ်စရာလည်း မလိုဘူးလေ။ ဒီပုံပြင်က ဟိုးအရင်ကတည်းက ဖတ်ပြီးသားပဲ။ ဒီကျောရိုးပဲဟာကို ဘာလို့များ ထပ်ဖတ်နေရဦးမှာလဲ။ ”
ကျွန်တော် သူ့ကို ဘာမှ ဆက်မပြောမိတော့ပါ။ တကယ်တော့ ကျွန်တော့်ရေးထားသော မိုးခါးသောက်သူများ ပို့စ်ဟာ ဟိုးအရင်က မိုးခါးရေ သောက်သော ဇာတ်လမ်းပုံပြင်နဲ့ လုံးဝကို မသက်ဆိုင်ပါဘူး။ “ ရေ ” ဆိုပြီးတော့ ၊ “ မိုးရေ ” ဆိုပြီးတော့ တောင်မှ ပို့စ်ထဲမှာ တစ်ခုမှ မပါပါ။ ဒါပေမဲ့ ပို့စ်ကို မဖတ် ( သို့ ) ပို့စ်ကို ပြီးဆုံးအောင် မဖတ်ဘဲ ၊ ခေါင်းစဉ်လေး တစ်ခုနဲ့တင် လာပြီး ဆွေးနွေး ငြင်းခုံသော ရှေးရိုးစွဲ သမားတွေကို ကျွန်တော် ဘယ်လိုများ ဆက်ပြီး ရှင်းပြ ပြောရပါလိမ့်မလဲဗျာ။
ကျွန်တော် ငြိမ်သက်စွာ နဲ့ပဲ နောက်ဆုတ်လိုက်ပါတော့တယ်။
တကယ်တော့ . . . ကျွန်တော်ဟာ အရာရာကို အသစ်တီထွင် ဖန်တီးချင်မိသော လူတစ်ယောက်ပါ။ ဒါကြောင့် အရာရာကို မသိမသာ ၊ သိသိသာ ခွဲခြမ်း စိတ်ဖြာ မိပါတယ်။ ဒီလို အချိန်မှာ အရင်က သိသလိုလို ဖြစ်နေမိသော အရာတွေကလည်း သိတာထက် မသိတာက ပိုပြီး များလာတတ်ပါတယ်။ “ မသိရင် မေး ၊ မစင် ဆေး ” လို့ ဆိုကြတော့ ကျွန်တော့်မှာ ကိုယ့်ထက် သိမယ် လို့ ထင်ရသော လူတွေကို မေးရ မြန်းရတော့တာပါပဲ။
သေချာပါတယ်။ ကျွန်တော်ဟာ အခုထိ နွားကျောင်းသား တစ်ယောက်ပါ။ အခုထိလည်း မေးမြန်းနေဆဲ ၊ ကျွန်တော့်ကို စိတ်ကျေနပ်လောက်အောင် အဖြေ ပေးနိုင်မယ် ထင်ရသော ဘုရားလောင်းတိုင်းကို လက်ဆွဲကာ ကျွန်တော် သိချင်သော အရာများ ၊ အချက်များကို မေးမြန်းမိနေဆဲပါပဲ။ တစ်ခုတော့ ရှိပါတယ်။ နွားကျောင်းသားတို့ ထုံးစံ အတိုင်း သိလိုဇောနဲ့ ဘုမသိ ၊ ဘမသိ စွတ်ရွတ် မေးမြန်းမိချင် မိနေနိုင်ပါတယ်။
ဘာလို့လဲ ဆိုတော့ ကျွန်တော်က “ ပုံမကျ ပန်းမကျ နွားကျောင်းသား ” တစ်ယောက်ပါ။ ကျွန်တော်က နည်းနည်းလောက်သာ သိပြီး များများစားစား မေးချင်နေမိသူ တစ်ယောက်ပါ။ အခု ဒီစာကို ဖတ်ရသူများထဲမှ မိုးခါးရေကို သောက်ဖူးသူများ ရှိခဲ့ပါက သူ့ရဲ့ အရသာလေးကို တဆိတ်လောက် ကျေးဇူးပြုပြီး ဖြေပေးခဲ့ပါ။
အခု တလော ကျွန်တော် လူမှုရေး ကိစ္စတွေနဲ့ နည်းနည်း မအားဖြစ်သွားလို့ ဘလော့ ခဏပိတ်ထားမိတယ်။ ဒီအတွက် လာလည်သူများ ၊ စာဖတ်သူများ အားလုံးကို အနူးအညွှတ် တောင်းပန်ပါတယ်။
ဖတ်စေချင်သော ပို့စ်များ -
- မှောင်တခြမ်း ၊ လင်းတခြမ်းနှင့် လကွေး
- မိုးခါးသောက်သူများ

“ မိုးခါးရေက ခါးပါသလား။ ”
အခု တလော ကျွန်တော် လူမှုရေး ကိစ္စတွေနဲ့ နည်းနည်း မအားဖြစ်သွားလို့ ဘလော့ ခဏပိတ်ထားမိတယ်။ ဒီအတွက် လာလည်သူများ ၊ စာဖတ်သူများ အားလုံးကို အနူးအညွှတ် တောင်းပန်ပါတယ်။
ဖတ်စေချင်သော ပို့စ်များ -
- မှောင်တခြမ်း ၊ လင်းတခြမ်းနှင့် လကွေး
- မိုးခါးသောက်သူများ
လေးစားစွာဖြင့်
ကိုဇော်
၂၉.၃.၂၀၁၁
၂၉.၃.၂၀၁၁
16 ယောက် ရဲ့ ထင်မြင်ချက်:
ခေါင်းကုတ်ပြီးတော့
တိတ်တိတ်လေးပဲ
ပြန်သွားတယ် ..
ပြန်မလို့ပဲ ..
မိုးခါးသောက်သူများ
ဆက်ဖတ်လိုက်ဦးမယ် ..
ခင်မင်လျှက်
ဆောင်းနှင်းရွက်
သြော် ..
ပို့စ် က ဖတ်ပြီးသွားပြီပဲ ..
မေ့တွားလို့ .. :D
ခင်မင်လျှက်
ဆောင်းနှင်းရွက်
မိုးခါးရေတော့ အရသာတော့ မမြည်းဘူးသေးလို့ မသိသေးဘူးအကို..အဟီး:P:P
တော်တော်စိတ်ညစ်ရမှာပဲနော်... အားပေးဖတ်သွားတယ်အကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။
နွားကျောင်းသားတော့မဟုတ်ဘူး
ကောက်စိုက်သမလေ...နွားကျောင်းသားထက်
.ပိုဆိုးတယ်ဘာမှမသိဘူး......ဟီဟီ...
အရသာလေးအဖြေသိတဲ့အချိန်
သံချောင်းခေါက်လိုက်နော်..
wayyyyyyy ဘိုးဘိုးဇော် ပြန်လာဘီကွ
ထန များ စာဖတ်လိုက်အူးမယ်
အမငီးးး ဘိုးဘိုးဇော်ရယ် ..
ဒီလိုလူနဲ့များ စကားလုံးတွေ ဖောင်ဖွဲ့အောင် ပြောနေသေးတယ် နဲနဲလေးပြောလိုက်တာနဲ့ သူ့ ဉာဏ်ရည်ဉာဏ်သွေး အဆင့်တန်းက ဘယ်လောက်ရှိလဲဆိုတာ သိရောပေါ့
အမငီးးး အမငီးးး အာညောင်းတာလား လက်ညောင်းတာလားတော့မသိဘူး
နောက်ဆိုမှတ်ထား အဲလိုလူတွေနဲ့ အဖတ်ကော အရည်ကော လုပ်ပြီး ဂျကားမပြောနဲ့ကြားလား
ဒါဟာ တျီလျံနာလောင်းလျာ မြင်းသမီး ချာမ ဝက်ဝံလေးရဲ့ အမိန့်ဖဲ ဒါဖဲ
အပေါ်က မျဉ်းသားထားတဲ့ အပိုက်ထိဖတ်ပြီးကတည်းက ဘာကိုပြောချင်နေတယ်ဆိုတာ တိနေဘီ။ ဂျကားနဲ့ပြောတုန်းက နည်းနည်လေးနဲ့ ရှင်းတယ်.. ရေးပြရတော့ အများကြီးပဲတော်... မိမိဇော် တနားပါတယ်...။
ဘာပဲဖြစ်ဖြစ် ...ဆွေးနွေးခန်းကြောင့် အများတော့ ဗဟုသုတ ရတယ်.. ကျေးဇူးပါ ဦးဇွတ်
စာရေးတာချောအောင် တင်စားမှုလေးကို အဲသလောက်တောင်ရှင်းပြလိုက်ရတာလား ကိုဇော်..ကဗျာတွေ မဖတ်ဖူးဘူးနဲ့တူတယ်နော်...အားပေးလျက်
မိုးခါးချင်းကို ထပ်နေတာပဲ ခေါင်းတောင မူးသွားတယ်..။
ခေါင်းလေး ကုတ်ပြီး ငြိမ်နားထောင်သွားတယ်။ ကိုဇော်က မြင်းထိန်း ငတာ နဲ့ တွေ့ခဲ့တာပဲ။
တစ်ထွာ တစ်တောင် တစ်လံနှင့်ပဲ မြို့ပြတွေ ဘုရားတွေ တည်ဆောက်ခဲ့ကြပါတယ်၊
တစ်ယောက်နဲ့တစ်ယောက် ထွာချင်း တောင်ချင်းတော့ ဘယ်တူနိုင်ပါမလား၊
ရွှေ တရွေးသားလောက် ငပိ လောက်စာလုံးတစ်လုံးစာလောက် လဲတူတူပဲ
ကိုဇော်ပြောမှာ စဉ်းစားကြည့်မိတယ် ဘယ်လို standardize လုပ်ခဲ့ကြလည်းမသိဘုး၊
ပျော်ရွှင်ပါစေ။
ကိုဇော်ရေ ဖတ်ပြီးတော့ ဘာပြောရမှန်း မသိတော့ဘူး။ ခေါင်းကိုပဲ ထပ်ခါထပ်ခါ ကုတ်မိတယ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေနော်...
အကယ်၍ နေဟာ အနောက်ကနေ ထွက်ခဲ့တယ် ဆိုရင် တောင်.. "နေထွက်ရာ အရပ်သည်.. အရှေ့" ဆိုတော့...။
ကိုဇော်.
အဟီး..ဘာပြောရမှန်း မသိလို့ မပြောတော့ဘူး။ သိတာ တစ်ခုက မိုးခါးရေတော့ မသောက်ဖူးဘူး။ မိုးခါး ဆိုတာနားမလည်လို့ ရာမကိုတောင်မေးရတာ။ အဲတော့ ရာမ များမိုးခါးရေ သောက်ဖူးမလားမသိ။ ကြုံရင်(ပုံပြော) မဟုတ်ဘဲ ကြုံရင်မေးကြည့်ပါ။ သို့သော် တိတိကျကျ သိနေတာက ရာမ နေ့တိုင်းသောက်တာက (မိုးခါးရေ) မဟုတ်ဘဲ (ဘီယာ) ဖြစ်နေပါတယ်။ ပျော်ရွှင်ပါစေ
မိုးခါး(ရေ)ဆိုတာ ချိုလား ခါးလားတော့မသိ၊ မူးစေတတ်တာတော့ အမှန်ပဲ...ကောင်းဘွိုင်ဇော် ရေ ...
ဖတ်ပြီးတော့ မူးသွားတဲ့ အတွက် မိုးခါးက မူးလဲစေတတ်သော အရာ ဖြစ်ပါကြောင်းးး
ပုံ/
မျောက်မူးလဲ..ကွိ
မင်္ဂလာနံနက်ခင်းလေးပါ၊ ကိုဇော်ရေ။ မိုးခါးရေးက ဘယ်မှာ၇ှာရမလဲ တွေ့ရင်ပြောနော်။ မြည်းကြည့်မလို့။ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံသော နေ့လေးဖြစ်ပါစေ။
Post a Comment