အင်း . . . ခက်တော့ ခက်ချေပြီ။ ဒီနေရာ မှာ နတ်ဆိုးလေးက “ ဘလော့ဂါ ဆိုတာ ဘာလဲ ” ဆိုတဲ့ ခေါင်းစဉ် နဲ့ တဂ်ထားပါသည်။ ကျွန်တော် ဒီအကြောင်းကို ရေးရင် ကောင်းမလား လို့ ကျွန်တော် ရေးချင်တဲ့ ပုံစံလေးကို ပြောပြပြီးတော့ ဘလော့ဂါ တစ်ယောက်နဲ့ လွန်ခဲ့သော တစ်နှစ်ခွဲလောက်က တိုင်ပင်ဖူးပါသေးသည်။ သူက ခါးခါးသီးသီးပဲ တားမြစ်ပါ၏။ “ မရေးနဲ့ ၊ ကိုဇော်သာ ဒီလို ရေးပုံနဲ့ ဆိုရင် ပြဿနာတွေ တတ်ကုန်လိမ့်မယ်။ ” လို့ ဆိုပါ၏။ ဒါကြောင့် ကျွန်တော် မရေးဖြစ်ခဲ့တော့ပါ။ ဒါပေမဲ့ ဒီအကြောင်းကို ရေးဖို့ စိတ်ထဲမှာ တကျီကျီ ဖြစ်နေမိသည်။ အကြောင်းအရာ တိုက်ဆိုင်တိုင်းလည်း ခေါင်းပြူကြည့်နေသလို ခံစားခဲ့ရသည်။
ဟော . . . အခုတော့ တကယ်ကို တိုက်တိုက်ဆိုင်ဆိုင် “ နတ်ဆိုးလေး ” က တဂ် လာသောကြောင့် ကျွန်တော် ရေငတ်သူ ရေတွင်းထဲ ကျသကဲ့သို့ ဖြစ်ကာ ရေးသားလိုက်ရလေတော့သတည်း။
Blog ဆိုတာကတော့ နတ်ဆိုးလေး ရေးထားသလိုပါပဲ။ Web နဲ့ Log နှစ်ခုကို ပေါင်းရာကနေ Blog ဆိုပြီး ဖြစ်လာတာလို့ ဖတ်ရှု့မှတ်သားခဲ့ရဖူးပါသည်။ ထိုကဲ့သို့ Blog ကို ရေးသားနေသူမို့ Blogger လို့ ခေါ်လိုက်တာဟု ထင်မှတ်ယူနိုင်ပါ၏။ ဒီတော့ ဘလော့ဂါ ( Blogger ) ဆိုသော စာလုံးရဲ့ အဓိပ္ပါယ်သည် “ ဘလော့ကို ရေးသားသူ ” လို့ ဖွင့်ဆိုမယ် ဆိုရင် ရပါပြီ။ သို့သော် ပို့စ်ရဲ့ ခေါင်းစဉ် ဖြစ်သော “ ဘလော့ဂါ ဆိုတာ ဘာလဲ။ ” ဆိုသော အမေးကိုတော့ ဘလော့ကို ရေးသားသူ လို့ အဓိပ္ပါယ်ဖွင့်ဆိုရုံဖြင့် မလုံလောက်တော့ဘူးလို့ ထင်ပါ၏။
“ ဘလော့ဂါ ဆိုတာ ဘာလဲ ” ဆိုသော အမေးကို ကျွန်တော်ကတော့ အောက်ပါ အတိုင်းပဲ ဖြေဆိုလိုက်ပါသည်။
ဖြစ်စဉ် ( ၁ )
အွန်လိုင်းမှာ တက်တက်ပြီးတော့ ချက်တင် ဝင်ရတာလည်း ကြာလာတော့ ပျင်းလာတယ်ကွာ။ ဘာလုပ်ရင် ကောင်းမလဲ။
“ - - - - - - - ”
အင်း . . .
ဟာ . . . ဟုတ်ပြီ။ ငါ့ရဲ့ကိုယ်တွေ့ ဖြစ်ရပ်တွေကို သူများတွေ အတွေ့အကြုံ ယူနိုင်အောင်လို့ ဘလော့ တစ်ခု လုပ်ပြီးတော့ ရေးမယ်ကွာ။ ဒါဆို ငါလည်း အပျင်းပြေ သူများတွေလည်း အတွေ့အကြုံ ၊ ဗဟုသုတ ရတာပေါ့။ ဟုတ်တယ် ရေးမယ်။
“ ချောက် . . . ချောက် . . . ချောက် . . ” ( တိုက်ပင်ရိုက်သံလို့ မှတ်ယူကြပါကုန်လော့ )
အမ် . . . မဖြစ်သေးပါဘူး။ ရေးတာက သုံးကြောင်းပဲ ရှိသေးတယ်။ ဒီအထဲမှာ ငါ အစားလျှောက်စားတာတွေ ၊ အရင်က အွန်လိုင်းမှာ ကောင်မလေးတွေကို ကြူတာတွေ အဲဒီအကြောင်းတွေက ပိုများနေတယ်။ ဒါကို သွားတင်ရင် လာဖတ်သမျှ လူတွေက ဆဲသွားကြမှာပေါ့။ မဟုတ်သေးပါဘူး။ ဒါလေးကို Save ပြီးတော့ Draft ထဲမှာ သိမ်းထားလိုက်တာ ကောင်းပါတယ်။
အင်း . . သိမ်းထားလိုက်ပြီ။ တခြား အကြောင်း ဆက်ရေးမယ်။
“ ချောက် . . . ချောက် . . . ချောက် . . . ”
ဟာ . . . ဒါကျတော့လည်း ကိုယ့်ကိုယ်ကိုယ် ကိုယ်ရည်သွေးသလို အရမ်းဖြစ်နေပြန်ပြီ။ ဒါဆိုလည်း အွန်လိုင်းက လူတွေ အမျိုးမျိုး မဟုတ်လား။ ကြည့်မရဘူး ဆိုပြီး ကလော်တုပ်သွားပါဦးမယ်။ ဒါကိုလည်း Save ထားလိုက်တာ ကောင်းပါတယ်။ အင်း . . နောက်ထပ် တခြား အကြောင်းအရာ ထပ်ရေးဦးမှာပဲ။
“ ချောက် . . . ချောက် . . . ချောက် . . . ”
အာ . . . ဒါကျတော့လည်း #*&(&Q@(%&Q_@%*Q+_)%&_(%* မထူးပါဘူးကွာ။ Save ထားလိုက်တာ ကောင်းပါတယ်။
*** ဒီလိုနဲ့ Save ထားတာတွေ များလာပြီးတော့ Draft ထဲမှာ ပို့စ်တွေ များနေသူကို ဘလော့ဂါ လို့ ခေါ်ပါသည်။ ***
ဖြစ်စဉ် ( ၂ )
“ အခု ဘာလုပ်နေတာလဲ။ ”
“ အင်း . . . ပို့စ်လေး တစ်ပုဒ်လောက် ရေးရင် ကောင်းမလားလို့ တွေးနေတာပါ။ ”
“ သြ . . . သဲလေးနဲ့ စကားပြောတာတောင်မှ စိတ်က သဲလေး ဆီမှာ မရှိဘူး။ သူ့ဘလော့ကို ရေးဖို့ပဲ စိတ်က ရောက်နေတယ်။ ဘလော့လောက် သဲလေးကို စိတ်ထဲမှာ ရှိရဲ့လား။ ”
“ အာ. . . မဟုတ်တာကွာ။ လာရစ်ပြန်ပြီ။ တူမလားကွ။ ဘလော့ ဆိုတာက ဘလော့ပဲလေ။ သဲလေး ကတော့ ကိုယ့်ရဲ့ ချစ်သူပေါ့။ ဘယ်လာတူမလဲ။ ”
“ ဒါဆိုရင်လည်း လိုင်းပေါ်မှာ တွေ့နေတဲ့ အချိန်လေးမှာ သဲလေးကို ဦးစားပေးပြီးတော့ စကားပြောပါလား။ ”
“ အင်းလေ . . ပြောနေတာပဲလေ။ အခု ကိုယ်က ဘာဖြစ်နေလို့လဲ။ ”
“ အာ . . . သဲလေးနဲ့ စကားပြောနေရင်းနဲ့ကို သူ့ဘလော့ ရေးဖို့ ကိစ္စပဲ စိတ်ရောက်နေတယ် မဟုတ်လား။ ”
“ သြော် . . ဒါကတော့ကွာ။ ဘလော့မှာ အသစ် မတင်တာ ကြာသွားတော့ စာလာဖတ်သူတွေကို အားနာလို့ပါ။ ”
“ ဟင် . . . အဲဒီ စာလာဖတ်သူတွေနဲ့ သဲလေးနဲ့ ဘယ်သူက ပိုအရေးကြီးလဲ။ ”
“ ဟို . . အမ် . . . ဟိုဟာလေ . . ဒီလို . . အင်း . . . သဲလေးကလည်း အရေးကြီးတာပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ စာဖတ်သူတွေကိုလည်း အသစ် မတင်နိုင်တော့ အားနာစရာ မဟုတ်လား။ ဒါကြောင့်ပါကွာ။ ”
“ မရဘူး . . . သေသေချာချာ ပြတ်ပြတ်သားသားပြော . . . ”
“ အာ . . . ဒါ နှိုင်းစရာမှ မဟုတ်တာကွာ။ စာဖတ်သူ ဆိုတာ ကိုယ့်ရဲ့ မိတ်ဆွေတွေ ဆိုလည်း ဟုတ်တယ်လေ။ သူကလည်း ဘဝ တစ်လျှောက်လုံးမှာ လေးစား ခင်မင် သွားသင့်တဲ့ လူတွေပဲလေ။ ဒါပေမဲ့ သဲလေးကတော့ ကိုယ့်ရဲ့ ဘဝမှာ အနီးကပ်ဆုံး အဖော်မွန်ပဲလေ။ ”
“ အဲဒီလို ရောထွေးပြီးတော့ မပြောနဲ့။ တကယ်လို့ အဲဒီ စာဖတ်သူတွေနဲ့ သဲလေးနဲ့ တစ်ခုကိုပဲ ရွေးရမယ် ဆိုရင် ဘယ်သူ့ကို ရွေးမလဲ။ ”
“ မဟုတ်တာကွာ။ ဒီလို ကျဉ်းထဲ ကြပ်ထဲ ဖြစ်အောင် မမေးရဘူးလေ။ ”
“ မေးတယ် . . . မေးတယ် . . . ပြော . . . ဘယ်သူ့ကို ရွေးမလဲ။ ”
“ အာ . . . အင်း . . . ဟိုဟာလေ . . . ”
“ ဘာမှ အူကြောင်ကျား မလုပ်နဲ့နော်။ ဖြေ . . . ဒါကို သေချာဖြေ. . . ”
“ ဒီလိုလေ . . . ကိုယ့်မှာ လက်နှစ်ဖက် ရှိတယ်လေ။ ဒီလိုပဲ . . . ကိုယ့်ရဲ့ ညာဘက် လက်နဲ့ ဘလော့က စာတွေကို ရေးနေရင်းနဲ့ ဘယ်ဘက် လက်နဲ့ သဲလေးကို ထွေးပွေ့ထားချင်တယ်ကွာ။ ”
“ အပိုတွေ လာပြောနေပြန်ပါပြီ။ ”
“ အပို မဟုတ်ပါဘူးကွာ။ တကယ်ပါ . . . ”
“ ဟွင့် . . . ”
စိတ်ထဲမှာ ပေါ်လာတဲ့ ဟိုးအရင်က ဖတ်ခဲ့ဖူးသော စကားလုံး တစ်ခုကို ကိုးကားက ပြောလိုက်နိုင်၍ ချစ်သူ အနည်းငယ် ပျော့ပြောင်းသွားကာ စိတ်ပြေသွားသည်ဟု ထင်၏။
“ ဟိုလေ . . . သဲလေးရေ . . . ”
“ အင်း . . . ပြောလေ . . . ”
“ သြော် . . . ဟိုဟာပါ . . အင်း . . . ”
“ ဘာလဲ ပြောလေ . . ”
“ ဟိုလေ . . ကိုယ့်ဘလော့မှာလေ ၊ ပို့စ် အသစ် မတင်တာ တော်တော် ကြာသွားလို့ အခု ရေးလိုက်ဦးမယ်နော်။ နောက်ပြီးမှ သဲလေးနဲ့ စကားဆက်ပြောမယ်နော်။ ”
“ ဘာ . . . . ”
*** အဲဒီလိုပါပဲ။ ဘလော့ဂါ ဆိုတာ ချစ်သူနဲ့ ပြောနေတာတောင်မှ ဘလော့ရေးဖို့လောက်ပဲ စိတ်ထဲမှာ အာရုံ ရနေသူ တစ်ယောက်မျှသာ ဖြစ်ပါတယ်။ ***
ဖြစ်စဉ် ( ၃ )
“ ဟေ့ကောင် . . . မောလ်ဘက် သွားမယ်လေ။ ပြောထားတယ် မဟုတ်လား။ ”
“ အင်း . . . အဲ . . . ခဏလေး စောင့်ကွာ . . . နော် .. . ”
၅ မိနစ် . . . . .
၁၀ မိနစ် . . . . .
နာရီဝက် . . . . .
“ ဟေ့ကောင် . . . ကြာလှချည့်လား။ သွားတော့မယ်လေ။ ဘာလုပ်နေတာလဲ။ ”
“ ဟို . . ငါ ပို့စ်လေး ရေးနေတာ မပြီးသေးလို့ကွာ။ ဒါလေး ပြီးအောင် ရေးနေတာပါ။ ”
“ ဟာကွာ . . မင်းကလည်း ပြန်လာမှ ဆက်ရေးလို့လည်း ရရဲ့သားနဲ့။ ”
“ ခဏလေးပါကွာ . . . ပြီးတော့မယ် . . . . ”
၅ မိနစ် . . . . .
၁၀ မိနစ် . . . . .
နာရီဝက် . . . . .
“ ဟေ့ကောင် မပြီးသေးဘူးလား . . စိတ်မရှည်တော့ဘူးကွာ။ ငါ သွားတော့မယ်။ ”
“ ခဏလေးပါကွ . . . မင်းကလဲ ၊ အေးကွာ . . . သွားရင်လည်း သွားတော့ . .၊ ငါ့အတွက် ကုတ် တစ်ဘူးနဲ့ ကြက်ကြော် ၂ တုံးလောက် ဝယ်ခဲ့ပေးစမ်းပါ။ ”
“ ဒါပဲလား . . . ”
“ အေးအေး . . . ပြီးမှပဲ ငါ့ဖာသာ လိုတာတွေ သွားဝယ်တော့မယ်။ ”
၅ မိနစ် . . . . .
၁၀ မိနစ် . . . . .
နာရီဝက် . . . . .
“ ရော့ . . . ဟေ့ကောင် . . . ငါ ပြန်လာပြီ။ ”
“ အေး . . . အေး . . အဲဒီ့ ဘေးနားမှ ချထားလိုက် . . .”
“ မင်းဟာက ရေးလို့ မပြီးသေးဘူးလား။ ”
“ အဟီး . . . ပြီးတော့မှာပါကွ။ ”
“ မင်းဟာကလည်းကွာ ၊ ဘလော့ ရေးနေတာနဲ့ အစားပျက် ၊ အသောက်ပျက် ၊ အခန်းကလည်း ရှုပ်ပွနေတာပဲ။ မင်းတို့ ဘလော့ရေးတာကလည်း စိတ်ပျက်စရာပါပဲလားကွာ။ ”
“ ဒါကတော့ ဝါသနာကိုးကွ။ ”
“ မင်းတို့ ဘလော့ဂါတွေရဲ့ ဝါသနာကလည်းကွာ။ ”
*** အဲဒီလိုပါပဲ။ ဘလော့ဂါ ဆိုတာ တခြား ဘာမှ ဂရုမစိုက်မိဘဲ ၊ သူ လုပ်ချင်တာကိုသာ လုပ်နေတတ်သူ တစ်ယောက်ပဲ ဖြစ်တယ်။ ***
ဖြစ်စဉ် ( ၄ )
“ ဟလို . . . အားလား။ ”
“ အင်း . . ရပါတယ် ပြောလေ . . ကိုဇော် ”
“ ဟိုလေ . . . စုဖုရားလတ်က သီပေါမင်းကို ရထားပေါ်တက်တုန်း တိုးတိုးလေး ကပ်ပြောလိုက်တဲ့ စကားက ဘာလဲဗျ။ အဲဒါလေး သေချာ သိချင်လို့ . . . ”
“ တိန် . . . ကျွန်တော်လည်း မသိဘူးလေ ကိုဇော်ရဲ့။ ဘာပြောတယ်လို့ ကိုဇော်က ကြားမလို့လဲ။ ”
“ အင်း . . ကျွန်တော် ကြားမိတာတော့ ရှိပါတယ်။ ဒါပေမဲ့ သေချာလားလို့ ထပ်မေးတာပါ။ ”
“ ဘာလဲဗျ. . . .”
“ သြော် . . . စုဖုရားလတ်ကလေ . . . . ၊ ရထားပေါ် တက်တော့လေ . . . ၊ သီပေါမင်းကိုလေ . . . ပြောတာလေ . . . . ”
“ ဟုတ် . . . ဘာပြောလိုက်တာလဲ။ ”
“ ဟိုဘက် နည်းနည်းတိုး . . . တဲ့။ ”
“ ဟားဟားဟား . . . တကယ်လားလို့ဗျာ။ ကိုဇော်က နောက်တတ်တာပဲ။ ”
“ ကျွန်တော် မနောက်ဘူး။ တကယ်ဗျ။ ”
“ ဟုတ်လား . . . သူက တကယ် ပြောလိုက်တာလား။ ”
“ အင်း . . ဒါကို သေချာချင်လို့ မေးနေတာဗျ။ ပို့စ် တစ်ခုမှာ တိတိကျကျ ကိုးကားပြီးတော့ ထည့်ရေးချင်လို့။ ”
“ ဟုတ် . . ကျွန်တော်တော့ မသိဘူးဗျ။ ”
အဲဒီလို မေးတတ်သလို . . . တစ်ခါတလေတော့လည်း . . . .
“ ဟလို . . . တစ်ခုလောက် မေးချင်လို့ . . . အားလား မသိဘူး။ ”
“ ဟုတ်. . . ကိုဇော် ၊ အားပါတယ်။ ပြောလေ . . ”
“ ဟိုလေ . . . ကိုxxx က သတ္တဗေဒ မဟုတ်လား။ ”
“ ဟုတ်ပါတယ် ၊ ဘာဖြစ်လို့လဲ ကိုဇော် ”
“ ဒီလိုပါ . . . ပင့်ကူတွေမှာ မျက်လုံး ( ၈ ) လုံးပါတယ် မဟုတ်လား။ ”
“ ဟုတ် . . . ”
“ အဲဒီ မျက်လုံးတွေထဲမှာ လူတွေလို မျက်လုံး တစ်လုံးချင်းက မှုန်လာတာတွေ မတူဘဲ ၊ တစ်လုံးချင်းစီမှာ ပါဝါတွေ မညီမညာ ဖြစ်နေတယ် ဆိုပါစို့။ ဒီလို မျက်စိမှုန်လာပြီးတော့ အမြင်တွေ ဝါးလာမယ် ဆိုပါတော့ ဒါဆိုရင် သူတို့ရဲ့ လားရာ ဒေသကို သူတို့ သေချာ ခန့်မှန်းနိုင်မလား ဆိုတာ သိချင်လို့ပါ။ ”
“ ဗျာ . . . ”
“ ဘာဖြစ်လို့လဲဗျ . . ”
“ ကျွန်တော် သင်ရတဲ့ စာထဲမှာ အဲဒါတွေ မပါဘူး ကိုဇော်ရဲ့။ ကျွန်တော် လိုက်ပြီးတော့ ဖတ်ကြည့်လိုက်ပါဦးမယ်။ ”
“ ဟုတ် . . . တွေ့ရင် ပြောပြပါဦး။ ”
“ ဒါနဲ့ ကိုဇော်က ဘာလုပ်ဖို့လဲ။ ”
“ ရေးမဲ့ ပို့စ်ထဲမှာ ကိုးကားချင်လို့ပါ။ ”
“ ဗျာ . . . ”
*** အဲဒီလိုပါပဲ။ ဘလော့ဂါ ဆိုတာ စိတ်ကူးပေါက်ရာ ကိုးကားချင်နေတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ ***
ဖြစ်စဉ် ( ၅ )
“ ကိုဇော် နေကောင်းရဲ့လား။ ”
“ ဟုတ်ကဲ့ . . . ၊ မာမာချာချာပါပဲ။ ”
“ မာမာကတော့ ဟုတ်ပါပြီ ၊ ချာချာကတော့ ဘာလဲ မသိဘူး . . အဟိ ”
“ ချာချာက ချာချာလည်အောင်ကို လျှောက်သွားနိုင်ပါတယ်လို့ ပြောချင်တာပါ။ ”
“ အခု နောက်ထပ် ရေးနေတဲ့ ပို့စ်က ဘာလဲ မသိဘူး။ ပို့စ်နာမည် ပြောပြလို့ ရမလား မသိဘူး။ ”
“ ကျွန်တော်တောင်မှ သေချာ မသိဘူးဗျ။ ”
“ ရေးဖို့ မရှိလို့လား။ မရေးရသေးလို့လား။ ”
“ အဲဒီ့လိုလည်း မဟုတ်ဘူး။ ကျွန်တော် ရေးလက်စ စာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်ဟာကို တင်ဖြစ်မယ် ဆိုတာ စိတ်ထဲမှာ ဖီးလ်ပိုလာတာကို ဖြည့်စွက် ရေးပြီးတော့ တင်လိုက်တာပါပဲ။ ဒါကြောင့် နောက်တင်မဲ့ ပို့စ် နာမည်ဆိုပြီး ကြိုမပြောနိုင်တာပါ။ ”
“ ဒါဆို အခုရော ဘာတွေ ရေးနေတာလဲ။ ”
“ အခုလား . . . စိတ်ကူးပေါက်ရာပဲ ရေးနေတာပါ။ ”
“ စိတ်ကူးကတော့ ဟုတ်ပါပြီ။ ပေါက်ရာက ဘာလဲတော့ မသိဘူး။ ”
“ အမ် . . . ကျွန်တော့်ကို လာရစ်နေတာလား မသိဘူး။ ”
“ မဟုတ်ပါဘူး . . တကယ် သိချင်လို့ပါ။ ”
“ ပေါက်ရာ ဆိုတာ ဂေါက်မှာ လို့ ပြောတာ . . . ဒီတော့ စိတ်ကူး ပေါက်ရာ ဆိုတော့ ဂေါက်တီး ဂေါက်ရာတွေကို ရေးနေတယ် ဆိုတဲ့ သဘောပေါ့ဗျာ။ ”
“ အဟီး . . ကိုဇော် ဒေါသတွေ ထွက်နေပြီ ထင်တယ်။ ”
“ - - - - - - ”
“ အခု ကိုဇော် ဘာလုပ်ချင်နေလဲ။ ”
“ ဟိုက် . . မေးတာတွေ အတော်ကို များနေပြီနော်။ x x x ကလား။ ကျွန်တော် ဟိုဟာ ဒီဟာ ကင်းရှင်းတယ်နော်။ ”
“ မဟုတ်ပါဘူး . . သိချင်ယုံလေးပါပဲ။ ”
“ စိတ်ထဲမှာ တကယ် ဖြစ်နေတဲ့ အတိုင်း ပြောရမလား။ ”
“ ဟုတ်ကဲ့ . . . ပြောပါ။ ”
“ ကျွန်တော် အခု စိတ်ထဲမှာ လုပ်ချင်နေတာကတော့ . . . . . ”
“ ဟုတ် . . . ”
“ ဆီးသွားချင်တယ်ဗျာ။ အားတဲ့ အချိန်တည်းက ထိုင်ပြီးတော့ ဘလော့ ထိုင်ရေးနေလိုက်တာ အခုထိပါပဲ။ အခုမှပဲ ပို့စ်လေးက ရေးလို့ ပြီးတယ်။ ဒါကြောင့် ခဏလေးဗျာ . . . ဆီးသွားလိုက်ဦးမယ်။ ”
“ ရှင် . . . ”
*** အဲဒီလိုပါပဲ။ ဘလော့ဂါ ဆိုတာ ညီမ “ အလွမ်းမြို့လေး ” ကျွန်တော့်ကို ပြောသလို ပြောရရင် ဘလော့ရေးနေတုန်း တစ်ခုခုကို လာမေးရင် စိတ်တိုတတ်သူ ဖြစ်ပါတယ် :D ***
ထိုအထက်ပါ အကြောင်းအရာများက ဘယ်သူ့ကိုမှ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ ကျွန်တော့်ဖာသာ စဉ်းစားမိတာလေးတွေနဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေးတွေကို ရေးပြတာပါ။ ဒီကြားထဲ တချို့က မမြင် မတွေ့ဖူးတော့ စာရေးသူ ဘလော့ဂါ ဆိုတာတွေကို ရုပ်ချောချော သဘောကောင်းကောင်း ထင်ပြီးတော့ ရင်ခုန် စိတ်ဝင်စားနေမိကြပါသေးတယ်။
စိတ်မဝင်စားပါနဲ့ မှားပါလိမ့်မယ်။ အထက်က ကျွန်တော် တင်ပြခဲ့တဲ့ အချက်အလက်တွေ အတိုင်းပါပဲ။ ဘလော့ဂါ ဆိုတာ အဲဒီလို ဖြစ်နေတတ်ကြသူတွေပါ။ ဘာမှ အထင်ကြီးစရာလည်း မရှိပါဘူး။ စိတ်မဝင်စားပါနဲ့။
ဒါကြောင့် “ ဘလော့ဂါ ဆိုတာ ဘာလဲ ” ဆိုတဲ့ အမေးကို ကျွန်တော် ပြန်ဖြေရရင်တော့ . . လွယ်ပါတယ်ဗျာ။
“ ဘလော့ဂါ ဆိုတာ အရူးပါ။ ”
ဟုတ်ပါတယ်။ ဘလော့ဂါ ဆိုတာ သူလုပ်ချင်တာ . . ၊ သူရေးချင်တာကို ရေးနေရရင် ပျော်နေတတ်ပြီး တခြား ဘာမှ သိပ်စိတ်မဝင်စားတတ်တဲ့ ရူးသွပ်နေသူ တစ်ယောက်လိုပါပဲ။ ။
*** နတ်ဆိုးလေး ရဲ့ တဂ်ပို့စ်ပါ။ ***
လေးစားစွာဖြင့်
ကိုဇော်
6.9.2011
30 ယောက် ရဲ့ ထင်မြင်ချက်:
ဟာ...အဲလို ဂျင်ထဲ ကြပ်ထဲ ရောက်အောင် မမေးနဲ့လေ သဲလေးကလည်း...။
နောက်ဆုံးမှ ငါ့ဘ၀ အမှန်ကို သိရတော့တာပါလား... ကောင်းလေစွ ကောင်းလေစွ။
ဦးဇော် ပြောရက်လိုက်တာ.. ဟာဟ
draft ထဲမှာတော့သိတ်မရှိပါဘူးစဉ်းစားပြီးတာနဲ့ Publish လုပ်ပလိုက်တာဘဲကိုယ်စိတ်ချမ်းသာရင်ပြီးရော.
သူငယ်ချင်းလာခေါ်သည်ကို ပြန်မပြောဘဲ ဘလော့ဆက်ရေးတာခဏခဏလုပ်ဘူးပါသည်။
့ရံဖန်ရံခါ ညနေခင်း လမ်းဆင်းမလျောက်ဘဲ တစ်ကုန်းကုန်းဘလော့ရေးနေဘူးပါသည်။
ဂျီပုန်းနေသောကြောင့်သိတ်မနျောက်ယှက်ကြပါ. မေးလဲ မဖြေနိုင်ဘူးဟို ခန့်မှန်းသိပုံရကြပါသည်။ အပွေးမြင်အပင်သိသည်မဟုတ်ပါလား.။
ဘလော့ရေးလျှင် ဂျီပါပိတ်ထားလိုက်တတ်ပါသည် အားလုံးပိတ်လိုက်သည်. ခံစားချက်များပျက်ပြယ်သွားသောကြောင့်ဖြစ်သည်မမိရေးသောစာမည်မျှကောင်းသည်ဟု မပြောပါ.အားထုတ်ခြင်းဝါသနာပါခြင်းကိုသာပြောလိုပါသည်။
ရုပ်ချောသဘောကောင်းသောလေည်း..မြင်လျှင်ဘုရားတရားဖက်ရန်ပြောကြမည်ဆိုသောကြောင့်အသာလေးကုတ်နေရခြင်းဖြစ်ပါသည်။
နောက်ဆုံးဆ်းတန့်မှန်ပါသည်
ရေျးင်ရာရေးပြီးပျော်နေသောသူအရူးဖြစ်ပါသည်
ခန့်ငြားသောဘလော့ဂါများမှာ ခြွင်းချက်ဖြစ်ပါသည်.
ကိုဇော်..
အဟီး..လာဖတ်သွားပြီ...နာမည်သုံးတော့
ကောင်းတာပေါ့....ကြော်ငြာခတော့ ပေးစရာမလိုပါဘူးနော်...ကိုဇော် စိတ်တိုတတ်တာ အလွမ်းမြို့လေးမှမဟုတ်ဘူး ကိုဇော့်မိတ်ဆွေတွေ အကုန်သိမှာပါ။...အွန်လိုင်းမှ သူငယ်ချင်းတွေ ရော ကမ္ဘာမြေတစ်နေက ချစ်သူရော ကြောက်လို့ ပြေးကုန်ပြီ...
ခင်မင်လျှက်
အလွမ်းမြို့လေး
မိုက်တယ်အကိုရာ ဘလော့ဂါရဲ့ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်လေး က :):)
မိုက်တယ် ထင်တော့ထင်သား ခုမှပိုသေချာသွားပြီ
တစ်ယောက်တစ်မျိုးစီပေါ့လေ အနည်းအများပဲကွာတာပါ။
ဖြိုးမောင်မောင်(ctm)
ဖြစ်စဉ် ၃ ကျွန်မနဲ့လွန်ကိုက်ညီပါ၏
အမြဲဖြစ်နေကျပါရှင်။
ခုမှပဲသဘောပေါက်တော့တယ်....
blogger ရဲ့ဖွင့်ဆိုချက်ကို
ကျေးဇူးပါရှင်.....
ချမ်းမြေ့စွာနဲ့ ဒီထက်မကရေးနိုင်ပါစေ။
မူကြိုကျောင်းသားအဆင့်ရှိတဲ့ကျနော်တို့လိုလူတွေအတွက် သိထားသင့်တဲ့ဘလော့ရဲ့ဖွင့်ဆိုချက်တွေကိုနားလည်လွယ်
အောင်ဥပမာလေးတွေနဲ့ရှင်းပြသွားတာလေးစားလောက်စ ရာပါဗျို့..။သိလိုက်ရတာတွေအတွက်ကျေးဇူးပါအစ်ကိုရေ.။
ဖြစ်စဉ် 2 က ကျွန်တော်နဲ့တူတယ် ကျွန်တော်လည်း အခုမှစတင်ရေးတဲ့ ဘလော့ဂါသမားလေးပါ
ဘလော့ဂ်ဂါဘဝရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေးတွေ ဖတ်ရတာ စိတ်ကိုကြည်နူးနေမိတယ် အဆုံးလည်းရောက်ရော 'ဘလော့ဂါဆိုတာ အရူးပါ' ဆိုလို့ 'နင်' ပြီးပြန်သွားတယ် ကိုဇော်ရေး)))
စိတ်ဓါတ်အစဉ်ကြည်လည်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မှန်ရာကို သစ္စာဆိုပါမည်
အဲ ဟုတ်ပေါင် မှန်ရာတွေ ရေးသွားတာပါလား
စရေးခါကစ ပိုပြီးတောင် ဘလော့ကိုရူုးသေးတယ်
တနေကုန် ဘလော့စာမျက်နှာကြီးဖွင့်ပြီး ကြည့်နေတာကိုက ပျော်သလိုကြီးဗျ
စာပေကို ချစ်တဲ့ အရူးတွေပေါ့ဗျာ
ခင်မင်စွာဖြင့်
ငွေလမင်း
အဟေဟေးးးးး
မိုက်သယ် ကိုဇော်ရေ့...
ဘလော့ဂါ ဆိုတာကြီးကို ကွင်းကွင်းကွက်ကွက်ကြီးကို မြင်သွားတာပဲ....
ကျေးဇူးပါကိုဇော်ရေ...
ထင်တယ်.. ဒီပို့စ်ကို ဘူမှ မရေးချင်ကြလောက်ဘူး.. ကျွန်တော့်ရည်ရွယ်ချက်က ဘလော့ဂါဆိုတာ ဘာလဲလို့ Search Engine တွေမှာ ရှာရင် မြန်မာတွေ ဖတ်စရာ မရှားစေချင်တဲ့ ရည်ရွယ်ချက်ပါ...
း)))))))×-
ကိုဇော်
ရွှေစင်ဦးတော့ မရူးသေးဘူး
မန့်တာက မပြီးသေး ဘဲ နှိုတ်မိသွားတယ်.. မရူးသေးဘူး မရူးမနှမ်းတော့ ဖြစ်နေတယ်လို့ ပြောမလို့ဟားဟားးးးးးးးးးး
ကိုဇော်ပြောတာမှန်တယ်
ရွှေစင်ဦး
ကိုဇော်ရေးထားတာ ဇာတ်လမ်းဇာတ်အိမ်လေးတွေနဲ့။ ဘလောဂ်ဂါအကြောင်းရေးတာတောင် တော်တော်စိတ်ဝင်စားဖွယ်ကောင်းလှပါကလား။ ဖတ်ရင်းလဲ ပြုံးမိတယ်။ အချက်တော်တော်များများနဲ့ ငြိနေလို့။ ဖတ်ပြီး အတုယူသွားတယ်ဗျို့။ ဒီမှာလဲ နတ်ဆိုးလေးတောင့်တလို့ ကိုယ်ယောင်ပြရဦးမှာ ... အဲလေ ... ရေးရဦးမှာ။ ဟင့် ...။
ဖတ်ရင်းဘလော့ဂါတွေရဲ့ စိတ်ထဲက တစိတ်တဒေသကို တွေ့လိုက်ရတယ်။ ဖတ်ပြီးတော့လည်း ပြုံးမိပါသေးတယ်။ (မှန်နေလို့ပါ)။
ခင်မင်လျက်
သဒ္ဓါ
တိုက်ဆိုင်တာကတော့ ညကတောင် ဒီလိုအကြောင်းတွေ ပြောဖြစ်သေးတယ်... ဘလော့က အခုမှရေးတာဆိုတာ... ဘလော့လည်ပြီး ဖတ်တဲ့အချိန်တွေ အရင်က တော်တော်စိုးမိုးထားခဲ့ဖူးတယ်... တခါ ဘလော့တစ်ခု ဖတ်လိုက်ရင်း အဲဒါနဲ့ ပက်သက်ပြီး လိုက်ရှာ ဖတ်ကြည့်ရတဲ့ သံသရာ ရှည်မှရှည် မအိပ်ရဘဲ မိုးလင်းသွားတဲ့ညတောင် ရှိတဲ့ ဘလော့ဖတ်ရင်း
ကောင်မလေးတွေက ဒီလိုပါပဲ နှစ်ခုထဲက တစ်ခုရွေး ဆိုတာကတော့ သိပ်ပြောတတ်တာ...
ဟုတ်တယ်ဗျ ဘလော့ရေးနေရင် ဒါမျိုးလေးတွေ ကြုံရလေ့ ရှိတယ်။
ဘလော့ဂ်ဆိုတာ အရူးလို့ တော့ ရက်ရက်စက်စက်ကြီး မလုပ်လိုက်ပါနဲ့ ကိုဇော်ရာ စာရူးပေရူးလောက်တော့ လုပ်ပါ... ဟီးးး ဟီး... ကိုယ်ဝါသနာ ပါတာလေးနဲ့ ရူးတာပေါ့ ဟုတ်ဘူးလား...
အပေါ်ထပ် က မမကွန် ပြောသလို
"ခန့်ငြားသောဘလော့ဂါများမှာ ခြွင်းချက်ဖြစ်ပါသည်." ဆိုတာ တော့ သဘောကျသား။ ကိုယ်လဲ ခြွင်းချက်ထဲ များ ပါနေသလား ဆိုပြီး တွေးမိသွားတယ်။ :)
ကိုဇော်ကတော့ မိုက်တယ်ကွာ။ နောက်ထပ်ဖြည့်စရာ မရှိတော့လောက်အောင်ကို တော်တော်လေးကို ပြည့်ပြည့်စုံစုံလေး ရေးထား၊ ပြုစုထားတာပါကလားနော်။ ကိုဇော်ရေ ဖြစ်စဉ် ၂-နှင့် ၅-ကိုတော့ မကြုံဖူးသေပေမယ့် ကျန်တာတော့ လက်တွေ့ပဲ ကိုဇော်ရေ့။ ကျန်းမာပျော်ရွှင်ပါစေ...
draft ထဲမှာတော့ မသိမ်းဖြစ်ဘူး...အွန်လိုင်းက အလကားရတာမဟုတ်တော့ words ထဲမှာပဲ ရေးပြီးသိမ်းထားဖြစ်တာများတယ်...ဟုတ်တော့လည်းဟုတ်တယ်...ဘလော့ဂါဆိုတာ သူ့စိတ်ကူးနဲ့သူ ရူးနေတဲ့သူပဲ...ဒါပေမယ့် အဲဒီအရူးက ချစ်စရာကောင်းတဲ့အရူးပါ...ဒါမျိုးရူးရလို့ကတော့ တစ်သံသရာလုံး ရူးရရူးရ...
အကိုကြီးပြော လိုက်မှ ရှင်းတော့တယ်
ဟီဟီ တူတူပဲ စာရေးနေပြီဆိုရင်
talk မှာချက်တာတွေ ပြုတ်တာတွေ လာမပြောနဲ့
ဖုန်းဆက်ရင်တောင် အလုပ်ရှုပ်နေတယ် ပြီးမှပြန်ခေါ်လို့
ပြောပြစ်လိုက်တယ်။
အင်း...
ကိုကိုဇော်ရေ....
ကျွန်တော်လည်း မေးခဲ့ ဘူးတယ်၊
ကျွန်တော့်တဂ်ပို့ (စ)မှာပဲ။
ဘလော့ ဂါနဲ့ စာရေးဆရာ တူပါသလား
ဆိုတာပါပဲ။
တူမလိုနဲ့  ကွဲနေတယ် ထင်တယ်ဗျာ..။
စာတွေကို ရေးတဲ့ နေရာမှာ ဆရာ အဖြစ်
မရောက်သေးတဲ့  စာရေးသူတွေကိုပဲ
ဘလော့ ဂါ .. လို့  ကျွန်တော် ဆိုချင်တယ်။
ခင်တဲ့ 
အဖြေးလူ..။
“ ဘလော့ဂါ ဆိုတာ အရူးပါ။ ”
ဟုတ်ပါတယ်။ ဘလော့ဂါ ဆိုတာ သူလုပ်ချင်တာ . . ၊ သူရေးချင်တာကို ရေးနေရရင် ပျော်နေတတ်ပြီး တခြား ဘာမှ သိပ်စိတ်မဝင်စားတတ်တဲ့ ရူးသွပ်နေသူ တစ်ယောက်လိုပါပဲ။ ။
အဲဒီစာသားအကြိုက်ဆုံးပါပဲ ကိုဇော်ရေ. :)
အွန် Anonymous မကြိုက်ပါဘူးဆိုမှ Anonymous နဲ့ comment တက်သွားလေတယ်... this is nanwarwarmg. :)
ပင့်ကူမှာ မျက်လုံး ၈ လုံးရှိတာ ခု မှ သိတယ် ။။ သတိရတာလေး ဖြည့်ပေးလိုက်အုံးမယ် ကိုဇော်ရေ..
ဘလော့ဂါ ဆိုတာ ... ကိုယ်ရေးတဲ့ ပို့ စ် မှာ ကော်မန့်လေးတွေ တက်လာတာကို ကြည့် ကြည့်ပြီး ရူးသွပ်စွာ ဖြင့် ကြည်နူးပျော်ရွှင် နေတတ်သူ လည်း ဖြစ်ပါတယ်..း)) ။
ခင်တဲ့ မကိ ။
တကယ်ပါပဲ.. ဘလော့ဂါဆိုတာ အရူးပါ..
လသာည
နတ်နတ်တို့ဆိုးချက်ကတော့လန်ထွက်တယ် .
မဒိုးကန်တို့ကလည်ပြီးသား
ဟဟဟဟ
ဘယ်ရမလဲ ကိုရင့်ကိုတဂ်လိုက်တာပေါ့ .
ရှင်အိမ်ထောင်ဦးစီး ရှင်ရေးပါလို့း)
အယ်... ဒါကတော့ လူတိုင်းတမျိုးမဟုတ် တမျိုးတော့ ရူးကြတာပဲလေ။ ဘလော့ဂ်ရေးသူလည်း ဘယ်လွတ်ပါ့မလဲ။ ဒါပေမယ့် ဒီလိုရူးရတာ အခြားနည်းလမ်းနဲ့ ရူးရတာထက်စာရင်တော့ ပိုနှစ်သက်မိတာအမှန်... :D
ကျနော်လည်း ရူးချင်တယ် ကိုဇော်ရေ..ပိုင်ပိုင် နိုင်နိုင် မရူးတတ်လို့ နေမမြင့်သေးလို့ထင်ပ အရူးတော့ မရင့်သေးဘူး..D....
ကျွန်တော်တို့အားလုံး စိတ်ကျန်းမာရေးဆေးရုံးသွားရအောင်ဗျား)း)
မောင်ဘကြိုင်
း)
Post a Comment