မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 November 2010

6 မေတ္တာ ရှာပုံတော် ( ၅ )



သို့သော် . . . . .

ထိုအဘိုးကြီးက သားငယ်ကို ရန်ရှာနိုင်သော ပုံစံလည်း မရှိ။ သူ့လက်ထဲမှာ လက်နက်လည်း နတ္ထိ။ ဒါပေမဲ့ လူတွေကို အရမ်း မယုံရတော့ဘူး ဆိုသော ခုနက သင်ခန်းစာကြောင့် မြေပေါ်သို့ သားငယ် မဆင်းသေးပဲ ကော်ဇောပျံပေါ်ကနေ အဘိုးကြီးကို မေးလိုက်၏။

“ ဘာ ကိစ္စလဲ။ ”

“ ဒီလိုပါ တူတော် ၊ အဘက ဒီမြို့တော်ရဲ့ မြို့စား တစ်ယောက်ပါ။ ဒါပေမဲ့ အဘမှာ ဘာအာဏာမှ မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ခုနက တူတော် တွေ့လိုက်ရတဲ့ ဓါးပြခေါင်းဆောင် ဆိုတာ ဒီမြို့ကို သူက လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားပြီးတော့ သူက ကွပ်ကဲနေတာပါ။ သူ့မှာ တပည့်လက်သား ပေါများတယ်။ ဓါးရေး ၊ လှံရေး ကျွမ်းကျင်တယ်။ ဒါကြောင့် အဘတို့ ဘယ်လိုမှ ပြန်ပြီး မတွန်းလှန် နိုင်ပါဘူး။ ”

ဒီတော့ သားငယ်လည်း နည်းနည်း ပျော့ပြောင်းသွားပြီး ကော်ဇောပျံပေါ်ကနေ ဆင်းလာခဲ့၏။

“ ဒီတော့ ဘာဖြစ်စေချင်တာလဲ အဘ။ ”

“ အဘတို့ ဖြစ်စေချင်တာကတော့ ဓါးပြ ခေါင်းဆောင်က မြို့ရဲ့ အစွန်မှာ ကျောက်ရဲတိုက်ကြီးနဲ့ နေတယ်။ ဒီရဲတိုက်ကြီးကို ဝင်တဲ့လမ်းက ဓါးပြခေါင်းဆောင် နဲ့ သူ့လက်ရုံးတပည့် နှစ်ယောက်ပဲ သိတယ်။ အခုတော့ သူရဲ့ လက်ရုံးတွေလည်း ကျသွားပြီ ဆိုတော့ ဒီရဲတိုက်ကို ဝင်တဲ့ လမ်းကို သိတာ ဓါးပြခေါင်းဆောင် တစ်ယောက်ပဲ ရှိတော့တယ်။ ”

“ ဒီတော့ ကျွန်တော်က ဘာလုပ်ပေးရမှာလဲ အဘ။ ”

“ အဘတို့ ဖြစ်စေချင်တာကတော့ တူတော်က အခု ကော်ဇောပျံကို စီးပြီး ရဲတိုက်ထဲကို ဝင်ပေးဖို့ပါပဲ။ ဘာလို့လဲ ဆိုတော့. . အထဲမှာ. . . .”

မြို့စားကြီး ဆိုသော အဘိုးအို အသံ တိမ်ကျသွားလေသည်။

“ အထဲမှာ ဘာဖြစ်လို့လဲ အဘ။ ပွင့်ပွင့်လင်းလင်းသာ ပြောပါ။ ဒါမှ ကျွန်တော် ကူညီလို့ ရတာ ဆိုရင် ကျွန်တော် ကူညီပါ့မယ်။ ”

“ အထဲမှာ အဘတို့ရဲ့ သမီးလေးတွေကို သူက ဖမ်းဆီးချုပ်နှောင် ထားတယ်။ အဘတို့က သူ့လိုလည်း ဓါးရေး မကျွမ်းတော့ သူ့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူးပေါ့လေ။ အခုတော့ တူတော်က သူ့ရဲ့ ဓါးစွမ်းထက် သာတော့ တူတော့်ကို အကူအညီ တောင်းတာပါ။ မေတ္တာ ရှေ့ထားပြီး ကူညီပါကွယ်။

အခု တူတော်က လိုချင်တဲ့ ထူးဆန်းတဲ့ ပစ္စည်း ရပြီ ဆိုပြီး ပြန်သွားရင် အဘတို့ သူ့ကို ဘယ်လိုမှ ပြန်ပြီး ဘယ်တော့မှ တိုက်ခိုက်နိုင်မှာ မဟုတ်တော့ဘူးကွယ်။ ဒါကြောင့် တူတော် မပြန်ခင် တူတော့်ကို အကူအညီ တောင်းရတာပါ။ အားလုံးကို မေတ္တာ ရှေ့ထားပြီး ကူညီပါ။ ”

ဒီလို ပြောပြောဆိုဆို နဲ့ မြို့စားအဘိုးကြီးက မြေပေါ်မှာ ဒူးထောက်ချလိုက်တယ် ဆိုရင်ပဲ သူ့နောက်မှာ ရပ်နေတဲ့ မြို့သူ မြို့သားတွေကလည်း အားလုံး မြို့စားကြီး နည်းတူ မြေပေါ်မှာ ဒူးထောက် ချလိုက်၏။

ဒီလို မြင်ရတော့ သားငယ်က ဘယ်လိုမှ မနေနိုင် ၊ သူ့ရဲ့ ရင်ထဲမှာ ကြင်နာ သနားတတ်သော မေတ္တာ စိတ်အပြည့် ရှိသည်။ ဒါကြောင့် သူ ကော်ဇောပျံပေါ်က ဆင်းပြီး မြို့စားကြီးဆီသို့ သွားကာ. . .

“ ထပါ အဘ။ ဒီလိုတော့ မလုပ်ပါနဲ့။ အားလုံးကို ကျွန်တော် ကူညီပါ့မယ်လို့ ကတိပေးပါတယ်။ အခုပဲ ကျွန်တော်တို့ သူ့ဆီကို သွားကြရအောင် ”

လို့ ပြောလိုက်၏။ သူ့ဆီက ဒီအသံလည်း ကြားရော မြို့သူ မြို့သားတွေ အားလုံးက “ ဟေး ” ခနဲ အော်လိုက်ကြလေသည်။ သူတို့နဲ့ အတူတူ သားငယ်လည်း ပျော်ရွှင်မှု ဆိုသော မေတ္တာ အရှိန်အဟုန်ကို ခံစားရ၏။



ဒီနောက်မှာတော့ . . .

သားငယ် ကော်ဇောပျံနဲ့ သွားရာ နောက်ကို မြို့သူမြို့သားတွေ အားလုံးက အောက်ကနေ လိုက်လာကြလေသည်။ သားငယ်ကလည်း မြို့သူမြို့သားတွေကို လမ်းပြခိုင်းပြီး မြို့အစွန်က ဓါးပြ ခေါင်းဆောင်ကြီး နေတဲ့ ရဲတိုက်ကြီးကို ရောက်လာလေသည်။

ရောက်တယ် ဆိုရင်ပဲ သူက ကော်ဇောပျံကို စီးပြီး တစ်ခါတည်း ရဲတိုက်ထဲကို စီးဝင်သွား၏။ ဒီအချိန်မှာ ဓါးပြခေါင်းဆောင်က ပြေးလွှားလာရလို့ အမောဖြေ နေချိန်ဖြစ်သည်။ ရုတ်တရက် သားငယ် ရောက်လာမယ် ဆိုတာ မျှော်လင့် မထားတော့ သူ့မှာ ဘာမှ ပြင်ဆင်ချိန် မရှိလိုက်ဘူး။ ဒါနဲ့ နီးရာ ဓါးကိုပဲ ပြေးဆွဲပြီး သားငယ်ကို ခုခံလေသည်။

ဓါးရေးက သူမသာ ၊ ကိုယ်မသာ နဲ့ သားငယ်က အနည်းငယ် ဓါးရေး သာနိုင်ပေမဲ့ ၊ သက်လုံကျတော့ အသက်ငယ်တဲ့ သားငယ်ကို ဓါးပြခေါင်းဆောင် ဘယ်လိုမှ မယှဉ်နိုင်ဘူး။ တိုက်ရင်း ခိုက်ရင်းနဲ့ မောပန်း လာ၏။ သူ့လက်တွေ မလှုပ်ချင် လောက်အောင် ဖြစ်လာလေတော့သည်။ ဒီအချိန်မှာပဲ သားငယ်ရဲ့ အားပြင်းတဲ့ ပက်ဓါးချက်ကြောင့် ဓါးပြ ခေါင်းဆောင်ကြီး လက်ထဲက ဓါးလွင့် ထွက်သွားပြီး သူထိုင်ကျ သွားလေတော့သည်။

ချက်ချင်း ဆိုသလိုပဲ သားငယ်ရဲ့ ဓါးက သူ့ရဲ့လည်ပင်းပေါ်ကို ရောက်လို့ လာတော့၏။ သို့သော် မခုတ်ပဲ တင်ပဲ တင်ထားရုံသာ။ သူ သိလိုက်ပြီ ရှုံးနိမ့်မှု ကို သူ စတင် ခံစားလိုက်ရလေပြီ။



အရာ အားလုံး ငြိမ်းချမ်းပြီး နောက်မှာတော့ အောက်ကနေ လက်ပြ နှုတ်ဆက်နေတဲ့ မြို့စားကြီးနဲ့ မြို့သူ မြို့စားတွေ အားလုံးကို သားငယ်က ကော်ဇောပျံပေါ်ကနေ နှုတ်ဆက်ရင်း သူ့ရဲ့ အစ်ကိုများနဲ့ ချိန်းထားရာ နေရာကို ထွက်လာခဲ့၏။

ကော်ဇောပျံနဲ့ ခရီးသွားရတာ ဆိုတော့ အလွန်ကို ဇိမ်ကျလှပါသည်။ ကိုယ်သွားချင်ရာကို စိတ်ထဲ ထိန်းကျောင်း ပေးလိုက်ရုံပါပဲ။ ကော်ဇောပျံက အလိုလို သူ့ဖာသာ ပျံသန်းသွား၏။ ဒါနဲ့ အစ်ကိုတွေနဲ့ ချိန်းထားတဲ့ နေရာကို ရောက်တော့ သားငယ်ထက် အရင် သူ့အစ်ကို နှစ်ယောက်က ရောက်နှင့်နေပြီ။ သူတို့လည်း သူ့တို့ လိုချင်တဲ့ ပစ္စည်းတွေ ရခဲ့ပုံရ၏။

သားငယ် ရောက်လာတာ တွေ့တော့ သားကြီးက . . .

“ ညီလေး မင်းကို အစ်ကိုတို့ စောင့်နေတာပဲ။ ”

သူတို့ ညီအစ်ကိုတွေ ကြားမှာ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ညီလေး ၊ အစ်ကို နဲ့ ပြောတာ ဒါ ပထမဦးဆုံး ကြားလိုက် ရတာပါပဲ။ ဘာမှ မသိဘဲ သူတို့ရဲ့ ကျင်လည်ရာ ပတ်ဝန်းကျင်မှာသာ သူတို့ ဗိုလ်ကျ နေခဲ့တာ မဟုတ်လား။ အခုလို အပြင်လောက ရဲ့ လူ့ဘဝ အစစ် အမှန်တွေကို မြင်ခွင့် ရလိုက်ပြီး မေတ္တာတရားရဲ့ နက်ရှိုင်းမှု ၊ နွေးထွေးမှု တွေကို သူတို့ သိမြင် ခံစားလာရကာ ညီအစ်ကို ဆိုသော သံယောဇဉ်ကို နားလည် နွေးထွေး လာခဲ့ရတော့သည်။

“ အစ်ကိုတို့ ရောက်နေတာ ကြာပြီလား။ ”

သားငယ်ကလည်း ဒီလိုပဲ ကော်ဇောပျံပေါ်က ဆင်းပြီး ပြန်မေး လိုက်လေ၏။

“ ကိုကြီးက ရောက်နေတာ တစ်ပတ်လောက် ရှိပြီ။ ကိုလတ်ကတော့ မနေ့ကမှ ရောက်တယ် ညီလေး။ ”

သားလတ်က ပြန်ဖြေလေသည်။

“ ဒါနဲ့ ညီလေးတို့လည်း ခမည်းတော် ရှာခိုင်းလိုက်တဲ့ ရှားပါး အဖိုးတန် ပစ္စည်းတွေ ရလာကြပြီ လို့ ထင်တယ်။ ဒီတော့ ကိုကြီးတို့ ညီအစ်ကိုတွေ တစ်ယောက်ကို တစ်ယောက် ပြကြည့် ကြရအောင်။ ”

သားကြီးက ပြော၏။ ပြောလည်း ပြောရင်း သူ့အိတ်ထဲမှာ ထည့်လာတဲ့ အသက်ကယ် ပန်းသီးကို ထည့်ထားတဲ့ ဗူးလေးကိုလည်း ထုတ်လိုက်လေသည်။ ဒီတော့ သားလတ် နဲ့ သားငယ်က ခေါင်းငြိမ့်ပြရင်း သူတို့ ရလာတဲ့ ပစ္စည်းတွေကို သားကြီးလိုပဲ ထုတ်ပြကြသည်။ ဒီတော့ တစ်ယောက် ရလာတဲ့ ပစ္စည်းကို တစ်ယောက် အထူးအဆန်း အနေနဲ့ ကြည့်ရှု့ကြ၏။ တစ်ယောက်ကို တစ်ယောက် မေးမြန်းကြလေသည်။

“ ကိုကြီး ရလာတဲ့ ပန်းသီးက ဘယ်လို အစွမ်းထက်တာလဲ ကိုကြီး။ ”

“ ဒီပန်းသီးက ဘယ်လို ရောဂါ ဝေဒနာကို မဆို ပျောက်ကင်းနိုင် စေပြီး အသက်ရှည် စေတယ် လို့ ဆိုတယ် ညီလေးတို့။ ဒါနဲ့ ညီလတ် ရလာတဲ့ မှန်ပြောင်းကရော ဘယ်လို ထူးခြားတာလဲ။ ”

“ ကျွန်တော် ရလာတဲ့ မှန်ပြောင်းက ကိုယ့်စိတ်ထဲကနေ အလိုရှိတာကို ရေရွတ်လိုက်တာနဲ့ အလိုရှိတာကို မှန်ပြောင်းထဲမှာ မြင်တွေ့စေနိုင်တဲ့ တန်ခိုးရှိတဲ့ မှန်ပြောင်းပါ ကိုကြီး။ ”

“ ဒီလိုလား ထူးဆန်း လိုက်တာဗျာ။ ညီလေးရဲ့ ကော်ဇောပျံကတော့ ဘာထူးခြားလဲ ဆိုတာ ပြောပြဖို့ မလိုတော့ပါဘူး။ အစ်ကိုတို့လည်း တွေ့နေတာပဲ။ ကျွန်တော် ကိုလတ်ရဲ့ မှန်ပြောင်းကိုတော့ စမ်းကြည့်ချင်တယ် ကိုလတ် ၊ ရမလား။ ”

“ ရတာပေါ့ ညီလေးရာ ၊ ရော့. . ကြည့်. .။ ”

ညီအစ်ကို ဆိုသော မေတ္တာစိတ်တွေနဲ့ သူတို့ ကြားမှာ ထုံပျံ့နေတော့ သူတို့ အချင်းချင်းလည်း ညီအစ်ကို ဆိုသော စိတ်ဖြင့်သာ ဆက်ဆံကြတော့သည်။ သားလတ်က သူ့ရဲ့ မှန်ပြောင်းကို သားငယ်ဆီ ပစ်ပေးလိုက်လေသည်။ လက်ထဲ ရောက်လာတဲ့ မှန်ပြောင်းကို သားငယ်က ကိုင်ထားလိုက်ပြီး. . .

“ ကျွန်တော်တို့ နန်းတော်က ထွက်လာတာ တစ်နှစ်နီးပါး ရှိတော့မယ်။ အဆက်အသွယ်လည်း မလုပ်ဖြစ်ခဲ့ဘူး။ ဒီနေ့တော့ ကိုလတ် မှန်ပြောင်းလေးရတုန်း ခမည်းတော် ဘယ်လိုနေလဲ ဆိုပြီး လှမ်းကြည့်လိုက်ရအောင် ”

“ ကောင်းတယ် ညီလေး ကိုလတ်တောင်မှ မှန်ပြောင်းသာ ရထားတာ တစ်ခါမှ စိတ်ကူးမပေါ်မိဘူး။ ”

“ ဟုတ်တယ်။ ညီလတ် ပြောတာ မှန်တယ်။ ကိုကြီးလည်း သိချင်တယ်။ ကြည့်လိုက် ညီလေး။ ”

ဒီလို အစ်ကို နှစ်ယောက်က သူ့ကို တိုက်တွန်းတော့ သားငယ်က “ ခမည်းတော်ကို မြင်ရစေ ” လို့ အသံပြုပြီး မှန်ပြောင်းကို တပ်ကြည့်လိုက်တဲ့ အခါမှာ သူ့ရင်ထဲက အာမေဋိတ် အသံ ထွက်ပေါ် လာလေတော့သည်။

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ဘယ်နှစ်ပိုင်းရှိနေလဲ မသိပါဘူးနော်။
မျှော်ရတာ မောတယ်ရှင့်။
အဲ့လို လုပ်တဲ့ ကိုဇော် ရုပ်ဆိုး၊လူဝကြီးနဲ့ တွေ့ပါစေ။
ဆက်လက် ဖတ်ရှူ့ ရန် စောင့်မျှော်နေပါသည်ရှင်။
...

ဝက်ဝံလေး said...

ကဲ များ ပဲ ဇာတ်သိမ်းပေးလိုက်မယ် ဘုရင်ကြိးက အိပ်ယာပေါ်မှာ နာမကျန်းဖြစ်နေတယ် ဒါနဲ့ သားငယ်ရဲ့ ကောဇော်ပျံနဲ့ အမြန်သွားကြတယ် ၃ ယောက်သား နောက်တော့ အကိုကြီးလား ပန်းသီးရထားတာ အင်း သူ့ရဲ့ ပန်းသီးနဲ့ အဖေ့အသက်ကိုကယ်လိုက်တယ် ဘုရင်ကြီးက သူတို့ ၃ ယောက်ရဲ့ ထူးဆန်းတဲ့ ပစည်းကြောင့် ဘယ်သူ့ကို နန်းပေးရမယ်မှန်းမသိဘူး ဒါပေမယ့် ညီအကို ၂ ယောက်က အကိုကြီးကို နန်းပေးလိုက်ပါတယ် တဲ့ ဒန်တန်တန် ဟုတ်လားမသိဘူး ဟုတ်တယ်ဆိုရင် လက်ခုပ်သံလေးတွေကြားချင်ပါတယ် မဟုတ်ဘူးဆိုရင် အော်ကြီးဟစ်ကျယ်တော့ မလုပ်နဲ့နော် တိုးတိုးလေး လာပြောသိလား ခစ်ခစ်

by the way အခုတင်ထားတဲ့ရဲတိုက်ကလေ Edinburgh Castle နဲ့ တူသလိုလိုပဲ သေချာကြည့်တော့လဲ Edinburgh Castle က ဘယ်ဘက်က အချွန်လေး မပါဘူးလားလို့ မသိတော့ဘူး ရဲတိုက်တွေက တူတူပဲလားမသိဘူးနော်

ဇွန်မ said...

သားငယ်ရဲ့ အာမေဋိတ် ပြီးအဆက်ကို မျှော်နေပါတယ်။

နေ၀သန် said...

ဒီပုံပြင်က ရှည်တယ်နော်.. တခါတခါမှ လာမန့်တယ်... ဖတ်ရင်းလည်း ဆက်ဖတ်ချင်တယ်... တခါတည်း တင်ပလိုက်လေ..း))))


ခင်မင်တဲ့
နေ၀သန်

ငြိမ်းစိုးဦး said...

ကိုဇော်ရေ ... ဖခမည်းတော်ကြီး ဘာဖြစ်သွားပြီလဲ
ရင်ထိတ်စရာ ...
ငြိမ်းစိုးဦး
nyeinsoeoo.multiply.com

ရွှေရတုမှတ်တမ်း said...

ခုမှပဲ ပုံပြင်ပြန်ဖတ်နေရတော့တယ်...ချိုလိမ်စို့ဖို့ပဲ ကျန်တော့တယ်