မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 October 2011

25 စပ်မိစပ်ရာ ဘာညာကွိကွ ( ၄ )



နိဒါန်း

ဟိုးငယ်ငယ်က လွတ်လပ်ရေးနေ့ ပြိုင်ပွဲတွေမှာ ချောတိုင်တက်ပွဲတွေ အပါအဝင် ၊ ထုပ်ဆီးတိုးတမ်း ၊ လွန်ဆွဲပွဲတွေလည်း အပါအဝင် ကျင်းပခဲ့ကြသည်။ ဒီလို ပြိုင်ပွဲတွေ ကြားထဲမှာ လွန်ဆွဲပွဲကို ကျွန်တော် ငယ်ငယ်က အလွန်ကို စိတ်ဝင်စားခဲ့ဖူး၏။ ကြိုးအရှည်ကြီး တစ်ချောင်းကို အလယ်ကနေ အမှတ်အသား တစ်ခုကို လုပ်ကာ ရန်ညှိုးမရှိဘဲနဲ့ တစ်ဘက်နဲ့ တစ်ဘက် အပြိုင်ဆွဲကြရသည်။

ဒိုင်လုပ်သူက ဝီစီကို မှုတ်လိုက်တာနဲ့ တန်းဆွဲကြတယ် လို့ ထင်ပေမဲ့ တကယ်တော့ တန်းမဆွဲကြပါဘူး။ သူတို့ တစ်ဘက်နဲ့ တစ်ဘက် ဘယ်လောက် တောင့်ခံနိုင်လဲ ဆိုတာကို အရင် စမ်းသပ်ကြပြီး အားပြိုင်ကြ၏။ ပြီးတော့မှ အပြိုင်ဆွဲကြတာ ဖြစ်လေသည်။ ကြာရှည် တောင့်မခံနိုင်သူက တဖြေးဖြေး အားပျော့လာကာ တစ်ဘက်မှ ဆွဲသည့်ဘက်သို့ ပါသွားရလေသည်။
ဒီနေရာမှာ
  • တချို့က လွယ်လွယ်နဲ့ အရှုံးပေးတတ်၏။ 
  • တချို့က လွယ်လွယ်နဲ့ အရှုံး မပေး တင်းခံထားတတ်ကြ၏။ 
  • တချို့ကျတော့ လွယ်လွယ်နဲ့ အရှုံးမပေးယုံမျှ မက နောက်ဆုံး အခြေအနေ အထိ ပြန်၍ အားတင်းက ဆွဲတတ်ကြ၏။ 
  • တချို့ကျတော့ အားမတန်သော်လည်း မာန်မလျော့ဘဲ နောက်ဆုံး အခြေအနေ အထိ တင်းခံဆွဲကာ တစ်ဘက်သို့ပင် ဒရွတ်တိုက် ခံကာ ပါသွားတတ်ကြပေတော့သည်။ 
ထိုသိုသော အခြေအနေမျိုးဖြင့် လွန်ဆွဲပွဲကို ကျင်းပကြ၏။

မည်သို့ပင် ဖြစ်စေ . . . . လွန်စွာ စိတ်လှုပ်ရှားဖို့ ကောင်းပါသည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း အခြေအနေ အရ ပုံစံမျိုးစုံသော လွန်ဆွဲပွဲတွေ ကျင်းပနေကြရပါ၏။ ပုံသဏ္ဍာန်မျိုးစုံ ၊ အခြေအနေ မျိုးစုံ ၊ အကြောင်းအရာ မျိုးစုံတို့ ဖြစ်ပျက်နေတတ်ကြပါသည်။



( တစ် )

ပြောမယ် ပြောမယ်နဲ့ မတိုက်ဆိုင်လို့ မပြောဖြစ်ခဲ့ဘူး။ ပြောရမှာ အတော်ကို နောက်ကျနေပါပြီ။ ဒါပေမဲ့ လက်ရှိအခြေအနေက အကောင်းဆုံးပဲ မဟုတ်ပါလား။ အခုပဲ ပြောပါ့မယ်။

ဟိုးအရင်က ကျွန်တော်တို့ သိထားခဲ့ကြတာက ထမင်းဖြစ်အောင် ချက်ဖို့ ဆန်ကို ဆေးမယ် ဆိုရင် ဆန်မှာ ရှိနေတဲ့ ဖွဲနုလိုမျိုး ဗီတာမင်တွေ လျော့ကျ မသွားအောင်လို့ တဖြေးဖြေး ပွတ်ကာ ဆေးကြောကြရ၏။ ပြီးတော့ ဆန်ဆေးရင်လည်း တစ်ကြိမ်တည်းနဲ့ ဖုန် ၊ သဲ နဲ့ ညစ်ပတ်နေတဲ့ အရာတွေ ပြောင်စင်အောင် ဆေးကြောကြရမည် ၊ ချက်ပြုတ်သော အခါမှာလည်း အာဟာရတွေ မဆုံးရှုံးစေရန် ထမင်း ရေခန်း ချက်စားခြင်းက အကောင်းဆုံး ဟု မှတ်သားခဲ့ရဖူးသည် မဟုတ်ပါလား။

အခုတော့ ဒီလို မဟုတ်တော့ပါဘူး။ ကျွန်တော် မြန်မာနိုင်ငံကို ပြန်တုန်းက တီဗီမှာ ကြေညာသွားသော လှုံ့ဆော်စာလေးကို ဖတ်လိုက် ၊ ကြားလိုက်ရသည်။ သို့သော် ဒီလှုံ့ဆော်စာလေးမှာ ၃ ရက်လောက်သာ လွှင့်ပြီး နောက်တော့ ဘာကြောင့်မှန်း မသိ။ ဆက်မလွှင့်တော့ပါ။ ထိုအကြောင်းအရာလေးက ဒီလိုပါ။

" ယခုနောက်ပိုင်း ဆန်ဖြစ်လာအောင် စပါးစိုက်ပျိုးသော အခါမှာ ထွက်နှုန်းကောင်းစေရန် ဓါတ်မြေသြဇာကို အသုံးပြုကြသည်။ မြေကြီးထဲ ထည့်သုံးသော ဓါတ်မြေသြဇာထက် အပင်ရဲ့ အရွက်ကို ဖြန်းသော ဓါတ်မြေသြဇာက ပိုပြီးတော့ ထိရောက်နှုန်းနဲ့ ကုန်ကျစရိတ် သက်သာသောကြောင့် မြေကြီးထဲ ထည့်သုံးသော ဓါတ်မြေသြဇာထက် အရွက်ကို တိုက်ရိုက်ဖြန်းသော ဓါတ်မြေသြကို သုံးလာကြတာ များပါသည်။

ဒီလိုပဲ။ သစ်ပင် ပန်းမံ စိုက်တယ် ဆိုတာ သူတို့ကို ဖျက်ဆီးမဲ့ ပိုးမွှား အန္တရာယ်ကိုလည်း ကာကွယ်ရမှာ ဆိုတော့ ပိုးသတ်ဆေးတွေကိုလည်း သုံးကြရပါ၏။ ထိုပိုးသတ်ဆေးများမှာ မိုးရွာရင် တော်ရုံနဲ့ မပြယ်လွှင့်သော ပိုးသတ်ဆေးများ ဖြစ်အောင် တီထွင်ထားကြရ၏။ ဒါမှလည်း တွက်ချေကိုက်မယ် မဟုတ်လား။ ဒီတော့ စပါးပင်ကောင်း တစ်ပင် ဖြစ်လာဖို့ ၊ ထိုစပါးပင်မှာ စပါးတွေ အောင်မြင် ဖြစ်ထွန်းလာအောင် ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးကို မရှိမဖြစ် မျှတစွာ သုံးစွဲ ရပါသည်။

သို့သော် . . . . ထို ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးတွေက စပါးကနေ ဆန်ဖြစ်လာတဲ့ အထိ စပါးခွံကို ဖောက်ကာ ဆန်အပေါ်ယံကြော အထိ ကြွင်းကျန်ကာ ရှိနေပါသေးသည်။ ဒီလို ဆန်တွေကို ဟိုးအရင်ကလို အပေါ်ယံကြောက ဖုန် ၊ ညစ်ပတ်နေတာလေးတွေ ပြောင်ယုံလောက်သာ ဆေးကြောပြီးတော့ ချက်ပြုတ်မယ် ဆိုရင် ပြင်းထန်လှသော ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးတွေကို မဖယ်ရှားနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော် ကြည့်လိုက်ရသော တီဗီမှ လှုံ့ဆော်သော စာလေးက ပြောပါ၏။

ယခုနောက်ပိုင်း ဆန်တွေမှာ ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးတွေ ပြင်းထန်စွာ ပါဝင်နေသည်ကို တွေ့ရ၍ ထမင်းချက်ရန် ဆန်ကို ဆေးသော အခါမှာ ရေတစ်ထပ်တည်းနဲ့ မဆေးဘဲ အကြိမ်ကြိမ် ပြောင်အောင် ပွတ်သပ် ဆေးကြောသင့်ပါသည်။ ထို့အတူ ထမင်းချက်သော အခါမှာလည်း ထမင်းရည်ခန်း ချက်စားမည့်အစား ထမင်းရည်ကို ငှဲ့သွန်၍ ချက်ပြုတ်သင့်ပါသည်။ "

ဟု ဖတ်ရှု့လိုက်ရပါသည်။ သို့သော် ဘာကြောင့်ရယ် မသိ။ သုံးရက်သာ လွှင့်ပြီး နောက်ပိုင်း ဆက်မလွှင့်တော့ပါ။

မည်သို့ပင် ဆိုစေ. . . . ဆန်ကို တစ်ကြိမ်တည်း ပွတ်သပ်ဆေးကြောခြင်းထက် ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးများ ကုန်စင်အောင် အကြိမ်ကြိမ် ပွတ်သပ်ဆေးကြောခြင်းသည် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ ထမင်းရေခန်း မချက်ဘဲ ၊ ထမင်းရည် ငှဲ့ချက်ဖို့က အကောင်းဆုံး ဆိုပေမဲ့ အချိန်လုနေရသူတွေ အတွက် ထမင်းရည်ကို ငှဲ့ဖို့ ထိုင်စောင့်နေရတယ် ဆိုတာ မလွယ်လောက်ပါဘူး။ ဒါပေမဲ့လည်း ပို၍ အန္တရာယ် ကင်းချင်ရင်တော့ ထမင်းရည်ခန်းထက် ငှဲ့သွန်ကာ ချက်ပြုတ်စားသင့်ပါတယ် လို့ အကြံပေးလိုပါသည်။

အခုနောက်ပိုင်း ရောဂါတွေကလည်း ဘာတွေမှန်း မသိအောင် ဖြစ်နေကြတယ် မဟုတ်လား။ ကိုယ်လည်း ဘာမှ မလုပ်ဘဲ ဖြစ်နေတယ် ဆိုတာ ဒီလို အစားအသောက်တွေနဲ့ သက်ဆိုင်နေတယ် ဆိုတာကို ပြောစရာ မလိုအောင် သိဖို့ လိုပါသည်။



( နှစ် )

အပေါ်က အစားအသောက်နဲ့ သက်ဆိုင်သော အကြောင်းအရာလေးပါပဲ။ ငယ်ငယ်က ကျွန်တော့်မှာ ထူးခြားတဲ့ သူငယ်ချင်း နှစ်ယောက် ရှိခဲ့ပါသည်။ နှစ်ယောက် စလုံးက အစွန်းရောက်တွေချည်းပါပဲ။ ဒါပေမဲ့ သူတို့ နှစ်ယောက် စလုံးက ပါးစပ်ကို မူတည်ကာ စကားလုံးနဲ့ အစွန်းရောက်နေကြသူတွေ ဖြစ်ပါသည်။
  • တစ်ယောက်က အသားစားမှ အားဖြစ်မည်။ လူဆိုတာ အသားစား သတ္တဝါ . . . ဘာညာပေါ့ဗျာ။ သူက သတ်သတ်လွတ် စားခြင်းကို အားမပေးပါ။ ဘုရားတောင်မှ သတ်သတ်လွတ် မစားဘူး ဆိုကာ ဘုရားကိုပင် သက်သေခေါ်တတ်သူ ဖြစ်၏။
  • တစ်ယောက်ကတော့ သတ်သတ်လွတ်သမား ဖြစ်သည်။ သူက ကျတော့ လူ့ရဲ့ သွား ၊ အစာအိမ် ၊ ခန္ဓာဗေဒတွေ အပါအဝင် မျိုးစုံသော အချက်အလက်တွေကို ဖော်ညွှန်းပြီးတော့ လူဆိုတာ သတ်သတ်လွတ် စားသော ( သို့ ) သီးနှံစား သတ္တဝါ ဟု ဆို၏။ သူကတော့ ကမ္ဘာ့ ဘယ်အဖွဲ့က သတ်သတ်လွတ် စားသင့်ကြောင်း ထောက်ခံစာတွေကို ကိုးကားတတ်၏။
သူတို့ နှစ်ယောက် ငြင်းခုန်ကြရင် ကျွန်တော်တို့မှာ ဘေးကနေ ပေါက်စီ စားနေရင်တောင်မှ အသားပေါက်စီကိုပဲ ကိုင်ရမလိုလို ၊ သတ်သတ်လွတ် ပဲပေါက်စီပဲ ကိုင်ရမလိုလို ဖြစ်နေတတ်သည်။ တစ်နေ့တော့ သူတို့ နှစ်ယောက်က ကျွန်တော့်ကို ဆုံးဖြတ်ခိုင်း၏။ အဲဒီတုန်းက ကျွန်တော့်မှာ ပြတ်ပြတ်သားသား ပြောဖို့ အတွေ့အကြုံတွေ မပြည့်ဝသေးပါဘူး။ အခုလည်း ဘယ်ဟာ ဆိုပြီး မပြောနိုင်သေးပါ။ အဲဒီတုန်းကတော့ ကျွန်တော် ဒီလိုပဲ ပြောဖြစ်ခဲ့သည်။

" ဟုတ်တယ်။ ဘုရားတောင်မှ သတ်သတ်လွတ် မစားခဲ့ဘူး။ ဒါပေမဲ့ ဘုရားမိန့်ကြားခဲ့တဲ့ အထဲမှာ အရာရာကို ချွေတာပါ လို့တော့ ပါတယ်။ ဒါကြောင့် တချို့က အသံကို ချွေတာတဲ့ အနေနဲ့ ဝစီပိတ် နေကြတယ်။ တချို့က သူများရဲ့ အသက်ကို ချွေတာတဲ့ အနေနဲ့ အသားစားတာကို ချွေတာကြတယ်။ ဒါကြောင့် သတ်သတ်လွတ် စားကြတယ်။ "

ဒီလိုပဲ ကျွန်တော် ပြောခဲ့ပါ၏။

ဒါပေမဲ့ ဟိုတလောက သတင်းတစ်ခု ဖတ်လိုက်ရ၏။ ထိုသတင်းကား ကြောက်စရာပင် ဖြစ်လေသည်။ ကမ္ဘာမှာ အသားစားလို့ ဖြစ်တဲ့ ရောဂါ နဲ့ အသီးအနှံ စားလို့ ဖြစ်တဲ့ ရောဂါ နှိုင်းယှဉ်ချက်ဟာ တစ်နေ့ တခြား အသီးအနှံ စားလို့ ဖြစ်တဲ့ ရောဂါက တစ်နေ့ တခြား ပိုများလာတယ်လို့ ဆို၏။ သို့သော် သူဆိုလိုထားတာက အသီးအနှံ့ကြောင့် ဖြစ်တာတော့ မဟုတ်ပါ။ အသီးအနှံမှာ ပါလာတဲ့ ဓါတ်မြေသြဇာ ၊ ပိုးသတ်ဆေးတွေကြောင့် ဖြစ်လာတာ လို့ ဆိုသည်။

ဒီတော့ အခုနေ အချိန်မှာ အသားစားလို့ ဖြစ်တဲ့ ရောဂါ နဲ့ သတ်သတ်လွတ် စားလို့ ဖြစ်တဲ့ ရောဂါမှာ သက်သက်လွတ်စားလို့ ပိုးသတ်ဆေး ၊ ဓါတ်မြေသြဇာတွေကြောင့် ဖြစ်ရတဲ့ နောက်ဆက်တွဲ ရောဂါတွေက ပိုများနေတယ် လို့ သုတေသန ပြုရာမှ ထွက်လာခဲ့သည်။

အခုနေ အချိန်သာ ကျွန်တော့်ကို မေးခဲ့ရင် ကျွန်တော် ဘယ်လို ဖြေမယ် ဆိုတာ ကျွန်တော် ပြောပြဖို့ လိုပါဦးမလား။



( သုံး )

အခုတလော နိုင်ငံတကာမှာ လိင်တူချစ်သူများ အဖွဲ့တွေက အတော် အင်အားကောင်းလာတယ် လို့ ဆိုရမည်။ အဲ . . . သူတို့က " လိင်တူချစ်သူများနေ့ " တောင်မှ ဖြစ်အောင် ကြိုးစားနေတယ် ဆိုပဲ။ ကြားရတာ အတော်ကို စိတ်မချမ်းမသာ ဖြစ်စရာပါ။

ကျွန်တော်ကသာ စိတ်ထဲမှာ ဒီလောက်ပဲ ဖြစ်ပျက်ကာ ခံစားမိတာပါ။ တချို့သော ကျွန်တော့် သူငယ်ချင်းတွေက ခါးခါးသီးသီးကို ခံစားကြရတယ် လို့ ဆို၏။ ဒီအခြောက်တွေကို ကြည့်ရ မြင်ရတာကို စိတ်မချမ်းသာစရာ ၊ မသတီစရာဟု ဆိုလေသည်။

ဒါပေမဲ့ ဒီလို ပြောပြောနေတဲ့ သူငယ်ချင်းတွေက သူတို့ ပညာရှိ ဆိုပြီးတော့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိနေခဲ့၏။ ထိုသူကတော့ " ဆိုကရေးတီး " ပါပဲ။ သူတို့ မသိတာလည်း သိလျက်နဲ့ပဲ ပညာရှိ ဆိုပြီး အထူး ပ စား ပေးထားတာလား မသိပါ။ သူတို့ ပြောပြောနေတဲ့ " ဆိုကရေးတီး "  ဆိုတာကလည်း ကမ္ဘာကျော် အခြောက် တစ်ယောက်ပါပဲ။

ဒီတော့ အခြောက်တိုင်းက ပညာရှိ မဟုတ်ပေမဲ့ . . . ပညာရှိတွေထဲမှာလည်း အခြောက်တွေ ရှိနေတယ် ဆိုတာကိုတော့ ငြင်းလို့ မရဘူးပေါ့ဗျာ။

မှတ်ချက်။  ။ ဒီလို အခြောက် ( သို့ ) မိန်းမလျာတွေ အကြောင်းကို ထည့်ရေးလို့ ကျွန်တော့်ကို အခြောက် လို့ မထင်မှတ်စေလိုပါ :D စိတ်ထဲ ခိုးလို့ ခုလု ရှိလို့သာ ရေးလိုက်တာပါ။



( လေး )

VIP ဆိုတဲ့ စကားလုံးကို ဘယ်လို နားလည်ပါသလဲ။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကတော့ ဒီ VIP ဆိုတဲ့ စကားလုံးကို အရမ်းမုန်းတယ်လို့ ဆိုပါ၏။ VIP ဆိုတဲ့ စကားလုံးကို ကျွန်တော့် သူငယ်ချင်းကတော့ ဒီလို အဓိပ္ပါယ်ဖွင့်ပါသည်။

VIP = Very Important Pig

တဲ့။ အင်း . . . သူပြောလည်း ပြောချင်စရာပါပဲ။ ထို VIP နေရာမှာ ထိုင်နေသော လူတွေ အတော် များများက အထက်က အဓိပ္ပါယ်ဖွင့်ဆိုထားသလို ခပ်ဝဝ ၊ ခပ်တုတ်တုတ်တွေချည်းပါပဲ။ သူငယ်ချင်း ပြောတဲ့ င်္ဒီအဓိပ္ပါယ်က VIP ရဲ့ မူရင်း အဓိပ္ပါယ် ဖြစ်နေနိုင်ပါသည်။



( ငါး )

ကိုဇာဂနာ ရဲ့ အင်တာဗျူးကို နားထောင်ပြီးတော့ မြန်မာ စကားရဲ့ အခုခေတ်မှာ ရှုပ်ထွေးမှု အကြောင်း နည်းနည်း စဉ်းစားမိပါသေးသည်။ မြန်မာစကားမှာ - " ချက်သည် " လို့ ဆိုလိုက်တာနဲ့ အခုခေတ် အရ " Cook " နဲ့ " Chat " ကို ယှဉ်တွဲကာ စဉ်းစားမိစေနိုင်ပါ၏။

ဒီနေရာမှာ အိမ်ရှင်မ ဖြစ်သော ချက်ပြုတ်နေရသူ တစ်ယောက်က " ချက်သည် " ဆိုသော စကားလုံးကို ကြားလိုက်ရရင် " Cook " ဟု သူက ထင်နေနိုင်တာကို အပြစ်ပြော၍ မရပါ။

ဒီလိုပါပဲ။ အခုခေတ် " Chatting " လောကမှာ ကျင်လည်နေကြသော ကလေးတွေ " ချက်သည် " ဆိုသော စကားလုံးကို ကြားရရင်လည်း သူတို့ရဲ့ စိတ်ထဲမှာ " Chat " ဟုသာ တွေးမိစေနိုင်တာကို အပြစ်လို့ ပြောရင် မှားပါလိမ့်မည်။

ကိုဇာဂနာကို စစ်ဆေးသော တရားသူကြီးက မင်းဘယ်မှာ ချက်တာလဲ ဆိုတော့ ကိုဇာဂနာက " မီးဘို " မှာလို့ ဖြေပါသည် ဟု ဆို၏။ အဲဒီမှာလည်း နောက်ထပ် ပြဿနာက ရှိပြန်ပါသည်။ မြန်မာနိုင်ငံသည် တိုင်းနှင့် ပြည်နယ် အနှံ့ ၊ လူမျိုးဘာသာ မရွေး မခွဲခြားဘဲ ၊ ကျောသား ရင်သား နည်းနည်းခွဲခြားကာ ကွန်နက်ရှင် ကျလေ့ ရှိသော နိုင်ငံ ဖြစ်ပါသည်။ အပေါ့ပါးဆုံး ဆိုသော Google Talk တောင်မှ တိုက်ရိုက် တက်ရန် မလွယ်ပါ။ ဒါကြောင့် Google Talk မှ မိတ်ဆွေများဖြင့် ရင်းနှီးစွာ တွေ့ဆုံ စကားပြောနိုင်အောင် meebo ( http://www.meebo.com ) မှ တဆင့် ဝင်ကာ သုံးရတာပါ။

ကိုဇာဂနာက မီးဘိုမှာ ချက်တယ် လို့ ရိုးရိုးသားသား အမှန် အတိုင်း ဖြေလိုက်သော်လည်း မီးဘို ဆိုတာကို ထမင်း ၊ ဟင်းချက်ရန် လောက်သာ သိသော သူက " မီးဖို " ဟု နောက်နေတယ် လို့ ထင်ပါတော့၏။ " မင်း . . မနောက်နဲ့ ၊ ဒါ နောက်စရာ မဟုတ်ဘူး။ " ဟု ဆို၏။ တကယ်ဆို Chatting သမားတွေသာ မီးဘိုမှာ ချက်သည် ဆိုတာကို ကြားခဲ့ရင် ကိုဇာဂနာ ချက်တာ meebo မှာ Chat တယ် ဆိုပြီး သဘောပေါက်မှာပါ။ အခုတော့ ဖြစ်မှ ဖြစ်ရလေ ဟုသာ ပြောချင်ပါတော့သည်။

ဒီနေရာမှာ ကျွန်တော် စဉ်းစားမိတာလေး တစ်ခု ရှိနေပါသည်။ ထိုတရားသူကြီးသည် အင်တာနက်ကို ထိတွေ့ကာ သုံးစွဲ ဖူးသူ မဟုတ်ဘဲ ၊ သူသိသော ထမင်းချက်ရန် " မီးဖို " ( Burner , Cooker ) နဲ့ " ချက်သည် " ဆိုသော " Cook " ကိုသာ သိနေသော " အိမ်ရှင်မ တစ်ဦးများလား " ဆိုတာလေးပါပဲ။

အဲ . . . ဘယ်သူ့ကိုမှ နစ်နာစေလိုတဲ့ သဘောနဲ့ ရေးတာ မဟုတ်ပါဘူး။ တွေးမိတာလေးကို ရေးကြည့်တာပါ။ လွန်တာ ရှိရင် အမိုက်အမဲလေးမို့ ခွင့်လွှတ်ပါဗျာ။ နောက်တစ်ခါ ဒါမျိုး မရေးတော့ပါဘူး။ နောက်တစ်ခါ . . . . . . . . . . ( နောက်တစ်မျိုးပေါ့ . . နော့။ )



( ခြောက် )

ဟိုးအရင်က ကျွန်တော့်မှာ Adidas တံဆိပ်ကို အလွန်ကို နှစ်ခြိုက်သော သူငယ်ချင်း တစ်ယောက် ရှိပါသည်။ သူ့မှာ သူ့ထက် ငါးနှစ်ကြီးသော Nike ကို အလွန် နှစ်သက်သော အစ်မ တစ်ယောက် ရှိပြန်လေ၏။ ပြီးတော့ သူတို့ မောင်နှမ နှစ်ယောက်က မတည့်ကြပါ။ အဓိက မတည့်ရတဲ့ ကိစ္စကလည်း သူတို့ အားပေးသုံးစွဲသော ကုမ္ပဏီရဲ့ ကုန်ပစ္စည်း ပြိုင်ဆိုင်မှုမှ စတင်လေ၏။ ထိုကုမ္ပဏီများ ပြိုင်ဆိုင်သလို သူတို့ နှစ်ယောက်ကလည်း စကားလုံးတွေနဲ့ ပြိုင်ဆိုင်ကြသည်။

တစ်နေ့တော့ ကျွန်တော့် သူငယ်ချင်းက နိုင်ကွက် ရလာပြီးတော့ သူ့အစ်မကို ပြော၏။

" မမ သုံးနေတဲ့ တံဆိပ်က မမ ခေါ်နေသလို " နိုက် " ( Nike )  မဟုတ်ဘူး။ တကယ်တော့ အဲဒါကို " နီကီ " လို့ ခေါ်ရတယ်။ "

ဒီတော့ ဒုတိယနှစ် ဥပဒေတန်း တက်နေသော အစ်မ လုပ်သူက လုံးဝကို လက်မခံချေ။ သူဖတ်ထားဖူးသော နိုင်ငံခြားမှ စာတွေကိုပါ ရွတ်ပြီးတော့ " နိုက် " ဟုပင် ခေါ်ကြောင်း သက်သေထူသည်။ 

" ဘယ်က တေလေဂျပိုးတွေ ခေါ်တဲ့ နာမည်ကို လာခေါ်ရတာလဲ။ Nike ကို နိုက် လို့ပဲ အသံထွက်ရတယ်ဟဲ့။ *&&*#*(&(@&E(@^*E(!@^E()@R^*)^R)(@&R "

ဟု ဆိုကာ ပက်ပက်စက်စက် ချေပပါတော့သည်။ ကျွန်တော့် သူငယ်ချင်းမှာ အလဲအကွဲ ၊ ဖူးယောင်ကာ ကျွန်တော့်ဆီကို ရောက်လာ၏။ တောက် တခေါက်ခေါက် နဲ့ပေါ့ဗျာ။ ဘာဖြစ်နေတာလဲ ဆိုတော့ သူက ပြောပါသည်။ ပြီးတော့ ကျွန်တော့်ကို အကြံတောင်း၏။

" အေးကွာ . . ငါ ကြုံရင် . . .  မင်း အစား ချေပပေးပါ့မယ် "

လို့ပဲ ကျွန်တော် ပြောလိုက်မိသည်။ တစ်နေ့တော့ သူ့အိမ်ကို သွားလည်ရင်း သူ့အစ်မကိုလည်း အိမ်မှာ တွေ့ရ၏။ သူ့အစ်မကတော့ ထုံးစံ အတိုင်း သူနှစ်သက်သော Nike အင်္ကျိ ခပ်ပြာပြာလေးကို ဝတ်ထား၏။ အသစ်လည်း ဖြစ်ပုံ ရလေသည်။ သူငယ်ချင်းကို ကျွန်တော် ခေါ်ပြီးတော့ အပြင်ကို သွားဖို့ အိမ်တံစက်မြိတ်ကနေ အထွက်မှာ ထွက်မယ် လုပ်ပြီးမှ သူမ ဆီကို လှည့်ကာ မေးလိုက်လေသည်။ ကျွန်တော့်ရဲ့ အကြည့်က သူ့ရဲ့ အင်္ကျီပေါ်မှာ မျက်လုံးက ရောက်နေပါသည်။ ဒါပေမဲ့ ကျွန်တော်က ဒီလို မေးလိုက်ပါသည်။

" အစ်မ . . . အစ်မ နိုက်က ဘယ်လောက်လဲ ဟင် "

မေးလည်း မေးပြီးရော ကျွန်တော် ဆင်းပြေးတော့တာပါပဲ။ အဲဒီ အစ်မရော ၊ ကျွန်တော့် သူငယ်ချင်းရော ပထမကတော့ ကျွန်တော် ဆင်းပြေးတာကို ပထမ ကြောင်နေသေး၏။ နောက်မှ ကျွန်တော့် သူငယ်ချင်းက အဲဒီနေရာမှာ ခွက်ထိုးခွက်လန် ရယ်ပါလေရော။ သူ့အစ်မကလည်း . . .

" ဟင် . . . ဟဲ့ကောင် . . ကိုဇော် . . လာစမ်း . . . ၊ အောင်မာ . . ငါ့ကိုများ . . . နင်တော့ သေတော့မယ်။ နင်တော့လား နောက်တစ်ခါ ငါ့အိမ်ကို လာကြည့် သေမယ် . . #*&()&)(&)(&)(&_(*_ "

ဆိုကာ အော်ဟစ် ကြိမ်းမောင်းရင်း ကျန်ခဲ့ပါတော့သည်။ တကယ်တော့ အဲဒီအစ်မနဲ့ ကျွန်တော်နဲ့ကလည်း မောင်နှမတွေလို ခင်မင်ပါသည်။ ဒါကြောင့်လည်း ဒီလို ပြောရဲတာပါ။ ကျွန်တော် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ခဏကြာတော့ သူငယ်ချင်းက ရယ်မောရင်း ရောက်လာပါသည်။

" မင်းကွာ . . ၊ မင်းကို အဲဒါတွေကြောင့် ငါကြိုက်တာ . . . ဟီးဟီး . . ငါ့ အစ်မတော့ တော်တော် ထိသွားမှာပဲ . . ဟီးဟီး . . ကောင်းတယ်။ "

လို့ ဆိုပါ၏။ အဲဒီလိုပါပဲ။ ကျွန်တော်က တကယ်ကို ကောင်းတဲ့ ကောင်မဟုတ်ပါဘူး။ အတော်ကို သူများ မခံချင်အောင် ငယ်ငယ်က ပြောတတ်တဲ့ ကောင်ပါ။ ဒီလိုနဲ့ နောက်တော့လည်း မေ့မေ့ပျောက်ပျောက်ပါပဲလေ။

ဟိုတလောက သူတို့ အိမ်ကို ရောက်သွားတော့ အဲဒီအစ်မနဲ့ တွေ့ပါသေး၏။ ထိုအစ်မမှာ ဒီအတိုင်း အပျိုကြီး ဖြစ်လို့ နေပါပြီ။ သို့သော် ဥပဒေ အရာရှိ တစ်ယောက်တော့လည်း ဖြစ်နေပါပြီ။ ဒီအချိန်မှာ မဟုတ်က ဟုတ်က သွားပြောရင် ဥပဒေဆိုတဲ့ ပင့်ကူမျှင်တွေနဲ့  ငြိသွားနိုင်တယ် မဟုတ်ပါလား။

" အစ်မ . . . နေကောင်းလား။ "

ဆိုပြီး စကားရော ဖောရှော လုပ်တော့ သူမက မျက်စောင်းထိုးကာ ကြည့်၏။ ဒီတော့ ကျွန်တော်ကလည်း အသာလေး သွားဖြဲပြရတာပေါ့ဗျာ။ ပြီးတော့ မေ့နေသင့်တာကို မေ့ မနေနိုင်ဘဲ မေးမိပါသည်။

" အစ်မ . . ဟို . . . ဟို . . . နိုက် . . . အင်္ကျိတွေ မဝတ်တော့ဘူးလား။ "

ဒီတော့ ထိုအစ်မက မျက်စောင်းထိုးကြည့်ပြီး . . .

" မဝတ်တော့ဘူးဟေ့ . . . အခု . .  ပူးမား ( Puma ) ပြောင်းဝတ်တယ်။ "

လို့ ဆိုပါ၏။ သူမ ပြောပြီးတော့ ကျွန်တော် ခပ်သုတ်သုတ် ပြန်လာခဲ့ပါသည်။ ကျွန်တော်ကလည်း ကျွန်တော်ပဲ မဟုတ်လား။ မတော်လို့ စိတ်ထဲ မထင်ရင် သွားပြောမိနေပါဦးမယ်။  ကြည့်ပါဦးဗျာ . . ပူးမားရယ် လို့ . . . .။

ဘာရယ် မဟုတ်ပါဘူး။ Nike မှ Nike ဆိုပြီး ဖြစ်နေတဲ့ လူတွေကို တွေ့ရင် ကျွန်တော်ကတော့ အဲဒီလိုပါပဲ ပစ်မေးလိုက်ပါသည်။

" မင်း . . နိုက် ဘယ်လောက်လဲ "

တစ်ခုတော့ ရှိပါသည်။ ကျွန်တော့်လို လိုက်မေးချင်တဲ့ လူတွေ ရှိရင်လည်း မေးပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့်လိုပဲ အပြေးတော့ သန်ဖို့ လိုပါလိမ့်မယ်။ 



( ခုနှစ် )

စကားလုံးတွေ အကြောင်းကို ခွဲခြမ်း စိတ်ဖြာပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ ပြောဆိုနေကြတုန်း သူငယ်ချင်း တစ်ယောက်က သူ့ရဲ့ တွေ့ရှိချက် တစ်ခုကို တင်ပြ၏။ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါသည်။ သူက ဒီလို ဆိုသည်။

" မင်းတို့ ကြားဖူးတယ် မဟုတ်လား။ စစ်သူကြီး တစ်ယောက်က သူ့ရဲ့ တပ်သားသစ်တွေကို စုဆောင်းတဲ့ အခါမှာ စစ်ဆေးနည်းလေ။ "

" အေး . . ကြားဖူးတာပေါ့။ "

" ကြားဖူးတာပေါ့ကွာ ၊ ဒါများ ကလေးတောင်မှ သိတယ်။ "

ဒီလို တစ်ယောက် တစ်ပေါက် ပေါက်ပေါက်ဖောက်ပါလေရော။ ဆူဆူညံညံ ဖြစ်သွား၏။

" အေး . . မင်းတို့ ကြားဖူးတယ် ဆိုတာတော့ ဟုတ်တယ်။ ဒါပေမဲ့ အဲဒီစကားက မှားနေတယ်။ "

လို့ ဆိုပါလေရော။ ဒီတော့ အားလုံးလည်း သူပြောတာကို စိတ်ဝင်စားသွား၏။

" အင်း . . မှားတယ်ဆိုလည်း မင်းပဲ ရှင်းပြစမ်းပါဦး။ "

သူက ကော်လံကို နည်းနည်း ပင့်တင်ပြီးတော့ ချောင်းဟန့်ကာ ဟန်လုပ်၏။

" ဒီလိုကွ။ အဲဒီစစ်သူကြီးက သူ့ရဲ့ တပ်သား အသစ်ကို ရွေးခြယ်တဲ့ အခါမှာ လက်မရဲ့ လက်သည်းကြားမှာ အပ်စိုက်ပြီးတော့ တူနဲ့ ရိုက်ပြီး စမ်းသပ်တယ် မဟုတ်လား။ "

" အေးလေ . . "

အားလုံးက ထောက်ခံလိုက်မိသည်။ ဒီတော့ သူက မေး၏။

" ပြီးတော့ သူ့ရဲ့တပ်သားကို ဘယ်လို ရွေးခြယ်လဲ။ "

" လက်မရဲ့ လက်သည်းကြားမှာ အပ်စိုက်ပြီး တူနဲ့ ထုလိုက်လို့ လက်မတွန့် သူကို သူက သူ့ရဲ့ တပ်သား အဖြစ် ရွေးခြယ်တယ်လေကွာ။ မင်းကလည်း ဒါ ကလေးတောင်မှ သိတယ်။ "

အဲဒီတော့ သူက ခပ်မြိန့်မြိန့်ကြီး ပြုံး၏။ ပြီးမှ . . .

" အေး . . အဲဒါပဲ . . ။ အဲဒီနေရာမှာ လူတွေ မှားနေကြတာပဲ။ တကယ်ဆို မင်းတို့ သေချာ စဉ်းစားကြည့်စမ်းပါ။ တကယ်တော့ သူ ရွေးတာက . . . လက်မကြားမှာ အပ်စိုက်တယ်နော်။ "

" အေးလေ. . . "

" တူနဲ့ ထုတယ်နော် "

" အေးလေ . . . "

" ဒီတော့ လက်မတွန့် သူကို သူက သူရဲကောင်း လိုမျိုးနဲ့ ရွေးတယ်နော်။ "

" အေးလေ .. . . ဒါ ဘာဖြစ်လဲ။ "

" မင်းတို့ပဲ သေချာ ကြည့်တော့ ငါရေးပြမယ်။ "

ဒီလို ပြောပြီး သူက စာရွက်နဲ့ ဘောပင်ကို ထုတ်ပြီး ချရေးပြပါတော့သည်။

" တကယ်တော့ သူ ဆိုလိုချင်တာက လူတွေ အားလုံး ထင်သလိုမျိုး . . . " လက်မတွန့်သူ " မဟုတ်ဘူးကွ။ တကယ်တော့ သူ ရွေးလိုက်တာက " လက်မ , တွန့်သူ " ကွ။ "

" ဟင် . . ."

ကျွန်တော်တို့ အားလုံး နည်းနည်းတော့ အူတူတူ ဖြစ်သွားသည်။ အင်းလေ. . သူရေးပြသလို ဆိုရင်လည်း ဟုတ်တော့လည်း ဟုတ်နေပါရောလား။ စစ်သူကြီးက ရွေးခြယ်တယ် ဆိုတဲ့ သူ့ရဲ့ စစ်သည် တပ်သားတွေက အားလုံး " လက်မတွန့်သူ " ဆိုတာ " လက်မ , တွန့်သူ " တွေချည်းများလား။

ဖြစ်နိုင်မယ် ဆိုရင် ကျွန်တော် ထိုစစ်သူကြီး နဲ့ တွေ့ဖို့ လိုလိမ့်မယ် ထင်ပါသည်။ ကြုံရင် ကျွန်တော် မေးချင်ပါသေးသည်။ စာဖတ်သူများလည်း ထိုစစ်သူကြီး နဲ့ လမ်းမှာ ဆုံရင် မေးထားကြစေလိုပါသည်။



နိဂုံး 

တကယ်တော့ လွန်ဆွဲတယ် ဆိုတာ ကိုယ့်ဘက် ပါအောင် ဆွဲကြတာပဲ မဟုတ်ပါလား။ ဒါဆို ကိုယ်နဲ့ နီးကပ်စေတာပါပဲ။ 

စစ်ပွဲ ၊ တိုက်ပွဲ ဆိုတာက တဘက်က ကိုယ့်ပြိုင်ဘက်ကို ကိုယ်နဲ့ ဝေးရာကို ရောက်အောင် တိုက်ထုတ် တွန်းထုတ်တာပဲ မဟုတ်ပါလား။ 

ဖြစ်နိုင်မယ် ဆိုရင် အချစ်ရေးနဲ့ ပတ်သတ်ပြီးတောင်မှ ဒီကမ္ဘာပေါ်မှာ ကျွန်တော် " စစ်ပွဲ ၊ တိုက်ပွဲ " တွေ ဖြစ်မနေစေချင်ပါ။ တိုက်ပွဲတွေ ဖြစ်နေမဲ့ အစား အားလုံး ငြိမ်းချမ်းရေးယူကာ " လွန်ဆွဲပွဲ " တွေကိုသာ ဖြစ်ပေါ်နေစေချင်ပါသည်။ သို့သော် ကျွန်တော်က ဘာကောင်မှ မဟုတ်ပါ။ ဒါပေမဲ့ ကျွန်တော့် ရင်ထဲမှာ ရှိနေသော ဆန္ဒ တစ်ခုကို ဖွင့်အန်ပြခြင်းမျှသာ ဖြစ်ပါသည်။


လေးစားစွာဖြင့်
ကိုဇော်
20.10.2011

Share/Bookmark

15 October 2011

18 လူပု ပုံပြင်



တစ်ခါက . . .

မြို့တစ်မြို့မှာ လူပု ညီအစ်ကို နှစ်ယောက် ရှိသတဲ့။ သူတို့က သာမာန်လူတွေထက် အရပ်ပုတယ် ဆိုတာ သူတို့ တစ်မြို့လုံးက သိကြတယ်။ သူတို့ကိုယ်တိုင်ကလည်း သိကြတယ်။ ဒါပေမဲ့ သူတို့ လူပုဆိုတာ သူတို့ ဘယ်လိုမှ လက်မခံကြဘူး။ သာမာန်လူတွေ မလုပ်နိုင်တာကို ငါတို့ လုပ်ပြရင် ငါတို့ကို လူတွေက လူပုလို့ သတ်မှတ်တော့မှာ မဟုတ်ဘူး ဆိုပြီးတော့ သူတို့ ညီအစ်ကိုက တလွဲ အတွေးတွေ ဝင်နေကြတယ်။ ဒါကြောင့် သာမာန်လူတွေ မလုပ်နိုင်မဲ့ အရာ ၊ သာမာန်လူတွေထက် သာအောင် လုပ်နိုင်မဲ့ အလုပ်တွေကို လုပ်နိုင်ဖို့ သူတို့ အမြဲတမ်း စဉ်းစားနေကြတယ်။ 

ဒါနဲ့ တစ်နေ့တော့ လူပု အစ်ကိုက အကြံကောင်း တစ်ခုကို ရတယ်။ ဒီအကြံအတိုင်း လုပ်လို့ အောင်မြင်သွားရင် သူ့ကို ဘယ်သူ့မှ လူပု လို့ မထင်တော့ ၊ မမြင်တော့ ၊ မပြောကြတော့ဘူးလို့ သူက ထင်တယ်။ ဒါကြောင့် ဒီအကြံကို အကောင်အထည် ဖော်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီအကြံကို အကောင်အထည် ဖော်နိုင်အောင် သူ နေ့ရော ၊ ညပါ အားသွန်ခွန်စိုက် ကြိုးပမ်းတယ်။ ဒီအကြံအောင်မြင်ခဲ့ရင် သူ့ကို လူတွေ အားလုံး လေးစားလာကြလိမ့်မယ် လို့ ယုံကြည်နေခဲ့တယ်။

သူ့ရဲ့အကြံက ဘာလဲ ဆိုတော့ " တံတွေးကို ခပ်ဝေးဝေး ရောက်အောင် ထွေးနိုင်မယ် ဆိုရင် အရပ်ရှည်တယ် လို့ ယူဆနိုင်မယ် " ဆိုတဲ့ အတွေးအကြံလေးပါပဲ။ ဒီအကြံကို အကောင်အထည် ဖော်ဖို့ သူ ရောက်ရာ နေရာမှာ တံတွေးလေး တထွေးထွေးနဲ့ " ထွီ . . . ထွီ . . . " ဆိုပြီးတော့ အဝေးဆုံးကို ရောက်အောင် လှမ်းလှမ်း ထွေးလေ့ ရှိတယ်။ ပြီးတော့ သူ တံထွေး ထွေးလို့ ရောက်တဲ့ နေရာကိုလည်း ဂုဏ်ယူနေလေ့ ရှိတယ်။ သူနဲ့ နီးစပ်ရာ လူတွေကိုလည်း သူ့ရဲ့ တံထွေး ရောက်ရာ နေရာကို ပြပြပြီးတော့ ဂုဏ်ယူနေခဲ့တယ်။ 

ဒါပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို လူတွေက မသိကြဘူး။ ဘာလို့များ တံထွေးကို အဝေးကြီး ရောက်အောင် လှမ်းထွေးတာလဲ လို့ နားမလည်နိုင်ကြဘူး။ ပြီးတော့ လူဆိုတာက တံထွေးကို ရွံတတ်တဲ့ အမျိုးအစားတွေ ဆိုတော့ နောက်ပိုင်းမှာ သူနဲ့ တွေ့တဲ့ အချိန်မှာ သူ့ရဲ့ တံထွေး အစ အနတွေ စင်မှာ စိုးလို့ ခပ်ဝေးဝေးကပဲ ရှောင်ကွင်းသွားလေ့ ရှိတယ်။ ဒါပေမဲ့ သူကတော့ မသိရှာဘူး ၊ လူကြား သူကြား ရောက်တိုင်း သူကတော့ အဝေးဆုံး ရောက်အောင် အင်အားကို စုစည်းကာ အားကုန်သုံးပြီးတော့ တံထွေးကို လှမ်းလှမ်း ထွေးနေလေ့ ရှိတယ်။ 



နောက်ထပ် ညီတစ်ယောက် ဖြစ်တဲ့ ညီလူပုကတော့ တခြားသော အကြံအစည် တစ်ခုကို ရထားခဲ့တယ်။ သူ့ရဲ့ အကြံကလည်း သာမာန်လူတွေထက် သူက အရပ် မနိမ့်ကြောင်း သက်သေပြချင်တဲ့ အကြံအစည်လေးပါပဲ။

သူက ကျတော့ အတွေးတစ်မျိုး ရတယ်။ သာမာန်လူတွေ ကိုင်တဲ့ တုတ်ကောက်ထက် ပိုရှည်တဲ့ တုတ်ကောက်ကို ကိုင်ပြီးတော့ စမတ်ကျကျ လမ်းလျှောက်နိုင်မယ် ဆိုရင် သူ့ကို ဘယ်သူမှ လူပုလို့ မထင်တော့ဘူး လို့ အတွေးဝင်တယ်။ ဒါကြောင့် သူက သာမာန်လူတွေ ကိုင်တဲ့ တုတ်ကောက်ထက် ပိုရှည်တဲ့ တုတ်ကောက် တစ်ချောင်းကို ကိုင်ဆောင်ကာ လမ်းလျှောက်လေ့ ရှိတယ်။ ပြီးတော့ သူ တုတ်ကောက် အရှည်ကို ကိုင်ကာ လမ်းလျှောက်နိုင်တယ် ဆိုတဲ့ အကြောင်းကို လမ်းမှာ တွေ့သမျှ လူတွေ အားလုံးကို လှမ်းလှမ်းပြလေ့ ရှိတယ်။

ဒါပေမဲ့ ခက်တာက သူက လူပုလေး ဖြစ်နေတော့ တုတ်ကောက်ရဲ့ ထိပ်ပိုင်းကို ကိုင်လို့ မမှီဘူး။ တကယ်လို့ တုတ်ကောက် ထိပ်ကို ကိုင်လိုက်မယ် ဆိုရင်လည်း သူ တုတ်ကောက်ကို လမ်းမှာ ထောက်လို့ မရတော့ဘူး။ တုတ်ကောက်ကို လမ်းပေါ်မှာ တွန်းနေသလို ဖြစ်နေတတ်တယ်။ ဒီတော့ သူ တုတ်ကောက်ရဲ့ အလယ်ကိုပဲ ကိုင်ရရှာတယ်။ ဒီတော့မှ တုတ်ကောက်က လမ်းပေါ်ကို ထောက်လို့ ရတယ်။ ဒါပေမဲ့ သူနည်းနည်း သတိလွတ်သွားတာနဲ့ တုတ်ကောက်ရဲ့ အလယ်ကို ကိုင်ထားရတာ ဆိုတော့ တုတ်ကောက်ရဲ့ ဟန်ချက် ပျက်သွားရင် တုတ်ကောက်ရဲ့ အပေါ်ပိုင်းက လေးပြီးတော့ သူ့ရဲ့ ခေါင်းကို ရိုက်မိသလို ဖြစ်တယ်။ ဒါကြောင့် သူက သတိထားပြီးတော့ ကိုင်ရတယ်။ သူ့ခေါင်းမှာလည်း အဖုလေးတွေနဲ့ပေါ့လေ။

ဒါနဲ့ နောက်ထပ် တစ်မျိုး စဉ်းစားပြီးတော့ တုတ်ကောက်ရဲ့ အလယ်ကနေ မကိုင်တော့ဘဲ ၊ တုတ်ကောက်ရဲ့ ထိပ်ဖျားကနေပြီးတော့ ကိုင်ကာ လမ်းစမ်း လျှောက်ကြည့်တယ်။ ဒီတော့ တုတ်ကောက်ရဲ့ ထိပ်ဖျားကို မြေကြီးကို မထောက်နိုင်ဘူး။ တုတ်ကောက်ကို တွန်းသလို ဖြစ်နေပြန်တယ်။ ဘာလို့လဲ ဆိုတော့ တုတ်ကောက်က သူ့ထက် ရှည်နေပြီးတော့ သူက လူပုလေး တစ်ယောက် ဖြစ်နေလို့ပါပဲ။ ဒါကြောင့် သူ လမ်းလျှောက်မယ် ဆိုရင် တုတ်ကောက်က သူ့ထက် အရှေ့ကို ရှည်ပြီးတော့ ရောက်နေလေ့ ရှိတယ်။ ဒီတော့ သူ လမ်းလျှောက်လို့ သိပ်မကြာခင်မှာ တုတ်ကောက်ရဲ့ ထိပ်ဖျားက မြေကြီးကို ထောက်ပြီးတော့ သူ့ကို ရှေ့ဆက်လို့ မရအောင် တွန်းထားသလို ဖြစ်နေတယ်။

ဒါပေမဲ့ ညီလူပုကတော့ သူ တုတ်ကောက် အရှည်ကြီး ကိုင်ကာ လမ်းလျှောက်ရတာကို ဂုဏ်ယူနေခဲ့တယ်။ သူ့ရဲ့ တုတ်ကောက်ကြောင့် သူ့ကို လူပု လို့ လူတွေ မထင်တော့ဘူးလို့ အထင်ရောက်နေခဲ့တယ်။ လူတွေ အားလုံးကတော့ သူ ဘာဖြစ်လို့ တုတ်ကောက် အရှည်ကြီးကို ကိုင်ပြီးတော့ လမ်းလျှောက်နေတယ် ဆိုတာ နားမလည်နိုင်ခဲ့ကြဘူး။ သူ့ကို ကြည့်ရတာ သူ့ရဲ့ တုတ်ကောက် အရှည်ကြီးက အလယ်က ကိုင်မိတဲ့ အခါကျတော့ သူ့ရဲ့ ခေါင်းကို ပြန်ရိုက်မိလို ရိုက်မိ ၊ ဒါမှမဟုတ် တုတ်ကောက်ရဲ့ ထိပ်ပိုင်းက ကိုင်မိပြန်တော့လည်း မြေကြီးကို တုတ်ကောက် ထိပ်က အလျားလိုက် ထောက်နေမိပြီးတော့ ရှေ့ဆက်ဖို့ ထောက်ကန် ခံနေမိလေတော့တယ်။

ဒါပေမဲ့ သူတို့ကတော့ သူတို့ရဲ့ အရပ်မနိမ့်ဘူးလို့ သက်သေ ပြချင်တဲ့ စိတ်ဆန္ဒနဲ့  တစ်ယောက်ကတော့ တံထွေးကို အဝေးဆုံး ရောက်အောင် လို့ လှမ်းထွေးရင်းနဲ့ သက်သေပြနေလေ့ ရှိပြီး တစ်ယောက်ကတော့ ကိုယ်နဲ့ မတန်သော တုတ်ကောက်ရှည်ကြီး တစ်ချောင်းကို ကိုင်ကာ ခေါင်းအဖုခံ ၊ ခရီးလမ်းမှာ အလျားလိုက် အထောက်ခံပြီးတော့ လျှောက်လှမ်းနေလေ့ ရှိတယ်။ ဒါပေမဲ့ သူတို့ကသာ သူတို့ကိုယ် သူ ထင်နေကြတာ။ သူတို့ကို မြင်တဲ့ လူတိုင်းကတော့ သူတို့ ဘာကြောင့် ဒီလို လုပ်နေတယ် ဆိုတာ နားမလည်နိုင်ကြဘူး။



အင်း . . .

ဒီလို လူပုလေးတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တော်တော်ကို ပေါများပါတယ်။  ကိုယ့်ကို လူအထင်ခံချင်တာနဲ့ ကိုယ့်ရဲ့ တံထွေးကို အဝေးဆုံး ရောက်အောင် ထွေးလို ထွေး ၊ ကိုယ်နဲ့ မတန်တဲ့ တုတ်ကောက်ကြီး တကိုင်ကိုင်နဲ့ လမ်းသလားလို သလားနဲ့ သွားလာ လှုပ်ရှားနေတတ်ကြတယ်။ သူတို့ရဲ့ လုပ်ရပ်က ကိုယ့်အတွက် ဘာမှ မဖြစ်ဘူး ဆိုပေမဲ့ နည်းနည်းတော့လည်း မျက်စိနောက်တာ တစ်ခုပါပဲ။ ဒါပေမဲ့လည်း ဒါကလည်း သူတို့ရဲ့ ဘဝပေး ဝဋ်ကြွေး လို့များ ဆိုနိုင်မလား မသိပါဘူးလေ။

လေးစားစွာဖြင့်
ကိုဇော်
15.10.2011

Share/Bookmark

13 October 2011

17 ပြေး



“ ဝုန်း ”

ပြုတ်ကျသံနဲ့ အတူ ကျွန်တော် ပြားပြားမှောက်နေတာကို မျက်နှာနဲ့ မြေပြင်နဲ့ ကပ်နေတာကို သတိထားမိမှ သိလိုက်ရ၏။ ဘယ်ကမှန်း မသိတဲ့ ပြုတ်ကျမှု တစ်ခုကြောင့် ကျွန်တော် မြေပေါ်မှာ အလျားလိုက် မှောက်နေ၏။

ကုန်းရုန်းထတယ် ဆိုတာရဲ့ ကိစ္စ မဖြစ်ခင် မျက်လုံးကို ပွတ်ကာ ၊ ဖွင့်ချည် ပိတ်ချည်လုပ်ပြီး ကျွန်တော် ရောက်နေတဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ခပ်ငွေ့ငွေ့လောင်ကျွမ်းနေတဲ့ မီးတုတ်တွေနဲ့ သူတို့ကို ထောင်ထားတဲ့ တိုင်တွေကို ပြက်ပြက်ထင်ထင် မြင်လိုက်ရသည်။ မှောက်လျက်ကျနေလို့ သူတို့ကို တစောင်းကြီး မြင်ရပေမဲ့ သူတို့ ဘယ်သူတွေဆိုတာ ကျွန်တော့် ဦးနှောက်က ချက်ချင်း ဆုံးဖြတ်ချက် ထုတ်ပေး၏။ သူတို့ဟာ “ လူရိုင်း ” တွေ။

ဟုတ်သည်။ ကျွန်တော် လူရိုင်းတွေ ကြားထဲကို ပြုတ်ကျလာတာ ဖြစ်သည်။ အမြင့်က ကျပေမဲ့ ကျွန်တော့်အောက်မှာ ကောက်ရိုးတွေခံနေလို့ ဘာမှ ကျွန်တော် မဖြစ်။ ဘယ်လောက် အမြင့်ကနေ ကျတယ် ဆိုတာကိုလည်း ဆက်မစဉ်းစားဖြစ်ဘူး။ ဒီ့ထက် အရေးကြီးတာက လူရိုင်းတွေ လက်က ကျွန်တော် လုပ်ဖို့ပဲ။ သူတို့က လူသားစား လူရိုင်းလား ၊ သတ်သတ်လွတ်စား လူရိုင်းလား ကျွန်တော် မသိဘူး။ ရရစားစား လူရိုင်းလည်း ဖြစ်ချင် ဖြစ်နေလိမ့်နိုင်သည်။

ဒီတော့ လူရိုင်း လက်က လွတ်ဖို့ ဆိုတာ သူတို့ကို မိတ်ဆက်နေလို့လည်း မဖြစ်ချေပါဘူး။ အကောင်းဆုံးနည်းကတော့ သူတို့ လက်ထဲကနေ ထွက်ပြေးတဲ့ နည်းပါပဲ။ ကျွန်တော် ရုတ်ခနဲ ထပြေးပါတော့၏။ ဒီတော့ ကျွန်တော် ကောင်းကင်ပေါ်က ပြုတ်ကျလာတယ် ဆိုပြီး ကြောင်ကြည့်နေကြတဲ့ လူရိုင်းတွေက ( ရှိန်နေတာလဲ ပါမှာပေါ့လေ။ ) အခုလို ကျွန်တော် ရုတ်တရက် ထပြေးတော့လည်း  ခပ်တွေတွေလေးပဲ ကြည့်နေကြပါသေးသည်။ ခဏလေး နေတော့မှ သူတို့ထဲက သတိရှိသူ တစ်ယောက်က “ #%*$*(%#^(%@&)%#* ”  ဆိုသော သူတို့ လူရိုင်းစကားနဲ့ အော်လိုက်သံ ကြားလိုက်ရ၏။

ဘာပဲ ပြောပြောပါ ကျွန်တော်ကတော့ စပြီး “ ပြေး ” ပါပြီ။ 

“ ဒီကောင့်နောက်ကို လိုက် ” လို့များ ပြောလိုက်တာလား မသိဘူး။ ဝူး . . . ဝူး . . . ဝဲ. . ဝဲ တွေ အော်ရင်း ကမူးရှူးထိုး ကျွန်တော့်နောက်ကို လိုက်လာပါတော့၏။ ကျွန်တော်ကလည်း ပြုတ်ကျရာကနေ ချက်ချင်းထပြေးတဲ့ သူဆိုတော့ ကိုယ်ပေါ်က ပစ္စည်းတွေကတော့ အပေါ်က ကျတဲ့ အတိုင်း ရှိမြဲ ရှိလျက်ပါပဲ။ ကျောပိုးအိတ်ပါ၏ ၊ လှစ်ခနဲ ပြေးသွားနိုင်တဲ့ စိတ် နဲ့ လူကြောင့် အနောက်က ငြာသံပေးအော်လာတဲ့ လူရိုင်းတွေက ကျွန်တော်နောက်မှာ တော်တော် ပြတ်ပြီး ကျန်နေခဲ့ပါသည်။ ပြေးပြေးလွှားလွှား နောက်ကို တစ်ချက် လှမ်းကြည့်လိုက်တော့ ဓါတ်တိုင် ၃ တိုင် အကွာလောက်မှာ လူရိုင်းတွေ ပြေးလွှား လိုက်ပါလာခဲ့သည်။

လူရိုင်းတွေကသာ ဝေးတာ သူတို့ အသံတွေကတော့ တောတစ်ခုလုံး ဆူညံလို့ပေါ့။ ရပ်ကွက်ထဲမှာ အားအားရှိ ဘောလုံးကန်နေတဲ့ ကျင့်သားတွေက ဒီမှာ အသုံးဝင်လာသည်။ အလိမ်အခေါက် ကျွမ်းကျင်လို့ မဟုတ်ဘဲ ပြေးအားကောင်းတာ ၊ ဘောလုံးဖြတ်တင်ပေးတာ တစ်ခုတည်းနဲ့ ညာဘက်ဝင်းမှာ နေရာ တစ်ခု ကျွန်တော် ရခဲ့တယ် မဟုတ်လား။ အခု ဒီကျင့်သားတွေက နောက်က လူရိုင်းတွေ လိုက်နေတယ် ဆိုတဲ့ ဇောအရှိန်အောက်မှာ ပိုပြီးတော့ ပြေးလွှားဖို့ အင်အားတွေနဲ့ ခြေလှမ်းတွေ သွက်လက်စေ၏။ ပြေးထား. . . . . ပြေးထား . . .။

ပြေးလိုက် ခဏနေရင် ပြေးရင်းနဲ့ နောက်ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့ ကျွန်တော့်ရဲ့ နောက်မှာ လူရိုင်းတွေက ဓါတ်တိုင် ၅ တိုင်စာ အကွာကနေ ပိုပိုဝေးပြီး ကျန်နေခဲ့သည်။ သူတို့ ကျွန်တော့်ကို မှီအောင် ပြေးမလိုက်လာနိုင်ဘူး ဆိုတာ ပေါ်လွင်စေသည်။ နောက်မှာ လူရိုင်းတွေ ဝေး. . . ဝေး . . .ကျန်နေခဲ့တယ် ဆိုတဲ့ စိတ်က လူကို အားဖြစ်စေသည်။ ပြေးရတာ မောပေမဲ့ အသက်ကို ခြေထောက်က အခုအချိန်မှာ စောင့်ရှောက်နေတာ ဆိုတော့ ကျွန်တော် ပိုပြီး အားစိုက်ပြေးခဲ့သည်။

နည်းနည်းခပ်ဝေးဝေး ပြေးမိပြီးတော့ ကျွန်တော် နောက်ကို လှည့်အကြည့်မှာ မီးတုတ်တွေနဲ့ အနောက်က လိုက်လာတဲ့ လူရိုင်းတွေ အနောက်မှာ တော်တော်ဝေးဝေး ပြတ်ကျန်ခဲ့ပြီ ဆိုတာ တွေ့လိုက်ရ၏။ ဒါပေမဲ့ လရောင်ရဲ့ အလင်းအောက်မှာ ကျွန်တော့်နောက်ကို ထပ်ချပ်မကွာ လိုက်နေတဲ့ လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ပြေးပြေးလွှားလွှားပဲ ကျွန်တော် ထပ်ကြည့်လိုက်တော့ လူရိုင်းတစ်ယောက် ကျွန်တော့်နောက်ကို ဇွဲမလျော့ဘဲ ဆက်ပြီး ပြေးလိုက်လာတာကို မြင်ရ၏။

သူက ပြေးအားလည်း အတော်ကောင်းပုံရသည်။ ကျွန်တော့်ကို မှီအောင် လိုက်နိုင်တယ် ဆိုကတည်းက သူက တော်ရုံ အပြေးသန်သူ တစ်ယောက် မဟုတ်နိုင်တော့ဘူး။ ဒီနောက်မှာတော့ သူနဲ့ ကျွန်တော် ပိုပြီး နီးကပ်သထက် နီးကပ်လာတော့၏။ စစပြေးကတည်းက နောက်က လိုက်လာတဲ့ လူရိုင်းတစ်ယောက် ဖြစ်တဲ့ အတွက် သူကလည်း အတော်တော့ မောပန်းနေခဲ့ပြီ။ ဒါထက် သူ့က ကျွန်တော့်နားကို ဘာလို့ နီးသထက် နီးလာရတာလဲ လို့ ကျွန်တော် ရုတ်တရက် စဉ်းစားလိုက်မိသည်။

ဒါနဲ့ ပြေးရင်း လွှားရင်း နောက်က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်တော့ သူက လူရိုင်းတို့ရဲ့ ဝတ်စုံ ပေါ့ပေါ့ပါးပါးလေးနဲ့ ကျွန်တော် နောက်ကို ပြေးလိုက်နေခဲ့တာ ဖြစ်၏။ ကျွန်တော့်မှာတော့ ကျောပိုးအိတ်က တစ်လုံး ၊ ဝတ်ထားသော အဝတ်အစားများကလည်း လေယာဉ်မောင်းသမား ဝတ်စုံလိုလို ထူထူထဲထဲကြီးတွေနဲ့ ဒါတွေနဲ့ ပြေးလွှားနေရတော့ ခရီးက မတွင်လှ။ သူ့မှာတော့ လူရိုင်းဝတ်စုံ ပေါ့ပေါ့ပါးပါးနဲ့ ဆိုတော့ ပြေးရ လွှားရတာ ပိုပြီး ခရီးတွင်တယ် ထင်ပါရဲ့။ သူနဲ့ ကျွန်တော် နီးကပ်သထက် နီးကပ် လာပါသည်။

သူကလည်း ဘာလို့ ကျွန်တော့်နောက်ကို လိုက်တယ် မသိပေမဲ့ ကျွန်တော်ကတော့ လူရိုင်းဆိုတဲ့ လက်ထဲက လွတ်ဖို့သာ အာရုံရှိသည်။ ကျွန်တော့် ကျောပိုးအိတ်ထဲမှာ ဘာတွေပါသလဲ ကျွန်တော် ပြန်စဉ်းစားမိတော့ ကျွန်တော့်အတွက် စားစရာ ရိက္ခာတွေသာ ပါတာ ပြန်သတိရတယ်။ စားဖို့ ဆိုတာ အသက်ရှင်မှသာ စားရမှာ အခုတော့ နောက်မှာ လူရိုင်းတစ်ယောက်က အပြေးအလွှားလိုက်ခြင်း ခံနေရ၏။ လူရိုင်းလက်ထဲကို အမိခံရပြီး အသတ်ခံရနိုင်တဲ့ လူတစ်ယောက် အဖို့ လူရိုင်းလက်ထဲက လွတ်ဖို့ထက် ဘယ်အရာကများ ပိုပြီး အရေးကြီးပါသလဲ။

“ ဖုန်း ”

ကျွန်တော့် ကျောပေါ်က ကျောပိုးအိတ်ကို ပြေးပြေးလွှားလွှားပဲ အောက်ကို ပစ်ချ ထားခဲ့လိုက်သည်။ အနောက်က ဒုံးကန်အားခံရတဲ့ ကားတစ်စီးလိုမျိုး ကျောပေါ်က ကျောပိုးအိတ် ခပ်လေးလေးကြီး ပြုတ်ကျသွားတယ် ဆိုတော့ လူက ပြေးနေရင်းကို အားတိုးဆေး စားလိုက်ရသလိုမျိုး ပြေးအားက ပိုကောင်းသွားသည်။ ခြေလှမ်းတွေကလည်း သွက်လက် မြန်ဆန်လာ၏။ ဒီအချိန်မှာ အနောက်ကို ဖျတ်ခနဲ ကြည့်လိုက်တော့ လူရိုင်းက ကျွန်တော်နဲ့ ခပ်လှမ်းလှမ်း ဆိုတာထက် ပိုပြီး နီးလာခဲ့၏။

အို . . မဖြစ်ဘူး။ ကိုယ်တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပြေးနိုင်ဖို့ ပိုပြီးတော့ အရေးကြီးပါသည်။ ပြေးပြေးလွှားလွှားပဲ ကျွန်တော့် ကိုယ်ပေါ်က ဂျာကင်ကြီးကို ချွတ်ပစ်လိုက်သည်။ လူက ပိုပြီး ပေါ့ပါးသွားသလို ခန္ဓာကိုယ်ကလည်း ပြင်ပလေနဲ့ ထတွေ့လိုက်ရတော့ ပိုပြီးတော့ လန်းဆန်းသွားသလို ဖြစ်သွား၏။ လူက ပြေးအားလည်း ကောင်းလာသလို နောက်က လိုက်လာတဲ့ လူရိုင်းနဲ့လည်း နည်းနည်း ပိုဝေးသွားသည်။ ဒါပေမဲ့ အောက်မှာ ဝတ်ထားတဲ့ ဘောင်းဘီကြီးက နည်းနည်းတော့ ရှုပ်နေသလိုပဲ လို့ ခံစားရ၏။ ဒါကြောင့် ခဏလေး ရပ်ပြီး ဘောင်းဘီအရှည်ကို ချွတ်ချလိုက်သည်။ ဒါပေမဲ့ မပူပါနဲ့ ကျွန်တော့်မှာ အောက်ခံ အားကစားဘောင်းဘီ အတို ပါပါသေးသည်။

တခဏတော့ တခဏလေးပါပဲ။ သို့သော် နောက်က ပြေးလာတဲ့ လူရိုင်းက ကျွန်တော်နဲ့ ဓါတ်တိုင် တစ်တိုင်စာ မရှိသော အနီးသို့ ပြန်ရောက်လာပြန်သည်။ ကျွန်တော့်ကိုယ်ပေါ်မှာ စွပ်ကျယ်လက်ပါသော အင်္ကျီနဲ့ ဘောင်ဘီတိုလေးသာ ရှိပါတော့သည်။ လူတိုင်းကတော့ သူ့လက်ထဲက ဘယ်ဘက်လက်မှာ ဒိုင်းတစ်ခု ၊ ညာဘက်လက်မှာ လှံတို တစ်ခုကို ကိုင်စွဲထားတုန်း။ ပေါ့ပေါ့ပါးပါး ပြေးနေတဲ့ ကျွန်တော်နဲ့ လူရိုင်း တောထဲမှာ နှစ်ယောက်တည်း အပြေးပြိုင်နေသလို ဖြစ်နေတော့၏။ သူ့နောက်က လူရိုင်းတွေကတော့ ဘယ်မှာ ကျန်နေခဲ့မှန်း မသိအောင်ကို မျက်ခြေပြတ် ကျန်နေခဲ့ပြီ။

ပြေးရင်း ပေါ့ပေါ့ပါးပါး ဖြစ်နေတဲ့ ကျွန်တော်က သူ့ထက် ပိုပြီး ပြေးအား ကောင်းလာ၏။ ကျွန်တော် ကျောပိုးအိတ် ပစ်ချထားခဲ့တာ ၊ ဂျာကင်ကြီး ချွတ်ထားခဲ့တာ ၊ ဘောင်းဘီရှည်ကြီး ချွတ်ထားခဲ့တာ တွေကို လူရိုင်းကလည်း မြင်ပါသည်။ ဒါကြောင့် ကျွန်တော် ပိုပြီး ပြေးအားကောင်းလာတယ် ဆိုတာလည်း သူက သိပါသည်။ ဒီတော့ သူကလည်း သူ့လက်ထဲက ဒိုင်းနဲ့ လှံတိုလေးကိုပါ ပစ်ပြီး အားရပါးရ ပြေးပါတော့သည်။ သူ့ခြေထောက်မှာ ဖိနပ် မပါ။ ကျွန်တော့်ခြေထောက်မှာ ဖိနပ်က ပါနေပါသေးတယ်။ သူ့လိုတော့ တောထဲမှာ ကျွန်တော် ဖိနပ်ချွတ်ပြီးတော့ ကျွန်တော် မပြေးနိုင်ပါ ၊ ပြေးလည်း မပြေးတတ်ပါ။ သူ့လို ကျွန်တော် ခြေထောက်တွေက ခံနိုင်မှာ မဟုတ်။ ဆူး ၊ ညှောင့် ၊ ခလုတ်တွေ ရှိတယ် မဟုတ်လား။

ကျွန်တော်ကလည်း ပေါ့ပေါ့ပါးပါး ပြေးနေသည်။ သူကလည်း ခြေလွတ် လက်လွတ် ပြေးနေသည်။ အချိန် ဘယ်လောက် ကြာအောင် သူနဲ့ ကျွန်တော် ပြေးနေတယ် မသိဘူး။ ပြေးရင်း ပြေးရင်းနဲ့ ကျွန်တော်ရဲ့ ပြေးအားတွေ ကျလာတာကို ကျွန်တော့်ဖာသာ သိလိုက်၏။ သူ့ကို လှမ်းကြည့်လိုက်တော့လည်း သူလည်း ပြေးအားတွေ ကျလာ၏။ ဒါပေမဲ့ သူက ကျွန်တော်ထက် မြန်အောင် ပြေးနိုင်ပါသေးသည်။ ဒါကြောင့် သူနဲ့ ကျွန်တော် နီးသထက် နီးလာတော့သည်။ နောက်ဆုံး သူနဲ့ ကျွန်တော် ယှဉ်ပြီး ပြေးနေတယ် ဆိုရလောက်အောင်ကို နီးကပ်လာခဲ့သည်။ ဒါပေမဲ့ ကျွန်တော်တို့ ပြေးနေတယ် ဆိုတဲ့ ပုံစံသာ ရှိပြီး လူတွေက မောလွန်းလို့ မပြေးနိုင်တော့ဘူး။ ခြေလှမ်းတွေကလည်း မရွေ့နိုင်တော့ဘူး။

ပြေးတယ် ဆိုတဲ့ လှုပ်ရှားမှုကို စိတ်ကသာ လုပ်ဆောင်ပြီး လူက ခြေတစ်လှမ်းကို အားတင်းလှမ်းနေရတဲ့ အချိန်မှာ သူ့ကို ကျွန်တော် လှမ်းကြည့်တော့ သူကလည်း ကျွန်တော့်ကို လှမ်းကြည့်နေသည်။ ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့ ရေကလည်း ဆာလို့ ချွဲပစ်နေတဲ့ ပါးစပ်ထဲက လျှာကို အလုပ်ပေးပြီး မေးလိုက်မိသည်။

“ မင်း . . ငါ့နောက်ကို ဘာလို့ လိုက်နေရတာလဲ။ ”

သူကလည်း မောလွန်း အားကြီးလို့ သူ့ပါးစပ်ကိုတောင်မှ သူ့ဖာသာ အနိုင်နိုင် ဖွင့်ဟ အသက်ရှူ နေရင်းကနေ ကျွန်တော့်ကို မျက်လုံးကြီး ပြူးပြီး ပြန်ပြောသည်။

“ မင်းက ပြေးလို့ ငါက လိုက်တာလေ။ ”

“ ဘာကွ ၊ ငါပြေးတာနဲ့ မင်းက လိုက်ရလား။ ”

ကျွန်တော်လည်း မောမော ဒေါသ ဖြစ်ဖြစ်နဲ့ သူ့ကို အော်ပြောလိုက်၏။ ဒီတော့ သူက. . . .

“ ဒါဆို မင်းကရော ဘာလို့ ပြေးရတာလဲ။ ”

“ မင်း လိုက်လို့ ပြေးတာလေ။ မင်းကရော ဘာလို့ လိုက်ရတာလဲ။ ”

“ ဟ . . လိုက်ရတာပေါ့ကွ။ ငါတို့ လူရိုင်းနေရာမှာ ငါက အပြေးအမြန်ဆုံးပဲ။ အခုတော့ မင်းက ရှေ့က ပြေးနေတော့ ငါက မှီအောင် မလိုက်နိုင်ဘူး ဆိုရင် ငါ ညံ့ရာ ကျမှာ စိုးလို့ မင်းကို မှီအောင် လိုက်ရတာ။ ”

“ ဒါဆို မင်းက ငါ့ကို လိုက်ဖမ်းတာ မဟုတ်ဘူးလား။ ”

“ ဘယ်ကလာ မင်းကို လိုက်ဖမ်းရမှာလဲ။ မင်းကို မှီအောင် ပြေးနိုင်တယ် ဆိုတာလေး တစ်ခုတည်းနဲ့ ငါက လိုက်ပြီး ပြေးနေတာ။ ”

သူက ဒီလိုလည်း ပြော  မြေပေါ်ကိုလည်း ပက်လက်လန်ကျသွားပြီး မိုးကောင်းကင်ကို မော့ကြည့်ကာ ဟောဟဲ နဲ့ အသက်ရှူနေတော့သည်။ ကျွန်တော်ကလည်း မောလွန်းလို့ သူ့လိုပဲ မြေပေါ်မှာ လှဲနေရတော့သည်။ ဒီမှာ သူက မေးသည်။

“ ဒါနဲ့ မင်းက ဘာလို့ ကျောပိုးအိတ်တွေ ၊ ဂျာကင်တွေ  ၊ ဘောင်းဘီရှည်တွေကို ချွတ်ပစ်ရတာလဲ။ ”

“ ပိုပြီး ပြေးနိုင်အောင်ပေါ့ကွ။ မင်းကရော ဘာလို့ ဒိုင်းတွေ ၊ လှံတွေကို လွှင့်ပစ်ရတာလဲ။ ”

“ ငါလည်း ပြေးအား ပိုကောင်းအောင် လို့ ပစ်တာပေါ့။ ”

“ ဒါဆို မင်း ငါ့နောက် လိုက်တာ ငါ့ကို ဖမ်းဖို့ မဟုတ်တာ သေချာလား။ ”

“ သေချာတာပေါ့။ ငါက မင်းကို မှီအောင် ပြေးနိုင်တယ် ဆိုတဲ့ ဂုဏ်ကိုပဲ လိုချင်တာ ဒါကြောင့် . . . "

" ဒါကြောင့် ဘာဖြစ်လဲ "

" ဒါကြောင့် . . .  အခု မင်းကို မှီအောင် ပြေးနိုင်တယ် ဆိုတာတော့ ငါ့ကို ထောက်ခံစာ ရေးပေးလိုက်ပါကွာ။ ”

“ ဘာကွ. . .”



“ ဘာကွ. . . ”

“ ဒုံး ”

“ အား . . ”

ကျွန်တော် နံရံကို လက်သီးနဲ့ ထိုးမိသွား၏။ အား . . ကျွတ် . . ကျွတ် . . တော်တော် နာတာပါလား။

သြော်. . . ကျွန်တော် အိပ်မက် မက်နေတာကိုး။ ကိုယ့်ဖာသာ နာသွားတဲ့ လက်လေးကို အသာဆုပ်ကိုင်ရင်း ရှက်ပြုံးလေး ပြုံးလိုက်ပြီး ကျွန်တော် ပြန်လည်ကာ အိပ်ပျော်သွားပါတော့သည်။



မှတ်ချက်။   ။ တနင်္ဂနွေနေ့က မက်ခဲ့တဲ့ အိပ်မက်လေးပါ။ ဘယ်လို အဓိပ္ပါယ် ကောက်ရမှန်းလည်း မသိပါဘူး။ ကျွန်တော့်ကတော့ ကျွန်တော့်ဖာသာ ဒီလိုပဲ စဉ်းစားလိုက်ပါတော့တယ်။ ဘဝဆိုတဲ့ ပြေးလမ်းမှာ အနှောင့်အယှက် ၊ အပို ဝန်တာတွေ မရှိရင် ပိုပြီး ပြေးအားကောင်းမယ် ၊ ခရီးရောက်မယ်။ လို့ပဲ ယူဆလိုက်ပါတော့တယ်။ ဘယ်လိုပဲ ဖြစ်နေကြပါစေ ကျွန်တော်တို့ အားလုံးက လောကကြီးမှာ ကိုယ်လိုရာကို ရောက်အောင် ပြေးလွှားနေကြတာပဲ မဟုတ်ပါလား။ ကျွန်တော် ဆက် “ ပြေး ” လိုက်ပါဦးမယ်။

စာဖတ်သူလည်း ကိုယ်လိုရာကို ရောက်အောင် ပေါ့ပေါ့ပါးပါး “ ပြေး ” နိုင်ပါစေဗျာ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark