“ ဗျာ . . . ”
“ မဗျာ နဲ့လေ . . ၊ မေးတာကို သေချာဖြေ ”
“ ဟင် . . . ”
“ မဟင်နဲ့ . . ဖြေ ”
“ ဖြေတာက လွယ်ပါတယ်။ ဘယ်လို ဖြေရမှာလဲ ၊ အမှန်အတိုင်း ဖြေရမလား ၊ လိမ်ပြီး ဖြေရမှာလား ”

“ အမယ် . . အမှန်အတိုင်း ဖြေရမှာပေါ့ ၊ လိမ်ပြီး ဖြေလို့ ဘယ်ရမလဲ ”
နှင်းနွယ် . . ကိုယ့်ဆီကို ဖုန်းဆက်ပြီး သုံးရက်လောက် အကြာမှာ သူနဲ့ ကိုယ် အွန်လိုင်းပေါ်မှာ တွေ့ဖြစ်ပြီး စကားပြောနေတာ ဖြစ်သည်။ ဒီကြားထဲမှာတော့ အွန်လိုင်းပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖြစ်ကြဘဲ Offline Messages တွေ ဖြင့်သာ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ် စကားပြော ဖြစ်ခဲ့ကြသည်။
“ ဒါဆို အမှန်အတိုင်း ဖြေရမှာပေါ့ ”
“ ဟုတ်တယ် အမှန်အတိုင်းဖြေ ၊ လိမ်ဖြေလို့ မရဘူးနော် ”
“ အင်း . . . . . . ပါ . . . . . . ”
ကိုယ် အဖြေကို သံရှည် ဆွဲပြီး ဖြေလိုက်သည်။
“ ဒါဆို စဖြေလေ ၊ အချစ်ကို ကိုဇော် ဘယ်လို ခံစားနားလည်လဲ ”
“ တကယ်တော့ ဘယ်လို ခံစားရလဲ ဆိုလည်း ဖြေရလွယ်ဦးမယ် ၊ ဘယ်လို နားလည်လဲ ဆိုလဲ ဖြေရ မခက်နိုင်ဘူး။ အခုလို တွဲပြီးတော့ ဘယ်လို ခံစားနားလည်လဲ ဆိုတော့ ဖြေရတာ တကယ်ကို ကြပ်တယ်။ ဒါပေမဲ့. . ”
“ ဒါပေမဲ့ ဘာဖြစ်လဲ။ အမှန် အတိုင်းဖြေနော် ”
“ အင်းပါ။ ဒါပေမဲ့ . . ဆိုတာ ဒီလိုပါ။ ကျွန်တော် ငယ်ငယ်က . . ၊ ပြောရရင်ဗျာ။ ကျွန်တော်တို့ ငယ်ငယ်က သူငယ်ချင်းတွေ စုဆုံမိရင် အချစ်အကြောင်း ပြောဖြစ်ကြတယ်။ ငယ်သေးတာလည်း ပါတာကိုး။ တခြား အကြောင်းအရာ ဆိုတာထက် အဲဒီတုန်းကတော့ အချစ်ဆိုတာကို ဘယ်သူမှ မကြုံဖူးလို့ ဘာမှန်း မသိပေမဲ့ ရင်ခုန်ခံစားဖွယ် ကောင်းတဲ့ နာမ်တစ်ခု အဖြစ်တော့ လက်ခံထားတယ်ဗျ ”
“ အင်း . . . ”
“ ဒီတော့ဗျာ။ သူငယ်ချင်းတွေ ဆုံတိုင်း ကြုံတိုင်း အချစ်အကြောင်း ပြောဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလို ပြောတဲ့ အထဲမှာ ကျွန်တော်က မပါဘူး။ ကျွန်တော်က နားထောင်ယုံ ၊ ထောက်ပေးယုံ ဆိုတဲ့ လူတစ်ယောက်ပဲ ဖြစ်နေတတ်တယ်။ ဒီလို ကြာလာတော့ သူငယ်ချင်းတွေက ကျွန်တော့်ကို သတိထားမိလာပြီး မေးကြတယ် ၊ ပြောကြတယ်။ ”
“ ဘယ်လိုမေးတာလဲ ”
“ သြော်. . . ၊ မင်းက ငါတို့ ပြောတဲ့ အချစ်အကြောင်းတွေပဲ ထိုင်နားထောင်နေတယ်။ မင်းရဲ့ အချစ်အပေါ်ထားတဲ့ သဘောထား ၊ အမြင်ကို ပြောပါဦးကွ ဆိုပြီး သူတို့ ပြောကြတယ်။ ”
“ ဟုတ်တယ် နှင်းနွယ်လည်း အဲဒါကိုပဲ သိချင်နေတာ ”
“ အင်းပါ. . . အခု သူတို့တုန်းက ပြောပြခဲ့သလိုပဲ ပြောပြမှာပါ။ ဒါပေမဲ့ အဲဒီတုန်းက ပြောခဲ့တာ ဆိုတော့ နှစ်ပေါင်း ၁၀ နှစ်ကျော် ကြာခဲ့ပြီပေါ့။ ဒါပေမဲ့ အခုထိ အဲဒီအဖြေက မပြောင်းလဲပဲ နှလုံးသားထဲမှာ ကိန်းဝပ် နေရာယူနေဆဲပါပဲ။ ”
“ ဟုတ် . . . ”
“ အဲဒီတုန်းက သူတို့ မေးတော့ ကျွန်တော် ရင်ထဲမှာ ရှိတဲ့ အတိုင်း ခပ်တိုတိုပဲ ပြန်ဖြေခဲ့တယ်။ အချစ်ကို ငါ ကြောက်လို့ လို့ ”
“ ဘယ်လို . . . . ၊ ဘယ်လို ကြောက်တာလဲ ”
“ ဟုတ်တယ်။ အဲဒီတုန်းကလည်း သူတို့ အခု နှင်းနွယ် ပြန်မေးသလိုပဲ မေးခဲ့ပါတယ်။ ”
“ အွန် ၊ ဟွန်း . . . ပြောပုံကိုက ”
သူ ကျွဲမြီးတိုသွားဟန် ရှိ၏။ မျက်နှာကို မမြင်ရပေမဲ့ ကြားလိုက်ရတဲ့ စကားထဲမှာကို ကိုယ့်ဆီကို မျက်စောင်းတွေ လှည့်ထိုးနေမယ် လို့ ခံစားမိသည်။
“ ဟုတ်တယ် တကယ်ကို သူတို့ အဲဒီလို ပြန်မေးတာ။ ဒီတော့ ကျွန်တော်က ထပ်ပြောလိုက်ပါတယ်။ ဟုတ်တယ် ငါ အချစ်ကို ကြောက်လို့ လို့ ”
“ ဒီတော့ . . . . ”
“ ဒီတော့ သူတို့ အားလုံး ဝိုင်းပြီး ကျွန်တော့်ကို ပြောကြတယ်။ ဒါဆိုရင်တော့ မင်းက “ ခဲမှန်ဖူးတဲ့ စာသူငယ် ” လို ၊ ဒါမှမဟုတ် . . . “ တစ်ခါသေဖူး ပျဉ်ဖိုး နားလည် ” ဆိုတဲ့ လူလို မင်း တစ်ခါ ခံထားရဖူးလို့ အချစ်ဆိုတာကို ကြောက်တာ မဟုတ်လားလို့ ကျွန်တော့်ကို ပြောကြတယ်။ ”
“ အဟိ . . ဟုတ်တယ်လေ။ အခုပဲ နှင်းနွယ်လည်း အဲဒီလို စိတ်ထဲက ထင်နေပြီး ပြောတော့မလို့ပဲ ”
“ သူတို့ အဲဒီလို ပြောတော့ ကျွန်တော်က ပြုံးပြီး သူတို့ကို ပြန်ပြောလေ့ ရှိပါတယ်။ ငါနဲ့ မင်းတို့ ငယ်ငယ်လေးကတည်းက ပေါင်းလာတာပဲလေ။ ငါ့မှာ ချစ်သူ ရည်းစား ရှိတယ် ဆိုရင် အိမ်က မသိဘူး ဆိုရင်တောင်မှ မင်းတို့တော့ အနည်းဆုံး သိမှာပဲလေ။ မင်းတို့ ငါ့မှာ ချစ်သူ ရည်းစား ရှိတယ် လို့ ကြားဖူးလို့လား လို့ ပြန်မေးလိုက်တယ်။ ”
“ တကယ်ရော မရှိဖူးဘူးလား ”
ဒါဟာ ဘယ်လို မေးခွန်းမျိုး ဖြစ်လေလိမ့်မလဲ ဆိုတာကို ကိုယ် သရုပ်မခွဲချင်ပါ။ သရုပ်မခွဲလိုတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ဒါကြောင့် ဒီအတိုင်းပဲ ဖာသိဖာသာ ဆက်ပြောလိုက်သည်။
“ ဒီတော့ သူတို့ တွေဝေသွားတာပေါ့။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်မှာ ချစ်သူ ရည်းစား တစ်ခါမှ မထားဖူးဘူး ဆိုတာကို သူတို့ အသိဆုံးပဲ မဟုတ်လား။ ”
“ ဒါဆို ကိုဇော်က အချစ် ဆိုတာကို ဘာလို့ ကြောက်တယ် လို့ ပြောရတာလဲ ”
“ ဟုတ်တယ် ၊ အဲဒီအတိုင်းပဲ အဲဒီတုန်းက သူတို့ မေးတယ် ”
“ ဟယ် . . . . သူများ မေးတာကို . . . ”
“ တကယ်ပြောတာ ၊ မနောက်ဘူး။ အဲဒီအတိုင်းပဲ အဲဒီအချိန်တုန်းက သူငယ်ချင်းတွေ ဝိုင်းမေးကြတယ်။ အဲဒီအချိန်တုန်းက ကျွန်တော် သူတို့ကို ပြန်ဖြေမယ် လုပ်နေတုန်း ကျွန်တော် ချက်ချင်း ပြန်မဖြေသေးဘဲ ဟိုးအဝေးကို ငေးနေလိုက်တယ်။ ဒီတော့ သူတို့ကလည်း ကျွန်တော့်လိုပဲ ဟိုးအဝေးကို လိုက်ငေးတယ်။ ပြီးတော့မှ ကျွန်တော် တစ်လုံးချင်း ပြန်ဖြေလိုက်တယ်။ ”
“ အင်း . . . ”
“ ကျွန်တော် အချစ်ကို ကြောက်တယ် ဆိုတာ “ လူက သရဲကို ကြောက်သလို ကြောက်တာပါ ” လို့ ”
“ ရှင်. . . ၊ ဘယ်လို ”
“ ဟုတ်တယ်။ အဲဒီတုန်းကလည်း သူတို့ အဲဒီလိုပဲ “ ရှင် ” ဆိုတာသာ မပါတယ် “ ဘယ်လို ” ဆိုပြီးတော့ ဝမ်းခေါင်းသံကြီးတွေနဲ့ ဝိုင်းပြီး မေးကြတယ်။ ”
“ ကိုဇော်နော် ၊ သူများပြောတာကို အတင်းကြီး လိုက်ပြီး တူအောင် လုပ်ပြောနေသလိုပဲ ”
“ မဟုတ်ဘူး နှင်းနွယ်ရဲ့။ လောကရဲ့ ဖြစ်စဉ်တွေက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြန်ပြီးတော့ ထပ်တူညီပြီး ပြန်ဖြစ်လာတတ်တယ်လေ။ ကျွန်တော်က အခု အဲဒီ သဘောတရားနဲ့ ပြောနေတာပါ။ ”
“ ဟုတ်ပါပြီ ဆက်ပြောပါဦး ”
“ ဟုတ်တယ် ၊ ကျွန်တော် အချစ်ကို ကြောက်တယ် ဆိုတာ လူက သရဲကို ကြောက်သလို ကြောက်တာပါ။ ဘာလို့လဲ ဆိုတော့ လူဆိုတာ သရဲကို ကြောက်လား ဆိုတော့ ကြောက်ကြတယ်။ ဒါပေမဲ့ သရဲကို တွေ့ဖူးလား ဆိုတော့လည်း တကယ်တော့ မတွေ့ဖူးဘူး။ မတွေ့ဖူး ၊ မမြင်ဖူးဘဲနဲ့ကို လူတွေက သရဲကို ကြောက်ကြတာ။ အခု ကျွန်တော်လည်း ဒီလိုပါပဲ။ ကျွန်တော် အချစ်ကို မတွေ့ဖူးဘူး ၊ မဆုံဖူးဘူး ၊ မကြုံဖူးပါဘူး ဒါပေမဲ့ ကျွန်တော် ကြောက်မိတယ်။ ဘာလို့ ကြောက်တာလဲ ဆိုတော့ ကျွန်တော် အချစ်ကို ကြောက်တာက သူ့ရဲ့ မလိုချင်တဲ့ နောက်ဆက်တွဲကြောင့်ပါ ”
“ ဘာလဲ ဟင် ”
“ အချစ်ရဲ့ မလိုချင်တဲ့ နောက်ဆက်တွဲ ဆိုတာက ချစ်သူနဲ့ ဝေးကွာခြင်း ၊ အသည်းကွဲတာပါ။ အချစ်ရဲ့ လက်ရှိ ဆိုတာက ကြည်နူးပျော်ရွှင်မှုပါ။ ကျွန်တော် အချစ်ကို ကြောက်တယ် ဆိုတာက သရဲကို ကြောက်သလိုပဲ။ သရဲက ငါ့ကို ဘယ်လို ဂုတ်ချိုး လိုက်လေမလဲ ၊ ဘယ်တော့များ သူ့ရဲ့ သွားကြီးကို ဖြဲပြီး မျက်လုံးကြီးကို ပြူးပြပြီး ခြောက်လိုက်လေမလဲ ဆိုတာကို တွေးပြီးတော့ ကြောက်မိသလို ပါပဲ။ အချစ်ဆိုတာကလည်း ဘယ်တော့များ ငါ့ကို ထားခဲ့မလဲ ၊ ဘယ်တော့များ ငါ့ကို အသည်းခွဲသွားမလဲ ဆိုတာကို တွေးမိပြီး အချစ်ကို ကြောက်မိတာပါ နှင်းနွယ် . . . ဒါပါပဲ ”
“ သြော်. . . ဒါကြောင့် ကိုဇော်က အချစ်ကို ကြောက်တယ် လို့ ဆိုတာပေါ့လေ ”
“ ဟုတ်ပါတယ် ”
“ ဒါဆို ကိုဇော်က အချစ်ဆိုတာနဲ့ တစ်ခါမှ မကြုံခဲ့ဖူးဘူးပေါ့ ၊ တစ်ခါမှ ချစ်သူ ရည်းစား မထားဖြစ်ခဲ့ဘူးပေါ့ ”
“ ဘာကို မေးတာလဲ နှင်းနွယ် ၊ ကျွန်တော် သဘောမပေါက်ဘူး ”
“ ဒီလိုလေ ၊ ကိုဇော်က ဒီအသက်အရွယ် အထိကို လုံးဝ ချစ်သူ ရည်းစား မထားဖြစ်ခဲ့ဘဲနဲ့ ၊ ကျောက်ခဲကို နှလုံးသား လုပ်ပြီး နေခဲ့တာလား လို့ မေးတာပါ .. . . ဟိဟိ ”
“ သြော်. . ၊ ဒီလိုတော့ ဘယ်ဟုတ်လိမ့်မလဲ နှင်းနွယ်ရယ်။ ကျွန်တော်လည်း လူထဲက လူပဲလေ။ လူ့လောကမှာ လျှောက်လှမ်းနေတဲ့ လမ်းမ တလျှောက်မှာတော့ ဘယ်လောက်ပဲ အပြေးသန်သန် ၊ ဘယ်လောက်ပဲ လမ်းလျှောက်မှန်မှန် ၊ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ လူဆိုတာ အခန့်မသင့်ရင် ခလုတ်တော့ တိုက်မိတတ်ကြတာပဲ မဟုတ်လား။ လူကြီးဆိုတော့လည်း ကလေးတွေလို ခလုတ်တိုက်လို့ မှောက်လျက်မကျပေမဲ့ နည်းနည်းတော့လည်း ယိုင်သွားတတ် ကြတာပဲလေ။ အဲဒီလိုသာ မှန်မယ် ဆိုရင် ကျွန်တော်လည်း ခလုတ်တိုက်ခဲ့ဖူးပါတယ်။ ”
“ ဝါး . . . . . ဥပမာပေးကတော့ စားတယ်ရှင် ”
“ တကယ် ပြောတာပါ နှင်းနွယ်ရဲ့ ”
“ ဒါဆိုရင် ကိုဇော်လည်း ခလုတ်တွေ ခဏခဏ တိုက်ခဲ့တာပဲလား ၊ ဥပမာ - ခလုတ်လေးကွ ဆိုပြီးတော့ရော လမ်းမှာ တွေ့ရင် တိုက်ပစ် လိုက်တာပဲလား ”
ကိုယ်ဘာမှ ပြန်မပြောပါ။ ဒီဘက်ကနေ ငြိမ်ပြီးတော့ ပြုံးနေမိသည်။ တော်တော်လည်း လည်တဲ့ မေနှင်းနွယ် ပဲ လို့ တွေးနေမိသည်။
“ ဖြေလေ ”
“ ကျွန်တော်က အချစ်ကို သရဲ ကြောက်သလို ကြောက်တယ်လေ ၊ ဒါကြောင့်မို့ ကျွန်တော် အချစ်ကို ခလုတ်မတိုက်မိအောင် ကြိုးစား ရှောင်ခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ဗျာ။ ငယ်ငယ်က အဖွားက ပြောခဲ့ဖူးတယ်ဗျ။ သရဲ ဆိုတာ လူက ခလုတ်တိုက်လို့ လိပ်ပြာလန့်သွားတဲ့ အချိန်ဆိုရင် ဝင်ပြီးတော့ စီးတတ်တယ် ဆိုပဲ။ ဒီလိုပဲ ကျွန်တော် ခလုတ်တိုက်တဲ့ အချိန် အချစ် ဆိုတဲ့ သရဲက ကျွန်တော့်ကို ဝင်စီးပြီး အသည်းခွဲသွားမှာ ကြောက်လို့ပါဗျာ။ ဒါကြောင့် ကျွန်တော် ခလုတ် မတိုက်မိအောင် ကြိုးစားပြီး နေပါတယ်။
ဒါပေမဲ့ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်မှာတော့ ကျောင်းမှာပဲ ဖြစ်ဖြစ် ၊ ရပ်ကွက်ထဲမှာပဲ ဖြစ်ဖြစ် ဒီမိန်းကလေးကတော့ သင့်တော်သားပဲ ဆိုတဲ့ စိတ်ကနေ တွေးတောမိတဲ့ ခလုတ်မျိုးတော့ ကျွန်တော်လည်း တိုက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ကျွန်တော် အပေါ်ယံတင် ရှပ်တိုက်မိလို့ ထင်ပါတယ်။ လဲကျဖို့ နေနေသာသာ ၊ ယိုင်တောင်မှ ယိုင်မသွားမိခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က အချစ်ကို သရဲလို ကြောက်နေမိလို့ပါ ”
“ သြ . . သြ . . သြ . . . ဒါကြောင့် ကိုဇော်က အချစ်ကို ကြောက်တယ် လို့ ဆိုတာပေါ့လေ ”
“ အဲဒီ အတိုင်းပါပဲဗျာ ”
“ အခု ကိုဇော် ပြောတဲ့ ကိုဇော်က အချစ်ကို သရဲ ကြောက်သလို ကြောက်တယ် ဆိုတဲ့ အယူအဆကို မှန်ပါတယ်လို့ သက်သေပြနိုင်မလား ”
“ အဲဒီလိုတော့ ကျွန်တော် ဘယ်လိုလုပ် သက်သေပြနိုင်မလဲဗျာ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ် ”
“ ဟုတ် . . . ပြောပါဦး ”
“ ကျွန်တော် အဲဒီလို ပြောမိတုန်းက အတော်ကို ငယ်သေးပါတယ်။ ဘာမှလည်း သေချာ မသိသေးပါဘူး။ ကိုယ့်စိတ်ထဲမှာ ရှိတာကိုပဲ ပြောမိတာပါ။ နောက်တော့ စာတွေ ဘာတွေ လိုက်ဖတ်ရင်းနဲ့ “ အော်စကာဝိုင်းလ် ” ရဲ့ စာသားလေး တစ်ခုကို စာအုပ်တစ်အုပ်မှာ သွားဖတ်မိတယ်ဗျာ။ သူက ဒီလို ဆိုတယ်။ ကျွန်တော် Chat Box ကနေ ရေးပို့လိုက်မယ်။ ပြောပြတာထက် ကိုယ်တိုင် ဖတ်တာက ပိုပြီး ကောင်းမယ် ထင်လို့ပါ ”
“ ဟုတ်ကဲ့ ”
ကိုယ် စကားဆက်မပြောဘဲ ၊ သူ့ရဲ့ Chat Box ထဲကို စာသား အချို့ရေးပေးပြီး Enter ကို နှိပ်လိုက်၏။
ကိုယ့်စာလေး သူ့ဘောက်စ်ထဲကို တတ်သွားတော့ သူက ငြိမ်ကာ ဖတ်နေ၏။ ပြီးတော့ သက်ပြင်းချသံ တချို့ကိုလည်း ကြားရလေသည်။ ပြီးမှ. . . .
“ ဒါဆို ကိုဇော်က အချစ်ကို တစ်သက်လုံး သရဲကို ကြောက်သလို ကြောက်သွားတော့မယ် ဆိုတဲ့ သဘောပေါ့လေ ”
“ ဒီလိုလည်း မဟုတ်သေးပါဘူး နှင်းနွယ် ”
“ ရှင် . . . ၊ ဒါဆို ကိုဇော်က ဘယ်လိုကြီးလဲ။ အမျိုးမျိုးပဲ ”
“ မဟုတ်ဘူးလေ ၊ ကျွန်တော် ပြောတာက အချစ်ကို သရဲ လို ကြောက်တယ်။ ဟုတ်ပါတယ် ဒါကို ကျွန်တော် ပြောခဲ့ပါတယ်။ ဒါပေမဲ့ လူဆိုတာကလည်း ခက်သားလားဗျာ။ သရဲကို ကြောက်ပါတယ် ဆိုတဲ့ လူအတော် များများက သရဲကားတော့ အတော် ကြည့်မိတတ်ကြတယ်။ သရဲကို ကြောက်တယ် ဆိုရင် သရဲကားကို မကြည့်ပါနဲ့လား ဆိုတော့လည်း သူတို့ဖာသာလည်း သူတို့ မထိန်းနိုင်ဘူး။ ပိုပြီးတောင်မှ စိတ်ဝင်စားပြီး ကြည့်မိတတ်တယ်။ ပြီးတော့ အဲဒီလို လူတွေက သရဲအကြောင်းကို ပိုပြောမိတတ်တယ်။
နောက်တစ်မျိုးက ပိုဆိုးသေးတယ်ဗျ။ သရဲကို ကြောက်တတ်တဲ့ လူတွေမှာမှ တစ်ခါတလေ ကံကြမ္မာက သူတို့ကို နောက်ပြောင်ပြီး သရဲနဲ့မှ ထိပ်တိုက် တိုးမိတတ်တယ်။ အဲဒီအချိန်မှာ သူတို့အတွက် လုပ်စရာ နှစ်ခုပဲ ရှိတော့တယ်။ တစ်ခုက ကြောက်လှပါတယ် ဆိုတဲ့ သရဲကို တွေ့ရ မြင်ရပြီး အကြောက်လွန် မေ့လဲသွားမယ် ၊ ဒါမှမဟုတ် သေသွားမယ်။ နောက်ထပ် တစ်ခုကတော့ သူတို့ သရဲ ဆိုတာ ဒါပါလား ဆြို့ပီးတော့ သရဲကို စူးစမ်းမိမယ် ၊ စိတ်ဝင်စားသွားမယ် ၊ သူတို့ကြောက်ဖို့ထက် သရဲ ဆိုတာကို ပိုပြီးတော့ အာရုံ ဝင်စားသွားမယ်။ ဒီလို ဖြစ်သွားလိမ့်မယ် လို့ ကျွန်တော် ထင်တယ်။ ”
နှင်းနွယ် ဘက်မှ ဘာသံမှ မကြားရတော့ ၊ သို့သော် ကိုယ့် Headset ရဲ့ Earphone ထဲမှာတော့ သူ့ရဲ့ အသက်ရှူလို့ လေတိုးသံလေးတွေက နွေးနွေးလေး ခံစား ကြားယောင်နေရသည်။ သူမ ဟိုဘက်မှာ ပြုံးပြီး တိုးတိုးလေး ကျိတ်ရယ်များ ရယ်နေမလား။ ခဏနေမှ သူမ ထံမှ အသံထွက်လာ၏။
“ ဒါဆို ကိုဇော်က အပြင်မှာ ကိုဇော် ကြောက်လှပါပြီ ဆိုတဲ့ သရဲနဲ့ ထိပ်တိုက် တိုးမိပါပြီတဲ့။ ကိုဇော်က နှစ်မျိုးထဲက ဘယ်လိုမျိုး ဖြစ်မှာလဲ ”
“ တထစ်ချ ကျွန်တော် မပြောနိုင်ပေမဲ့ ၊ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော် ဒုတိယ အမျိုးအစားပဲ ဖြစ်မိမှာပါ။ ဘာလို့လဲ ဆိုတော့ လောကမှာ ကျွန်တော်က မမြင်ဖူးတာကို မြင်ဖူးချင်တယ် ၊ မကြုံဖူးတာကို ကြုံဖူးချင်တယ် ၊ မသုံးဖူးတာကို သုံးဖူးချင်တယ် ၊ မသွားဖူးတာကို သွားဖူးချင်တယ် ဆိုတဲ့ စူးစမ်းစိတ်လေး ကျွန်တော့်မှာ ရှိတယ် ဆိုတာကို ကျွန်တော် အပြည့်အဝ ယုံကြည်နေလို့ပါ။ ”
“ ဒါဆို ကိုဇော်က အချစ်ဆိုတဲ့ သရဲနဲ့ တွေ့တဲ့ အခါကျရင် လန့်ပြီးတော့ မေ့ပြီး သေမသွား နိုင်ဘူးပေါ့နော် ”
“ သေချာပါတယ် ၊ တစ်ခုတော့ ရှိတယ်။ တစ်ခါတလေ သရဲက မြန်လွန်းရင်တော့ ကျွန်တော် သေချာ မမြင်လိုက်ရလို့ အံ့သြ တွေဝေ နေမိရင်တော့ တွေဝေ နေမိမယ် ထင်တယ်။ ဒါပေမဲ့ ဒါဟာ အချစ်ဆိုတဲ့ သရဲ ဆိုတာ သေချာသိသွားရင်တော့ ကျွန်တော် သူ့ကို အချိန်ပေပြီး ဂရုတစိုက် စူးစမ်းမိမှာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်ကလည်း အချစ်ကို စိတ်ဝင်စားပါတယ်ဗျာ။ မကြုံဖူးလို့ ကြောက်တာလေး တစ်ခုပါပဲ ”
“ တော်တော်ကို လည်တယ်နော် ”
“ ဗျာ ၊ ကျွန်တော်ကလား ??????????? ”
“ ဟုတ်တယ်လေ ၊ စကားကို လှည့်ပတ်ပြီးတော့ ပြောနေတယ်။ အချစ်ကို သရဲလို ကြောက်တယ် တဲ့။ ဒါပေမဲ့လည်း မကြူံဖူးလို့ တဲ့။ ပြီးတော့ ကြုံလာရင်လည်း အချိန်ပေးပြီး စူးစမ်းလေ့လာမယ် တဲ့ . . . . ဟွန်း . . မုန်းစရာကြီး ”
“ သြ . . ဒါက တကယ်ပြောတာလေ။ အစကတည်းက စိတ်ထဲ ရှိတဲ့ အတိုင်း ပြောရမလားလို့ မေးတယ်လေ။ ပြော ဆိုတော့မှ ပြောတာလေ ”
“ အင်းပါ . . ဟုတ်ပါပြီ ”
“ ဒါနဲ့ ကျွန်တော့်ကိုသာ မေးနေတာ ၊ နှင်းနွယ် ကျတော့ရော အချစ်ကို ဘယ်လို ခံစားနားလည်လဲ ”
တိတ်ဆိတ်မှုက ရုတ်တရက် ကိုယ်တို့ နှစ်ယောက်ကြားမှာ သရဲ တစ်ကောက် ဂုတ်ကို ခွစီးလိုက်သလို ဖိဖိစီးစီး လွှမ်းခြုံသွားကာ ငြိမ်သက်သွားလေသည်။ အတော်ကြာသည် အထိ ဘယ်သူ့ဘက်ကမှ စကား မစဖြစ်ပါ။ ပြီးမှ. . .
“ နှင်းနွယ် . . . .၊ နှင်းနွယ်လေ . . . အချစ်ဆိုတာကို ခံစားရတဲ့ အကြောင်းနဲ့ နားလည်တဲ့ အကြောင်း နောက်မှ ပြောပြမယ် ဖြစ်မလား ကိုဇော် ”
ဘာရယ် မဟုတ်ဘဲ ရင်ထဲမှာ မျက်ခနဲ ဖြစ်သွားပေမဲ့ အသာအယာပဲ ပြန်ပြောလိုက်မိသည်။
“ ဖြစ်ပါတယ် နှင်းနွယ် ၊ နှင်းနွယ် အဆင်သင့်ဖြစ်တဲ့ အချိန် ၊ ဒါမှမဟုတ် အဆင်ပြေတဲ့ အချိန်မှ ပြောပါ ”
“ ကျေးဇူးပါပဲ ကိုဇော် ၊ ဒါဆို အခုတော့ နှင်းနွယ် ကိုဇော့်ကို ဆက်မေးဦးမယ်နော် ”
“ ဟုတ်ကဲ့ ”
ပြောပြောဆိုဆို ကွန်ပျူတာ Task Bar မှ အချိန်လေးကို ကြည့်လိုက်တော့ 11.24 AM ဆိုပြီး ပြနေသည်။ အရင်ကဆိုရင် ဒီအချိန် ကိုယ် အိပ်မက်ထဲကို ရောက်နေလောက်ပြီ။ အခုတော့ ဒိန်းဒလိန်း နတ်လို့ လူတွေက ဆိုသော အချစ်ဆိုတဲ့ အရာက ကိုယ့်ကို ဝင်ပူးနေတာလား။ ဒါဆိုရင်တော့ ကိုယ် ပြင်းပြင်းရှရှ ငြင်းရပါလိမ့်မည်။ မဟုတ်ပါ။ အခုက ကိုယ့်ကို နတ် ဝင်ပူးနေခြင်း မဟုတ်ပါ။ အချစ်တစ္ဆေ တစ်ကောင် ဝင်ပြီး ကိုယ့်ရဲ့ ဖုန်းထဲက “ အသံလေး ကြားရတာနဲ့တင် လုံလောက်ပါတယ် ” ဆိုတဲ့ စကားသံကြောင့် ကိုယ် “ ဗျာ ” ခနဲ လိပ်ပြာ လန့်သွားပြီး တစ္ဆေစီး ခံလိုက်ရခြင်းသာ ဖြစ်ပါလိမ့်မည်။
သို့သော် ကိုယ့်အနားကို ဘယ် ပယောဂ ဆရာကိုမှ မလာစေချင်ပါ။ ကိုယ် ဒီလိုပဲ တိမ်းတိမ်းမူးမူး ရူးချင်လည်း ရူးပါရစေ။
“ အင်း . . နောက်တစ်ခု မေးကြည့်ချင်တာကလေ . . . ”
“ အင်း . . ”
“ လူတွေက ပြောတတ်ကြတယ်လေ။ “ အချစ်ကြီးရင် အမျက်ကြီးတယ် ” ဆိုပြီးတော့ အဲဒါ ကိုဇော် အဲဒီစကား အပေါ်မှာ ဘယ်လို ထင်လဲ ၊ ဘယ်လို မြင်လဲ။ ပြီးတော့ ကိုဇော်ကရော အဲဒီလို အခြေအနေဆိုရင် ဘယ်လို ဆုံးဖြတ်မလဲ ”
“ မေးခွန်းက တိုပေမဲ့ အတော်ကို ပြောရမှာပဲဗျ။ ဒါတွေကို အားလုံး ခြုံပြီး ကျွန်တော် ပြောကြည့်မယ်ဗျာ။ နှင်းနွယ် ရဲ့ စိတ် အလိုကျ အဖြေ ရပါလိမ့်မယ် လို့တော့ ကျွန်တော် အာမ မခံနိုင်ဘူး။ ကျွန်တော့် စိတ်ထဲမှာ ခံစား နားလည်ထားသလိုပဲ ကျွန်တော် ပြောမယ်။ အဆင်ပြေမလား ”
“ အိုကေ ၊ နှင်းနွယ်ကလည်း ဒါကိုပဲ ကြားချင်တာပါ ”
“ ဟုတ်ပြီ။ ဒါဆို ကျွန်တော် အရင်ဆုံး “ ဓမ္မပဒ ” ထဲက စာလေးနည်းနည်း ရေးပြမယ်ဗျာ။ ဒီလို . . . .”
ကိုယ် သူ့ရဲ့ ဘောက်စ်ထဲမှာ ရေးပြီးတော့ ပို့ပေးလိုက်၏။
မချစ် မမုန်း၊ အကောင်းဆုံး။
ချစ်သော သူတို့နှင့်လည်း မပေါင်းလင့် ၊ မုန်းသော သူတို့နှင့်လည်း မပေါင်းလင့်။ ချစ်သော သူတို့ကို မမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသော သူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။ ထို့ကြောင့် လူကိုဖြစ်စေ ၊ ပစ္စည်းဥစ္စာကို ဖြစ်စေ ချစ်ခင် စွဲလန်းခြင်းကို မပြုရာ။ ချစ်ခင် စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ ချစ်ခြင်း မုန်းခြင်း မရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန်။

“ အချစ်ဆိုတာ တစ္ဆေ နဲ့ တူတယ်။
ဘာလို့လဲ ဆိုတော့ သူ့ကို လူပြောသာ များတာ ၊ ကြုံဖူးသူ ရှားတယ်။ ”

(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )
“ အဲဒီလို ဆိုတယ်ဗျ။ ဒါက ကျမ်း သဘော ၊ တရား သဘောပေါ့ဗျာ။ ”
“ ဟုတ် . . . ”
“ အခုကတော့ ကျွန်တော့် စိတ်ထဲက အတိုင်း ပြောမယ်ဗျာ။ တချို့က ပြောကြပါတယ်။ အချစ်ဆုံးလေး ဆိုရင် အမုန်းဆုံးလေးပဲ ဖြစ်နိုင်တယ်။ အချစ်ဆုံးကြီး ဆိုရင် အမုန်းဆုံးကြီး ဖြစ်တတ်တယ် တဲ့။ သူတို့ ဆိုလိုချင်တာက အချစ်နေတုန်းက နစ်နစ်နဲနဲ ချစ်ခဲ့ပြီး တွေ့ဆုံ ပေါင်းစည်းခွင့် မရှိတော့ဘူး ဆိုပြီး လမ်းခွဲကြရပြီ ဆိုရင် အချစ်တွေကနေ အမုန်းတွေကို ပြောင်းလဲသွားတတ်တယ် ဆိုတဲ့ သဘောနဲ့ ပြောတာပါ။ အဲဒီအချိန်ကျရင် အမုန်းကြီး မုန်းသွားတတ်ကြတယ် လို့ ဆိုချင်တာ။ အဲဒါကြောင့် အချစ်ဆုံးလေး ဆိုရင် အမုန်းဆုံးလေးပဲ ရှိဦးမယ်။ အချစ်ဆုံးကြီး ဆိုရင် အမုန်းဆုံးကြီး ဆိုပြီး ဖြစ်လာမှာပေါ့ ဆိုပြီး ပြောတတ်ကြတာပါ။ ”
“ ဟုတ်တယ် . . . ဟုတ်တယ်။ နှင်းနွယ် ပြောချင်တာ အဲဒီ စကားပဲ။ ဒါကို သူငယ်ချင်းတွေ ကြားမှာလည်း ခဏခဏ ကြားနေရတယ်။ ဒါကို ကိုဇော်ကရော ဘယ်လို ခံစားရလဲ ”
“ ကျွန်တော်ကတော့ အဲဒီစကားကို ဘာမှ မခံစားရပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်နဲ့ သဘောထားချင်း မတိုက်ဆိုင်လို့ပါပဲ။ ဒါကြောင့် သူ့ကို လျစ်လျှူရှု့ပစ်လိုက်တယ်။ ကျွန်တော် ခံစား နားလည်မိနေတာက တမျိုး ဖြစ်နေတယ်ဗျာ။
ဒါကို ပြောပြရမယ် ဆိုရင် ပထမဦးဆုံး အခြေအနေက ဓမ္မပဒကို ဦးတည်ပြီး ပြောရမှာပဲ။ ပထမဦးဆုံး လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်လို စိတ်မှ မရှိဘဲ ဆုံတွေ့တယ် ဆိုရင် ဒါဟာ ဓမ္မပဒ မှာ ရေးထားသလို “ ချစ်ခြင်း ၊ မုန်းခြင်း မရှိသော အခြေအနေ ” လို့ ကျွန်တော်က ဆိုချင်တယ်ဗျာ ”
“ အင်း . . . . ”
“ ဒီလို အခြေအနေလေးကို ကျွန်တော်က မျက်လုံးထဲ မြင်သာအောင် ပြောရမယ် ဆိုရင် “ ချိန်ခွင် ” တစ်ခုကို ဥပမာပေးရမှာပဲ။ ချစ်ခြင်း မုန်းခြင်း မရှိသော အခြေအနေဟာ ချိန်ခွင်လျှာလေး ညီနေတဲ့ မျှခြေ အနေအထားပေါ့။ ဒါကို အချစ်ဘက်ကို ၅၀ ၊ အမုန်းဘက်ကို ၅၀ လို့ ထားလိုက်မယ်ဗျာ။ ဒီမှာ တစ်ဦးနဲ့ တစ်ဦး မျှခြေကနေ အမုန်းတွေ လျော့ပြီး အချစ်တွေ တိုးလာတယ် ဆိုပါစို့။
ဒါကြောင့် မုန်းခြင်းဘက်ကနေ ချစ်ခြင်းဆိုတဲ့ အရာဘက်ကို ၁ သာပြီး ထည့်လိုက်တယ် ဆိုပါစို့။ ၁ ဆိုပေမဲ့ ချစ်ခြင်းဘက်မှာ ၅၁ ဖြစ်သွားပြီး ၊ မုန်းခြင်းဘက်မှာ ၄၉ ပဲ ကျန်တော့မယ်။ လွယ်လွယ် သဘောပြောရရင် ချစ်ခြင်းက တိုးလာပြီး မုန်းခြင်းက လျော့သွားတာပေါ့ဗျာ။ ဒါပေမဲ့ မျှခြေ ဆိုပြီး ဖြစ်နေတဲ့ ချိန်ခွင်လျှာမှာ ကျတော့ ချစ်ခြင်းဘက်က ပိုပြီးတော့ စောင်းလာတာပေါ့ဗျာ။
ဒါကြောင့် လူတစ်ယောက်ကို ပိုပိုပြီး ချစ်လာလေလေ ၊ ချစ်ခြင်းဘက်မှာ ပိုလာတိုင်း မုန်းခြင်းဘက်မှာ လျော့သွားပြီး ချိန်ခွင်လျှာလေးကလည်း စောက်ထိုး ဖြစ်သထက် ဖြစ်လာမယ်။ ဒီလိုပဲ ချစ်ခြင်းမှာ ပိုလာတိုင်း အမုန်းဘက်မှာ လျော့သွားပြီး နောက်ဆုံးမှာ အချစ်ဘက်မှာ အလေးသာလွန်းပြီး အမုန်းဘက်မှာ နည်းလွန်းသွားမယ်။ ဒီအခြေအနေမှာ ဆိုရင် ချိန်ခွင်လျှာလေးဟာ အချစ်ဘက်မှာ ဇောက်ထိုးကြီး ဖြစ်နေမှာပေါ့ဗျာ။ ”
“ အင်း . . ”
“ ဒီတော့ဗျာ။ ကျွန်တော်ကတော့ ကျွန်တော့် ချစ်တဲံ့ လူတစ်ယောက်ကို ချစ်တဲ့ ရာခိုင်နှုန်း တိုးလာတာနဲ့ အမျှ ၊ မုန်းတဲ့ ရာခိုင်နှုန်းကလည်း လျော့ကျသွားတာပဲဗျာ။ အချစ်တွေ တိုးတိုးလာရင်း ၊ အမုန်းဆိုတာတွေက လျော့နည်းရင်း နောက်ဆုံးမှာ အမုန်းတွေက နည်းလွန်းပြီး အငွေ့ပျံ ပျောက်သွားသလို ဖြစ်သွားတော့မှာပါပဲ။ ဒါကြောင့် ကျွန်တော် အချစ်ကြီး ချစ်သမျှ ၊ သူ့အပေါ်မှာ ဘယ်တော့မှ အမုန်းဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ အချစ်ကြီးလို့ အမုန်းကြီးတယ် ဆိုတာကို ကျွန်တော်က ကျွန်တော့်ရဲ့ သီအိုရီ နဲ့ ဆိုရင် လုံးဝကို လက်မခံနိုင်ဘူး ဖြစ်နေတယ်ဗျာ။
ကျွန်တော့်မှာတော့ အချစ်က များလာလေလေ ၊ အမုန်းက နည်းသွားလေလေပဲ။ နောက်ဆုံးမှာ အချစ်ဆုံးကြီး ဖြစ်သွားတဲ့ အချိန်မှာ အမုန်းဆိုတာ မရှိတော့ပါဘူး။ ဒါကြောင့် အမုန်းဆုံးကြီး ဆိုတာ ဘယ်တော့မှ ဖြစ်မလာနိုင်တော့ပါဘူး။ ဒါ ဘယ်သူ့ကိုမှ ကျွန်တော် မညှိဘူးနော်။ ကျွန်တော့်ရဲ့ စိတ်ခံစားမှု တစ်ခုတည်းပါပဲ။ ဒါ ကျွန်တော့်ရဲ့ သီအိုရီလို့ ဆိုချင်လည်း ရပါတယ်။ ”
“ အင်း . . . ကိုဇော် ပြောပြတော့လည်း သဘောပေါက်မိပါတယ်။ ဒါပေမဲ့ နှင်းနွယ်ကတော့ ကိုဇော့်လို သဘောထားနိုင်ပါ့မလား ဆိုတာ တကယ်ကို မသေချာပါဘူး။ ”
“ ဟုတ်ပါတယ်။ ဒါကလည်း ဖြစ်သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော့် သီအိုရီ ဆိုတာ နှင်းနွယ် သီအိုရီမှ မဟုတ်တာလေ။ နှင်းနွယ် လိုက်နာ ကျင့်သုံးရ ခက်မှာပေါ့။ ကျွန်တော် နားလည်ပါတယ်။ ”
“ နားလည်မှု ပေးတာ ကျေးဇူးတင်ပါတယ် ကိုဇော်။ နှင်းနွယ်လည်း ကိုဇော်ပြောပြတဲ့ သီအိုရီ အတိုင်း ချစ်နိုင်အောင် ကြိုးစားပါ့မယ်။ အခုတော့ . . . . ”
“ အခုတော့ ဘာဖြစ်လဲ နှင်းနွယ် ”
“ အခုတော့ ကိုဇော် အိပ်ဖို့ တော်တော်ကို နောက်ကျနေပြီ နှင်းနွယ် သိတယ်။ အလုပ်ကလည်း ညဆိုင်းဆိုတော့ နားပါတော့။ မနားခင် ဖြစ်နိုင်ရင် နှင်းနွယ်ကို သီချင်း တစ်ပုဒ်လောက် ဆိုပြပါလား ”
“ ဟာဗျာ . . . . ”
“ ဘာဖြစ်လို့လဲ . . ”
“ ဘာရယ် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှ မဆိုဖူးတာ . . ”
“ ဟင်. . .သီချင်း တစ်ခါမှ မဆိုဖူးဘူးလား ”
“ အဲဒီလိုတော့ မဟုတ်ဘူးလေ။ ဒီလို တခြား လူတစ်ယောက်ကို သီချင်း မဆိုပြဖူးတာကို ပြောတာပါ ”
“ ဒါဆိုလည်း ကိုဇော်ရယ်။ ဒါ ဘဝမှာ ပထမဦးဆုံး ဆိုတဲ့ အနေနဲ့ နှင်းနွယ်ကို ဆိုပြပါလား ”
“ အင်း . . . . ဘယ်လို ပြောရမှန်းကို မသိဘူး”
“ မြန်မာလိုပဲ ပြောပြီး ၊ မြန်မာလိုပဲ ဆိုပြလိုက်ပါ ကိုဇော်ရယ် ”
“ ဟာဗျာ . . . . ”
“ ဆိုပါရှင် ၊ ပရိသတ်က တောင်းဆိုနေတာကို ၊ ဒါမှမဟုတ်ရင် ကိုဇော် အစလေး စဆို နှင်းနွယ်လည်း ရတယ် ဆိုရင် အဲဒီသီချင်းကို အတူတူ လိုက်ဆိုပေးမယ်။ ဟုတ်ပြီလား ”
“ အင်း . . ဒါပေမဲ့ တစ်ခါမှ မဆိုဖူးတော့ အတော်ကို ခက်တဲ့ အလုပ်ပဲဗျာ ”
“ ကိုဇော်ကလည်း ကိုဇော် ရေးထားတဲ့ မောင်ရိုး ရေချိုးသလိုပေါ့ ၊ ပထမ တစ်ခါပဲ ခက်မှာပါ ကိုဇော်ရယ် ”
“ ဟားဟားဟား. . .. ထိပြီ။ ငါတော့ ထိပြီ။ မှတ်ပလား ကိုယ်ရေးတဲ့ စာနဲ့ ကိုယ့်ဖာသာ ထိတာပဲ ”
“ ကဲပါ ဈေးကိုင်နေတယ် ဆိုပါ ”
“ အင်း . . . ဒါဆိုလည်း စဆိုမယ်ဗျာ။ အတူတူ လိုက်ဆိုပေး . . ”
“ အိုကေ ဆိုမှာပေါ့ ”
“ ဒီသီချင်းက ကျွန်တော့် အကြိုက်ဆုံး သီချင်း။ ကျွန်တော့်ရဲ့ ကမ္ဘာမြေရဲ့ တစ်နေရာက မမြင်ဖူးသေးတဲ့ ချစ်သူကို ရည်ရွယ်ပါတယ်။ ”
“ ဟုတ်ပါပြီ ဆိုတော့လေ ”
“ အင်း . . . . ”
.
.
.
အဲဒီလိုနဲ့ အိပ်ယာမဝင်ခင် သီချင်းတစ်ပုဒ်ကို တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်နဲ့ အတူတူ သီဆို ဖြစ်ခဲ့သည်။ အဲဒီနေ့က ကမ္ဘာပေါ်မှာ အရာရာဟာ သာမာန်ပါပဲ။ ဒါပေမဲ့ ကိုယ့် ရင်ထဲမှာတော့ သရဲတစ်ကောင် တိတိကျကျ ဝင်အစီးခံရတဲ့ နေ့ပေါ့။ သီချင်းတစ်ပုဒ်လုံးကို အစလေးပဲ ကိုယ်က စဆိုရပြီး သူက နောက်ပိုင်းတွေမှာ အတူတူ လိုက်သီဆို၏။ သီချင်းဆိုလို့ ဆုံးသွားတော့. . . .
“ ကျေးဇူးတင်ပါတယ် ကိုဇော် ၊ ဒီနေ့ဟာ တကယ်ကို အမှတ်တရ နေ့လေးပါပဲ ၊ တကယ် ပြောတာပါ ”
“ ဟုတ်ပါတယ်ဗျာ။ ကျွန်တော့် အတွက်လည်း တကယ်ကို အမှတ်တရ နေ့လေးပါပဲ ”
“ ကိုဇော် နားရင် နားတော့လေ ”
“ ဟုတ်ကဲ့ နားတော့မှာပါ ၊ နှင်းနွယ်လည်း ဒီနေ့ အလုပ်ပိတ်တယ် ဆိုပေမဲ့ လုပ်စရာ ရှိတာတွေ လုပ်ပါ ၊ နားပေါ့ ”
“ ဟုတ်ကဲ့ ၊ နားမှာပါ။ ဒါပေမဲ့ ကိုဇော့်ကို တစ်ခုတော့ ပြောစရာ ရှိသေးတယ် ”
“ ဟုတ် ၊ ဘာများလဲ ”
“ သြော်. . . တခြားတော့ မဟုတ်ပါဘူး။ ကိုဇော်က နှင်းနွယ်ကို Love Creative ဆိုက်လေးကို ဖိတ်ခေါ်တယ်နော်။ ”
“ ဟုတ်တယ်လေ ”
“ နှင်းနွယ် ဝင်ထားတာကိုရော သိလား ”
“ ဟုတ်လား ၊ ကျွန်တော် သတိမထားမိဘူး ”
“ ဟုတ်မှာပါ။ ကိုဇော်က ဆိုက်ထဲကို မဟုတ်တာတွေ တင်မှာ စိုးလို့ လှည့်ပတ်ကြည့်ရှု့နေရတာကိုး ”
“ ဟုတ်ပါတယ် ”
“ နှင်းနွယ်ကတော့ ဝင်ထားယုံတင် မကဘူး ၊ အမှတ်တရ အနေနဲ့ပါ ၊ ကဗျာလေး သုံးပုဒ်ပါ တင်ထားပါသေးတယ် ”
“ ဗျာ ၊ ဟုတ်လား ”
ကိုယ့်နား ကိုယ် မယုံနိုင်အောင် ဖြစ်သွားမိသည်။ သူက ကဗျာရေးထားတယ်တဲ့။
“ ဟုတ်တယ် ကိုဇော် ၊ ကိုဇော့်အတွက်လည်း အမှတ်တရပေါ့လေ”
“ ဒါဆို ဘာနာမည်နဲ့ ဝင်ထားတာလဲ ၊ ကလောင်နာမည်က ဘာလဲ ”
“ ဒါကတော့ မပြောဘူး ကိုဇော် ၊ ကိုဇော့် ဖာသာ သိချင်ရင် ရှာပေါ့ ”
“ ဟာဗျာ ”
“ နှင်းနွယ်ကတော့ အမှတ်တရ ကဗျာလေး ရေးထားတာ ၃ ပုဒ်တောင်မှ ရှိသွားပြီ ”
“ ဟောဗျာ ၊ ကျွန်တော် မသိဘူး။ တော်တော် ညံ့တာပဲ ”
“ ညံ့တယ် ရယ်တော့ မဟုတ်ဘူးပေါ့ ကိုဇော်ရယ်။ နှင်းနွယ်ကတော့ နာမည်ရင်းနဲ့ မရေးတော့ ကိုဇော် ဖတ်မိရင်တောင်မှ သတိမထားမိတာ ဖြစ်မှာပါ။ ”
“ ဟုတ်မှာပါ၊ ကလောင် နာမည်ပြောပြပါလား နှင်းနွယ် ”
“ မပြောဘူး ကိုဇော် ၊ ကိုဇော် သိချင်ရင် ကိုဇော် ဖာသာ အိပ်ယာနိုးမှ ရှာပေါ့။ အခုတော့ နှင်းနွယ် လျှောက်မေးတာနဲ့ အတော်ကို မောပြီး ပင်ပန်းနေလောက်ပြီး အိပ်လိုက်ပါတော့ ”
“ သြော်. . . ဟုတ် ”
“ အိပ်ယာနိုးတော့မှ ရှာပေါ့ ကိုဇော်ရယ် ၊ ကလောင်နာမည်ကတော့ ကိုဇော့်ဖာသာ မသိဘူး ဆိုရင် နှင်းနွယ် ဘယ်တော့မှ မပြောပါဘူး။ ကိုယ့်ဖာသာ ရှာတွေ့ပါစေလို့ပဲ ဆုတောင်းပေးသွားပါတယ်။ Have a good sleep ပါရှင် ”
“ ဟုတ်. . ၊ ကျေးဇူး . . ”
“ - - - - - ”
နှင်းနွယ်ဘက်မှာ ဖုန်းလည်း ချပြီး တစ်ခါတည်း လိုင်းမှ ဆင်းသွား၏။ ကျွန်တော် LC မှ မန်ဘာ စာရင်းများဆီကို သွားကာ သူ့ရဲ့မေးလ်နဲ့ ရှာသည်။ မတွေ့။ နောက်ပြီး သူ့ရဲ့ နာမည်နဲ့ ရှာသည်။ မတွေ့။ တစ်ယောက်ချင်း လိုက်ရှာတော့လည်း လက်ရှိ သူတင်ထားသော Gtalk Logo လိုမျိုး မတွေ့။ ရှာရင်း ဖွေရင်းနဲ့ ကျွန်တော် အချိန် အတော်ကုန်သွားကာ လက်လျော့ရင်း အိပ်ပျော်သွားမိသည်။

ဆက်လက် ဖော်ပြပါမည်။
လေးစားစွာဖြင့်
ကိုဇော်
11 ယောက် ရဲ့ ထင်မြင်ချက်:
ဝိုင်းဝိုင်းရဲ့ တွေ့ဆုံခွင့် သီချင်းပဲ...သူကဆိုပြခိုင်းတာနဲ့
မမြင်ဘူးပဲ ဆိုပြတယ်ဆိုတော့ အင်း...ကိုဇော်
အသံလေးကြားတာနဲ့တင် ခိုက်သွားတယ်ထင်ရဲ့
သီချင်းထဲကအတိုင်း တွေ့ဆုံခွင့်ရပါစေလို့ ..
ပြီးတော့ အပိုင်း(၄)ကိုစောင့်မျှော်လျက်........
ဝိုင်ဝိုင်းသီချင်းဆိုပြလိုက်တာလား ....
ကြွေသွားမယ်ထင်တယ်နော် ..
စာလုံး အလုံးတိုင်းကို မျက်တောင်မခတ် ဖတ်မိနေပါတယ်ဗျာ။ ရင်ထဲမှာလည်း တစ်မျိုးတစ်မည် ခံစားသွားရပါတယ်။ နောက်ဆက်တွဲကို စောင့်မျှော်လျက်ပါ..
မချစ်ရင်မနေနိုင်တဲ့သူတွေနဲ့ မမုန်းရင်မနေနိုင်တဲ့သူတွေနဲ့ ကြားမှာ၊
မချစ်မမုန်းဆိုတော့၊
ဝိုင်းဝိုင်း သီချင်းဆိုပြီး၊ ကျော်ဟိန်းသီချင်းဆိုဘို့ပဲလိုတော့တယ်၊
ကိုယ်တကယ် မခံစားနိုင်ဘူးအချစ်ရယ်၊
စိတ်ဝင်စားစရာလေး စောင့်မျှော်နေပါတယ်
ခင်တဲ့
ရွှေစင်ဦး
တကယ့်ကိုအပြင်မှာလည်းဆုံဆည်းစေချင်ပါတယ်..။
သီချင်းထဲကအတိုင်းပါပဲ..နော်။
ခင်မင်စွာ
သဒ္ဓါ
အချစ်ဆုံးဖြစ်သွားလို့ အမုန်းမရှိတော့တာ တကယ်လား
အပိုင်းလေးကိုစောင့်မျှော်လျှက်ပါ....
၃ ပိုင်းလုံးကို လာဖတ်ဖြစ်ပါတယ် မအားလို့ ဒီအတိုင်း ပြန်သွားတာလေ ဒီလိုဆိုတော့ အချစ်ဆိုတာ သရဲနဲ့တူတယ်ပေါ့ အင်းငွေလမင်းတို့တော့ သရဲဘယ်ချိန်ခြောက်ခံ၇မလဲ မသိဘူး ဒါနဲ့ ကြာပွင့်သေးသေးလုပ်မဲ့လို့ပြောထားဖူးတယ်နော် အချစ်နဲ့တွေ့ပြီ ဆိုတော့ စိတ်ကူးပြောင်းသွားပြီလား :)
ဟေ့ လူ..
ဝေ့ မနေနဲ့  အချစ်ဆိုတာ ချစ်ခဲ့ ရင် ကြေညာရဲရမယ်၊
ရင်ဆိုင်ရဲရမယ်။ ဝေ့ မနေနဲ့  ..၊
ဒါပေမဲ့  ချစ်တာကို ရုတ်တရက် ဘရိတ် အုပ်လိုက်လို့ 
ရပေမဲ့  သံယောဇဉ်ကိုတော့  ဘရိတ်အုပ်လို့ မရတာ
သေချာတယ်၊
ကိုယ့် ရင်ဘတ်ကလေးကို ဖိစမ်းပြီး ပြန်မေးကြည့် စမ်း...၊
ကိုယ့်ကိုယ်ကို..။
ဝိတ် ဝိတ် ကိုဇော် တချက်လောက်
ကောင်မလေးက ကိုဇော့်ကိုမြင်ဖူးလား ကိုဇော်ကရော ကောင်မလေးကို မြင်ဖူးလား တမျိုးမထင်နဲ့နော် မေးကြည့်တာ ကိုယ်နဲ့ မမြင်ဖူးမသိဖူးပဲနဲ့ ဒီလိုပဲ ပြောသလား သမီးတော့ လိုက်မမီတော့ဘူးလားလို့ သမီး ရဲတင်းတယ်လို့ ကိုယ့်ကိုယ် ထင်ထားတဲ့ လူတောင် ယောက်ျားလေး တယောက်ကို အဲဒီလောက် အထာ မပေးပါဘူး (ဒါကြောင့်လဲ တကိုယ်တည်း ဝက်ဖြစ်နေတာနေမှာပေါ့)
မသိဘူး မသိတော့ဘူး တာ့တာ
ဟိတ်... ဝက်ကလေး။
ဝတ္ထုနော်. . . ဝတ္ထု. . .။
ဒါကို မမေ့နဲ့။ ပြီးတော့ ဇာတ်လမ်းက မပြီးသေးဘူးလေ။
Post a Comment